လူတွေက နောက်ဆုံးတော့ သူတို့အမုန်းဆုံးဆိုတဲ့အရာတွေအတိုင်း ဖြစ်လာတတ်ကြတာပဲလေ
Vol. 10 Ch. 947
ဆန်းလျန်၏တန်ခိုးစွမ်းအားထုတ်ဖော်လိုက်သည်နှင့် ဓားဝိညာဉ် (၁၄)ခုလုံး တစ်ပြိုင်နက်တည်း ပျက်စီးသွားလေသည်။
တစ်ချိန်တည်းပင် ဆန်းလျန်၏ လက်ချောင်းများဆီမှ အသွေးနှင့်အသားများ အရည်ပျော်ကျသွားပြီး အထဲမှ အဖြူရောင်အရိုးများကိုပင် မြင်တွေ့လိုက်ရသည်။
သူ၏အရိုးများသည် ကျောက်စိမ်းများအလား အရောင်တောက်ပလျှက် ရှိ၏။
ဆန်းလျန် လက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။
တာအိုဆရာယွိတင်သည် မြင်ကွင်းကို အံ့သြမှင်တက်စွာဖြင့် ကြည့်နေလေသည်။
ဆန်းလျန်က တာအိုဆရာယွိတင်ကို အရေးမစိုက်ဘဲ ဖရိုဖရဲဖြစ်နေသည့် လေထုထဲတွင် လွင့်မျောနေသည့် ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်ကို လှမ်းယူလိုက်ပြီး မီးအိမ်ကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။
မီးအိမ်အလင်ေးရာင်မှာ နွားစိမ်းကြီးကို စီးနှင်လာသည့် ထိုက်စန့်လောင်ကျွင်းအလား ထင်မှတ်ရပြီး ကျက်သရေနှင့် ပြည့်စုံကာ စွဲဆောင်မှု ရှိလွန်းလှသည်။
ထို့နောက် ဖန်ကူအလံကို ကိုင်ဆောင်ထားသည့် တာအိုဆရာယွိတင်ကို ဆန်းလျန် တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆန်းလျန်၏ မျက်ဝန်းများက တာအိုဆရာယွိတင်၏ လက်ထဲတွင်ကိုင်ထားသည့် မီးအိမ်ဆီသို့ ရောက်ရှိသွားသည်။
ထိုမီးအိမ်က ကျောက်စိမ်းဝိညာဉ်နန်းတော်မှ မီးအိမ်ဖြစ်လေ၏။
တာအိုဆရာယွိတင် တိုက်ခိုက်နိုင်စွမ်း ရှိသေးသော်လည်း စိတ်ဓာတ်အကြီးအကျယ်ကျနေပြီ ဖြစ်သည်။ သူ ရုန်းကန်လှုပ်ရှားရသည့် မည်သည့်အလုပ်ကိုမဆို ပြုလုပ်ရန် စိတ်မပါတော့ပေ။
သူ… ကျောက်စိမ်းဝိညာဉ်နန်းတော်မှ မီးအိမ်ကိုကာကွယ်ရန် လက်လျှော့လိုက်ပြီ ဖြစ်သည်။
ထိုအချိန်မှာပင်… တာအိုဆရာယွိတင်၏ လက်ထဲမှ မီးအိမ်သည် လေထဲတွင် လွင့်မျောသွားပြီး ဆန်းလျန် ရှိရာသို့ ရောက်ရှိသွားလေသည်။
ဆန်းလျန် မီးအိမ် (၂)လုံးကို ခါးတွင် ချိတ်ဆွဲလိုက်ပြီး အနောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ချင်းဆွေထျန်း ကောင်းကင်ဘုံသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ ထွက်ခွာသွားလေတော့သည်။
တာအိုဆရာလီချင်းဆွေက ဆန်းလျန်ကို စူးစိုက်ပြီးကြည့်နေလေ၏။
ဆန်းလျန်ကတော့ ယူဆောင်လာသည့် မီးအိမ် (၂)ခုကို လီချင်းဆွေထံသို့ ကမ်းပေးလိုက်သည်။
ပြီးမှ သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ယွမ်တုဓား ပျက်စီးသွားတာတော့ နှမျောစရာပဲ…"
ဖန်ကူအလံက အလွန်ပင် စွမ်းအား ကြီးမားလေသည်။
ဖန်ကူအလံမှ အသွင်ပြောင်း ထုတ်လွှတ်လိုက်သည့် ဓားဝိညာဉ် (၃၆)ခုလုံးကို ဆန်းလျန် ရင်ဆိုင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် မြင့်မြတ်သည့် ယွမ်တုဓား၏အကူအညီကို ယူလိုက်ရခြင်း ဖြစ်သည်။
တာအိုဆရာယွိတင်ကတော့ အကြီးအကျယ် စိတ်ဓာတ်ကျသွားဟန် ရှိလေသည်။
သို့သော်… ယွမ်တုဓားကတော့ လုံး၀ ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန်ပင် အတော်လေး ခက်ခဲသွားပြီ ဖြစ်သည်။
ချင်းဆွေက…
"ထာဝရဓား ဘယ်မှာရှိလဲဆိုတာ ငါသိတယ် ၊ ယွမ်တုဓားအတွက် လျော်ကြေးအနေနဲ့ ထာဝရဓားကို မင်းကိုပေးပါ့မယ်…"
ဆန်းလျန်က…
"မလိုပါဘူးဗျာ ၊ ကျုပ်သာ ထာဝရဓားကိုလိုချင်ရင် အစကတည်းက ယူလို့ရပါတယ်…"
လီချင်းဆွေက ခေါင်းညိတ်လိုက်သည်။
ထို့နောက်… ရှားပါးလှစွာပင် သူမက နူးညံ့သိမ်မွေ့လွန်းသည့်လေသံဖြင့် ဆန်းလျန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
လီချင်းဆွေ ကျေးဇူးတင်စကားဆိုသည့်အတွက် ဆန်းလျန်က အံ့အားသင့်သွားခြင်းမရှိပေ။ သို့သော်… ဆန်းလျန်၏မျက်နှာထက်တွင် ဝမ်းနည်းရိပ်အနည်းငယ် ယှက်သန်းသွားသည်။
"ဒီနေ့ ပြီးဆုံးသွားပေမယ့် ကျုပ်တို့က မိတ်ဆွေတွေပဲ မဟုတ်ဘူးလား…"
ဆန်းလျန်၏စကားကြောင့် လီချင်းဆွေ ခဏတာမျှ တိတ်ဆိတ်နေပြီးမှ…
"မင်း တာ့ယိတို့ ဇနီးမောင်နှံကိုကယ်တင်ပြီးရင် ငါ့ကို ငါးကင်ပြီးကျွေးဦးလေ…"
ဆန်းလျန် သက်ပြင်းတစ်ချက် တိုးတိတ်စွာ ချလိုက်သည်။ သူက စကားမပြောတော့ဘဲ ခေါင်းကို ဖြေးညင်းစွာ ညိတ်ပြလိုက်သည်။
ထို့နောက် ဆန်းလျန် ကွေလိဘက်သို့ လှည့်ကြည့်လိုက်ပြီး…
"ခုံရွှမ်းကိုပြောလိုက်ပါ ၊ ကျုပ်မကြာခင် သူ့ကိုလာတွေ့မယ်လို့…"
ကွေလိက…
"ငါ သူ့ကိုပြောလိုက်ပါ့မယ်…"
သူမတွင် ဆန်းလျန်ကို ပြောစရာ စကားများစွာ ရှိလေသည်။
သို့သော်… သူမ မပြောဖြစ်တော့ပေ။
အရင်တစ်ချိန်က ချင်းရွှမ်နတ်တံခါးတွင်နေခဲ့ရသည့် အခြေအနေမျိုး ၊ ဘဝမျိုး နောက်ထပ်မရနိုင်တော့သည်ကို သူမသိရှိထားသည်။
ဆန်းလျန်ကတော့ ဆန်းလျန်သာဖြစ်ပြီး ပြောင်းလဲမသွားသည့်တိုင် သူမကတော့ ဆန်းလျန်နှင့် လမ်းမတူတော့ပေ။
သို့သော် ဆန်းလျန်ကတော့ ထိုသို့ တွေးဟန် မရှိပေ။
ဆန်းလျန်က…
"လွန်ခဲ့တဲ့နှစ်တွေတုန်းက ဇာမဏီမီးတောင်အောက်မှာ စန်းနုန်နတ်ဘုရားက စကြာဝဠာအစဦးပိုင်းကတည်းက ပေါက်နေတဲ့ လက်ဖက်ပင်ကို တွေ့ရှိခဲ့တယ်တဲ့ ၊ စန်းနုန်က အဲဒီလက်ဖက်ပင်ကို ယူသွားခဲ့တဲ့အတွက် ဇာမဏီနတ်ဘုရား နန်းတော်မှာ အဲဒီလက်ဖက်ပင် မရှိနိုင်တော့ဘူး ၊ ဒါပေမဲ့ လက်ဖက်ခြောက်မျိုးကောင်းတွေတော့ ရှိသေးတယ်ဆိုတာ ကျုပ်သိတယ် ၊ အဲဒီတော့ ကျုပ်လာရင် မင်း လက်ဖက်ရည်ကြမ်း မတိုက်ချင်ဘူးလား…"
ဆန်းလျန်၏ စကားကြောင့် ကွေလိရယ်မောလိုက်မိလေသည်။
"ငါ ပြန်ရောက်တာနဲ့ လက်ဖက်ခြောက် ရှာထားလိုက်မယ် ၊ ပြီးရင် မင်းနဲ့ လက်ဖက်ရည်အတူတူသောက်ဖို့ စောင့်နေမယ်…"
ကျင့်စူးက မကျေမနပ်ဖြင့်…
"ညီမလေးကွေလိ… နင်က ငါ့ကိုကျတော့ အရင်တုန်းက ဒီလိုလက်ဖက်ရည်ကောင်းကောင်းနဲ့ ဧည့်မခံဖူးပါလား…"
ထို့နောက် ကျင့်စူးနှင့် ကွေလိတို့၏ ဆံနွယ်များကို လေပြင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး ဆန်းလျန် ထွက်ခွာသွားလေတော့၏။
ဆန်းလျန် ထွက်ခွာသွားသည့်အတွက် ကွေလိကလည်း အံ့သြခြင်း မဖြစ်မိပေ။ ဆန်းလျန်သည် ထိုသို့ပင် ဖြစ်ကြောင်း သူမသိထားပြီးသား ဖြစ်သည်။
ကွေလိက ကျင့်စူး၏လက်များကို ကိုင်လိုက်ပြီး…
"နင်လည်း ငါနဲ့အတူ ဇာမဏီနတ်ဘုရားနန်းတော်ကို လိုက်ခဲ့လေ…"
ကျင့်စူးက တစ်ချက်မျှ တုံ့ဆိုင်းနေပြီး…
"ဆရာဘိုးဘိုးနဲ့ ချင်တိဧကရာဇ်တို့ အခုထိ တိုက်ခိုက်နေကြတုန်းပဲ…"
ကွေလိက…
"အေးလေ… အဲဒါကြောင့် ငါတို့ သွားကြရအောင်လို့ ပြောတာပေါ့ ၊ ငါတို့ရှိနေလဲ ဘာလုပ်လို့ရမှာလဲ…"
ကျင့်စူးက သူမလက်ထဲမှ ကျွယ်ရှန်းနတ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး…
"ဒီဓားသာရှိရင် ငါ ဘာမဆိုလုပ်နိုင်တယ်…"
ကျင့်စူး၏ ဓားကိုကြည့်ပြီး ကွေလိ တုန်လှုပ်ခြောက်ခြားသွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ကျင့်စူးသည် အရင်ကနှင့်မတူတော့ဘဲ လောကတွင် အတော်ဆုံးဓားသမားတစ်ယောက် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ သို့သော်… သူမကိုကြည့်ရသည်မှာ ထိုဓားဖြင့် အသားကျဟန် မရှိသေးပေ။
ကွေလိ၏ မျက်နှာကိုကြည့်ပြီး ကွေလိ၏အတွေးများကို ကျင့်စူး ချက်ချင်းရိပ်မိလိုက်သည်။
ထို့ကြောင့် ကျင့်စူးက ချက်ချင်း ပြုံးလိုက်ရင်း…
"ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ နင်နဲ့အတူ ဇာမဏီနတ်ဘုရားနန်းတော်ကို လိုက်ခဲ့ပါ့မယ်…"
ကွေလိက ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး တာအိုဆရာလီချင်းဆွေဘက်သို့ လှည့်ကြည့်လိုက်သည်။
"တာအိုဆရာချင်းဆွေ ၊ ကျွန်မတို့သွားတော့မယ်…"
လီချင်းဆွေက…
"အင်း…"
ဟု တစ်ခွန်းသာ ပြောလိုက်သည်။
တာအိုဆရာလီချင်းဆွေက အမြဲတမ်း ထိုသို့ အေးတိအေးစက်ဖြစ်ပြီး အခြားသူများကို အရေးစိုက်တတ်သူ မဟုတ်ပေ။
ထို့ကြောင့် "အင်း" ဟု တစ်ခွန်းပြောလိုက်သည်ကိုကြားသည်နှင့် ကွေလိနှင့် ကျင့်စူးလည်း လီချင်းဆွေကို ဂါရဝပြုပြီး ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာလာခဲ့ကြတော့သည်။
သူတို့ အဝေးသို့ ကြည့်လိုက်သည့်အခါ ချင်တိဧကရာဇ် ၊ နတ်မိစ္ဆာအဓိပတိကြီးနှင့် တုန်းဟွာတောက်ကျွင်းတို့မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြဆဲ ဖြစ်လေသည်။ တိုက်ပွဲ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများက နဂါးငွေ့တန်းသို့ပင် ရိုက်ခတ်လျှက် ရှိသည်။
(၁၀)ရက်နှင့် (၁၀)ည တိတိ တိုက်ခိုက်လျှင်ပင် ထိုတိုက်ပွဲက ပြီးဆုံးပါမည်လား မသေချာပေ။
မိုးကောင်းကင်တံခါးသည်လည်း မည်သည့်နေရာသို့ ရောက်ရှိသွားသည် မသိတော့ပေ။ သို့သော်… သူတို့ကလည်း မိုးကောင်းကင်တံခါးကို အရေးမစိုက်ကြတော့ပေ။
ကျင့်စူးနှင့် ကွေလိ ထွက်ခွာသွားသည်နှင့် လီချင်းဆွေက သူမနေထိုင်ရာ ဂေဟာသို့ ပြန်လာခဲ့သည်။
ထို့နောက်… ရေကန်နံဘေးတွင်ထိုင်ရင်း ကျောက်စိမ်းရတနာပမာ ဖြူစင်လှသည့် သူမ၏ ခြေထောက်များကို ရေကန်ထဲသို့ချပြီး ရေစိမ်လိုက်သည်။
ရေကန်ထဲမှ အေးစက်သည့်အခိုးအငွေ့များထွက်ပေါ်လာပြီး ရေများက ရေခဲပမာ အေးခဲသွားသည်။ ရေခဲများက သူမ၏ ခြေထောက် အရိုးနှင့်အသားများကို ဖုံးကွယ်သွားလေသည်။ သို့သော်… သူမကတော့ အေးစက်ခြင်းကို မခံစားရသည့်အလား ဆက်လက် ထိုင်နေဆဲ ဖြစ်သေည်။
ခဏအကြာတွင်တော့ မီးအိမ် (၃)ခုက လင်းလက်လာလေသည်။ မီးအိမ် (၃)ခု လင်းလက်လာသည်မှာ ထူးခြားဆန်းကျယ်စွာပင် လှပလွန်းလှသည်။
လီချင်းဆွေက မီးအိမ် (၃)ခုမှ အလင်းရောင်များကို ငေးစိုက်ကြည့်နေလေသည်။ ထို့နောက်… သူမ၏ အကြည့်များသည် မီးအိမ်များထဲတွင် တိတ်ဆိတ်စွာ ပျောက်ဆုံးစီးမျောသွားတော့သည်။
နောက်ဆုံးတော့ သူမလိုချင်သည့် မီးအိမ် (၃)ခုလုံးကို ရရှိခဲ့ပြီး လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။ သို့သော်… သူမ ထင်ထားသလောက်လည်း မပျော်ရွှင်ခဲ့ပေ။
သူမသည် ကန်ရေပြင်ထက်တွင် ဝိုးတဝါး ရောင်ပြန်ဟပ်နေသည့် သူမ၏ပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"သူ စကားတစ်ခွန်းလောက်တော့ ပြောခဲ့ရမှာ ၊ လူတွေက နောက်ဆုံးတော့ သူတို့အမုန်းဆုံးဆိုတဲ့အရာတွေအတိုင်း ဖြစ်လာတတ်ကြတာပဲလေ…"
သူမ သက်ပြင်းတစ်ချက် တိုးတိတ်ချလိုက်သည်။
ရေကန်ထဲမှ အေးစက်သည့် မြူခိုးများက မီးအိမ် (၃)ခုမှ အလင်းရောင်များဖြင့် ပေါင်းစပ်သွားလေသည်။
***
ဆန်းလျန် ကြယ်စင်ကောင်းကင်လမ်းကြောင်းများအတွင်းသို့ ရောက်ရှိလာလေသည်။
ထိုအချိန်… သူ့မျက်ဝန်းထဲတွင် နွားစိမ်းကြီးတစ်ကောင်ကို စီးနှင်ထွက်ခွာသွားသည့် တာအိုဆရာ အဘိုးကြီးတစ်ယောက်ကို ရိပ်ခနဲ တွေ့မြင်လိုက်ရသည်။
သို့သော်… ထိုအဘိုးကြီးကို သူ လိုက်မမီနိုင်ခင်မှာပင် တာအိုဆရာအဘိုးကြီးက ပြန်လည်ပျောက်ကွယ်သွားလေသည်။ ထိုအဘိုးကြီးသည်ကား ထိုက်စန့်လောင်ကျွင်းပင် ဖြစ်၏။
ဆန်းလျန်ကလည်း အလျှင်လိုခြင်း မရှိပေ။
သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားလျှက် ရှိသည်။
လီချင်းဆွေ မီးအိမ် (၃)ခုကို အဘယ့်ကြောင့် လိုချင်ရသည်ကို ယခင်က ဆန်းလျန် နားလည်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်… ယခုတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။
ထိုက်စန့်လောင်ကျွင်းက ယိချီစန်းချင်တန်ခိုးစွမ်းအားကို တီထွင်ခဲ့လေသည်။
သို့သော်… တာအိုဝါဒတွင် ယိချီစန်းချင်တန်ခိုးစွမ်းအားနှင့် ဆင်တူသည့် အလားတူ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိနေသေးသည်။ ထိုကျင့်စဉ်က တာအိုတရား၏ အကြင်နာကင်းမဲ့မှုကို ဖော်ပြသည်။ ထိုကျင့်စဉ်မှာ "သုံးခန္ဓာဖြတ်တောက်" ကျင့်စဉ် ဖြစ်သည်။
သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်ကို သာမန်ဆိုလျှင် လေ့ကျင့်၍ မရပေ။
ထိုကျင့်စဉ်ကို ကျင့်ကြံရန်အတွက် သင့်တော်သည့် မှော်ဝင်ရတနာပစ္စည်းများလည်း ရှိရမည်ဖြစ်ပြီး ကျင့်ကြံသည့်ပုဂ္ဂိုလ်ကလည်း အံ့သြဖွယ်ရာ အရည်အချင်း ရှိရမည် ဖြစ်သည်။
ယခုတော့ လီချင်းဆွေတွင် (၂)ခုစလုံး ပြည့်စုံနေပြီ ဖြစ်သည်။ ထို့ကြောင့်… သူမ "သုံးခန္ဓာကျင့်စဉ်" ကို ကျင့်ကြံနိုင်ပြီ ဖြစ်၏။
ထိုကျင့်စဉ်ကို ကျင့်ကြံလိုက်ပြီဆိုသည်နှင့် လုံး၀ အကြင်နာတရား ကင်းမဲ့သွားမည် ဖြစ်သည်။ သို့သော်… မည်သည့် နတ်ဘုရားတန်ခိုးစွမ်းအား ၊ မည်သည့်နတ်ဘုရားကျင်စဉ်များကိုမဆို လက်ချေင်းလေးတစ်ချောင်း ဝှေ့ရန်းလိုက်ရုံဖြင့် ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။
ထိုကျင့်စဉ်ကို ကျင့်ကြံထားလျှင် မိုးနှင့်မြေတွင် ရန်သူတစ်ဦးတစ်ယောက်မှ ရှိနိုင်တော့မည် မဟုတ်ပေ။
ဆန်းလျန် ထိုကိစ္စကို သိရှိခဲ့သည့်တိုင် လီချင်းဆွေကို မီးအိမ် (၂)ခု ပေးအပ်ခဲ့လေသည်။
လီချင်းဆွေသာ သုံးခန္ဓာဖြတ်တောက် ကျင့်စဉ်ကိုကျင့်ကြံနိုင်ခဲ့လျှင် ဆန်းလျန်၏ ပြိုင်ဘက်ဖြစ်လာပေလိမ့်မည်။ လီချင်းဆွေသာ သူ၏ ပြိုင်ဘက်ဖြစ်လာလျှင် မည်သို့ဖြစ်လာမည်ကို သိချင်သည့်သဘောဖြင့် ဆန်းလျန်က လီချင်းဆွေကို မီးအိမ် (၂)ခု တမင်သက်သက် ပေးခဲ့ခြင်း မဟုတ်ပေ။
ဆန်းလျန်က သူ့စိတ်ထဲတွင် လုပ်ချင်သည့်ဆန္ဒအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူ၏ စိတ်နေစိတ်ထားကို အခြားသူများ သိရှိနိုင်မည် မဟုတ်ပေ။ သူတစ်ယောက်တည်းသာ သိနိုင်လေသည်။
ယခင်တစ်ချိန်က ဆရာဘွားဘွားတော်စပ်ခဲ့ဖူးလေသူ လီချင်းဆွေကို ဆန်းလျန်က ယခုအချိန်ထိ မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။
သို့သော်… တစ်ချိန်ချိန်တွင်သူသည်လည်း လီချင်းဆွေကို နာကျင်အောင် ပြုလုပ်သူတစ်ယောက် ဖြစ်လာမည်လားဆိုသည်ကတော့ မသေချာလှပေ။
လီချင်းဆွေကတော့ ထိုသို့ ဖြစ်စေချင်မည် မဟုတ်ပေ။ သူမ၏နှလုံးသားက အမြဲတမ်း ဝိရောဓိဖြစ်နေခဲ့သည်။
သူမက တာအိုဆရာသခင်ထိုက်ယီအပေါ် ရိုသေလေးမြတ်ကိုးကွယ်သလို တာအိုဆရာသခင်ထိုက်ယီ၏ အကြင်နာတရားကင်းမဲ့မှုကိုလည်း အလွန်မှ မုန်းတီးသူ ဖြစ်သည်။
ဆန်းလျန်က မီးအိမ် (၂)လုံးကို သူမကိုပေးလိုက်ပြီး သူမလျှောက်မည့်လမ်းကို သူမကိုယ်တိုင် ရွေးခြယ်မှု ပြုလုပ်စေခဲ့ခြင်းသာ ဖြစ်သည်။
ဤသည်မှာ ရှုတ်ထွေးသည့်လောကကြီး၏ အစိတ်အပိုင်းအဖြစ် ပါဝင်ရခြင်းပင်ဖြစ်ပြီး ထိုအစိတ်အပိုင်းကလည်း ရွေ့လျားပြောင်းလဲနေမည် ဖြစ်သည်။
လူအများ၏ စိတ်အားထက်သန်မှုက ပြည့်စုံသည်ဟူ၍ ဘယ်တော့မှ မရှိပေ။
ထိုအချက်က တောင်တက်ခြင်းနှင့် ဆင်တူ၏။
တောင်ထိပ်သို့ ရောက်သွားလျှင် အောင်မြင်မှုအတွက် ပျော်ရွှင်ဝမ်းမြောက်ကြသည့်တိုင် ပိုမိုမြင့်မားသည့် နောက်ထပ်တောင်တစ်တောင်ကို ထပ်မံတက်လှမ်းချင်စိတ် ဖြစ်လာစမြဲပင် ဖြစ်သည်။ နောက်ထပ်တောင်တစ်တောင်ထိပ်သို့ တက်ပြန်သည့်အခါ စောစောက ရရှိခဲ့သည့် အောင်မြင်မှုကို အချည်းနှီးဟု ခံစားကောင်း ခံစားကြမိဦးမည် ဖြစ်သည်။
တာအိုလမ်းစဉ်တွင် လျှောက်လှမ်းကြသူများသည် တောင်တစ်တောင်ကိုတက်သည့်အလား မည်သည့်အခါမှ အမြင့်ဆုံးသို့ မရောက်နိုင်ကြပေ။ တစ်တောင်ထက်မြင့်သည့် နောက်တစ်တောင်က အမြဲတမ်း ရှိနေဆဲဖြစ်ပြီး လူအများကလည်း တက်ကြွလုံ့လဖြင့် ကြိုးစားပြီး တစ်တောင်ပြီးတစ်တောင် တက်နေခဲ့ကြသည်။
ထို့ကြောင့် အမြင့်ဆုံးသို့ ရောက်ရှိသွားကြပြီဟု ဆိုကြသည့် တာအိုဆရာသခင်ကြီးများ၏ အခြေအနေ မည်သို့ရှိသည်ကို ဆန်းလျန်သိချင်မိသည်။
သူတို့သည် အမြင့်ဆုံးနေရာတွင် ရပ်တည်နေကြသူများဖြစ်လေရာ သူတို့၏ စိတ်နေစိတ်ထားက မည်သို့ ရှိပါမည်နည်း။
မကြာမီတွင် ထိုအဖြေကို ဆန်းလျန် သိရတော့မည်ဖြစ်သည်။ သို့သော်… သူ သိချင်စိတ်လည်း မဖြစ်မိပေ။
အဘယ်ကြောင့်ဆိုသော်… သူ သိရှိလိုက်ရသည့်အဖြေက သူ့အတွက်စိတ်ပျက်စရာအဖြေတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်၏။
ဆန်းလျန် အရှေ့ဆီသို့ မျှော်ကြည့်လိုက်သည့်အခါ… နွားစိမ်းကြီးကို စီးနှင်ထွက်ခွာသွားသည့် တာအိုဆရာအဘိုးကြီး၏ ပုံရိပ်ကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။
တာအိုဆရာအဘိုးကြီး၏ ပုံစံက သာမန်ပင် ဖြစ်သော်လည်း ထူးခြားဆန်းကျယ်မှုများဖြင့် ပြည့်နက်လျှက်ရှိသည်။
ငေးမောကြည့်ရလောက်အောင် အသရေနှင့်ပြည့်စုံသလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှလေ၏။
ဆန်းလျန်က သူ့ရင်ထဲမှ သံသယများကို တာအိုဆရာအဘိုးကြီးက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိသည့်အတွက် အဘိုးကြီးအား မေးခွန်းများ မေးမြန်းချင်မိသည်။
တာအိုဆရာအဘိုးကြီးသာ သူ၏သံသယများကို ဖြေရှင်းမမေပးနိုင်လျှင် လောကတွင် ဖြေရှင်းပေးနိုင်မည့်သူ တစ်ဦးတစ်လေပင် ရှိတော့မည် မဟုတ်ပေ။
***