အခန်း (၉၀၉-၉၁၀)
Vol. 91 Ch. 909-910
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၉ + ၉၁၀)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင်က နှုတ်ခမ်းထောင့်ကို တွန့်ကာ လှောင်ပြောင်သည့် အပြုံးတစ်ခုဖြင့် မေးလိုက်၏။ "ဘာလဲ... မမြင်ဖူးဘူးလား"
ထိုစကားကြောင့် ဆိုမို၏ မျက်နှာကြီ နီရဲသွားကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "မာန်တက်မနေနဲ့ကွ"
ထို့နောက် သူ၏ အလွန်အစွမ်းထက်လှသော စိတ်ဝိညာဉ်စွမ်းအားများက တုပိုင်ထံသို့ အရူးအမူး တိုက်ခိုက်လာတော့၏။ ထိုအေးစက်စူးရှလှသည့် စွမ်းအင်များသည် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ရေခဲဓားပျံများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားကာ တုပိုင်ထံသို့ ပြင်းထန်သောအဟုန်ဖြင့် ပစ်ခတ်ဝင်ရောက်လာလေတော့သည်။
"ပြင်းထန်ဆွဲငင်အား..."
တုပိုင်သည် ကောင်းကင်ဘုံ၏ စည်းမျဉ်းများကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသည့် ပြင်းထန်ဆွဲငင်အားတိုက်ခိုက်မှုနည်းစနစ်ကို ရက်စက်စွာပင် ထုတ်ဖော်လိုက်လေ၏။
ချက်ချင်းဆိုသလိုပင် လေထုထဲ၌ အဟုန်ပြင်းစွာ ပျံသန်းလာကြသော ရေခဲဓားများအပေါ် သက်ရောက်နေသည့် ဆွဲငင်အားသည် ရုတ်တရက် အဆပေါင်းထောင်ချီ၍ မြင့်တက်သွားလေရာ ရေခဲဓားတစ်လက်စီ၏ အလေးချိန်မှာ ကျင်းဝက်ခန့်မှသည် ကျင်းထောင်ချီအထိ အဆမတန် လေးလံသွားတော့၏။
ထိုမျှ ပြင်းထန်လှသော ဆွဲငင်အားကို မခံနိုင်တော့ဘဲ ရေခဲဓားများအားလုံးသည် လေထဲတွင်ပင် ချက်ချင်းဆိုသလို တစ်စစီ ကြွေမွပေါက်ကွဲသွားကြလေတော့သည်။
ယန်ကျူးက အရူးအမူး ဟိန်းဟောက်လိုက်၏။ "သေစမ်း... သေလိုက်စမ်းကွာ"
သူ၏ ခန္ဓာကိုယ်ကြီးမှာ အမြောက်ဆံတစ်လုံးပမာ ပြင်းထန်လျက် ဧရာမဓားကြီးကို ဝှေ့ယမ်းကာ တုပိုင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာတော့၏။ သူ၏ အရှိန်အဟုန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ခွန်အားများနှင့် သတ်ဖြတ်လိုစိတ်များက လေထုထဲ၌ အပြည့်အဝ လွှမ်းမိုးနေလျက်ရှိသည်။
သို့သော်ငြားလည်း တုပိုင်၏ အနီးသို့ ရောက်ရှိလာချိန်တွင်မူ သူ ခံစားလိုက်ရသော ဆွဲငင်အားမှာ ဆယ်ဆ ၊ ရာဆမှသည် ထောင်ဆအထိ အဆမတန် မြင့်တက်သွားလေတော့၏။
ယန်ကျူး၏ ခန္ဓာကိုယ်အလေးချိန်မှာ စုစုပေါင်း ကျင်း ၅၀၀ ရှိပြီး သူ၏ ဓားအလေးချိန်ကိုပါ ပေါင်းထည့်လိုက်လျှင် ကျင်းတစ်ထောင်တိတိ ရှိသည်။ ပြင်းထန်ဆွဲငင်အားသည် အဆပေါင်းထောင်ချီ၍ မြင့်တက်လာပြီးနောက် သူခံစားလိုက်ရသော အလေးချိန်မှာ ကျင်းတစ်သန်းကျော်အထိ ရောက်ရှိသွားလေရာ ဤသည်က သူ၏ ခံနိုင်ရည်ကန့်သတ်ချက်ကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ဤဖိအားကြောင့် သူသည် ချက်ချင်း သေဆုံးသွားမည် မဟုတ်သော်ငြား မပြိုလဲဘဲတော့ မနေနိုင်တော့ချေ။
သူ၏ တစ်ကိုယ်လုံးမှာ ထိုနေရာ၌ပင် ရေခဲတုံးကြီးတစ်တုံးအလား အေးခဲရပ်တန့်သွားရပြီး ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာများသည်လည်း ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ တစ်လက်မချင်းစီ ပြိုကျပျက်စီးသွားရလေတော့၏။
ဤသည်ကို မြင်လိုက်ရသော အပြင်ဘက်ရှိ လူအားလုံးမှာ လုံးဝကို အံ့အားသင့်မှင်သက်သွားကြရလေ၏။ ဆိုမိုသည်လည်း သူ၏ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေပြီး သူ၏ ရင်ထဲ၌ အဆုံးမဲ့ မနာလိုဝန်တိုမှုများ ပြည့်နှက်သွားတော့သည်။
ပြင်းထန်ဆွဲငင်အား နည်းစနစ်... ဤသည်က ကောင်းကင်ဘုံကို ဆန့်ကျင်နေခြင်းပင် မဟုတ်ပါလော။ ထိုအကောင်သည် ဤမျှ အစွမ်းထက်သော နည်းစနစ်ကို မည်သို့များ သင်ယူထားနိုင်ခဲ့သနည်း။
ဆိုမိုက ရင်ထဲမှနေ၍ ဟိန်းဟောက်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းကာ တုပိုင်ထံသို့ အရူးအမူး တိုက်ခိုက်လိုက်လေ၏။ "သေစမ်း... မင်းသေရမယ်... မင်း သေကိုသေရမယ်"
တုပိုင်က လက်ချောင်းများကို အသာအယာ ခေါက်ထုတ်လိုက်၏။
"စိတ်နှလုံးမိစ္ဆာ..."
ရုတ်တရက် ဆိုမိုမှာ အဝေးသို့ လွင့်ထွက်သွားရလေတော့သည်။
"အားး"
ထို့နောက် သူ၏ မျက်နှာတစ်ခုလုံး အလွန်အမင်း တွန့်လိမ်ရှုံ့မဲ့သွား၏။ ခန္ဓာကိုယ်သာမက ဝိညာဉ်တစ်ခုလုံးပါ အဆုံးမဲ့ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျနေသကဲ့သို့ ခံစားလိုက်ရပြီး အမှောင်ထုနှင့် နာကျင်မှုများ၏ လွှမ်းမိုးမှုကို အလူးအလဲ ခံလိုက်ရလေသည်။
"အားးး"
မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက် ဆိုမို၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကွေးကောက်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီကာ အကြောဆွဲနေတော့၏။ သူ၏ ဝိညာဉ်မှာ နစ်မြုပ်လုမတတ် ဖြစ်နေသည်။
ပြင်းထန်ဆွဲငင်အား နည်းစနစ်နှင့် စိတ်နှလုံးမိစ္ဆာ နည်းစနစ်တို့သည် တကယ်ကို ကောင်းကင်ဘုံ၏ စည်းမျဉ်းများကို ဆန့်ကျင်နိုင်လွန်းလှပေ၏။ ယန်ကျူးဖြစ်စေ ၊ ဆိုမိုဖြစ်စေ တစ်ကွက်တည်းနှင့် အပြတ်ရှင်းနိုင်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုမျိုးပင် ဖြစ်လေသည်။
တုပိုင်က ဖြည်းညင်းစွာ ကြေညာလိုက်ပြီးနောက် အပြင်ဘက်သို့ လျှောက်ထွက်သွားလိုက်လေ၏။ "ငါ နိုင်ပြီ... မင်းသမီး ရန်ယဲ့ရှောင်က ငါ့အပိုင်ပဲ"
**--**--**--**--**--**--**--**
တုရှောင် ၊ ဧကရာဇ်ထိုက်ခန်နှင့် အပြင်ဘက်ရှိ လူတိုင်းမှာ တုပိုင်ကြောင့် လုံးဝကို အံ့ဩမှင်သက်သွားကြရ၏။ ယန်ကျူးနှင့် ဆိုမိုတို့ နှစ်ဦးစလုံး၏ သိုင်းပညာကျင့်ကြံခြင်းအဆင့်မှာ တုပိုင်ထက် မြင့်မားနေသော်ငြား နောက်ဆုံးတွင်တော့ သူ၏ရှေ့၌ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ကြချေ။
တုပိုင်က ဤကဲ့သို့သော တိုက်ခိုက်ရေးနည်းလမ်းများဖြင့် သူတို့နှစ်ဦးစလုံးကို အပြတ်အသတ် အနိုင်ယူသွားခဲ့လေသည်။ ဤယှဉ်ပြိုင်မှုမှာ တကယ်ကို အံ့မခန်းပင် ဖြစ်လေ၏။
တုပိုင်က ယန်ကျူးနှင့် ဆိုမိုတို့ကို လှမ်းကြည့်လိုက်၏။ သူတို့နှစ်ဦးစလုံးမှာ ပြင်းထန်လှသော နာကျင်မှုကို ခံစားနေကြရသည်။ တုပိုင်အနေဖြင့် သူတို့ကို အချိန်မရွေး သတ်ပစ်နိုင်စွမ်း ရှိနေလေ၏။
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ ယခုထိ တစ်ခွန်းမှ ဝင်မပြောခဲ့ဖူးသော အိပ်မက်ဆိုးအင်ပါယာ၏ မင်းသားပင် ဖြစ်လေ၏။ သူက လှမ်း၍ တောင်းဆိုလိုက်သည်။ "မင်း နိုင်သွားပါပြီကွာ... ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးလိုက်ပါ။ အခုအချိန်မှာ လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ပညာရှင်တိုင်းက အရမ်းကို တန်ဖိုးရှိတာမို့ အလဟဿ မဖြုန်းတီးပစ်သင့်ဘူး"
ထို့နောက် သူက မတ်တပ်ရပ်ကာ သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် ယန်ကျူး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆထောင်ချီသော ဆွဲငင်အားများအားလုံး ပျောက်ကွယ်သွားရပြီး ဆိုမိုသည်လည်း စိတ်နှလုံးမိစ္ဆာ၏ နာကျင်နှိပ်စက်မှုများမှ အပြည့်အဝ လွတ်မြောက်သွားလေတော့သည်။
အမှန်တကယ်တော့ သူသည် စိတ်နှလုံးမိစ္ဆာနှင့် ပြင်းထန်ဆွဲငင်အားကို ဖျက်ဆီးနိုင်ခဲ့ခြင်း မဟုတ်ဘဲ လုံလောက်သော ခွန်အားဖြင့် အရာအားလုံးကို အကြမ်းပတမ်း ဖိနှိပ်ပစ်လိုက်ခြင်း သဘောမျိုးပင်။ ဤကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းစနစ်နှစ်ခုကို ဖြေရှင်းပစ်ရန် သူ၏ ပကတိ သိုင်းပညာအဆင့်ကို အသုံးပြုလိုက်ခြင်း ဖြစ်လေ၏။ အဘယ်ကြောင့် လုပ်နိုင်စွမ်းရှိသည်နည်းဟုဆိုသော် သူသည် ငရဲနယ်ပယ် ဆရာသခင်တစ်ပါး ဖြစ်နေသောကြောင့်ပင်။
တုပိုင်၏ မျက်ဝန်းများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။ ဧကရာဇ်ထိုက်ခန် ၊ ရုပ်သေးမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်နှင့် လေလွင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်တို့အပြင် အခြားသော ငရဲနယ်ပယ် ဆရာသခင်တစ်ပါး ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အိပ်မက်ဆိုးဧကရာဇ်၏ တိုက်ရိုက်တပည့်ဖြစ်သော အိပ်မက်ဆိုးအင်ပါယာ၏ မင်းသားဆိုသည်မှာ တကယ်ကို နာမည်နှင့် လိုက်ဖက်လှပေ၏။ ယခုကြည့်ရသည်မှာ မဟာအိပ်မက်ဆိုး၏ လက်အောက်တွင် အလွန်တရာ အစွမ်းထက်သော ငရဲနယ်ပယ် ဆရာသခင် လေးဦး ရှိနေပုံရသည်။
အိပ်မက်ဆိုးမင်းသားက ရှင်းပြလိုက်၏။ "ဆိုမို... ယန်ကျူး... မင်းတို့နှစ်ယောက် ရှုံးသွားပြီ။ သိုင်းပညာကြောင့် မဟုတ်ဘဲ နယ်ပယ်အဆင့်အတန်းနဲ့ စွမ်းအားကို နားလည်သဘောပေါက်မှု အပိုင်းမှာ ရှုံးသွားတာပဲ"
ဆိုမိုနှင့် ယန်ကျူးတို့ နာကျင်စွာဖြင့် ထရပ်လိုက်ကြပြီး အိပ်မက်ဆိုးမင်းသား ရှိရာဘက်သို့ ဦးညွှတ်လျက် ပြန်ဖြေလိုက်ကြ၏။ "ဟုတ်ကဲ့ပါ မင်းသား..."
ယှဉ်ပြိုင်ရေးမျှော်စင်၏ တံခါးကြီး ပွင့်သွားပြီး တုပိုင် အပြင်သို့ လျှောက်ထွက်လာလိုက်သည်။
အပြင်သို့ရောက်ရောက်ချင်းပင် မိတ်ကပ်ပေါင်ဒါများ လိမ်းကျံထားပြီး လူပြက်တစ်ဦးနှင့်တူသော်ငြား ကြောက်မက်ဖွယ်ကောင်းလောက်အောင် ချောမောနေသည့် မိန်းမစိုးတစ်ဦးက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ တုပိုင်၏ အကြည့်ကို မြင်သောအခါ ထိုမိန်းမစိုးက ရုတ်တရက် မျက်နှာချိုသွေးကာ နှိမ့်ချသော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူ၏ ခါးမှာ အရိုးမရှိသည့်အလား လုံးဝကို ညွှတ်ကိုင်းသွားလေ၏။
တုပိုင်က မဟာအိပ်မက်ဆိုးအား ကြည့်ကာ မေးမြန်းလိုက်၏။ "အရှင်မင်းမြတ်... အခု ကျွန်တော်မျိုး မင်းသမီး ရန်ယဲ့ရှောင်ကို လက်ထပ်လို့ ရပြီလား"
မဟာအိပ်မက်ဆိုးက မိန့်ကြားလိုက်သည်။ "မင်းက ငါကိုယ်တော်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သွားပြီ။ ဒါပေမဲ့ မင်းသမီး ရန်ယဲ့ရှောင်ရဲ့ အဆင့်ကိုတော့ မကျော်ဖြတ်ရသေးဘူး"
ထိုအချိန်တွင် မင်းသမီး ရန်ယဲ့ရှောင် စင်မြင့်ထက်မှ ဆင်းလာခဲ့ပြီး သွယ်လျလှပသော ခြေတံရှည်များဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းကာ တုပိုင်ရှေ့သို့ ရောက်ရှိလ၏။ ထို့နောက် စည်းကမ်းသတ်မှတ်လိုက်သည်။ "ရှင် ကျွန်မကို လက်ထပ်ချင်တယ်ဆိုရင် ကျွန်မကို အရင် ကျော်ဖြတ်ရမယ်"
တုပိုင်က တုံ့ပြန်လိုက်၏။ "ပြောလေ..."
မင်းသမီး ရန်ယဲ့ရှောင်က စိန်ခေါ်လိုက်သည်။ "ကျွန်မကို အနိုင်ယူပြစမ်းပါ"
ထို့နောက် သူမ၏ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး တုပိုင်အား စိန်ခေါ်လိုက်၏။ "တိုက်လေ... ကျွန်မကို လက်ထပ်ချင်တဲ့ ယောက်ျားက ကျွန်မထက်တော့ ပိုစွမ်းရမှာပေါ့"
ထပ်ပြီး ယှဉ်ပြိုင်ရဦးမည်လား။
လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ အိပ်မက်ဆိုးမင်းသားကို လူတိုင်း မကြာခဏ မြင်တွေ့ရလေ့ရှိသော်လည်း မင်းသမီး ရန်ယဲ့ရှောင်မှာမူ ရှားရှားပါးပါးသာ ထွက်ပေါ်လာတတ်လေရာ ဤနေရာရှိ လူအများစုမှာ သူမကို အကြိမ်အနည်းငယ်သာ မြင်ဖူးကြခြင်း ဖြစ်၏။
တုပိုင်က ခြေလှမ်း ဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီးနောက် သူ၏ဓားကို ဓားအိမ်ထဲမှ ရုတ်တရက် ဆွဲထုတ်လိုက်သည်။
မင်းသမီး ရန်ယဲ့ရှောင်က ခွင့်ပြုလိုက်၏။ "ရှင်က ဧည့်သည်ဆိုတော့ အရင်စတိုက်ပါ"
တုပိုင်က သူ၏ လက်ထဲရှိ ဓားနှင့် ဓားအိမ်တို့ကို ပစ်ချလိုက်ပြီးနောက် လက်နှစ်ဖက်ကို မြှောက်ကာ အရှုံးပေးလိုက်လေတော့သည်။ "ကိုယ် အရှုံးပေးပါတယ်။ ကိုယ် အရှုံးပေးတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် မင်းကသာ ကိုယ့်ကို နိုင်မှာပါ။ ကိုယ်က မင်းကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး"
ထိုစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ ပွဲကျကာ ရယ်မောသွားကြလေ၏။
မဟာအိပ်မက်ဆိုး ဘေးရှိ မိန်းမစိုးလေးသည်ပင် ပါးစပ်ကိုအုပ်ကာ ရယ်မောနေပြီး သူ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ခါနေတော့သည်။
မင်းသမီး ရန်ယဲ့ရှောင်မှာ မျက်နှာလေး နီမြန်းသွားပြီး တုပိုင်အား စူးရဲစွာ တစ်ချက် ကြည့်လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်လေ၏။ "အရမ်းမုန်းစရာ ကောင်းတာပဲ"
ထို့နောက် သူမ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လှည့်ထွက်သွားကာ ချိန်းဆိုလိုက်သည်။ "ရှင့်မှာ မေးစရာတွေ အများကြီး ရှိနေတယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ညကျမှပဲ ပြောကြတာပေါ့"
အခြားကမ္ဘာမှ လာသော ကမ္ဘာ့နံပါတ်တစ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အိပ်မက်ဆိုးဧကရာဇ်က မိန့်ကြားလိုက်လေတော့သည်။ "အဲဒီတော့ ငါ တရားဝင် ကြေညာလိုက်မယ်။ ငါ့ရဲ့ မွေးစားသမီး မင်းသမီး ရန်ယဲ့ရှောင်က တုပိုင်နဲ့ တရားဝင် လက်ထပ်ပြီး သူ့ဇနီးအဖြစ် ခံယူလိုက်ပြီ။ မင်္ဂလာပွဲကိုတော့ ဒီညမှာပဲ ကျင်းပလိမ့်မယ်"
**--**--**--**--**--**--**--**
ထိုနေ့တွင် အိပ်မက်ဆိုးအင်ပါယာ၏ နန်းတော်ကြီးသည် မီးရောင်များဖြင့် လင်းထိန်နေပြီး မွန်းတည့်ချိန်မှစ၍ မီးရှူးမီးပန်းများကို စတင် ပစ်ဖောက်နေကြသည်။
နန်းတော်အတွင်းရှိ သစ်ပင်တိုင်းတွင် ရောင်စုံမီးလုံးများနှင့် ကျောက်သလင်းပေါင်းများစွာကို ချိတ်ဆွဲထားကြရာ တကယ်ကို တောက်ပလှပလွန်းနေ၏။ ကောင်းကင်ယံရှိ ကင်းလှည့်မြင်းစီးတပ်ဖွဲ့များသည်လည်း သူတို့၏ ပွဲတက်ဝတ်စုံများကို ကိုယ်စီ ဝတ်ဆင်ထားကြသည်။
မြေပြင်ပေါ်ရှိ ကင်းလှည့်မြင်းစီးတပ်ဖွဲ့များ၏ စီးတော်ယာဉ်များအားလုံးကို ကြံ့ချိုတစ်ချောင်း မြင်းပျံများဖြင့် အစားထိုးထားကြပြီး ထိုသူရဲကောင်းများအားလုံးမှာ လှပသော အမျိုးသမီးများ ဖြစ်ကြလေ၏။
တုရှောင်သည်လည်း မင်းသမီးလေး၏ ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်။ နန်းတော်ကြီး တစ်ခုလုံး နေရာအနှံ့အပြားတွင် သာယာနာပျော်ဖွယ်ကောင်းသော တေးဂီတသံများက လွှမ်းခြုံနေလျက်ရှိ၏။
ထိုအချိန်တွင် သတို့သားဖြစ်သူ တုပိုင်မှာ ခမ်းနားလှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လသာဆောင်တစ်ခု၌ ထိုင်ကာ ဧကရာဇ်ထိုက်ခန်နှင့်အတူ အရက်သောက်နေသည်။
ဧကရာဇ်ထိုက်ခန်က မေးလိုက်၏။ "မင်းမှာ ရန်ယဲ့ရှောင်လို အရမ်းကောင်းတဲ့ စေ့စပ်ထားသူ ရှိနေရက်နဲ့ ဘာဖြစ်လို့ ဖောက်ပြန်ခဲ့ရတာလဲ"
တုပိုင်က ဝန်ခံလိုက်သည်။ "ဘာလို့လဲ ဆိုတာကိုသာ ကျွန်တော် သိခဲ့ရင် လမ်းလွဲခဲ့မှာ မဟုတ်ဘူးပေါ့ဗျာ"
ဧကရာဇ်ထိုက်ခန်က တုပိုင်အတွက် ဝိုင်တစ်ခွက် ငဲ့ပေးလိုက်ပြီး သူ၏ခွက်ထဲသို့လည်း ဝိုင်တစ်ခွက် ငဲ့ထည့်လိုက်၏။ ဤသည်မှာ အကောင်းဆုံး စပျစ်ဝိုင်ပင် ဖြစ်သည်။ သူသည် တင်းကျပ်သော သံခမောက်ကို ဆောင်းထားကာ ပါးစပ်ကို လုံးဝ ဖုံးကွယ်ထားသော်လည်း အရက်သောက်ခြင်းကိုမူ အဟန့်အတား မဖြစ်စေဘဲ တိုက်ရိုက်ပင် မော့သောက်လိုက်သည်။
တုပိုင်ကလည်း ပြန်မေးလိုက်၏။ "အရှင်မင်းမြတ်ကရော ဘာဖြစ်လို့ လင်းလုကို လက်ထပ်ခဲ့တာလဲ"
ဧကရာဇ်ထိုက်ခန်က ပြန်ဖြေလာသည်။ "ဘာဖြစ်လို့လဲဆိုတော့ ငါတို့ နှစ်ယောက်စလုံးက ရွှံ့နွံတွေထဲမှာ နစ်မွန်းနေကြလို့ပဲလေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ အထင်မသေးနိုင်ကြဘူး"
ထို့နောက် ဧကရာဇ်ထိုက်ခန်က ဆက်လက်၍ မေးလိုက်၏။ "ဒီနေ့ မြင်ကွင်းက ဘယ်လိုခံစားရလဲ။ အိပ်မက်ဆိုးအင်ပါယာရဲ့ နန်းတော်ကြီးကိုရော မင်း ဘယ်လိုထင်လဲ"
တုပိုင် ရေရွတ်လိုက်မိသည်။ "အိပ်မက်တစ်ခုလိုပဲ... ဒီနေ့ ဖြစ်ပျက်နေတာ အားလုံးက အိပ်မက်တစ်ခုလိုပဲ"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၀၉ + ၉၁၀) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။