ကျောက်စိမ်းလှေကားကျိုးသွားခြင်း...
Vol. 82 Ch. 1139
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
" အမှန်တော့ ငါတို့ အလုအယက် တက်ဖို့ ကြိုးစားနေတဲ့ ကျောက်စိမ်းလှေကားထစ်ပေါ်ကို ပထမဆုံး ရောက်လာတဲ့သူက.... တက်သွားခဲ့တာ ကြာပြီ။ " ပညာရှိက သူ့ကိုသူ လှောင်ရယ်လိုက်သည်။
ပညာရှိ၏ စိတ်နေစိတ်ထားနှင့်ဆိုလျှင် ရှေ့မှလူက အနည်းငယ်သာ သာနေလျှင် သူက ယခုလောက်ထိ စိတ်ပျက်အားလျော့နေမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူက ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ ရောက်နေသော်လည်း လင်းယွမ်နှင့် သူကြားတွင် မရေတွက်နိုင်သော လှေကားထစ်များ ရှိနေသည်။
ကြိုးစားလိုစိတ် သို့မဟုတ် ယှဉ်ပြိုင်လိုစိတ်မည်မျှ ကြီးမားသည်ဖြစ်စေ ထိုမျှကြီးမားသော ကွာခြားမှုမျိုးတွင် ထိုစိတ်များအားလုံး ပျောက်ကွယ်သွားရပေလိမ့်မည်။
" တက်သွားခဲ့တာကြာပြီဟုတ်လား။ "
" ပညာရှိ ဘာကိုဆိုလိုတာလဲ။ "
" မင်းအရင် ကျောက်စိမ်းလှေကားပေါ်ကို တက်သွားတဲ့သူရှိလို့လား။ "
ဝမ်ရှန်း၊ ဟောက်ထျန်းနှင့် အခြားအချိန်အရှင်သခင်များက ပညာရှိ၏ စကားက ချက်ချင်း ရိပ်မိသွားကြသည်။ သို့သော် ထိုစကားက သူတို့အားလုံးကို ယုံကြည်ရန် ခက်ခဲစေသည်။ ပညာရှိအရင် ကျောက်စိမ်းလှေကားပေါ်ကို တက်သွားတာဘယ်သူလဲ။
" အခုအချိန်ထိ ပေါ်မလာသေးတဲ့သူတစ်ယောက်ရှိတာ မင်းတို့ သတိမထားမိဘူးလား။" ပညာရှိက သက်ပြင်းချပြီး ပြောလိုက်သည်။
" မင်းက နဂါးငွေ့တန်းကို ပြောတာလား။ " ဝမ်ရှန်းအရှင်သခင်၏ အမူအရာက ပြောင်းလဲသွားသည်။
ပညာရှိတစ်ယောက်တည်း လင်းယွမ်ကို သတိထားမိသည်မဟုတ်ဘဲ အခြားသူများကလည်း လင်းယွမ်ကို စိုးရိမ်နေခဲ့ကြသည်။ သူတို့က ပူးပေါင်းပြီး လင်းယွမ်ကို ဖယ်ရှားရန် ကြံစည်ခဲ့ကြသော်လည်း ပညာရှိ ကျောက်စိမ်းလှေကားပေါ်တက်သွားသည်အထိ လင်းယွမ်က ပေါ်မလာခဲ့ပေ။
" ဟုတ်တယ်။ နဂါးငွေ့တန်းက တက်သွားခဲ့တာ ကြာပြီ။ " ပညာရှိက ပြောလိုက်သည်။
" နဂါးငွေ့တန်းက တက်သွားပြီလား။ "
" သူက ဘယ်လိုနည်းလမ်းတွေ ပိုင်ဆိုင်ထားတာလဲ။ "
ဒဏ္ဍာရီအချိန်အရှင်သခင်များက အံ့ဩတုန်လှုပ်သွားကြသည်။ ထိုအကြောင်းပြချက်က ကျိုးကြောင်းဆီလျော်သည်။ မဟုတ်လျှင် လင်းယွမ်၏ စွမ်းအားနှင့် သူတို့ ပေါင်းစည်းထားသော လှေကားသို့ ရောက်လာချိန်တွင် သူက မပေါ်လာစရာ အကြောင်းမရှိပေ။ သူက သူတို့အားလုံးကို ကျောက်တက်သွားသည်ကသာ တစ်ခုတည်းသော ရှင်းပြချက်ဖြစ်ပေလိမ့်မည်။
