အခန်း (၈၉၁-၈၉၂)
Vol. 90 Ch. 891-892
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၁ + ၈၉၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
လက်ရှိအချိန်၌ တုပိုင်၏ ခန္ဓာကိုယ်မှာ သုံးလက်မအရွယ်ပင် မပြည့်တော့လောက်အောင် အလွန်အမင်း သေးငယ်ကျုံ့ဝင်သွားပြီ ဖြစ်လေ၏။
သုံးလက်မအရွယ်သာရှိတော့သည့် တုပိုင်၏ ပုံရိပ်ယောင်ကိုယ်ပွားလေးသည် လေထဲ၌ အသာအယာ လွင့်မျောသွားကာ နောက်ဆုံးခြေလှမ်းအဖြစ် ထိုအရပ်တစ်ပေခန့်ရှိ လူပုလေး၏ အနီးသို့ ရောက်ရှိလား၏။
ချက်ချင်းဆိုသလိုပင် လူပုလေး၏ မျက်နှာထက်၌ အကြောက်တရားတို့က ဖုံးလွှမ်းသွားကာ ထိတ်လန့်တကြားဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “မဟုတ်ဘူး... မလုပ်နဲ့... မလုပ်နဲ့...”
သို့သော် တုပိုင်၏ ပုံရိပ်ယောင်ကိုယ်ပွားလေးကမူ ရှေ့သို့ တစ်လှမ်းတိုးသွားကာ လူပုလေးအား အသာအယာ ထိတွေ့လိုက်သည်။ ထိုသို့ ထိတွေ့လိုက်သည်နှင့် ရုတ်တရက်ဆိုသလိုပင် အရပ်တစ်ပေခန့်သာရှိသော လူပုလေး၏ ခန္ဓာကိုယ်သည် စတင်၍ လျင်မြန်စွာ ပြိုကွဲပျက်စီးလာတော့၏။
သူ၏ ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ကျုံ့ဝင်သွားလေရာ အရပ်တစ်ပေမှသည် သုံးလက်မ ၊ တစ်လက်မနှင့် ထိုမှတစ်ဆင့် တစ်စင်တီမီတာအရွယ်အထိ ဆက်တိုက်ဆိုသလို သေးငယ်သွားလေတော့သည်။
နောက်ဆုံးတွင်တော့... လူပုလေး၏ ခန္ဓာကိုယ်မှာ လုံးဝ ပြိုကွဲပျက်စီးသွားလေတော့ပြီး ကြည်လင်တောက်ပနေသော စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားတော့၏။ ထိုကျောက်သလင်းကား အလွန်တရာ အစွမ်းထက်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ရှားပါးစွမ်းအင်ကျောက်သလင်းတစ်ခုပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် တုပိုင်၏ အပေါ်သို့ သက်ရောက်နေသော အဆသောင်းချီသည့် ဧရာမ မြေဆွဲအားဖိအားကြီးသည်လည်း လုံးဝ ပျောက်ကွယ်သွား၏။ ထို့အတွက်ကြောင့် သူ၏ ခန္ဓာကိုယ်မှာလည်း မူလအရွယ်အစားအတိုင်း ပြန်လည်ကြီးထွားလာကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်တော့ တုပိုင် သေမင်း၏ လက်ချောင်းများကြားမှ အပြည့်အဝ လွတ်မြောက်သွားပြီ ဖြစ်လေ၏။
တုပိုင် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ထိုလူပုလေးထံမှ ကျန်ရစ်ခဲ့သော စွမ်းအင်ကျောက်သလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၏။ ထို့နောက် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ဖြင့် ထိုအထဲမှ စွမ်းအင်များကို လောဘတကြီး စတင်စုပ်ယူလိုက်တော့သည်။
ရုတ်တရက်ဆိုသလိုပင် အလွန်အစွမ်းထက်လှသော စွမ်းအင်လှိုင်းလုံးကြီးများက တုပိုင်၏ ခန္ဓာကိုယ်အတွင်း၌ ထပ်မံ၍ ပေါက်ကွဲထွက်လာပြန်လေ၏။
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”
ထိုပြင်းထန်လှသော စွမ်းအင်များနှင့်အတူ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ရူးသွပ်ဖွယ်ကောင်းလောက်အောင် တစ်ဟုန်ထိုး တက်လှမ်းသွားလေတော့၏။
ဆဋ္ဌမအဆင့် တစ်ပိုင်းသူတော်စင်...။
သတ္တမအဆင့် တစ်ပိုင်းသူတော်စင်...။
အထွတ်အထိပ်အဆင့် တစ်ပိုင်းသူတော်စင်...။
နောက်ဆုံးတွင်တော့... ပထမအဆင့် သိုင်းသူတော်စင်...။
ကောင်းကင်ကိုပင် အန်တုနိုင်စွမ်းရှိသည်ဟု ဆိုရမည့် ဤစတုတ္ထအထပ်၏ စမ်းသပ်မှုကြီးကား ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ တုပိုင် အောင်မြင်စွာ ဖြတ်ကျော်နိုင်သွား၏။
--------------
ထိုစဉ် စနစ်၏ အသံက ထွက်ပေါ်လာ၏။ “သခင်... သခင်က ပထမအဆင့် သိုင်းသူတော်စင်အဆင့်ကို ရောက်ရှိသွားပြီဗျ။ သခင် စမ်းသပ်မှုပန်းတိုင်ကို ပြီးမြောက်သွားပြီဆိုတော့ အခုဆို အပြင်ကို ထွက်လို့ရပြီ။ ဒါတင်မကသေးဘူး... သခင်က ဒီလူပုလေးရဲ့ အစွမ်းထက်လှတဲ့ မြေဆွဲအားတိုက်ခိုက်မှု နည်းစနစ်ကိုပါ ကူးယူနိုင်ခဲ့ပြီ။ ဒါပေမဲ့ သခင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်အရဆိုရင်တော့ မြေဆွဲအား အဆတစ်ထောင်လောက်ကိုပဲ ထုတ်လွှတ်နိုင်ဦးမယ်။ ဒါပေမဲ့ သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့် တက်လာတာနဲ့အမျှ မြေဆွဲအား တိုက်ခိုက်နိုင်စွမ်းကလည်း ဆက်ပြီးတော့ တိုးလာလိမ့်မယ်ဗျ...”
ထိုစကားကြောင့် တုပိုင် အလွန်အမင်း အံ့ဩဝမ်းသာသွားရလေ၏။
သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းထက် ဤမျှလောက် အစွမ်းထက်လှသော မြေဆွဲအားတိုက်ခိုက်မှု နည်းစနစ်ကိုပါ ရရှိလိုက်ခြင်းက ပို၍ပင် မယုံနိုင်စရာ ကောင်းနေလေသည်။ ထိုသည်က အမှန်တကယ်ပင် ကောင်းကင်အား အန်တုနိုင်သော တိုက်ခိုက်မှုမျိုးပင် ဖြစ်လေ၏။
ယခုအခါ စတုတ္ထအထပ် စမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သတ်မှတ်တာဝန် ပြီးမြောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ထိုက်ခန်၏ အဆိုအရ သူ အပြင်သို့ ထွက်ခွာနိုင်ပြီ ဖြစ်၏။
ပဉ္စမအထပ်ကိုမူ ယခုအချိန်အထိ မည်သူကမျှ အောင်မြင်စွာ မဖြတ်ကျော်နိုင်ခဲ့ကြသေးချေ။
တုပိုင်အနေဖြင့် ဆက်၍ စမ်းကြည့်ချင်သလားဟု ဆိုလျှင်တော့ သူ သေချာပေါက် စမ်းကြည့်ချင်ပေသည်။
ဤပဉ္စမအထပ်၏ စမ်းသပ်မှုကား အံ့မခန်းဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု တုပိုင် ကြိုတင် ခန့်မှန်းမိနေ၏။ အကယ်၍ ဤစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခင်က မရှိခဲ့ဖူးသော စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပါက သူသည် မဟာထိုက်ခန်ဧကရာဇ် ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိနှင့် လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်တို့ကိုပါ သာလွန်သွားနိုင်မည် ဖြစ်သည်။
ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် တုပိုင် လှေကားထစ်များအတိုင်း တစ်ထစ်ချင်း တက်သွားကာ ငရဲမျှော်စင်၏ နောက်ဆုံးအထပ်ဖြစ်သော ပဉ္စမအထပ်ဆီသို့ ရဲဝံ့စွာ ဦးတည်ဝင်ရောက်သွားလေတော့၏။
ဤပဉ္စမအထပ်၏ ခေါင်းဆောင်မှာ မည်သို့သော အရာဖြစ်မည်နည်းဟု သူ အလွန်ပင် သိချင်နေမိသည်။ ထိုသူက မည်မျှအထိ အစွမ်းထက်နေမည်နည်း။ ဤလောက၌ ထိုသူအား မည်သူကမျှ အနိုင်မယူနိုင်တော့ဘူးလော။ အလွန်အစွမ်းထက်ပါသည်ဆိုသော ဧကရာဇ်ထိုက်ခန်ပင်လျှင် ဤနေရာ၌ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
ပျစ်ချွဲနေသော အဆုံးမဲ့လုနီးပါး အမှောင်ထုကြီးကို ဖြတ်သန်းသွားပြီးနောက် တုပိုင် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။
နောက်ဆုံးတွင်တော့ ငရဲမျှော်စင် ပဉ္စမအထပ်ရှိ အဆုံးစွန်သော ခေါင်းဆောင်ကြီးကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေတော့သည်။
သို့သော် သူထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာ ငရဲမျှော်စင်၏ ပဉ္စမအထပ်မှာကား နွေးထွေးလှသော တဲအိမ်လေးတစ်ခု ဖြစ်နေ၏။ အထဲရှိ ပရိဘောဂများအားလုံးမှာ သစ်သားများဖြင့် သေသပ်စွာ ပြုလုပ်ထားခြင်းဖြစ်ပြီး ရှေးဟောင်း သားမွေးကော်ဇောများနှင့် ထူထဲသော ဖယောင်းတိုင်အချို့လည်း ရှိနေသည်။
စားပွဲစွန်းတွင်ကား ဧရာမလူထွားကြီးတစ်ဦး ထိုင်နေပြီး စာအုပ်ကြီးတစ်အုပ်ကို တိတ်ဆိတ်စွာ ဖတ်ရှုနေ၏။ အတိအကျ ဆိုရလျှင် သူ့အား လူထွားကြီးဟု ခေါ်ရန် မမှန်ကန်လှချေ။ သူ၏ အရပ်မှာ ငါးမီတာခန့်သာ ရှိလေ၏။ သာမန်လူများနှင့် ယှဉ်လျှင်တော့ ဧရာမလူထွားကြီးဟု ဆိုနိုင်သော်လည်း ငရဲမျှော်စင်၏ ပထမအထပ်နှင့် ဒုတိယအထပ်ရှိ ဧရာမလူထွားကြီးများနှင့် ယှဉ်လျှင်မူ ထိုမျှလောက် အရပ်မရှည်လှပေ။
“ငြိမ်းချမ်းတယ်... အေးချမ်းတယ်... တည်ငြိမ်တယ်... ဒါက ဒီလောကမှာ အဖိုးတန်ဆုံးအရာပဲ မဟုတ်လား...”
ငါးမီတာအရပ်ရှိသော လူထွားကြီးက တုပိုင်ရှိရာသို့ လှည့်ကြည့်လာ၏။ သူ၏ နားရွက်များမှာ ချွန်မြနေပြီး မျက်နှာအချိုးအစားမှာလည်း ထောင့်ချွန်းများဖြင့် ပြည့်နှက်နေရာ သာမန်လူသားများထက် ပို၍ ခမ်းနားကာ ရက်စက်မည့်ပုံ ပေါ်နေသည်။
ထိုသူအား မြင်လိုက်ရသည်နှင့် တုပိုင်၏ စိတ်ထဲတွင် ကျန်းရှောင်မန်၏ ပြောပြချက်များကို ရုတ်တရက် သတိရသွားမိ၏။ ကမ္ဘာပျက်ကပ်ဆိုက်ချိန်၌ ကောင်းကင်ပေါ်မှ လူထွားကြီးတစ်ဦး ကျဆင်းလာကာ တစ်ကီလိုမီတာ ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး တွင်းနက်ကြီးထဲမှ ထွက်လာကာ သေလုမျောပါး ဖြစ်နေသော ရန်ယဲ့ရှောင်ကို ခေါ်ဆောင်သွားခဲ့သည်ဆိုသည့် အဖြစ်အပျက်ကိုပင် ဖြစ်လေသည်။
လူထွားကြီးက ခပ်ဩဩအသံဖြင့် မေးလာ၏။ “ဒီလောကမှာ အဖိုးတန်ဆုံးအရာက ဘာလို့ မင်း ထင်လဲ...”
တုပိုင်က တည်ငြိမ်စွာ ပြန်ဖြေ၏။ “လွတ်လပ်ခွင့် ဖြစ်မယ်လို့ ထင်တယ်...”
ဤသည်ကား မည်သည့်အခြေအနေနှင့်မဆို ကိုက်ညီသည့် ပုံသေအဖြေတစ်ခု ဖြစ်သည်။
လူထွားကြီးက ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ကာ ဆက်ပြောလာ၏။ “မဟုတ်ဘူး... အဲဒါက အဆင့်နိမ့်သက်ရှိတွေအတွက် အဖိုးတန်ဆုံးအရာပဲ။ ဥပမာပြောရရင် ဒီလောကမှာရှိတဲ့ မရေမတွက်နိုင်တဲ့ လူသားတွေက အခုဆိုရင် တံတိုင်းအမြင့်ကြီးတွေကြားထဲမှာ အကျဉ်းကျခံနေရပြီးတော့ သေဖို့ စောင့်ဆိုင်းနေကြရတယ်။ အဆင့်မြင့်သက်ရှိတွေအတွက် အဖိုးတန်ဆုံးအရာဆိုတာ စိတ်နှလုံး ငြိမ်းချမ်းမှု ၊ အေးချမ်းမှုနဲ့ တည်ငြိမ်မှုပဲ ဖြစ်သင့်တယ်...”
တုပိုင်က ချက်ချင်းပင် ထောက်ပြလိုက်၏။ “ဒါဆိုရင် ကျွန်တော်က အဆင့်မြင့်သက်ရှိအဆင့်ကို မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှု ၊ အေးချမ်းမှုနဲ့ တည်ငြိမ်မှုဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ဆိုလိုတာပဲလေ...”
လူထွားကြီးက ထပ်မံ၍ ပြန်မေးလာ၏။ “ဒါဆို လူတစ်ယောက်ရဲ့ နာကျင်မှု ဇာစ်မြစ်က ဘာလဲ...”
တုပိုင် အနည်းငယ် စဉ်းစားလိုက်ပြီး ဖြေဆိုလိုက်၏။ “စိတ်နှလုံးရဲ့ မကျေနပ်နိုင်တဲ့ လိုအင်ဆန္ဒတွေ ၊ ဘဝရဲ့ အတိတ်က အမှားတွေရယ် ၊ ပြီးတော့ ကိုယ်တွေ့ရှိလိုက်ရတဲ့ အမှန်တရားတွေက ရှေ့ဆက်မယ့်လမ်းကို ပိတ်ဆို့နေတဲ့ နံရံတစ်ခုလို ဖြစ်နေတာတွေကြောင့်ပေါ့...”
လူထွားကြီးက ထပ်ပြောလာ၏။ “လူသားတွေရဲ့ နာကျင်မှု ဇာစ်မြစ်ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင်စိတ်နှလုံးကြောင့်ပဲ မဟုတ်လား...”
တုပိုင် ခေါင်းညိတ်ကာ သဘောတူ၏။ “ဟုတ်တယ်...”
ငါးမီတာလူထွားကြီးက သက်ပြင်းတစ်ချက်ချကာ ဆက်လက်ရှင်းပြ၏။ “လူတွေရဲ့ အကြီးမားဆုံး ရန်သူက အမြဲတမ်း သူ့ကိုယ်သူပဲ။ သေချာတာပေါ့... ငါပြောနေတာက ပျင်းရိမှု ဒါမှမဟုတ် လောဘကို ဆိုလိုတာ မဟုတ်ဘူး။ တကယ်တော့ ပျင်းရိမှုနဲ့ လောဘရှိတဲ့ လူတွေက ပျော်ရွှင်ကြတယ်။ ပျင်းရိမှုက အနည်းဆုံးတော့ ဒီလူကို သေသည်အထိ ထုံထိုင်းသွားစေတဲ့ ပျော်ရွှင်မှုကို ပေးတယ်။"
"လောဘကလည်း အနည်းဆုံးတော့ ဟင်္သာကို စားချင်နေတဲ့ ဖားပြုတ်တစ်ကောင်လို စိတ်ကူးယဉ် ပျော်ရွှင်မှုကို ပေးသေးတယ်။ အနာကျင်ရဆုံးအရာကတော့... ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ရတဲ့ စစ်ပွဲပဲ။ အဲဒီစစ်ပွဲက ကိုယ်က ကိုယ့်ကိုယ်ကိုယ်နဲ့ အမြဲတမ်း စစ်ခင်းနေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဥပမာ... မနေ့ကထက် ပိုကောင်းတဲ့ငါ ဖြစ်ရမယ်... လမ်းပျောက်နေတဲ့ ငါ့ကို ငါ အနိုင်ယူရမယ်ဆိုပြီး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်နဲ့ တိုက်ခိုက်နေရတဲ့ လူတစ်ယောက်က သေချာပေါက် အဆုံးမဲ့ နာကျင်မှုထဲကို ကျရောက်သွားမှာပဲ...”
တုပိုင်သည်လည်း တိတ်ဆိတ်စွာပင် ထိုစကားကို သဘောတူလက်ခံလိုက်မိ၏။
လူ၏ အကြီးမားဆုံး ရန်သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်ဟူသော ဤစကားစုကို ကမ္ဘာမြေပေါ်တွင် အမှန်တရားတစ်ခုအဖြစ် သတ်မှတ်ထားကြလေသည်။ ထို့အပြင် လူသားများအား သူတို့၏ ပျင်းရိမှု ၊ မနာလိုမှု ၊ လောဘစသည်တို့ကို ကျော်လွှားနိုင်ရန်လည်း တိုက်တွန်းထားကြသေး၏။ သို့သော် ထိုသို့သော တိုက်ပွဲမျိုးကို အနိုင်ရခဲ့လျှင်ပင် ပျော်ရွှင်မှုကို မဆောင်ကြဉ်းပေးနိုင်ဘဲ ပို၍နက်ရှိုင်းသော နာကျင်မှုကိုသာ ဖြစ်စေနိုင်သည်။
တုပိုင်က စူးစမ်းသည့် အကြည့်ဖြင့် မေးလိုက်၏။ “စကားဖြတမပြောမိလို့ စိတ်မရှိပါနဲ့... ခင်ဗျားက ဘယ်သူများပါလဲ...”
ငါးမီတာအရပ်ရှိ လူထွားကြီးက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူသည် ခမ်းနားထည်ဝါသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး အရောင်မှာ ငွေရောင်မဟုတ်လေဘဲ ခက်ထန်ရက်စက်သည့် အနက်ရောင် ဖြစ်နေလေသည်။
လူထွားကြီးက လေးနက်သောအသံဖြင့် ဖွင့်ဟလိုက်၏။ “ငါက အိပ်မက်ဆိုး မိစ္ဆာဘုရင်... ဒီမှာ ကျန်ရစ်ခဲ့တဲ့ စိတ်မိစ္ဆာပဲ။ ငါက သူ့ရဲ့ နာကျင်မှုဇာစ်မြစ် ဖြစ်နေတဲ့အတွက် သူက ငါ့ကို ဒီမှာ အကျဉ်းချထားခဲ့တာ...”
ထိုစကားကြောင့် တုပိုင် အလွန်ပင် အံ့ဩမှင်တက်သွားရလေ၏။
ငရဲမျှော်စင် ပဉ္စမအထပ်၏ အဆုံးစွန် ခေါင်းဆောင်ကြီးမှာ အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ အတွင်းစိတ်မိစ္ဆာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
တုပိုင် ဆက်မေးလိုက်၏။ “ဒါဆို ငရဲမျှော်စင်က အခု အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလား...”
အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာက ရှင်းပြ၏။ “ဟုတ်တယ်။ ဒီငရဲမျှော်စင်က တခြားကမ္ဘာတစ်ခုကနေ ဒီကို လွင့်မျောလာပြီးတဲ့နောက်မှာ အလွတ်ကြီး ဖြစ်နေခဲ့တာ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်က ဒီငရဲမျှော်စင်ကို သိမ်းပိုက်လိုက်ပြီး အစွမ်းထက်တဲ့ သက်ရှိအမျိုးမျိုးကို ဖမ်းဆီးတယ်။ ပြီးတော့ ငရဲမျှော်စင်ရဲ့ အထပ်တိုင်းမှာ နေရာချပေးပြီးတော့ စည်းမျဉ်းတွေ သတ်မှတ်ထားခဲ့တာပဲ...”
ထို့နောက် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာက ဆက်ပြောလာ၏။ “သေချာတာပေါ့... မင်းက ပထမလေးထပ်လုံးကို ဖွင့်လှစ်ကျော်ဖြတ်ပြီးသွားပြီဆိုတော့ သူက ငရဲမျှော်စင်ထဲက လွတ်သွားတဲ့နေရာတွေအတွက် အစွမ်းထက်တဲ့ သက်ရှိတွေကို ထပ်ရှာပြီးတော့ ဖြည့်တင်းရလိမ့်ဦးမယ်။ အဲဒီလိုမှ မဟုတ်ရင် ငရဲမျှော်စင်က စမ်းသပ်မှုအသစ်တွေကို လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ...”
တုပိုင်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။ “ဒါဆို ပဉ္စမအထပ်ရဲ့ စမ်းသပ်မှုက ခင်ဗျားကို အနိုင်ယူရမှာလား...”
အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်၏။ “ဟုတ်တယ်လို့လည်း ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ သေချာတာပေါ့... မင်းက ငါ့ကို အနိုင်ယူချင်နေမှာပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့ ကိုယ်ပိုင် စိတ်မိစ္ဆာကို ပိုပြီးတော့ အနိုင်ယူဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ နာကျင်စရာ ခံစားချက်တွေအားလုံးကို ငါက အကုန် ထုတ်လွှတ်ပေးပြီး အဆတစ်ထောင် ၊ အဆတစ်သောင်းအထိ ကြီးထွားလာအောင် လုပ်ပစ်မှာမို့လို့ပဲ။ မင်းကို ငရဲလို ညှဉ်းပန်းနှိပ်စက်မှုမျိုး ခံစားရအောင် ငါ လုပ်ပေးမယ်။ အဲဒီအခါကျရင် မင်းက သေလိုက်ရတာကမှ ဒီနာကျင်မှုထက် အဆတစ်ရာ ၊ အဆတစ်ထောင်လောက် ပိုကောင်းသေးတယ်လို့ ခံစားသွားရလိမ့်မယ်...”
ထို့နောက် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာက ကြီးမားလှသော လက်ကြီးကို ဝှေ့ယမ်းပြကာ အေးစက်စက် သတိပေးလိုက်၏။ “ငါ စတင်တော့မယ်။ မင်းအနေနဲ့ ကိုယ့်ဝိညာဉ်ထဲမှာ လုံခြုံတဲ့ ခိုလှုံရာတစ်ခု ဒါမှမဟုတ် သန့်စင်တဲ့ မြေတစ်နေရာကို ရှာဖွေရလိမ့်မယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် မင်း ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ မင်းက သေချာပေါက် ရှုံးနိမ့်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလိမ့်မယ်။ ဧကရာဇ်ထိုက်ခန်တို့ သုံးယောက်က ငါ့ရဲ့ တပည့်တွေဆိုတော့ ငါ ညှာတာပေးခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ အဆင့်အတန်းက ထူးခြားနေတဲ့အတွက် ငါ ထပ်ပြီးတော့ ညှာတာပေးနေမှာ မဟုတ်ဘူး။ အကယ်လို့ ဒီနေ့ ငါသာ မင်းကို ညှာတာပေးလိုက်ရင် နောင်ကြုံရမယ့် တိုက်ပွဲတွေမှာ မင်း သေချာပေါက် သေသွားလိမ့်မယ်...”
တုပိုင်က ခက်ထန်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ... စလိုက်ကြတာပေါ့...”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၁ + ၈၉၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။