အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း (၁၆၃) ခြင်အသိုက်ကို သိမ်းထားတဲ့ ချိုးငှက်
ကျီရှန်းဂူဗိမာန်၏ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး နေရာတစ်ခုတွင် အရိုးပေါ် အရေတင်နေသော ပုံရိပ်တစ်ခုသည် အမှောင်ထုထဲ၌ ငြိမ်သက်စွာ ထိုင်နေ၏။
ထိုလူသည် ဖုန်မှုန့်များ တလိပ်လိပ်ဖုံးလွှမ်းနေသော အနက်ရောင်ဝတ်ရုံကြီးကို ခြုံလွှမ်းထားကာ ဆံပင်များမှာလည်း ပါးလျနေ၏။ ဟောက်ပက်ဖြစ်နေသော သူ၏ မျက်လုံးအိမ်များနှင့် နက်ရှိုင်းစွာ ချိုင့်ဝင်နေသော ပါးရိုးများကြောင့် လူ့အရေခွံခြုံထားသည့် အရိုးစုတစ်ခုနှင့်ပင် တူနေတော့သည်။ သို့သော် ထိုဟောက်ပက်မျက်လုံးအိမ်များထဲရှိ အနက်ရောင် မျက်ဝန်းအစုံကမူ ကြက်သီးမွေးညင်း ထဖွယ် စူးရှတောက်ပနေဆဲဖြစ်၏။
သူ၏ ရှေ့တွင်မူ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အလင်းလုံးလေးများ လေထဲ၌ လွင့်မျောနေသည်။ ထိုအလုံးထဲတွင် အလွှာအသီးသီးရှိ နေရာအနှံ့အပြားမှ ပြင်ပကျင့်ကြံသူများ ကြုံတွေ့နေရသည့် စမ်းသပ်မှုအခြေအနေများကို အထင်းသား ပြသထား၏။
ထိုစဉ် အနက်ရောင်ဝတ်ရုံရှင်သည် မြင်ကွင်းတစ်ခုကိုသာ စူးစိုက်ကြည့်နေသည်။ ထိုမြင်ကွင်းထဲတွင် ထန်ရော်ဝေသည် ပိုင်ချူးရန် သင်ကြားပေးထားသော ဓားကျင့်စဉ်အား အသုံးပြုကာ သူမနှင့် တစ်ပုံစံတည်း တူညီနေသော မိန်းကလေးအား ဒေါသတကြီးဖြင့် ရူးသွပ်စွာ ရိုက်နှက်နေသည်။ ဂူဗိမာန်၏ အစီအရင်ဖြင့် ဖန်တီးထားသော ထိုပုံရိပ်ယောင်မိန်းကလေးမှာ ထန်ရော်ဝေ၏ ပြင်းထန်သော ရိုက်နှက်မှုများအောက်တွင် လူရုပ်ပင် မပေါ်တော့ချေ။
တစ်ချိန်တည်းမှာပင် အခြားအလုံးလေးတစ်ခု၌လည်း လီကျင်းယောင်က ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ရုပ်ရည်ချောမောသော ဆံပင်ဖြူအမျိုးသားတစ်ဦး၏ တင်ပါးများကို အသည်းအသန် လိုက်လံခုတ်ထစ်နေ၏။
သူ ခေတ္တမျှ စောင့်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်၏။
ကံကောင်းလှသော ထိုမိန်းကလေးနှစ်ဦးမှာ အခြေခံအားဖြင့်ဆုံးဖြတ်လျှင် အလိုမပြည့်ခြင်းဟူသော ဤစမ်းသပ်မှုကို အောင်မြင်သွားကြပြီ ဖြစ်သည်။ အစတည်းကပင် ဤစမ်းသပ်မှုသည် စမ်းသပ်ခံရသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးရန်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို စစ်ဆေးရန်သာဖြစ်၏။ သို့ဖြစ်ရာ ဤအဆင့်တွင် ထွက်ပေါ်လာသော အစီအရင်ပုံရိပ်ယောင်များ၌ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်များ ပါဝင်မနေခဲ့ပေ။
ယေဘုယျသဘောတရားအရ အလိုမပြည့်ခြင်း စမ်းသပ်မှုဆိုသည်မှာ စမ်းသပ်ခံရသူများအား ၎င်းတို့ဘဝတွင် အလိုချင်ဆုံးအရာများကို မျက်လှည့်ပြသည့်ပမာ ဖန်တီးပြပြီး သွေးဆောင်ဖြားယောင်းမှု မျိုးစုံဖြင့် ထောင်ချောက်ဆင်ခြင်းပင်။ ၎င်းတို့ အလိုချင်ဆုံးအရာများနှင့် နီးကပ်စွာ ထိတွေ့ခွင့်ပေးပြီးမှ ထိုအရာများကို ချက်ချင်း ပျောက်ကွယ်သွားစေခြင်းဖြင့် အလိုမပြည့်ခြင်း၏ ခါးသီးသော အရသာကို မြည်းစမ်းစေမည်ဖြစ်သည်။ ထိုသို့ဖြင့် ကျင့်ကြံသူများ၏ စိတ်ကိုဖျက်ဆီးကာ အဆုံးတွင် သေမင်းဆီသို့ မြှားခေါ်ခြင်းပင်ဖြစ်၏။
ကျင့်ကြံသူတစ်ဦး၏ စိတ်အခြေအနေသည် ကျင့်ကြံခြင်းအဆင့်နှင့် ဆက်စပ်နေလေ့ရှိရာ စိတ်အခြေအနေသာ ချို့ယွင်းသွားပါက ကျင့်ကြံခြင်းအဆင့်လည်း ကျဆင်းသွားတတ်သလို အသက်သေဆုံးသွားသည်အထိပင် ဖြစ်နိုင်သည်။ ထိုအရာမှာ လူတိုင်းသိပြီးသော အခြေခံသဘောတရားပင်။
သာမန်လူတို့သည် အလိုချင်ဆုံးအရာများနှင့် ကြုံတွေ့ရသောအခါ တန်ဖိုးထားတတ်ကြပြီး အသက်ထက်ပင် မြတ်နိုးကြသည်။ ဤစမ်းသပ်မှုကို ဖန်တီးခဲ့သူကိုယ်တိုင်ပင် လောကကြီးထဲ၌ ထိုသို့သော မိန်းကလေးများ ရှိနေလိမ့်မည်ဟု တွေးခဲ့မည် မဟုတ်ချေ။ အလိုမပြည့်နိုင်သော အရာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ စကားတစ်ခွန်းမျှပင် မဆိုဘဲ ဓားဖြင့် သုံး၊လေးချက်လောက် ခုတ်ပိုင်းပစ်မည်ဟု တွေးတောတတ်သူများ ရှိနေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မက်ခဲ့ဖူးမည် မဟုတ်မှာ သေချာလှ၏။
သို့သော် အနက်ရောင်ဝတ်ရုံရှင်အတွက်မူ ထိုအရာမှာ အံဩစရာမဟုတ်ပေ။ ဤကျယ်ပြောလှသော လောကကြီးထဲတွင် ထူးထူးဆန်းဆန်း ပြုမူတတ်သော ကျင့်ကြံသူ တစ်ယောက်စ၊နှစ်ယောက်စ ရှိနေတတ်သည်မှာ သဘာဝပင် မဟုတ်ပါလား။
ထို့နောက် အနက်ရောင်ဝတ်ရုံရှင်သည် သူ၏ အာရုံအားလုံးကို အခြားအလုံးတစ်ခုဆီသို့ ပြောင်းလိုက်လေသည်။ ထိုမြင်ကွင်းထဲတွင် ပိုင်ချူးရန်မှာ ခေါင်းမဲ့အလောင်းပေါ်၌ရပ်နေပြီး လက်များကို ရွံ့ရှာဟန်သုတ်ပစ်လိုက်ပြီး ထူထပ်သော မြူခိုးများထဲသို့ တိုးဝင်သွားတော့၏။
"ဒီလိုစွမ်းအားကြီးတဲ့ ပြင်ပကျင့်ကြံသူတစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
အနက်ရောင်ဝတ်ရုံရှင်၏ မျက်နှာထက်တွင် ပြင်းပြလှသော လောဘတစ်ခုမှာ အထင်းသား ပေါ်လွင်နေ၏။
"ငါသာ သူ့ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်နိုင်ရင် ငါတော့..."
သူ ဘာတွေးနေသည်ကို အတိအကျ သိလိုက်သည့်အလား အနက်ရောင်ဝတ်ရုံရှင် အနီး၌ရှိသော ကျောက်စိမ်းဖြူပမာ ဖြူဖွေးနေသည့် ဦးခေါင်းခွံတစ်ခု၏ မျက်လုံးအိမ်များအတွင်းမှ မှိန်ပျပျ အပြာရောင် မီးတောက်နှစ်ခု တောက်ပသွားသည်။ ထို့နောက် လှောင်ပြောင်သည့် အသံတစ်သံမှာ ထွက်ပေါ်လာ၏။ "မင်းက သူ့ရဲ့ ခန္ဓာကိုယ်ကိုရဖို့ စဉ်းစားနေတာလား။ မင်းလို ငတုံးတစ်ကောင်အတွက် အဲဒီခန္ဓာကိုယ်က ဘာမှအသုံးဝင်မှာ မဟုတ်ဘူးကွ"
"ဟမ့်"
ထိုအသံကို ကြားလိုက်ရသောအခါ အနက်ရောင်ဝတ်ရုံရှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ နှုတ်ခမ်းများ မလှုပ်ရှားသော်လည်း အသံမှာ သူ့ စိတ်ဝိဉာဉ်ထဲမှတဆင့် ထွက်ပေါ်လာကာ မေးလိုက်၏။ "သူ့အကြောင်းကို မင်းက သိလို့လား။"
"ကောင်းကင်ဘုံက ကောင်းချီးပေးခံထားရတဲ့ ငါ့လို ဉာဏ်ပညာရှင်တစ်ယောက်ကတော့ သေချာပေါက် သိတာပေါ့။"
ဦးခေါင်းခွံအတွင်းရှိ အလင်းရောင်မှာ လင်းလာလိုက် မှိန်သွားလိုက် ဖြစ်နေသည်။
"ဒါပေမဲ့ ငါ မင်းကို မပြောပြနိုင်ဘူး မင်းသားရှန်။ တစ္ဆေဆိုတာ အခေါင်းတလားထဲမှာပဲ ငြိမ်ငြိမ်အိပ်သင့်တာလေ။ အထူးသဖြင့် ထွက်ပြေးလာတဲ့ တစ္ဆေဖြစ်တဲ့ မင်းလိုကောင်ပေါ့"
"ဟက်... ကျီရှန်းတဲ့လား။ နာမည်ကြီးကတော့ တကယ်ခမ်းနားပေမယ့် အသေကောင် အရိုးစုတောင် မဖြစ်သေးဘဲ သနားစရာဝိညာဉ်လေးပဲ ကျန်တော့တဲ့ကောင်ကများ"
အနက်ရောင်ဝတ်ရုံရှင်က ခနဲ့တဲ့တဲ့ ပြန်ပြောလေ၏။
"မင်းရဲ့ ကံကြမ္မာက ငါ့ထက် ပိုကောင်းနေတယ်လို့ ထင်နေတာလား"
"ငါက မင်းနဲ့ မတူဘူးလေ မင်းသားရှန်းချောင်"
ဦးခေါင်းခွံထဲမှ မူလဝိညာဉ်မှာ လှုပ်ယမ်းလာ၏။
"ငါ့မှာ တခြား ဘာဆန္ဒမှမရှိဘူး။ ပြီးတော့ တခြားလူတွေရဲ့ ခန္ဓာကိုယ်ကို ယူဖို့အတွက်လည်း မှော်အတတ်တွေကို သုံးမှာ မဟုတ်ဘူး။ ပြင်ပကမ္ဘာကို အမြဲတမ်း တမ်းတနေပြီး ဒီနေရာမှာပဲ တစ်နေ့ပြီးတစ်နေ့ နှစ်ပေါင်းသောင်းနဲ့ချီပြီး ထိုင်နေရတဲ့ မင်းနဲ့ ငါက ဘယ်လိုလုပ်တူမှာလဲ။ ငါကြည့်ရတာ ဒီ အလိုမပြည့်ခြင်းဆိုတဲ့ စကားလုံးက မင်းနဲ့ပိုပြီး လိုက်ဖက်မယ်ထင်ပါရဲ့"
အခန်း (၁၆၄) ခြင်အသိုက်ကိုသိမ်းထားတဲ့ ချိုးငှက် [၁]
အနက်ရောင်ဝတ်ရုံရှင်မှာ စကားတစ်ခွန်းမျှ ပြန်မပြောသော်လည်း ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များ သူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာ၏။ သို့သော် ထိုပြင်းထန်သော လူသတ်ငွေ့များကို ခံစားမိသည့်တိုင် ဦးခေါင်းခွံမှာမူ အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။
"မင်း ငါ့ကို မသတ်နိုင်ပါဘူး။ ငါ့ဝိညာဉ်က ကောင်းကင်လမ်းစဉ်ရဲ့ ကောင်းချီးကို ရထားပြီးသားလေ။ ငါက သေနိုင်တဲ့အရာမှ မဟုတ်တာ။ မင်းလိုကောင်က ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ"
အနက်ရောင်ဝတ်ရုံရှင်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူ အလွန်အမင်း ဒေါသထွက်နေသည်မှာ ထင်ရှားလှ၏။ သို့သော် အချိန်အနည်းငယ် ကြာပြီးနောက် သူသည် တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်သွား၏။
"ဟုတ်တယ်။ အခုတော့ ငါ မင်းကို ဘာမှ မလုပ်နိုင်သေးဘူး"
အနက်ရောင်ဝတ်ရုံရှင်၏ အသံထဲတွင် ဒေါသများရောယှက်နေဆဲပင်။ "ဒါပေမဲ့ ငါသာ ခန္ဓာကိုယ် အသစ်တစ်ခု ရခဲ့ပြီဆိုရင်တော့ မင်းကို နှိပ်စက်ဖို့ နည်းလမ်းတစ်ခု ရှိတယ်။ အဲဒီအခါကျရင် မင်း ငိုယိုသွားအောင်ကို လုပ်ပြမယ်။ ရှင်လို့လည်း မရ၊ သေလို့လည်း မရအောင်ကို လုပ်ပစ်မယ်"
ထိုသို့ဖြင့် အဖြစ်အပျက်များမှာ နေရာနှစ်ခု၌ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။ အခြားတစ်ဖက်တွင်မူ ထူထပ်သော မြူခိုးများကြားမှ ဖြတ်သန်းလာသည့် ပိုင်ချူးရန်သည် တောင်ပေါ်ရှိ ချောက်ကမ်းပါးဆီသို့ ပြန်ရောက်နေကြောင်း သတိပြုမိလိုက်၏။
သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန် တောင်ထိပ်နှင့် သူ၏ကြားတွင် မြူတိမ်လွှာများ အထပ်ထပ် ဖုံးလွှမ်းနေပြီး သတိမထားမိလိုက်ချိန်အတွင်းပင် ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းပြီးဖြစ်ကာ ချောက်ကမ်းပါး၏ အောက်ခြေအလွှာသို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏ အောက်ဘက်တွင်လည်း တိမ်ခိုးမြူငွေ့များက ထူထပ်နေဆဲဖြစ်ရာ ထိုနေရာသို့ကာ ဆက်သွားပါက နောက်ထပ် ရင်ဆိုင်ရမည့် အံ့မခန်း စမ်းသပ်မှုတစ်ခု စောင့်ကြိုနေမည်မှာ သေချာ၏။
"ဘဝရဲ့ ကြီးမားတဲ့ ဆင်းရဲဒုက္ခရှစ်ပါး၊ သံသရာစက်ဝန်းထဲကနေ ရုန်းထွက်ပြီး အင်မော်တယ်လမ်းစဉ်ကို တက်လှမ်းရမယ်ဆိုတော့ အစစ်အမှန် ကျီရှနဂူဗိမာန်ထဲကို မဝင်ခင်မှာ ဒီကြီးမားတဲ့ ဆင်းရဲဒုက္ခရှစ်ပါးရဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ရမယ်ဆိုတဲ့ သဘောပဲမလား"
ပိုင်ချူးရန်သည် အောက်ခြေရှိ တိမ်ခိုးမြူငွေ့များကို တစ်ချက်စူးစိုက်ကြည့်လိုက်ပြီးနောက် မတ်စောက်နေသော ချောက်ကမ်းပါးမှတစ်ဆင့် မြူခိုးများထဲသို့ ဆက်လက် လျှောက်ဆင်းသွားသည်။
မည်သို့ပင်ဖြစ်စေ သူသည် သိုင်းပညာ၌ အကြွင်းမဲ့ ကျွမ်းကျင်သည့်အပြင် စွန့်စားရသည်ကိုလည်း နှစ်သက်သည်။ ဆင်းရဲဒုက္ခရှစ်ပါးကို ဖြတ်ကျော်ပြီးနောက် အစစ်အမှန် ကျီရှန်ဂူဗိမာန်ထဲသို့ ဝင်ရောက်နိုင်သည်ဖြစ်စေ၊ မဝင်ရောက်နိုင်သည်ဖြစ်စေ စမ်းကြည့်ရန်သာ ဆုံးဖြတ်ထား၏။
တိမ်ခိုးမြူငွေ့များကို ထပ်မံဖြတ်သန်းပြီးသောအခါ ရင်းနှီးကျွမ်းဝင်နေသော အာကာသကူးပြောင်းမှု ခံစားချက်တစ်ခု ထပ်မံဖြစ်ပေါ်လာ၏။ ပိုင်ချူးရန်သည် လမ်းလျှောက်နေရင်းဖြင့် ထိုမြူငွေ့များအတွင်းရှိ အာကာသကူးပြောင်းမှု ယန္တရားများကို စိတ်ထဲမှ စတင်တွက်ချက်ကြည့်လိုက်သည်။ သူ တံခါးပေါက်တစ်ခုကို ထိတွေ့မိတော့မည်ဟု ခံစားလိုက်ရချိန်တွင် မြူခိုးများ ချက်ချင်း ပျောက်ကွယ်သွားပြီး အသစ်နေရာတစ်ခုသို့ ထပ်မံရောက်ရှိသွားလေ၏။
ပထမနေရာနှင့် လုံးဝမတူညီဘဲ ဤတစ်ကြိမ်တွင်မူ ကျယ်ပြောလှသော လဟာပြင်ကြီးတစ်ခုဆီသို့ ရောက်လာခြင်း ဖြစ်သည်။ ဘယ်နှင့်ညာ နှစ်ဖက်စလုံးတွင် အောက်ခြေကိုပင် မမြင်နိုင်သော ချောက်နက်ကြီးများမှာ စောင့်ကြပ်နေ၏။ ထိုအလယ်တွင် လူတစ်ဦးစာသာ ဖြတ်သန်းသွားလာနိုင်သည့် ကျောက်ခင်းလမ်းကျဉ်းလေးတစ်ခုသာရှိပြီး ကောင်းကင်ယံတွင်မူ အနက်ရောင် ကျောက်နံရံများမဟုတ်တော့ပဲ နေဝင်ဆည်းဆာချိန်အလား မှိုင်းညို့နေသော အဝါရောင်ကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
လမ်း၏ အထက်ကောင်းကင်ယံတွင် ဓားပျံစီးနိုင်သော ကျင့်ကြံသူများကို ဖိနှိပ်ဟန့်တားထားသည့် တားမြစ်အစီရင်တစ်ခုလည်း ရှိနေပုံရသည်။ ထို့ကြောင့် မည်သူမဆို ဤသစ်လုံးတံတားကဲ့သို့ ကျဉ်းမြောင်းသောလမ်းပေါ်တွင် ခြေလျင်ဖြင့်သာ ဖြတ်သန်းသွားနိုင်မည်ဖြစ်၏။
မှိန်ပျပျ အလင်းရောင်များ လွှမ်းခြုံနေသော ထိုကောင်းကင်ကြီးက လူတိုင်းကို ဘ၀နောက်ဆုံးချန်၏ အထီးကျန်ဆန်သော ခံစားချက်များကို ပေးစွမ်းနေသည်။ ပိုင်ချူးရန် ဘယ်ညာဝဲယာသို့ ဝေ့ဝဲကြည့်လိုက်ရာ လမ်းဘေး၌ ပေါလောလွင့်မျောနေသော ကျောက်တုံးစင်မြင့်တစ်ခုကို တွေ့လိုက်ရ၏။ ထိုစင်မြင့်ပေါ်တွင် ယခင်ကကဲ့သို့ပင် ကျောက်စာတိုင်တစ်ခု စိုက်ထူထားပြီး ထိုကျောက်စာတိုင်ထက်၌ ဤသို့ ရေးထွင်းထားသည်။
> [နတ်သမီးတွေမှာတောင် ဆံပင်ဖြူတွေ ရှိတတ်သေးတာပဲ။ ဘယ်သူမှ ကင်းလွတ်ခွင့်ရမှာ မဟုတ်။]>
ခဏအကြာတွင် ကျောက်စာပေါ်ရှိ စာသားများ ထပ်မံပြောင်းလဲသွားကာ စာလုံးခြောက်လုံး ပေါ်လာ၏။
> [ဒုတိယဆင်းရဲမှု: အိုမင်းရင့်ရော်ခြင်း]>
"အိုမင်းရင့်ရော်ခြင်းတဲ့လား..."
ပိုင်ချူးရန်က မျက်တောင်တဖျက်ဖျက် ခတ်လိုက်ပြီး အနည်းငယ် စပ်စုချင်သွားသည်။
"ဒီဂူဗိမာန်က ကျင့်ကြံသူတွေကို အိုမင်းရင့်ရော်ခြင်းရဲ့ နာကျင်မှုကို ဘယ်လိုမျိုး ခံစားစေမှာပါလိမ့်။ ဒါမှမဟုတ် အချိန်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်များ ရှိနေတာလား”
လဲဆိုတာ ကြိုသိနိုင်တာမှ မဟုတ်တာ"