← Chapters

အခန်း (၉၀၇-၉၀၈)

Vol. 91 Ch. 907-908

အခန်း (၉၀၇-၉၀၈)

Vol. 91 Ch. 907-908

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၇ + ၉၀၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ယန်ကျူး၏ ခွန်အားမှာ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းလှသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်းအဆင့်မှာမူ အဆင့် ၁၉ တွင်သာ ရှိနေသေး၏။ တုပိုင်၏ အဆင့် ၅၉ နှင့် နှိုင်းယှဉ်လိုက်ပါက ကောင်းကင်နှင့် မြေကြီးအလား အလွန်တရာ အလှမ်းကွာဝေးလွန်းနေသည်။ ထို့ကြောင့်ပင် သူ၏ ဧရာမကိုယ်လုံးကြီးသည် မမြင်ရသော ကြီးမားလှသည့် အင်အားတစ်ရပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အလား ချက်ချင်းဆိုသလိုပင် ရေခဲတုံးကြီးတစ်ခုကဲ့သို့ အေးခဲရပ်တန့်သွားရလေတော့၏။

ထိုအခြေအနေကို ဘေးတွင် ရပ်ကြည့်နေသော ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ဆိုမို မြင်တွေ့လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များက အထင်အသေးဖြင့် ကွေးညွတ်သွားသည်။ သူက သူ၏ လက်တစ်ဖက်ကို လေထဲတွင် အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် တုပိုင် အားထုတ်ထားသော စိတ်ဝိညာဉ်ချုပ်နှောင်ခြင်း နည်းစနစ်ကို ဖန်ခွက်တစ်လုံးအား ရိုက်ခွဲလိုက်သကဲ့သို့ အလွယ်တကူပင် ချိုးဖျက်ပစ်လိုက်လေ၏။

ချုပ်နှောင်မှုမှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ယန်ကျူး၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြန်လည်လှုပ်ရှားနိုင်သွားပြီး အနောက်သို့ အံ့မခန်း လျင်မြန်သော အရှိန်ဖြင့် မီတာဆယ်ဂဏန်းခန့် ဆုတ်ခွာသွားတော့သည်။ သူ၏ စူးရှသော မျက်လုံးများက တုပိုင်အား အပြည့်အဝ သတိထားလျက် စောင့်ကြည့်နေလေ၏။

စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုများဆိုသည်မှာ ပုံစံမဲ့ဖြစ်ပြီး ကာကွယ်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှပေသည်။ အထူးသဖြင့် ဤကဲ့သို့ ကောင်းကင်ဘုံ၏ စည်းမျဉ်းများကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသော ချုပ်နှောင်ခြင်းနည်းစနစ်မျိုးဆိုလျှင် ပို၍ပင် အန္တရာယ်ကြီးမားလှပြီး တစ်ချက်ကလေး ပေါ့ဆမိသည်နှင့် အသက်ဝိညာဉ်ပါ လွင့်စဉ်သွားနိုင်ချေရှိ၏။

ထိုစဉ် ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ်ထံမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာလေသည်။ “အစ်ကိုယန်ကျူး... သူ့ကို ရဲရဲဝံ့ဝံ့သာ သတ်ပစ်လိုက်စမ်းပါ။ သူ့စိတ်ဝိညာဉ်စွမ်းအားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျွန်တော့်ကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအား လွှမ်းခြုံမှုအောက်မှာ သူ ခင်ဗျားကို ထပ်ပြီး ချုပ်နှောင်ထားနိုင်မှာ မဟုတ်တော့ဘူး”

ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ဆိုမိုသည် စိတ်ဝိညာဉ်စွမ်းအားကို အဓိကထား၍ ကျင့်ကြံသူတစ်ဦး ဖြစ်လေ၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအား အဆင့်မှာ အံ့မခန်းဖွယ်ရာ အဆင့် ၆၅ သို့ပင် ရောက်ရှိနေပြီဖြစ်ကာ တုပိုင်ထက် ၆ ဆင့်တိတိ ပို၍ မြင့်မားနေလေသည်။ သာမန်အားဖြင့် တစ်ဆင့်ကွာခြားလျှင်ပင် အနိုင်ယူရန် ခက်ခဲလှသည်ဖြစ်ရာ ၆ ဆင့်ဆိုသည်မှာ လုံးဝကို ကျော်လွှား၍ မရနိုင်သော တောင်တန်းကြီးတစ်ခုအလားပင် ဖြစ်တော့၏။

