← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း ၁၀၁ - အင်အားဆုတ်ယုတ်လာခြင်း

သိပ်မကြာခင် ဥမင်ထဲမှာ တိုက်ခိုက်နေသောအသံများက မြေအောက်နန်းတော်ဆီသို့ ဦးတည်သွားသည်။

ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများလည်း ထိခိုက်ဒဏ်ရာတချို့နှင့် ကြုံတွေ့ရ၏။ သို့သော်လည်း ကျန်းယွဲ့လုသည် မကုန်ဆုံးနိုင်သောစွမ်းအင်နှင့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ နတ်ဆရာမ၊ ဟဲနျန်၊ လင်းကျန်းယွမ်နှင့် ရှဲ့ချိုးနျန်တို့နှင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရပြီးလျှင်တောင် ကျန်းယွဲ့လုမှာ ခွန်အားကျန်ရှိနေဆဲဖြစ်ပြီး ဤနေရာ၏ ပိုင်ရှင် ရှချန်နှင့် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် မြေအောက်နန်းတော်သို့ ဝင်ရောက်သွားဆဲဖြစ်သည်။

ရှချန်သည် ကောင်းကင်ချိတ်ဆက်နယ်ပယ်မှာရှိသော ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပြီး ဝမ်ကျိချန်နှင့် ယှဉ်နိုင်လေသည်။

တာအိုနည်းစနစ်များကို သိုင်းပညာရပ်များနှင့် အစီအရင်များဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အားကောင်းမောင်းသန်အင်မော်တယ်လမ်းစဉ်သည် အစီအရင်မန္တန်များကို အသုံးမပြုနိုင်ဘဲ သိုင်းပညာရပ်များကိုသာ လေ့ကျင့်နိုင်ကြသည်။ ထို့ကြောင့် သူတို့ကို ကိုယ်ခံပညာသိုင်းသမားများဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သူတို့၏ လက်သီးများက သူတို့အတွက် ယုံကြည်စိတ်ချရသော လက်နက်များဖြစ်သည်။

နတ်သက်ကြွေအင်မော်တယ်တစ်ဦးအနေဖြင့် ကျန်းယွဲ့လုသည် အစီအရင်များကို အသုံးပြုနိုင်ပြီး သိုင်းပညာရပ်များကိုလည်း တတ်ကျွမ်းလေသည်။ သူမသည် စီဟန်ဓားသိုင်းစဉ်ကို လေ့ကျင့်ထားပြီး အမျိုးမျိုးသော လက်နက်များကို အသုံးပြုခြင်းမှာ ကျွမ်းကျင်သည်။ ဒါ့အပြင် သူမ၏ ဆရာ သူတော်စင်စီဟန်သည် လူအများစု ကြားပင်မကြားဖူးသော လျှို့ဝှက်အတတ်တချို့ကို သူမအား သင်ကြားပေးထားသည်။

မြေအောက်နန်းတော်က ကျယ်ပြန့်သောနေရာလွတ်တစ်ခုကို သိမ်းယူထား၏။ အမိုးဖုံးကို ကြီးမားသောတိုင်လုံးများဖြင့် ထောက်ကန်ပေးထားပြီး ချင်းဖျင်အသင်း၏ အိပ်မက်အစည်းအဝေးမှာ ချီရွှမ်းစုတွေ့မြင်ခဲ့ရပုံနှင့် ဆင်တူနေ၏။ လက်ခြောက်ဘက် ဝူလောရုပ်တုက မြေအောက်နန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းမှာ ရှိနေပြီး ၎င်းရှေ့မှာ လူခေါင်းများစွာပုံထပ်နေသည်။

ဤအချိန်မှာ လင်းရှန်စုန်းကဝေအယူဝါဒယုံကြည်သူများသည် ဝတ်ရုံနက်များ၊ ဖီးနစ်စိမ်းတပ်သားများနှင့်တိုက်ခိုက်ပြီး မြေအောက်နန်းတော်က ဝရုန်းသုန်းကားဖြစ်နေသည်။ အယူဝါဒမိစ္ဆာများဘက်တွင် လူအင်အားနည်းနေသောကြောင့် ရှချန်နှင့် ကျူးချန်သည် ကျန်းယွဲ့လုကို နှစ်ယောက်ပေါင်းကာတိုက်ခိုက်နိုင်ခြင်းမရှိပေ။ ရှချန်က ကျန်းယွဲ့လုနှင့် တစ်ယောက်ချင်းတိုက်ခိုက်ရသည်။

ရှချန်၏ လက်သီးက အေးစက်နေသော လေအဟုန်ကို ယူဆောင်လာသည်။ ဤထိုးချက်နှင့်ရင်ဆိုင်ရချိန်မှာ ကျန်းယွဲ့လုက ရှောင်တိမ်းဖို့အတွက် ကိုယ်ကို တစ်ဘက်သို့လှည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမက လက်ထဲရှိ စက္ကူဓားနှင့် ရှချန်၏ နားထင်စပ်ကို ထိုးညွှန်လိုက်သည်။

သူက ကိုယ်ကိုအတင်းအကျပ်လှည့်ပြီး ကျန်းယွဲ့လု၏ စက္ကူဓားကို ပိတ်ဆို့တားဆီးလိုက်၏။ ထို့နောက် မြေပြင်ကို ခြေဖြင့်ကန်ကျောက်ပြီး ရုန်းကန်ပေါက်ကွဲအားကို ထုတ်ဖော်ကာ ကြီးမားသောတွင့်ချိုင့်တစ်ခု ကျန်ရစ်ခဲ့စေသည်။

ရှချန်က သရော်ပြုံး ပြုံးပြီး နောက်ထပ်ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။

ဤအချိန်မှာ ကျန်းယွဲ့လုက နောက်သို့မျှောချသွားပြီး သူမ ခြေချရာလေထဲမှာ ကြာပန်းပွင့်များဖြစ်ပေါ်လာ၏။ သူမသည် စက္ကူဓားကို သာမန်ကာလျှံကာလွှဲ၍ နောက်ထပ်ဓားချက်များကို ထုတ်ဖော်ပြီးနောက် ရှချန်၏ မျက်နှာရှိရာသို့ ပစ်ထုတ်လိုက်၏။

ရှချန်က ထိုးချက်တစ်ချက်ဖြင့် ဓားချီကို ချေဖျက်လိုက်၏။ ကျန်းယွဲ့လုသည် သူတွေးထင်ထားသည်ထက် ပိုမိုအားနည်းသည့်ပုံပေါ် ပေါက်နေသည့်အတွက် သူ အနည်းငယ်အံ့အားသင့်သွားရသည်။ သို့သော်လည်း ကျန်းယွဲ့လုက ယွီလန်ဘုရားကျောင်းမှာ ခြေကုန်လက်ပန်းကျခဲ့ခြင်းဖြစ်နိုင်သည်ကို သူတွေးမိသွားသည်။ သူမက အထွတ်အထိပ်အခြေအနေမှာ ရှိမနေသည့်အတွက် သူမကို သတ်ဖြတ်ဖို့ ယခုက အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဤအချက်ကိုနားလည်ပြီး ရှချန်က ရှေ့သို့တက်လှမ်းကာ ကျန်းယွဲ့လု၏ စက္ကူဓားကို အဆက်မပြတ်ပစ်ထိုးလိုက်သည်။ သူ၏ လက်သီးများကို အသွေးအသားဖြင့် ဖွဲ့စည်းထားသော်လည်း လက်သီးနှင့် စက္ကူဓား ထိတွေ့ရိုက်ခတ်တိုင်း သတ္တုနှင့်ကျောက်တုံးထိခတ်သံက ထွက်ပေါ်လာသည်။

ကျန်းယွဲ့လုက အမျိုးမျိုးသော ဓားနည်းစနစ်များကို ဆက်တိုက်အသုံးပြုပြီး တဖျတ်ဖျတ်တလက်လက်နှင့် ခန့်မှန်း၍မရအောင်ဖြစ်စေသည်။ တိုက်ခိုက်မှုတိုင်းက ရှချန်၏ သေကွင်းသေကွက်များကို ချိန်ရွယ်ထား၏။ သူမ၏ ဓားသိုင်းပညာက ကျေနပ်ဖွယ်ရာဖြစ်သော်လည်း သူမနှင့် ရှဲ့ချိုးနျန်ကြား ယခင်က ဓားရေးယှဉ်ပြိုင်မှုနှင့်ယှဉ်လျှင် ယခု သူမ၏ ဓားချီနှင့် အလျင်အဟုန်က သိသိသာသာအားနည်းနေသည်။

သို့သော်လည်း ရှချန်သည် ရှဲ့ချိုးနျန်ထက် အရည်အချင်းအရ အတော်လေးနိမ့်ကျပြီး သူမ၏ စက္ကူဓားချက်များမှာ ဒဏ်ရာများ ထပ်တလဲလဲရလာ၏။

ရုတ်တရက်ကျန်းယွဲ့လုက သူမ၏ စက္ကူဓားနှင့် အောက်သို့ခုတ်ချလိုက်၏။ ၎င်းသည် ရိုးရှင်းသော်လည်း သေစေနိုင်သော လှုပ်ရှားကွက်ဖြစ်သည်။

ရှချန်က ဒေါသတကြီးဟိန်းဟောက်ပြီး မြေပြင်ကို ကန်ကျောက်လိုက်၏။ သူက ထိုတိုက်ခိုက်မှုကို ခံယူဖို့ ကြိုတင်ပြင်ဆင်ထားသည့်ပုံပေါ်သည်။

ထိုထိတွေ့ရိုက်ခတ်မှုမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ကျန်းယွဲ့လုသည် ကြိုးပြတ်သွားသောစွန်ကဲ့သို့ နောက်သို့ လွင့်မျောသွားပြီး ရိုက်ခတ်မှုက အင်အားကို ချေဖျက်နေလေသည်။

ရှချန်၏ ခြေဖဝါးအောက်မြေပြင်က အက်ကွဲသွား၏။ သူ၏ လက်နှစ်ဖက်မှာ အရိုးများကို မြင်နေရပြီး သူ့ဒဏ်ရာကနေ သွေးများက ဒရဟောစီးကျနေ၏။

ကျန်းယွဲ့လုက မြေပြင်ပေါ်သို့ မျှောဆင်းပြီး သူမ၏ စက္ကူဓားဖြင့် ရှချန်ကို ထိုးညွှန်ကာ ဓားချီတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေသည်။

ရှချန်က ကြောက်လန့်သွားပြီး နောက်သို့ဆုတ်ခွာချင်သည်။ သူက လောလောဆယ်မှာ ကျန်းယွဲ့လု၏ တိုက်ခိုက်မှုကို ရှောင်လွှဲပြီး ကျူးချန်ရောက်အလာကိုစောင့်သင့်ကြောင်း တွေးမိလာ၏။ အနည်းဆုံးတော့ အန္တရာယ်ကို သူ့ဘာသာသူ မစွန့်စားသင့်ပေ။ သို့သော်လည်း ကျန်းယွဲ့လုက သူ့ရှေ့မှာရုတ်တရက်ပေါ်ထွက်လာပြီး စက္ကူဓားဖြင့် သူ့နှလုံးကို ထိုးညွှန်လိုက်၏။ ဓားချီက မသန်မာသော်လည်း ၎င်းသည် သူ့ကို နောက်သို့ဆုတ်ခွာသွားရစေသည်။

ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုက စက္ကူဓားကို ဗြက်ကျယ်ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။ သူမသည် ဗြက်ကျယ်ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ရှေ့မှာ ကန့်လန့်ဖြတ်လွှဲယမ်းလိုက်သည်။

ထိုအချိန်မှာ ရှချန်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ့ခါးကိုဖြတ်သွားသည့် ကန့်လန့်ဖြတ် အနီရောင်မျဉ်းတစ်ကြောင်းကို ငုံ့ကြည့်လိုက်၏။

ကျန်းယွဲ့လုက မှင်သေသေမျက်နှာထားဖြင့် နောက်သို့ ပြန်ဆုတ်သွား၏။

ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမသည် အယူဝါဒမိစ္ဆာများ၊ သားရဲများနှင့် မကြာခဏ ရင်ဆိုင်ရသည်။ အယူဝါဒမိစ္ဆာအများစုမှာ ကိုယ်ကျင့်တရားမရှိဘဲ စွမ်းအားကို ကြောက်ရွံ့ကြလေသည်။ မှန်ကန်ဖြောင့်မတ်သော ဝိညာဉ်တစ်ခုနှင့် အန္တိမနည်းလမ်းများသည် ဤအယူဝါဒမိစ္ဆာများကို ခြောက်လှန့်နိုင်၊ သတ်ဖြတ်နိုင်ကြသည်။

နောက်ခဏ၌ ရှချန်၏ ခန္ဓာကိုယ်သည် ခါးကနေ ထက်ပိုင်းပြတ်ကျသွားသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး လက်နှစ်ဖက်ယက်ကာ လျှောက်သွားနေ၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်းက မြေပြင်ပေါ်မှာ မတ်တတ်ရပ်လျက်သားကျန်ခဲ့လေသည်။

သို့သော်လည်း ဤတိုက်ခိုက်မှုက ကျန်းယွဲ့လု၏ ခွန်အားအမြောက်အမြားကို ကုန်ဆုံးသွားစေ၏။ သူမ၏ မျက်နှာက သိသိသာသာ ဖြူဖျော့သွား၏။ သူမက အားအင်ကုန်ဆုံးလာလျှင်တောင် အခြားတစ်ဘက်မှာရှိသော တိုက်ပွဲထဲသို့ ဝင်ရောက်လိုဆဲဖြစ်သည်။

ကျန်းယွဲ့လုက ရှချန်နှင့် တိုက်ခိုက်နေစဉ် ဝမ်ကျိချန်က ကိုယ်ခံပညာသိုင်းသမားတစ်ဦးပင်ဖြစ်သော ကျူးချန်နှင့်ရင်ဆိုင်နေသည်။ ဤတိုက်ခိုက်မှုမှာ ဝမ်ကျိချန်သည် ယခင်က ဒဏ်ရာရရှိထားပြီးသားဖြစ်သောကြောင့် အရေးနိမ့်နေ၏။ ထို့ကြောင့် သူက အသက်အန္တရာယ်ရှိလာနေသည်။ ဆက်လက်၍ တိုက်ခိုက်မည်ဆိုလျှင် ကျူးချန်က ဝမ်ကျိချန်ကို အနိုင်ယူပေတော့မည်။

ကျူးချန်က ဒူးတစ်ဖက်ထောက်ကျနေသော ဝမ်ကျိချန်ပေါ် ဗုဒ္ဓချိပ်စည်းတစ်ခုဖြင့် ဖိထားပြီး ဝမ်ကျိချန်၏ ဒွာရပေါက်များကနေ သွေးများက စတင်စီးကျလာနေပြီဖြစ်သည်။

သေရေးရှင်ရေးအခိုက်အတန့်မှာ ကျန်းယွဲ့လုက ရောက်ရှိလာပြီး ဝမ်ကျိချန်နေရာကနေ ဝင်ရောက်တိုက်ခိုက်လိုက်၏။ ကျူးချန်က သူမကို အရိုင်းဆန်ဆန်ပစ်ထိုးလိုက်ပြီး သူမက ဘေးတစ်ဘက်သို့ ရှောင်တိမ်းလိုက်သည်။

ရှချန်နှင့် ယခင်တိုက်ခိုက်မှုမှာ သူသည် ကျန်းယွဲ့လုကို လုံးဝမထိနိုင်ခဲ့ဘဲ ကျန်းယွဲ့လု၏ လှုပ်ရှားမှုက ဘယ်လောက်မြန်ဆန်သလဲ ပြသခဲ့ပြီးသားဖြစ်သည်။ သို့သော်လည်း ဤတစ်ခေါက်မှာတော့ ကျန်းယွဲ့လုသည် ကျူးချန်၏ ထိုးချက်ကို ကောင်းကောင်းမရှောင်နိုင်ပေ။

သူ၏ လက်သီးက သူမ၏ ဘယ်ဘက်ပခုံးပေါ်သို့ ဆင်းသက်သွားပြီး သူမ၏ ခန္ဓာကိုယ်က ဘေးဘက်သို့ လည်ထွက်သွား၏။ သို့သော်လည်း သူမက လေထဲမှာ ကျွမ်းတစ်ပတ်ပစ်ပြီး အသံတစ်ချက်မထွက်ဘဲ ညင်သာစွာ ပြန်လည်ဆင်းသက်လိုက်သည်။

ကျန်းယွဲ့လုက ယခုအချိန်ထိ ကောင်းကင်သက်ရှိတစ်ဦးမဖြစ်သေးသည့်အတွက် ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲပြီးနောက် သူမ၏ အင်အားက ကြီးမားစွာကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် အထွတ်အထိပ်အခြေအနေမှာ ဆက်လက်၍ ရှိမနေတော့ပေ။

သို့သော်လည်း မြေပြင်ပေါ်သို့ ခြေချမိသည့်အချိန်မှာ ကျန်းယွဲ့လုက နောက်ဆုတ်ရမည့်အစား ရှေ့သို့ပြန်တက်သွားသည်။ သူမ၏ စက္ကူဗြက်ကျယ်ဓားသွားမှာ ဓားချီမျှင်များက ရစ်ဝဲနေ၏။

ကျန်းယွဲ့လု၏ ဓားသိုင်းက မျက်စိနောက်စရာ မည်သည့်လှည့်ကွက်မှမရှိဘဲ တဲ့တိုးဆန်လေသည်။ သူမ၏ ရည်ရွယ်ချက်က သတ်ဖြတ်ဖို့ဖြစ်သောကြောင့် တိုက်ပွဲထဲမှာ ထိုဓားကွက်က အသင့်လျော်ဆုံးဖြစ်သည်။

ကျန်းယွဲ့လု၏ ရန်လိုကြမ်းကြုတ်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ကျူးချန်က ပကတိခွန်အားကိုသုံးပြီး တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။ သူက ကျန်းယွဲ့လု၏ မျက်နှာကို ပြန်လည်ပစ်ထိုးလိုက်၏။ ထိုးချက်၏ လေအဟုန်က ကျန်းယွဲ့လု၏ ဆံပင်များကို နောက်သို့လန်ကျသွားစေသော်လည်း သူ၏ လက်သီးက သူမ၏ နဖူးနှင့် တစ်လက်မသာကွာတော့သည့်အချိန်မှာ သူမက နောက်သို့မျှောချပြီး ထိုထိုးချက်ကို ပွတ်ကာသီကာရှောင်တိမ်းလိုက်သည်။

ကျူးချန်က သနားညှာတာမှုလုံးဝမပြဘဲ နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။

ကျူးချန်၏ လက်နှစ်ဖက်မှာ သွေးကြောများက ဖောင်းကြွလာသည်။ တစ်ချိန်တည်းမှာပင် သူ၏သွေးက မြစ်တစ်စင်းကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ စီးပိုးခြယ်လှယ်တတ်သော အော်ရာက ပေါ်ထွက်လာသည်။

ကျူးချန်က ရှေ့သို့ခြေတစ်လှမ်းယူပြီး မြေပြင်ကို နိမ့်ဆင်းသွားစေ၏။ ထို့နောက် သူက စွမ်းအင်ကို သူ၏ ခြေဖဝါးမှာစုစည်းပြီး ရှေ့သို့ခုန်တက်ကာ ကျန်းယွဲ့လု၏ ရှေ့တွင် ပေါ်ထွက်လာ၏။ ကျန်းယွဲ့လုက နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်လျှင်တောင် သူမသည် တန်ပြန်တိုက်ခိုက်နိုင်သည့်အခြေအနေမှာ ရှိမနေပေ။ ထို့ကြောင့် သူမက မတတ်သာဘဲ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်သို့သာဆုတ်လိုက်ရသည်။

ကျူးချန်က ရှေ့သို့ပြေးတက်လာပြီး ကျန်းယွဲ့လုက နောက်သို့လျှောဆုတ်ကာ သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုထိန်းထားသည်။ ကျူးချန်ခြေတစ်လှမ်းယူလိုက်တိုင်း မြေပြင်ကလှုပ်ခါသွားပြီး နက်ရှိုင်းသောခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။ ရုတ်တရက် သူက ရှေ့သို့ခုန်အုပ်လိုက်၏။ သူ့ခန္ဓာကိုယ်ရှိအရိုးအဆစ်များက တဖျောက်ဖျောက်မြည်ပြီးနောက် သူ၏ရင်ဘတ်၊ ဝမ်းဗိုက်၊ ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်သီးတို့ကနေ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

သူ၏ စွမ်းအားကြီးမားသောထိုးချက်က အော်မြည်လာပြီး ရှောင်စရာနေရာမရှိတော့သည့် ကျန်းယွဲ့လုကို ထိခတ်သွားလေသည်။

ထိုထိုးချက်မှာ ကျန်းယွဲ့လုက နောက်သို့လန်ကျသွား၏။ သို့သော်လည်း သူမက လက်တစ်ဖက်ဖြင့် မြေပြင်ကိုထောက်ပြီး ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။

“ပညာရှိကျန်း”

ဝမ်ကျိချန်က ဒဏ်ရာအပြင်းအထန်ရထားသော သူ့ခန္ဓာကို တရွတ်ဆွဲပြီး ခက်ခက်ခဲခဲဖြင့် ရှေ့သို့တက်လှမ်းလိုက်၏။

ကျန်းယွဲ့လုက ဆက်မပြောရန် လက်ထောင်ပြပြီး သူမအဆင်ပြေကြောင်း ပြသလိုက်သည်။

ဤသည်ကိုကြည့်ပြီး ဝမ်ကျိချန်က စကားမပြောသော်လည်း သူ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်မထားနိုင်ပေ။

ကျူးချန်ကလှောင်ရယ်ပြီး နောက်တစ်ဖန်တိုက်ခိုက်လာသည်။ ဤတိုက်ခိုက်မှုက ရင်သပ်ရှုမောဖွယ်ရာမဟုတ်ဘဲ တဲ့တိုးဆန်ပြီး စွမ်းအားကြီးမားသည့် နောက်ထပ်ထိုးချက်တစ်ချက်ဖြစ်သည်။ သူ၏ အလျင်အဟုန်က ကျန်းယွဲ့လုထက် လုံးဝမနိမ့်ကျပေ။

ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ကျန်းယွဲ့လုက မတတ်သာဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ သူမက စက္ကူဓားကို စက္ကူထီးတစ်လက်အဖြစ်ပြောင်းပြီး သူမရှေ့မှာ ကာလိုက်သည်။ သို့သော်လည်း ထိုးချက်၏ အင်အားက ပြင်းထန်ကြမ်းတမ်းပြီး စက္ကူထီးကပင် ရိုက်ခတ်မှုကို အပြည့်အဝကာဆီးမထားနိုင်ပေ။ ကျန်းယွဲ့လု၏ ခြေဖဝါးအောက် မြေပြင်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး သူမ၏ ခန္ဓာကိုယ်က နောက်သို့လျှောထိုးကာ မြေပြင်တွင် စွတ်ကြောင်းရာနှစ်ခု ကျန်ရစ်ခဲ့သည်။ ကျူးချန်က အသက်တစ်ချက်မြန်မြန်ရှူပြီးနောက် နောက်တစ်ဖန်တိုက်ခိုက်လိုက်သည်။ လေနှင့် မိုးကြိုး၏ အင်အားနှင့်အတူ သူ၏ လက်သီးက ဆင်းသက်လာ၏။ ဖုံးကွယ်ထားသောအင်အားက ပေါက်ကွဲထွက်ပေါ်လာပြီး ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာလေသည်။ ကျန်းယွဲ့လုက သူမ၏ ကိုယ်နေဟန်ထားကိုထိန်း၍ ရှေ့မှာထီးကို ကာထားဆဲဖြစ်သော်လည်း ကျူးချန်၏ တိုက်ခိုက်မှုမှာ သူမက နောက်သို့ထပ်ပြီး စင်ထွက်သွားသည်။

ကျူးချန်က အသာစီးရရှိလာသည့်အချိန်မှာ ကျန်းယွဲ့လုကို အသက်ရှူခွင့်မပေးလိုပေ။ သူက ရှေ့သို့တဟုန်ထိုးပြေးတက်လာပြီး သူ၏ လက်သီးများကို လေးကြိုးပေါ်က မြားကဲ့သို့ အသင့်ပြင်ထားသည်။ ထို့နောက် လေထဲမှာရှိနေဆဲ ကျန်းယွဲ့လု ရှောင်တိမ်းဖို့မဖြစ်နိုင်သည့်အချိန်မှာ သူက နောက်ထပ်ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ကျန်းယွဲ့လုက ထိုထိုးချက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး သူမ၏ ချီက ဗြောက်အိုးများကဲ့သို့ တဖျောက်ဖျောက်မြည်လာ၏။ သူမ ခြေချသည့်အချိန်မှာ မြေပြင်က အက်ကွဲသွားပြီး သူမ၏ စက္ကူထီးက စက္ကူအပိုင်းအစများအဖြစ် ကြေမွကာ ပြန့်ကျဲကျဆင်းသွား၏။

ပုံသဏ္ဌာန်မဲ့စက္ကူ၏ အားသာချက်သည် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ ထိုလက်နက်သည် အရာရာမှာ သိမြင်နှံ့စပ်သော်လည်း သာလွန်မှုအဆင့်သို့ မရောက်ရှိသည့် လေလွင့်ကျင့်ကြံသူများကဲ့သို့ပင်။ ပုံသဏ္ဌာန်မဲ့စက္ကူကို တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံးအသုံးချနိုင်သော်လည်း ၎င်းသည် တိုက်စစ် သို့မဟုတ် ခံစစ် တစ်ခုချင်းမှာဆိုလျှင် တခြားသော အင်မော်တယ်တစ်ပိုင်းပစ္စည်းများကို မယှဉ်နိုင်ပေ။

ပုံသဏ္ဌာန်မဲ့စက္ကူသည် ကျူးချန်၏ ဆက်တိုက်ထိုးချက်သုံးချက်ကို ခုခံပြီးနောက် စွမ်းရည်အမြောက်အမြားကုန်ဆုံးသွားသည်။ ကျန်းယွဲ့လုက ယခင်တိုက်ပွဲများမှာ သူမ၏ စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရသည်။ အထူးသဖြင့် ယွီလန်ဘုရားကျောင်းမှာတုန်းက သူမနှင့် လက်ရည်တူဖြစ်သော ဧကစာကျင့်ကြံသူ ရှဲ့ချိုးနျန်နှင့် ရင်ဆိုင်ခဲ့ရစဉ်က ဖြစ်သည်။ ထိုစဉ်က သူမအသုံးပြုခဲ့သည့် စိတ်ဝိညာဉ်ရုပ်တုကလည်း သူမ၏ အင်အားကို ကြီးမားစွာကုန်ဆုံးစေခဲ့သည်။

ယခုအချိန်တွင် သူမမှာ ပင်ကိုယ်ချီတစ်ဝက်ပင်မကျန်ရှိတော့ဘဲ ပုံသဏ္ဌာန်မဲ့စက္ကူကို လက်နက်တစ်ခုအဖြစ် ဆက်လက်၍ မပြောင်းလဲနိုင်တော့ပေ။

ဤတိုင်းသာ ဆက်လက်၍တိုက်ခိုက်မည်ဆိုလျှင် သူမက အသက်အန္တရာယ်ရှိလာပေတော့မည်။

အခန်း ၁၀၂ - ယုံကြည်မှုအပြည့်

ကျူးချန်၏ ထိုးချက်က ကျောက်တုံးများကို ဖြိုခွဲနိုင်လောက်အောင် စွမ်းအားကြီးမားသည်။ ကျူးချန်က ကွေ့ကျန်းအဆင့် ဂမ္ဘီရဝိဇ္ဇာတစ်ဦးနှင့် အနီးကပ်တိုက်ခိုက်ရမည်ဆိုလျှင် ဂမ္ဘီရဝိဇ္ဇာက ဒဏ်ရာအပြင်းအထန်ရ သို့မဟုတ် သေပင်သေသွားရနိုင်သည်။

ကျူးချန်က ရှေ့သို့တဟုန်ထိုး ပြေးဝင်လာ၏။ ကျန်းယွဲ့လု၏ ရှေ့ သုံးပေအကွာသို့ ရောက်သည့်အချိန်မှာ သူက မြေကြီးကိုခြေတစ်ဖက်ဖြင့် ဆောင့်နင်းပြီး သူ၏ အလျင်အဟုန်ကို ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ကွေးညွှတ်သွားပြီးနောက် ပြင်းထန်ကြမ်းတမ်းသောထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။ သွေးလှည့်ပတ်စီးဆင်းနေသည့် သူ့အရိုးအဆစ်တိုင်းက တဖျောက်ဖျောက်မြည်လာ၏။ ဤအရာများအားလုံးကို တစ်ဆက်တည်း ပြုလုပ်သွားခြင်းဖြစ်သည်။

ကျန်းယွဲ့လုက ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။ ရောင်စုံအော်ရာတစ်ခုက မီးခိုးငွေ့များကဲ့သို့ သူမကို လွှမ်းခြုံသွားလေသည်။

သူ၏ ချီဒိုင်းကာပေါ်သို့ ဆင်းသက်သောအခါ ကျူးချန်၏ ထိုးချက်က တန့်သွား၏။ သူ၏ ရှေ့ခြေနှင့် နောက်ခြေကို ခြေလှမ်းဝက်သာခြားထားသည်။ ထို့နောက် သူက လက်သီးကိုရုပ်ပြီး ရင်ဘတ်နှင့်ဝမ်းဗိုက်ကြားသို့ ပစ်ထိုးလိုက်၏။ ကပ်ထိုးခြင်းဖြစ်သော်လည်း ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားများ၏ ခြေတစ်ဝက်လှမ်းမြေခွဲလက်သီးက စွမ်းအားကြီးမားလေသည်။

အရင်တုန်းက ကျူးကောယုံမင်သည် ဤခြေတစ်ဝက်လှမ်းမြေခွဲလက်သီးကို အသုံးပြုခဲ့ပြီး ချီရွှမ်းစုက ဒဏ်ရာအပြင်းအထန်ရရှိကာ သေလုမတတ်ဖြစ်ခဲ့ရသည်။ ဤမျှနီးကပ်သောအကွာအဝေးမှာ ဤထိုးချက်နှင့် ရင်ဆိုင်ရချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ဒြပ်စင်ငါးမျိုးချီဒိုင်းကာကပင် ဤကဲ့သို့သော ပကတိခွန်အားကို မယှဉ်နိုင်တော့ပေ။ ခဏမျှခုခံပြီးနောက် ဒြပ်စင်ငါးမျိုးချီဒိုင်းကာ လုံးလုံးလျားလျားပျက်ပြယ်သွားသည်။ ကျူးချန်၏ လက်သီးက ကျန်းယွဲ့လု၏ ဦးခေါင်းကို ဆက်လက်၍ ချိန်ရွယ်လာ၏။ သူမ မသေမချင်း သူက အလျှော့ပေးလိမ့်မည်မဟုတ်သည်မှာ သိသာနေသည်။

ဤအချိန်မှာ ဒြပ်စင်ငါးမျိုးချီဒိုင်းကာ၏ ကာကွယ်မှုမရှိတော့ဘဲ သူမ၏ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ကို အထိုးခံရပါက ကျန်းယွဲ့လုက အသက်ရှင်လျှင်ပင် ကံကောင်းလှပေလိမ့်မည်။ ထို့ကြောင့် ကျန်းယွဲ့လုက တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာလိုက်၏။

ကျူးချန်က ထပ်ကြပ်မကွာလိုက်ပါလာပြီး ကျန်းယွဲ့လုကို ချောင်ပိတ်တိုက်ခိုက်ဖို့ ပြင်ထားသည်။ ကျူးချန်က သေကွင်းသေကွက်တိုက်ခိုက်မှုကို ထုတ်ဖော်တော့မည်ဆဲဆဲမှာ သူ့နောက်ကျောမှ စူးရှသောနာကျင်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူက ခေါင်းကိုဖြည်းဖြည်းချင်းငုံ့လိုက်ချိန် သူ့ရင်ဘတ်ကနေ ကျွံထွက်လာသည့် ဓားသွားကို တွေ့မြင်လိုက်ရလေသည်။ ဤချောင်းမြောင်းတိုက်ခိုက်မှုမှာ ကျူးချန်က တုံ့ပြန်ဖို့ အချိန်လုံးဝမရခဲ့ပေ။

ကျူးချန်၏ နောက်ကနေ ချီရွှမ်းစုက ပြူထွက်လာပြီး ကျန်းယွဲ့လုကို မထီတရီပြုံးပြလိုက်သည်။ ဤမြင်ကွင်းသည် ကျူးကောယုံမင်ကို အစ်မချီ သတ်ဖြတ်ခဲ့ပုံနှင့် တူသည်။ ချောင်းမြောင်းတိုက်ခိုက်ခြင်းသည် ပြိုင်ဘက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းထက် ပိုကောင်းသည်ဟု သူ့ကို အစ်မချီကပင် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အသွေးအသားနယ်ပယ် သို့မဟုတ် ကောင်းကင်ချိတ်ဆက်နယ်ပယ်မှာရှိသော ကိုယ်ခံပညာသိုင်းသမားများသည် မယုံကြည်နိုင်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သန်မာသောကိုယ်ကာယရှိကြသည်။ သို့သော်လည်း သူတို့၏ သွေးကြောဆုံမှတ်များနှင့် စိတ်ဝိညာဉ်များကို စုစည်းထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကသာ သန်မာကြခြင်းဖြစ်သည်။ သူတို့ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများသည် နတ်ဆရာ၏ ရွှေခန္ဓာလောက် သန်မာခြင်း မရှိပေ။ သူတို့သည် ဒေဝနယ်ပယ်သို့ ရောက်ရှိပြီးမှသာ နတ်ဆရာ၏ ရွှေခန္ဓာနှင့်တူသော မဖျက်ဆီးနိုင်သည့်ခန္ဓာကို ရရှိပေလိမ့်မည်။

ဤတစ်ခေါက်မှာ ချီရွှမ်းစုက သူ၏ ဓားတို ချင်းယွမ်ကို အသုံးပြုပြီး ကျူးချန်ကို နောက်ဘက်ကနေ အလစ်ချောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အသွင်ပြောင်းလဲမှုပြီးမှာ ချီရွှမ်းစုသည် ကျူးချန်၏ ကွေ့ကျန်းအဆင့်ထက် တစ်ဆင့်သာနိမ့်သော ယွီရှုအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

ကျူးချန်က ယခုအချိန်ထိ မသေသေးသော်လည်း သူ့နှလုံးသည် သူ့ခန္ဓာကိုယ်၏ သွေးချီလှည့်ပတ်စီးဆင်းရာ အရင်းအမြစ်ဖြစ်သောကြောင့် သူက ယာယီအားဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်။ ကျန်းယွဲ့လုက အခွင့်အလမ်းကိုချိန်ဆပြီး ကျူးချန်၏ နားထင်နှစ်ဖက်ကို လက်ဖြင့် ညှပ်ရိုက်လိုက်၏။

ကျူးချန်၏ မျက်နှာက ချက်ချင်းပင်နီရဲပြီး သူ၏ မျက်လုံးများက မျက်တွင်းအိမ်ထဲကနေ ကျွတ်ကျတော့မည်အလား ပြူးထွက်လာ၏။ ချက်ချင်းပင် သူ၏ မျက်စပ်၊ နှာခေါင်းပေါက်၊ နားပေါက်နှင့် ပါးစပ်တို့ကနေ သွေးများစီးကျလာ၏။

အသွေးအသားနယ်ပယ်အထက် ကိုယ်ခံပညာသိုင်းသမားများမှာ မယုံကြည်နိုင်စရာကောင်းသည့် ပြန်လည်ကုသနိုင်စွမ်းရှိသော်လည်း သူတို့မတတ်နိုင်သည့်အရာမှာ ဦးခေါင်းဖြစ်လေသည်။ အထူးသဖြင့် ရှန်းထျန်သက်ရှိအဆင့်မှာဖြစ်သည်။

ချီရွှမ်းစုက သူ၏ ဓားတိုကို ဆွဲနုတ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ချီရွှမ်းစုဆုတ်ခွာသွားသည်နှင့် ကျူးချန်က ရှေ့ကိုဟပ်ထိုးလဲကျသွား၏။

ကျန်းယွဲ့လုက စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်တစ်ချက်ချလိုက်၏။

ချီရွှမ်းစုက အလျင်အမြန်မေးလိုက်သည်။

“ချင်းရှောင်… မင်းအဆင်ပြေရဲ့လား”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်၏။

“ငါ အဆင်ပြေပါတယ်… အားကုန်သွားရုံပါပဲ”

ထိုသို့ပြောပြီးနောက် သူမသည် မှော်သိုလှောင်ပစ္စည်းထဲကနေ ဆေးလုံးတစ်လုံးကိုထုတ်ယူကာ မျိုချလိုက်၏။ သူမသည် ယခင်က ဆေးလုံးများကို သောက်ထားခဲ့သော်လည်း အာနိသင်က သိပ်ပြီး သိသာထင်ရှားခြင်း မရှိပေ။ ရှားရှားပါးပါး နတ်ဆေးလုံးများကလွဲလျှင် ဆေးလုံးအများစုမှာ ချေဖျက်စုပ်ယူရသည့် ဖြစ်စဉ်တစ်ခုရှိသောကြောင့်ဖြစ်သည်။

ကျန်းယွဲ့လုသည် ယီရှန်မြို့သို့ ဝင်ရောက်လာပြီးကတည်းက ဆေးလုံးများကို ချေဖျက်စုပ်ယူဖို့ အချိန်ကောင်းကောင်းမရခဲ့ပေ။ သူမနှင့် အဆင့်တူ ပြိုင်ဘက်များစွာနှင့် တိုက်ခိုက်ခဲ့ရသောကြောင့်လည်း သူမ၏ စွမ်းအင်သုံးစွဲမှုက ခါတိုင်းထက် ပိုမိုမြင့်မားနေခဲ့သည်။ ကွန်ဖြူးရှပ်ဧကစာကျင့်ကြံသူ ရှဲ့ချိုးနျန်မှာ ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုဂိုဏ်းတော်မှ လျှို့ဝှက်အတတ်များပင်ရှိနေသည်။ ထိုအမျိုးသမီးသည် နတ်သက်ကြွေအင်မော်တယ်တစ်ဦးဖြစ်သော ကျန်းယွဲ့လုထက် လုံးဝမနိမ့်ကျပေ။

ဒါ့အပြင် ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲခဲ့ရခြင်းသည် ကျန်းယွဲ့လု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာခွန်အားကို ကြီးမားစွာကုန်ဆုံးစေခဲ့သည်။ မည်သို့ပင်ဆိုစေ တိုက်ပွဲထဲမှာ အဆက်မပြတ် ဗျူဟာပြောင်းလဲခြင်း၊ ဟာကွက်ရှာဖွေခြင်း စသည်တို့ကိုလိုအပ်ပြီး သူမ၏ စိတ်ခွန်အားကို ကြီးမားစွာကုန်ဆုံးစေခဲ့သည်။ ပြိုင်ဘက်နှင့်လက်ရည်တူလေ အားထုတ်ရမှုက ပို၍ကြီးမားလေပင်။

ထို့ကြောင့် ကျန်းယွဲ့လုသည် ကျူးချန်နှင့်ရင်ဆိုင်ရချိန်မှာ သာမန်လူတစ်ဦးက မိုင်ပေါင်းရာချီ တရစပ်ပြေးလာရသကဲ့သို့ဖြစ်နေသည်။ သူမ၏ ခြေလှမ်းများကပင် ပြေပြစ်မှု မရှိတော့ပေ။ ထို့ကြောင့်ပင် ကျူးချန်က ကျန်းယွဲ့လုကို အနိုင်ရလုနီးပါး တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သူမနေရာမှာ ဝမ်ကျိချန်ကဲ့သို့ အခြားတစ်ယောက်ယောက်သာဆို သေသွားရပေလိမ့်မည်။

ကျန်းယွဲ့လုက သူမ၏ အသက်ရှူသံကို ခဏမျှထိန်းညှိလိုက်၏။ သူမ၏ အသားရောင်က အနည်းငယ်တိုးတက်လာသည်နှင့် သူမက ပုံသဏ္ဌာန်မဲ့စက္ကူကို စက္ကူဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။

“အထဲမှာ စာပေပညာရှင်ရှိသေးတယ်”

ချီရွှမ်းစုက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ပြောလိုက်သည်။

“ငါ့တာဝန် ထားလိုက်စမ်းပါ”

“နင်လား”

ကျန်းယွဲ့လုက ချီရွှမ်းစုကိုအံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“ထျန်းယွမ်… ငါနင့်ကို အထင်သေးတာတော့မဟုတ်ဘူး… ဒါပေမဲ့ နင့်ရဲ့ကျင့်ကြံမှုအဆင့်နဲ့…”

ချီရွှမ်းစုက စကားကိုဖြတ်ပြောလိုက်၏။

“ငါ ယွီရှုအဆင့်ကို ရောက်နေပြီ”

“နင် ဘယ်အချိန်က ယွီရှုအဆင့်ကို ရောက်သွားတာလဲ”

ကျန်းယွဲ့လုက အံ့အားသင့်သွား၏။ တကယ်ဆို သူမက နတ်ဘုရားသိမြင်ခြင်းကို အသုံးပြုမည်ဆိုလျှင် အဲဒါကို အတန်ကြာကတည်းက သိရှိခဲ့ရပေလိမ့်မည်။ သို့သော်လည်း သူမသည် ထိုအတတ်ကို အကြောင်းအရင်းမရှိဘဲ အသုံးပြုလိမ့်မည်မဟုတ်ပေ။ သူမသည် အဲဒါကို ယခင်က သတိမထားမိခဲ့ခြင်းမှာ ချီရွှမ်းစု၏ ဘေးကင်းလုံခြုံမှု၊ သူမ၏ စွမ်းအင်ကုန်ဆုံးမှုနှင့် ရှေးဟောင်းအင်မော်တယ်၏ နတ်ဘုရားဆင်းသက်မှုကဲ့သို့ အကြောင်းကိစ္စများစွာ သူမ၏ ခေါင်းထဲမှာ ရှိနေခဲ့သောကြောင့်ဖြစ်သည်။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကောက်ဝတ်ကို လွှတ်ပေးပြီး အမှန်နှင့်မုသားရောကာ ပြောလိုက်သည်။

“ငါတို့ ယွီလန်ဘုရားကျောင်းမှာရှိခဲ့တုန်းက ပျက်စီးသွားတဲ့ ဗုဒ္ဓရုပ်တုရဲ့ အကျိုးအပဲ့တွေကြားထဲမှာ ပုတီးစေ့တစ်လုံးကို ငါတွေ့ခဲ့တယ်… အဲဒါက ဒဏ္ဍာရီလာ သားရဲဆေးလုံးဖြစ်တဲ့ပုံပဲ… ယန်ရှိုက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ငါ့ရဲ့ခွန်အားကို ပြန်ရဖို့အတွက် အဲဒီသားရဲဆေးလုံးကို မျိုချခဲ့ရတယ်… ငါ့ရဲ့ဒဏ်ရာတွေသက်သာပျောက်ကင်းသွားပြီး ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း သိသိသာသာမြင့်တက်လာခဲ့တယ်… အဲဒါကြောင့်ပဲ ငါက ယွီလန်ဘုရားကျောင်းကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာ”

“သားရဲဆေးလုံးလား”

ကျန်းယွဲ့လုက သားရဲဆေးလုံးကိုကြားဖူးသော်လည်း ၎င်းကို သုံးစွဲဖူးဖို့မပြောနှင့် အပြင်မှာ မြင်ပင်မမြင်ဖူးပေ။ တာအိုဂိုဏ်းတော်၏ ဖိနှိမ်မှုကြောင့် သားရဲအများစုသည် အရှေ့တိုင်းကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားခဲ့သည်။ မော်တယ်ဘုံမှာ ကျန်ရှိနေသော သားရဲများကလည်း အများစုသည် တာအိုဂိုဏ်းတော်ထံမှာ အညံ့ခံသွားကြပြီဖြစ်သည်။

ခွန်လွင်လိုဏ်ဂူထဲမှာ သားရဲများစွာရှိသော်လည်း သူတို့က တာအိုဂိုဏ်းတော်အတွက် ဆေးဝါးများကို ကူညီထုတ်လုပ်ပေးသည်။ ထို့ကြောင့် သားရဲဆေးလုံးများက အလွန်ရှားပါးလေသည်။

ကျန်းယွဲ့လုသည် ထိုအရာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသောကြောင့်လည်း ချီရွှမ်းစုက သူမကို လှည့်စားနိုင်ခြင်းဖြစ်သည်။ ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့် တစ်ချိန်လုံးရှိနေမည်ဖြစ်သောကြောင့် သူ၏ ကျင့်ကြံမှုအဆင့်မြင့်တက်လာခြင်းကို သူမထံမှ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။ သူမဘာသာသူမက ရှာဖွေတွေ့ရှိသွားခြင်းထက် သူမကို အရင်ပြောထားသည်က ပိုကောင်းမည်ဟု ချီရွှမ်းစုက ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဖြင့် သူက စကားအသွားအလာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ကျန်းယွဲ့လုသည် သားရဲဆေးလုံးများနှင့်ပတ်သက်သည့် အချက်အလက်တချို့ကို သိရှိထားဆဲဖြစ်သည်။ မှတ်တမ်းတချို့အရ သားရဲဆေးလုံးကို ဆေးဝါးအဖြစ် အသုံးပြုနိုင်ပြီး ၎င်းသည် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို ကြီးမားစွာမြှင့်တင်ပေးနိုင်သည်။

သားရဲများက ဤကဲ့သို့သောဆေးလုံးမျိုးကို မျိုချမည်ဆိုလျှင် သက်ရောက်မှုက ပို၍သိသာထင်ရှားပေလိမ့်မည်။

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

“သားရဲဆေးလုံးကို တိုက်ရိုက်မျိုချမယ်ဆိုရင် အန္တရာယ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတယ်… အဲဒါက အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်တယ်… နောက်ပြီး သားရဲဆေးလုံးကို သုံးစွဲတဲ့လူသားတွေမှာ တိရိစ္ဆာန်နဲ့တူတဲ့ သွင်ပြင်လက္ခဏာတွေပေါ်လာနိုင်တယ်… ရူးသွပ်လာတာ… ရက်စက်ကြမ်းကြုတ်လာတာ… သွေးဆာရက်စက်လာတာ… ရမ္မက်ကြီးလာတာမျိုး၊ စိတ်နေစရိုက်မှာ သိသာတဲ့ ပြောင်းလဲမှုတွေရှိလာတတ်တယ်… နင့်ရဲ့ ကျင့်ကြံမှုက သန့်စင်မှာလည်း မဟုတ်တော့ဘူး… ရေရှည်မှာဆိုရင် အဲဒီဆေးလုံးတွေက နင့်ရဲ့ကျင့်ကြံမှုအတွက် အန္တရာယ်တောင်ရှိလာနိုင်တယ်”

“ရွှမ်အရှင်မြတ်ခေတ်တုန်းက ထန်ကျိုးလို့ခေါ်တဲ့ ပညာရှင်တစ်ဦးရှိခဲ့တယ်… သူက ချင်းယန်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဖူးတယ်… သူက မသန့်စင်ရသေးတဲ့ ချီလင်သွေးနဲ့ သားရဲဆေးလုံးတွေကို သုံးစွဲခဲ့တယ်.. သူ့ရဲ့ကျင့်ကြံမှုအဆင့်က သိသိသာသာမြင့်တက်လာခဲ့ပေမဲ့ သူက နောက်ဆုံးမှာ စိတ်လွတ်သွားခဲ့တယ်… သူ့ရဲ့ခန္ဓာကိုယ်မှာ ကြေးခွံတွေစထွက်လာပြီး လူမဆန်တော့ဘူး.. နောက်ဆုံးမှာသူက ဆိုးဆိုးဝါးဝါးအဆုံးသတ်သွားခဲ့တယ်”

ထို့နောက် ကျန်းယွဲ့လုက ချီရွှမ်းစုကိုကြည့်ပြီး တည်တံ့စွာဖြင့် ပြောလိုက်သည်။

“ထျန်းယွမ်… နင့်ရဲ့ခန္ဓာကိုယ်မှာ တစ်ခုခုမူမမှန်တာ ခံစားရရင် ငါ့ကို အချိန်မီပြောရမယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်သည်။

“ငါအဆင်ပြေပါတယ်... အဲဒီသားရဲဆေးလုံးက သန့်စင်ပြီးသားလို့ ငါထင်တယ်… အဲဒီမိစ္ဆာတွေက ဗုဒ္ဓရုပ်တုကို အသက်ဝင်လာစေဖို့ အဲဒါကို အသုံးပြုခဲ့တာပဲ… ဒါပေမဲ့ အဲဒီဆေးလုံးကြောင့်ပဲ ငါက အသက်ဘေးကနေလွတ်မြောက်နိုင်ခဲ့တာ”

“အဲဒါက ကံကြမ္မာပဲဖြစ်ရမယ်… ကောင်းချီးမင်္ဂလာက နင့်ဆီကို ရုပ်ဖျက်ပြီးဝင်လာခဲ့တာပဲ” ကျန်းယွဲ့လုက သူ့ကို ယုံကြည်ထားသောကြောင့် သူ့စကားမှာ သံသယမဝင်ပေ။

ချီရွှမ်းစုက လုပ်ကြံပြောဆိုလိုက်သော်လည်း သူပြောသည်က မှန်သည်။ သားရဲဆေးလုံးများကို ဆေးဝါးအဖြစ် အသုံးပြုနိုင်သလို မှော်လက်နက်များအဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သားရဲဆေးလုံးများကိုသုံးပြီး ပစ္စည်းအသေများကို အသက်ဝင်လာစေဖို့က သဘောတရားအရ ဖြစ်နိုင်လေသည်။ အကောင်းဆုံးဥပမာမှာ စွမ်းအင်အရင်းအမြစ်အဖြစ် နဂါးပုလဲများကို အသုံးပြုသော ဝေဟင်ပျံသင်္ဘောဖြစ်သည်။ ဤနဂါးပုလဲများသည် သဘောတရားအရ သားရဲဆေးလုံးတစ်မျိုးပင်ဖြစ်သည်။

ချီရွှမ်းစုက ယုံကြည်မှုရှိစွာပင် ပြောလိုက်သည်။

“အဲဒါကြောင့် မင်းအခု စိတ်ချလက်ချနေတော့… ငါသူ့ကို မနိုင်ရင်တောင်မှ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်”

ကျန်းယွဲ့လုက ဤအချက်ကို မငြင်းဆန်ပေ။ ချီရွှမ်းစုက သူ့မှာ အစွမ်းအစရှိကြောင်း သက်သေပြခဲ့ပြီးသားဖြစ်သည်။ သူသည် ဒက်စ်မန်၊ ပိုင်ယုံကွမ်း၊ ဟင်ဒရစ်နှင့် နတ်ဆရာနှစ်ဦးကို သတ်ဖြတ်ထားခဲ့သည်။ အကြိမ်တိုင်းမှာ ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း သူ့ပြိုင်ဘက်များအားလုံးက သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်မားကြလေသည်။ စွမ်းပကားကြီးမား၍ ဂုဏ်ယူဝင့်ကြွားတတ်သော ကျန်းယွဲ့လုပင် ဤနေရာမှာ သူ့ထက် အနည်းငယ်နိမ့်ကျနေသည်ဟု ခံစားရသည်။

သို့သော်လည်း ကျန်းယွဲ့လုက မေးလိုက်သည်။

“နင် သူ့ကိုသတ်ဖို့ ယုံကြည်မှုဘယ်လောက်ရှိလဲ”

ချီရွှမ်းစုက ဖြေလိုက်သည်။

“ငါ ယုံကြည်မှုအပြည့်ရှိတယ်လို့ မပြောပါဘူး… ဒါပေမဲ့ အနည်းဆုံးတော့ တစ်ဝက်ရှိတယ်”

ကျန်းယွဲ့လုက ထပ်၍မေးလိုက်သည်။

“နင့်ကိုယ်နင် ကာကွယ်နိုင်မယ်လို့ရော ဘယ်လောက်သေချာလဲ”

ချီရွှမ်းစုက ပြောလိုက်သည်။

“လုံးဝသေချာပေါက်ပဲ”

ဤစကားကိုကြားပြီး ကျန်းယွဲ့လုက သူ့ကို တည်တံ့စွာကြည့်လိုက်၏။

“အခုက သူရဲကောင်းတစ်ဦးအဖြစ် ဟိတ်ဟန်ထုတ်ပြရမယ့်အချိန်မဟုတ်ဘူးနော်… နင်က အဲဒီစာပေသမားကို သတ်ဖြတ်နိုင်မလားဆိုတာက အရေးမပါဘူး… နင့်ရဲ့ဘေးကင်းလုံခြုံမှုက ပထမဦးစားပေးပဲ”

ချီရွှမ်းစုက ရုတ်တရက် ကျန်းယွဲ့လုအနားကို ချဉ်းကပ်လာပြီး သူတို့နှစ်ယောက်၏ မျက်နှာများက လေးငါးလက်မခန့်သာ ကွာတော့သည်။ သူက ခါတိုင်းလို ဟန်ဆောင်နေခြင်းမရှိဘဲ ကျန်းယွဲ့လု၏ မျက်လုံးများကို တည်ငြိမ်စွာဖြင့် စိုက်ကြည့်နေ၏။

ချီရွှမ်းစုက ဤမျှအထိ ရဲတင်းလိမ့်မည်ဟု ကျန်းယွဲ့လုက ထင်မှတ်မထားပေ။ အငိုက်မိသွားပြီး သူမက နောက်သို့ ခြေလှမ်းနှစ်လမ်းဆုတ်ကာ နံရံကိုမှီလိုက်သည်။ သူမ၏ မျက်နှာက နီမြန်းလာလေသည်။ ချီရွှမ်းစုက ဆက်လက်၍ တိုးကပ်မလာဘဲ ခပ်တိုးတိုးပြောလိုက်သည်။

“ချင်းရှောင်… ငါ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာမယ်လို့ ကတိပေးတယ်”

ထိုသို့ပြောပြီးနောက် ချီရွှမ်းစုက နောက်သို့ဆုတ်ခွာပြီး မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

All Chapters