အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅) အင်မော်တယ်အိုကြီး
ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ အလွန်တရာ ရှည်လျားလှသည်ကို လူတိုင်းသိကြ၏။
ဤကျင့်ကြံခြင်းလောကတွင် သက်တမ်းတိုးစေမည့် နည်းလမ်းများစွာရှိသည်။ ပို၍ ထင်ရှားစွာပြောရလျှင် ကျင့်ကြံခြင်းဆိုသည်မှာ လူသားတို့အနေဖြင့် သေဆုံးခြင်းဟူသော ကန့်သတ်ချက်ဘောင်မှ ရုန်းထွက်လွတ်မြောက်ရန် ဖန်တီးထားခဲ့သည့် နည်းလမ်းတစ်ခုပင်။
ထို့အပြင် ဤဂူဗိမာန်အတွင်းသို့ ရောက်ရှိလာနိုင်သူများမှာ ကျင့်ကြံသူများသာ ဖြစ်ကြ၏။ သို့ဖြစ်ရာ ဤစမ်းသပ်မှုက ကျင့်ကြံသူတစ်ဦးအား သာမန်လူတို့၏ အိုမင်းရင့်ရော်ခြင်းဆိုသည့် ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားစေလိုခြင်း ဖြစ်ပေမည်။
အချိန်ကို ထိန်းချုပ်နိုင်နေလျှင်တောင်မှ ကျင့်ကြံသူတစ်ဦးသည် ဆယ်စုနှစ်ဟူသော အချိန်ကာလတိုလေးကို ဖြတ်တောက်ပစ်ရန် အလိုရှိမည် မဟုတ်ချေ။
သို့ဖြစ်ရာ ဤစမ်းသပ်မှုသည် ကျင့်ကြံသူများအား အိုမင်းရင့်ရော်ခြင်း၏ ဆင်းရဲဒုက္ခကို မည်သို့မည်ပုံ မြည်းစမ်းစေမည်ဆိုသည်ကို ပိုင်ချူးရန် အတော်လေး သိချင်နေမိတော့သည်။
သူသည် ဖြောင့်တန်း၍ ကျဉ်းမြောင်းလှသော လမ်းငယ်လေးအတိုင်း ရှေ့သို့ ဆက်လျှောက်လာခဲ့၏။ အတန်ကြာ လျှောက်လှမ်းပြီးနောက် ဝါကြင်ကြင် အရောင်သန်းနေသော ကောင်းကင်ကြီးမှာ မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသယောင် ထင်မှတ်ရပြီး ဖိအားများလည်း ပို၍ ပြင်းထန်လာသကဲ့သို့ ခံစားလာရသည်။
ထိုခဏ၌ပင် ပိုင်ချူးရန်၏ နားထဲသို့ စူးရှသော အော်ဟစ်သံတစ်သံ ရုတ်တရက် လွင့်ပျံလာ၏။
သူသည် သတိကို အမြန်စုစည်းလျက် အသံလာရာဆီသို့ ပြေးသွား၏။ ထို့နောက် သူ၏ ရှေ့မိုင်အနည်းငယ်အကွာရှိ ကျဉ်းမြောင်းသော လမ်းမထက်ဝယ် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တူသော ကျင့်ကြံသူအချို့မှာ မှိုင်းညို့နေသော ကောင်းကင်ယံမှ တိုက်ခိုက်ခြင်းကို ခံနေရသည်။
သိပ်သည်းလှသော အဝါရောင်အလင်းတန်းများမှာ မိုးရေစက်များအလား ကောင်းကင်ယံမှ သွန်းဖြိုးကျဆင်းလာကာ ထိုကျင့်ကြံသူများထံသို့ ရက်စက်စွာ တိုက်ခိုက်လာ၏။ ထိုအဝါရောင် အလင်းတန်းများက သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသည်နှင့် တစ်ပြိုင်နက်ကျင့်ကြံသူများ၏ သက်စောင့်စွမ်းအင်များ ရုတ်ချည်း အားနည်းဆုတ်ယုတ်သွားသည်ကို ပိုင်ချူးရန် ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုအလင်းတန်းများကြောင့် သူတို့၏ ရုပ်ဆင်းသွင်ပြင်များ ချက်ချင်းကြီး ပြောင်းလဲမသွားသော်ငြား ဆံပင်များနှင့် မုတ်ဆိတ်များမှာမူ တဖြည်းဖြည်း ဖြူရော်လာကာ ဘဝနိဂုံးချုပ်ချိန် နီးကပ်လာတော့မည့်အလားပင်။ အဝါရောင်အလင်းတန်းများ ထိမှန်သွားပြီးသည်နှင့် သူတို့မှာ တစ်မုဟုတ်ချင်း အားအင်ချည့်နဲ့သွားပုံရပြီး လှုပ်ရှားမှုများမှာလည်း သိသိသာသာ နှေးကွေးလေးလံသွားခဲ့၏။
ဤအဝါရောင်အလင်းတန်းများကို အကြိမ်ကြိမ် ထိမှန်ခံရသူများ၌မူ အားနည်းချည့်နဲ့လာသည့် အခြေအနေများက တစ်ဆင့်ပြီးတစ်ဆင့် ထပ်တလဲလဲ ပြောင်းလဲသွားပြီး ထိုလူများ၏ လှုပ်ရှားမှုများကို ပိုမိုနှေးကွေးလေးလံသွားစေရုံသာမက သူတို့မျက်နှာများကိုပါ ပိုမိုအိုမင်းရင့်ရော်သွားစေသည်။
တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်သည် ထိုသို့အကြိမ်ကြိမ် ထိမှန်ခံရပြီးနောက် ကျင့်ကြံသူများ၏ မျက်နှာပေါ်၌ တွေ့ရခဲသော အရေးအကြောင်းများနှင့် အိုမင်းခြင်းများ ထင်ရှားစွာ ပေါ်ပေါက်လာသည်ကို အံ့သြဖွယ်တွေ့ရ၏။
ပိုင်ချူးရန် အံ့ဩတကြီး ငေးကြည့်နေစဉ်မှာပင် မရေမတွက်နိုင်သော အဝါရောင်အလင်းတန်းများက ပိုင်ချူးရန်၏ ဦးခေါင်းထက်သို့ ရုတ်တရက် ရွာသွန်းကျဆင်းလာခဲ့သည်။
သူသည် လျင်မြန်စွာ ရှောင်တိမ်းရင်း ထိုအဝါရောင်အလင်းတန်းများကို ကွင်းရှောင်ကာ အမြန်ရှေ့သွားလိုက်သည်။ သို့သော် လမ်းပေါ်တွင် ပိတ်ဆို့နေရာယူထားသော တစ်ကိုယ်တော်ကျင့်ကြံသူများကြောင့် မဆုံးတွင်မူ ပိုင်ချူးရန်၏ လက်ဖဝါးဆီသို့ အဝါရောင်အလင်းတန်းတစ်ခုမှာ ရှောင်လွှဲမရနိုင်ဘဲ ပွတ်တိုက်သွား၏။
"ဟင်..."
အဝါရောင်အလင်းတန်း ထိမှန်သွားပြီးနောက် ထူးထူးခြားခြား မခံစားရသဖြင့် ပိုင်ချူးရန် သူ၏လက်ဖဝါးကိုသာ အကြောင်သား ကြည့်နေမိသည်။
သူ အထိမှန်သွားသည်ကို မြင်လိုက်ရသောအခါ ဘေးရှိ အခြားသော တစ်ကိုယ်တော်ကျင့်ကြံသူအချို့သည်လည်း လှည့်ကြည့်လာကြပြီး ၎င်းတို့ထဲမှ တစ်ဦးက တုန်ယင်ကာ အားနည်းသော အသံဖြင့် မေးလေ၏။ "မင်း... မင်းက ဘာလို့ ဘာမှမဖြစ်ရတာလဲ။ သာမန် ချီစုစည်းခြင်း အဆင့်လေးပဲ ရှိသေးတာကိုတောင်..."
'ငါက ဘယ်လိုလုပ် သိမှာလဲ...'
ပိုင်ချူးရန် ထိုသို့သာ ပြန်အော်လိုက်ချင်သော်ငြား နောက်တစ်စက္ကန့်မှာပင် မရေမတွက်နိုင်သော အဝါရောင်အလင်းတန်းများက သူ၏ခေါင်းထက်သို့ ထပ်မံရွာသွန်းကျဆင်းလာခဲ့ပြန်သည်။ သို့သော် ထိုအလင်းတန်းများ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည့်အတိုင် မည်သဘ့် အထိအခိုက်မှမရှိပဲ ပကတိအတိုင်း ရပ်နေနိုင်ဆဲဖြစ်ပြီး အားနည်းသွားမည့် လက္ခဏာ တစ်စက်လေးမျှပင် မပြခဲ့ချေ။ ဘာဆိုဘာမှ မဖြစ်ခဲ့ခြင်းပင်။
နောက်ထပ် အဝါရောင်အလင်းတန်းများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလီလီ ဝင်ရောက်လာပြီးနောက်တွင်မူ ပိုင်ချူးရန်သည် ထိုအရာများမှာ မည်သည့်အရာများဖြစ်သည်ကို နားလည်သွား၏။
ဤအရာမှာ အစောပိုင်းက သူထင်ထားခဲ့သည့် အချိန်ထိန်းချုပ်နိုင်သော စွမ်းရည်မျိုး မဟုတ်ဘဲ တစ်ပါးသူ၏ ခန္ဓာကိုယ်ထဲမှ သက်တမ်းကို တိုက်ရိုက် ဆွဲထုတ်နှုတ်ယူနိုင်သည့် အလွန်ဆန်းကြယ်သော ထူးကဲစွမ်းအင်တစ်မျိုး ဖြစ်ဟန်တူပေသည်။
အခန်း (၁၆၆) အင်မော်တယ်အိုကြီး [၁]
သက်တမ်းဟူသည်မှာ အလွန်ဆန်းကြယ်နက်နဲသော အရာတစ်ခုဖြစ်သော်ငြား အမှန်တကယ် တည်ရှိသောအရာဖြစ်၏။ အင်မော်တယ်အဖြစ် မတက်လှမ်းရသေးသော ကျင့်ကြံသူများအတွက်သာမက သာမန်လူ့လောကရှိ သက်ရှိတစ်ဦးချင်းစီ၏ သက်တမ်းများကို တမလွန်လောကရှိ သေမင်းမှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားလေ့ရှိသည်။ ပို၍တိတိကျကျ ဆိုရလျှင် လျှို့ဝှက်ကိန်းဂဏန်းတစ်ခုနှင့်ပင် တူညီနေ၏။
ဤအဝါရောင်အလင်းတန်းမှာ သက်ရှိတစ်ဦး၏ မမြင်နိုင်သော သက်တမ်းကို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိဟန်တူသည်။
အနည်းဆုံးတော့ ယာယီအားဖြင့် လျှော့ချပစ်နိုင်ပုံရ၏။ ထို့ကြောင့် ဤစမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ထူးခြားသည့် မှော်စွမ်းအင်မှတစ်ဆင့် ဤနေရာသို့ ရောက်လာသူများအား ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်လာမှုနှင့် သေဆုံးရတော့မည့် နာကျင်မှုတို့ကို ခံစားရစေရန်ပင် ဖြစ်ချေသည်။
ထိုအခါ ပြဿနာက စတင်လာတော့သည်။
နှစ်ပေါင်း ၃၀၀၀ ကျော်ကြာ အသက်ရှင်နေထိုင်လာခဲ့သည့် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပိုင်ချူးရန်၏ သဘာဝသက်တမ်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကတည်းကပင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀၀ အတွင်း အင်မော်တယ်ဆေးလုံးများကို အားကိုးကာ သက်တမ်းတိုး၍ ဆက်လက် အသက်ရှင်နေထိုင်နိုင်ခဲ့သော်ငြား အချိန်တိုင်းလိုလို သေမင်းနှင့် တစ်ဖဝါးသာ ကွာသည့် အခြေအနေမျိုးဖြင့်သာ ရှင်သန်နေထိုင်ခဲ့ရ၏။ ထို့ပြင် သူ၏ဝိညာဉ်ကို လာရောက်ယူမည့် တမလွန်မှ သေမင်းတမန်များကိုပင် အခါအားလျော်စွာ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရသေးသည်။
ဤသို့ သေမင်းနှင့် အမြဲတစေ နီးကပ်နေသည့် အခြေအနေမျိုးမှာ သူအဖို့ သာမန်နေ့စဉ်ဘဝနှင့် ဘာမှမကွာခြားတော့ပေ။ သူ့တွင် နှုတ်ယူစရာ သက်တမ်းပင်မရှိချေ။
"ငါ ဘာလို့ ဘာမှမဖြစ်ရတာလဲဆိုတာ သဘောပေါက်သွားပြီ ထင်တယ်"
ပိုင်ချူးရန်သည် သူ၏လက်ဖဝါးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဘာ... ဘာလို့လဲ"
အိုမင်းရင့်ရော်နေပြီဖြစ်သော တစ်ကိုယ်တော်ကျင့်ကြံသူ အနည်းငယ်က အားနည်းစွာ လှမ်းမေးကြသည်။
"ငါပြောပြလည်း မင်းတို့က ငါ့လို လိုက်လုပ်လို့ရမှာမှ မဟုတ်တာ။"
ပိုင်ချူးရန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ "ဒီစမ်းသပ်မှုက သေနိုင်လောက်တဲ့အထိ ပြင်းထန်ပုံမရဘူး။ ဒီဂူရဲ့ အခြေအနေအသေးစိတ်ကို ငါ ရှာတွေ့တာနဲ့ မင်းတို့ကို ပြန်လာကယ်ပေးမယ်။ လောလောဆယ်တော့ မင်းတို့ ကြိုးစားပြီး တောင့်ခံထားကြဦး။ စကားနားမထောင်ဘဲ ဒီဂူထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်လာတဲ့အတွက် မင်းတို့အပေါ် ကျရောက်လာတဲ့ ပြစ်ဒဏ်လို့ပဲ သဘောထားလိုက်။"
ထိုသို့ပြောပြီးသည်နှင့် သူသည် စိုးရိမ်ထိတ်လန့်မှုများထ ဒေါသများနှင့် တောင်းပန်ဟန်များ ရောယှက်နေသော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အကြည့်များအောက်တွင်ပင် ၎င်းတို့ကို ကျော်ဖြတ်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့တော့၏။
အဝါရောင်အလင်းတန်းများမှာ သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်သို့ မိုးပေါက်များအလား သည်းကြီးမည်းကြီး ကျဆင်းနေသော်ငြား ပိုင်ချူးရန်သည် မုန်တိုင်းထဲတွင် ခရီးဆက်နေသော ခရီးသည်တစ်ဦးပမာ ကျောပြင်ကို ခပ်မတ်မတ်ထားလျက် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
——————–
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မှောင်မိုက်နေသော နေရာလွတ်အတွင်းဝယ် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က ပြူးကျယ်ကာ နီရဲနေသော မျက်လုံးများဖြင့် ရှိနေ၏။ မိုးရေစက်များပမာ ရွာသွန်းနေသည့် အိုမင်းရင့်ရော်စေသော မှော်အလင်းတန်းများအောက်၌ အေးဆေးတည်ငြိမ်စွာ ရပ်နေသော ပိုင်ချူးရန်ကို အလင်းလုံးထက်မှ ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ "အိုမင်းရင့်ရော်စေတဲ့ မှော်စွမ်းအင်က သူ့အပေါ်ကို ဘာသက်ရောက်မှုမှ မရှိဘူးတဲ့လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အင်မော်တယ်မှ မဟုတ်တာ"
အကယ်၍ ပိုင်ချူးရန်သည် လျှင်မြန်လွန်းလှသဖြင့် တစ်ယောက်တည်းသာ ဖြတ်သွားနိုင်သော ဤလမ်းကြောင်းကျဉ်းလေးအတွင်းရှိ အဝါရောင်အလင်းတန်းများအားလုံးကို ကွင်းရှောင်သွားနိုင်ခဲ့မည်ဆိုလျှင် လက်ခံနိုင်စရာ ရှိသေးသည်။
သို့သော် အဝါရောင်အလင်းတန်းများကို ခုခံနိုင်ရုံသာမက မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ မခံစားရသူတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဆိုသည်ကိုမူ ဤစွမ်းရည်အား ဖန်တီးခဲ့ကြသည့် မြေကမ္ဘာအင်မော်တယ်များပင်လျှင် ယုံနိုင်ကြမည် မဟုတ်ပေ။
သို့ရာတွင် သူ၏ဘေး၌ ရှိနေသော ဦးခေါင်းခွံကြီးကမူ အလင်းလုံးပေါ်ရှိ ပိုင်ချူးရန်အား စိုက်ကြည့်နေရင်း မျက်လုံးဟောင်းလောင်းပေါက်အတွင်းမှ အလင်းရောင်များသည် တိတ်ဆိတ်စွာ လှုပ်ခတ်နေလေ၏။ ထိုဦးခေါင်းခွံသည် နည်းလမ်းတစ်ခုခုကို ရိပ်မိသွားသည့်အလား တစ်စုံတစ်ခုကို တွေးတောနေဟန် ရှိသည်။
"သြော်။ သူက ဒီနည်းလမ်းနဲ့ အသက်ဒီလောက်ထိရှည်အောင် နေလာခဲ့တာကိုး"
ဦးခေါင်းခွံကြီး၏ မျက်လုံးများထဲမှ အလင်းရောင်များ တလက်လက် တောက်ပလာပြီးနောက် သူ့ထံမှ အသံတစ်သံ ထွက်လာ၏
"ဒါကြောင့်လည်း အိုမင်းရင့်ရော်စေတဲ့ မှော်စွမ်းအင်တွေက သူ့ကို ဘာမှလုပ်လို့မရတာ အဆန်းတော့ မဟုတ်ဘူးပဲ။"
"မင်းက ဘာတွေဖြစ်နေတာလဲဆိုတာ သိလို့လား။"
ဦးခေါင်းခွံကြီးက သူ့ဘာသာ စကားပြောနေသည်ကို ကြားသောအခါ အနက်ရောင်ဝတ်ရုံနှင့်လူက ၎င်းအား လေထဲသို့သို့ ဆွဲယူမြှောက်တင်လိုက်ရင်း မေးလေ၏။ "မြန်မြန်ပြောစမ်းပါဦး"
"ဟီးဟီး။ ငါက တကယ့် အမှန်တရားကို သိသွားတာပေါ့"
ဦးခေါင်းခွံကြီး၏ အသံမှာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
"ဒါပေမဲ့ ငါက မင်းကိုမှ မပြောပြချင်တာ။"
အနက်ရောင်ဝတ်ရုံနှင့်လူထံမှ လူသတ်ငွေ့များ ပြင်းထန်စွာ လှုပ်ခတ်လာပြီး သူ့အား တိုက်ခိုက်တော့မည့် အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် ဦးခေါင်းခွံကြီးက လှောင်ပြောင်ဟန်များရောယှက်စွာ ထပ်ပေါင်းပြော၏။ "ငါ မင်းကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။ မဟာဆင်းရဲဒုက္ခရှစ်ပါးထဲက ပထမ ဆင်းရဲဒုက္ခလေးပါးက သူ့အပေါ် ဘာသက်ရောက်မှုမှ ရှိလာနိုင်မှာ မဟုတ်ဘူး။ မင်းက သူ့ခန္ဓာကိုယ်ကို လုယူချင်တယ်ဆိုရင်တောင် သူ့ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ ချစ်သူနဲ့ ကွဲကွာခြင်း၊ မုန်းသူနဲ့ တွေ့ဆုံခြင်း၊ လိုချင်တာမရခြင်း ဆိုတဲ့ ဒုက္ခသုံးပါးကိုပဲ အားကိုးလို့ရတော့မယ်။ ဘာပဲဖြစ်ဖြစ် ငါထင်တာတော့ ဒီကိစ္စက တော်တော်လေးကို မလွယ်ဘူး"
"ဟမ့်..."
အနက်ရောင်ဝတ်ရုံနှင့်လူက ဦးခေါင်းခွံကြီးအား ဘေးသို့ ပစ်ချလိုက်ပြီး အေးစက်စွာ ပြောသည်။ "ဘယ်သူ သေရမ