ခရီးစတင်ရန် ပြင်ဆင်ခြင်း
Vol. 63 Ch. 657
နောက်ထပ် အချိန်အတန်ကြာသည်အထိ ထန်ထျန်းက သူ၏ အေးချမ်းသာယာသော နေ့စဉ်ဘဝထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ဘာအလုပ်မှမရှိလျှင် ဝိုင်သောက်လိုက်၊ ငါးမျှားလိုက်၊ နေပူစာလှုံလိုက်နှင့် ကုရှောင်းရွှယ် အသစ်ထွင်ထားသည့် ထူးဆန်းသော အိမ်ချက်ဟင်းလျာများကို မြည်းစမ်းကြည့်လိုက်ဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်။
ထျန်းရှထုန် ကုန်သွယ်ရေးအသင်းမှာလည်း မြောင်ယွမ်၏ စီမံခန့်ခွဲမှု၊ ချန်ဝူဟွေ့၏ အစွမ်းကုန် ကူညီပံ့ပိုးမှုတို့ဖြင့် အောက်ကမ္ဘာတွင် ရှိစဉ်ကထက်ပင် ပိုမိုမြန်ဆန်စွာ နယ်မြေချဲ့ထွင်လာနိုင်ခဲ့သည်။
လအနည်းငယ်အတွင်းမှာပင် မြို့ကြီးပေါင်း ဒါဇင်ပေါင်းများစွာ၏ စီးပွားရေးလောကကို သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်း၏ အရှိန်အဝါမှာ ဝမ့်ချွမ်းမြို့တော် ဧရိယာကို ကျော်လွန်ကာ တခြားသော မြို့တော် ကြီးများဆီသို့ပါ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ‘ပုံရိပ်ယောင် ကမ္ဘာ’ ၏ တိုးတက်မှုမှာလည်း အံ့မခန်း ပေါက်ကွဲထွက်လာခဲ့သည်။
စီးပွားရေး၊ ဖျော်ဖြေရေးနှင့် ကျင့်ကြံခြင်း စသည့် ကဏ္ဍစုံ ပါဝင်သည့် ဤအရာအသစ်က ကျင့်ကြံသူ အမြောက်အမြား၏ နှစ်သက်သဘောကျမှုကို ချက်ချင်း ရရှိခဲ့သည်။
အောက်ကမ္ဘာတွင် နှစ်အနည်းငယ်ကြာ ဖွံ့ဖြိုးခဲ့ပြီးနောက် ပုံရိပ်ယောင် ကမ္ဘာ အတွင်းရှိ အကြောင်းအရာများမှာ အတော်အတန် တည်ငြိမ်နေပြီ ဖြစ်သည်။
ဝမ်ကန်းကိုယ်တိုင် ဦးဆောင်ကာ မြောင်ယွမ်နှင့် ပူးပေါင်းပြီး ဤကုန်းမြေကြီး၏ ဝိသေသလက္ခဏာများနှင့်အညီ ဒေသခံကျင့်ကြံသူများအတွက် အသင့်တော်ဆုံး ပုံစံအမျိုးမျိုးကို ဖန်တီးပေးခဲ့ရာ လူများမှာ ထွက်သွား ရန်ပင် မေ့လျော့နေကြတော့သည်။
ပုံရိပ်ယောင် ကမ္ဘာမှာ လောလောဆယ်တွင် ဝမ့်ချွမ်းမြို့တော် အတွင်း၌သာ ကန့်သတ်ထားသော်လည်း ၎င်း၏ ပေါက်ကွဲထွက်နေသည့် အရှိန်အဟုန်အရဆိုလျှင် မကြာမီမှာပင် ထျန်းရှထုန် ကုန်သွယ်ရေးအသင်းကဲ့သို့သော အပြင်လောက အင်အားစုများကို ကျော်လွန်ကာ ကျိုင်းကောင်အုပ်ကြီး ကျူးကျော်သကဲ့သို့ တစ်တိုက်လုံးကို လွှမ်းမိုးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။
ပုံရိပ်ယောင် ကမ္ဘာကို ဖန်တီးခဲ့သည့် ထန်ထျန်းကိုယ်တိုင်ပင် ဗိုင်းရပ်စ်ကဲ့သို့ ပြန့်နှံ့နေသည့် ဤအရာက မည်မျှအထိ နယ်မြေချဲ့ထွင်နိုင်မည်ကို ခန့်မှန်း၍ မရတော့ပေ။
တစ်နေ့တွင် စကြဝဠာ ကြီးတစ်ခုလုံးပင် ၎င်း၏ ကူးစက်ခြင်းကို ခံရပြီး စစ်မှန်သော ‘ထျန်းရှထုန်’(ကမ္ဘာများကို ဆက်သွယ်ခြင်း) ဖြစ်လာနိုင်ပေသည်။
ထျန်းရှထုန်နှင့် ပုံရိပ်ယောင် ကမ္ဘာတို့၏ တပြိုင်နက်တည်း တိုးတက်မှုများက ထန်ထျန်းအတွက် များပြားလှသော ကျောက်စိမ်းခရစ်စတယ်များနှင့် သုံးစွဲမှုအမှတ် များကို ဆောင်ကြဉ်းပေးခဲ့သည်။
များပြားလှသော သုံးစွဲမှုအမှတ်များကို အဆက်မပြတ် ရင်းနှီးမြှုပ်နှံလိုက်ခြင်းက ‘ဂျင်ဂိုပင်’ တာအိုအသီးများ အရှိန်အဟုန်ဖြင့် ကြီးထွားလာစေရန် လုံလောက်သော အာဟာရများကို ပေးစွမ်းနိုင်ခဲ့သည်။
မူလဝိညာဉ် များမှာ တစ်ခုပြီးတစ်ခု ဥခွံကို ဖောက်ထွက်လာကြရာ ဤမူလ ကမ္ဘာသစ်လေးကို ပိုမိုစုံလင် လှပလာစေပြီး ပြီးပြည့်စုံသည့်ဘက်သို့ ဦးတည်သွားစေသည်။
ထန်ထျန်း၏ ကျိကျွင်းအဆင့် ခြေလှမ်းများမှာလည်း အဆက်မပြတ် ရှေ့သို့ တိုးနေခဲ့သည်။
တာအိုအသီး တစ်လုံးစီ ဥခွံကွဲထွက်လာတိုင်း သူ၏ ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားလေ့ရှိသည်။
တခြားသော ကျိကျွင်းများ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီ အချိန်ပေးရမည့် ခရီးကို သူက ရက်ပိုင်းအတွင်းမှာပင် ပြီးမြောက်နိုင်ခဲ့ရာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
ဤအရှိန်အတိုင်းဆိုလျှင် မကြာမီမှာပင် သူက ကျိကျွင်းအများစု အိပ်မက်မက်နေကြသည့် ဝူရှန့်ကျိကျွင်း အဆင့် သို့ ရောက်ရှိသွားပေလိမ့်မည်။
အဓိကအချက်မှာ သူက ဤအရာအားလုံးကို အေးအေးဆေးဆေး အနားယူရင်းနှင့်ပင် ရရှိနေခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် ပျင်းရိလာလျှင် သူက ပုံရိပ်ယောင် ကမ္ဘာအတွင်းသို့ ဝင်ရောက်ကာ ဂိမ်းကစားလေ့ရှိသည်။
ပုံရိပ်ယောင် ကမ္ဘာတွင် အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်သည့် "အင်မော်တယ် ရှာဖွေခြင်း" ဂိမ်းမှာ ယခုအခါ နေ့စဉ် ကစားသူဦးရေ သန်းတစ်ရာ ကျော်သွားခဲ့ပြီ ဖြစ်သည်။
ထန်ထျန်းသည်လည်း လအနည်းငယ်အတွင်း ဘာမှ လုပ်စရာမရှိသဖြင့် အတွင်းသို့ ဝင်ရောက်ကာ ကိုယ်တိုင် စမ်းကစားကြည့်ခဲ့သည်။
သူက အသစ်ဖွင့်ထားသော ကမ္ဘာတစ်ခုသို့ သွားခဲ့ပြီး ပုံရိပ်ယောင် ကမ္ဘာသခင် အနေဖြင့် ခိုးနည်း များကို မသုံးဘဲ သာမန်အတိုင်းသာ ကစားခဲ့သည်။
သို့သော် ဤဂိမ်း၏ အဆင့်တက်ပုံမှာ ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များနှင့် ဆက်စပ်နေသဖြင့် သူ အလေးအနက် မကစားလျှင်ပင် ဂိမ်းအတွင်း၌ သူက ‘လူသားသူခိုး’ ကဲ့သို့ ဖြစ်နေခဲ့သည်။
ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးမှာ သူ၏လက်ထဲတွင် လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် သူက စစ်တပ်တစ်ခု ကို တည်ထောင်ကာ အသစ်ဖွင့်သမျှ ကမ္ဘာတိုင်းကို စိုးမိုးထားသည့် ထိပ်သီးစစ်တပ်ကြီး နှစ်ခုဖြစ်သော "ကျန့်ဟွမ်းတောင်" နှင့် "လူအိုကြီး" တို့ကို အေးအေးဆေးဆေးပင် အပြတ်အသတ် အနိုင်ယူလိုက်ရာ လူအများကို ထိတ်လန့်သွားစေခဲ့သည်။
ဤထိပ်သီးနှစ်ခုမှာ ဂိမ်းအတွင်း အင်အားအကြီးဆုံးဖြစ်ပြီး ကမ္ဘာအသစ်တိုင်းတွင် အမြဲတမ်း ဦးဆောင်နေကြသူများ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အမည်မသိသော လူများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်တစ်ခု၏ နှိပ်စက်ခြင်းကို ခံလိုက်ရသဖြင့် ဂိမ်းတစ်ခုလုံး ငလျင်လှုပ်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
လူတိုင်းက ဤစစ်တပ်၏ ဒဏ္ဍာရီလာ ခေါင်းဆောင်၊ ဆရာသခင်ကြီးကို လိုက်လံ ရှာဖွေကြတော့သည်။
သို့သော် ကံမကောင်းစွာဖြင့် တခြားကစားသမားများနှင့် ခွန်အားကွာခြားချက် အလွန်ကြီးမားသွားပြီးနောက် ထန်ထျန်းက ဂိမ်းမှ ထွက်ခွာသွားခဲ့သဖြင့် မည်သူမျှ ရှာမတွေ့ခဲ့ဘဲ၊ မည်သည့်အခါမျှ မကျော်လွှားနိုင်သော ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
အမှန်တော့ ဤလအနည်းငယ်အတွင်း ဂိမ်းကစားခြင်း ခရီးစဉ်မှာ စိတ်ဝင်စားစရာများစွာ ရှိခဲ့သည်။
သို့သော် အများကြီး ရေးနေလျှင် ဂိမ်းဝတ္ထု ဖြစ်သွားနိုင်သဖြင့် ဤမျှနှင့်ပင် အဆုံးသတ်လိုက်ပါမည်။
ဂိမ်းကစားခဲ့သည့် အတွေ့အကြုံအရ ထန်ထျန်းက ဂိမ်းအတွင်းရှိ အားနည်းချက်အချို့ကို တွေ့ရှိခဲ့သည်။
"အင်မော်တယ် ရှာဖွေခြင်း" ဂိမ်းကို အစပိုင်းတွင် အသုံးချမှုနှင့် ဖျော်ဖြေရေး နှစ်မျိုးလုံးအတွက် ရည်ရွယ်ကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းမှာ အမှန်တကယ် မမျှတပေ။
ကျင့်ကြံခြင်း နားလည်မှု နက်ရှိုင်းသူက အဆင့်နိမ့်သူထက် သာလွန်နေမည်မှာ အမှန်ပင်ဖြစ်သည်။
ကျင့်ကြံခြင်း အဆင့် နိမ့်သူများမှာလည်း တိုးတက်မှုများ ရရှိနိုင်သော်လည်း ဖျော်ဖြေရေး ရှုထောင့်မှကြည့်လျှင် ပျော်စရာ အလွန်နည်းပါးသွားသည်။
ထို့ကြောင့် ထန်ထျန်းက ဂိမ်းမှ ထွက်လာပြီးနောက် 'ရှောင်ကျိ' ကို ဖျော်ဖြေရေးသက်သက် ဂိမ်းအသစ်တစ်ခုကို ထပ်မံ ဖန်တီးခိုင်းလိုက်သည်။ ကစားသမား၏ အပြင်လောက အခြေအနေကို ထည့်မတွက်ဘဲ လူတိုင်းကို တူညီသော အစမှတ်ကနေ စတင်စေကာ သာမန်ကျင့်ကြံသူများလည်း ထိပ်ဆုံးသို့ တက်လှမ်းနိုင်မည့် မျှတသော ဂိမ်းတစ်ခု ဖြစ်စေရန် ဖြစ်သည်။
ထို့နောက် သူက ပုံရိပ်ယောင် ကမ္ဘာ၏ တခြားသော ကဏ္ဍများကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။
ပျော်ရွှင်စရာ အချိန်များမှာ အလွန်ပင် လျင်မြန်လှသည်။
မကြာမီမှာပင် လင်းယွင်တောင်တန်း ပွင့်မည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ထိုက်ယိမြင့်မြတ်နယ်မြေက လင်းယွင်တောင်တန်းသို့ သွားရောက် လေ့ကျင့်မည့် အဖွဲ့ဝင်များကို ရွေးချယ်ပြီး ဖြစ်ရာ "ဝူယွဲ့ ချောက် ကမ်းပါး" ဟု ခေါ်သည့် နေရာသို့ စု သွားရန် ပြင်ဆင်နေကြသည်။
ချန်ဝူဟွေ့၏ ပြောပြချက်အရ ကျိကျွင်းများသာလျှင် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖြတ်သန်းကာ လင်းယွင်တောင်တန်းသို့ သွားနိုင်ပြီး ကျိကျွင်းအောက် အဆင့်ရှိသူများမှာမူ ဝူယွဲ့ ချောက် ကမ်းပါးမှတစ်ဆင့်သာ သွားနိုင်သည်ဟု သိရသည်။
ဝူယွဲ့ ချောက် ကမ်းပါးမှာလည်း ထူးခြားသော နေရာတစ်ခု ဖြစ်သည်။ ၎င်းမှာ ကမ္ဘာကြီး၏ အပြင်ဘက်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး လကို မမြင်တွေ့ရပေ။ ပတ်ဝန်းကျင်မှာ အလွန် ဆိုးရွားလှပြီး ကျင့်ကြံရန် နေရာ လုံးဝ မရှိသလောက်ပင်။
ထိုနေရာတွင် အချိန်အကြာကြီး နေထိုင်ပါက ကျင့်ကြံခြင်း အဆင့်များပင် လျော့ကျသွားနိုင်သည့်အထိ ဆိုးရွားသည်။
ထို့ကြောင့် လင်းယွင်တောင်တန်း ပွင့်မည့် အချိန်များတွင်သာ ဝူယွဲ့ ချောက် ကမ်းပါးမှာ စည်ကားလာလေ့ရှိသည်။
ထိုအချိန်ကျလျှင် လင်းယွင်တောင်တန်းသို့ သွားမည့် မြင့်မြတ်နယ်မြေ အသီးသီးမှ လူများမှာ ဤခြောက်သွေ့သော နေရာတွင် စုရုံးကာ လေ့ကျင့်ရေး ခရီးစဉ်အတွက် အသီးသီး ပြင်ဆင်ကြမည်ဖြစ်သည်။
