အခန်း (၉၀၃-၉၀၄)
Vol. 91 Ch. 903-904
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၃ + ၉၀၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧကရာဇ်ထိုက်ခန်က လေကြောင်းတပ်ခေါင်းဆောင်အား လှမ်းမေးလိုက်၏။ “ရုပ်သေးမျိုးနွယ်စုက မင်းသားဆိုမိုနဲ့ လေလွင့်မဟာမိတ်အဖွဲ့က မင်းသားယန်ကျူးတို့ရော… အားလုံး ရောက်နေကြပြီလား…”
လေကြောင်းတပ်ခေါင်းဆောင်က အလွန်ရိုသေစွာဖြင့် ပြန်လည်လျှောက်တင်လာသည်။ “သူတို့က လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက မုန်ကျင်းမြို့ကို ရောက်နေကြပါပြီ… ထိုက်ခန်မင်းသားကို စောင့်နေကြတာပါ…”
ထို့နောက် ကြီးမားခမ်းနားလှသော လေကြောင်းကင်းလှည့်တပ်ဖွဲ့ကြီးသည် ထိုက်ခန်မင်းသားအား အလယ်ဗဟိုတွင် ခြံရံလိုက်ကြ၏။ အိပ်မက်ဆိုးအင်ပါယာ၏ တော်ဝင်မင်းသားတစ်ပါးနှင့် ထိုက်တန်သော အမြင့်မားဆုံး အရိုအသေပေးသည့် အခမ်းအနားဖြင့် အိပ်မက်ဆိုးကျွန်း၏ အလယ်ဗဟိုရှိ ခမ်းနားကြီးကျယ်လှသော နန်းတော်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားကြလေတော့သည်။
**--**--**--**--**--**--**--**
အောက်ဘက်ရှိ အိပ်မက်ဆိုးအင်ပါယာ တစ်ခုလုံး၏ ဗိသုကာလက်ရာများမှာ ကမ္ဘာမြေ၏ အရာများနှင့် လုံးဝကို ကွဲပြားဆန်းသစ်နေသည်။ အဆောက်အအုံတိုင်းသည် အင်အားပြည့်ဝကာ ခမ်းနားထည်ဝါလွန်းလှပြီး နေရောင်အောက်တွင် လင်းလက်တောက်ပနေကြ၏။ အရာအားလုံးသည် သီးခြားစီ ကွဲပြားနေသော အနုပညာအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် ကြီးကျယ်ခမ်းနားမှုတို့ကို အထင်းသား မြင်တွေ့နေရသည်။
ထိုမျှမက ကမ္ဘာမြေကြီး တစ်ခုလုံး သေဆုံးပျက်စီးခြင်း အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေချိန်တွင် ၊ ဤနေရာ၌မူ အသက်ဝင်နေသော စိမ်းလန်းသည့် သစ်ပင်ပန်းမန်များကို နေရာအနှံ့ တွေ့မြင်နေနိုင်သည်။
လမ်းဘေး တစ်လျှောက်တွင်လည်း သက်ဝင်လှုပ်ရှားနေသယောင် ထင်ရသော ပန်းပုရုပ်တုများနှင့် လှပသော ရေပန်းများကို အစီအရီ တွေ့နေရ၏။
လက်ရှိအချိန်သည် ကမ္ဘာပျက်ကပ်ကာလဖြစ်၍ မြေပြင်ပေါ်ရှိ အရာအားလုံးမှာ မှိုင်းညို့ကာ စိတ်ပျက်အားငယ်ဖွယ် ကောင်းနေသော်လည်း ၊ ဤနေရာလေး တစ်ခုတည်းကသာလျှင် အိပ်မက်ထဲမှ နတ်ဘုရားတို့၏ မြို့တော်တစ်ခုအလား အရောင်အသွေး စုံလင်လှနေသည်။
ထို့ပြင် ဤနေရာရှိ ကောင်းကင်ယံမှာလည်း ငေးမောစွဲမက်ဖွယ် ကောင်းလောက်အောင် အလွန်တရာ ပြာလဲ့နေလေ၏။
ရွှေရောင်တောက်ပနေသော နေမင်းကြီး၏ ရောင်ခြည်များက နန်းတော်ကြီးပေါ်သို့ တိုက်ရိုက်ဖြာကျနေပြီး စူးရှစွာ လင်းလက်နေတော့သည်။
အိပ်မက်ဆိုးအင်ပါယာ၏ နန်းတော်အတွင်းရှိ စစ်သည်တိုင်းသည် ခမ်းနားထည်ဝါသော သံချပ်ကာများကို ကိုယ်စီဝတ်ဆင်ထားကြပြီး တင့်တယ်ခံ့ညားသော သားရဲဆန်းများကို စီးနင်းထားကြသည်။
ဤသည်ကား အခြားကမ္ဘာတစ်ခုမှ ကွဲထွက်ကာ ကမ္ဘာမြေပေါ်သို့ လွင့်မျောလာခဲ့သော မြေနေရာဖြစ်သော်လည်း အမှောင်ထုထဲမှ အတောက်ပဆုံးသော ပုလဲတစ်လုံးပမာ ခမ်းနားစွာ ဖြစ်တည်နေ၏။
မကြာမီမှာပင် သူတို့သည် ခမ်းနားထည်ဝါလှသော နန်းတော်ကြီး၏ ဆင်းသက်ရာ စင်မြင့်ထက်သို့ ညင်သာစွာ ဆင်းသက်လိုက်ကြသည်။
လှပကြော့ရှင်းသော အမျိုးသမီးအစေခံတစ်စု၏ လမ်းပြဦးဆောင်မှုဖြင့် ဧကရာဇ်ထိုက်ခန် ၊ တုပိုင်နှင့် တုရှောင်တို့သည် အိပ်မက်ဆိုးအင်ပါယာ၏ ခမ်းနားကြီးကျယ်လှသော နန်းတော် ပင်မခန်းမဆောင်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားကြလေ၏။
အိပ်မက်ထဲတွင်သာ မြင်တွေ့နိုင်လောက်သော ဤနန်းတော်ကြီး၏ အလှတရားမှာ ဒဏ္ဍာရီလာ သွေးနတ်သူငယ်များ၏ နန်းတော်ထက်ပင် များစွာ ပို၍ ခမ်းနားထည်ဝါနေသေးသည်။
ခန်းမဆောင်အတွင်းသို့ ရောက်သည်နှင့် အပြင်ဘက်တွင် ဘုရင်တစ်ပါးလို မာနကြီးလှသော ဧကရာဇ်ထိုက်ခန်သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ ဦးညွှတ်လျက် နှုတ်ခွန်းဆက်လိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို… ထိုက်ခန် အရိုအသေပေးပါတယ်…”
အဘယ်ကြောင့်ဆိုသော် ပလ္လင်ပေါ်ရှိ အိပ်မက်ဆိုးဧကရာဇ်သည် သူ၏ ခေါင်းဆောင်သာမက သူ၏ အရာရာကို သင်ကြားပေးခဲ့သော ဆရာသခင်လည်း ဖြစ်နေသောကြောင့်ပင်။
တုပိုင်မှာမူ ဒူးမထောက်ဘဲ မတ်တတ်ရပ်လျက် ခမ်းနားထည်ဝါသော ရွှေရောင်ပလ္လင်တော်ထက်ရှိ အိပ်မက်ဆိုးဧကရာဇ်ကို မော့ကြည့်နေလိုက်၏။
တကယ်ပင် ထိုသူသည် ငရဲမျှော်စင်၏ ပဉ္စမအထပ်တွင် တွေ့ခဲ့ရသော အိပ်မက်ဆိုးဧကရာဇ်၏ ပုံရိပ်နှင့် တစ်ပုံစံတည်း တူညီနေသည်။ ကွာခြားချက်မှာ ယခုအချိန်၌ ထိုသူသည် ငွေရောင် သံချပ်ကာကို ကျနစွာ ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်သော အလင်းရောင် တစ်လွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။
သူ၏ တစ်ကိုယ်လုံးသည် နေမင်းကြီးတစ်စင်းကဲ့သို့ စူးရှစွာ တောက်ပနေပြီး မြင်တွေ့ရသူတိုင်းကို နွေးထွေးမှု ခံစားရစေသလို တစ်ချိန်တည်းမှာပင် မသိမသာ လွှမ်းမိုးထားသော ကြောက်ရွံ့ရိုသေစိတ်ကိုပါ ဖြစ်ပေါ်လာစေလေ၏။
ကျန်းရှောင်မန် ပြောခဲ့သကဲ့သို့ပင် သူသည် အရပ် ၅ မီတာခန့် မြင့်မားသော ဧရာမလူသားကြီးတစ်ဦး ဖြစ်နေသည်မှာ အမှန်ပင်။
ရှည်လျားသော နားရွက်များ ၊ ထင်းလင်းပြတ်သားနေသော မျက်နှာအချိုးအစားများရှိကာ အလွန်တရာ ချောမောလှပြီး ၊ မာနကြီးမားကာ မွန်မြတ်သော အငွေ့အသက်များဖြင့် အပြည့်အဝ ဖုံးလွှမ်းနေသည်။
အိပ်မက်ဆိုးဧကရာဇ်က မတ်တပ်ရပ်နေသော တုပိုင်ကို အကဲခတ်သလို တစ်ချက် ကြည့်လိုက်ပြီး ထည်ဝါသော အသံဖြင့် မေးလိုက်သည်။ “ထိုက်ခန်… ဒါက မင်းရှာတွေ့ခဲ့တဲ့ အမွေဆက်ခံသူလား…”
ဧကရာဇ်ထိုက်ခန်က ရိုသေစွာဖြင့် ပြန်လည်လျှောက်တင်လိုက်၏။ “မှန်ပါတယ် အရှင်မင်းမြတ်… ထိုက်ခန်အင်ပါယာကို ကိုယ်စားပြုပြီးတော့ အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသမီးကို တရားဝင် စေ့စပ်ကြောင်းလမ်းခွင့် တောင်းခံပါတယ်… ကျေးဇူးပြုပြီး ခွင့်ပြုပေးသနားတော်မူပါ…”
အိပ်မက်ဆိုးဧကရာဇ်က အသာအယာ ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။ “သွား… မင်းသမီးကို ခေါ်လာခဲ့…”
ချက်ချင်းပင် ခန်းမဆောင် အပြင်ဘက်မှနေ၍ အလွန် အားကောင်းသော အသံတစ်ခုက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေ၏။
“မင်းသမီးရွှမ်… ခန်းမဆောင်ထဲကို ကြွချီလာပါပြီ…”
“မင်းသမီးရွှမ်… ခန်းမဆောင်ထဲကို ကြွချီလာပါပြီ…”
“မင်းသမီးရွှမ်… ခန်းမဆောင်ထဲကို ကြွချီလာပါပြီ…”
ခဏအကြာတွင် ပင်မခန်းမဆောင် အပြင်ဘက်ရှိ စင်မြင့်ပေါ်သို့ မျက်စိကျိန်းမတတ် စူးရှသော ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်မှ ရုတ်တရက် ကျဆင်းလာလေ၏။
ထိုအလင်းတန်းထဲမှနေ၍ ရဲရင့်ပြတ်သားပြီး အစွမ်းထက်ကာ အနည်းငယ် ရက်စက်ဟန်ပေါက်နေသော ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးတစ်ဦးသည် ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားလျက် ကျက်သရေရှိပြီး အားကောင်းသော ခြေလှမ်းများဖြင့် ခန်းမဆောင်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ မည်သည့်အချိန်ကတည်းက ဤမျှလောက်အထိ ပြီးပြည့်စုံသွားခဲ့ရသနည်း။ ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားသော်ငြား သူမ၏ ရှည်လျားလှသော ခြေတံတစ်စုံက အလွန်အမင်း ဆွဲဆောင်မှု ရှိနေဆဲပင်။
သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာ လီဝမ်ဝမ်နှင့် မင်းသမီးယွီကျိန်းတို့၏ အားသာချက်များအားလုံးကို အချိုးကျကျ ပေါင်းစပ်ထားသကဲ့သို့ ရှိလေ၏။ မိစ္ဆာမလေးတစ်ပါး၏ ရူးသွပ်ဖွယ်ရာ ဆွဲဆောင်မှုမျိုး ပိုင်ဆိုင်ထားသော်လည်း အလွန်အကျွံ ဖြစ်မနေဘဲ ပေါ့ပျက်ပျက်နိုင်ခြင်းလည်း အလျဉ်းမရှိချေ။ အင်အားများ ပြည့်လျှံနေပြီး မွန်မြတ်သော တော်ဝင်အငွေ့အသက်များက တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးလွှမ်းနေသည်။
သူမ၏ မျက်နှာသွင်ပြင်မှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။
မျက်နှာအင်္ဂါရပ်များက ပိုမို ပေါ်လွင်ထင်းလင်းလာပြီး မူလကတည်းက လှပနေသော သူမကို ပိုမို ဆွဲဆောင်မှုရှိသော ၊ အသက်ရှူမှားလောက်သော အငွေ့အသက်များဖြင့် ပြည့်နှက်သွားစေသည်။
ယခုလက်ရှိအချိန်တွင် သူမ၏ အလှတရားမှာ အပြုံးတစ်ပွင့်ဖြင့် တိုင်းပြည်များကိုပင် ပျက်စီးနိုင်စေသည်အထိ ပြီးပြည့်စုံနေပြီး သူမ၏ ဟန်ပန်မှာလည်း မည်သူနှင့်မျှ ယှဉ်၍မရနိုင်လောက်အောင် ပြိုင်ဘက်ကင်းနေသည်။
ထိုအလှတရားကြောင့် တုရှောင်မှာ မျက်လုံးများ ပြူးကျယ်သွားကာ ငေးမောဆွံ့အသွားရ၏။ အချိန်အတော်ကြာမှသာ သူမက အသိစိတ်ဝင်လာသကဲ့သို့ တုန်ရီသော အသံဖြင့် အော်ခေါ်လိုက်လေသည်။ “မေမေ…”
တုရှောင်က မယုံကြည်နိုင်စွာဖြင့် ထပ်မံ အော်ခေါ်လိုက်သည်။ “မေမေ… မေမေ…”
သူမရှေ့ရှိ အမျိုးသမီးမှာ သူမ၏ မိခင် ရန်ယဲ့ရှောင်နှင့် ချွတ်စွတ်တူညီနေသော်လည်း များစွာ ပိုမို လှပနေပြီး များစွာ ပိုမို အစွမ်းထက်နေပုံပေါ်လေ၏။
မျက်နှာအင်္ဂါရပ်ငါးပါး၏ ဖွဲ့စည်းပုံမှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း နတ်ဘုရားတစ်ပါးက ကိုယ်တိုင် ပြန်လည်ထုဆစ်ထားသကဲ့သို့ ဖြစ်နေသည်။ မူလအလှတရားအပေါ် အခြေခံကာ ယှဉ်၍မရနိုင်လောက်အောင် ပိုမိုပြီးပြည့်စုံသွားစေခဲ့ခြင်းပင်။
သူမ၏ အရပ်အမောင်းသည်ပင် ၁.၆၈ မီတာမှ ၁.၇၇ မီတာအထိ သိသိသာသာ မြင့်တက်လာသည်။ ငွေရောင် သံချပ်ကာပျော့ဖြင့် ဖုံးအုပ်ထားသော ရှည်လျားသည့် ခြေတံများမှာ လုံးဝန်းသန်မာကာ ဖြောင့်တန်းပြီးပြည့်စုံနေပြီး ၊ ခွန်အားနှင့် အနုပညာဆန်သော အလှတရားတို့ အချိုးကျကျ ပေါင်းစပ်နေ၏။
အိပ်မက်ဆိုးဧကရာဇ်သည် အခြားကမ္ဘာရှိ နဂါးသွေးတိုက်ကြီးမှ ရောက်ရှိလာခြင်း ဖြစ်၏။ ထိုစဉ်က သေလုမျောပါး ဖြစ်နေသော ရန်ယဲ့ရှောင်ကို ကယ်တင်ရန် သူသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အခြားကမ္ဘာမှ စွမ်းအားကြီးမားသော သွေးများကို အမြောက်အမြား ထည့်သွင်းပေးခဲ့သည်မှာ သေချာသည်။
ထို့ကြောင့်ပင် သူမထံတွင် ဤမျှ ကြီးမားသော ၊ အံ့မခန်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မင်းသမီး ရန်ယဲ့ရှောင်သည် တုရှောင်ကို တွေ့သောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး အချိန်အတော်ကြာအောင် စိုက်ကြည့်နေ၏။ သူမ၏ မျက်လုံးများမှာ အေးစက်ကာ ရက်စက်နေသော်လည်း တုရှောင်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းများက ရုတ်တရက် လှုပ်ခတ်သွားပုံရလေသည်။ အေးစက်နေသော မျက်လုံးများက တဖြည်းဖြည်း နူးညံ့သိမ်မွေ့လာ၏။
နှစ်စက္ကန့် ၊ သုံးစက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် သူမ အကြည့်ကို လွှဲကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားလိုက်ပြီး ခမ်းနားသော ပလ္လင်တော်ထက်ရှိ အိပ်မက်ဆိုးဧကရာဇ်၏ ညာဘက်တွင် ကျက်သရေရှိစွာ ဝင်ထိုင်လိုက်သည်။
အိပ်မက်ဆိုးဧကရာဇ်၏ ဘယ်ဘက်တွင်တော့ အရပ် ၃ မီတာခန့်ရှိသော ဧရာမလူကြီးတစ်ဦး နေရာယူထား၏။ ထိုသူသည် ယခင်က လူသားတစ်ဦးဖြစ်ခဲ့ကြောင်း သိသာသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် အခြားကမ္ဘာမှ သွေးများ အလွန်များပြားနေခြင်းကြောင့် ၊ အရပ်အမောင်းနှင့် မျက်နှာအသွင်အပြင်များမှာ ကမ္ဘာမြေသားများနှင့် မတူတော့ဘဲ ထိုအခြားကမ္ဘာမှ လူများနှင့် ပို၍ ဆင်တူနေပြီ ဖြစ်သည်။
ဤသူကား အိပ်မက်ဆိုးမင်းသား ၊ အိပ်မက်ဆိုးဧကရာဇ်၏ မွေးစားသားဖြစ်ပြီး အနာဂတ် အိပ်မက်ဆိုးအင်ပါယာ၏ အမွေဆက်ခံသူလည်း ဖြစ်၏။
ရန်ယဲ့ရှောင်မှာမူ အိပ်မက်ဆိုးဧကရာဇ်၏ မွေးစားသမီး ဖြစ်၏။
တုပိုင်၏ အကြည့်က ရန်ယဲ့ရှောင်၏ မျက်နှာပေါ်တွင် တစ်မိနစ်ခန့် ရပ်တန့်နေခဲ့ပြီးနောက် ဘေးရှိလူဆီသို့ အသာအယာ အကြည့်ရွှေ့လိုက်သည်။
ထိုသူမှာ အိပ်မက်ဆိုးမင်းသား မဟုတ်ဘဲ မိန်းမစိုးတစ်ဦး ဖြစ်နေ၏။
ဤသူသည် ဤကြီးမားကျယ်ဝန်းလှသော နန်းတော်အတွင်း၌ တစ်ဦးတည်းသော မိန်းမစိုး ဖြစ်ပေလိမ့်မည်။ သူသည် အရပ်ရှည်ကာ သွယ်လျနေပြီး လှပသော်လည်း အားနည်းဖျော့တော့ပုံပေါ်သော မျက်နှာတစ်ခု ရှိလေ၏။ မျက်နှာမှာ မိတ်ကပ်ပေါင်ဒါများဖြင့် ဖြူဖွေးနေသော်လည်း နှုတ်ခမ်းကိုမူ သွေးကဲ့သို့ အနီရဲရဲ ဆိုးထားကာ ကြည့်ရသည်မှာ လူပြက်တစ်ဦးနှင့်ပင် တူနေသည်။
တုပိုင်၏ အကြည့်ကို မြင်လိုက်ရချိန်တွင် လူပြက်နှင့်တူသော ထိုမိန်းမစိုးက အလွန်အမင်း နှိမ့်ချစွာဖြင့် ဦးညွှတ်ကာ အရိုအသေပေးလိုက်လေ၏။
ခန်းမဆောင်အတွင်းရှိ အခြားသော အရာရှိများကို ကြည့်လိုက်လျှင်လည်း တစ်ယောက်ပြီး တစ်ယောက်မှာ ခမ်းနားထည်ဝါကာ ဆွဲဆောင်မှုရှိကြပြီး မြေပြင်ပေါ်ရှိ သာမန်လူသားများ ၊ အရာအားလုံးနှင့် လုံးဝကို ကွာခြားနေကြသည်။
အတိုချုပ်ဆိုရလျှင် ဤခန်းမဆောင်အတွင်းရှိ အရာအားလုံးမှာ တော်ဝင်ဓလေ့ထုံးတမ်းများဖြင့် အပြည့်အဝ ပြည့်နှက်နေပြီး ခမ်းနားကြီးကျယ်သော အခမ်းအနားကြီး တစ်ခုကို ကျင်းပနေသကဲ့သို့ပင်။
အိပ်မက်ဆိုးဧကရာဇ်က ရောက်ရှိနေသူ အားလုံးကို ဝေ့ကြည့်ကာ မိန့်ကြားလိုက်သည်။ “ကမ္ဘာမြေရဲ့ သက်တမ်းနဲ့ တွက်ကြည့်မယ်ဆိုရင်တော့… မင်းသမီး ရန်ယဲ့ရှောင်ရဲ့ အသက်က အတော်လေး ကြီးနေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါတို့ နဂါးသွေးတိုက်ကြီးရဲ့ သက်တမ်းနဲ့ တွက်မယ်ဆိုရင်တော့ မင်းသမီး ရန်ယဲ့ရှောင်ရဲ့ အသက်က အရမ်းကို ငယ်ရွယ်နေသေးတယ်…”
နဂါးသွေးတိုက်ကြီးရှိ လူများ မည်မျှအထိ အသက်ရှင်နိုင်ကြောင်းကို အတိအကျ မသိရသော်လည်း သူတို့သည် သာမန်ထက် အလွန်အချိန်အတော်ကြာအောင် အသက်ရှင်နိုင်ကြမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန်လူသားများထက် များစွာ ပိုမို အစွမ်းထက်ကြသောကြောင့်ပင်။ အိပ်မက်ဆိုးဧကရာဇ်သည် သူ၏ကိုယ်ပိုင် ခန္ဓာကိုယ်ဖြင့်ပင် အခြားကမ္ဘာမှနေ၍ ကမ္ဘာမြေပေါ်သို့ အကန့်အသတ်များကို ချိုးဖျက်ကာ ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ တစ်ယောက်တည်းကသာ ငရဲမျှော်စင်ကြီးကို ထိန်းချုပ်ထားပြီး စမ်းသပ်မှု စည်းမျဉ်းများအားလုံးကို သတ်မှတ်ထားခြင်း ဖြစ်၏။
ထိုမျှသာမက ဧကရာဇ်ထိုက်ခန် ၊ ရုပ်သေးမျိုးနွယ်စု ခေါင်းဆောင် ၊ လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်နှင့် ဤနေရာရှိ မရေမတွက်နိုင်သော ထိပ်တန်းသိုင်းပညာရှင်များအားလုံးမှာလည်း သူ့တစ်ယောက်တည်း၏ လက်ဖြင့် ပြုစုပျိုးထောင်ခံခဲ့ရသူများပင် ဖြစ်ကြသည်။
အိပ်မက်ဆိုးဧကရာဇ်က သူ၏ စူးရှသော မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့်ကာ အမိန့်ပေးလိုက်လေ၏။
“မင်းသမီး ရန်ယဲ့ရှောင်ကို လက်ထပ်ချင်ကြတဲ့ လူငယ်သုံးယောက်… ရှေ့ကို ထွက်လာခဲ့ကြပါ…”
ထိုအခါ တုပိုင်က တည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်ထွက်လာလိုက်သည်။
ရုပ်သေးမျိုးနွယ်စု ခေါင်းဆောင်၏သား ဆိုမိုသည်လည်း ထွက်လာ၏။ သူက အလွန်တရာ ချောမောသော အမျိုးသားတစ်ဦးဖြစ်ပြီး အရပ်ရှည်ကာ သွယ်လျလေသည်။ သူ၏ အသားအရေမှာ မိန်းမပျိုတစ်ဦးထက်ပင် ပိုမို ဝင်းမွတ်နေသော်လည်း သူ့ကို မိန်းမဆန်သည်ဟုတော့ လုံးဝ မသတ်မှတ်နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးများက သားကောင်ကို ချောင်းမြောင်းနေသည့် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အလွန်အမင်း စူးရှကာ အေးစက်နေသောကြောင့်ပင်။ သူသည် အလွန်တရာ မြင့်မားသော စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ထို့နောက် လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်၏သား ယန်ကျူးက လျှောက်ထွက်လာ၏။ ဤသူသည် ဆိုမိုနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး ယောက်ျားပီသမှု အပြည့်အဝ ရှိသည်။ သူ့ထံမှ အလွန်တရာ ပြင်းထန်သော ယောက်ျားကြီး၏ အငွေ့အသက်ကို မီတာဆယ်ဂဏန်း အကွာအဝေးမှပင် ရှင်းလင်းစွာ ခံစားမိနိုင်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ သတ္တုစပ်ဖြင့် သွန်းလုပ်ထားသကဲ့သို့ တောင့်တင်းခိုင်မာနေပြီး လုံးဝ ဖောင်းပွနေခြင်း မရှိချေ။ ဤလူသည် အလွန်တရာ အစွမ်းထက်နေမည်မှာ သေချာလှသည်။
ဤလူနှစ်ဦးလုံးသည် သန်းတစ်ထောင်တွင် တစ်ယောက်သာ ထွက်ပေါ်နိုင်မည့် အလွန်ရှားပါးသော ပါရမီရှင်များ ဖြစ်ကြောင်း သေချာလှ၏။
သူတို့သုံးယောက် ယှဉ်ကာ တန်းစီရပ်လိုက်ချိန်တွင် ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ဆိုမိုသည် မင်းသမီး ရန်ယဲ့ရှောင်ထံသို့ သိမ်မွေ့သော်လည်း နက်ရှိုင်းလှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။
သို့သော် ယန်ကျူး၏ မျက်လုံးများတွင်မူ အကြွင်းမဲ့ ကြီးစိုးလိုမှုနှင့် ပိုင်ဆိုင်လိုမှုတို့ဖြင့် ပြည့်နှက်နေပြီး ၊ မင်းသမီး ရန်ယဲ့ရှောင်ကို သူ၏အပိုင်အဖြစ် သတ်မှတ်ထားသကဲ့သို့ ရှိနေကာ ‘ဘယ်သူကများ ငါနဲ့ လာယှဉ်ရဲလဲ… သေချင်နေတာလား’ ဟူသော သွေးဆာနေသည့် အဓိပ္ပာယ်မျိုး သူ၏ မျက်ဝန်းများတွင် အထင်းသား ပေါ်လွင်နေလျက်ရှိသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၃ + ၉၀၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။