အခန်း (၉၀၁-၉၀၂)
Vol. 91 Ch. 901-902
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၁ + ၉၀၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်၏ မျှော်လင့်မထားသော ထိုစကားများ လေထုထဲသို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာချိန်၌ ကြီးမားကျယ်ဝန်းလှသော ရင်ပြင်ကြီးတစ်ခုလုံးသည် သင်္ချိုင်းကုန်းတစ်ခုအလား ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပရိသတ်ထဲရှိ လူထောင်ပေါင်းများစွာ၏ မျက်နှာထက်တွင် အလွန်တရာ အံ့အားသင့်သွားကြသည့် အမူအရာများက အထင်းသား ပေါ်လွင်နေကြသည်။
ဤအခြေအနေမျိုးသည် အလယ်ခေတ် သို့မဟုတ် ရှေးဟောင်းတရုတ် ပဒေသရာဇ်ခေတ်တွင်သာ ဆိုပါက အင်ပါယာတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားစေမည့် နိုင်ငံရေးမုန်တိုင်းကြီး တစ်ခု ကျိန်းသေပေါက် ဖြစ်လာပေလိမ့်မည်။ သူတို့ရှေ့မှ ဧကရာဇ်၏ ဆုံးဖြတ်ချက် ၊ ထိုအမိန့်တော်မှာ သေချာပေါက် အလွယ်တကူ အတည်ပြုနိုင်မည်အရာ မဟုတ်ပေ။
သမိုင်းကို ပြန်ကြည့်လျှင် မင်မင်းဆက်၏ ဝမ်လီဧကရာဇ်က အကောင်းဆုံး ဥပမာတစ်ခု ဖြစ်၏။ သူသည် သူအနှစ်သက်ဆုံး သားတော်ဖြစ်သည့် ကျူးချန်ရွှင်ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်လိုခဲ့ပြီး သူ၏ သားအကြီးဆုံးဖြစ်သော ကျူးချန်လော့ကိုမူ လုံးဝ သဘောမကျခဲ့ပေ။
သို့သော်လည်း မည်သို့မျှ တတ်နိုင်ခဲ့ခြင်း မရှိချေ။ ရှေးရိုးစွဲ အရာရှိကြီးများက ဘိုးဘေးတို့၏ ဥပဒေသများကို ကိုင်စွဲကာ ကျူးချန်လော့ကို အင်ပါယာ၏ အမွေဆက်ခံသူအဖြစ် အသေအလဲ ထောက်ခံကာကွယ်ပေးခဲ့ကြသဖြင့် မာနကြီးလှသော ၊ အာဏာပါဝါ အပြည့်အဝရှိသော ဝမ်လီဧကရာဇ်ပင် ထိုအရာရှိများကို အနိုင်မယူနိုင်ခဲ့ဘဲ နှစ်ပေါင်းများစွာ ကြာသည်အထိ နိုင်ငံရေးအရ အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရလေ၏။
သို့သော် ယခုအချိန် ၊ ယခုနေရာတွင်မူ အခြေအနေက လုံးဝ ကွဲပြားခြားနားနေသည်။ ယခု သူတို့ရှေ့မှ တုပိုင်ဆိုသည့် လူငယ်လေးသည် ဧကရာဇ်ထိုက်ခန်၏ သွေးသားတော်စပ်သော သားတော်မဟုတ်သလို ၊ ညီအရင်းလည်း မဟုတ်ပေ။ အင်ပါယာနှင့် လုံးဝ ပတ်သက်မှုမရှိသည့် အောက်ခြေမှ တက်လာသော လုံးဝ သူစိမ်းတစ်ယောက်သာ ဖြစ်နေ၏။
ရင်ပြင်ထဲတွင် ဒူးထောက်နေကြသော တိုင်းပြည်၏ အမြင့်ဆုံး အာဏာပိုင်များဖြစ်သည့် စစ်သေနာပတိ ကိုးယောက် ၊ ဘုရင်ခံ ငါးယောက် ၊ စစ်သူကြီး တစ်ရာကျော်နှင့် မြို့စား ထောင်နှင့်ချီရှိသည့်အနက် ပင်းရှီးမြို့စား လျန်ကျင်း တစ်ယောက်တည်းသာလျှင် တုပိုင်ဆိုသည့် ထိုလူငယ်လေးကို သိရှိလေ၏။ ကျန်သည့် လူများအတွက်မူ တုပိုင်သည် ကောင်းကင်မှ ကျလာသည့် အမည်မသိ လူစိမ်းတစ်ယောက်မျှသာဖြစ်၏။
ရှေးဟောင်းတရုတ်ပြည်တွင် ဧကရာဇ်မင်းသည် သူချစ်မြတ်နိုးရသော သွေးသားရင်း သားတော်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခု ဧကရာဇ်ထိုက်ခန်ကမူ သွေးသားတော်စပ်ခြင်း လုံးဝမရှိသော သာမန် သူစိမ်းတစ်ယောက်ကို အင်ပါယာတစ်ခုလုံး၏ အနာဂတ် အရှင်သခင် အိမ်ရှေ့စံအဖြစ် ခန့်အပ်ချင်နေလိုခြင်းပင်။ ဤသည်ကား ယုတ္တိမတန်လှသော ၊ လုံးဝ လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်၏။
သို့သော်လည်း ထိုနေရာရှိ လူထောင်ပေါင်းများစွာမှာ ဆွံ့အသွားလောက်အောင် အံ့အားသင့်သွားပြီးနောက် မည်သူကမျှ ရှေ့ထွက်၍ အာခံရဲခြင်း ၊ ကန့်ကွက်ရဲခြင်း မရှိကြချေ။ အပ်ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်နေဆဲဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ ဧကရာဇ်ထိုက်ခန်သည် အလွန်တရာ အစွမ်းထက်လွန်းလှသည်။
သူ၏ ခွန်အားသည် သာမန်လူသားများ နားလည်နိုင်သော နယ်ပယ်မှ ကျော်လွန်နေပြီ ဖြစ်သည်။ တိုင်းပြည်၏ အသန်မာဆုံး စစ်သည်တော်များဟု တင်စားရမည့် စစ်သေနာပတိ ကိုးယောက်နှင့် ဘုရင်ခံ ငါးယောက်တို့ ပေါင်းတိုက်လျှင်ပင် ဧကရာဇ်ထိုက်ခန်၏ ခွန်အားအကုန်ကို မြင်နိုင်မည် မဟုတ်ပေ။
ဧကရာဇ်ထိုက်ခန်သည် သူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် ထို ၁၄ ယောက်လုံးကို ပုရွက်ဆိတ်များအလား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။
ယဉ်ကျေးမှုနှင့် ဥပဒေများထက် သိုင်းပညာစွမ်းအားကိုသာ အဓိကထားသော ၊ ခွန်အားကြီးသူကသာ အရာရာကို စိုးမိုးနိုင်သော ဤခေတ်ကြီးတွင် ဧကရာဇ်ထိုက်ခန်၏ ဆန္ဒသည်သာ ဥပဒေဖြစ်ပြီး ၊ သူ၏ နှုတ်ထွက်စကားသည်သာ အရာရာဖြစ်၏။ သူ့ကို အနည်းငယ်မျှ အာခံရဲသူ ၊ ကန့်ကွက်ရဲသူ မှန်သမျှ ထိုနေရာတွင်ပင် ချက်ချင်း သေပွဲဝင်ရမည်သာ ဖြစ်၏။
ဧကရာဇ်ထိုက်ခန်၏ အသက်ရှူမှားလောက်အောင် ဖိနှိပ်ထားနိုင်သော ဤအကြွင်းမဲ့ အာဏာစက်အောက်တွင်သာ အင်ပါယာ၏ တင်းကျပ်လှသော ဥပဒေများစွာကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး မည်သူမျှ မချိုးဖောက်ရဲအောင် တိကျစွာ ကျင့်သုံးနိုင်ခဲ့ခြင်းပင်။
ဧကရာဇ်ထိုက်ခန်က သူ၏ စူးရှအေးစက်သော မျက်လုံးများဖြင့် အောက်ဘက်ရှိ ပရိသတ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါ့ညီတော် တုပိုင်ကို ထိုက်ခန်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်တာကို... မင်းတို့ ကန့်ကွက်စရာ ရှိလား..."
သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွား၏။ ချက်ချင်းပင် အင်ပါယာ၏ အာဏာအရှိဆုံး စစ်သေနာပတိ ကိုးယောက်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဒူးထောက်ချလိုက်ပြီး တစ်သံတည်း ပြန်လည်လျှောက်တင်ကြသည်။
"အမိန့်တော်အတိုင်း နာခံပါမယ်..."
ထို့နောက် ဘုရင်ခံ ငါးယောက်ကလည်း နောက်ကျကျန်ရစ်မည်ကို စိုးရိမ်သည့်အလား အလျင်အမြန် ဦးညွှတ်ကာ လျှောက်တင်ကြ၏။
"အမိန့်တော်အတိုင်း နာခံပါမယ်..."
နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားကြသော စစ်သူကြီး တစ်ရာကျော်နှင့် မြို့စား ရာပေါင်းများစွာသည်လည်း မြေပြင်နှင့် မျက်နှာအပ်မတတ် သေသပ်ညီညာစွာ ခေါင်းငုံ့လျက် ကောင်းကင်ယံသို့ ထိုးဖောက်သွားမတတ် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြလေသည်။
"အမိန့်တော်အတိုင်း နာခံပါမယ်..."
ဧကရာဇ်ထိုက်ခန်က ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး အမိန့်ပေးလိုက်၏။
"အခု... မင်းတို့ရဲ့ အိမ်ရှေ့စံမင်းသားကို အရိုအသေပေးကြလေ..."
ထိုနေရာရှိ လူထောင်ပေါင်းများစွာသည် တုပိုင်ရှိရာဘက်သို့ မျက်နှာမူကာ သေသပ်ညီညာစွာ ဒူးထောက်ချလိုက်ကြပြီး မြေပြင်ကြီးပင် တုန်ခါသွားလောက်အောင် အသံပြိုင် ဟစ်ကြွေးလိုက်ကြသည်။
"အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်..."
ဧကရာဇ်ထိုက်ခန်က လက်ကာပြကာ မိန့်ကြားလိုက်သည်။
"ဒီလောက်နဲ့ပဲ လူစုခွဲကြမယ်... ကိုယ့်နေရာကိုယ် ပြန်ပြီး တာဝန်တွေကို ဆက်ထမ်းဆောင်ကြ..."
လူထောင်ပေါင်းများစွာက တစ်ဖန် အသံပြိုင်လျှောက်တင်ကြသည်။
"အမိန့်တော်အတိုင်းပါ အရှင်..."
ထို့နောက် အားလုံးသည် ရေစီးကြောင်းကြီးတစ်ခုအလား စနစ်တကျ ဆုတ်ခွာသွားကြလေတော့၏။
ထိုက်ခန်အင်ပါယာရှိ လူအားလုံး၏ အရှေ့တွင် ဧကရာဇ်ထိုက်ခန်သည် အမြဲတမ်း ဤကဲ့သို့ပင် မည်သည့် ခံစားချက်မျှ မရှိသည့်အလား အေးစက်ကာ တည်ငြိမ်နေတတ်သည်။ သူသည် စစ်မှန်သော ဘုရင်တစ်ပါး၏ အရှိန်အဝါကို အပြည့်အဝ ပိုင်ဆိုင်ထားသူ ဖြစ်၏။
**--**--**--**--**--**--**--**
လူအုပ်ကြီး ထွက်ခွာသွားပြီးနောက် ဧကရာဇ်ထိုက်ခန်၏ တောင့်တင်းနေသော ကျောပြင်က အနည်းငယ် လျော့ရဲသွားသလို ရှိ၏။ သူသည် အနည်းငယ် တုံ့ဆိုင်းနေပုံရသော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက်ချကာ တုပိုင်ကို ခေါ်ဆောင်၍ လူတစ်ယောက်နှင့် သွားရောက်တွေ့ဆုံလေ၏။
ထိုသူကား အခြားသူမဟုတ် ၊ သူ၏ ဇနီးပင် ဖြစ်သည်။
တုပိုင် ရွှေရောင်နှင့် ခရမ်းရောင် ရောယှက်နေသော ခမ်းနားလှသည့် နန်းဆောင်တစ်ခုအတွင်းသို့ ရောက်ရှိသွားချိန်တွင် အလွန်တရာ ဆွဲဆောင်မှုရှိသော မိန်းမချောတစ်ဦးကို မြင်လိုက်ရသည်။ သူမက ဇိမ်ခံခရမ်းရောင် ပိုးသားဝတ်စုံကို ကျနစွာ ဝတ်ဆင်ထားလေ၏။ မရေမတွက်နိုင်သော ၊ လှပသေသပ်လှသည့် အစေခံများ ခြံရံထားမှုအောက်တွင် လမင်းကို ကြယ်ရံထားသကဲ့သို့ ခမ်းနားတင့်တယ်စွာ လျှောက်လှမ်းလာသည်။
သူမက ဧကရာဇ်ထိုက်ခန်၏ ဇနီး ၊ အင်ပါယာတစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော ဧကရီပင် ဖြစ်၏။
တုပိုင် သူမကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားခြင်းကို မတားဆီးနိုင်လိုက်ချေ။
ဤမျက်နှာ ၊ ဤအပြုံး...။ ရီဝေဝေဖြင့် အတိတ်တစ်နေရာတွင် မြင်ဖူးသကဲ့သို့ ရှိသော်လည်း သူ အမှန်တကယ် ပြတ်ပြတ်သားသား မမှတ်မိတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် အင်ပါယာ၏ ဧကရီကမူ တုပိုင်ကို မြင်လိုက်ချိန်တွင် သူမ၏ ကြော့ရှင်းလှသော မျက်နှာထားမှာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားလေ၏။ သူမ၏ မျက်ဝန်းများထဲတွင် အတိတ်ကို ပြန်လည်သတိရသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက တုပိုင်ကို သိနေသည်မှာ သိသာထင်ရှားလှသည်။
ဧကရာဇ်ထိုက်ခန်က သူ၏ ပုံမှန် အေးစက်စက် အသံဖြင့်ပင် မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့ရဲ့ဇနီး လင်းလုလေ..."
တုပိုင် ရုတ်တရက် မှတ်ဉာဏ်များ ပွင့်ထွက်သွားပြီး အလွန်အမင်း အံ့အားသင့်သွား၏။ 'ဒါက လင်းလုတဲ့လား။'
လင်းလုမှာ ထိုအချိန်က ၊ ကမ္ဘာပျက်ကပ်မတိုင်မီက သူတို့တက္ကသိုလ်မှ ကျောင်းသားတိုင်း ငေးမောရသည့် နတ်မိမယ်လေး ဖြစ်ခဲ့သူပင်။ သို့သော် သူမ၏ နောက်ကွယ်ရှိ ဇာတ်လမ်းကတော့ လှပမနေခဲ့ချေ။ သူမသည် ငွေကြေးချမ်းသာသည့်သူဌေးတစ်ဦး၏ ထောက်ပံ့မှုဖြင့် အပျော်မယ်သဖွယ် နေထိုင်ခဲ့ရသည်။ ထို့နောက်မှ လီရှောင်ချန်၏ သူရဲကောင်းဆန်ဆန် ကယ်တင်မှုဖြင့် ထိုငရဲမှ လွတ်မြောက်ကာ သူနှင့် အိပ်ရာဝင်ခဲ့ရသည့် မိန်းမတစ်ဦးပင် ဖြစ်သည်။
မကြာသေးမီက လီရှောင်ချန် ရင်ဖွင့်ကာ ပြောခဲ့ဖူးသည်ကို တုပိုင် အတိအကျ မှတ်မိနေသေး၏။ လင်းလုလို အတိတ်မကောင်းခဲ့သည့် မိန်းမမျိုးကို လုံးဝ လက်မထပ်သင့်ကြောင်း ၊ သို့မဟုတ်ပါက အိမ်ပြန်ရောက်သည့်အခါ မီးဖိုချောင်ရှိ အိုးက အေးစက်နေမည်ဖြစ်ပြီး မိန်းမဖြစ်သူမှာမူ အခြားယောက်ျားများနှင့် ပူနွေးနေကာ အထဲတွင် အခြားသူ၏ အဖတ်များပင် ကျန်ရှိနေသေးမည်ဟု ခါးသီးစွာ ပြောခဲ့ဖူးသည်။
ထိုမျှအထိ ရွံရှာခဲ့ပါလျက်နှင့် မထင်မှတ်ထားဘဲ သူက လင်းလုကို အမှန်တကယ် လက်ထပ်ခဲ့သည်လား။ အင်ပါယာ၏ ဧကရီနေရာကိုပင် ပေးအပ်ခဲ့သည်လား။
ဤသည်ကား စိတ်ဝိညာဉ်အား သန်မာအောင် ကျင့်ကြံသည့် နည်းလမ်းတစ်မျိုးလော။ သောက်ကျိုးနည်းလှ၏။
သို့သော် တုပိုင်ကမူ လီရှောင်ချန် မည်သို့တွေးနေသည်ကို အချိန်တိုအတွင်းမှာပင် လျင်မြန်စွာ နားလည်သွား၏။ လီရှောင်ချန်သည် ပြင်ပလောကတွင် ခမ်းနားထည်ဝါသော သံချပ်ကာကို ဝတ်ဆင်ထားပြီး လူတိုင်းရှေ့တွင် အားကောင်းမောင်းသန်နှင့် မည်သူ့ကိုမဆို ဖိနှိပ်လွှမ်းမိုးနိုင်သော ၊ မည်သူမျှ မော့မကြည့်ရဲသော ဧကရာဇ်တစ်ပါး ဖြစ်သည်။
သို့သော် သူ၏ဇနီး လင်းလုနှင့် ရင်ဆိုင်ရချိန်တွင်မူ ထိုသံချပ်ကာအထူကြီးကို အမြဲတမ်း ချွတ်ချထားကာ သူ၏ အရုပ်ဆိုးသော မျက်နှာနှင့် ပိန်လှီသော ခန္ဓာကိုယ်ကို လုံးဝ ဖုံးကွယ်မထားဘဲ ပကတိအတိုင်း ပြသထား၏။
ထို့ပြင် လင်းလုကလည်း သူ၏ အရုပ်ဆိုးမှု ၊ သူ၏ အားနည်းချက်များကို အပြည့်အဝ သိရှိထားပြီးဖြစ်ရာ သူ၏ ရှေ့တွင် မည်သည့် ဖုံးကွယ်မှု ၊ မည်သည့် ဟန်ဆောင်မှုမျှ လုပ်စရာ မလိုအပ်တော့ပေ။
လီရှောင်ချန်အတွက် လင်းလုကို လက်ထပ်ရခြင်းမှာ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားမှ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် အတိတ်တွင် အမာရွတ်များစွာ ရှိခဲ့ကြပြီး မည်သူကမျှ မည်သူ့ကိုမှ အထင်မသေးသင့်ဘဲ မည်သူကမျှ အပြစ်ကင်းစင်နေခြင်း ၊ သန့်စင်နေခြင်း မရှိသောကြောင့်ပင်။ ကျိုးပဲ့နေသော ဝိညာဉ်နှစ်ခုက တစ်ဦး၏ အနာကို တစ်ဦးက နားလည်ပေးနိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
ဧကရာဇ်ထိုက်ခန်က စကားစကားလမ်းကြောင်းလွှဲကာ ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"တွေ့ပြီးပြီဆိုတော့... ငါတို့ အိပ်မက်ဆိုးအင်ပါယာကို ချက်ချင်း ထွက်ကြတာပေါ့..."
ထို့နောက် သူက သူ၏ ဇနီးကို တစ်ချက်မျှပင် ပြန်မကြည့်တော့ဘဲ တိုက်ရိုက်ပင် လှည့်၍ ထွက်ခွာသွားလေ၏။
တုပိုင်လည်း ထိုအခြေအနေ၏ တင်းမာမှုကို ရိပ်မိသဖြင့် လင်းလုကို မသိဟန်ဆောင်ကာ ခေါင်းညိတ်ပြပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ..."
ထို့နောက် သူလည်း ဧကရာဇ်ထိုက်ခန်၏ နောက်သို့ လှည့်၍ ထွက်သွားလိုက်၏။
ထိုစဉ် နန်းဆောင်၏ အတွင်းပိုင်းမှ ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ယောက် အပြေးအလွှား ထွက်လာကာ ကျယ်လောင်စွာ လှမ်းခေါ်လိုက်ကြလေသည်။
"အဖေ..."
ဤကလေးနှစ်ယောက်သည် ဧကရာဇ်ထိုက်ခန်၏ သားနှင့် သမီး ဖြစ်ပေလိမ့်မည်။
သားဖြစ်သူက မိခင်ဖြစ်သူ လင်းလု၏ အလှအပကို အမွေရထားပြီး အလွန်တရာ ချောမောလှသည်။ သမီးဖြစ်သူကမူ ဖခင်ဖြစ်သူ လီရှောင်ချန်၏ ရုပ်သွင်ကို အပြည့်အဝ ရထားပြီး ရုပ်ရည် သိပ်မပြေပြစ်လှချေ။ အရုပ်ဆိုးသည်ဟုပင် ဆိုနိုင်လေ၏။
သို့သော် ဧကရာဇ်ထိုက်ခန်က သူ၏ အရုပ်ဆိုးသော သမီးလေးကို မြင်သည်နှင့် ချက်ချင်း ခါးကိုင်းကာ မြေပြင်မှ ပွေ့ချီလိုက်ပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသည့် အမူအရာဖြင့် ချော့မြူလိုက်သည်။
"သမီးလိမ္မာလေး... ဟိုမှာ ဦးလေးလို့ ခေါ်လိုက်ပါဦး..."
အရုပ်ဆိုးသော မိန်းကလေးက ဖခင်၏ ရင်ခွင်ထဲမှနေ၍ တုပိုင်ကို ရဲရဲဝင့်ဝင့် အော်ခေါ်လိုက်၏။
"ဦးလေး..."
တုပိုင်က ပြုံးပြကာ မေးလိုက်သည်။
"သမီးနာမည် ဘယ်လိုခေါ်လဲ..."
အရုပ်ဆိုးသော မိန်းကလေးက တက်ကြွစွာ ပြန်ဖြေသည်။
"ဦးလေး... သမီးနာမည်က လီရှောင်ထန်ပါ..."
ထို့နောက် သူမ၏ အကြည့်က တုပိုင်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော တုရှောင်ထံသို့ ရောက်ရှိသွားလေ၏။
တုရှောင်က အပြုံးရိပ်လေးဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။
အရုပ်ဆိုးသော မိန်းကလေးက လိမ္မာပါးနပ်စွာဖြင့် ချက်ချင်းပင် ခေါ်လိုက်၏။
"အစ်မ..."
ထို့နောက် ဧကရာဇ်ထိုက်ခန်က ဘေးတွင် ရပ်နေသည့် ချောမောသော ကောင်လေးကို အေးစက်စက် အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ ငါ့သား လီဟိုင်ပဲ..."
တစ်ယောက်က ဟိုင် ၊ တစ်ယောက်က ထန်။ ဟိုင်ထန်။ တုပိုင် ချက်ချင်း သဘောပေါက်သွား၏။ ဧကရာဇ်ထိုက်ခန်သည် သူ၏ ပထမဆုံး အချစ် ယဲ့ဟိုင်ထန်ကို ယခုတိုင် မမေ့နိုင်သေးသည်မှာ သေချာသည်။
လူငယ်လေး လီဟိုင်မှာ ဈေးကြီးသော ကိုယ်ကျပ်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး အသက်ငယ်ငယ်ဖြင့်ပင် အားကောင်းမောင်းသန်ပုံ ပေါ်လေ၏။ သူက တုပိုင်ကို အရိုအသေပေးကာ ဦးညွှတ်လိုက်သည်။
"ဦးလေးကို အရိုအသေပေးပါတယ်..."
ဧကရာဇ်ထိုက်ခန်က လီဟိုင်ကို ကြည့်ကာ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ဒီနေ့ကစပြီး... မင်းအဖေကို ဆက်ဆံသလိုပဲ မင်းဦးလေးကိုလည်း အတိအကျ ဆက်ဆံရမယ်... ကြားလား..."
