← Chapters

အခန်း (၈၉၃-၈၉၄)

Vol. 90 Ch. 893-894

အခန်း (၈၉၃-၈၉၄)

Vol. 90 Ch. 893-894

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၃ + ၈၉၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင်က ခက်ထန်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ... စလိုက်ကြတာပေါ့...”

ထိုစကားသံ လေထုထဲ၌ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ အမြင်အာရုံတစ်ခုလုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားလေတော့၏။

“ဂျွတ်...”

ထူးဆန်းသည့် အသံနှင့်အတူ သူ၏ နှလုံးသားတစ်ခုလုံးကို ရက်စက်ကြမ်းကြုတ်သော လက်သီးတစ်ဖက်ဖြင့် ဆုပ်ချေလိုက်သည့်အလား ကြေမွသွားသကဲ့သို့ တုပိုင် ခံစားလိုက်ရသည်။ နက်ရှိုင်းလှသော အမှောင်ထုနှင့်အတူ ရူးသွပ်မတတ် ပြင်းထန်လှသော နာကျင်မှုလှိုင်းလုံးကြီးများက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာလေ၏။

“ရှင်က... ကျွန်မကို မလိုချင်တော့ဘူးပဲ...။ ရှင်က ကျွန်မကို... စွန့်ပစ်ခဲ့ပြီပဲ...” အက်ကွဲနေသော အသံတစ်သံက အမှောင်ထုထဲမှ ထွက်ပေါ်လာ၏။ “ရှင်ရှိတဲ့ဆီကို... ကျွန်မ လိုက်ခဲ့မယ်နော်...”

ထို့နောက် သူ၏ မျက်စိရှေ့မှောက်၌ ခြောက်ခြားဖွယ် မြင်ကွင်းတစ်ခုက ရုတ်ခြည်း ထင်ပေါ်လာသည်။ သူ၏ စေ့စပ်ထားသူ ရန်ယဲ့ရှောင်သည် သမီးဖြစ်သူ တုရှောင်လေး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် တုပိုင်ရှိရာသို့ လှည့်ကာ သွေးအေးအေးဖြင့် ပြုံးပြလိုက်၏။

ထို့နောက် ရုတ်တရက်ဆိုသလို အောက်ဘက်ရှိ လေဟာပြင်ထဲသို့ ဆိုင်းမတွဘဲ ခုန်ချသွားလေတော့သည်။

“မဟုတ်ဘူး...” တုပိုင်၏ လည်ချောင်းထဲမှ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

သူ၏ ရင်ဘတ်အတွင်းရှိ နှလုံးသားမှာ အရှင်လတ်လတ် ဆွဲဆုတ်ခံလိုက်ရသည့်အလား ပြင်းထန်စူးရှစွာ နာကျင်သွားရသည်။ ဤသည်ကား လုံးဝ မဖြစ်သင့်သောအရာပင်။ သူသည် သမီးဖြစ်သူကို ရှာတွေ့ခဲ့ပြီးပြီ ဖြစ်သလို ၊ ချစ်ရသူ ရန်ယဲ့ရှောင်နှင့်လည်း မကြာမီ ပြန်လည်ဆုံတွေ့ရတော့မည် မဟုတ်ပါလော။ ထို့ကြောင့် မျက်စိရှေ့မှ မြင်ကွင်းသည် သူ့အား သေစေလောက်သည့်အထိ ခြိမ်းခြောက်နိုင်စွမ်း မရှိသင့်သလို ၊ သူ၏ နှလုံးသားကိုလည်း ဤမျှလောက်အထိ နာကျင်ကြေကွဲသွားစေရန် အကြောင်းမရှိသင့်ပေ။

သို့တိုင်အောင် တုပိုင်မှာမူ ငရဲမီးထဲ ကျရောက်သွားသူတစ်ဦးအလား သေမတတ် နာကျင်ခံစားနေရဆဲပင် ဖြစ်လေ၏။

ထိုအခိုက်အတန့်မှာပင် ကမ္ဘာမြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားရကာ တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။ တုပိုင်၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ နေရာအနှံ့အပြားတွင် ပုပ်ပွနေသော ဖုတ်ကောင်များ ၊ သွေးသံရဲရဲ အလောင်းကောင်များနှင့် ရွံရှာဖွယ် မိစ္ဆာကောင်များသာ ပြည့်နှက်နေပြီး အသက်ရှင်နေသော လူသားဟူ၍ တစ်ယောက်မျှ မရှိတော့ချေ။

ကောင်းကင်ယံတစ်ခုလုံးမှာ သေမင်းအရိပ်အယောင် မီးခိုးရောင်များ လွှမ်းမိုးနေပြီး မြေပြင်ထက်၌လည်း စိမ်းလန်းမှု အရိပ်အယောင်ဟူ၍ အလျဉ်းမရှိတော့ဘဲ သက်ရှိသတ္တဝါတို့၏ ခြေရာလက်ရာများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

“ဝုန်းးး ဝုန်းးး”

မြေကြီးများ အက်ကွဲကာ မရေမတွက်နိုင်သော အလောင်းကောင်များက မြေအောက်မှ တိုးထွက်လာကြ၏။ သူတို့က တုပိုင်အား လက်ညှိုးထိုးလျက် အက်ကွဲခြောက်ကပ်နေသော အသံကြီးများဖြင့် ဟစ်အော်ကြသည်။

“အရာအားလုံးက မင်းကြောင့်ပဲ...။ မင်းကြောင့်... ငါတို့ကမ္ဘာကြီး ပျက်စီးရတာ...။ မင်းက... ငါတို့ ကမ္ဘာလောကကြီးကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့တာပဲ...”

တုပိုင်က အံကြိတ်ကာ ပြန်လည်ချေပလေ၏။ “မဟုတ်ဘူး...။ ငါက တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်ကမ္ဘာကို ကယ်တင်ခဲ့တာ။ ဒါမှသာ ရှေ့လျှောက် ကမ္ဘာနှစ်ခုစလုံးကို ကယ်တင်နိုင်မယ့် မျှော်လင့်ချက် ရှိလာမှာပေါ့...။ တာ့နင်အင်ပါယာရဲ့ ဟင်းလင်းပြင်ကိုသာ ငါ စတေးလိုက်မယ်ဆိုရင်တောင် ခေတ်သစ်ကမ္ဘာကြီးက နောက်ထပ် နှစ်တစ်ရာအတွင်း ကျိန်းသေပေါက် ပျက်စီးသွားမှာပဲလေ...”

ထိုစဉ် ကောင်းကင်ယံထက်၌ ဧရာမ မိစ္ဆာဘုရင်ကြီးတစ်ပါး ရုတ်တရက် ပေါ်ထွက်လာကာ တုပိုင်အား သရော်လှောင်ပြောင်သည့် အကြည့်ဖြင့် ငုံ့ကြည့်လာ၏။

“ဟားဟားဟား” ရူးသွပ်ဖွယ် ရယ်မောသံကြီးက လေထုကို ခွင်း၍ ထွက်ပေါ်လာသည်။ “တုပိုင်... မင်းရဲ့ မဟာပေါင်းစည်းခြင်း အဆုံးသတ်က တာ့နင်အင်ပါယာ ဟင်းလင်းပြင်ကမ္ဘာကို တကယ် ကယ်တင်နိုင်ပြီလို့ ထင်နေတာလား...။ ဟားဟား... အိပ်မက်မက်နေလိုက်စမ်း။ ကမ္ဘာမြေကြီးကို မွေးဖွားပေးခဲ့တဲ့ မူလမျက်နှာစာကလည်း လုံးဝ ပျက်စီးသွားခဲ့ပြီကွ... ဟားဟားဟား...”

“မဟုတ်ဘူး... မဟုတ်ဘူး...။ လုံးဝ မဖြစ်နိုင်ဘူး...”

တုပိုင်က ခေါင်းခါရမ်းလိုက်၏။

ထိုစဉ် သမီးဖြစ်သူ တုရှောင်လေးက သူ၏ မျက်စိရှေ့၌ ရုတ်တရက် ထပ်မံပေါ်လာပြီး အားကိုးတကြီး အော်ခေါ်လိုက်သည်။

“ဖေဖေ... ဖေဖေ...”

သို့သော် ရုတ်ခြည်းဆိုသလိုပင် မူလက ကြယ်လေးများအလား တောက်ပနေခဲ့သော သူမ၏ မျက်လုံးလေးများမှာ အရောင်အဝါ ကင်းမဲ့သွားကာ ၊ ထိုမျက်လုံးအိမ်များထဲမှ ပုပ်ဟောင်နံစော်နေသော အနက်ရောင် သွေးပျစ်ပျစ်များက တသွင်သွင် စီးကျလာလေတော့၏။

ဤမျှနှင့် မပြီးသေးချေ။ အတိတ်မှ အိပ်မက်ဆိုး မြင်ကွင်းများက ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာပြန်၏။

မိဘမဲ့ဂေဟာမှ ဝဖြိုးဖြိုး အဒေါ်ကြီးတစ်ဦးက ခုနစ်နှစ်အရွယ် တုပိုင်လေးအား ကြက်သီးထဖွယ် အပြုံးကြီးဖြင့် မှောင်မိုက်သော ထောင့်တစ်နေရာသို့ အတင်းအဓမ္မ ဆွဲခေါ်သွားသည်။ “လာခဲ့...။ အန်တီ မင်းရဲ့ ခန္ဓာကိုယ်ကို... သေချာ စစ်ဆေးပေးမယ်...”

ထို့နောက် လူသူကင်းမဲ့နေသော မြေပြင်ပေါ်တွင် အမျိုးသမီးတစ်ဦး ထပ်မံပေါ်လာပြန်၏။ သူမသည် ကလေးငယ်တစ်ဦးကို ရင်ခွင်၌ ပွေ့ချီထားကာ သက်ရှိကင်းမဲ့နေသော မြေပြင်ပေါ်တွင် ခက်ခဲပင်ပန်းစွာ လမ်းလျှောက်နေလေသည်။ ထို့နောက် သူမက မွေးကင်းစ ကလေးငယ်အား သတင်းစာဖြင့် ဖြစ်သလိုပတ်ကာ မိဘမဲ့ဂေဟာ၏ တံခါးဝတွင် ပစ်ချထားခဲ့ပြီးနောက် အနောက်သို့ တစ်ချက်မျှ ပြန်လှည့်မကြည့်တော့ဘဲ သွေးအေးပြတ်သားစွာ ကျောခိုင်း လှည့်ထွက်သွားလေတော့၏။

အေးစက်လှသော မြေပြင်ပေါ်ရှိ ကလေးငယ်က အသံကုန်ဟစ်ကာ ကျယ်လောင်စွာ ငိုကြွေးနေ၏။

အဆုံးအစမဲ့သော အိပ်မက်ဆိုး မြင်ကွင်းများက တုပိုင်၏ ဦးနှောက်အတွင်းသို့ သံမှိုရိုက်သွင်းခံရသည့်အလား ရူးသွပ်ဖွယ်ကောင်းလောက်အောင် တိုးဝင်လာလေ၏။

မြင်ကွင်းတိုင်းသည် အမှောင်ထု ၊ အကြောက်တရားနှင့် ရက်စက်သော နာကျင်မှုများဖြင့်သာ ပြည့်နှက်နေသည်။ ထိုအရာများထဲမှ အချို့မှာ အတိတ်က အစစ်အမှန်ဖြစ်ရပ်များ ဖြစ်သော်လည်း အချို့မှာ အတုအယောင်များသာ ဖြစ်၏။ သို့သော် အားလုံးသည် တုပိုင် နက်ရှိုင်းရာ စိတ်ထဲမှ အကြောက်တရားများ ၊ စိုးရိမ်ပူပန်မှုများနှင့် အပြစ်ရှိသလို ခံစားရမှုများကို ပုံဖော်ထားခြင်းပင် ဖြစ်ကြသည်။

မရေမတွက်နိုင်သော အဆိုးမြင်ခံစားချက်များက ပြင်းထန်လှသော ဒီရေလှိုင်းကြီးအလား သူ့ထံသို့ ရိုက်ခတ်လာတော့၏။ သာမန်လူတစ်ယောက်သာ ဤရက်စက်လှသော ခံစားချက်၏ ဆယ်ပုံတစ်ပုံမျှကို ခံစားလိုက်ရပါက ကျိန်းသေပေါက် ရူးသွပ်သွားမည်ဖြစ်ပြီး ၊ ကုစား၍မရနိုင်လောက်အောင် ပြင်းထန်သည့် စိတ်ဝေဒနာ၏ သားကောင် ဖြစ်သွားပေလိမ့်မည်။

အမှောင်ထုနှင့် နာကျင်မှုတို့ လုံးဝ လွှမ်းမိုးလာချိန်တွင် ထိုအရာများကို အန်တုရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

စိတ်ကျရောဂါ ဝေဒနာရှင်များစွာသည် အလင်းရောင်နှင့် ရွှင်လန်းတက်ကြွမှုတို့ကို အလွန်အမင်း လိုလားတောင့်တတတ်ကြသော်လည်း လုံးဝ မစွမ်းဆောင်နိုင်ကြပေ။ ရောဂါမပြင်းထန်သော လူနာများအနေဖြင့် ဆေးဝါးများ၏ အကူအညီဖြင့် ပုံမှန်စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အားတင်းနိုင်သေး၏။ သို့သော် ဝေဒနာ ပြင်းထန်သူများအတွက်မူ ဆေးဝါးဆိုသည်မှာ အချည်းနှီးသာ ဖြစ်တော့သည်။

နာကျင်မှု ၊ အမှောင်ထုနှင့် စိတ်ကျရောဂါတို့ ရိုက်ခတ်လာချိန်တွင် တစ်ခုတည်းသော ရှင်သန်ရာလမ်းမှာ ထိုသည်ကို လက်ခံပြီး အသားကျအောင် နေထိုင်ကာ အမှောင်ထုထဲမှ အလင်းရောင်စက်လေးတစ်ခုကို အသေအလဲ ကြိုးစားရှာဖွေရန်သာ ဖြစ်ကြောင်း ဝေဒနာရှင်များစွာက ဆိုဖူးကြ၏။ ထိုအလင်းရောင်စက်လေးကို ဆုပ်ကိုင်၍သာ ဆက်လက် ကြံ့ကြံ့ခံ ရပ်တည်သွားရမည် ဖြစ်သည်။

ထိုအလင်းရောင်ဆိုသည်မှာ ခမ်းနားလှသော စံပြအရာတစ်ခု သို့မဟုတ် လှပသော မြင်ကွင်းတစ်ခု မဟုတ်လောက်ပေ။

လေးငါးနှစ်အရွယ် သင့်ကလေးငယ်လေး ထီးတစ်ချောင်းကို ကိုင်ကာ လမ်းကို သတိထားဖြတ်ကူးနေစဉ် ကြောက်ရွံ့တုံ့ဆိုင်းနေသည့် အမူအရာလေးလည်း ဖြစ်နိုင်သည်။ ကားတစ်စီးက မီတာဆယ်ဂဏန်းလောက် အကွာတွင် ရှိနေသေးသော်လည်း သူမလေးမှာ ကြောက်လန့်တကြား အလျင်စလို ရပ်တန့်သွားပြီး သင့်အား အားကိုးတကြီး လှမ်းကြည့်လာသည့် မြင်ကွင်းမျိုးလည်း ဖြစ်နိုင်သည်။

သို့မဟုတ် သူမလေးအား ပွေ့ချီလိုက်ချိန်တွင် သူမလေးက ကလေးပေါက်စလေး မဟုတ်တော့ဘဲ မိန်းကလေးတစ်ယောက်အဖြစ် တဖြည်းဖြည်း အရွယ်ရောက်လာပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

သူမလေး၏ ကိုယ်အလေးချိန်မှာ ပို၍ စီးလာခဲ့ပြီ ဖြစ်၏။ သင့်အနေဖြင့် သူမလေးအား လက်တစ်ဖက်တည်းဖြင့် ပွေ့ချီထားချိန်တွင် သူမလေး၏ ခန္ဓာကိုယ်လေးက တဖြည်းဖြည်း အောက်သို့ လျှောကျသွားလေသည်။ ထိုအခါ သူမလေးက တခစ်ခစ်ရယ်မောကာ “ဖေဖေ... သမီးကို သေချာချီထားပါလားဟင်...” ဟု အပြစ်ကင်းစင်စွာ ပြောလာသည့် အဖြစ်အပျက်လေးလည်း ဖြစ်နိုင်သည်။

သို့သော် ယခုအခါတွင်မူ...။

အဆုံးအစမဲ့ အမှောင်ထု ၊ အဆုံးအစမဲ့ နာကျင်မှုများနှင့်အတူ တုပိုင်ဆီသို့ ဦးတည်ပြေးဝင်လာနေသော အမှောင်ဒီရေလှိုင်းကြီးက မကြာမီတွင် သူ့အား လုံးဝ ဝါးမျိုပစ်တော့မည် ဖြစ်ပြီး အသက်ရှူမဝအောင် လွှမ်းမိုးပစ်တော့မည် ဖြစ်လေသည်။

သူ၏ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ သေမင်းတမန် အမှောင်ထုဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်၏။ ထိုအမှောင်ဒီရေလှိုင်းကြီးက သူ့အား လွှမ်းခြုံသွားကာ သေလုမတတ် အသက်ရှူကျပ်သွားစေသည်။

“ဟား... ဟား...” တုပိုင် လေကို ခဲယဉ်းစွာ ရှူရှိုက်ရင်း အသက်လု၍ ထွက်ပြေးလေတော့၏။

သူ အသည်းအသန် ပြေးနေမိသည်...။

သူသည် သမီးဖြစ်သူ တုရှောင်ရှိရာသို့ ပြေးသွားကာ သူမထံမှ စိတ်ပိုင်းဆိုင်ရာ အကာအကွယ် ရရှိရန် မျှော်လင့်နေမိသည်။ သို့သော် သူ၏ မျက်စိရှေ့၌ ပေါ်လာသည်ကား ဒွါရပေါက် ခုနစ်ပေါက်မှ သွေးများ တသွင်သွင် ယိုစီးကျနေသည့် တုရှောင်၏ မျက်နှာလေးသာ ဖြစ်ပြီး ၊ မျက်နှာပေါ်ရှိ အရေပြားများမှာလည်း မီးလောင်ထားသည့်အလား ဆက်တိုက်ဆိုသလို အက်ကွဲကွာကျနေလေ၏။

သေချာပေါက် ဤသည်က နိမိတ်တစ်ခု မဟုတ်လေဘဲ သမီးဖြစ်သူကို မကာကွယ်နိုင်တော့မည်ကို အလွန်အမင်း စိုးရိမ်နေသည့် တုပိုင်၏ နှလုံးသား နက်ရှိုင်းရာမှ ကြောက်မက်ဖွယ် အကြောက်တရားတစ်ခုသာ ဖြစ်သည်။

နောက်ကျောဘက်မှ ပြင်းထန်လှသော နာကျင်မှုနှင့် အမှောင်ဒီရေလှိုင်းကြီးက ဆက်လက် ရိုက်ခတ်လာနေ၏။ ကမ္ဘာလောကတစ်ခုလုံး၌ အလင်းရောင်ဟူ၍ အလျဉ်းမရှိတော့ချေ။

သူ ဇနီးဖြစ်သူ ရန်ယဲ့ရှောင်ရှိရာသို့ အသည်းအသန် ပြေးသွားသော်လည်း ၊ သူမက သူနှင့် မီတာအနည်းငယ်အကွာရှိ ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ သူ့အား လက်လှမ်းခေါ်နေသည်ကိုသာ ဝေဝါးစွာ တွေ့လိုက်ရလေသည်။

နင်းရွှဲ့ရှိရာသို့ သူ ဆက်လက် ပြေးသွားပြန်၏။ သူမက ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ချီထားဆဲဖြစ်ပြီး တုပိုင်အား နွေးထွေးစွာ ပြုံးပြနေလေသည်။ သို့သော် သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးနေကာ ကြားတွင် ဖြတ်သန်း၍မရနိုင်သော အလွှာပါးတစ်ခု ခြားထားသကဲ့သို့ ဖြစ်နေပြီး သူ ဘယ်သောအခါမှ ဖြတ်ကျော်သွားနိုင်မည် မဟုတ်ပေ။

တုပိုင်သည် သေမင်းတမန် အမှောင်ဒီရေလှိုင်းကြီးနှင့် အသေအလဲ အပြေးပြိုင်နေရသကဲ့သို့ ဖြစ်နေ၏။

အမှောင်ထုနှင့် နာကျင်မှု ဒီရေလှိုင်းများက နောက်ကျောဘက်တွင် ပိုမိုကြီးထွားလာကာ သူ့အား အမီလိုက်ရန် အပြင်းအထန် ကြိုးစားနေပြီး အရှင်လတ်လတ် ဝါးမျိုပစ်ရန် အားထုတ်နေသည်။

ဤသည်ကား ငရဲမျှော်စင် ပဉ္စမအထပ်အတွင်း၌ ရှိနေသော အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာပင် ဖြစ်၏။ စိတ်မိစ္ဆာက သူ၏ သွေးစွန်းနေသော လက်များကို ဆန့်ထုတ်လိုက်လေရာ ငရဲမျှော်စင် ပဉ္စမအထပ် တစ်ခုလုံးမှာ သူ၏ အမှောင်ထုနှင့် နာကျင်မှု စိတ်စွမ်းအင်များဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားလေတော့သည်။

ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း အမှောင်စွမ်းအင်များ၏ တဖြည်းဖြည်း ဝါးမျိုမှုကို ရက်စက်စွာ ခံနေရပုံပေါ်၏။

နောက်ဆုံးတွင် တုပိုင်သည် သူ၏ စိတ်နှလုံးအတွင်းရှိ တစ်ခုတည်းသော ခိုလှုံရာဖြစ်သည့် တုရှန်၏ ဝိညာဉ်ရှိရာသို့ အမြန်ပြေးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် တုရှန်၏ ဝိညာဉ်မှာ ဗလာနတ္ထိဖြစ်နေသဖြင့် အကြောက်တရားနှင့် နာကျင်မှုဟူသည်ကို မည်သည့်အခါမျှ သိရှိခံစားနိုင်စွမ်း မရှိသောကြောင့်ပင်။

တုပိုင် အသက်လု၍ ပြေးလွှားပြီးနောက် နောက်ဆုံးတွင်တော့ တုရှန်၏ ဝိညာဉ်တည်ရှိရာ ထောင့်လေးကို ရှာတွေ့သွားလေ၏။

ထိုနေရာမှာ ဖောက်ထွင်းမြင်နိုင်သော အခန်းငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေကာ ၊ တုရှန်၏ ပုံရိပ်မှာလည်း ထိုနေရာတွင် လှုပ်ရှားမှုအလျဉ်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေ၏။

တုပိုင် တုရှန်၏ ဗလာဝိညာဉ် ပုန်းကွယ်ရာနေရာအတွင်းသို့ အမြန်ဝင်ရောက်လိုသည်။ မှန်အိမ်လေးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် အတွင်းရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသော်လည်း သူ လုံးဝ ဝင်ရောက်၍ မရနိုင် ဖြစ်နေ၏။

“တံခါးဖွင့်ပေး...။ ငါ့ကို ဝင်ခွင့်ပေး...” တုပိုင် အတွင်းရှိ တုရှန်အား ကျယ်လောင်စွာ အော်ဟစ်ရင်း မှန်နံရံကို လက်ဖြင့် အဆက်မပြတ် ထုရိုက်လိုက်၏။

သို့သော် တုရှန်ကမူ အခန်းထောင့်တွင် လှုပ်ရှားမှုအလျဉ်းမရှိဘဲ အရုပ်တစ်ရုပ်အလား တိတ်ဆိတ်စွာ ထိုင်နေဆဲပင်။

နောက်ဆုံးတွင်တော့ အမှောင်ထု ၊ အကြောက်တရား ၊ နာကျင်မှု ၊ စိုးရိမ်ပူပန်မှုနှင့် အပြစ်ရှိသလို ခံစားရမှုများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် အတွင်းစိတ်မိစ္ဆာများ၏ အမှောင်ဒီရေလှိုင်းကြီးက တုပိုင်အား လုံးဝ ဝါးမျိုသွားလေတော့၏။

တုပိုင်၏ အသိစိတ်များ ဝေဝါးလာကာ သတိလွတ်လုနီးပါး ဖြစ်လာသည်။

ဤသည်ကား စိတ်မိစ္ဆာ၏ အကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်မှုပင် ဖြစ်သည်။

စိတ်နှလုံးအတွင်းရှိ အလင်းရောင်များအားလုံးကို သံသယများနှင့် မယုံကြည်မှုများအဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီးနောက် နာကျင်မှု ၊ အပြစ်ရှိသလို ခံစားရမှုနှင့် အကြောက်တရားတို့ကို ဆယ်ဆ ၊ အဆတစ်ရာ ၊ အဆတစ်ထောင် ၊ အဆသောင်းချီ၍ ကြီးထွားလာစေကာ စိတ်နှလုံးကို ရက်စက်စွာ ထိုးနှက်ပြစ်သည်။

နောက်ဆုံး၌ စိတ်နှလုံးကို လုံးဝ သတ်ဖြတ်ပစ်ကာ ထာဝရ မျှော်လင့်ချက်မဲ့သွားစေပြီး ဝိညာဉ်ကို အရှင်လတ်လတ် နစ်မြုပ်သွားစေတော့၏။

အတိတ်က နာကျင်စရာ ဇာတ်လမ်းများ များပြားလေလေ ၊ ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရသူ များလေလေ ၊ စိတ်မိစ္ဆာများက ပို၍ ကြီးမားလေလေပင် ဖြစ်သည်။

ထို့ကြောင့်ပင် လီရှောင်ချန်သည် ငရဲမျှော်စင်၏ ဤအဆင့် စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိနှင့် လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်တို့ စသည့် မဟာပုဂ္ဂိုလ်ကြီးများအားလုံးသည်လည်း ဤပဉ္စမအထပ်၏ စမ်းသပ်မှုကို မဖြတ်ကျော်နိုင်ခဲ့ကြချေ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကဲ့သို့သော အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးပင်လျှင် သူ၏ ကိုယ်ပိုင် စိတ်မိစ္ဆာကို ဖယ်ခွာချန်ရစ်ကာ ငရဲမျှော်စင်အတွင်း၌ အဆုံးစွန် ခေါင်းဆောင်ကြီးအဖြစ် အကျဉ်းချထားနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

ယခုအခါတွင် တုပိုင်၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တဆတ်ဆတ် တုန်ယင်လာလေ၏။ သူ၏ ဝိညာဉ်မှာ လုံးဝ နစ်မြုပ်တော့မည် ဖြစ်သည်။

အိပ်မက်ဆိုး စိတ်မိစ္ဆာက တုပိုင်အား သနားစဖွယ် အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ “သနားစရာ ကောင်လေး...။ မင်းက အရမ်းကို အစွမ်းထက်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အစွမ်းခွန်အားက မင်းရဲ့ စိတ်စွမ်းအားကို အားကိုးပြီး ရေကာတာတစ်ခုကို အတင်းအဓမ္မ တည်ဆောက်ထားရတာဆိုတော့ ကြာကြာမခံနိုင်ဘူးလေ...။ မင်းရဲ့ ခွန်အားမှာ လက်တွေ့ကျတဲ့ အထောက်အပံ့ဆိုတာ မရှိဘူး...။ စိတ်စွမ်းအားနဲ့ တည်ဆောက်ထားတဲ့ ရေကာတာက ပိုပြီး ခိုင်မာလေလေ ပြိုကျသွားတဲ့အခါ ပိုပြီး ဆိုးရွားစွာ ပျက်စီးရလေလေပဲ...”

“လူတိုင်းရဲ့ စိတ်နှလုံးက ခိုင်မာတဲ့ အထောက်အပံ့တစ်ခုကို လိုအပ်တယ်...။ ဒါပေမဲ့ မင်းက အဲဒါကို ရှာမတွေ့နိုင်တဲ့အတွက် ဒီစိတ်မိစ္ဆာကိုလည်း လုံးဝ အနိုင်မယူနိုင်ဘူး...။ မင်းရဲ့ ဝိညာဉ်က အရှင်လတ်လတ် နစ်မြုပ်သွားဖို့ပဲ ရှိတော့တယ်...”

တုပိုင်၏ တဆတ်ဆတ် တုန်ယင်နေမှုက ပို၍ မြန်ဆန်လာသော်လည်း သူ၏ ရုန်းကန်လှုပ်ရှားမှုများကမူ တဖြည်းဖြည်း နည်းပါးလာလေတော့သည်။

ဝိညာဉ်၏ အသက်ရှူကျပ်မှုက သေမင်းနှင့် လက်တစ်ကမ်းအလိုသို့ ပို၍ နီးကပ်လာနေပြီ ဖြစ်၏။

အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် မဟာအိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်မိစ္ဆာက သူ့အား လွတ်မြောက်ခွင့် ပေးကောင်းပေးလိမ့်မည်။ သို့သော် သူ၏ မျက်စိရှေ့ရှိ လူမှာ တုပိုင်ဖြစ်နေသဖြင့် သတိပြန်လည် နိုးထခွင့် ပေးမည် မဟုတ်တော့ပေ။ ထို့ကြောင့် သူ့ကို ဤနေရာ၌ပင် သေဆုံးစေလိုက်တော့မည်ပင်။

တုပိုင်၏ ဝိညာဉ်ကမ္ဘာထဲ၌ သူသည် အဆုံးအစမဲ့ အမှောင်ဒီရေလှိုင်းကြီး၏ ရက်စက်စွာ ဝါးမျိုမှုကို ခံလိုက်ရပြီ ဖြစ်ကာ မည်သို့မျှ ရုန်းထွက်၍လည်း မရနိုင်တော့သဖြင့် နစ်မြုပ်ပျောက်ကွယ်သွားရုံသာ ရှိလေတော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၃ + ၈၉၄) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters