အခန်း (၈၉၉-၉၀၀)
Vol. 90 Ch. 899-900
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၉ + ၉၀၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်က သေချာ ရှင်းပြလိုက်သည်။ “ရုပ်သေးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ငယ်နဲ့ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ရဲ့ သား… ဒီနှစ်ယောက်က ဒီနှစ်မှာ အသက် ၃၇ နှစ်နဲ့ ၃၉ နှစ် အသီးသီး ရှိနေကြပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သူတို့တွေ ငရဲမျှော်စင်ထဲကို ကိုယ်တိုင်ဝင်ပြီး ကျင့်ကြံခဲ့ကြတယ်။”
“ရုပ်သေးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ငယ် ဆိုမိုက စတုတ္ထအထပ် စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်။ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ရဲ့သား ယန်ကျူးကတော့ တတိယအထပ် စမ်းသပ်မှုကိုပဲ ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ သူက အဲဒီအတွက် ရှက်စိတ်ကြောင့် အိပ်မက်ဆိုး အက်ကွဲကြောင်းဆီ သွားပြီးတော့ သေမတတ် ကျင့်ကြံခဲ့တယ်။”
“ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်တွေက မင်းနဲ့ သိပ်ကွာမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့မှာ မင်းထက် သာလွန်နေတဲ့ အားသာချက်တစ်ခုတော့ ရှိတယ်။ အဲဒါက ဒီလူနှစ်ယောက်စလုံးက အိပ်မက်ဆိုးဧကရာဇ်ရဲ့ နောက်ကို နှစ်ပေါင်းများစွာ တစ်ကောက်ကောက် လိုက်ပါခဲ့ကြပြီး ဧကရာဇ်ကြီးရဲ့ မြေးအရင်းတွေလို သတ်မှတ်ခံထားရတာပဲ…”
တုပိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “အိပ်မက်ဆိုးဧကရာဇ်က မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ အစွမ်းကုန် ကြိုးစားနေတာလား…”
ဧကရာဇ်ထိုက်ခန်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။ “ဟုတ်တယ်… သူက မိစ္ဆာတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကမ္ဘာမြေကြီးရဲ့ အမြင့်ဆုံးခေါင်းဆောင်လေ။ ဒါကြောင့် မိစ္ဆာတွေကို ရင်ဆိုင်နိုင်ဖို့ သူ့ရဲ့အင်အားစုတွေ ပိုမိုအစွမ်းထက်လာဖို့ သေချာပေါက် မျှော်လင့်နေမှာပဲ…”
ထို့နောက် သူက ပြုံးကာ ဆက်ပြောလိုက်၏။ “ဒါပေါ့… မင်းမှာလည်း မင်းရဲ့ ကိုယ်ပိုင်အားသာချက် ရှိပါတယ်။ အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသမီးက မင်းနဲ့ စေ့စပ်ထားသူလေ…”
**--**--**--**--**--**--**--**
အချိန်အနည်းငယ်အကြာတွင် ကြီးမားလှသော တိုက်ခိုက်ရေးရဟတ်ယာဉ်ကြီးတစ်စင်းသည် ထိုက်ခန်အင်ပါယာ၏ ခမ်းနားလှသော နန်းတော်အတွင်းသို့ တဖြည်းဖြည်း ဆင်းသက်လာလေ၏။
နန်းတော်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားချိန်၌ ထိုနေရာ၏ ခမ်းနားထည်ဝါမှုနှင့် ဖိနှိပ်လွှမ်းမိုးထားနိုင်သော အငွေ့အသက်တို့ကို တုပိုင် ရုတ်တရက် ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ဧကရာဇ်ထိုက်ခန်၏ နန်းတော်နှင့် စုန်းဘုရင်၏ ရေခဲသရဖူခံတပ်တို့မှာ အလွန်တရာ ဆင်တူနေသည် မဟုတ်ပါလော။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဧကရာဇ်ထိုက်ခန်၏ စိတ်နှလုံးသည် အမှောင်ထုနှင့် အေးစက်စက်နိုင်သောစနစ်များဘက်သို့ တိမ်းညွှတ်နေဆဲဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
“ကျွီီးးး ဂျိန်းးး”
နန်းတော်ခန်းမဆောင်၏ ဧရာမတံခါးကြီးနှစ်ချပ်မှာ လေးလံစွာ ပွင့်ဟသွားလေ၏။ ဧကရာဇ်ထိုက်ခန်က တုပိုင်ကို ဦးဆောင်ကာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။
တုပိုင် ထင်မှတ်ထားသလောက် ဇိမ်ကျကျ ခမ်းနားနေခြင်းမျိုး မရှိဘဲ နန်းတော်ကြီးမှာ အနက်ရောင်အဆင်းရှိနေဆဲဖြစ်ကာ နေရာတိုင်း၌ အေးစက်စက်နိုင်လှ၏။
သို့သော် ဤခန်းမကြီးကို ဤမျှလောက် ကြီးမားအောင် တည်ဆောက်ထားရန် အမှန်တကယ် လိုအပ်ပါသလော။
မြေညီထပ်ရှိ ပင်မခန်းမဆောင်မှာ အမြင့် ၅၉ မီတာရှိပြီး စတုရန်းမီတာ သောင်းနှင့်ချီ၍ ကျယ်ဝန်းလှသည်။ ဤခန်းမအတွင်းသို့ ဝင်ရောက်လာသူတိုင်း မိမိကိုယ်ကိုယ် အလွန်တရာ သေးငယ်သွားသကဲ့သို့ ခံစားရပေမည်။
ပလ္လင်တော်မှာ ပင်မခန်းမကြီး၏ အဆုံးတွင် တည်ရှိပြီး ထိုနေရာသို့ ရောက်ရန် လှေကားထစ် ဒါဇင်နှင့်ချီ၍ လျှောက်တက်ရမည် ဖြစ်သည်။ ထိုလှေကားထစ်များကပင် ပလ္လင်တော်ကို မီတာ ၃၀ အထိ မြင့်တက်သွားစေပြီး ဖိနှိပ်လွှမ်းမိုးထားနိုင်သည့် အမြင့်မျိုး ဖြစ်နေစေ၏။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ…”
ဧကရာဇ်ထိုက်ခန် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူထောင်ပေါင်းများစွာမှာ သေသပ်ညီညာစွာ ဒူးထောက်လိုက်ကြသည်။
အပြင်ဘက်တွင် ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ ရှိနေ၏။ ထို့ပြင် ဧရာမ ဖန်သားပြင်ကြီးများ ၊ လင်းထိန်နေသော မီးရောင်များနှင့် အထပ်မြင့် အဆောက်အအုံများလည်း ရှိနေသည်။ သို့သော် ဤခန်းမအတွင်း၌မူ အလယ်ခေတ်မှ ပဒေသရာဇ် လူ့အဖွဲ့အစည်းတစ်ခုကဲ့သို့ ဖြစ်နေဆဲပင်။
ခန်းမအတွင်းရှိ အရာရှိများ ၊ စစ်သူကြီးများ ၊ မြို့စားများနှင့် ဘုရင်ခံများအားလုံးသည် အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင်လည်း လေးလံသော ဓားကြီးများကို ခန့်ညားစွာ ကိုင်ဆောင်ထားကြ၏။
ဤသည်ကား ဧကရာဇ်ထိုက်ခန်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှစ်သက်မှုပင်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ဤနေရာသည် ခေတ်သစ်ကမ္ဘာမြေ ဖြစ်နေသော်ငြား သူသည် ဘုရင်များ ခန့်အပ်ချီးမြှင့်သော ပဒေသရာဇ်စနစ်ကိုသာ နှစ်သက်နေဆဲ ဖြစ်သည်။
ထို့ကြောင့် သူ၏ အကြွင်းမဲ့ အစွမ်းထက်သော ခွန်အားများဖြင့် ထိုက်ခန်အင်ပါယာကြီးကို သက်ဦးဆံပိုင် ပဒေသရာဇ် အင်ပါယာတစ်ခုအဖြစ် တည်ဆောက်ခဲ့ကာ တင်းကျပ်သော နယ်မြေပေးသနားသည့် စနစ်တစ်ခုကို ကျင့်သုံးခဲ့လေ၏။
လွန်ခဲ့သောလဝက်ခန့်က ဧကရာဇ်ထိုက်ခန်သည် ထိုက်ခန်အင်ပါယာရှိ မြို့စားများ ၊ ဘုရင်ခံများနှင့် စစ်သူကြီးများအားလုံး နန်းတော်သို့ မပျက်မကွက် လာရောက်ကြရန် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ သူ အလွန်တရာ အရေးကြီးသော အမိန့်တော်တစ်ရပ်ကို ကြေညာရန် ရှိနေသောကြောင့်ပင်။
ထို့ကြောင့် ယခုအချိန်တွင် ခန်းမကြီးတစ်ခုလုံး၌ လူထောင်ပေါင်းများစွာ စုရုံးရောက်ရှိနေကြပြီး ဧကရာဇ်ထိုက်ခန်၏ အဆင့်မြင့်အရာရှိများအားလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
လူထောင်ပေါင်းများစွာမှာ မြေပြင်ပေါ်၌ တလေးတစား ဒူးထောက်နေကြလေ၏။
၅ မီတာ အရပ်အမောင်းရှိသော ဧကရာဇ်ထိုက်ခန်မူ မည်သည့်အသံကိုမျှ မကြားသည့်အလား လျစ်လျူရှုထားကာ ရှည်လျားလှသော ခန်းမဆောင်ကြီးတစ်လျှောက် ထည်ဝါသော ခြေလှမ်းများဖြင့် ခန့်ညားစွာ လျှောက်လှမ်းသွားခဲ့ပြီး မီတာ ၃၀ အမြင့်ရှိ အမှောင်ပလ္လင်တော်ဆီသို့ လှေကားထစ်များအတိုင်း တက်လှမ်းသွားလေတော့သည်။
သူသည် ခမ်းနားကြီးကျယ်မှုကို ဤမျှလောက်အထိ နှစ်သက်နေဆဲပင် ဖြစ်၏။
သို့သော် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသော သူ၏ပုံစံမှာ အလွန်တရာ ထည်ဝါခမ်းနားပြီး ဘုရင်တစ်ပါး၏ အငွေ့အသက်များ အပြည့်အဝဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိနေကြောင်းကိုတော့ ဝန်ခံရပေမည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ…”
ထိုနေရာရှိ လူထောင်ပေါင်းများစွာသည် တစ်ဖန် ဦးညွှတ်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပေးလိုက်ကြပြန်သည်။
အနောက်တိုင်းစတိုင် အမှောင်နန်းတော်ကြီးတစ်ခုအတွင်း၌ လူတစ်စုက အနောက်တိုင်းစတိုင် အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြသော်လည်း သူတို့သည် အရှေ့တိုင်း ဧကရာဇ်မင်းတစ်ပါးကို အရိုအသေပေးသည့် ပုံစံမျိုးဖြင့် ခယဝပ်တွားနေကြခြင်းပင်။
သို့သော် ဖီလာဆန့်ကျင်ဖြစ်နေသည်ဟူသော ခံစားချက်မျိုး သိပ်မရှိလှချေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုမြင်ကွင်းက ကမ္ဘာလောကကြီးတစ်ခုလုံးကို အုပ်စိုးထားသော ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာနှင့် အာဏာစက်ကို ပို၍ပင် ပေါ်လွင်သွားစေပုံရလေ၏။
ထို့ပြင် ဤလူများသည် ဧကရာဇ်ထိုက်ခန်အပေါ် အမှန်တကယ် ကြောက်ရွံ့ရိုသေကာ လေးစားကြည်ညိုနေကြကြောင်းကို တုပိုင် ခံစားသိရှိနိုင်ပေသည်။
ဧကရာဇ်ထိုက်ခန်က သူတို့ကို လျစ်လျူရှုထားဆဲပင် ဖြစ်ပြီး အရှေ့ဆုံးတွင် ဒူးထောက်နေသော လူကိုးယောက်ကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။ “သူတို့က ထိုက်ခန်အင်ပါယာရဲ့ စစ်သေနာပတိ ၉ ယောက်ပဲ။ အင်ပါယာရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်တပ်အင်အား ငါးသိန်းကို ကွပ်ကဲရတယ်…”
ထိုက်ခန်အင်ပါယာရှိ အဆင့်မြင့်အရာရှိတိုင်းသည် မျိုးဗီဇပြောင်းလဲထားသော သွေးကြောပိုင်ရှင်များချည်းသာ ဖြစ်ကြ၏။
တာ့နင်အင်ပါယာတွင် ပုံမှန်အားဖြင့် ကျင့်ကြံမည်ဆိုပါက အမြင့်ဆုံး သိုင်းပညာကျင့်ကြံခြင်းအဆင့်မှာ မဟာဆရာသခင်အဆင့်အထိသာ ရောက်ရှိနိုင်သည်။
သို့သော် ကမ္ဘာပျက်ကပ်ကြီးအပြီး ကမ္ဘာမြေ၏ အခြေအနေမှာမူ အခြားကမ္ဘာမှ စွမ်းအင်သိပ်သည်းဆများ ဝင်ရောက်လာခြင်းကြောင့် တာ့နင်အင်ပါယာထက် ဒါဇင်နှင့်ချီ၍ ပိုမိုများပြားနေခဲ့သည်။ ထို့ကြောင့် ပုံမှန် ကျင့်ကြံခြင်းဖြင့်ပင် ဝူဇွန်းအဆင့်အထိ ရောက်ရှိနိုင်သည်။
သို့သော် မျိုးဗီဇပြောင်းလဲထားသော သွေးကြောပိုင်ရှင်များမှာမူ သူတော်စင်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံနိုင်ကြလေ၏။
အကယ်၍ အိပ်မက်ဆိုးဧကရာဇ်၏ သွေးကြောနိုးထစေမှုသာ မရှိခဲ့ပါက သူတို့အနေဖြင့် ငရဲမျှော်စင်သို့ ဝင်ရောက်စမ်းသပ်ခံနိုင်မည် မဟုတ်သည်မှာ သေချာပေသည်။ သို့သော် အသက်အန္တရာယ်ကို ပဓာနမထားဘဲ အိပ်မက်ဆိုး အက်ကွဲကြောင်း စမ်းသပ်မှုဆီသို့တော့ သွားရောက်နိုင်ကြ၏။
မျိုးဗီဇပြောင်းလဲထားသော သွေးကြောပိုင်ရှင် တစ်ရာခန့် အိပ်မက်ဆိုး အက်ကွဲကြောင်း စမ်းသပ်မှုအတွင်းသို့ ဝင်ရောက်သွားပါက နှစ်ယောက် ၊ သို့မဟုတ် သုံးယောက်ခန့်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ကြသည်။ အကယ်၍ အိပ်မက်ဆိုး အက်ကွဲကြောင်းထဲတွင် ၁၀ နှစ်တိုင်တိုင် စမ်းသပ်မှုခံယူပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့ပါက သိုင်းသူတော်စင်အဆင့်ကိုပင် ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ထိုအိပ်မက်ဆိုး အက်ကွဲကြောင်းထဲမှ အသက်ရှင်လျက် ပြန်လည်ထွက်ပေါ်လာသူများသည် အိပ်မက်ဆိုးအင်ပါယာ ၊ ထိုက်ခန်အင်ပါယာ ၊ ရုပ်သေးမဟာမိတ်အဖွဲ့နှင့် လေလွင့်မဟာမိတ်အဖွဲ့ ဟူသော အင်အားစုကြီးလေးခု၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်လာခဲ့ကြကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
အိပ်မက်ဆိုး အက်ကွဲကြောင်းသည် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာစေနိုင်သည်မှာ သေချာသော်လည်း ၅ နှစ်မှ ၁၀ နှစ်ခန့်အထိ အချိန်ယူကျင့်ကြံရသည်။
ငရဲမျှော်စင်သည်ကား လူလုပ်ဖန်တီးထားသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်၏။ အလွန်တရာ မြင့်မားသော ပါရမီနှင့် သွေးကြောများကို ပိုင်ဆိုင်ထားသူများ ၊ အလွန်တရာ ကံကောင်းမှု ရှိသူများသာလျှင် အချိန်တိုအတွင်း သိုင်းသူတော်စင်အဆင့်ကို ကျော်ဖြတ်နိုင်ကြခြင်းပင်။
လတ်တလောတွင် တုပိုင်အပြင် အိပ်မက်ဆိုးဧကရာဇ်၏ တပည့်များသာလျှင် ငရဲမျှော်စင် စမ်းသပ်မှုသို့ ဝင်ရောက်ခွင့် ရရှိကြသည်။ သတိပေးချက်များကို မယုံကြည်ဘဲ ဇွတ်ဝင်ရောက်သွားကြသော အခြားလူများအားလုံးမှာမူ မြေမြှုပ်စရာ နေရာပင် မရှိတော့ဘဲ သေဆုံးသွားခဲ့ကြရလေ၏။
ဧကရာဇ်ထိုက်ခန် ဆိုလေ၏။ “ငါက အိပ်မက်ဆိုး အက်ကွဲကြောင်းထဲကို လူပေါင်း တစ်သောင်းကျော် လွှတ်ခဲ့ပေမဲ့ လူတစ်ရာကျော်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တယ်။ အဲဒီ လူတစ်ရာကျော်လုံးက ဒီနေရာမှာ ရောက်နေကြပြီး စစ်သေနာပတိ ၉ ယောက်လုံးကလည်း အိပ်မက်ဆိုး အက်ကွဲကြောင်းထဲမှာ ၁၀ နှစ်တိုင်တိုင် စမ်းသပ်မှုခံယူခဲ့ကြသူတွေချည်းပဲ…”
တုပိုင် ထိုစစ်သေနာပတိ ၉ ယောက်ရှိရာဘက်သို့ ကြည့်လိုက်၏။ ဤလူကိုးယောက်သည် ဧကရာဇ်ထိုက်ခန်မှလွဲ၍ သိုင်းပညာရပ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကိုးဦး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။
ဧကရာဇ်ထိုက်ခန်က ဆက်လက် မိတ်ဆက်ပေးသည်။ “နောက်ထပ် လူ ၅ ယောက်ကတော့ ထိုက်ခန်အင်ပါယာရဲ့ အဓိက ပြည်နယ်ကြီး ၅ ခုက ဘုရင်ခံတွေပဲ။ သူတို့အားလုံးက အိပ်မက်ဆိုး အက်ကွဲကြောင်းထဲမှာ ၉ နှစ်ကြာအောင် စမ်းသပ်ခံခဲ့ကြသူတွေ…”
ထို့နောက် ရှင်းပြလေ၏။ “အဲဒီနောက်က စစ်သူကြီး တစ်ရာကျော်ကတော့ အိပ်မက်ဆိုး အက်ကွဲကြောင်းထဲမှာ ၅ နှစ်ကနေ ၈ နှစ်အထိ သွားရောက်လေ့ကျင့်ခဲ့ကြသူတွေပဲ…”
အိပ်မက်ဆိုး အက်ကွဲကြောင်းအတွင်းသို့ လူပေါင်း တစ်သောင်းကျော် စေလွှတ်ခဲ့သော်လည်း လူတစ်ရာကျော်မျှသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ပြီး ရှင်ကျန်သူတိုင်းက ယခု သူတို့၏ အရှေ့တွင် ရောက်ရှိနေကြလေ၏။
ဤလူတစ်ရာကျော်သည် ထိုက်ခန်အင်ပါယာတွင် အစွမ်းအထက်ဆုံးသူများ ဖြစ်ကြပြီး အိပ်မက်ဆိုး အက်ကွဲကြောင်းတွင် စမ်းသပ်မှုခံယူခဲ့ကြသော အစွမ်းအထက်ဆုံးသူများလည်း ဖြစ်ကြသည်။ မြို့စား ရာနှင့်ချီ၍ ရှိနေပြီး အရာရှိ ထောင်နှင့်ချီကာ အလယ်အလတ်အဆင့် စစ်သူကြီးများလည်း ရှိနေသော်လည်း ဧကရာဇ်ထိုက်ခန်က သူတို့ကိုမူ မိတ်ဆက်ပေးခြင်း မရှိခဲ့ချေ။
ဧကရာဇ်ထိုက်ခန်က ခမ်းနားထည်ဝါစွာဖြင့် ကြေညာလိုက်၏။ “ဒီနေ့ မင်းတို့အားလုံးကို ငါခေါ်လိုက်တာ ကိစ္စတစ်ခုတည်း အတွက်ပဲ… ငါ့ရဲ့ညီတော် တုပိုင်ကို ထိုက်ခန်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်မယ်…”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၉၉ + ၉၀၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။