← Chapters

အခန်း (၉၀၅-၉၀၆)

Vol. 91 Ch. 905-906

အခန်း (၉၀၅-၉၀၆)

Vol. 91 Ch. 905-906

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၅ + ၉၀၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မဟာအိပ်မက်ဆိုးဧကရာဇ်၏ ခမ်းနားထည်ဝါသည့် အသံကြီးက ဟိန်းထွက်လာ၏။ "မင်းတို့သုံးယောက်လုံးက ငါ့ရဲ့မင်းသမီးကို လက်ထပ်ချင်ကြတယ်ဆိုတော့ လူအားလုံးရှေ့မှာ ငါ့ရဲ့မင်းသမီးကို ချစ်ခွင့်ပန်ကြစမ်း။ ဒါပေမဲ့ တစ်ခွန်းတည်းပဲ ပြောခွင့်ရှိမယ်"

ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ဆိုမိုက မင်းသမီး ရန်ယဲ့ရှောင်အား အရူးအမူး စိုက်ကြည့်ကာ ရင်ဖွင့်လိုက်လေ၏။ "ကိုယ် မင်းကို ချစ်တယ်။ ဒီလို ကမ္ဘာပျက်ကပ် ကာလကြီးထဲမှာ ကိုယ်ပိုင်ဆိုင်တာရော ကိုယ်ပေးနိုင်တာရောဆိုလို့ ဒီအချစ်တစ်ခုတည်းပဲ ရှိတယ်"

လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်၏သား ယန်ကျူးကလည်း ယုံကြည်ချက်အပြည့်ဖြင့် ထပ်မံကတိပေးလာသည်။ "မင်းသမီး... မင်း ဘာပဲတောင်းတောင်း ကိုယ်ပေးနိုင်တယ်။ မင်းအတွက်ဆိုရင် အသက်ကိုတောင် ပေးဆပ်ဝံ့တယ်"

ဤချစ်ခွင့်ပန်စကား နှစ်ခွန်းလုံးမှာ မိန်းကလေးတိုင်း၏ ရင်ကို လှုပ်ခတ်စေနိုင်လောက်သည့်အထိ အတော်လေး ထိမိလှပေသည်။

နောက်ဆုံးတွင်တော့ ရင်ပြင်ပေါ်ရှိ လူတိုင်း၏ အကြည့်များမှာ တိတ်ဆိတ်နေသော တုပိုင်ထံသို့ စုပြုံကျရောက်သွားကြ၏။

တုပိုင်က မင်းသမီး၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာ ကတိပေးလိုက်လေသည်။ "ကိုယ် မင်းကို အိမ်ပြန်ခေါ်သွားမယ်"

ထိုရိုးရှင်းလှသော စကားတစ်ခွန်းကို ကြားလိုက်ရချိန်တွင် မင်းသမီး ရန်ယဲ့ရှောင်၏ မျက်ဝန်းအစုံမှာ သိသိသာသာ လှုပ်ခတ်သွားရပြီး တုန်ရီသွားသော နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားလိုက်မိ၏။

အိပ်မက်ဆိုးဧကရာဇ်က ချက်ချင်းပင် အေးစက်စွာ သတိပေးလိုက်သည်။ "မင်းတို့သုံးယောက်ရဲ့ ချစ်ခွင့်ပန်စကားတွေက ပြီးသွားပြီ။ အတော်လေး နက်နဲပြီး ခံစားချက် ပါလှပါတယ်။ ဒါပေမဲ့... ဒါတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး။ အခုက ကမ္ဘာပျက်ကပ်ကို ရောက်နေပြီ။ ငါတို့က သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မကြုံဖူးတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရတာ။ သူတို့က မရေမတွက်နိုင်တဲ့ ယဉ်ကျေးမှုတွေနဲ့ စကြဝဠာကမ္ဘာပေါင်းများစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ပြီးပြီ။ ငါတို့က ကံကြမ္မာ မိစ္ဆာသခင် ၊ အိပ်မက်ဆိုး မိစ္ဆာဘုရင် နဲ့ သူတို့နောက်ကွယ်က အမြင့်ဆုံးမိစ္ဆာဧကရာဇ်လိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ သူတွေကို ရင်ဆိုင်နေကြရတာ"

"ဒါကြောင့် မင်းတို့နှုတ်ကထွက်လာတဲ့ ဘယ်လောက်လှပတဲ့ စကားလုံးတွေပဲဖြစ်ဖြစ် လုံးဝအသုံးမဝင်ဘူး။ ဒီကမ္ဘာကြီးမှာ အချစ်ရေးအလွမ်းရေးတွေအတွက် နေရာမရှိတော့ဘူး။ ငါ့ရဲ့ အိပ်မက်ဆိုးအင်ပါယာက အစွမ်းအထက်ဆုံးသူ တစ်ယောက်တည်းကိုပဲ ရွေးချယ်မှာဖြစ်ပြီး ၊ ငါ့ရဲ့ သမီး ရန်ယဲ့ရှောင်ကလည်း အစွမ်းအထက်ဆုံး ယောက်ျားတစ်ယောက်ကိုပဲ လက်ထပ်ရလိမ့်မယ်။"

အိပ်မက်ဆိုးဧကရာဇ်က ဒေါသသံစွက်ကာ ဆက်လက်၍ မေးခွန်းထုတ်လိုက်ပြီးနောက် သူ၏ လက်ကို လှမ်းကာ ဝှေ့ယမ်းလိုက်၏။ "ကဲ... အဲဒီတော့ မင်းတို့သုံးယောက်ထဲမှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲဆိုတာ ပြကြစမ်း"

"ဝုန်းးး"

ရုတ်တရက်ဆိုသလို ကောင်းကင်ယံထက်မှ ကြီးမားလှသော မျှော်စင်ကြီးတစ်ခုက အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး အပြင်ဘက်ရှိ ရင်ပြင်ပေါ်တွင် တည့်မတ်ခန့်ညားစွာ လွင့်မျောနေ၏။

သေချာသည်မှာ ဤမျှော်စင်သည် ဂန္ထဝင်မြောက် ငရဲမျှော်စင်ကြီးတော့ မဟုတ်ပေ။ အရွယ်အစားမှာ ထိုမျှလောက် မကြီးမားဘဲ ဧရိယာ စတုရန်းမီတာ သောင်းဂဏန်းနှင့် အမြင့် မီတာ ရာဂဏန်းခန့်သာ ရှိသည့် သာမန်မျှော်စင်တစ်ခုသာ ဖြစ်၏။

မဟာအိပ်မက်ဆိုးက ရှင်းပြကာ အမိန့်ပေးလိုက်သည်။ "ဒီမျှော်စင်ထဲမှာ ဘာမှမရှိဘူး။ ငါ့နန်းတော်ထဲက ပန်းတွေ သစ်ပင်တွေ ပျက်စီးသွားမှာ စိုးလို့ မင်းတို့ကို ဒီထဲမှာပဲ ယှဉ်ပြိုင်ခိုင်းမယ်။ မင်းတို့သုံးယောက် ဒီယှဉ်ပြိုင်ရေးမျှော်စင်ထဲကို ဝင်ကြ။ ဘာနည်းလမ်းတွေပဲ သုံးသုံး ၊ ဘယ်လို လက်နက်မျိုးပဲ ကိုင်ကိုင် ငါကိုယ်တော်ဂရုမစိုက်ဘူး။ အတိုချုပ်ပြောရရင် နောက်ဆုံးမှာ တစ်ယောက်တည်းပဲ အသက်ရှင်လျက် ထွက်လာနိုင်ရမယ်။ အဲဒီ အသက်ရှင်ကျန်ရစ်သူကသာ မင်းသမီး ရန်ယဲ့ရှောင်ရဲ့ ခင်ပွန်းလောင်း ဖြစ်လာလိမ့်မယ်"

ထို့နောက် ယှဉ်ပြိုင်ရေးမျှော်စင်၏ တံခါးကြီးက အလိုအလျောက် ပွင့်သွားလေ၏။

အိပ်မက်ဆိုးဧကရာဇ်၏ လက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ တုပိုင် ၊ ဆိုမိုနှင့် ယန်ကျူးတို့ သုံးဦးစလုံးမှာ ခုခံနိုင်စွမ်းမရှိဘဲ မျှော်စင်အတွင်းသို့ လေဆင်နှာမောင်းတစ်ခုအလား စုပ်ယူခံလိုက်ရပြီး ဝင်ရောက်သွားကြတော့သည်။

"​ဒုန်းးး"

ယှဉ်ပြိုင်ရေးမျှော်စင်၏ တံခါးကြီးသည် တစ်ခါမှ မပွင့်ခဲ့ဖူးသည့်အလား အသံမြည်ဟည်းလျက် တင်းကျပ်စွာ ပိတ်သွားလေတော့၏။

ထို့နောက် ယှဉ်ပြိုင်ရေးမျှော်စင် တစ်ခုလုံး၏ နံရံများမှာ ဖောက်ထွင်းမြင်နိုင်သည့် မှန်ချပ်များအလား အံ့ဩဖွယ်ရာ ပြောင်းလဲသွားပြီး အတွင်းဘက်ရှိ လှုပ်ရှားမှု မှန်သမျှကို အပြင်ဘက်မှ လူများက အထင်းသား မြင်တွေ့နေကြရသည်။

--------------

ယှဉ်ပြိုင်ရေးမျှော်စင် အတွင်း၌ တုပိုင် ၊ ဆိုမိုနှင့် ယန်ကျူးတို့သည် တစ်ဦးနှင့်တစ်ဦး မီတာ ၅၀ စီ ကွာဝေးသော တြိဂံပုံစံ အနေအထားဖြင့် ရန်သူကို အကဲခတ်လျက် ရပ်နေကြ၏။

ယန်ကျူးနှင့် ဆိုမိုတို့၏ မျက်လုံးများထဲတွင် အချင်းချင်းသာ ပြိုင်ဘက်အဖြစ် အာရုံစိုက်ထားကြပြီး တုပိုင် ဆိုသည့် တည်ရှိနေမှုကို လုံးဝ အသိအမှတ် မပြုထားကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သွေးသားများမှာ မဟာအိပ်မက်ဆိုး၏ ပြုပြင်ပြောင်းလဲပေးမှုကို အပြည့်အဝ ခံထားရပြီးသား ဖြစ်သလို ၊ သူတို့အားလုံးသည် ငရဲမျှော်စင်အတွင်းသို့ ဝင်ရောက်ကာ အချိန်ကာလ ကွာခြားလှသော အိပ်မက်ဆိုး အက်ကွဲကြောင်းထဲ၌ ခုနစ်နှစ် ၊ ရှစ်နှစ်ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ထိုမျှမက နောက်ပိုင်းနှစ်များတွင် သူတို့၏ သိုင်းပညာများကို အိပ်မက်ဆိုးဧကရာဇ် ကိုယ်တိုင် သင်ကြားပြသပေးခဲ့ခြင်း ဖြစ်ရာ သူတို့၏ တိုးတက်မှုနှုန်းမှာ အံ့မခန်းပင် ဖြစ်လေ၏။

ထို့ကြောင့် သူတို့၏ သိုင်းပညာစွမ်းရည်အပေါ် သူတို့နှစ်ဦးစလုံးမှာ အလွန်အမင်း မာနထောင်လွှားနေကြ၏။ လူငယ်မျိုးဆက်များထဲတွင် ပြိုင်ဘက်ဆို၍ သူတို့အချင်းချင်းသာရှိပြီး တတိယလူ ဆိုသည်မှာ လုံးဝ မရှိနိုင်ဟု အခိုင်အမာ ယူဆထားကြသည်။

တုပိုင်ဆိုသည်မှာတော့ ယခုမှ ရုတ်တရက် ပေါ်လာပြီး ဧကရာဇ်ထိုက်ခန်မှ အမွေဆက်ခံသူအဖြစ် အကြောင်းမဲ့သက်သက် ရွေးချယ်ခံလိုက်ရသည့် လမ်းကြုံဝင်လာသူ တစ်ဦးမျှသာ ဖြစ်သည်ဟု သူတို့က ရှုမြင်ထားကြ၏။

ဆိုမိုက မထီမဲ့မြင်ဟန်ဖြင့် လှမ်းမေးလိုက်၏။ "အစ်ကိုယန်ကျူး... ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့် ရောက်နေပြီလဲ"

ယန်ကျူးက နှုတ်ခမ်းထောင့်ကို တွန့်ရုံပြုံးလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလာသည်။ "သတ္တမအဆင့် သိုင်းသူတော်စင်လေ..."

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်အားလုံးမှာ ရုတ်တရက် အံ့ဩမှင်သက်သွားကြလေ၏။

မဟာအိပ်မက်ဆိုး၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပြသမှုက ဤမျှလောက်အထိ ထိရောက်လွန်းနေသလော။ အိပ်မက်ဆိုး အက်ကွဲကြောင်းအတွင်းရှိ ကျင့်ကြံခြင်းကရော မည်မျှအထိ အစွမ်းထက်လှသနည်း။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကမှ ယန်ကျူးသည် သိုင်းသူတော်စင်အဆင့်သို့ စတင်ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် သတ္တမအဆင့်သို့ပင် ရောက်ရှိနေ၏။

ဧကရာဇ်ထိုက်ခန်၏ မျက်နှာမှာလည်း အနည်းငယ် ပြောင်းလဲသွား၏။

သူ၏ ခန့်မှန်းချက် မှားယွင်းသွားခဲ့ပြီလော။ မူလက ယန်ကျူးသည် သိုင်းသူတော်စင်အဆင့်သို့ ယခုမှ ဝင်ရောက်နိုင်ခဲ့ခြင်းဟု ထင်မှတ်ထားခဲ့သော်လည်း ဆဋ္ဌမအဆင့် သိုင်းသူတော်စင်အဆင့်ကိုပါ ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူ၏ ယခင် တွက်ချက်ထားသော အစီအစဉ်အရ တုပိုင်သည် ငရဲမျှော်စင်၏ စတုတ္ထအထပ် ကျင့်ကြံခြင်းကို ပြီးမြောက်ခဲ့မည်ဆိုလျှင် သူ၏ ကြီးမားသော ကံကြမ္မာအထောက်အပံ့နှင့် ပေါင်းစပ်ကာ ဤပြိုင်ပွဲတွင် အနိုင်ရနိုင်လိမ့်မည်ဟု တွက်ဆထားခဲ့၏။ ယခုမူ တုပိုင်သည် ပဉ္စမအထပ် စမ်းသပ်မှုကိုပါ အောင်မြင်စွာ ပြီးမြောက်ခဲ့ရာ အနိုင်ရနိုင်ခြေ ပိုများမည်ဟု သူ အခိုင်အမာ ယုံကြည်ထားခဲ့သည်။

သို့သော် မထင်မှတ်ဘဲ ယန်ကျူး၏ သိုင်းပညာအဆင့်က တုပိုင်ထက် ပို၍ မြင့်မားနေဆဲ ဖြစ်နေ၏။

ယန်ကျူးက အထင်အမြင်သေးစွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။ "ညီလေးဆိုမို... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကရော ဘယ်လောက်ရှိလဲ"

ဆိုမိုက အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ "ခင်ဗျားထက် နည်းနည်းလေး ပိုမြင့်တယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ဧကရာဇ်ထိုက်ခန်၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

သူတို့နှစ်ဦးစလုံးသည် တုပိုင်၏ သိုင်းပညာကျင့်ကြံခြင်းအဆင့်ကို မေးမြန်းခြင်းပင် မပြုခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် တုပိုင်သည် လမ်းကြုံဝင်လာသူ တစ်ဦးမျှသာ ဖြစ်ပြီး သူတို့နှစ်ဦး၏ ပြိုင်ဘက်ဖြစ်လာရန် လုံးဝ မထိုက်တန်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

အမှန်တကယ်တွင် တုပိုင်၏ စွမ်းအား ၊ စိတ်ဝိညာဉ်စွမ်းအား ၊ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင် အားလုံး ပေါင်းစပ်လိုက်လျှင် ဆဋ္ဌမအဆင့် သိုင်းသူတော်စင်၏ ကျင့်ကြံခြင်းအဆင့်နှင့် ညီမျှနေသည် ဖြစ်၏။ ယင်းမှာ ယန်ကျူးထက် တစ်ဆင့် နိမ့်ကျနေပြီး ဆိုမိုကတော့ ယန်ကျူးထက် အနည်းငယ် ပို၍ မြင့်မားနေလေသည်။

ထို အနည်းငယ်ဆိုသည်က မည်မျှအထိ ကွာဟနေမည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။

ယန်ကျူးက ရက်စက်သောအပြုံးဖြင့် အကြံပြုလာ၏။ "ညီလေးဆိုမို... ဒီပြိုင်ပွဲက ငါတို့နှစ်ယောက်တည်းရဲ့ ကိစ္စပဲ။ ဟိုဘေးနားက ကောင်က ဝင်ရှုပ်နေရုံ သက်သက်ပဲ။ သူ့ကို အရင်ဆုံး လက်စဖျောက်လိုက်ပြီးမှ ငါတို့နှစ်ယောက် ကောင်းကောင်း အဆုံးအဖြတ် ယူကြရင် မကောင်းဘူးလား"

ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ်ကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ကောင်းပြီလေ..."

ယောက်ျားပီသသော ဟန်ပန်အပြည့်ရှိသည့် ယန်ကျူးက တိတ်ဆိတ်နေသော တုပိုင်ထံသို့ အကြည့်ရွှေ့လိုက်လေ၏။ သူ၏ မျက်လုံးများက သားကောင်ကို ကြည့်နေသည့် အမဲလိုက်မုဆိုးတစ်ဦးအလား အေးစက်နေ၏။

ယန်ကျူးက ခပ်ပြတ်ပြတ် ခြိမ်းခြောက်လိုက်သည်။ "မင်း ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒါက မင်းဝင်ပါလို့ရမယ့် ကစားပွဲမျိုး လုံးဝမဟုတ်ဘူး။ ငရဲပြည်သွားတဲ့ လမ်းမှာ ငါ့ကို အပြစ်မတင်နဲ့။ မင်းရဲ့ ကံကြမ္မာဆိုးကိုပဲ အပြစ်တင်လိုက်တော့..."

ထို့နောက် သူက သူ၏ကျောဘက်ရှိ ဓားကိုပင် ဆွဲမထုတ်ဘဲ သူ၏ တောင့်တင်းလှသော လက်သီးကိုသာ မြှောက်လိုက်၏။ သူက ထိုမျှလောက်အထိ တုပိုင်ကို အထင်သေးနေသည်။

ချက်ချင်းပင် ပြင်းထန်လှသော စွမ်းအားများက သူ၏ လက်သီးပေါ်တွင် အုံခဲစုစည်းသွားပြီး မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များက လေထုထဲသို့ ထွက်ပေါ်လာသည်။

ယန်ကျူးက တုန်လှုပ်ဖွယ်ရာ ကောင်းလှသော လက်သီးတစ်ချက်နှင့်အတူ တုပိုင်ထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့၏။

ဤလက်သီးချက်မှ ထွက်ပေါ်လာသော အရှိန်မှာ အသံထက် နှစ်ဆကျော် မြန်ဆန်နေပြီး လေထုကိုပါ ပေါက်ကွဲသွားစေကာ ၊ ပြွန်ဝမှ ကြမ်းတမ်းစွာ ပစ်ခတ်လိုက်သော အမြောက်ဆံတစ်လုံးကဲ့သို့ ရှိနေ၏။

တုပိုင်ကလည်း နောက်သို့ဆုတ်မသွားဘဲ သူ၏ စွမ်းအားအားလုံးကို စုစည်းကာ လက်သီးဖြင့် မျက်နှာချင်းဆိုင် ပြန်လည်ရင်ဆိုင်လိုက်သည်။

"ဝုန်းးး"

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုက မျှော်စင်အတွင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

အစွမ်းထက်သော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက အရပ်မျက်နှာအနှံ့ တိုက်ခတ်သွားပြီး စူးရှသော အလင်းရောင်များက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ထိုလက်သီးနှစ်ချက်သည် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားသော ဥက္ကာပျံနှစ်လုံးအလား ပြင်းထန်စွာ တွေ့ဆုံသွားကြပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာစေသည်။

ထို့နောက်တွင်တော့ တုပိုင်မှာ ခြေလှမ်းများ ယိုင်နဲ့သွားကာ မီတာဆယ်ဂဏန်းကျော်အထိ နောက်သို့ ဆုတ်သွားရ၏။ ကြမ်းပြင်ပေါ်တွင် သူ၏ ခြေရာများက နက်ရှိုင်းစွာ ထင်ကျန်ရစ်ခဲ့သည်။

ယန်ကျူးမှာမူ ရှစ်မီတာခန့်သာ နောက်သို့ ဆုတ်သွားရသည်။ အကြွင်းမဲ့ ခွန်အားပိုင်းကို ယှဉ်ကြည့်မည်ဆိုပါက ယန်ကျူးသည် တုပိုင်ထက် ပို၍ သာလွန်နေကြောင်း သိသာထင်ရှားလှသည်။

ယန်ကျူးက အထင်အမြင်သေးစွာ မှတ်ချက်ချလိုက်ပြီး ဆက်လက်၍ ခြိမ်းခြောက်လိုက်လေသည်။ "မဆိုးပါဘူး... မင်းက ငရဲမျှော်စင်ရဲ့ ပထမအထပ်နဲ့ ဒုတိယအထပ် စမ်းသပ်မှုတွေကို အောင်မြင်ထားတာကိုး။ မင်းမှာလည်း ကျောက်သလင်းခန္ဓာကိုယ် ရှိနေတာပဲ။ ဒါပေမဲ့ မင်းရဲ့ ခွန်အားက ငါ့ထက် အများကြီး နိမ့်ကျနေတုန်းပဲ။ ခုနက လက်သီးချက်က ငါ့အစွမ်းရဲ့ ၆၀ ရာခိုင်နှုန်းပဲ သုံးထားတာ။ နောက်တစ်ချက်ဆိုရင်တော့ ငါ့ရဲ့ အစွမ်း ၁၀၀ ရာခိုင်နှုန်း အပြည့်သုံးတော့မှာ။ မင်းရဲ့ ကျောက်သလင်းခန္ဓာကိုယ်ကြီးလည်း ခံနိုင်ရည်ရှိမှာ မဟုတ်တဲ့အတွက် အရိုးတွေကျိုးပြီး သေဖို့သာ ပြင်ထားပေတော့"

ယန်ကျူးသည်လည်း ငရဲမျှော်စင်၏ ပထမသုံးထပ် စမ်းသပ်မှုများကို ပြီးမြောက်ထားသူဖြစ်ပြီး ၊ ပထမအထပ်နှင့် ဒုတိယအထပ်မှာ တုပိုင်နှင့် ဖြတ်သန်းမှုခြင်း တူညီပေသည်။

ထို့ကြောင့် သူသည်လည်း အလွန်တရာ အစွမ်းထက်သော ကျောက်သလင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အံ့မခန်း စွမ်းအားများလည်း ရှိနေသည်။ ထို့အပြင် သူသည် ဆယ်နှစ်ကျော်ကြာ ကျင့်ကြံခဲ့ပြီး အိပ်မက်ဆိုး အက်ကွဲကြောင်းထဲတွင်လည်း နှစ်အတန်ကြာ ကျင့်ကြံခဲ့ဖူးရာ သူ၏ ပကတိ ခွန်အားပိုင်းမှာ တုပိုင်ထက် နှစ်ဆခန့် ပိုများနေခြင်း ဖြစ်၏။

နောက်ထပ် လက်သီးချက်အတွက် သူသာ အစွမ်းကုန် အသုံးပြုလိုက်မည်ဆိုလျှင် တုပိုင် အပြင်းအထန် အထိနာသွားမည်မှာ အသေအချာပင်။

ယန်ကျူးက ရုတ်တရက် ကျားရိုင်းတစ်ကောင်အလား ဟိန်းဟောက်လိုက်သည်။ "သေစမ်း..."

သူ၏ လက်သီးပေါ်တွင် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ အားလုံး စုစည်းသွားပြီးနောက် သူ၏ လက်သီးထံမှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

လက်သီးချီစွမ်းအင်... ဤသည်မှာ ပကတိခွန်အားဖြင့် ဖန်တီးထားသည့် ရွှေရောင် လက်သီးချီစွမ်းအင်ပင် ဖြစ်လေ၏။

ဤလက်သီးချက်သာ ထိမှန်သွားပါက တုပိုင်၏ အရိုးတစ်ချောင်းနှစ်ချောင်းခန့် ကျိန်းသေပေါက် ကျိုးသွားနိုင်ပေလိမ့်မည်။

"ဝုန်းးးးး"

ယန်ကျူး သူ၏ အစွမ်းကုန် ခွန်အားများဖြင့် တုန်လှုပ်ဖွယ်ရာ အရှိန်အဟုန်နှင့်အတူ အရူးအမူး ထိုးနှက်လိုက်တော့၏။

ထိုလက်သီးချက်၏ အရှိန်မှာ အသံထက် သုံးဆအထိ မြန်ဆန်လွန်းလှပြီး လေထုကပင် ပွတ်တိုက်မှုကြောင့် မီးဟုန်းဟုန်း တောက်လောင်လုမတတ် ဖြစ်သွားရသည်။

ယခု လက်သီးချက်ကို တုပိုင် သေချာပေါက် တောင့်ခံနိုင်မည်မဟုတ်ဟု အပြင်ဘက်ရှိ လူတိုင်းက ခံစားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင်က ပထမလက်သီးချက်တွင် ယန်ကျူးက သူ၏ အစွမ်း ၆၀ ရာခိုင်နှုန်းသာ အသုံးပြုခဲ့သော်လည်း တုပိုင်မှာ မီတာဆယ်ဂဏန်းကျော်အထိ လွင့်ထွက်သွားခဲ့ရသောကြောင့်ပင်။

ယန်ကျူး၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး သူ၏ ရွှေရောင်လက်သီးမှာ ချက်ချင်းဆိုသလိုပင် အနီးသို့ ရောက်ရှိလာကာ တုပိုင်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာတော့၏။

ထိုအခိုက်အတန့်တွင် တုပိုင်၏ မျက်ဝန်းများက ရုတ်တရက် စူးရှတောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။

"ချုပ်နှောင်ခြင်း နည်းစနစ်..." ခပ်တိုးတိုး ရေရွတ်သံတစ်ခု တုပိုင်၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပင် လေထဲတွင် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ယန်ကျူး၏ ခန္ဓာကိုယ်ကြီးမှာ မမြင်ရသော ဧရာမ လက်ကြီးတစ်ခုက ဆုပ်ကိုင်လိုက်သည့်အလား နေရာ၌ပင် လုံးဝ ရပ်တန့်သွားပြီး အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ချေ။

အံ့ဩဖွယ်ရာ မြင်ကွင်းပင်ဖြစ်၏။ အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ် လူအများအပြားမှာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြလေ၏။

လူတိုင်း အံ့ဩမှင်သက်သွားကြသည်။ ဤတုပိုင်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရာ၌ အားကြီးမားရုံသာမက စိတ်ဝိညာဉ် ကျင့်ကြံခြင်းတွင်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်လော။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၅ + ၉၀၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters