← Chapters

အခန်း (၈၉၅-၈၉၆)

Vol. 90 Ch. 895-896

အခန်း (၈၉၅-၈၉၆)

Vol. 90 Ch. 895-896

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၅ + ၈၉၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုပိုင်၏ ဦးနှောက်အတွင်းရှိ ဝိညာဉ်မှာ စတင် သေဆုံးလာလေ၏။

ထိုဖြစ်စဥ်မှာ ကောင်းကင်ယံမှနေ၍ ကမ္ဘာမြေကြီးကို ငုံ့ကြည့်လိုက်သည့်အခါ မြင်တွေ့ရသော အိမ်ခြေထောင်သောင်းမကသည့် မီးရောင်များ လင်းလက်နေသည့် ကြယ်တာရာဂလက်ဆီကြီးနှင့် ဆင်တူလှ၏။

သို့သော် စွမ်းအင်များ ပြတ်တောက်သွားချိန်၌ ကမ္ဘာဂြိုဟ်ပေါ်ရှိ မြို့ကြီးများအားလုံးသည် အမှောင်ထုထဲသို့ နစ်မြုပ်သွားမည် ဖြစ်သည်။

တုပိုင်၏ ဝိညာဉ် ငြိမ်းသက်သွားခြင်းကလည်း ထိုမြင်ကွင်းနှင့် အတိအကျ တူညီသည်။ ကမ္ဘာမြေကြီး၏ နေရာအတော်များများတွင် လျှပ်စစ်မီး ပြတ်တောက်သွားသကဲ့သို့ တစ်စစီ တစ်စစီ အမှောင်ထုထဲသို့ နစ်မြုပ်သွားလေတော့၏။

နောက်ဆုံးတွင်တော့ တုပိုင်၏ ဦးနှောက်အတွင်းရှိ ဝိညာဉ်အလင်းစက်များ အားလုံးနီးပါး အပြီးတိုင် ငြိမ်းသက်သွားရသည်။

နောက်ဆုံးကျန်ရစ်နေသော အလင်းရောင်စက်လေး တစ်ခုသာ ကျန်ရှိတော့၏။ လူသားများ၏ ဝိညာဉ်သည် ကောင်းကင်ယံရှိ ဂလက်ဆီကြယ်တာရာများကဲ့သို့ မရေမတွက်နိုင်သော အလင်းစက်လေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။

ထိုအလင်းစက်များ အားလုံး လင်းလက်နေချိန်တွင် အလင်းစက်လေးတစ်ခု သို့မဟုတ် တစ်စုတစ်ဝေးတည်းသော အလင်းစက်များက သိသာထင်ရှားမှု မရှိလှပေ။

ကောင်းကင်ယံရှိ ဘီလီယံနှင့်ချီသော ကြယ်တာရာဂလက်ဆီများကြားတွင် ကြယ်အများစုကို ရှာဖွေရန် မဖြစ်နိုင်သကဲ့သို့ပင်။ သို့သော် ဂလက်ဆီတစ်ခုလုံး ငြိမ်းသက်သွားပြီးနောက် ကြယ်တစ်လုံး သို့မဟုတ် နှစ်လုံးမျှသာ လင်းလက်ကျန်ရစ်နေမည်ဆိုပါက ထိုအရာက အလွန်သိသာထင်ရှားလာမည်ဖြစ်ကာ မေ့ပျောက်ခံထားရသော အရာများကလည်း ချက်ချင်းဆိုသလို ရှင်းလင်းစွာ ပေါ်လွင်လာမည် ဖြစ်သည်။

တုပိုင်၏ ဝိညာဉ်တွင် နောက်ဆုံးကျန်ရစ်နေသော အလင်းစက်လေးသည်ကား သူ လုံးဝ မေ့ပျောက်နေခဲ့ပြီဖြစ်သော မှတ်ဉာဏ်တစ်ခုပင် ဖြစ်လေ၏။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က သူသည် ကလေးပေါက်စအရွယ်သာ ရှိသေးသဖြင့် မှတ်မိရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

