← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉) ချစ်ရသူနှင့်ကွဲကွာခြင်း။ အချစ်ဆိုတာမရှိခြင်း။

ထန်ရော်ဝေနှင့် လီကျင်းယောင်တို့သည် ဖြူလွှလွှ မြူခိုးများကို လက်ချင်းချိတ်လျက် ထိုးဖောက်ဖြတ်သန်းလာပြီးနောက် ယခင်ကဲ့သို့ မတ်စောက်လှသော ကျောက်ဆောင်ကမ်းပါးယံထက်၌ အတူတကွ ရောက်ရှိနေကြောင်း သတိပြုမိကြသည်။

မိန်းကလေးနှစ်ဦးစလုံးတွင်မူ ဒေါင်လိုက်နီးပါး မတ်စောက်နေသော ထိုကျောက်ကမ်းပါးပေါ်၌ ပိုင်ချူးရန်ကဲ့သို့ မြေပြင်တွင်လမ်းလျှောက်နေသယောင် သက်သောင့်သက်သာ သွားလာနိုင်စွမ်း မရှိကြပေ။ သို့ဖြစ်ရာ သူတို့၏ ဓားပျံများကို အမြန်ခေါ်ယူလိုက်ကြပြီး ဓားပေါ်သို့ တက်ကာ လေဟာပြင်ထဲတွင် ရပ်နေရတော့၏။

သူမတို့သည် ပထမစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီးဖြစ်လေရာ တိမ်တိုက်များနှင့် မြူခိုးလွှာများ ဝန်းရံခံထားရပြီး တောင်ထိပ်နှင့် တောင်ခြေကို ဝိုးတဝါးသာ လှမ်းမြင်နိုင်တော့သည်။

လီကျင်းယောင်သည် အထက်အောက် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် မေးလာသည်။ "ညီမလေး ရော်ဝေ။ အခု နင့်အမြင်ကနေကြည့်ရင် တောင်ထိပ်နဲ့ ဘယ်လောက်လောက် ဝေးဦးမယ် ထင်လဲ"

ထိုစကားကို ကြားသောအခါ ထန်ရော်ဝေသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်၏။ သူမသည် မြေတိုင်းတာရေးနှင့် မြေပုံရေးဆွဲခြင်း ပညာရပ်များမှ စုဆောင်းရရှိထားသော အတွေ့အကြုံများကို အသုံးချကာ ခန့်မှန်းခြေအကွာအဝေးကို တစ်ချက်ကြည့်ရုံဖြင့် တွက်ချက်နိုင်သည်။

"ဒေါင်လိုက်အကွာအဝေးက ပေသုံးရာ့ငါးဆယ်လောက် ရှိမယ်"

"ဟုတ်လား"

လီကျင်းယောင်သည် အပေါ်သို့ မော့ကြည့်ပြီးနောက် ပြောလာ၏။ "ငါ့အမြင်ကနေကြည့်ရင်တော့ ပေ ခုနစ်ရာ့ငါးဆယ်လောက် ရှိတယ်။ ဒါဆိုရင် မြူခိုးဧရိယာတစ်ခုကို ဖြတ်ကျော်ရတဲ့ စမ်းသပ်မှုတိုင်းက ပေသုံးရာ့ငါးဆယ် အကွာအဝေးနဲ့ ညီမျှနေတာပဲ။ မြူခိုးဧရိယာတွေကြားမှာတော့ အမြင့်ပေ ဆယ့်ငါးပေလောက် ကွာဟမှု ရှိတယ်။"

"ဒါပေမဲ့ အစ်မကျဘာလို့ ပေခုနစ်ရာ့ငါးဆယ်လို့ ပြောတာလဲ"

"ငါတို့ အခု ဘေးချင်းယှဉ်ရပ်နေကြပေမဲ့ တကယ်တမ်းကျတော့ မတူညီတဲ့ နေရာတစ်ခုမှာ ရပ်နေကြတာ။ ဘာလို့လဲဆိုတော့ ငါက နင့်ထက် စမ်းသပ်မှုတစ်ခုပိုပြီး ဖြတ်ကျော်ထားလို့လေ။"

