← Chapters

အမေးအဖြေ

Vol. 10 Ch. 949

အမေးအဖြေ

Vol. 10 Ch. 949

အဆုံးမဲ့တောင်ကြားက ကျယ်ပြန့်လွန်းလေသည်။

သို့သော်… မိုင် (၁၀၀) ပတ်လည်တစ်လျှောက် ပျက်စီးယိုယွင်းမှုများဖြင့် ပြည့်နက်လျှက် ရှိသည်။

အထူးခြားဆုံးမှာ ဤနေရာ၏ တည်ရှိမှု အနေအထားဖြစ်သည်။ တောင်ကြားက အောက်ခြေမရှိသည့် ချောက်နက်ကြီး၏ ပတ်ဝန်းကျင်တွင် တည်ရှိပြီး ရေပြင်အများပေါင်းစုံရာ နေရာတစ်ခု ဖြစ်သည်။

ဤသို့သော ထူးခြားသည့် မြေနေရာအနေအထားကို ဆန်းလျန်၏ ဘဝတွင် ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်၏။

ပျက်စီးယိုယွင်းမှုများကြားတွင် ပုန်းအောင်းနေသည့် ဓားဝိညာဉ်က လေကဲ့သို့လျှင်မြန်ပြီး အဆုံးလည်း မရှိပေ။ ဓားဝိညာဉ်က ရှိနေသော်လည်း မရှိသကဲ့သို့ ထင်မှတ်ရပြီး ဓားဝိညာဉ်ထွက်ပေါ်လာသည့်အခါ အလင်းတန်းက တောက်ပလျှက် ရှိသည်။

ဆန်းလျန်မဟုတ်ဘဲ အခြားသူတစ်ယောက်ဆိုလျှင် ထိုဓားဝိညာဉ်ကို သတိပြုမိမည် မဟုတ်ပေ။

ဆန်းလျန်က စိတ်အာရုံကို ဖြန့်ကျက်လိုက်လေရာ သိပ်မဝေးလှသည့်နေရာတွင် တိုင်းပြည်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

တိုင်းပြည်ကြီး၏ အဆောက်အဦများတည်ဆောက်ထားဟန်မှာ လူသားမျိုးနွယ်များနေထိုင်သည့် အဆောက်အဦများအတိုင်းဖြစ်သည်။ သို့သော်… အဆောက်အဦများက ပေ(၁၀၀)မှ ပေ (၁၀၀၀)အထိ မြင့်မားကြသည်။

တိုင်းပြည်ကြီးက ကြီးမားလှသည့် တိုင်းပြည်ကြီးတစ်ခု ဖြစ်ဟန်ရှိသည်။

သို့သော်… ယခုတော့ ဘယ်သူမှမနေသည့် ပြည်ပျက်ကြီးတစ်ခု ဖြစ်နေခဲ့ပေပြီ။

ဆန်းလျန်သည် မြင့်မားသည့် ချောက်ကမ်းပါးကြီးတစ်ခုထက်သို့ ခုန်တက်လိုက်သည်။ ထိုနေရာတွင် အထိမ်းအမှတ်ကျေက်တိုင်တစ်ခုရှိနေပြီး စာတစ်ပိုဒ်ရေးထားသည်ကို တွေ့လိုက်ရသည်။

"လေကိုထိုးခွင်းပျံသန်းရင်း လျဲ့ယွိခို့ ဒီနေရာကို ရောက်လာခဲ့တယ်…

ဤအရပ်က ဓားဝိညာဉ်က ကြောက်မက်ဖွယ်ရာ ဖြစ်တယ်…"

စာပိုဒ်က ထိုမျှသာ ဖြစ်သည်။

လျဲ့ယွိခို့ဆိုသည်မှာ တွေးခေါ်ပညာရှင်တစ်ယောက်ဖြစ်ပြီး အလွန်ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။

ကျောက်စာတိုင်တွင် ရေးသားထားသည့်စာကို ဖတ်မိသည်နှင့် လျဲ့ယွိခို့သည် တရားအလင်းရသည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး လေကဲ့သို့ သဲလွန်စပင် မကျန်အောင် လွင့်မျောနိုင်သူတစ်ယောက်ဖြစ်ကြောင်း ဆန်းလျန် သိလိုက်ရသည်။

ယခင်တစ်ချိန်က ကြီးမားသည့် တိုင်းပြည်ကြီးတစ်ခု ပျက်စီးယိုယွင်းနေသည်ကို တွေ့ရသည့်အခါ စိတ်လှုပ်ရှားစွာဖြင့် ကျောက်စာတိုင်တွင် စာတစ်ပိုဒ်ရေးသားခဲ့ခြင်း ဖြစ်ဟန် တူသည်။

ဆန်းလျန်၏ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းတသခြင်းကို ခံစားလိုက်ရသည်။

အခြားကျင့်ကြံသူများသာ ဤနေရာသို့ ရောက်လာခဲ့လျှင်  ကျောက်စာတိုင်မှ စာပိုဒ်ကိုဖတ်ခွင့်ရသည်မှာ အလွန် ကံကောင်းသည်ဟု ဆိုနိုင်သည်။

ထို့ပြင်… ကျောက်စာတိုင်ထက်တွင်ရေးထားသည့် ဓားဝိညာဉ်အကြောင်းကိုလည်း လေ့လာသင်ယူနိုုင်မည် ဖြစ်သည်။ ဓားဝိညာဉ်ကိုသာ လေ့ကျင့်နိုင်ပါက ထက်မြက်သည့်ဓားသမားတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော်… ဆန်းလျန်အတွက်တော့ အနည်းငယ်အံ့အားသင့်ရုံကလွဲပြီး ဘာမှ မထူးခြားပေ။

သူက အရာအားလုံးကို နားလည်ပြီးသား ဖြစ်နေသည့်အတွက် ပြုံးရုံသာ ပြုံးလိုက်မိသည်။

ယခု သူလည်း ဤနေရာသို့ ရောက်ခဲ့ပြီဖြစ်သည့်အတွက် တစ်စုံတစ်ခု အမှတ်အသား ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

ဆန်းလျန်က ကျောက်စာတိုင်ထက်တွင် ဓားတစ်လက်ပုံစံရေးထွင်းလိုက်သည်။ ရိုးရှင်းသည့် ဓားတစ်လက်ပုံဏ္ဍန် ဖြစ်လေသည်။ သို့သော်… ဓားပုံသဏ္ဍန်က အံ့သြဖွယ်ရာဖြစ်ပြီး လျဲ့ယွိခို့ ရေးထားသည့် စာပိုဒ်ထဲမှ ဓားဝိညာဉ်ကို အကောင်းဆုံး သရုပ်ဖော်ထားနိုင်သည်။

ဆန်းလျန် အရင်တစ်ချိန်က သူ ဓားသိုင်းလေ့ကျင့်ခဲ့သည့် အကြောင်းများကို ပြန်လည် စဉ်းစားလိုက်မိသည်။ သူလည်း အခြေခံအဆင့်မှ စတင်လေ့ကျင့်ခဲ့ရပြီး ယခုအခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်၏။

နောင်တွင် အနာဂတ်မျိုးဆက်သစ် ကျင့်ကြံသူများ ဤနေရာသို့ ရောက်ရှိလာခဲ့သည်ရှိသော် ကျောက်စာတိုင်ထက်တွင် လျဲ့ယွိခို့ ရေးသားထားသည့် စာလုံးစုတ်ချက်များနှင့် ဆန်းလျန် ရေးဆွဲထားသည့် ဓားပုံသဏ္ဍန်ကို ပေါင်းစပ်ကာ အဆင့်မြင့်ဓားသိုင်းတစ်မျိုးကို ကျင့်ကြံနိုင်ပေလိမ့်မည်။

တိုက်ဆိုင်သည့်သူကတော့ ပညာရသွားမည် ဖြစ်သည်။

အနာဂတ်တွင် တိုက်ဆိုင်စွာ ဤဓားသိုင်းကို သင်ယူနိုင်မည့်သူသည် စိတ်ဝင်စားဖွယ်ရာ ကောင်းလွန်းလှသည်။

လောကကြီးကို အတွေးတစ်ခုတည်းဖြင့်တုန့်ပြန်လျှင် အရာအားလုံးသည် စိတ်ကြောင့် ဖြစ်ရခြင်းပင် ဖြစ်သည်။

နတ်ဘုရားများက နတ်ဘုရားများပင် ဖြစ်ကြပြီးအံ့သြစရာလည်းကောင်းလွန်းလှသည်။ အခြားလူများအနေဖြင့် နတ်ဘုရားတို့၏ စိတ်ထားများကို နားလည်ရန်မှာ မဖြစ်နိုင်ပေ။