ပြိုင်ဘက်ကင်းလောက်အောင် လှပသော အမျိုးသမီးတစ်ဦးသည် သူ့အား ရင်ခွင်ထဲ၌ ပွေ့ချီထားလျက် ဟင်းလင်းပြင်ထဲတွင် လျှောက်လှမ်းနေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး သူမ၏ အနောက်ဘက်ရှိ ကောင်းကင်ယံတစ်ခုလုံး၌ မရေမတွက်နိုင်သော အလင်းစက်များက ရုတ်တရက် တောက်ပလာကာ သူမအား ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေကြ၏။

နောက်ထပ် မြင်ကွင်းတစ်ခု၌... ကလေးငယ်လေးတုပိုင်ကို ပွေ့ချီထားသော ထိုအမျိုးသမီးက သူ့အား မိဘမဲ့ဂေဟာတစ်ခု၏ အရှေ့တွင် ချထားလိုက်လေသည်။

သူမ၏ မျက်နှာပေါ်၌ အဆုံးအစမဲ့သော ခံစားချက်များ ပြည့်နှက်နေပြီး တုပိုင်အား နမ်းရှိုက်ကာ မှာကြားလိုက်သည်။ "သားလေး... သားရဲ့ လုံခြုံရေးအတွက် မေမေက သားနဲ့ ခွဲရတော့မယ်။ သားကြီးလာတဲ့အခါ မေမေ့ဆီကို လာဖို့ မှတ်ထားပါနော်... မေမေ့ဆီကို လာခဲ့ဖို့ သေချာပေါက် မှတ်ထားပါ..."

ထို့နောက် သူမက ကလေးတုပိုင်၏ လည်ပင်းတွင် လည်ဆွဲလေးတစ်ခုကို ဆွဲပေးလိုက်သည်။

ထိုသို့ဆွဲပေးပြီးနောက် သွေးများလူးနေသော ထိုအမျိုးသမီးမှာ ပျောက်ကွယ်သွားလေရာ ကလေးငယ်လေးတုပိုင်လေးမှာ အသံကုန်ဟစ်၍ ငိုကြွေးလေတော့၏။

**--**--**--**--**--**--**--**

သူ့၌ မိခင်တစ်ယောက် ရှိနေသည်လော။ ထို့ပြင် သူမက သူ့အား တမင်တကာ စွန့်ပစ်ခဲ့ခြင်း မဟုတ်ပေ...။

ဤသည်ကား လုံးဝ မေ့ပျောက်ခံထားရသော မှတ်ဉာဏ်တစ်ခု ဖြစ်ပြီး တုပိုင်၏ ဦးနှောက်ထဲမှ အချောင်အကျဆုံး ထောင့်တစ်နေရာ၌ ကိန်းအောင်းနေခဲ့ခြင်းပင်။

ယနေ့သာ တုပိုင်၏ ဝိညာဉ်သည် အမှောင်ထုနှင့် နာကျင်မှုတို့၏ လွှမ်းမိုးခြင်းကို မခံခဲ့ရပါက ဤမှတ်ဉာဏ်ကို သူ ဘယ်သောအခါမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

သို့သော် ဤအလင်းရောင်စက်လေးနှင့် မှတ်ဉာဏ်လေးကပင် တုပိုင်အား အပြည့်အဝ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာစေခဲ့လေသည်။

မီးပွားလေး တစ်ပွင့်က လွင်ပြင်တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်စွမ်း ရှိ၏။ တုပိုင်၏ ငြိမ်းသက်သွားသော ဝိညာဉ်အလင်းစက်လေးများက တစ်ခုပြီးတစ်ခု ပြန်လည် လင်းလက်လာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံး၌ သူ၏ ဝိညာဉ်တစ်ခုလုံးမှာ အပြည့်အဝ ပြန်လည် နိုးထလာတော့၏။ မြေပြင်ပေါ်ရှိ သူ၏ ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ယင်နေခြင်းမှ ရပ်တန့်သွားကာ ပုံမှန် အသက်ရှူနှုန်းသို့ ပြန်လည်ရောက်ရှိလာသည်။