" ကြည့်ရတာ နဂါးငွေ့တန်းက ကျိုးဟီအရှင်သခင်ကို တိုက်ခိုက်တုန်းက သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာပဲ။ "
" ပညာရှိ နဂါးငွေ့တန်းက ဘယ်လောက်အမြင့်ထိ တက်သွားပြီလဲ။ ငါတို့ သူ့ကို ဘာလို့မမြင်ရတာလဲ။ "
" ဟုတ်တယ်။ ငါလည်း မမြင်ရဘူး။ ပေါင်းစည်းထားတဲ့ ကျောက်စိမ်းလှေကားပေါ်တက်မှ အပေါ်က မြင်ကွင်းတွေကို မြင်ရမှာလား။ " အချိန်အရှင်သခင်များက အခြေအနေကို ခန့်မှန်းလိုက်ကြသည်။
" မင်းတို့ မမြင်ရတာ ပုံမှန်ပါပဲ။ " ပညာရှိက အချိန်အရှင်သခင်များကို ကြည့်ပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်းက အရမ်းမြင့်တဲ့ နေရာတစ်ခုကို ရောက်နေပြီ။ ဘယ်လောက်မြင့်လဲဆို ငါတောင် ခပ်ဝါးဝါးပဲ မြင်ရတယ်။ "
ကျောက်စိမ်းလှေကားထစ်ပေါ်တွင် လင်းယွမ်က ဆက်တက်နေစဉ် အောကသို့ ငုံ့ကြည့်လိုက်သည်။ ဟောက်ထျန်းနှင့် အခြားအချိန်အရှင်သခင်များက ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ တက်ရန် ယှဉ်ပြိုင်နေကြသည်ကို တွေ့လိုက်ရသည်။
" အခုမှ အဲ့ဒီကို ရောက်လာတာလား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ယခုအချိန်တွင် သူက ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ တက်လာသည်မှာ နှစ်ပေါင်းတစ်သောင်းကျော် ရှိနေပြီဖြစ်သည်။ လင်းယွမ်က တစ်ချက်ကြည့်ပြီး ဂရုမစိုက်တော့ပေ။
သူက အခြားအချိန်အရှင်သခင်များကြားမှ ကွာဟချက်က အလွန်ကြီးမားနေပြီဖြစ်သည်။ သူတို့ကို ထပ်ပြီး ဂရုစိုက်စရာမလိုတော့ပေ။
" ဒီကျောက်စိမ်းလှေကားကို တက်ရတဲ့ အခက်အခဲကလည်း ပိုတိုးလာတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ တက်ရသော အခက်အခဲက တိုးလာသော်လည်း အကျိုးသက်ရောက်မှုက အလွန်ကြီးမားလှသည်။
နှစ်ပေါင်းတစ်သောင်းကျော် တက်ပြီးနောက် သူက ရှန်ထျန်းအသွင်ပြောင်းလဲခြင်းမှ ဖရိုဖရဲထိုက်ကျိတာအို၊ ဖရိုဖရဲထိုက်ချူးတာအို၊ ဖရိုဖရဲထိုက်ရှီတာအိုတို့ကို နားလည်သွားခဲ့ပြီဖြစ်သည်။ သူက ဖရိုဖရဲမူလတာအိုငါးခုလုံးကို နားလည်ရန် ဖရိုဖရဲထိုက်စုတာအိုသာ ကျန်တော့သည်။
" ဖရိုဖရဲမူလတာအိုငါးမျိုးလုံးကို နားလည်သွားရင် ဒါက ငါ့အတွက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါက ဖရိုဖရဲထိုက်စုတာအိုကို နားလည်ပြီး ရှန်ထျန်းအသွင်ပြောင်းလဲခြင်းက ပြည့်စုံသွားရင်တော အဆုံးမဲ့မဟာတာအိုနဲ့ ဝေးကွာသေးတယ်လို့ ခံစားနေရတုန်းပဲ။ " လင်းယွမ်က နားမလည်နိုင်ဖြစ်နေသည်။ သူ၏ စွမ်းအားက ပို၍ ကြီးမားလေ လွတ်မြောက်ခြင်းနှင့် ဝေးကွာမှုကို ပို၍ရှင်းရှင်းလင်းလင်း မြင်ရလေဖြစ်သည်။
" ဖြည်းဖြည်းချင်းပဲ သွားတာပေါ့။ ဖရိုဖရဲထိုက်စုတာအိုကို အရင်ဆုံး နားလည်အောင်လုပ်ရမယ်။ " လင်းယွမ်က သူ၏ တွေးများကို ထိန်းချုပ်ပြီး ကျောက်စိမ်းလှေကားကို ဆက်တက်သွားသည်။ လွတ်မြောက်ခြင်းလမ်းစဉ်ကို မြင်တွေ့နေရပြီဖြစ်သောကြောင့် သူက ထိုလမ်းအတိုင်း ဆက်သွားရန်သာ လိုအပ်သည်။
ပညာရှိပြီးနောက် အခြားဒဏ္ဍာရီအချိန်အရှင်သခင်များကလည်း ပေါင်းစည်းထားသော ကျောက်စိမ်းလှေကားပေါ်သို့ ရောက်လာကြသည်။ လင်းယွမ်က အဝေးသို့ ရောက်နေပြီဖြစ်သော်လည်း ကျောက်စိမ်းလှေကားကို တက်ရန်အတွက် ကြီးမားသော မျှော်လင့်ချက်များ ရှိနေဆဲ ဖြစ်သည်။
လင်းယွမ်က ရှေ့မှ ဦးဆောင်နေလျှင်တောင် အလွန်ဆုံး သူက လွတ်မြောက်ခြင်းအတွက် နေရာတစ်ခုသာ ယူနိုင်မည်ဖြစ်သည်။ ထိုလွတ်မြောက်ခြင်းလမ်းစဉ်ပေါ်တွင် ကျောက်စိမ်းလှေကားမှ လွတ်မြောက်သူ ဘယ်နှစ်ယောက် ထွက်ပေါ်လာနိုင်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ နောက်ဆုံး လွတ်မြောက်ခြင်းနေရာက တစ်နေရာသာ ရှိလျှင်တောင် ဆက်လက်တက်လှမ်းခြင်းက သူတို့၏ ဖရိုဖရဲမူလတာအိုကို ပိုမိုပြည့်စုံစေမည်ဖြစ်သည်။
" ကြောက်စရာကောင်းလိုက်တဲ့ ဖိအား။ "
" ပုံရိပ်ယောင်တွေလည်း ရှိနေတယ်။ ငါ့ရဲ့ စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းလောက်က အဲ့ဒါကို ခုခံဖို့ အသုံးပြုနေရတယ်။ "
ဟောက်ထျန်း၊ ဖန်ထျန်းနှင့် အခြားအချိန်အရှင်သခင်များက ကျောက်စိမ်းလှေကားပေါ်တွင် ရပ်ပြီး သူတို့၏ အမူအရာများက လေးနက်နေကြသည်။ ယခင် ကျောက်စိမ်းလှေကားများနှင့်ယှဉ်လျှင် ယခု ကျောက်စိမ်းလှေကားမှ ဖိအားက ကြောက်စရာကောင်းအောင် ကြီးမားလှသည်။
" နောက်ထပ်လှေကားတစ်ထစ်ကို တက်ဖို့အတွက် နှစ်ပေါင်းတစ်သောင်းလောက် ကြာမယ်ထင်တယ်။ နှစ်ပေါင်းတစ်သိန်းတောင် ဖြစ်သွားနိုင်တယ်။ " ဝမ်ရှန်းအရှင်သခင်က တွေးလိုက်သည်။
" ပညာရှိ မင်းက နဂါးငွေ့တန်းကို မြင်နိုင်တယ်လို့ ပြောခဲ့တယ်နော် အခု နဂါးငွေ့တန်းက ဘယ်မှာလဲ။ " ဟောက်ထျန်းအရှင်သခင်က မေးလိုက်သည်။ ယခုအချိန်တွင် သူတို့က ပညာရှိနှင့်အတူ ရှိနေကြသော်လည်း အပေါ်တွင် ဘယ်သူ့ကိုမှ မတွေ့ရပေ။
" မင်းတို့တက်မလာခင် နဂါးငွေ့တန်းက နောက်ထပ်တစ်ထစ်ကို တက်သွားပြီ။ ဒီနေရာကနေဆိုရင် မမြင်ရတော့ဘူး။ " ပညာရှိက အမှန်အတိုင်း ပြောပြလိုက်သည်။
" နဂါးငွေ့တန်းက ဘယ်လောက်တောင် သန်မာနေတာလဲ။ " ဖန်ထျန်းအရှင်သခင်က အံ့ဩစွာ ပြောလိုက်သည်။
ပထမလှေကားထစ်မှာပင် သူတို့က ကြောက်စရာကောင်းသော ဖိအားများကို ခံစားနေရသည်။ သူတို့ အမြင်အာရုံ၏ ပြင်ပသို့ ရောက်နေသော လင်းယွမ်က မည်မျှကြောက်စရာကောင်းသော ဖိအားကို ရင်ဆိုင်နေရမည်ကို စဉ်းစားကြည့်နိုင်သည်။
" ဘာပဲဖြစ်ဖြစ် ငါတို့ကတော့ သေချာပေါက် အများကြီး နိမ့်ကျနေတာပဲ။ " ဝမ်ရှန်းအရှင်သခင်က ပြောလိုက်သည်။ " ဖြစ်နိုင်တာက လွတ်မြောက်ခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်ကို ရောက်သွားတဲ့သူတွေပဲ နဂါးငွေ့တန်းကို ယှဉ်နိုင်မယ်ထင်တယ်။ "
" ငါတို့ အချိန်လေဟာနယ်မှာ ဒီလိုတည်ရှိမှုမျိုး ရှိနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ " နဝမနဂါးအရှင်သခင်က ပြောလိုက်သည်။
အဆုံးမဲ့ဒိုင်မန်းရှင်းများ ဖြစ်ပေါ်လာကတည်းက ဒဏ္ဍာရီအချိန်အရှင်သခင်များစွာ ထွက်ပေါ်ခဲ့သည်။ သို့သော် ထိုကဲ့သို့ အစွမ်းထက်ပြီး ကြောက်စရာကောင်းသော အချိန်အရှင်သခင်အများစုက လွတ်မြောက်ခြင်းလမ်းစဉ်တစ်ခုခုပေါ်တွင် ပျက်စီးသွားခဲ့ကြသည်။
" ငါနားလည်ပြီ။ " လင်းယွမ်က ကျောက်စိမ်းလှေကားထစ်ပေါ်တွင် ရပ်နေရင်း နောက်ထပ် လှေကားတစ်ထစ်ပေါ်သို့ တက်လိုက်သည်။
ဝုန်း....
ထိုအချိန်တွင် ထူးဆန်းသော လှုပ်ခတ်မှုတစ်ခုက ထွက်ပေါ်လာသည်။
" ဟမ် " လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ နောက်တွင် ကျောက်စိမ်းလှေကားထစ်၏ အစိတ်အပိုင်းတစ်ခုက အရည်ပျော်ကာ ပျက်စီးနေသည်ကို မြင်လိုက်ရသည်။
ထိုအစိတ်အပိုင်းမှ စတင်ပြီး အပေါ်ရော အောက်ဘက်ပါ အရည်ပျော်ပျက်စီးလာသည်။ အဝေးမှကြည့်လျှင် အဆုံးမရှိဆန့်တန်းနေသော ကျောက်စိမ်းလှေကားက အလယ်မှ ကျိုးသွားသကဲ့သို့ မြင်ရမည်ဖြစ်ပြီး ထိုကျိုးနေသော နေရာက တဖြည်းဖြည်း ကျယ်ပြန့်ကာ နှစ်ဖက်လုံး ပျံ့နှံ့သွားနေခြင်းဖြစ်သည်။
" ဘာဖြစ်တာလဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။
သူက ၎င်းကို ဖိအားတစ်ခုအဖြစ် မခံစားရပေ။ ကျောက်စိမ်းလှေကားထစ်များ အရည်ပျော်နေသော အရှိန်က သူတက်နေသော အရှိန်ကို မမီပေ။ သူသာ ပုံမှန်အတိုင်း တက်သွားနေသရွေ့ ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။
သို့သော် ကျိုးသွားသော ကျောက်စိမ်းလှေကားထစ်အောက်မှ ဒဏ္ဍာရီအချိန်အရှင်သခင်များအတွက် လွတ်မြောက်ခြင်းလမ်းစဉ် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်သည်။