ဆန်းလျန်သည် ပျက်စီးနေသည့်တိုင်းပြည်ကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူက တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်သည့်အတွက် ဤတိုင်းပြည်ကြီးအကြောင်းကို ချက်ချင်း သိမြင်လိုက်သည်။

ဤတိုင်းပြည်ကြီးသည် ရှောင်းဟောင် အုပ်ချုပ်မင်းလုပ်ခဲ့သည့် ရှေးဟောင်းတိုင်းပြည်ကြီးတစ်ခု ဖြစ်၏။ တိုင်းပြည်ထဲတွင် ဘီလူးကြီးများ နေထိုင်ကြသည်။ တစ်နေ့တွင်တော့… ရှောင်းဟောင်သည် ဘီလူးကြီးများအားလုံးကို ဤတိုင်းပြည်မှ မောင်းထုတ်ပစ်လိုက်လေသည်။

ထိုသို့ဖြင့်… ဤတိုင်းပြည်ကြီးသည် တစပြင်အလား လူသူကင်းမဲ့သွားရလေတော့သည်။

ထိုအကြောင်းကို စဉ်းစားမိသည့်အခါ ဆန်းလျန် ဟန်အယ်ပြောသည့် စကားများကို ပြန်လည် သတိရလိုက်မိပြီး သဲလွန်စတစ်ခုကို သိရှိရာ အမှန်တရားကို ကောက်ချက်ချနိုင်ခဲ့သည်။

ကြည့်ရသည်မှာ ထိုက်ဟောက်နှင့် ရှောင်းဟောင်တို့သည် တိကျသည့် အချိန်နှင့်နေရာတစ်ခုဆီမှ ဤအပျက်အစီးများရှိရာသို့ လျှို့ဝှက်ပြီး ပြန်လာကြဟန်ရှိသည်။ သို့သော်… ဆန်းလျန်က သူတို့ကိစ္စကို စိတ်မဝင်စားပေ။

ထို့နောက် ဆန်းလျန် တာအိုဆရာလီချင်းဆွေရှိရာ ချင်းဆွေထျန်း ကောင်းကင်ဘုံသို့ ပြန်လာခဲ့လေသည်။

ဆန်းလျန် ချင်းဆွေထျန်းကောင်းကင်ဘုံသို့ မကြာခဏ ရောက်ခဲ့ဖူးသည်။ သို့သော်… ယခုတစ်ကြိမ်ကတော့ နောက်ဆုံးအကြိမ်လာရောက်ခြင်း ဖြစ်သည်။ သူ ဤနေရာသို့ နောက်တစ်ကြိမ် လာရောက်တော့မည် မဟုတ်ပေ။

လီချင်းဆွေသည် ရေကန်နံဘေးတွင် ထိုင်နေပြီး ဆန်းလျန်ကို စောင့်နေခဲ့သည်။

သူမက အဝတ်အစားဝတ်ဆင်ထားခြင်းမရှိဘဲ အဝတ်အချည်းစည်း ရှိနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပါးလွှာသည့် အဖြူရောင်အဝတ်တစ်စဖြင့် ဖုံးကာထားလေ၏။

သူမက ခြေထောက်များကို ရေကန်ထဲသို့ ချထားသည်ဖြစ်လေရာ တောက်ပသန့်စင်ပြီး သွယ်လျလှပလွန်းသည့် ပေါင်တံနှင့် ခြေသလုံးများကိုတော့ အတိုင်းသားတွေ့မြင်နေရသည်။

သူမသည် ယခုမှ အရွယ်ရောက်သည့် ပျိုဖော်ဝင်စ မိန်းမငယ်လေးတစ်ယောက်အလား ယခင်ကထက်ပိုပြီး စွဲဆောင်မှု ရှိနေလေသည်။

ထို့နောက် သူမ၏ ကြည်လင်သည့် မျက်ဝန်းများက တစ်ချက်ရွေ့လျားသွားပြီး နူးညံ့လွန်းသည့်အကြည့်သည် ဆန်းလျန်ထံတွင် တည်လေ၏။

ဆန်းလျန် စိတ်မကောင်း ဖြစ်နေမိသည်။

ဤသည်မှာ လီချင်းဆွေ၏ လူသားဆန်မှုကို နောက်ဆုံး မြင်တွေ့ရခြင်း ဖြစ်သည်။

ဆန်းလျန်က တိုးတိတ်သည့်လေသံဖြင့်…

"တကယ်တော့ အမှန်တရားကိုရှာဖွေဖို့အတွက် ကိုယ့်ကိုကိုယ် အကြင်နာတရားကင်းမဲ့အောင်လုပ်ဖို့ မလိုပါဘူးဗျာ…"

လီချင်းဆွေက ပြုံးလိုက်ပြီး…

"ငါ့အတွက် ချစ်ခြင်းမေတ္တာဆိုတာ မလိုအပ်ဘူး…"

ဆန်းလျန် စကားထပ်မပြောတော့ဘဲ တိတ်ဆိတ်သွားသည်။

သူ စကားထပ်ပြောလျှင်လည်း အပိုလုပ်သည်ပင် ဖြစ်ပေလိမ့်မည်။

အမှန်တော့ သူသာ လီချင်းဆွေကို အကြင်နာတရားကင်းမဲ့သွားသူတစ်ယောက် မဖြစ်စေချင်ပါက ပါးစပ်ဖြင့်ပြောနေမည့်အစား အစကတည်းက သူမလိုချင်သည့် မီးအိမ် (၂)ခုကို ယူမပေးရန်သာ ရှိလေသည်။

ယခုတော့ … မီးအိမ် (၃)ခုသည် မြူခိုးများဝေနေသည့် ရေကန်ငယ်ထဲတွင် မျောနေလေသည်။ မီးအိမ်မှ အလင်းရောင်များက မြူခိုးများဖြင့် ပေါင်းစပ်ပြီး အလှတရားက ဒဏ္ဍာရီဆန်လွန်းလှသည်။

လီချင်းဆွေက…

"ဆန်းလျန် ၊ ငါ မေးခွန်းတစ်ခုလောက် မေးချင်တယ် ၊ ကူးချိုင်ဝေ့ရယ် ၊ ကျောက်ရှောင်ယွီရယ် ကျိလင်ရယ်မှာ မင်း ဘယ်သူ့ကို အချစ်ဆုံးလဲ…"

ဆန်းလျန်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"မင်းကလည်း မိန်းကလေးတစ်ယောက်ပဲကိုး… ချင်းဆွေ ၊ ကျုပ် အဲဒါကို မေ့နေတာ…"

လီချင်းဆွေက သူမ၏ ဆံပင်ရှည်များကို ပခုံးနောက်သို့ လက်ဖြင့်အသာသပ်ဖယ်လိုက်လေသည်။

သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်စီးဆင်းနေသည့်အလား ကျောထက်သို့ လွင့်မျောကျဆင်းသွား၏။

လီချင်းဆွေက…

"တစ်လောကလုံးက မိန်းကလေးတွေက အတင်းပြောတတ်ပြီး စပ်စုတတ်တယ်လို့ မင်းက ဆိုလိုတာလား…"

ဆန်းလျန်၏ အဖြေကိုမစောင့်ဘဲ လီချင်းဆွေက ဆက်ပြောလိုက်သည်။

"တကယ်တော့ မိန်းကလေးတိုင်း အဲဒီအတိုင်းပဲ ၊ မင်း မှန်ပါတယ်… "

"တကယ်တော့ ကျုပ် မင်းဆီကို ပြန်မလာဘဲ နေလိုက်ရမှာ…"

ဆန်းလျန်က ထိုသို့ ပြောလိုက်သော်လည်း သူက လီချင်းဆွေနံဘေး ရေကန်ငယ်နားတွင် ဝင်ထိုင်လိုက်သည်။

သူတို့ (၂)ယောက် ဘေးချင်းယှဉ်နေပြီး အသက်ရှူသံများ ထပ်တူကျလျှက်ရှိသည်။

လီချင်းဆွေက…

"ငါမေးတဲ့မေးခွန်းက မင်းအတွက် အဲဒီလောက်တောင် ဖြေရခက်နေလို့လား…"