လီကျင်းယောင်က ခေါင်းညိတ်ကာ ဆက်ပြောသည်။ "ဒီလို မတူညီတဲ့နေရာလွတ်မျိုးကို မြေကမ္ဘာအင်မော်တယ်တွေ ဘယ်လိုများ စီမံထားကြတာလဲ မသိဘူး။ ငါ တော်တော်လေး စိတ်ဝင်စားသွားပြီ။"

"အစ်မ စပ်စုချင်နေလည်း အလကားပဲ။"

ထန်ရော်ဝေသည် အောက်ဘက်ရှိ မြူခိုးများ ဖုံးလွှမ်းနေသော နေရာကို ငုံ့ကြည့်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်သွားကြတာပေါ့ အစ်မလီ။ နောက်ထပ် စမ်းသပ်မှုမှာ ရင်းနှီးတဲ့သူတွေနဲ့ ဆုံရင်လည်း ဆုံရနိုင်တယ်လေ။"

"ဒါလည်း ဟုတ်တာပဲ။" လီကျင်ယောင်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။

ထို့နောက် မိန်းကလေးနှစ်ဦးသည် လက်ချင်းချိတ်လျက် နောက်ထပ် မြူခိုးဧရိယာတစ်ခုအတွင်းသို့ တိုးဝင်သွားကြသည်။ နေရာလွတ်များ ကူးပြောင်းသွားသည့် ခံစားချက်တစ်ခုကို ရရှိလိုက်ပြီးနောက်တွင် သူမတို့နှစ်ဦးသည် ကျယ်ပြောလှသော လွင်ပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားကြသည်။

ရှေ့နှင့်နောက်တွင် သင်းပျံ့သော မြက်ခင်းစိမ်းစိမ်းများ ရှိနေပြီး ခေါင်းထက်၌မူ ကြယ်တာရာများ စီချယ်လင်းလက်နေသော လှပသည့် ညကောင်းကင်ယံကြီး ရှိနေသည်။ ဤနေရာလွတ်မှာ အန္တရာယ်များ ပြည့်နှက်နေသည့် စမ်းသပ်မှုနေရာတစ်ခုနှင့်မတူဘဲ စာအုပ်များထဲတွင် ဖော်ပြလေ့ရှိသည့် ချစ်သူရည်းစားများ ချစ်ခွင့်ပန်ရာ ဂန္ထဝင်နေရာလေးတစ်ခုနှင့်သာ ပို၍ တူနေ၏။

"ဒီမှာက ဘာစမ်းသပ်မှုများ ရှိနေတာလဲ"

ထန်ရော်ဝေသည် စူးစမ်းလိုစိတ်ဖြင့် ဘယ်ညာ ဝေ့ဝဲကြည့်မိသည်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာကို စမ်းသပ်တဲ့ နေရာတော့ မဟုတ်လောက်ဘူး"

လီကျင်းယောင်သည်လည်း စပ်စုလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ထပ်ပြော၏။ "ငါက နင့်ထက်အရင် သေဆုံးခြင်းဒုက္ခကို ဖြတ်ကျော်ခဲ့ပြီးပြီလေ။ အဲဒီစမ်းသပ်မှုက ငါ့ကို တမလွန်လောကဆီ ပို့လိုက်တာ။ အဲဒီမှာ အရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ ပိုးကောင်ပုံစံ သတ္တဝါကြီးတစ်ကောင်နဲ့ သွားတွေ့တယ်။ အဲဒီကောင်က နတ်ဝိဉာဉ် အစောပိုင်းလောက် ခွန်အားရှိတယ်။ သူ့ကို သတ်နိုင်ဖို့ ငါ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတာ။"

ထန်ရော်ဝေသည် တိတ်တဆိတ် သက်ပြင်းချမိသည်။ "ကျွန်မအထင်တော့ ပထမ ဆင်းရဲဒုက္ခလေးပါးက ခန္ဓာကိုယ်နဲ့ ခွန်အားကို ပစ်မှတ်ထားပြီး နောက်ဆုံး ဒုက္ခလေးပါးကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပစ်မှတ်ထားတာ ဖြစ်ရမယ်။ ဒီစမ်းသပ်မှုက နောက်ဆုံး ဒုက္ခလေးပါးထဲက တစ်ခုဖြစ်မယ်နဲ့တူတယ်"

လီကျင်းယောင်က ပြန်ဖြေသည်။ "ငါတို့က လိုချင်တာမရခြင်းကို ဖြတ်ကျော်ခဲ့ပြီးပြီ၊ ခန္ဓာငါးပါး ပူလောင်ခြင်းဆိုရင်လည်း တော်တော်လေး ပျော့တယ်၊ ဒါကြောင့် ဒီစမ်းသပ်မှုက မုန်းတဲ့သူနဲ့ တွေ့ဆုံခြင်း ဒါမှမဟုတ် ချစ်ရသူနဲ့ ကွဲကွာခြင်းထဲက တစ်ခုခု ဖြစ်ဖို့များတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ကျောက်တိုင်ကို အရင်ရှာကြတာပေါ့" ထန်ရော့ဝေ့က အကြံပြုလေ၏။

မြေမျက်နှာပြင် ပြန့်ပြူးနေသောကြောင့် မိန်းကလေးနှစ်ဦးသည် လွင်ပြင်၏ ထောင့်တစ်နေရာရှိ စမ်းသပ်မှုကျောက်တိုင်ကို လွယ်ကူစွာပင် ရှာတွေ့ခဲ့ကြသည်။ သို့သော် ထို့ထက် ပို၍အံ့ဩစရာကောင်းသည်မှာ ကျောက်တိုင်အောက်၌ ဆံပင်ဖြူ၊ မျက်ခုံးဖြူနှင့် ချောမောသော လူငယ်လေးတစ်ဦးသည် နေရာလွတ်လှိုင်းများကြားမှ အေးအေးလူလူ လျှောက်ထွက်လာသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

သူတို့ နှစ်ဖက်စလုံး ဆုံတွေ့လိုက်ရချိန် အလွန်ပင် အံ့အားသင့်သွားကြ၏။ ထန်ရော်ဝေသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဆရာဟု ခေါ်ရန် မသိစိတ်အရ ဟန်ပြင်လိုက်သော်လည်း လီကျင်ယောင်က သူမ၏ရှေ့သို့ ရုတ်တရက် ပြေးထွက်သွားကာ ဦးစွာစကားစသည်။ "စီနီယာ။ ညီမလေးရော်ဝေရဲ့ ရင်ဘတ်အခြေအနေကို ဖော်ပြဖို့အတွက် ကဗျာတစ်ကြောင်း သုံးစက္ကန့်အတွင်း အမြန်စဉ်းစားပေးပါ"

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ပိုင်ချူးရန်မှာ တစ်ခဏမျှ မှင်တက်သွားခဲ့ရသည်။ သူသည် မသိစိတ်အရ ပတ်ဝန်းကျင်ရှိ လွင်ပြင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း‌ပြော၏။ "ကြယ်တွေစုံတဲ့ လွင်ပြင်ကျယ်ကြီးက ပြန့်ပြူးနေတာပါပဲလား”

အခန်း (၁၇၀) ချစ်ရသူနှင့်ကွဲကွာခြင်း။ အချစ်ဆိုတာမရှိခြင်း။ [၁]

"ရှင်။ ငရဲကိုသွားလိုက်စမ်းပါ"

ထန်ရော်ဝေ ရှက်ဒေါသထွက်စွာ အော်ဟစ်လိုက်ပြီး သူမစကတ်ကိုမြှောက်ကာ ပိုင်ချူးရန် ခြေသလုံးကို အားကုန် ကန်တော့သည်။ သို့သော် ကန်ပြီးနောက် သူမသာလျှင် နာကျင်မှုကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ရ၏။

"ကောင်းပြီ" ဤတစ်ကြိမ်တွင်မူ လီကျင်းယောင်သည် လုံးဝ စိတ်အေးသွားရသည်။

"စီနီယာ ဓားဘိုးဘေး အစစ်ပဲကို"

"မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ"

ပိုင်ချူးရန်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရသော ထန်ရော်ဝေ၏ ခေါင်းသေးသေးလေးကို ဖွဖွလေး ပွတ်သပ်ပေးရင်း မေးလေ၏။ "ဒီဂူရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ငါတို့အချင်းချင်း တစ်စုတစ်ဝေးတည်း နေခွင့်ပေးလိမ့်မယ်လို့ မထင်ထားဘူး။ အနည်းဆုံးတော့ ငါသာဆို အဲဒီလို အလွယ်တကူ လုပ်ခွင့်ပေးမှာ မဟုတ်ဘူးလေ။"

"ဒီဂူရဲ့ အခြေအနေအပေါ် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက ငါတို့ထင်ထားတာထက် အများကြီး လျော့နေတာများလား"

ထို့နောက် လီကျင်းယောင်က ဖြစ်ပျက်ခဲ့သမျှ ဇာတ်ကြောင်းတစ်ခုလုံးနှင့် သူမ၏ ခန့်မှန်းချက်အချို့ကို ပြုံးရွှင်စွာ ပြောပြလာသည်။

"ဒါဆိုရင် နေရာလွတ်တွေ အများကြီး လွဲချော်ကုန်တာပေါ့"

ပိုင်ချူးရန်သည် တစ်ခဏမျှ စဉ်းစားလိုက်၏။ "ဒီလို ဂူမျိုးကို ဖန်တီးနိုင်တဲ့အထိ စွမ်းအားရှိတဲ့ သူတစ်ယောက်က သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကို လုယူဖို့လောက်ပဲ စိတ်ကူးရှိတဲ့ အဆင့်နိမ့်တဲ့သူတစ်ယောက် ဖြစ်မယ်တော့ မထင်ဘူး"

"ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်မတို့လည်း ခန့်မှန်းရခက်တယ်လေ"

လီကျင်းယောင်က ပြော၏။

"နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ အတိတ်က တောက်ပပြီး ပါရမီရှိခဲ့တဲ့ သူတစ်ယောက်ကလည်း သေရမှာကို ကြောက်တဲ့ အဘိုးကြီးတစ်ယောက် ဖြစ်သွားနိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် လူတွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတတ်ကြတာပဲမလား"

"ဒါလည်း ဟုတ်တာပဲ"

ပိုင်ချူးရန်သည် ကျောက်တိုင်ကို လှမ်းကြည့်လိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးရောက်ရင် အဖြေပေါ်လာမှာပေါ့... လောလောဆယ်တော့ ဒီစမ်းသပ်မှုကို အရင်ဖြေရှင်းကြတာပေါ့။"

သူသည် ခြေသလုံးကို ပွတ်နေဆဲဖြစ်သော ထန်ရော်ဝေကို ဆွဲထူလိုက်ပြီးနောက် သူတို့သုံးဦးစလုံး ကျောက်တိုင်ဆီသို့ အတူတကွ လျှောက်သွားခဲ့ကြသည်။ သူတို့သုံးဦး ရောက်ရှိလာသည်ကို အာရုံခံမိသောအခါ ကျောက်တိုင်မျက်နှာပြင်ပေါ်တွင် အပြာရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော စာသားများ အလျင်အမြန် ပေါ်ထွက်လာ၏။

[လူသစ်နှင့် ဆုံတွေ့ရခြင်းက ပျော်ရွှင်ဖွယ်ကောင်းပြီး၊ ကွဲကွာရခြင်းကတော့ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှတယ်]

ထိုစာသားများ ပျောက်ကွယ်သွားပြီးနောက် စာလုံးကြီး ခြောက်လုံး ထင်ရှားစွာ ပေါ်လာခဲ့၏။

[ပဉ္စမ/ဒုတိယ/တတိယ ဆင်းရဲဒုက္ခ။ ချစ်သူနှင့် ကွဲကွာခြင်း]

"ဟူး..."

ဤစမ်းသပ်မှု၏ အမည်ကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီစမ်းသပ်မှုက ငါ့အတွက်တော့ အဆင့်မြင့်လွန်းတဲ့ မေးခွန်းကြီးပဲ။ ရောိဝေ၊ မိန်းကလေးလီ။ ဒီစမ်းသပ်မှုကို ငါ အရင်ဝင်ကြည့်မယ်"

သူသည် သူမနှင့် ထန်ရော်ဝေတို့အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ရှေ့ထွက်ကာ မိုင်းဝင်နင်းပေးရန် ပြင်နေသည်ကို မြင်သောအခါ လီကျင်းယောင်သည် မှင်တက်သွားရ၏။ "စီနီယာ ဓားဘိုးဘေးရဲ့ ခွန်အားနဲ့ဆိုတော့ ကျွန်မတို့လည်း စိတ်အေးရတာပေါ့"

သူမတို့ အတန်ကြာ သိကျွမ်းပြီးနောက် ဉာဏ်ပညာ၊ ပါရမီ၊ ခွန်အားအတွေ့အကြုံသာမက စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ကျန်ရှိသောကဏ္ဍပေါင်းစုံ၌ လီကျင်းယောင်သည် ပိုင်ချူးရန်အား အရှုံးပေးရန် ဆန္ဒရှိပေသည်။

သူမသည် ပိုင်ချူးရန်နှင့် တစ်ခေတ်တည်းသာ မွေးဖွားလာခဲ့မည်ဆိုလျှင် ပိုင်ချူးရန်၏ နောက်၌သာ အမြဲရှိနေမည်ကို သူမကိုယ်သူမ ကောင်းစွာသိသည်။ သို့ဖြစ်ရာ ပိုင်ချူးရန် ဦးစွာ၀င်မည်ကိုကြားချိန် သူမကိုယ်တိုင်၀င်သည်ထက်ပင် စိတ်အေးမိ၏။ အကယ်၍ ပိုင်ချူးရန်ပင် ဤအခက်အခဲကို မကျော်လွှားနိုင်ပါက သူမနှင့် ထန်ရော်ဝေတို့သည်လည်း သေချာပေါက် ကျော်လွှားနိုင်မည် မဟုတ်ချေ။

ပိုင်ချူးရန် ရှေ့ထွက်ကာ သူမတို့အစား အနစ်နာခံပေးမည်ကို မြင်သောအခါ မြေကြီးပေါ်တွင် စူပုပ်ပုပ်ဖြင့် ထိုင်နေဆဲဖြစ်သော ထန်ရော်ဝေလည်း တိုးညင်းစွာ လှမ်းပြောလေသည်။ "ဂရုစိုက်နော် ဆရာ"

သူမ၏စကားသံမှာ ခြင်သံလေးလောက်သာ ထွက်သော်ငြား ပိုင်ချူးရန်ကမူ ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ ပြုံးကာ ထန်ရော်ဝေ၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ လျှောက်သွားလေ၏။

မဟာဆင်းရဲဒုက္ခရှစ်ပါးထဲမှ ချစ်သူနှင့်ကွဲကွာခြင်းဆိုသည်မှာ မိသားစု ဆွေမျိုးမိတ်ဆွေများနှင့် ခွဲခွာရသည့် နာကျင်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ပိုင်ချူးရန်ကမူ ဤစမ်းသပ်မှုကို အားကိုး၍ သူ၏ မှတ်ဉာဏ်ထဲမှ အတိတ်က လူဟောင်းအချို့ကို ပြန်လည်မြင်တွေ့ခွင့်များ ရမည်လားဟု မျှော်လင့်နေမိ၏။

သို့ရာတွင် သူ ကျောက်တိုင်နောက်ဘက်ရှိ လွင်ပြင်ပေါ်မှ စမ်းသပ်မှုဧရိယာထဲသို့ ဝင်ရောက်သွားသောအခါ၌မူ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

All Chapters