ဤနေ့ နံနက်စောစောတွင် ထိုက်ယိမြင့်မြတ်နယ်မြေ၏ အဓိကတောင်ထိပ်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ ဝူယွဲ့ ချောက် ကမ်းပါးသို့ သွားရန် အချက်ပေးသံပင်ဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။
ထို့ကြောင့် သူက တိမ်တိုက်တောင်မှ ထွက်လာခဲ့ပြီး ကုရှောင်းရွှယ်ကို 'ဆန်းကြယ် ဥကမ္ဘာ' အတွင်းသို့ ထည့်ကာ အဓိကတောင်ထိပ်သို့ တစ်ဦးတည်း ရောက်ရှိလာခဲ့သည်။
ဝမ်ကျိယွီ ကိုမူ တိမ်တိုက်တောင်တွင် ခေတ္တ ထားခဲ့သည်။
ဤခရီးစဉ်မှာ မရေရာမှုများဖြင့် ပြည့်နှက်နေသဖြင့် သူ့ကို အန္တရာယ်ကြား ခေါ်သွားရန် မလိုအပ်ပေ။
နောင်တစ်ချိန်တွင် မှတ်ဉာဏ်များ ပြန်ရလာသည်ဖြစ်စေ၊ မရလာသည်ဖြစ်စေ ဝမ်ကျိယွီ၏ ခရီးစဉ်မှာ ဤနေရာတွင်ပင် အဆုံးသတ်သင့်ပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မြင့်မြတ်နယ်မြေ ဆိုသည်မှာ ဝမ်ကျိယွီ၏ အိမ်ပင် မဟုတ်ပါလား။
ထန်ထျန်း အဓိကတောင်ထိပ်သို့ ရောက်သောအခါ ဤနေရာတွင် မြင့်မြတ်နယ်မြေ၏ အကြီးအကဲများနှင့် တပည့်များဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။
သူတို့အားလုံးမှာ လင်းယွင်တောင်တန်းသို့ သွားရောက်ရန် ရွေးချယ်ခံထားရသည့် ထူးချွန်သူများ ဖြစ်ကြသည်။
လင်းယွင်တောင်တန်းမှာ အလွန် ထူးခြားလှသည်။ ထိုနေရာရှိ ကံကောင်းမှုများကို ကျင့်ကြံခြင်း အဆင့် မရွေး ရရှိနိုင်သဖြင့် မြင့်မြတ်နယ်မြေမှ ရွေးချယ်ထားသော တပည့်များတွင် ကျန့်တာအို အဆင့်မှ ဟွမ်ယွမ်တာအိုအရှင် အဆင့်အထိ ပါဝင်သည်။
ဦးဆောင်လာသည့် အကြီးအကဲများမှာမူ တာအိုအရှင် အဆင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ယခင် အတွေ့အကြုံများအရဆိုလျှင် ဤနေရာရှိ လူများ၏ တစ်ဝက်ခန့်မှာ ကြီးမားသော ကံကောင်းမှုများကို ရရှိနိုင်သော်လည်း ကျန်တစ်ဝက်မှာမူ လင်းယွင်တောင်တန်းအတွင်း၌ပင် ထာဝရ ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။
ထန်ထျန်းက မည်သူ့ကိုမျှ အသိမပေးဘဲ တပည့်များ တန်းစီနေသည့် လူအုပ်ကြားထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့သည်။
တိတ်ဆိတ်သော နေရာတစ်ခုကို ရှာကာ အဖွဲ့ကြီး စတင် ထွက်ခွာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။