ဆန်းလျန်က…

"မခက်ပါဘူးဗျာ ၊ တကယ်တော့ လောကမှာ ကိုယ်ကလွဲရင် အားလုံးက သူစိမ်းတွေချည်းပါပဲ ၊  ဒီတော့ သူတို့အားလုံးအပေါ် ကျုပ် အတူတူပဲ မေတ္တာထားပါတယ်  ၊ ဒါပေမဲ့ ကျုပ်ရင်ထဲက ခံစားချက်ကို ပြောရမယ်ဆိုရင်တော့ ဆရာဘွားဘွားကျိလင က ထူးခြားတဲ့သူတစ်ယောက်ပါ…"

လီချင်းဆွေက ဆန်းလျန်ကို လှည့်ကြည့်လိုက်ပြီး…

"သူက တကယ်ထူးခြားတာပေါ့ ၊ မင်းကသာ သောက်တုံး…"

လီချင်းဆွေ ပြစ်တင်ပြောဆိုသည်ကို ဆန်းလျန် ငြိမ်ခံနေလိုက်သည်။

လီချင်းဆွေ ပြောသည်က အမှန်ပဲ ဖြစ်၏။ သူက တကယ်လည်း သောက်တုံး ဖြစ်ကောင်းဖြစ်မည်။ လီချင်းဆွေကို ဘုရင်ရှစ်ပါးနန်းတော်မှ မီးအိမ်နှင့် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ မီးအိမ်ကို ပေးလိုက်မိကတည်းက သူ အမှန်တကယ်ပဲ တုံးလွန်းကြောင်း သူလည်း သိခဲ့ပေ၏။

ဆန်းလျန်က…

"လောကမှာ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိနိုင်ပါဘူး ၊ တာအိုဆရာသခင်ထိုက်ယီမှာလည်း အားနည်းချက် အားသာချက် ရှိမှာပေါ့ဗျာ ၊ တကယ်တော့ တခြားသူတွေကို ပြောမနေပါနဲ့ ၊ ကျုပ်တို့ကိုယ်တိုင်လည်း ပြီးပြည့်စုံတယ်ရယ်မှ မရှိဘဲကို…"

"ဂိုဏ်းတူအစ်မရယ် ၊ ဆရာဘွားဘွားရယ် ၊ ရှောင်ယွီရယ်မှာ ဘယ်သူ့ကို ပိုချစ်လဲလို့ မင်းက မေးခဲ့တယ်နော် ၊ ဆန်းလျန်အနေနဲ့ ပြောရရင် အားလုံးအပေါ်မှာ မေတ္တာထားပါတယ် ၊ ဒါပေမဲ့ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကျောက်နံရံကြီးပေါ်မှာ ဆရာဘွားဘွားကျိလင်ကို တွေ့ခဲ့တဲ့အချိန်တုန်းက ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားခဲ့တာ အမှန်ပါဘဲ ၊ တကယ်တော့ အဲဒီရင်ခုန်ခြင်းကို ကျွန်တော်ကိုယ်တိုင်တောင် နားမလည်နိုင်ခဲ့ပါဘူး…"

"ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့ကတော့ ကျုပ်ကို (၁၀)နှစ်ကျော် ပညာသင်ပေးခဲ့တယ် ၊ ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တယ် ၊ ဒါကြောင့် ဒီလောကို ရောက်လာတော့ သူက ဘဝခြားနေတာတောင် မြင်တာနဲ့ တန်းပြီး မှတ်မိခဲ့တယ်…"

"ရှောင်ယွီနဲ့ကတော့ အစပိုင်းတုန်းက ရန်သူတွေလေ ၊ မတည့်ကြဘူး ၊ ဒါပေမဲ့ နောက်ပိုင်းတော့ အဆင်ပြေသွားလိုက်ကြတာ ရန်သူဖြစ်ခဲ့တယ်ဆိုတာတောင် မေ့သွားခဲ့တယ်…"

"သူတို့ (၃)ယောက်မှာ ဘယ်သူ့ကို ပိုချစ်လဲလို့မေးတယ်ဆိုတာ တကယ်တော့ မင်းက သူတို့ (၃)ယောက်ထဲက တစ်ယောက်ကို ရွေးခြယ်ခိုင်းနေတာ မဟုတ်လား… ၊ ကျုပ်သာ တာအိုဆရာသခင်ကြီးဖြစ်သွားခဲ့ရင် သူတို့ (၃)ယောက်လုံး အသက်ရှင်လျှက် မရှိတော့ဘူးဆိုရင်တောင် ကျုပ် သူတို့အားလုံးကို ရအောင်ပြန်ကယ်မှာပဲ… ဘယ်သူ့ကိုမှကွက်ပြီး ချန်ခဲ့မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ်နှလုံးသားထဲမှာ တကယ်ခံစားချက်ရှိခဲ့တဲ့သူက ဆရာဘွားဘွား ကျိလင်ကိုပါ…"

လီချင်းဆွေ၏ မျက်ဝန်းများတွင် အပြုံးတစ်ချက် လင်းလက်သွားလေသည်။

"မင်း သံသရာကို ကျော်လွန်သွားတဲ့တစ်နေ့ကျ မင်း သူတို့အားလုံးကို မေ့သွားမှာ စိတ်ပူမိပါရဲ့…"

ဆန်းလျန်က…

"ကျုပ် မေ့သွားမှာ မဟုတ်ပါဘူး…"

လီချင်းဆွေက…

"ဒါဆိုရင် ချင်းရွှမ်နတ်တံခါးက လူတွေကိုရော ၊ ပြီးတော့ ချန်ကျန့်မေ ၊ ကျန်းရော့ရွှီးတို့လေ… ၊ မင်း သူတို့ကိုရော ကယ်ချင်စိတ်မရှိဘူးလား…"

ဆန်းလျန်က…

"ကယ်မှာပေါ့ဗျာ… ကျုပ် မေ့မထားပါဘူး…"

လီချင်းဆွေက တည်ကြည်သည့်မျက်နှာထားဖြင့်…

"မင်းကို ငါ နည်းနည်းတော့ အံ့သြတယ် ၊ ဒါပေမဲ့ တာအိုဆရာသခင်ကြီးတွေက သူတို့လုပ်ချင်တာအားလုံးကို လုပ်နိုင်တဲ့ စွမ်းရည်ရှိကြတယ် ၊ ဒါပေမဲ့ နှလုံးသားထဲက ဆန္ဒဆိုတာ လောကီကို အခြေခံတယ် ၊ လောကကြီးမရှိတော့ရင် ၊ စကြာဝဠာကြီးပျက်သုဉ်းသွားရင် ဘာဆန္ဒတွေ ၊ ခံစားချက်တွေမှ ရှိမှာ မဟုတ်တော့ဘူး…"

လီချင်းဆွေ ပြောသည့်စကားကို ဆန်းလျန် နားလည်ပါ၏။

သူမက တာအိုဝါဒ၏ "တည်ရှိမှု" အကြောင်းကို အခြေခံပြီး အခြေအနေများကို သုံးသပ်နေခြင်း ဖြစ်သည်။ မိုးနှင့်မြေ၏ တည်ရှိခြင်းသည် တာအိုဆရာသခင်ကြီးများ၏ တန်ခိုးစွမ်းအားအခြေခံအုတ်မြစ်ချခဲ့ခြင်းကြောင့် ဖြစ်သည် မဟုတ်ပါလား။

ထို့ကြောင့် စကြာဝဠာတစ်ခုလုံးသာ ပျက်စီးသွားလျှင် အခြားတည်ရှိမှုများအကြောင်း ပြောစရာ မလိုတော့ပေ။ အရာအားလုံး အဆုံးသတ်သွားပြီ ဖြစ်သည်။

ယခုတာ့ ဆန်းလျန်ရော လီချင်းဆွေရော လောကီဘုံတွင် ကြဉ်လည်နေကြသေးသည်။ ထို့ကြောင့် တာအိုဆရာသခင်ကြီးများနှင့်ပတ်သက်ပြီး အရာအားလုံးကို နားလည်နိုင်မည် မဟုတ်ပေ။ သူတို့က တာအိုဆရာသခင်ကြီးများအကြောင်းကို လက်လှမ်းမီသလောက်သာ ခန့်မှန်းကြည့်နိုင်ကြသည်။

ဆန်းလျန်က…

"ကျုပ်ကတော့ အလုပ်တစ်ခုကို လုပ်ချင်ပြီဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ဖြစ်အောင်လုပ်မလဲဆိုတာကိုပဲ စဉ်းစားတယ် ၊ ငါတော့ မလုပ်နိုင်လောက်ဘူးဆိုတဲ့ အကြောင်းတွေကို စဉ်းစားလေ့မရှိဘူး…"

***

All Chapters