စကားဆုံးသည်နှင့် ဆိုမိုသည် ထူးခြားဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်နေသည့် ကျောက်မျက်ရတနာ တစ်ပွင့် စီခြယ်ထားသော လမ်းလျှောက်တုတ်တစ်ချောင်းကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ရုတ်တရက် ထုတ်ယူလိုက်၏။ ချက်ချင်းဆိုသလိုပင် မျက်စိဖြင့် မမြင်နိုင်သော ကြီးမားလှသည့် စိတ်ဝိညာဉ်စွမ်းအားများက ပင်လယ်ရေလှိုင်းများအလား ရိုက်ခတ်လာပြီး ယှဉ်ပြိုင်ရေးမျှော်စင် ဧရိယာတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားလေတော့သည်။

ယန်ကျူး၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲလာပြီး တုပိုင်အား ရက်စက်စွာ စိုက်ကြည့်လိုက်လေ၏။ ထို့နောက် သူ၏ ကျောဘက်ရှိ ဧရာမ ဓားကြီးကို ရွှမ်းခနဲ ဆွဲထုတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ အစောကကဲ့သို့ လက်သီးသက်သက်ကိုသာ အသုံးပြုနေရန် မလိုအပ်တော့ချေ။ သူသည် အရှက်ကွဲခဲ့ရမှုအတွက် ရှေ့မှ ရန်သူတော် တုပိုင်အား အပိုင်းပိုင်းခုတ်ထစ်ကာ အသားစများကို ခွေးကျွေးပစ်တော့မည် ဖြစ်၏။

“သေစမ်း... သေလိုက်စမ်းကွာ...” ယန်ကျူးက သားရဲတစ်ကောင်အလား ဟိန်းဟောက်ကြွေးကြော်လိုက်ပြီး သူ၏ ဧရာမ ဓားကြီးကို ဝှေ့ယမ်းလျက် တုပိုင်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားလေတော့၏။

ဤတစ်ကြိမ် သူ၏ တိုက်ခိုက်မှုတွင် ထုတ်ဖော်လိုက်သည်မှာ သာမန် ခွန်အားသက်သက် မဟုတ်တော့ပေ။ သတ္တမအဆင့် သိုင်းသူတော်စင် တစ်ဦး၏ အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ဖြစ်သော ပြင်းထန်လှသည့် အတွင်းအား ရွှမ်းချီစွမ်းအင်များက ဓားသွားထက်တွင် အပြည့်အဝ စီးဆင်းလွှမ်းခြုံနေလေ၏။ လေထုကြီးတစ်ခုလုံးပင် ထိုဓားချက်၏ အရှိန်ကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရသည်။

ထိုသို့ ပြေးဝင်လာသော ယန်ကျူးအား ကြည့်ကာ တုပိုင်က သူ၏ နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်ပြန်၏။

“ချုပ်နှောင်ခြင်း နည်းစနစ်...”

သို့သော်လည်း သူ၏ မျှော်လင့်ချက်များကား အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။ တုပိုင်၏ စွမ်းအားများသည် လုံးဝ အရာမထင်ခဲ့ချေ။ ဆိုမို၏ လွှမ်းခြုံထားသော စိတ်ဝိညာဉ်စွမ်းအားများက ပိုမို အစွမ်းထက်လွန်းနေပြီး တုပိုင်၏ တိုက်ခိုက်မှု မှန်သမျှကို အစမဖော်နိုင်အောင် ဖိနှိပ်ထားနိုင်သောကြောင့်ပင် ဖြစ်၏။ ဤရုပ်သေးမျိုးနွယ်စုမှ ဆိုမိုဆိုသော လူသည် တကယ်ကိုပင် ကောက်ကျစ်စဉ်းလဲလှပေသည်။

သူ၏ နည်းစနစ် အလုပ်မလုပ်တော့ကြောင်း သိလိုက်သည်နှင့် တုပိုင်သည်လည်း အချိန်ဆွဲမနေတော့ဘဲ သူ၏ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် ယန်ကျူးနှင့် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့၏။ ဤတိုက်ပွဲတွင် မည်သည့် လှည့်ကွက် ၊ မည်သည့် ပရိယာယ်မှ မပါဝင်တော့ချေ။ အကြွင်းမဲ့ ခွန်အားနှင့် ရွှမ်းချီစွမ်းအင်တို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်မှု သက်သက်သာ ဖြစ်လေ၏။

ယှဉ်ပြိုင်ရေးမျှော်စင် တစ်ခုလုံးတွင် ဓားချင်း ရိုက်ခတ်သံများနှင့်အတူ တောက်ပနေသော ဓားရိပ်များနှင့် အလင်းတန်းများက ချက်ချင်းဆိုသလို ထွက်ပေါ်လာလေသည်။ သူတို့ နှစ်ဦး၏ ဓားချက်တစ်ခုစီတိုင်းမှ မီတာအနည်းငယ်ခန့် ရှည်လျားသော ရက်စက်ခက်ထန်လှသည့် ဓားချီစွမ်းအင်များနှင့် ဓားအလင်းတန်းများက အရပ်မျက်နှာ အနှံ့သို့ လွင့်စင်ထွက်ပေါ်လာပြီး အလင်းနှင့် အရိပ်များ အချိုးကျစွာ ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေတော့၏။

ဤပြင်းထန်လှသော တိုက်ပွဲသည် ခိုင်ခံ့လှသည့် ယှဉ်ပြိုင်ရေးမျှော်စင် အတွင်း၌သာ ဖြစ်ပွားနေ၍ တော်သေး၏။ ထိုသို့မဟုတ်ဘဲ အပြင်ဘက်တွင်သာဆိုပါက အနီးအနားရှိ အဆေက်အအုံများ ၊ ပန်းများနှင့် သစ်ပင်များ အားလုံးသည် ရက်စက်လှသော ဓားရိပ်အလင်းတန်းများကြားတွင် တစ်စစီ ပြတ်တောက်ကာ မြူမှုန့်အဖြစ်သို့ပင် ချက်ချင်း ပြောင်းလဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲ အသေအချာပင် ဖြစ်လေ၏။

သူတို့နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းကွက်ပေါင်း ရာနှင့်ချီသည်အထိ မရပ်မနား တိုက်ခိုက်ခဲ့ကြ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တုပိုင်မှာ အနည်းငယ် အရေးနိမ့်လာသည်။

အကြောင်းမူကား သူ၏ အတွင်းအား ကျင့်ကြံခြင်းအဆင့်မှာ ယန်ကျူးထက် တစ်ဆင့်တိတိ နိမ့်ကျနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း ယန်ကျူးထက် တစ်ဝက်ခန့် လျော့နည်းနေသောကြောင့်ပင် ဖြစ်၏။

ယန်ကျူးက အထက်စီးမှနေ၍ အားရပါးရ ရယ်မောလျက် ခြိမ်းခြောက်လိုက်လေသည်။ “ဟားဟားဟား... မင်းက ဘယ်လိုပဲ ရုန်းကန်နေပါစေ ငါ့ပြိုင်ဘက် မဟုတ်ပါဘူးကွာ။ ဒီအတိုင်း ဆက်တိုက်နေရင် အကွက်ပေါင်း တစ်ထောင်လောက်မှာ မင်း ရှုံးပြီးသားပဲ။ ဒါပေမဲ့ ငါက အကွက်တစ်ထောင်အထိ အချိန်မဆွဲနိုင်ဘူး။ ဆယ်ကွက်အတွင်း မင်း အသတ်ခံရတော့မယ်”

စကားဆုံးသည်နှင့် ယန်ကျူးက ရက်စက်စွာ ဟိန်းဟောက်လိုက်၏။

“သားရဲသွေး ဆူပွက်ခြင်း...”

ချက်ချင်းဆိုသလိုပင် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မူလကထက် နှစ်ဆခန့် ပိုမို ကြီးမားထွားကျိုင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော အနီရောင် အလင်းတန်းတစ်ခုက သူ၏ တစ်ကိုယ်လုံးမှ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေတော့သည်။

သားရဲသွေး ဆူပွက်ခြင်းဆိုသည်မှာ မိမိ၏ ခန္ဓာကိုယ်ကို ပေးဆပ်ကာ သိုင်းပညာကျင့်ကြံခြင်းအဆင့်ကို အချိန်တိုအတွင်း ချက်ချင်း မြှင့်တင်ပေးနိုင်သည့် အခြားကမ္ဘာမှ ဆင်းသက်လာသော အလွန်တရာ အန္တရာယ်များသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယန်ကျူး၏ ခွန်အားနှင့် ရွှမ်းချီစွမ်းအင်တို့မှာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် အဆမတန် မြင့်တက်လာပြီး ကြီးမားလှသော တောင်တန်းကြီးတစ်ခု ဖိချလိုက်သည့်အလား ဧရာမ ဖိအားကြီးဖြင့် တုပိုင်ထံသို့ သက်ဆင်းလာတော့၏။

ယန်ကျူးသည် လုံးဝကို ရူးသွပ်ကြမ်းတမ်းသော သွေးဆာနေသည့် သားရဲတစ်ကောင်၏ အခြေအနေသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူက ကဏ္ဍစုံတွင် တုပိုင်အား အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့ရာ ဤတိုက်ပွဲ၌ တုပိုင် ကျိန်းသေပေါက် ရှုံးနိမ့်တော့မည်ကို အပြင်ဘက်မှ ကြည့်ရှုနေသော လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့နေရလေ၏။

သို့သော်လည်း... အရာအားလုံး အဆုံးသတ်တော့မည်ဟု ထင်မှတ်ရသော ထိုအချိန်လေး၌ပင်....တုပိုင်၏ လက်မောင်းများမှာ ရုတ်တရက်ဆိုသလို ပြင်းထန်သော အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဒဏ္ဍာရီလာ ဖီးနစ်ငှက်တစ်ကောင်၏ အတောင်ပံများအလား ကြီးမားခန့်ညားစွာ ဖြစ်ပေါ်လာလေ၏။ ထို့နောက် ထိုအနီရောင် လက်မောင်းများကို လေထဲသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

“ဝုန်းးး” ရုတ်တရက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မီးတောက်အစုအဝေးတစ်ခုက တုပိုင်၏ ခန္ဓာကိုယ်မှနေ၍ အကြမ်းပတမ်း ပေါက်ကွဲထွက်ပေါ်လာတော့၏။ အပူချိန် ဒီဂရီ သောင်းဂဏန်းမျှရှိသော ငရဲမီးအလား ပြင်းထန်လှသည့် ထိုမီးတောက်များသည် တိုးဝင်လာသော ယန်ကျူး၏ ခန္ဓာကိုယ်အား ချက်ချင်းဆိုသလိုပင် အပြည့်အဝ လွှမ်းခြုံသွားလေတော့သည်။

ဤမိစ္ဆာဖီးနစ် မီးတောက်သည် သာမန်မီးတောက်မဟုတ်ပေ။ လီဝမ်ဝမ်၏ ကိုယ်ပွားထံမှ တုပိုင် ခက်ခဲစွာ ကူးယူထားခဲ့သော ထိပ်တန်း တိုက်ခိုက်ရေးနည်းစနစ် ဖြစ်၏။ အစစ်အမှန် မိစ္ဆာဖီးနစ် မီးတောက်များနှင့် မယှဉ်နိုင်သေးသော်ငြား သာမန်ကျင့်ကြံသူများအတွက်မူ အလွန်တရာ အံ့မခန်းဖွယ် ကောင်းနေဆဲပင် ဖြစ်လေသည်။

“အားးး အားးး” မီးတောက်များကြားမှ ယန်ကျူး၏ အသည်းခိုက်မတတ် နာကျင်စွာ အော်ဟစ်သံကြီးက ထွက်ပေါ်လာလေ၏။ သူ၏ ကျောက်သလင်းကဲ့သို့ မာကျောသော ခန္ဓာကိုယ်မှာ မူလက အလွန်အမင်း သန်မာပြီး ဤကဲ့သို့ အပူချိန်မြင့်မားသော မီးတောက်များကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိသည်။

သို့သော် သူ အသုံးပြုလိုက်သော သားရဲသွေး ဆူပွက်ခြင်း လျှို့ဝှက်နည်းစနစ်က သူ၏ ခွန်အားနှင့် ရွှမ်းချီစွမ်းအင်ကို အဆမတန် မြှင့်တင်ပေးလိုက်သော်ငြား နောက်ဆက်တွဲအနေဖြင့် ကာကွယ်ရေးစွမ်းအားကိုမူ အောက်ဆုံးအဆင့်အထိ လျော့ကျသွားစေခဲ့ရာ တုပိုင်၏ ပြင်းထန်လှသော မိစ္ဆာဖီးနစ် မီးတောက်များအား လုံးဝ ခံနိုင်ရည်မရှိတော့ချေ။

“ဝုန်းးး” ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ယန်ကျူး၏ ဧရာမ ကိုယ်လုံးကြီးသည် အမြောက်ဆံတစ်လုံးကဲ့သို့ အနောက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွားပြီး မီးတောက်များကြားထဲမှ အသည်းအသန် ရုန်းထွက်သွားလေ၏။ သို့သော် ဇီးရိုးဒသမတစ်စက္ကန့်အောက်ပင် နည်းပါးသော ထိုအချိန်တိုလေးအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းခံလိုက်ရမှုကြောင့် အရုပ်ဆိုး အကျည်းတန်လှသည့် အမာရွတ်ကြီးများက တစ်ကိုယ်လုံး အနှံ့ ထင်ကျန်သွားရ၏။

ဤမထင်မှတ်ထားသော ပြောင်းလဲမှုကြောင့် ယန်ကျူးသာမက ဘေးတွင် အေးဆေးစွာ ရပ်ကြည့်နေသော ဆိုမိုပင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။ တုပိုင်သည် ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ရွှမ်းချီစွမ်းအင်တို့တွင် တုပိုင်က ယန်ကျူးကို မယှဉ်နိုင်သော်ငြား သူ၏ အလွန်မြင့်မားသော စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဤကဲ့သို့ အံ့မခန်း ပြင်းထန်လှသော မီးတောက်များကို ထုတ်လွှတ်နိုင်ခဲ့လေသည်။

ဆိုမိုက မျက်မှောင်ကြုတ်ကာ အေးစက်စက် မှတ်ချက်ချလိုက်၏။ “အားကောင်းတဲ့ မီးတောက်ပဲ။ ဒါပေမဲ့... လုံးဝ အသုံးမဝင်ဘူး”

စကားဆုံးသည်နှင့် ဆိုမို၏ ညာဘက်လက်မှာ ချက်ချင်းဆိုသလိုပင် တောက်ပသော အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားကာ အလွန်တရာ အေးစက်လှသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ရာ အအေးစွမ်းအင်များက သူ၏ လက်မှနေ၍ ရူးသွပ်စွာ ထွက်ပေါ်လာတော့၏။ ချက်ချင်းပင် အနီးဝန်းကျင်ရှိ လေထု၏ အပူချိန်မှာလည်း အလွန်အမင်း ကျဆင်းသွားလေတော့သည်။

တုပိုင်၏ မိစ္ဆာဖီးနစ်မီးတောက်များမှာ လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း ယခုအခါတွင်မူ အပူရှိန် လုံးဝ မရှိတော့သလို ရန်သူကို သေစေနိုင်လောက်သော စွမ်းအားလည်း အလျဉ်းမရှိတော့ဘဲ ဆိုမို၏ ထိုအအေးစွမ်းအင်ကြောင့် လုံးဝ အေးခဲပျက်ပြယ်သွားရလေတော့၏။

ဆိုမိုက လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်၏။ “ဆောရီးပဲ... ငါ့လေအေးက မင်းရဲ့မီးတောက်တွေကို အပြည့်အဝ ဖိနှိပ်ထားနိုင်တယ်”

ထို့နောက် သူက အမာရွတ်များဖြင့် ဒဏ်ရာရနေသော ယန်ကျူးဘက်သို့ လှည့်ကြည့်ကာ အကြံပြုလာလေသည်။

“အစ်ကိုယန်ကျူး... ငါတို့နှစ်ယောက် ပူးပေါင်းပြီး ဒီကောင်ကို အရင်ရှင်းပစ်ကြရင်ရော ဘယ်လိုလဲ။ ပြီးမှ ငါတို့နှစ်ယောက် အဆုံးအဖြတ် ခံယူကြတာပေါ့”

ထိုစကားကို ကြားလိုက်ရသောအခါ အပြင်ဘက်ရှိ ကြည့်ရှုနေသူ အားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြလေ၏။ ယန်ကျူးနှင့် ဆိုမိုတို့၏ ကျင့်ကြံခြင်းအဆင့်မှာ တုပိုင်ထက် အစောကြီးကတည်းက မြင့်မားနေသည်ကိုပင် ယခုလို ပူးပေါင်း၍ သတ်ဖြတ်ကြမည်တဲ့လား။ ဤသည်က အနိုင်ကျင့်လွန်းရာ ၊ ယုတ်မာလွန်းရာ ကျလွန်းနေပေသည်။

ဧကရာဇ်ထိုက်ခန်ပင်လျှင် မခံမရပ်နိုင်ဖြစ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒါက လုံးဝကို တရားမျှတမှု မရှိပါဘူး”

သို့သော် အမြင့်ဆုံးနေရာတွင် ထိုင်နေသော မဟာအိပ်မက်ဆိုးကမူ ပေါ့ပေါ့ပါးပါးပင် မိန့်ကြားလိုက်သည်။ “ထိုက်ခန်... ဒီကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာ ရှိဖူးလို့လား။ ဘာနည်းလမ်းပဲသုံးသုံး၊ ဘယ်လိုပဲ ယုတ်မာပါစေ... ယှဉ်ပြိုင်ရေးမျှော်စင်ထဲကနေ အသက်ရှင်လျက် နောက်ဆုံးထွက်လာနိုင်မယ့်လူက မင်းသမီး ရန်ယဲ့ရှောင်ရဲ့ ခင်ပွန်းလောင်းပဲလို့ ငါကိုယ်တော် အစောကတည်းက ပြောခဲ့ပြီးပြီလေ”

မှန်ပေ၏။ မူလကတည်းက အားနည်းသူကို အားကြီးသူက အနိုင်ကျင့်ကာ သွေးထွက်သံယိုမှုများဖြင့် ရက်စက်ကြမ်းကြုတ်လှသော ဤသိုင်းပညာလောကကြီးတွင် ယခုလို ကမ္ဘာပျက်ကပ် ကာလကြီးကို ရောက်နေချိန်၌ တရားမျှတမှုဆိုသည်မှာ ပြောစရာ စကားပင် မဟုတ်တော့ချေ။ နှစ်ယောက်ပေါင်း၍ တစ်ယောက်ကို အနိုင်ကျင့် တိုက်ခိုက်ခြင်းက ဘာဆန်းသနည်း။

ယှဉ်ပြိုင်ရေးမျှော်စင် အတွင်း၌မူ... ယန်ကျူးနှင့် ဆိုမိုတို့သည် သူတို့၏ မျက်စိရှေ့မှ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သော တုပိုင်အား အရင်ဆုံး ရှင်းလင်းပစ်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။

ဆိုမိုက ပေါ့ပေါ့ပါးပါး အမူအရာဖြင့်ပင် မိတ်ဆက်လိုက်၏။ “မင်းနာမည် တုပိုင် မလား။ စကားမစပ်... ငါက အဋ္ဌမအဆင့် သိုင်းသူတော်စင် တစ်ယောက်ဖြစ်သလို အဆင့် ၆၅ ဝိညာဉ်ဆရာသခင် တစ်ယောက်လည်း ဖြစ်တယ်”

သိုင်းပညာ ကျင့်ကြံခြင်း၌ဖြစ်စေ.၊ စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံခြင်း၌ဖြစ်စေ ရုပ်သေးမျိုးနွယ်စု၏ ခေါင်းဆောင်ငယ်သည် တုပိုင်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။ ထို့နောက် သူနှင့် ယန်ကျူးတို့သည် ယှဉ်တွဲလျက် တုပိုင်ထံသို့ သေမင်းတမန်များအလား ဖြည်းညင်းစွာ လျှောက်လှမ်းလာကြလေ၏။

ဆိုမိုက တုပိုင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာရင်း ဖြည်းညင်းစွာ ဆက်ပြောလေသည်။ “ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် အများကြီး မြင့်နေတာတောင် ငါတို့နှစ်ယောက်ပေါင်းပြီး မင်းကို သတ်မှာဆိုတော့ အတော်လေးကို တရားမျှတမှု မရှိဘူးပေါ့။ ဒါပေမဲ့ တောင်းပန်ပါတယ်။ ဒီကမ္ဘာပေါ်မှာ တရားမျှတမှု ဆိုတာမှ မရှိတာပဲ။ ဒီကစားပွဲအတွက် ဒီလိုသေရမယ့် ကံကြမ္မာကို မင်း လည်စင်းပြီး လက်ခံရမှာပဲ”

ယန်ကျူး၏ အမာရွတ်များ ထင်နေသော ဧရာမ ခန္ဓာကိုယ်ကြီးမှာ သားရဲသွေး ဆူပွက်နေဆဲ အခြေအနေတွင် ရှိနေသေးပြီး သူ၏ ရွှမ်းချီစွမ်းအင်များမှာလည်း တိုက်ခိုက်ရန်အတွက် အမြင့်ဆုံးအထိ စုစည်းထားလေ၏။ တစ်ချိန်တည်းမှာပင် ဆိုမို၏ ဘယ်ဘက်လက်မှ အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ကာ တုပိုင်၏ ချုပ်နှောင်ခြင်းနည်းစနစ်ကို အပြည့်အဝ ဖိနှိပ်ထားလိုက်သည်။ ထို့အပြင် ညာဘက်လက်မှ မြေအောက်ကမ္ဘာ လေအေးများကလည်း တုပိုင်၏ မီးတောက်များကို အချိန်မရွေး ငြိမ်းသတ်ပစ်နိုင်ရန် အသင့်ရှိနေရုံသာမက တုပိုင်အား အသက်ရှင်လျက် အေးခဲသေဆုံးသွားစေနိုင်စွမ်း ရှိနေလေ၏။

ဆိုမို ခြေတစ်လှမ်းချင်း ချဉ်းကပ်လာသည်နှင့်အမျှ အနီးဝန်းကျင်ရှိ လေထု၏ အပူချိန်မှာ တဖြည်းဖြည်း ပို၍ ဆိုးရွားစွာ ကျဆင်းလာသည်ကို တုပိုင် ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတုံးကြီးအလား အေးခဲသွားသကဲ့သို့ ဖြစ်လာတော့၏။

အကြောင်းမူကား ဆိုမို၏ ကြောက်မက်ဖွယ် အအေးစွမ်းအင်များမှာ သူ့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထား၍ အာရုံစိုက် တိုက်ခိုက်နေသောကြောင့် ဖြစ်ပြီး ဘေးရှိ ယန်ကျူးမှာမူ ထိုလေအေးဒဏ်ကို လုံးဝ မခံစားရဘဲ အကောင်းပကတိ ရှိနေလေသည်။

ဆယ်လှမ်း ၊ ကိုးလှမ်း ၊ ရှစ်လှမ်း... သေမင်း၏ ခြေသံများကဲ့သို့ သူတို့နှစ်ဦးသည် တုပိုင်နှင့် ပို၍ပို၍ နီးကပ်လာကြသည်။ သူတို့နှင့် တုပိုင်ကြား အကွာအဝေးမှာ သုံးလှမ်းခန့်သာ ကျန်ရှိတော့သည့် အချိန်တွင်မူ တုပိုင်၏ ခန္ဓာကိုယ်မှာ ဧရာမ ရေခဲတုံးကြီးအလား အပြည့်အဝ အေးခဲသွားခဲ့ပြီဖြစ်ပြီး လက်တစ်ချောင်းမျှပင် လုံးဝ လှုပ်ရှား၍ မရတော့ချေ။

ဆိုမိုက အေးစက်စွာဖြင့် အမိန့်ပေးလိုက်၏။ “သွား... သူ့ကို သတ်လိုက်တော့”

ယန်ကျူးက ရှေ့သို့ တစ်လှမ်း တက်လာပြီး လုံးဝ အေးခဲနေပြီဖြစ်သော တုပိုင်အား သူ၏ ဧရာမ ဓားကြီးဖြင့် အားကုန်လွှဲကာ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။

“ဝုန်းးး” ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်သံက မျှော်စင်အတွင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ တုပိုင်၏ အေးခဲနေသော ခန္ဓာကိုယ်မှာ ဧရာမဓားကြီး၏ ခုတ်ပိုင်းခြင်းကို တိုက်ရိုက် ခံလိုက်ရပြီးနောက် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ရေခဲအပိုင်းအစများအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲ လွင့်စင်သွားတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဆိုမို၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ဦး၏ သွေးအေးရက်စက်သော အပြုံးတစ်ခု ပေါ်လာလေ၏။ တုပိုင်ကို သတ်ရသည်က သူ ထင်ထားသည်ထက်ပင် အလွန် လွယ်ကူလွန်းနေသည် မဟုတ်ပါလား။

လက်ရှိ သိုင်းပညာလောကကြီးမှာ အလွန်တရာ ဆန်းကြယ်ရှုပ်ထွေးလှသည်။ ပြိုင်ဘက်၏ အဓိက တိုက်ခိုက်မှု နည်းလမ်းကိုသာ အသာစီးမှနေ၍ ကျော်လွှားနိုင်သွားပါက ထိုပြိုင်ဘက်အား သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေရသည်လောက်ပင် လွယ်ကူသွားပြီ ဖြစ်လေ၏။

ယခုဆိုလျှင် အကြီးမားဆုံး အဟန့်အတားဖြစ်သော တုပိုင် သေဆုံးသွားပြီဖြစ်ကာ ကျန်ရစ်သူ ယန်ကျူးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားပြီ ဖြစ်ရာ ဆိုမို အနေဖြင့် ဤယှဉ်ပြိုင်ပွဲတွင် ယန်ကျူးကို အလွယ်တကူ အနိုင်ယူပြီး အောင်ပွဲခံနိုင်ပြီ ဖြစ်သည်။

ဆိုမိုက အောင်ပွဲအတွက် ကြိုတင် ကျေနပ်နေရင်း တိုးတိုးလေး ရေရွတ်လိုက်လေ၏။ “မင်းသမီး ရန်ယဲ့ရှောင်... မင်းက ငါ့အပိုင်ပဲ”

နောက်တစ်စက္ကန့်တွင် သူ၏ ပြိုင်ဘက်မှာ ဒဏ်ရာရနေသော ယန်ကျူး ဖြစ်လာပြီမို့ ယန်ကျူးအား ပစ်မှတ်ထား ချုပ်နှောင်ရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်း လှည့်ပြောင်း၍ အသုံးပြုလိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် သူ၏ စိတ်ထဲတွင် တစ်ခုခု အကြီးအကျယ် မှားယွင်းနေကြောင်း အလိုလို ခံစားလိုက်ရ၏။ သူ အလျင်အမြန်ပင် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ... သူ၏ ကျောဘက် မီတာဆယ်ဂဏန်းခန့် အကွာတွင် သရော်လှောင်ပြောင်နေသည့် ခနဲ့တဲ့တဲ့ အပြုံးတစ်ခုနှင့်အတူ အကောင်းပကတိ မတ်တပ်ရပ်နေသော တုပိုင်ကို ခြောက်ခြားဖွယ်ရာ တွေ့လိုက်ရလေတော့သည်။

ဆိုမို၏ မျက်လုံးများက ပြူးကျယ်သွားပြီး အကြီးအကျယ် တုန်လှုပ်သွားကာ မယုံကြည်နိုင်သည့် အသံဖြင့် ရေရွတ်လိုက်မိတော့၏။ “ကိုယ်ပွားအတတ်ပညာလား...”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၇ + ၉၀၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters