လူ့ဘောင်လောကသာမရှိရင် အမှန်အမှားဆိုတာလည်း ရှိမှာမဟုတ်ဘူး
Vol. 10 Ch. 948
ဆန်းလျန် ချက်ချင်းပင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ကြယ်စင်ကောင်းကင်၏ လမ်းများက ရှုတ်ထွေးသည့်အတွက် လမ်းပျောက်မသွားစေရန် အတော်လေး ဂရုစိုက်ရသည်။
ဆန်းလျန် နွားရိုင်းစိမ်းကြီးကို စီးနှင်ထွက်ခွာသွားသည့် တာအိုဆရာအဘိုးကြီးနောက်သို့ လိုက်နေချိန်မှာပင် ကြယ်စင်ကောင်းကင်တွင် အဆုံးမရှိသည့် နေ ၊ လ နှင့် ကြယ်စင်များ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ ထာဝရလမ်းစဉ်ဟုခေါ်ဆိုနိုင်သည့် တာအိုမဟာလမ်းစဉ်ဖြစ်သည်ကို သူ သိရှိလိုက်သည်။
ဤသို့သော မြင်ကွင်းမျိုးကို တွေ့မြင်လိုက်ရသူသည် "မနက်ခင်းတွင် တာအိုတရားကို ကြားနာပြီး ညအချိန်တွင် သေရမည်ဆိုလျှင်" ပင် သေပျော်ပါပေသည်ဟု ဆိုထိုက်သူ ဖြစ်၏။
သို့သော်… ဆန်းလျန်ကတော့ ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အတွက် စိတ်လှုပ်ရှားခြင်း မဖြစ်မိသလို ပျော်ရွှင်ဝမ်းမြောက်ခြင်းလည်း မဖြစ်မိပေ။
သူက အရာအားလုံးကို သိမြင်နားလည်သွားခဲ့ပြီ မဟုတ်ပါလား။
ဆန်းလျန်က လက်ကို ဆန့်ထုတ်ကာ တာအိုဆရာအဘိုးကြီးကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော်… နူးညံ့သည့်အားတစ်ခုက သူ့ကို တွန်းထုတ်လိုက်ပြီး တာအိုဆရာအဘိုးကြီးက အဝေးသို့ရောက်ရှိသွားခဲ့လေသည်။
ဆန်းလျန် ထိုက်စန့်လောင်ကျွင်းနောက်သို့ ထပ်မလိုက်တော့ပေ။ တာအိုဆရာအဘိုးကြီးသာ သူနှင့်စကားပြောလိုသည့်ဆန္ဒရှိလျှင် ယခုကဲ့သို့ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆက်လိုက်နေလျှင်လည်း အကြောင်းထူးမည်မဟုတ်ကြောင်း ဆန်းလျန် သိလိုက်သည်။
ထို့နောက်… ဆန်းလျန်က ကြယ်စင်ကောင်းကင်တွင် ဆက်လက်လမ်းလျှောက်လာခဲ့သည်။
မကြာမီပင် မီးလုံးကြီး (၉)လုံး ထွန်းညှိထားသည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ သစ်ပင်ကြီးက မျှော်စင်ကြီးတစ်ခုပမာ မြင့်မားလွန်းလှသည်။
မီးလုံးကြီးများတွင် မီးတောက်များက တဖွားဖွားတောက်လောင်နေပြီး အလင်းရောင်များကလည်း ထိန်လင်းတောက်ပလျှက် ရှိသည်။
သစ်ပင်အောက်တွင်တော့ လေးတစ်လက်ကျနေပြီး လေးကြိုးက ပြတ်နေပြီ ဖြစ်သည်။ ထိုလေးညှို့မှာ တာ့ယိ၏ လေးညှို့ဖြစ်သည်ကို ဆန်းလျန် သိလိုက်သည်။
ထိုလေးညှို့သည် အလွန်အဆင့်မြင့်သည့် လူသတ်လက်နက်တစ်ခုဖြစ်သည်။ နတ်ဓားလက်နက်များထက်ပင် တန်ခိုးစွမ်းအားမြင့်မားသည့် လက်နက်တစ်ခု ဖြစ်လေ၏။
သို့သော်… ယခုတော့ လေးညှို့က ပျက်စီးနေပြီ ဖြစ်သည်။
တာ့ယိမည်သည့်နေရာသို့ ရောက်သွားပြီလဲ ဆန်းလျန် စဉ်းစားလိုက်မိသည်။
လေးညှို့ကျန်ရစ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တာ့ယိကတော့ အသက်ရှင်လျှက် လွတ်မြောက်သွားနိုင်သည်ဟု ဆန်းလျန် ယူဆလိုက်သည်။
ဆန်းလျန်က လေးညှို့ကိုကောက်ယူလိုက်လေသည်။
ထိုအချိန်မှာပင်… သစ်ပင်ကြီးထက်မှ ငိုညည်းသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ဆန်းလျန် သစ်ပင်ကြီးထက်သို့ မော့ကြည့်လိုက်သည်။
သစ်ပင်ကြီးထက်တွင် တောက်လောင်နေသည့် မီးလုံးကြီးများကို သေသေချာချာ ကြည့်လိုက်မိသည့်အခါ ထိုအရာများသည် ခြေထောက် (၃)ချောင်းရှိသည့် နေစကြာနတ်ငှက်များ၏ ရုပ်အလောင်းများ ဖြစ်သည်ကို သိလိုက်ရသည်။
ထိုနေစကြာနတ်ငှက်များသည် ဟိုးအရင်အတိတ်တစ်ချိန်က တာ့ယိ သတ်ဖြတ်ပစ်လိုက်သည့် နေစကြာနတ်ငှက်များ၏ ရုပ်အလောင်းများဖြစ်၏။
အသက်မရှိတော့သည့်တိုင် ဝိညာဉ်စွမ်းအားဖြင့် ပြည့်ဝလျှက်ရှိသည်။ သို့သော်… မထင်မရှား ဤနေရာတွင် လာရောက်စွန့်ပစ်ခံထားရလေသည်။
နေစကြာနတ်ငှက်များကို တာ့ယိ သတ်ဖြတ်ခဲ့စဉ်က အလွန်မှ အလျှင်လိုနေသည့်အတွက် သတ်ဖြတ်ပြီးနောက် ဤနေရာတွင် လာရောက် စွန့်ပစ်ထားဟန် ရှိသည်။
ယခု ရွှမ်တုတောက်ကျွင်းက တာ့ယိတို့နောက်သို့ လိုက်နေသည့်အချိန်တွင်လည်း တာ့ယိအနေဖြင့် ဤအဖိုးတန် ဝိညာဉ်စွမ်းအားငှက်များကို ယူဆောင်သွားနိုင်ခြင်းမရှိဘဲ ပျက်စီးနေသည့် လေးကိုပါ ထားရစ်ခဲ့လေသည်။
မည်သို့ပင်ပင်ဖြစ်စေ တာ့ယိတို့အုပ်စု အသက်ရှင်သန်နေဦးမည်ဟု ဆန်းလျန် ကောက်ချက်ချလိုက်သည်။
ဆန်းလျန် ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
သိပ်မကြာမီပင် အရှေ့ဆီတွင် ပြုတ်ကျနေသည့် ရွှေကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုရွှေကွင်းက ကျင်းကန်းရွှေကွင်း ဖြစ်လေ၏။
ရွှေကွင်း၏အရောင်က မှေးမှိန်နေပြီး ကြယ်စင်ကောင်းကင်၏ တန်ခိုးစွမ်းအားများက ရွှေကွင်းအတွင်းသို့ ဖြည်းဖြည်းချင်း စီးဆင်းဝင်ရောက်နေကြသည်။
ထိုအချိန်မှာပင်… ဥက္ကာပျံတစ်စင်း ကြယ်စင်ကောင်းကင်ကို ဖြတ်သန်းသွားလေသည်။ ထိုအခါ ကျင်းကန်းရွှေကွင်းက ဥက္ကပျံကို ဆွဲယူစုပ်မြိုလိုက်လေသည်။
ထို့နောက်… ကျင်းကန်းရွှေကွင်းသည် အားအင်များ ပြန်လည်ပြည့်ဝလာသည့်အလား ချက်ချင်းပင် အရောင်များ လင်းလက်တောက်ပလာသည်။
ကျင်းကန်းရွှေကွင်း ဒီအတိုင်း ပြုတ်ကျနေသည်ကိုပင် မည်သူမှ ယူဆောင်မသွားကြသည်ကို ကြည့်ခြင်းအားဖြင့် တာ့ယိတို့အုပ်စုမှာလည်း အသဲအသန် ပြေးလွှားနေရသလို ရွှမ်တုတောက်ကျွင်းကလည်း တာ့ယိတို့အုပ်စုအား သတ်ဖြတ်ရန် အသဲအသန် လိုက်နေရဟန်ရှိသည်။
ဆန်းလျန် ကျင်းကန်းရွှေကွင်းကို ကောက်ယူခဲ့ပြီး ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
မကြာမီ ဆန်းလျန် မျက်စိရှေ့တွင် အဆုံးမရှိသည့် မြစ်တစ်စင်းကို တွေ့လိုက်ရလေသည်။
ထိုမြစ်သည် နဂါးငွေ့တန်းကဲ့သို့ ကြယ်စင်များ စီးဆင်းနေသည့် မြစ်တစ်စင်းမဟုတ်ပေ။ ထိုမြစ်ထဲတွင် စီးဆင်းနေသည့် အရာက မည်သည့်အရာဖြစ်သည်ကို ဆန်းလျန် သိရှိခြင်း မရှိနိုင်ပေ။
သို့သော်… ထိုမြစ်ကမ်းနံဘေးတွင် တာ့ယိတို့အုပ်စုကို တွေ့မြင်လိုက်ရသောကြောင့် ဆန်းလျန် အနည်းငယ် အံ့အားသင့်သွားမိသည်။
တာ့ယိတို့အုပ်စုဟု ဆိုရာ၌ လီအော့နျို ၊ ချန်ဝေါ်နှင့် နွားရိုင်းကြီးတို့ကို ပြောခြင်း ဖြစ်၏။
နွားရိုင်းကြီးက ရှေ့လက်နှစ်ဖက်ကို ထောက်ကာ မြစ်ကမ်းနံဘေးတွင် ဝပ်လျှက်ရှိသည်။ သူ့ကိုကြည့်ရသည်မှာ သေလောက်အောင် မောပန်းနေသည့်ဟန် ဖြစ်၏။
လီအော့နျိုကတော့ ချန်ဝေါ်၏လက်များကို ဆုပ်ကိုင်ထားလေသည်။
မြစ်ရေထက်တွင် ကြယ်စင်များ၏ အလင်းရောင်က ရောင်ပြန်ဟပ်နေပြီး ရေလှိုင်းများကလည်း ငြိမ့်ငြိမ့်လေး စီးဆင်းလှုပ်ခတ်နေသည်။
သူတို့ကို ပြုံးပြီးကြည့်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရသည့်အခါ နွားရိုင်းကြီးက မျက်လုံးပြူးသွားပြီး အော်သံတစ်ချက် ပြုလိုက်သည်။
"ဘူး…"
ဆန်းလျန်က နွားရိုင်းကြီး၏ ဦးချိုများကို ထိကိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ တာအိုတန်ခိုးစွမ်းအားများ ထည့်သွင်းပေးလိုက်သည်။ နွားရိုင်းကြီးမှာ ချက်ချင်းပင် တန်ခိုးစွမ်းအားများ ပြန်လည် ပြည့်ဝသွားလေသည်။
ဆန်းလျန်က သူ ယူဆောင်လာသည့် ကျင်းကန်းရွှေကွင်းကို နွားကြီး၏ နှာခေါင်းထဲသို့ ထည့်သွင်းပြီး နဖားကြိုးထိုးပေးလိုက်သည်။
ကျင်းကန်းရွှေကွင်းက အဖိုးတန်မှော်ဝင်ရတနာတစ်ပါးဖြစ်သော်လည်း ဆန်းလျန်ကတော့ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
ထို့နောက် ဆန်းလျန်က သစ်ပင်ကြီးအောက်မှ ယူဆောင်လာသည့် ပျက်စီးနေသည့်လေးညှို့ကို လီအော့နျိုထံသို့ ပစ်ပေးလိုက်ပြီး…
"မင်း ဒီလေးညှို့ကိုပြန်ပြင်ချင်တယ်ဆိုရင် ကျုပ် ပစ္စည်းတွေ ကူရှာပေးပါ့မယ်…"
လီအော့နျိုက ခေါင်းခါရမ်းလိုက်ပြီး…
"ပြင်စရာမလိုတော့ပါဘူး ၊ ကျုပ် ဒီနေရာမှာပဲ ချန်ဝေါ်နဲ့အတူ အခြေချနေထိုင်တော့မယ်…"
လီအော့နျို၏ စကားဆုံးသွားသည်နှင့် ချန်ဝေါ်က လီအော့နျို၏ ပခုံးထက်သို့ ခေါင်းလေး မှီချလိုက်လေသည်။
ချန်ဝေါ်ဆိုသည်က ခေတ်အဆက်ဆက်တွင် တန်ခိုးစွမ်းအားမြင့်မားပြီး ဂုဏ်သရေရှိသည့် နတ်သမီးတစ်ပါး ဖြစ်လေသည်။ စိတ်သဘောထားကလည်း အေးစက်လွန်းလှ၏။
ယခုတော့ ချန်ဝေါ်ကို ကြည့်ရသည့်မှာ တကယ့် အပျိုဖြန်းလေးတစ်ယောက်ပမာ ဖြစ်နေလေ၏။ သူမသည် ထိုသို့သော မိန်းကလေးဖြစ်မည်ဟု မည်သူမှ ထင်မိကြလိမ့်မည် မဟုတ်ပေ။
ဆန်းလျန်က…
"ရွှမ်တုတောက်ကျွင်းရော…"
ဟု မေးလိုက်၏။
ချန်ဝေါ်က…
"ရွှမ်တုတောက်ကျွင်းက လမ်းတစ်ဝက်လည်းရောက်ရော ကျွန်မတို့နောက်ကို ဆက်မလိုက်တော့ဘူး ၊ ကြယ်စင်ကောင်းကင်ထဲမှာ နွားရိုင်းစိမ်းကြီးစီးလာတဲ့ ထိုက်စန့်လောင်ကျွင်းကိုတွေ့တာနဲ့ သူက အဲဒီနောက်ကို လိုက်သွားတော့တာပဲ…"
ရွှမ်တုတောက်ကျွင်းသည် ကျင့်ကြံခြင်းတွင် ဖြေရှင်းမရသည့် ပြဿနာများရှိနေသူ ဖြစ်သည်။
ထိုက်စန့်လောင်ကျွင်းကို တွေ့လိုက်သည်နှင့် သူ့စိတ်ထဲမှ နားမလည်ခြင်းများကို တာအိုဆရာသခင်ကြီးက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်လိုက်လေသည်။ ထို့ကြောင့်… ထိုက်စန့်လောင်ကျွင်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခြင်း ဖြစ်လေ၏။
ထိပ်တန်းတာအိုဆရာသခင်ကြီးကသာ သူနားမလည်သည့် ကျင့်ကြံခြင်းအကြောင်းများကို ရှင်းပြပေးနိုင်မည်ဆိုလျှင် တာ့ယိသည်လည်း သူ့အတွက် အရေးမကြီးတော့ပေ။
အမှန်တော့ ရွှမ်တုတောက်ကျွင်းသာ ထိုက်စန့်လောင်ကျွင်းနောက်သို့လိုက်မသွားဘဲ တာ့ယိတို့နောက်သို့သာ ဆက်လိုက်နေခဲ့ပါက ဆန်းလျန် လာကယ်မည်ဆိုလျှင်တောင် အချိန်မမီနိုင်တော့ပေ။
နွားရိုင်းကြီးမှာလည်း အားကုန်ပြီး အလွန်ပင်ပန်းနေပြီ ဖြစ်သည်။
သို့သော်… ရွှမ်တုတောက်ကျွင်းက သူတို့နောက်သို့ဆက်မလိုက်တော့သည့်အတွက် သူတို့ မြစ်ကမ်းနံဘေးတွင် ရပ်နားလိုက်ကြခြင်း ဖြစ်လေသည်။
ဤမြစ်ကမ်းနံဘေးတွင် အခြေချနေထိုင်ရန်ကတော့ လီအော့နျို၏ ဆန္ဒဖြစ်၏။
လီအော့နျိုသည် တာ့ယိ ဖြစ်လေ၏။ တာ့ယိက အစကတည်းက လူ့လောကနှင့် ကင်းကင်းနေချင်သူဖြစ်ပြီး အခြားသူများကို တော်ရုံ အထင်မကြီးတတ်ပေ။
သို့သော်… သူက ချန်ဝေါ်ကိုတော့ အရာအားလုံးထက်ပိုပြီး ချစ်ခင်မြတ်နိုးလေသည်။ ထို့ကြောင့် လူ့လောက၏ အမှားအမှန် ၊ အရှုတ်အရှင်းများတွင် ပါဝင်ပတ်သက်လိုခြင်းမရှိဘဲ ဤနေရာတွင် ချန်ဝေါ်နှင့်အတူ အခြေချနေထိုင်လိုခြင်းဖြစ်သည်။
ဤမြစ်ကမ်းနံဘေးသည် တိတ်ဆိတ်သည့် ကြယ်စင်ကောင်းကင်နှင့် ကပ်လျှက်တွင် တည်ရှိလေသည်။
ဤနေရာက နေထိုင်ရန် ကောင်းမွန်သည့်နေရာတစ်ခု မဟုတ်သော်လည်း လူသူအရောက်အပေါက် နည်းလေသည်။ တာ့ယိကလည်း ထိုအချက်ကြောင့်ပင် ဤနေရာကို သဘောကျမိခြင်း ဖြစ်၏။
ဆန်းလျန်ကလည်း တာ့ယိ၏ ဆန္ဒကို မတားဆီးခဲ့ပေ။
ဆန်းလျန်က လီအော့နျိုနှင့် ချန်ဝေါ်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ အန္တရယ်ရှိမည်ဆိုလျှင် ဆန်းလျန်အနေဖြင့် အချိန်မရွေး လာရောက်ကယ်တင်ပေးမည် ဖြစ်သည်။
မိုးနှင့်မြေတစ်ခွင်တွင် တာ့ယိနှင့်ချန်ဝေါ်တို့ ဇနီးမောင်နှံ အသက်ရှင်သန်နေလျှင် ဆန်းလျန်လည်း ကျေနပ်ပြီ ဖြစ်သည်။
ချန်ဝေါ်ကလည်း ဆန်းလျန် သူတို့အပေါ်ထားသည့် စေတနာကို နားလည်ပါလေ၏။
ချန်ဝေါ်က…
"ဆန်းလျန် ၊ ရှင့်ကို တစ်ခုပြောစရာရှိတယ် ၊ ရှင် ထိုက်ဟောက်ကို သတိထားပါ ၊ သူက ဟွင့်ယွမ်ဝူကျီအဆင့် ရောက် မရောက်တော့ ကျွန်မ မသိဘူး ၊ ဒါပေမဲ့ ကျွန်မ သတိထားမိတာက သူက ဟိုးအရင်ကတည်းက အားလော်ဟယ်နဲ့ အတွင်းသိအဆင်းသိတွေပဲ ၊ စကြာဝဠာကြီးအဆုံးသတ်တော့မယ်ဆိုတာကိုလည်း သူက အတည်ပြုပြောခဲ့ဖူးတယ် ၊ ဒါကြောင့် ကျွန်မတောင်မှ မှော်ဝင်ရတနာပစ္စည်းတစ်ခု ပြုလုပ်ထားခဲ့သေးတယ် ၊ တကယ်လို့ စကြာဝဠာကြီးအဆုံးသတ်ခဲ့ရင် အဲဒီမှော်ဝင်ပစ္စည်းကိုအသုံးပြုပြီး တခြားဘက်ခြမ်းကို ကူးသွားနိုင်အောင်လို့ပေါ့…"
"ကျွန်မက ထိုက်ယင်းတန်ခိုးစွမ်းအားကို ကျင့်ကြံခဲ့တဲ့သူဆိုတာ ရှင်လည်း သိတာပဲလေ ၊ ဒါကြောင့် အချိန်နဲ့ပတ်သက်ရင် အကဲဆတ်တယ် ၊ အခု အချိန်ရေစီးကြောင်းမှာ ထိုက်ဟောက်ရဲ့အရိပ်ကို ကျွန်မ မြင်လိုက်တယ် ၊ သူမှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ နတ်လက်နက်တစ်ခု ရှိတယ် ၊ အဲဒါက သင်္ဘောကြီး တစ်စီးပဲ ၊ အဲဒီထဲမှာပါတဲ့တန်ခိုးစွမ်းအားတွေက ကျွန်မကိုတောင် တုန်လှုပ်စေတယ်…"
"ပြီးတော့ ကျွန်မရဲ့မောင်လေး ရှောင်းဟောင်ကလည်း သူနဲ့အတူပါလာတယ် ၊ တကယ်လို့များ ရှင်တို့တွေ တိုက်ပွဲဖြစ်ကြမယ်ဆိုရင် ကျွန်မရဲ့မောင်လေးကို လူပြန်ဝင်စားခွင့်တော့ ပြုလိုက်ပါ ၊ သူ့ဝိညာဉ်ကို ဖျက်စီးမပစ်လိုက်ပါနဲ့…"
ဆန်းလျန်က…
"နတ်သမီးက ဒီလိုပြောမှတော့ ဆန်းလျန် သေသေချာချာ မှတ်သားထားပါ့မယ် ၊ အဲဒီလိုနေ့မျိုး ရောက်လာခဲ့ရင် မင်းရဲ့မောင်လေးကို ကျုပ် လွှတ်ပေးလိုက်ပါ့မယ်…"
ဆန်းလျန်၏ စကားကြောင့် ချန်ဝေါ် ပျော်ရွှင်သွားလေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်…"
ဤကျေးဇူးတင်စကားသည် စိတ်ရင်းဖြင့်ပြောသည့်ကျေးဇူးတင်စကားဖြစ်လေသည်။
ခေတ်အဆက်ဆက်တွင် ချန်ဝေါ်သည် အခြားသူများကို ကျေးဇူးတင်စကား ဆိုလေ့မရှိပေ။ ယနေ့တော့ ဆန်းလျန်ကို သူမ ကျေးဇူးတင်စကားဆိုခဲ့ပြီ ဖြစ်သည်။
တာအိုဆရာလီချင်းဆွေရော ၊ လနတ်သမီး ချန်ဝေါ်ရောက အေးစက်ပြီး မာနကြီးသူများဖြစ်ကြသည်။ ယခုတော့ သူတို့ (၂)ယောက်လုံးက တစ်နေ့တည်းမှာပင် ဆန်းလျန်ကို ကျေးဇူးတင်စကားဆိုလာကြသည့်အခါ ဆန်းလျန် အနည်းငယ်ပင် ရယ်ချင်သွားမိသည်။
တကယ်ဆိုလျှင် သူအနည်းငယ်တော့ မြောက်ကြွကြွဖြစ်သွားသင့်သည် မဟုတ်ပါလား။
သို့သော်… ဆန်းလျန်က သူ၏ အတွေးများကို အခြားလူများမသိအောင် ဖုံးကွယ်ထားလိုက်လေသည်။
ဆန်းလျန်က နွားရိုင်းကြီးကို ကြည့်လိုက်ပြီး …
"ကျင်းကန်းရွှေကွင်းက တကယ်တော့ ယင်ရှန်းကျွင်းရဲ့ ပစ္စည်းပဲ ၊ မင်းက အဲဒါကို ခိုးလာတော့ နောက်ဆက်တွဲပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ် ၊ ဖြစ်လာမယ့် အနာဂတ်ကိုတားဆီးချင်တယ်ဆိုရင် ကျုပ် မင်းအတွက် တစ်ခုတော့ အာမခံပေးနိုင်တယ် ၊ မင်း တာ့ယိနဲ့ချန်ဝေါ်ဇနီးမောင်နှံ နောက်ကိုလိုက်ပြီး ကောင်းကောင်းကျင့်ကြံပါ ၊ ပေါ့ပေါ့ဆဆ မနေပါနဲ့…"
နွားရိုင်းကြီးက မျက်နှာပြောင်ပြောင်ဖြင့်…
"ဒါဖြင့် အော့နျိုတို့ကို ကျုပ်ရဲ့ အလုပ်သမားအဖြစ် ခန့်လိုက်ရုံပေါ့…"
လီအော့နျိုက…
"အစ်ကိုနွားရိုင်းကြီး ၊ တကယ်လို့ တစ်နေ့ကျ အစ်ကိုနွားရိုုင်းကြီး ပြဿနာတက်ရင် ကျုပ် ကူညီပါ့မယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"လူ့ဘောင်လောကသာမရှိရင် အမှန်အမှားဆိုတာလည်း ရှိမှာ မဟုတ်ဘူး ၊ ကိလေသာတွေလည်း ရှိနေမှာ မဟုတ်တော့ဘူး…"
ထိုစကားကိုပြောပြီးနောက် ဆန်းလျန် မြစ်ရေပြင်ထက်သို့ တက်လှမ်းကာ ထွက်ခွာသွားလေတော့သည်။
ချန်ဝေါ်က ဆန်းလျန် ပြောသွားသည့် စကားကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေရင်း…
"ဆန်းလျန်ပြောသွားတာ ဘာအဓိပ္ပါယ်လဲ ၊ သူက ကျွန်မတို့ကို လောကီလူ့ဘောင်နဲ့ အဝေးမှာ နေစေချင်တာလား ၊ ဒါမှမဟုတ် ကျွန်မတို့ ဒီလောကီလူ့ဘောင်ရဲ့ ပြဿနာတွေကို မရှောင်လွှဲနိုင်ဘဲ ထိပ်တိုက်တွေ့ရမယ်လို့ ပြောချင်တာလား…"
နွားရိုင်းကြီးက…
"ထားလိုက်ပါ ၊ ကျုပ်ရဲ့ကိစ္စကို ကျုပ်ပဲနားလည်ပါတယ် ၊ မင်းတို့ ဝင်မပါကြနဲ့…"
လီအော့နျိုက…
"အစ်ကိုနွားရိုင်းကြီး ၊ ဒီလို မပြောပါနဲ့ ၊ မင်းဒုက္ခရောက်ရင် ကျုပ်က ကြည့်နေမှာ မဟုတ်ဘူး…"
ချန်ဝေါ်က နွားရိုင်းကြီးကိုကူညီရန် မတွန့်ဆုတ်သော်လည်း အနည်းငယ် စိတ်ပူပန်နေမိသည်။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲတွင် ပျော်ရွှင်မှုကိုလည်း ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော်… သူမဘေးတွင် တာ့ယိ ရှိနေပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သူမဘေးတွင် ချစ်ရပါသော သူရဲကောင်းတာ့ယိက အတူတူ ရပ်တည်ပေးနေပြီ မဟုတ်ပါလား။
***
လီအော့နျိုသည် နွားရိုင်းကြီး၏ ပြဿနာတွင် ကျိန်းသေပါဝင်ပတ်သက်မည်ကို ဆန်းလျန် သိရှိလေသည်။
ထိုပြဿနာထဲတွင်ပါဝင်မိပါက ကျိန်းသေ ဘေးအန္တရယ် ကျရောက်မည် ဖြစ်သည်။
သို့သော်… လီအော့နျိုကို မည်သူမှ မတားဆီးနိုင်ပေ။ ထို့ကြောင့် ကျရောက်မည့် ဘေးအန္တရယ်ကိုလည်း ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူက စကားတစ်ခွန်းပြောပြီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ သို့သော်… တကယ်တမ်း ဖြစ်ရမည့် ကံကြမ္မာပါလာပြီဆိုလျှင် မည်သူ ဆန့်ကျင်နိုင်ပါမည်နည်း။
ဆန်းလျန်၏စိတ်က အရာရာကို ရှင်းလင်းစွာသိမြင်နိုင်လေသည်။ ယနေ့တွင် ပိုလို့ပင် သူ့စိတ်က ကြည်လင်ရှင်းလင်းနေသေးသည်။
သူက ထူးဆန်းသည့် မြစ်ကြောင်းအတိုင်း စီးမျောသွားပြီးနောက် အကန့်အသတ်မရှိ ကျယ်ပြန့်သည့် တောင်ကြားတစ်ခုဆီသို့ ရောက်ရှိလာလေသည်။
အချို့သောတိုက်ဆိုင်မှုများသည် အလွန်မှ ကျိုးကြောင်းဆီလျော်လှပေ၏။
အဆုံးမဲ့တောင်ကြား….
ဆန်းလျန်ရောက်ရှိလာသည့်နေရာသည် "အဆုံးမဲ့တောင်ကြား" ဖြစ်၏။
အဆုံးမဲ့တောင်ကြားသည် နတ်မိစ္ဆာအဓိပတိကြီးနေထိုင်ရာနေရာဖြစ်လေသည်။ သို့သော်… အဆုံးမဲ့တောင်ကြား ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကတော့ နတ်မိစ္ဆာအဓိပတိကြီးနှင့် လုံး၀ ပတ်သက်ဆက်နွယ်ခြင်း မရှိပေ။
ရုတ်တရက်… ဓားဝိညာဉ်တစ်ခု လွင့်မျောလာပြီး ဆန်းလျန်ကို များစွာ အံ့သြတုန်လှုပ်သွားလေတော့သည်။
***