အိပ်မက်ဆိုးဧကရာဇ်၏ စိတ်မိစ္ဆာက တုပိုင်အား မယုံကြည်နိုင်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်လေ၏။

ငရဲမျှော်စင်ကြီး ဤကမ္ဘာလောကသို့ ရောက်ရှိလာပြီးနောက်ပိုင်း မည်သူမျှ သူတို့၏ ကိုယ်ပိုင် စိတ်မိစ္ဆာများကို အနိုင်မယူနိုင်ခဲ့ကြချေ။

တုပိုင် မည်သို့ စွမ်းဆောင်နိုင်ခဲ့သနည်း။ ဧကရာဇ်ထိုက်ခန်သည် ကျရှုံးခဲ့သည်။ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိသည်လည်း ကျရှုံးခဲ့သလို လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ်သည်လည်း ကျရှုံးခဲ့ရ၏။

ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လှသော အိပ်မက်ဆိုးဧကရာဇ်ပင်လျှင် သူ၏ ကိုယ်ပိုင် စိတ်မိစ္ဆာများကို ခွာ၍ ဤပဉ္စမအထပ် ငရဲမျှော်စင်အတွင်း၌သာ ချန်ထားခဲ့နိုင်ရုံ ရှိခဲ့သည်။

**--**--**--**--**--**--**--**

တုပိုင် မျက်လုံးများကို ဖွင့်လိုက်ကာ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာလေးထဲမှ ထွက်ခွာလာလိုက်၏။

မျက်နှာချင်းဆိုင်ရှိ အိပ်မက်ဆိုးဧကရာဇ်၏ စိတ်မိစ္ဆာက တုပိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရေရွတ်လိုက်သည်။ "မင်းရဲ့ စိတ်ကမ္ဘာထဲမှာ ဘာတွေရှာတွေ့ခဲ့လို့ မင်းရဲ့ စိတ်မိစ္ဆာကို အနိုင်ယူနိုင်ခဲ့တာလဲဆိုတာကိုတော့ ငါမသိဘူး..."

ကလေးငယ်တိုင်းအတွက် မိဘများဆိုသည်မှာ အလွန်တရာ ခွန်အားကြီးမားသည့် ကျောထောက်နောက်ခံများပင် ဖြစ်ကြသည်။

အထူးသဖြင့် အလွန်ငယ်ရွယ်သော ကလေးများအတွက်မူ သူတို့၏ မိဘများသည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး လူသားများဖြစ်ကြပြီး အရာအားလုံးကို စွမ်းဆောင်နိုင်သည်ဟုပင် ခံစားရလေ့ရှိကြ၏။

တုပိုင် သူ၏ မိဘများကို တစ်ခါမျှ မမြင်ဖူးခဲ့သလို မိဘများ၏ သတင်းအစအနကိုပင် မသိရှိခဲ့ချေ။ သို့သော် ယခုအခါတွင်မူ သူ၏ မိခင်ကို အမှန်တကယ် သိရှိသွားခဲ့ပြီ ဖြစ်သလို သူမက သူ့ကို အတင်းအဓမ္မ စွန့်ပစ်ခဲ့ရခြင်း ဖြစ်ကြောင်းကိုပါ သိလိုက်ရလေ၏။

ဤသည်က တုပိုင်အား ချက်ချင်းဆိုသလို အလွန် အစွမ်းထက်သော ခွန်အားနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တို့ကို အပြည့်အဝ ရရှိသွားစေခဲ့ခြင်းပင်။

ထို့ပြင် သူ၏ မှတ်ဉာဏ်များက ဝေဝါးနေသော်ငြား ၊ သူ၏မိခင်သည် ဤကမ္ဘာလောကမှ မဟုတ်လောက်ချေ။

