← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇) နင့်ရင်ဘတ်ကဟာလေး ပြုတ်ကျတော့မယ်

ကံကြမ္မာဆိုသည်မှာ မှန်းဆရခက်မြဲပင်။ ကန့်လန့်ကာနောက်ကွယ်မှနေ၍ အရာရာကို ထိန်းချုပ်ခြယ်လှယ်နေဟန်ရှိသော ဤဝတ်ရုံနက်နှင့်လူပင်လျှင် သူ၏မျက်နှာကို လျှပ်တစ်ပြက် ဖြတ်ရိုက်ခံရမည့်အချိန်မှာ ဤမျှလျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

သူသည် ယုံကြည်ချက်ရှိသော လေသံဖြင့် ကြုံးဝါးခဲ့သော်ငြား ထိုအပြုအမူကို နတ်ဘုရားများပင် မျက်မုန်းကျိုးသွားဟန်တူ၏။ ထိုစဉ် ပိုင်ချူးရန် ဆက်လုပ်လိုက်သော လုပ်ရပ်မှာ ဝတ်ရုံနက်နှင့်လူအား ပါးဖြတ်ရိုက်လိုက်သလိုဖြစ်သွားသည်။

လွန်ခဲ့သော စက္ကန့်ပိုင်းလေးကမှ ပိုင်ချူးရန်သည် တတိယနှင့် စတုတ္ထမြောက် ဆင်းရဲဒုက္ခများဖြစ်ကြသည့် ဖျားနာခြင်းဒုက္ခ နှင့် သေဆုံးခြင်းဒုက္ခ စမ်းသပ်မှုကြီးများကို ပန်းခြံထဲ လမ်းလျှောက်နေသည့်အလား လွယ်ကူစွာ ဖြတ်ကျော်သွားခဲ့သည်ကို သူ စောင့်ကြည့်နေရ၏။

ထိုစမ်းသပ်မှုနှစ်ရပ်အနက် ဖျားနာခြင်း၏ ဆင်းရဲဒုက္ခဆိုသည်မှာ လူတိုင်းအား ကပ်ရောဂါတိမ်တိုက်တစ်ခုအတွင်း လျှောက်လှမ်းသွားစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုတိမ်တိုက်သည် ကျင့်ကြံသူတစ်ဦး၏ သာမန်မဟုတ်သော ခန္ဓာကိုယ်ခုခံနိုင်စွမ်းကိုပင် အားနည်းယုတ်လျော့သွားစေနိုင်ပြီး ရောဂါများကို ခံစားရကာ ဖျားနာခြင်း၏ နှိပ်စက်ညှဉ်းပန်းမှုကို အလူးအလဲ ကြုံတွေ့စေရန် ဖန်တီးထားခြင်း ဖြစ်သည်။

သို့ရာတွင် ပိုင်ချူးရန်ကမူ ကိုယ့်အိမ်ကိုယ့်ရာပမာသာ လျှောက်ပြခဲ့သည်။ ကပ်ရောဂါတိမ်တိုက်အတွင်း လျှောက်လှမ်းနေစဉ် ပိုင်ချူးရန် လေကို အငမ်းမရ ရှူရှိုက်နေရုံသာမက မျက်နှာမှာလည်း ယခင်ကထက်ပင် ပို၍ လန်းဆန်းတက်ကြွသွားပုံရသည်ကို ဝတ်ရုံနက်နှင့်လူ သတိထားမိသွား၏။

ထို့ပြင် ပထမဆင်းရဲဒုက္ခလေးပါးတွင် အ

ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အသက်အန္တရာယ် အရှိဆုံးဖြစ်သော သေဆုံးခြင်းစမ်းသပ်မှုမှာ ခေတ်ပျက်ကြီးထဲတွင်တောင် ရှင်သန်နိုင်ခဲ့သည့် မြေကမ္ဘာအင်မော်တယ် စွမ်းအားရှင်များ၏ မူလအနှစ်သာရများဖြင့် ဖန်တီးထားခြင်းပင်။သူတို့သည် အာကာသဟင်းလင်းပြင် စွမ်းရည်များကို အသုံးပြု၍ တမလွန်လောကသို့ သွားရာ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ကာ ဤနေရာသို့ ရောက်လာသူများကို တမလွန်လောကဆီ တစ်ညအိပ်ခရီးပို့ပေးခြင်းဖြစ်၏။

ထို့အပြင် တရားဝင် ဝင်ရောက်ခွင့်များ မပါသဖြင့် တမလွန်လောကအတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခြင်းမှာ ဥပဒေနှင့် မလွတ်ကင်းချေ။ အကယ်၍ တမလွန်လောကသို့ ပို့ဆောင်ခံရသော ကျင့်ကြံသူများကို သရဲတစ္ဆေများ တွေ့ရှိသွားခဲ့ပါက သူတို့သည် ထိုနေရာ၌ ထာဝရပိတ်လှောင်ခံရပြီး ငရဲပြည်၏ ဆင်းရဲဒုက္ခများကို ခံစားရမည်ဖြစ်၏။ သရဲတစ္ဆေများနှင့် မဆုံတွေ့ခဲ့လျှင်တောင်မှ တမလွန်လောကမှာ အန္တရာယ်ရှိသော အဆိပ်ငွေ့နတ်ဆိုးများ၊ မိစ္ဆာများနှင့် တစ္ဆေများ ပြည့်နှက်နေသည့် နေရာတစ်ခုပင်။

ပိုင်ချူးရန် တမလွန်လောကသို့ ဝင်ရောက်သွားပြီးနောက် သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားခဲ့သဖြင့် မည်သို့ ကြုံတွေ့ခဲ့ရသည်ကို ဝတ်ရုံနက်နှင့်လူ မမြင်နိုင်ခဲ့ချေ။ သို့သော် ပိုင်ချူးရန် ပြန်ထွက်လာချိန်တွင်မူ မိတ်ဆွေတစ်ဦး၏ အိမ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုနေခဲ့သည့်အလား အေးအေးလူလူ ရှိနေလေ၏။

ထိုလူသည် လက်ထဲတွင် တမလွန်လောကရှိ သတ္တဝါတစ်ကောင်၏ ချိုဖြင့်ပြုလုပ်ထားသော အမှတ်တရလက်ဆောင်တစ်ခုကိုပင် ကိုင်ဆောင်ထားသေး၏။ ပိုင်ချူးရန် ဂူသင်္ချိုင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည်ကို ဝတ်ရုံနက်နှင့်လူ မြင်သောအခါ တမလွန်လောကမှ ထွက်လာပြီးနောက် လမ်းလျှောက်လာရင်း ထိုအမှတ်တရလက်ဆောင်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ထိုးထည့်လိုက်သည်ကိုပင် တွေ့လိုက်ရသည်။

ပိုင်ချူးရန်မှာ အေးအေးလူလူဖြင့် မြူခိုးများအတွင်းသို့ တစ်ဖန် ပြန်၀င်သွားသောအခါ ဝတ်ရုံနက်နှင့်လူမှာ ဆွံ့အ ကျန်ရစ်ခဲ့သည်။

"ဘယ်လိုလဲ"

အမှောင်ထဲသို့ ပစ်ချခံထားရသော ဦးခေါင်းခွံကြီးက လှောင်ပြောင်သံဖြငိ့ ပြောလာသည်။ "ငါ ဘာပြောခဲ့လဲဆိုတာ မှတ်မိလား"

ဝတ်ရုံနက်နှင့်လူသည် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး ဦးခေါင်းခွံကြီးကို မှိုင်းညို့နေသော အကြည့်ဖြင့် တစ်ချက်စိုက်ကြည့်သည်။ ထို့နောက် ဦးခေါင်းခွံကြီးအား ပြောနေသည်လား သူ့ဘာသာ တီးတိုးရေရွတ်နေလားမသိပဲ ပြောလာ၏။ "နောက်ထပ် ဆင်းရဲဒုက္ခ လေးပါး ကျန်သေးတယ်။ လောစရာမလိုဘူး။ လောစရာမလိုဘူး"

————————–

အခန်း (၁၆၈) နင့်ရင်ဘတ်ကဟာလေး ပြုတ်ကျတော့မယ် [၁]

ထန်ရော်ဝေသည် ခွန်းလင်ဓားကို သိမ်းဆည်းလိုက်ပြီး ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော ချီစွမ်းအင်ကို ဖိနှိပ်ကာ အသက်ပြင်းပြင်း ရှူလိုက်၏။

သူမသည် မြေတိုင်းတာရေးနှင့် မြေပုံရေးဆွဲခြင်း လေ့လာထဲက လူများစွာနှင့်အတူ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ရသည်။ ဒေါသများကို ပေါက်ကွဲ ဖွင့်ထုတ်ပစ်လိုက်ပြီးနောက်တွင်မူ သူမသည် အခြေတည်အဆင့်၏ ပြီးပြည့်စုံသော အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ရွှေအမြုတေအဆင့်သို့ ထိုးဖောက်ဝင်ရောက်တော့မည့် အရိပ်အယောင်များ ပေါ်လာ၏။

အကယ်၍ ဤနေရာတွင် ပိုင်ချူးရန်သာ ရှိနေပါက သူ ခံပျင်းနေမိမည့်အပြင် ပျော်လည်းပျော်မိလောက်သော်ငြား ဤဂူဗိမာန်၏ ဖွဲ့စည်းပုံကြောင့် ဆရာနှင့် တပည့်ကို သီးခြားစီ ခွဲထုတ်ထားခဲ့သည်။ ထို့ကြောင့်ပင် ပိုင်ချူးရန်သည် ဤအဖိုးတန်လှသော အခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ မတွေ့ကြုံနိုင်ခဲ့သည်မှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှသည်။

သို့ရာတွင် ရွှေအမြုတေအဆင့်သို့ ထိုးဖောက်ဝင်ရောက်လိုပါက ဤကဲ့သို့သော အန္တရာယ်များသည့် နေရာမျိုးတွင်စမ်းကြည့်ကန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထန်ရော်ဝေသည် အဆင့်တက်လိုသော ဆန္ဒကို ဖိနှိပ်ထားလိုက်ပြီး ဘေးဘက်ရှိ မြေပြင်ကို အသာငုံ့ကြည့်သည်။

ထိုနေရာတွင် ယခင်က သူမနှင့် တစ်ထပ်တည်းတူညီသော်ငြား ကြီးမားသော ရင်သားများနှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးတစ်ဦး ရှိနေ၏။ ထိုအရာသည် သူမ အလွန်တောင့်တခဲ့သော အရာပင်ဖြစ်သည်။ ရေတွက်၍မရနိုင်သော ညပေါင်းများစွာတွင်‌ပင် ထိုသို့ဖြစ်လာရန် အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူး၏။

သို့သော် ယခုအခါ ထိုမိန်းကလေးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေချေသည်။ ထန်ရော်ဝေ နှစ်ကြိမ်မျှ ကြည့်ပြီးနောက် ရုတ်တရက် အနည်းငယ် မူးဝေအော့အန်ချင်လာသည်။

'ဗုဒ္ဓဘာသာမှာ ပြောတဲ့ ပန်းရောင်အရိုးခေါင်းတွေဆိုတာ ဒီလိုမျိုးနေမှာပဲ။ တကယ်လို့ တစ်နေ့နေ့ ငါ ကံမကောင်းလို့ သေဆုံးသွားခဲ့ရင် ငါ့ရဲ့ခန္ဓာကိုယ်လည်း ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်လောက်တယ်'

ကံကောင်းထောက်မစွာဖြင့် နောက်တစ်စက္ကန့်တွင် ဂူအတွင်းရှိ ဝင်္ကပါအစီအရင်သည် စတင်အလုပ်လုပ်လာပြီး ဖန်တီးထားသော ခန္ဓာကိုယ်မှာ ချီစွမ်းအင်အစက်လေးများ ပြောင်းသွားကာ ဂူ၏ စွမ်းအင်လည်ပတ်မှုအတွင်းသို့ တစ်ဖန် ပြန်လည်စီးဝင်သွား၏။ ဤအရာကသူမ၏ အဆုံးမဲ့ စိတ်ကူးယဉ်မှုများကို ရပ်တန့်သွားစေခဲ့သည်။

ထန်ရော်ဝေသည် အခြားတစ်ဖက်ရှိ လှေကားမှ ဆင်းလာခဲ့သည်။ လမ်းဆုံးသို့ရောက်သောအခါ ညကောင်းကင်ယံတွင် တွဲလွဲဆွဲထားသော အဝေးသို့ဆန့်တန်းထွက်နေသည့် တံတားတစ်စင်းကို မြင်လိုက်ရ၏။ ထန်ရော်ဝေသည် ထိုတံတားမှာ ဤနေရာနှင့်ဆင်တူသော နေရာတစ်ခုနှင့် ဆက်သွယ်ထားမှန်းသိ၏။ စင်မြင့်၏ အခြားတစ်ဖက်မှလည်း နောက်ထပ်တံတားတစ်စင်း ထွက်ပေါ်နေပြီး တံတား၏အဆုံးတွင် လွင့်မျောနေသော မြူခိုးများ ရှိနေသည်။

ဤအရာသည် ထွက်ပေါက်ဖြစ်ဟန်တူ၏။ ထန်ရော်ဝေလည်း တံတားပေါ်သို့ တက်ကာ ဤနေရာမှတစ်ဆင့် အခြားစင်မြင့်တစ်ခုဆီသို့ ကူးသွားခဲ့သည်။ သူမသည် စင်မြင့်ပေါ်သို့ မတက်ဘဲ စင်မြင့်အောက်ရှိ စင်္ကြံလမ်းမှတစ်ဆင့် အခြားတံတားတစ်ခုဆီသို့ လျှောက်သွားခဲ့လေသည်။

သူမ ထောင့်ချိုးတစ်ခုကို ကွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရင်းနှီးသူတစ်ဦးနှင့် ရုတ်တရက် ဆုံလိုက်ရသည်။ ထိုလူမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားမြှောင်အစုံကို ကိုင်ဆောင်ထားသော လီကျင်းယောင်ပင်ဖြစ်ပြီး စင်္ကြံလမ်း၏ အလယ်တွင် ရပ်နေ၏။ သူမ၏ မျက်နှာပေါ်တွင် သွေးအနည်းငယ် စင်နေပြီး ဓားသွားများမှ သွေးများ စီးကျနေဆဲဖြစ်သည်။ သူမ၏ ခြေရင်းတွင်လည်း ရုပ်ပျက်ဆင်းပျက် အရာတစ်ခု ရှိနေလေသည်။

"အစ်မလီ"

ထန်ရော်ဝေ၏ အသံကို ကြားသောအခါ လီကျင်းယောင်က ခေါင်းလှည့်လာပြီး သူမကို မြင်ရချိန် ပြုံးလိုက်လေသည်။

"ညီမလေး ရော်ဝေကိုး။ ဒါက ဖူးစာဆိုတာလား။ ဟေး နင့်ရင်ဘတ်ကဟာလေး ပြုတ်ကျတော့မယ်။"

ထန်ရော်ဝေ လန့်သွားပြီး သူမ၏ ရင်ဘတ်ကို မသိစိတ်အရ စစ်ဆေးကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ သူမ ခေါင်းမော့ကြည့်လိုက်သောအခါ လီကျင်းယောင်၏ အဓိပ္ပာယ်များစွာ ရောယှက်နေသော အပြုံးနှင့်အတူ စိတ်သက်သာရာရသွားပုံပေါ်သည်။

"တကယ် ညီမလေး ရော်ဝေအစစ်ပါလား"

လီကျင်းယောင်က တောင်းပန်သည့် အပြုံးဖြင့် ပြုံးကာပြောလာ၏။ "တောင်းပန်ပါတယ်။ ငါ နင့်ရဲ့ အားနည်းချက်ကို ခလုတ်တိုင်မိသွားပြန်ပြီ။ ဒါပေမဲ့ နင်ဆိုတာ အတည်ပြုဖို့အတွက် ဒီနည်းလမ်းကိုပဲ ငါ စဉ်းစားလို့ရတယ်။ ငါ ဒီကိုလာတုန်းက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်တဲ့ အခြေအနေမျိုး ကြုံခဲ့ရဖူးတယ်လေ။ ပြီးတော့ ဒီဂူထဲမှာ မြေကမ္ဘာအင်မော်တယ်တွေရဲ့ ဝိညာဉ်လည်း ရှိနေပြီး ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို လုယူဖို့ အခွင့်အရေး စောင့်နေမှာသေချာတယ်။ လက်ရှိအချိန်မှာ ဂိုဏ်းသား ဘယ်နှယောက်များ သူ့လက်ထဲရောက်သွားပြီလဲ မသိဘူး။"

"အစ်မလီ ဘာတွေပြောနေတာလဲ။ ကျွန်မ ဘာမှ နားမလည်ဘူး"

ထန်ရော်ဝေသည် ကြောင်တောင်တောင် မျက်နှာလေးဖြင့် သူမကို ကြည့်ကာ မေးလာ၏။ "ဒီဂူထဲက တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ် လုယူခံလိုက်ရပြီလို့ ပြောတာလား"

လီကျင်းယောင်က ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်။ အဲဒါကြောင့် ငါတို့ အတူတူ သွားကြမလား။ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့"

ထန်ရော်ဝေသည် မြေပြင်ပေါ်ရှိ အလင်းစက်များအဖြစ် ပျောက်ကွယ်သွားနေသော ရုပ်ပျက်ဆင်းပျက်အရာကို ကြည့်ကာ တွန့်ဆုတ်စွာ ပြော၏။ "ဒါပေမဲ့ အစ်မလီကသာ ကျွန်မကို စမ်းသပ်သွားတာ။ ကျွန်မက အစ်မလီကို မစမ်းသပ်ရသေးဘူးလေ"

"နင်လည်းစမ်းကြည့်ပေါ့။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့က လိုကိုလိုတာ"

လီကျင်းယောင်က ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ခေါင်းညိတ်လာ၏။ "ညီမလေး ရော်ဝေ။ နင် အဆင်ပြေသလို စမ်းသပ်ပါ"

"ဒါဆို မြေကြီးပေါ်က အဲ့အရာက ဘာဖြစ်တာလဲ"

ထန်ရော်ဝေက အလင်းစက်များအဖြစ် တစ်ဝက်တစ်ပျက် ပြောင်းလဲနေသော ရုပ်ပျက်ဆင်းပျက် အရာကို လက်ညှိုးထိုးကာ မေးသည်။

"သူလား" လီကျင်ယောင်က တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလေ၏။

"ဒီ လိုချင်တာမရခြင်း စမ်းသပ်မှုမှာ ငါ့ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှု စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ခဲ့တယ်။ ငါ့အတွက် ပြီးပြည့်စုံတဲ့ သတို့သားလောင်းကို တွေ့ပြီထင်ပြီး စမ်းကြည့်ချင်ခဲ့တာ။ သူက ငါ့ထက်သာရဲ့လားတဲ့ ငါ့ကို ကာကွယ်ပေးနိုင်မလားဆိုတာပေါ့။ ကံမကောင်းတာက ငါက အရမ်းသန်မာလွန်းနေပုံရတယ်။ အဲဒါကြောင့် အဲဒီယောက်ျားက မြေကြီးပေါ်မှာ ဒီလိုဖြစ်သွားတာလေ။"

"ဒီလိုဖြစ်ခဲ့တာကို။ အစ်မလီကျင်းယောင်က အစစ်ပဲ"

ထန်ရော်ဝေက ဘာမှပြောစရာမရှိတော့သလို ခေါင်းခါယမ်းလာသည်။

"အရှေ့ကို အတူတူ ဆက်သွားကြတာပေါ့"

All Chapters