လူငယ်လေး လီဟိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ထို့နောက် သူက သူ၏ဖခင်ကို တောင့်တနေသော ၊ အသိအမှတ်ပြုခံချင်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် ဖခင်၏ မေတ္တာကို ငတ်မွတ်နေမှုများ အပြည့်အနှက် ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူသည် သူ၏ အရုပ်ဆိုးသော ညီမလေးကို အမြဲတမ်း ချစ်ခင်မြတ်နိုးကာ ပွေ့ဖက်နမ်းရှုပ်လေ့ရှိသော်လည်း သူ့အနီးအနားတွင်မူ မည်သည့်အခါမျှ ရင်းရင်းနှီးနှီး မနေခဲ့ဖူးချေ။ အမြဲတမ်း အေးစက်ခက်ထန်စွာသာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ထိုက်ခန်သည် သားဖြစ်သူ၏ အကြည့်ကို မြင်သောအခါ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင်တော့ သက်ပြင်းတစ်ချက်ချကာ သူ၏လက်ကို ဆန့်တန်း၍ သားဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
ရုတ်တရက် ကောင်လေးမှာ အလွန်တရာ ပျော်ရွှင်သွားပြီး သူ၏မျက်လုံးများက အရောင်လက်သွားလေသည်။ ထိုအထိအတွေ့လေး တစ်ချက်ကပင် သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံးကို ရလိုက်သကဲ့သို့ ဖြစ်သွားရလေ၏။
ဧကရာဇ်ထိုက်ခန်က သူ၏ဇနီး လင်းလုကို တစ်ချက်ကြည့်ကာ အေးစက်စက် လေသံဖြင့် မှာကြားလိုက်သည်။
"အိမ်က သားနဲ့သမီးကို သေချာ ဂရုစိုက်ထားပေးပါ... ငါသွားတော့မယ်..."
ထို့နောက် သူက ချစ်လှစွာသော သမီးလေးကို အောက်ချပေးလိုက်ပြီး နန်းဆောင်၏ အပြင်ဘက်သို့ လှည့်မကြည့်ဘဲ လျှောက်ထွက်သွားလေ၏။
ဇနီးဖြစ်သူ လင်းလုက ပြာယာခတ်စွာဖြင့် လှမ်းအော်လိုက်သည်။
"နေပါဦး..."
ဧကရာဇ်ထိုက်ခန် လီရှောင်ချန်၏ ခြေလှမ်းများ ခေတ္တမျှ ရပ်တန့်သွားခဲ့သော်လည်း သူ အနောက်သို့ လှည့်မကြည့်သလို ၊ ထပ်မံနေထိုင်ခြင်းလည်း မရှိတော့ဘဲ ဆက်လက်၍ ပြတ်သားစွာ ထွက်ခွာသွားခဲ့၏။
ဇနီးဖြစ်သူ လင်းလုက မျက်ရည်များ စီးကျလာလျက် လီရှောင်ချန်၏ အရပ်ရှည်ရှည် ကျောပြင်ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ကာ အသည်းကွဲမတတ် ဆက်လက်အော်ခေါ်နေမိသည်။
"လီရှောင်ချန်... ရှင် ဘယ်လို သဘောရလဲ... ရှင့်သဘောက ဘာလဲ..."
သို့သော် သူမ၏ အမေးကို ဖြေမည့်သူ မရှိတော့ချေ။
**--**--**--**--**--**--**--**
တုပိုင် ၊ ဧကရာဇ်ထိုက်ခန်နှင့် တုရှောင်တို့သည် နန်းတော်မှ ထွက်ခွာလာပြီးနောက် အိပ်မက်ဆိုးအင်ပါယာသို့ ဦးတည်၍ ထွက်ခွာသွားကြလေ၏။
သို့သော် ဤတစ်ကြိမ်တွင် ပုံမှန်ခရီးသွားသကဲ့သို့ လေယာဉ်ဖြင့် သွားခြင်းမဟုတ်ဘဲ ဧကရာဇ်ထိုက်ခန်က တုပိုင်နှင့် တုရှောင်တို့ကို ခေါ်ဆောင်ကာ ကိုယ်တိုင် ပျံသန်းသွားခဲ့ခြင်းပင်။
တုပိုင်က နားမလည်စွာဖြင့် မေးလိုက်သည်။
"ငါတို့... ဘယ်လိုပျံရမှာလဲ..."
ဧကရာဇ်ထိုက်ခန်က ရှင်းပြလိုက်သည်။
"အိပ်မက်ဆိုး အက်ကွဲကြောင်းထဲမှာ လူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်တဲ့ အတောင်ပံတွေပါတဲ့ ပျံသန်းနိုင်တဲ့ သားရဲဆန်းတွေ ရှိတယ်။ ငါတို့က အဲဒီအတောင်ပံတွေကို အသုံးပြုရမှာပဲ။ ဒါပေါ့... ဒီအတောင်ပံတွေကို ထိန်းချုပ်ပြီး ကောင်းကင်ယံမှာ လွတ်လွတ်လပ်လပ် ပျံသန်းဖို့ဆိုရင်တော့ ကျင့်ကြံမှုအဆင့်က အနည်းဆုံး ငရဲနယ်ပယ်အဆင့်ကို ရောက်ဖို့ လိုအပ်တယ်..."
ထို့နောက် သူ၏ ကျောပြင်များမှ ဧရာမအတောင်ပံကြီးများ ရုတ်တရက် ဖြန့်ကြက်ထွက်ပေါ်လာပြီး လေထုကို အားပါးတရ ခတ်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားကြလေ၏။ သူတို့သည် အရှေ့ဘက်သို့ ဦးတည်ကာ လျင်မြန်သောအဟုန်ဖြင့် ဆက်လက်ပျံသန်းသွားကြလေ၏။
ဤတစ်ကြိမ်တွင်လည်း ဧကရာဇ်ထိုက်ခန်သည် တိမ်လွှာများကို ဖောက်ထွက်ကာ အလွန်မြင့်မားသော နေရာအထိ ပျံသန်းနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤသို့ အမြင့်မှ ပျံသန်းခြင်းဖြင့် လေထု၏ ခုခံမှု ပိုမိုနည်းပါးပြီး ခန္ဓာကိုယ်တွင်းရှိ ရွှမ်းချီစွမ်းအင်ကို ပိုမို ချွေတာနိုင်သောကြောင့် ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် ကောင်းကင်တွင် ပျံသန်းခြင်းသည် အတွင်းအားကို အလွန်အမင်း ကြီးမားစွာ အသုံးပြုရသော အလုပ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။
တစ်နာရီကျော်ကြာမျှ အဆက်မပြတ် ပျံသန်းပြီးနောက် သူတို့သည် ကုန်းမြေကို တရားဝင် စွန့်ခွာကာ အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်လေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားကြလေ၏။ အောက်ဘက်တွင် မှိုင်းညို့နေသော သမုဒ္ဒရာရေပြင်ကြီးက ဟန့်တားမှုကင်းမဲ့စွာ ပြန့်ကျဲနေသည်။
ခရီးသွားနေစဉ်အတွင်း ဧကရာဇ်ထိုက်ခန်က အိပ်မက်ဆိုးအင်ပါယာအကြောင်း အနည်းငယ် ရှင်းပြခဲ့သည်။ ထိုအင်ပါယာသည် ဧရာမ ကျွန်းတစ်ကျွန်းဖြစ်ပြီး ကမ္ဘာပျက်ကပ် မတိုင်မီက ကမ္ဘာမြေပေါ်တွင် လုံးဝ မရှိခဲ့သော ၊ အခြားနယ်ပယ်တစ်ခုမှ ရောက်ရှိလာသည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် တုပိုင်သည် ဤအိပ်မက်ဆိုးအင်ပါယာ၏ ကျွန်းသစ်ကြီး မည်သို့ပုံစံရှိမည်ကို မျှော်လင့်တကြီး စောင့်စားနေခဲ့၏။ ထိုကျွန်းမှာ စတုရန်းကီလိုမီတာ အနည်းငယ်သာ ကျယ်ဝန်းသည်ဟု ဆိုသော်ငြားလည်း သူက အလွန်အမင်း စိတ်ဝင်စားနေဆဲပင်။
ပင်လယ်ပြင်ပေါ်သို့ ရောက်ပြီးနောက် သူတို့သည် မိုင်တစ်ထောင်ကျော်ကြာအောင် လေပြင်းများကို ဖြတ်သန်းကာ ပျံသန်းခဲ့ကြသည်။
ထို့နောက် နောက်ဆုံးတွင်တော့ တုပိုင်သည် အိပ်မက်ဆိုးအင်ပါယာ၏ ကျွန်းကြီးကို ခပ်ဝါးဝါး မြင်လိုက်ရလေ၏။
ထိုမြင်ကွင်းကို သေချာစွာ မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် သူ လုံးဝ ဆွံ့အသွားရတော့သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူရန်ပင် မေ့လျော့သွားရ၏။
အဘယ်ကြောင့်ဆိုသော် ဤကျွန်းသည် သာမန်ကျွန်းများကဲ့သို့ ပင်လယ်ရေပြင်ပေါ်တွင် တည်ရှိနေခြင်း မဟုတ်ဘဲ ကောင်းကင်ယံထက် တိမ်တိုက်များကြားတွင် ပေါလောပေါ်နေသော ဧရာမ ကျွန်းပျံကြီး တစ်ကျွန်းဖြစ်နေသောကြောင့်ပင်။ ထိုကျွန်းပျံကြီးပေါ်တွင် သာမန်ကမ္ဘာနှင့် လုံးဝ မတူညီသော အမျိုးမျိုးသော အဆောက်အအုံများနှင့် ခမ်းနားထည်ဝါလှသော ရဲတိုက်အမျိုးမျိုးတို့က သိပ်သည်းစွာ တည်ရှိနေကြသည်။ ကျွန်း၏ အစွန်းများမှ ရေတံခွန်ကြီးများက ပင်လယ်ပြင်ဆီသို့ စီးကျနေလေ၏။
တစ်နည်းအားဖြင့် ပြောရလျှင် ဤသည်ကား ကောင်းကင်ယံတွင် ပေါလောပေါ်နေသော ယုံတမ်းပုံပြင်များထဲမှ မြို့တော်ကြီးတစ်ခုပင် ဖြစ်၏။
ထို ကောင်းကင်မြို့တော်ကြီး တစ်ခုလုံးသည် အိပ်မက်ဆိုးအင်ပါယာပင် ဖြစ်ပေသည်။
အိပ်မက်ဆိုးကျွန်း တစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် ပျံသန်းနိုင်သော ဧရာမ သားရဲကြီးများဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းနေပြီး နေရောင်ကိုပင် ကွယ်နေလေ၏။ အမျိုးအစားပေါင်းစုံသော ထိုသားရဲပျံကြီးများသည် သေသပ်ညီညာစွာ နေရာယူထားကာ ပတ်ဝန်းကျင် လေပိုင်နက်ကို အချိန်ပြည့် ကင်းလှည့်နေကြလေ၏။ သားရဲကြီးများပေါ်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် သားရဲစီးစစ်သည် ထောင်ပေါင်းများစွာပင် ရှိနေသည်။
ဤသည်ကား လေထဲတွင် ကင်းလှည့်နေသော ခြောက်ခြားဖွယ်ရာ လေကြောင်းတပ်ဖွဲ့တစ်ခုသာ ဖြစ်၏။
သူ၏ အရှေ့တွင်ရှိသော ခမ်းနားကြီးကျယ်လှသည့် အိပ်မက်ဆိုးအင်ပါယာကို မြင်လိုက်ရချိန်တွင် တုပိုင်မှာ သာမန်ကမ္ဘာကြီးမှနေ၍ လုံးဝစိမ်းသက်နေသော အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။
အမှန်စင်စစ် ဤကျွန်းပျံကြီးသည် အခြားကမ္ဘာရှိ တိုက်ကြီးတစ်ခုမှ လုံးဝ ခွဲထွက်လာခဲ့ခြင်းဖြစ်ပြီး ကျွန်း၏ မြေကြီး လက်မတိုင်းသည် သူတို့နေထိုင်ရာ ကမ္ဘာမြေနှင့် သက်ဆိုင်ခြင်း အလျဉ်း မရှိချေ။
သူတို့၏ ပုံရိပ်များ နီးကပ်လာသည်နှင့်အမျှ လေကြောင်းကင်းလှည့်တပ်သား တစ်ဦးက ဧကရာဇ်ထိုက်ခန်၏ ပုံရိပ်ကို အဝေးမှနေ၍ မြင်လိုက်ရပြီး ချက်ချင်းပင် အနားသို့ ပျံသန်းလာကာ ကြိုဆိုလိုက်လေ၏။
အိပ်မက်ဆိုးအင်ပါယာ၏ ထိုလေကြောင်းတပ်ခေါင်းဆောင်က သူစီးနင်းလာသော သားရဲကြီးပေါ်မှနေ၍ ဧကရာဇ်ထိုက်ခန်အား အလွန်ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
"ထိုက်ခန်မင်းသားကို အရိုအသေပေးပါတယ်... ဧကရာဇ်မင်းမြတ်က မင်းသားကို စောင့်နေပါပြီ..."
ထိုစကားကို ကြားသောအခါ တုပိုင် အနည်းငယ် အံ့သြသွား၏။ ဧကရာဇ်ထိုက်ခန် မဟုတ်ပါလော။ မည်သို့ကြောင့် ရုတ်တရက် ထိုက်ခန်မင်းသား ဖြစ်သွားရသနည်း။
သို့သော် အခြေအနေကို အကဲခတ်လိုက်သောအခါ မြေပြင်ပေါ်တွင် ဧကရာဇ်ထိုက်ခန်က သူ့ကိုယ်သူ ဧကရာဇ်အဖြစ် အကြွင်းမဲ့ အာဏာဖြင့် ကြေညာခဲ့သော်လည်း ကောင်းကင်ပေါ်ရှိ ဤအိပ်မက်ဆိုးအင်ပါယာသို့ ရောက်ရှိသွားပြီးနောက်တွင်မူ သူ့ထက် အာဏာပိုကြီးသူ ရှိနေသဖြင့် မင်းသားဟုသာ အခေါ်ခံရနိုင်ကြောင်းကို အကြမ်းဖျင်း ခန့်မှန်းကြည့်၍ ရနိုင်သည်။
ထို့ပြင် ဧကရာဇ်ထိုက်ခန်သည် အိပ်မက်ဆိုးဧကရာဇ်၏ တပည့်အရင်း ဖြစ်သောကြောင့် မင်းသားဘွဲ့ကိုလည်း ပေးအပ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်လေ၏။ ဤနေရာတွင်မူ ဧကရာဇ်ထိုက်ခန်သည် အုပ်စိုးသူမဟုတ်ဘဲ နောက်လိုက်တစ်ဦးအဖြစ်သာ ရှိနေသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၁ + ၉၀၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။