အဘယ်ကြောင့်ဆိုသော် တုပိုင်၏ မှတ်ဉာဏ်ထဲရှိ ပထမဆုံး မြင်ကွင်း၌ သူမ၏ ကျောဘက်တွင် အဆုံးအစမဲ့ ကောင်းကင်ယံကြီး ရှိနေခဲ့ပြီး မရေမတွက်နိုင်သော အလင်းစက်များက သူတို့အား လိုက်လံဖမ်းဆီးနေခဲ့သောကြောင့်ပင်။

သူ၏ မိခင်က မည်သည့်နေရာတွင် ရှိနေမည်နည်း။ သူမ၏ မူလဇာစ်မြစ်က မည်သည့်အရာ ဖြစ်မည်နည်း။

မိဘများကို ရှာဖွေချင်ပါက ၊ မိမိ၏ ကိုယ်ပိုင် ဇာစ်မြစ်ကို သိရှိချင်ပါက မိခင်ဖြစ်သူ ပေးခဲ့သော လည်ဆွဲလေးထံမှ သဲလွန်စတစ်ခု ရှာဖွေရမည် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

ထိုအဆင်တန်ဆာလေးမှာ သာမန်မျှသာဖြစ်သော်လည်း အနည်းငယ် လျှို့ဝှက်ဆန်းကြယ်မှု ရှိနေသည့် ကျောက်စိမ်းနက် အတုံးလေးတစ်ခု ဖြစ်ကာ ထိုအရာပေါ်တွင် ရှုပ်ထွေးသော ပန်းပုလက်ရာများကို ထွင်းထုထားလေ၏။ ထိုစဉ်က တုပိုင် လုံးဝ နားမလည်ခဲ့သော်လည်း ယခု ပြန်စဉ်းစားကြည့်ချိန်တွင် ထိုအရာသည် စာသားတစ်ခု ဖြစ်သင့်ပေသည်။ သို့သော် ထိုစာသားမှာ တုပိုင် တစ်ခါမျှ မမြင်ဖူးခဲ့သော စာသားမျိုး ဖြစ်နေ၏။

သူ ကလေးဘဝတွင် မကြာခဏ အိပ်မက်ဆိုးများ မက်လေ့ရှိခဲ့သော်လည်း ထိုလည်ဆွဲလေးကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို စိတ်တည်ငြိမ်သွားလေ့ ရှိခဲ့သည်။

သို့သော် ရန်ယဲ့ရှောင်နှင့် ချစ်ကျွမ်းဝင်ပြီးနောက်ပိုင်းတွင် ထိုကျောက်စိမ်းနက်လည်ဆွဲလေးမှာ သူ အမြတ်နိုးဆုံးအရာ ဖြစ်နေသောကြောင့်ပင် သူမအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ထို့ကြောင့် ထိုအဆင်တန်ဆာလေးက ယခု တုပိုင်၏ အနီးတွင် မရှိတော့ချေ။

**--**--**--**--**--**--**--**

အိပ်မက်ဆိုးဧကရာဇ်၏ စိတ်မိစ္ဆာက ချီးကျူးစကားဆိုလိုက်သည်။ "အဆွေတော် တုပိုင်... ဒီကမ္ဘာမှာ ပဉ္စမအထပ် ငရဲမျှော်စင် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်..."

ထို့နောက် သူ၏ ခန္ဓာကိုယ်က ပို၍ ပါးလွှာလာပြီး နောက်ဆုံးတွင် ဝေဝါးနေသော အလင်းရောင်နှင့် အရိပ်အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

အိပ်မက်ဆိုးဧကရာဇ် ချန်ရစ်ခဲ့သော စိတ်မိစ္ဆာသည် သန့်စင်သော စွမ်းအင်ဝိညာဉ်ခန္ဓာ ဖြစ်သည်မှာ အသေအချာပင်။ ထို့ကြောင့် ယခုအချိန်တွင် ထိုအရာသည် စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ်သို့ စုစည်းသွားလေတော့သည်။

အိပ်မက်ဆိုးဧကရာဇ် စိတ်မိစ္ဆာ၏ အလင်းရောင်နှင့် အရိပ်က ဆက်ပြောလိုက်သည်။ "ငါက အိပ်မက်ဆိုးဧကရာဇ်ရဲ့ စိတ်မိစ္ဆာ ဖြစ်ပေမယ့် ကိုယ်ပွားငယ်တစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ ဒီကျောက်သလင်းထဲမှာ အစွမ်းထက်တဲ့ စွမ်းအင်တွေ ပါဝင်တယ်။ ဒါက မင်းအတွက် ဆုလာဘ်ပဲ... သူက ကိုယ့်စိတ်မိစ္ဆာကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ ပြောခဲ့တဲ့အတွက် ငါက ခွာထုတ်ခံရပြီး ဒီမှာ အကျဉ်းချခံထားရတာ။ ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ရဲ့ စိတ်မိစ္ဆာကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အဲဒါက သူမှားနေတယ်ဆိုတာကို သက်သေပြလိုက်တာပဲလေ...။ ဒါကြောင့် ငါ လွတ်မြောက်သွားပြီ ဖြစ်လို့... ငါ ပြန်တော့မယ်..."

တုပိုင် မှင်သက်သွား၏။ "ပြန်မယ် ဟုတ်လား..."

အိပ်မက်ဆိုးဧကရာဇ်၏ စိတ်မိစ္ဆာက ခေါင်းညိတ်သည်။ "ဟုတ်တယ်...။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်သွားတော့မှာ..."

ထို့နောက် အိပ်မက်ဆိုးဧကရာဇ် စိတ်မိစ္ဆာ၏ အလင်းရောင်နှင့် အရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ငရဲမျှော်စင်ထဲမှ တိုက်ရိုက် ပျံသန်းထွက်ခွာသွားပြီး အိပ်မက်ဆိုးအင်ပါယာရှိရာဘက်သို့ ဦးတည်သွားလေတော့၏။

တုပိုင် ထိုင်ချလိုက်ကာ စွမ်းအင်ကျောက်သလင်းကို လက်ထဲတွင် ဆုပ်ကိုင်လျက် ကြယ်တာရာစွမ်းအင်များကို စတင်ဝါးမျိုလိုက်လေတော့သည်။

ရုတ်ခြည်းဆိုသလိုပင် အလွန်တရာ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်လာလေ၏။

ယခုတစ်ကြိမ် စီးဝင်လာမှုမှာ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များသာမက ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လှသည့် စိတ်စွမ်းအင်များလည်း ပါဝင်နေသည်။

သူ၏ ဒန်တျန် ၊ ကြွက်သားများနှင့် ဦးနှောက်အားလုံးမှာ ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်သွား၏။ တုပိုင်၏ စိတ်စွမ်းအင်များသည်လည်း အရှိန်အဟုန်ဖြင့် စတင် တက်လာတော့သည်။

အဆင့် ၄၅ ၊ အဆင့် ၄၇ ၊ အဆင့် ၅၃ ၊ အဆင့် ၅၉...။

တစ်ချိန်တည်းမှာပင် တုပိုင်၏ အတွင်းအား ရွှမ်းချီစွမ်းအင်ကလည်း ရူးသွပ်မတတ် တဟုန်ထိုး မြင့်တက်လာပြီး သူ၏ သိုင်းပညာအခြေခံကလည်း ထပ်မံ၍ အကြီးအကျယ် တိုးတက်လာပြန်၏။

ဒုတိယအဆင့် သိုင်းသူတော်စင် ၊ တတိယအဆင့် သိုင်းသူတော်စင် ၊ စတုတ္ထအဆင့် သိုင်းသူတော်စင် ၊ ပဉ္စမအဆင့် သိုင်းသူတော်စင် ၊ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်...။

**--**--**--**--**--**--**--**

အချိန်မည်မျှ ကြာမြင့်သွားခဲ့သည်ကို မသိလိုက်ပေ။ တုပိုင် ထပ်မံ နိုးထလာလေ၏။

စနစ်က အသိပေးလိုက်သည်။ "သခင်... သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဆဋ္ဌမအဆင့် သိုင်းသူတော်စင်ကို ဖြတ်ကျော်သွားခဲ့ပါပြီ... သခင့်ရဲ့ စိတ်စွမ်းအင်ကလည်း အဆင့် ၅၉ ကို ရောက်ရှိသွားပါပြီ..."

တုပိုင် မေးလိုက်သည်။ "ဝူရှန်းပြီးရင် ဘာအဆင့်လဲ..."

စနစ်က ပြန်ဖြေသည်။ "နဂါးသွေးတိုက်ကြီးရဲ့ အဆင့်သတ်မှတ်ချက်အရဆိုရင် ဝူရှန်းပြီးနောက်လာမယ့် အဆင့်က ငရဲနယ်ပယ်အဆင့် ဖြစ်ပါတယ်..."

တုပိုင် ဆက်ပြောလိုက်သည်။ "ပြီးတော့ ဒီလျှို့ဝှက်နယ်မြေကိုလည်း ငရဲမျှော်စင်လို့ ခေါ်တာပဲနော်..."

စနစ်က ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ်...။ ငရဲမျှော်စင် ပဉ္စမအထပ် စမ်းသပ်မှုမှာ သခင် အကြီးမားဆုံး ရရှိလိုက်တာက စိတ်စွမ်းအင်နဲ့ အတွင်းအား ရွှမ်းချီစွမ်းအင်တွေတင် မဟုတ်ပါဘူး...။ လုံးဝ အသစ်စက်စက် တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်တဲ့ စိတ်မိစ္ဆာ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်..."

တုပိုင် ကြားလိုက်ရချိန်တွင် အလွန်တရာ အံ့အားသင့်သွားရသည်။

စိတ်မိစ္ဆာ တိုက်ခိုက်မှုလော။ ကြောက်မက်ဖွယ် ကောင်းလှသည်။

ယခင်က ဆွဲငင်အား အဆတစ်ထောင် တိုက်ခိုက်မှုနည်းစနစ်မှာ လူအများအပြား၏ တွေးတောမှန်းဆနိုင်စွမ်းကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်၏။ ယခုတစ်ကြိမ် စိတ်မိစ္ဆာ၏ တိုက်ခိုက်မှုကမူ ကာကွယ်ရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။

မည်မျှပင် အစွမ်းထက်သော ဆရာသခင်တစ်ဦး ဖြစ်စေကာမူ ကိုယ်ပိုင် စိတ်မိစ္ဆာများ ရှိနေနိုင်သည် မဟုတ်ပါလော။

**--**--**--**--**--**--**--**

ယခုအခါ ငရဲမျှော်စင်၏ ပဉ္စမအထပ် စမ်းသပ်မှုလည်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ထွက်ခွာသင့်နေပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အထက်သို့တက်ရန် လှေကားထစ်များ ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် တုပိုင် အံ့အားသင့်သွားရလေ၏။

ပဉ္စမအထပ်က ငရဲမျှော်စင်၏ အမြင့်ဆုံးအထပ် မဟုတ်ပေဘူးလော။ အပေါ်တွင် ဆဋ္ဌမအထပ် ရှိနေသေးသည်လော။

သို့သော် တုပိုင် ကြားဖူးထားသည်မှာ အိပ်မက်ဆိုးဧကရာဇ်သည် အိပ်မက်ဆိုးမျှော်စင်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ငရဲမျှော်စင်ကြီး တစ်ခုလုံးကို အမည်ပေးကာ စမ်းသပ်မှု စည်းမျဉ်းများကို ရေးဆွဲခဲ့သည် ဟူ၍ပင် ဖြစ်သည်။

သို့သော် အိပ်မက်ဆိုးဧကရာဇ်ကဲ့သို့ အစွမ်းထက်လွန်းသော ပုဂ္ဂိုလ်ကြီးပင်လျှင် ပဉ္စမအထပ်အထိသာ ရောက်ရှိခဲ့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၅ + ၈၉၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters