အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း ၁၀၅ - ကျန်းနန်အမှု
ကျန်းယွဲ့လုက ဆက်လက်၍ ရှင်းပြလိုက်သည်။
“တကယ်တော့… ငါ့ရဲ့အခြေအနေကလည်း အတူတူပဲ… ငါ အဆင့်-၄ ကို တိုးမြှင့်ခံရပြီးတဲ့နောက် လုံလောက်တဲ့အကျိုးဆောင်မှတ်တွေကို ရှာဖွေပြီး တတိယအဆင့်ကို တိုမြှင့်ခံရနိုင်တယ်လို့ တွေးနေခဲ့တာ… ဒါပေမဲ့ အခုချိန်ထိကို ငါက တတိယအဆင့်ကို မတက်လှမ်းခင် နောက်ထပ် နှစ်နှစ်ထပ်စောင့်ရဖို့ လိုနေတုန်းပဲ… ဒုတိယအဆင့်ကိုရောက်ဖို့ကတော့ ငါ့ရဲ့ကံပေါ်မှာ မူတည်လိမ့်မယ်”
“ဒုတိယအဆင့်ကိုရောက်ပြီးရင် အဆင့်တစ်ခုချင်းစီအတွက် အနည်းဆုံးရာထူးသက်တမ်းက ဆယ်နှစ်နီးပါးပဲ… ငါက အသက်သုံးဆယ်အရွယ်မှာ ဒုတိယအဆင့် သာမန်သူတော်စင်တစ်ဦးဖြစ်လာမယ်ဆိုရင် ငါက အသက် ၄၀ ကို ရောက်မှပဲ တန်ခိုးရှင်သူတော်စင်တစ်ဦးအဖြစ် တိုးမြှင့်ခံရနိုင်တယ်…အဲဒီအခါမှ ငါက မဟာအကြီးအကဲအဖြစ် ရွေးချယ်တင်မြှောက်ခံရဖို့ အရည်အချင်းပြည့်မီလာလိမ့်မယ်… ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ မရှိသလောက်ပဲ… ငါက အသက် ၅၀ မှာ မွန်မြတ်မဟာသူတော်စင်တစ်ပါးဖြစ်လာဖို့ ငါ့ရဲ့အဆင့်တွေကို ဆက်ပြီးတော့ မြှင့်တင်သွားရလိမ့်မယ်”
“ငါ အသက် ၆၀ အရွယ်မှာ လက်ထောက်မဟာအကြီးအကဲတစ်ဦးဖြစ်လာဖို့ ရည်ရွယ်ထားတယ်… အဲဒီတွက်ချက်မှုအရဆို အသက် ၆၀ မှာ မဟာအကြီးအကဲတစ်ဦးဖြစ်လာဖို့က တကယ့်ကိုမလွယ်တဲ့အခြေအနေပဲ… ရှေ့မှာ အဟန့်အတားတွေမရှိဘဲ အရင် မဟာအကြီးအကဲရဲ့ အားပေးထောက်ခံမှုကိုလည်းရမှ အခြေအနေကောင်းလိမ့်မယ်”
“တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝလမ်းခရီးက ချောချောမွေ့မွေ့ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး… ထောင်ချောက်တွေနဲ့ ရှေ့မှာ ပိတ်ဆို့တားဆီးနေတဲ့ ပြိုင်ဘက်တွေက ရှိနေမှာပဲ… အဲဒါကြောင့်ငါက အသက် ၆၀ မှာ တန်ခိုးရှင်သူတော်စင်တစ်ဦးဖြစ်လာနိုင်မယ်ဆိုရင် တော်တော်ကံကောင်းလှပြီလို့ တွက်ရမယ်”
“တာအိုဂိုဏ်းတော်မှာဆိုရင် အသက် ၃၀ အရွယ် တတိယအဆင့်-တာအိုအကြီးအကဲတွေကို တွေ့မြင်ရလေ့ရှိတယ်.. အသက် ၃၀ အရွယ် ဒုတိယအဆင့်တာအိုအကြီးအကဲတွေကလည်း သိပ်ပြီးတော့ ရှားပါးမနေဘူး… သူတော်စင်ချင်းဝေက သူ့အသက် ၃၀ မှာ ဒုတိယအဆင့်ကို တိုးမြှင့်ပေးခံခဲ့ရတယ်… ဒါပေမဲ့ အခုချိန်ထိ သူက ထိပ်တန်းအဆင့်တန်ခိုးရှင်သူတော်စင်တစ်ပါးသာ ဖြစ်နေတုန်းပဲ”
“အဲဒီ မွန်မြတ်မဟာသူတော်စင်တွေအားလုံးက အသက် အရမ်းကြီးပြီး နေရာတစ်ခုကနေ ရွှေ့ပြောင်းလိုစိတ် မရှိတဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး သူလုပ်နိုင်တာ ဘာမှမရှိဘူး… သူတော်စင်ချင်းဝေက ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ နေရာလစ်လပ်မှုမရှိရင် သူက တိုးမြှင့်ပေးခံရမှာမဟုတ်ဘူး…. အဲဒါကြောင့် အဆင့်-၄ ကို တိုးမြှင့်ပေးခံရတယ်ဆိုတာ စတင်ရုံပဲရှိသေးတယ်… ရှေ့မှာ လျှောက်ရမယ့်လမ်းခရီးက အရှည်ကြီးကျန်သေးတယ်”
ချီရွှမ်းစုက သက်ပြင်းချလိုက်သည်။
“မင်းက တစ်ခါနောက်ကောက်ကျသွားတာနဲ့ ဘယ်တော့မှ လိုက်မီတော့မှာမဟုတ်ဘူးလို့ ပြောကြတာ ဒါ့ကြောင့်ကိုး”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“ဒါပေမဲ့ နင့်မှာ လုံလောက်တဲ့ အကျိုးဆောင်မှုတွေရရှိထားပြီပဲ… လူအတော်များများက အဲဒီအကျိုးဆောင်မှုတွေကို စုဆောင်းဖို့တောင် အခွင့်အရေးမရကြဘူး… အဆင့်-၆ တာအိုဆရာဘယ်လောက်များများက ရွှမ်အကျိုးဆောင်မှုသုံးခုကို စုဆောင်းနိုင်မယ်လို့ နင်ထင်လဲ… သာမန် အဆင့်-၆ တာအိုဆရာတစ်ဦးက ရွှမ်အကျိုးဆောင်မှုတစ်ခုကို ရဖို့အတွက် ဟွမ်အကျိုးဆောင်မှုသုံးခုနဲ့ လဲယူရတတ်တယ်… သူတို့က အဆင့်-၅ ကို တိုးမြှင့်ပေးမခံရခင် သုံးနှစ်တာအကဲဖြတ်မှတ်တမ်းမှာ အဆင့်သတ်မှတ်ချက်ကောင်းကောင်းရအောင် ကြိုးစားရတယ်”
“တာအိုကျမ်းစာဌာနနဲ့ ဝိညာဉ်ငြိမ်းချမ်းရေးဌာနတွေမှာဆိုရင် ပုံမှန်အခြေအနေမှာ အကျိုးဆောင်မှုတွေကိုရရှိဖို့ အခွင့်အရေးတောင် မရှိကြဘူး… အဲဒါကြောင့် သူတို့က အချိန်ကိုပဲ မှီခိုရတယ်.. သူတို့တွေက အဆင့်မြှင့်တင်ပေးခံရဖို့အတွက် ဆယ်နှစ်ကျော်ကြာအောင် ခက်ခက်ခဲခဲကြိုးစားရတယ်… အဲဒါကြောင့် အဆင့်-၆နဲ့ အဆင့်-၅ ဆံဖြူတာအိုဆရာတွေ အများကြီးရှိနေတာပဲ”
“နင်က ၇နှစ်အတွင်း တတိယအဆင့်-ယိုယီတာအိုအကြီးအကဲတစ်ဦးအဖြစ် တိုးမြှင့်ပေးခံရဖို့ ကြံရွယ်ထားတယ်ဆိုရင် နင်က ရာထူးတိုးမြှင့်ခံရဖို့အတွက် အကျိုးဆောင်မှုတွေကို အသုံးချနိုင်တယ်… နင်က အဆင့်-၆ ကနေ အဆင့်-၅ ကို တိုးမြှင့်ခံရဖို့အတွက် မြေကမ္ဘာအကျိုးဆောင်မှုတစ်ခုနဲ့တူညီတဲ့ ရွှမ်အကျိုးဆောင်မှုသုံးခုကို လိုအပ်လိမ့်မယ်… အဆင့်-၅ ကနေ အဆင့်-၄ ကို တိုးမြှင့်ပေးခံရဖို့ဆိုရင် နင်က မြေကမ္ဘာအကျိုးဆောင်မှုနှစ်ခုကို လိုအပ်မယ်… အဆင့်-၄ ကနေ အဆင့်-၃ ထိ တိုးမြှင့်ပေးခံရဖို့ဆိုရင် ကောင်းကင်အကျိုးဆောင်မှုတစ်ခုနဲ့တူညီတဲ့ မြေကမ္ဘာအကျိုးဆောင်မှုသုံးခုကို လိုအပ်လိမ့်မယ်”
ချီရွှမ်းစုက မေးလိုက်သည်။
“အာ… ဒါဆို မြေကမ္ဘာအကျိုးဆောင်မှုနှစ်ခုကို မင်းဘယ်လိုရခဲ့တာလဲ”
ကျန်းယွဲ့လုက ရုတ်တရက် နှုတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်းတုံ့ပြန်ပြောဆိုလိုက်သည်။
“အဓိကကတော့ ကံကောင်းသွာလို့ပဲ… အရင်တုန်းက ငါက ပေချန်ခန်းမရဲ့ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ခဲ့တယ်”
“ကျိုးရှီခေတ်တဲ့ ၄၀ ခုနှစ်မှာ ဒေသဆိုင်ရာ တာအိုစံအိမ်တစ်ခုကို စုံစမ်းစစ်ဆေးဖို့အတွက် လက်ထောက်ခန်းမသခင်က ငါတို့အုပ်စုကို စေလွှတ်ခဲ့တယ်… ကျန်းနန်တာအိုစံအိမ်က တာအိုဆရာတွေက လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ပေါင်းကြံပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အလွဲသုံးစားလုပ်နေတယ်ဆိုတာ ငါတို့ အမှတ်တမဲ့ရှာတွေ့သွားခဲ့တယ်… အဲဒီဖြစ်ရပ်မှာ ထိုက်ဖျင်ဒင်္ဂါးငါးသန်းလောက်နဲ့ အမှုထမ်းရာချီပါဝင်ပတ်သက်ခဲ့တယ်”
အင်ပါယာနန်းတော်၏ အဓိကဝင်ငွေသည် သူတို့ကောက်ခံသော အခွန်အတုပ်များမှ လာခြင်းဖြစ်သည်။ တာအိုဂိုဏ်းတော်ကလည်း သူတို့၏ ပင်မဝင်ငွေအရင်းအမြစ်အဖြစ် ပူဇော်ပသသော ငွေကြေးများပေါ်သာ အပြည့်အဝမှီခိုနေခြင်းမဟုတ်ပေ။
ထိုအစား တာအိုဂိုဏ်းတော်၏ အဓိကဝင်ငွေအရင်းအမြစ်သည် ကြီးမားကျယ်ပြန့်သော ကုန်သွယ်ရေးကွန်ရက်တစ်ခုကနေ လာခြင်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သော ဤကုန်သွယ်ရေးကွန်ရက်မှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဝင်ငွေအားလုံး၏ တစ်ဝက်လောက်ကို ယူထားကာ ကျန်းနန်သည် အကြီးမားဆုံဆိပ်ကမ်းဖြစ်လာခဲ့သည်။
ချီရွှမ်းစုက ငေးငိုင်သွား၏။
“ဒါက… တကယ့်ကို အမှုကြီးတစ်ခုပဲ… ကျောက်စိမ်းနေပြည်တော်ကိုမရောက်ခင်ကတောင် ငါအဲဒီအကြောင်းကို ကြားဖူးခဲ့တယ်”
ကျန်းယွဲ့လုက အသံနှိမ့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“နောက်ဆုံးမှာတော့ ထိုက်ဖျင်ဒင်္ဂါးနှစ်သန်းလောက်ကို ငါတို့ပြန်ရခဲ့တယ်… ဘိုးဘေးကျောင်းတော်က ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးရယ်… တတိယအဆင့် ယိုယီတာအိုအကြီးအကဲသုံးဦးရယ်နဲ့ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲ ၁၂ ဦးကို ကွပ်မျက်ခဲ့တယ်… တာအိုအဖွဲ့အစည်းကနေ အထုတ်ခံရ ရာထူးကနေ လျှော့ချခံရတဲ့ တာအိုဆရာတွေက ပိုလို့တောင် များပြားတယ်”
“ကျန်းနန်တာအိုနန်းတော်ရဲ့ အကြီးအမှူးကိုလည်း တာဝန်ပေါ့လျော့မှုကြောင့် ဘိုးဘေးကျောင်းတော်ဆီပြန်ခေါ်ပြီး ရွှေနန်းမြင့်မျှော်စင်မှာ မဟာသူတော်စင်လွင်ကျစ်က စစ်ဆေးမေးမြန်းခဲ့တယ်… တန်ခိုးရှင်သူတော်စင်အဖြစ် သူ့ရဲ့သရုပ်သကန်ကို ဆက်ပေးထားပေမယ့် သူ့ကို စည်ပင်ထွန်းကားတဲ့ ကျန်းနန်စီရင်စုကနေ ဝေးလံခေါင်သီတဲ့ လျောင်တုံတာအိုစံအိမ်ဆီ ရွှေ့ပြောင်းပေးလိုက်တယ်”
ကျန်းယွဲ့လုသည် ၎င်းကို ကိစ္စကြီးတစ်ခုမဟုတ်သလို ပြောဆိုဖို့ ကြိုးစားနေသော်လည်း သူမက အန္တရာယ်ကြီးမားစွာ စွန့်စားခဲ့ရမည်ကို ချီရွှမ်းစုသိလေသည်။ ဤအမှုသည် လူပေါင်းရာချီ၏ ဥစ္စာဓနနှင့် ဘဝရပ်တည်မှုနှင့် ပတ်သက်နေသောကြောင့် ထိုအပြစ်သားများသည် ဒီတိုင်းထိုင်ကာသေရဖို့ကို စောင့်ဆိုင်းနေလိမ့်မည် မဟုတ်ပေ။ သူတို့က အသေအကြေတိုက်ခိုက်ခဲ့ကြပေလိမ့်မည်။
ချီရွှမ်းစုက ခဏမျှနှုတ်ဆိတ်သွား၏။ သူက ခပ်တိုးတိုးမေးလိုက်သည်။
“ဒီအမှုက အရမ်းကို အန္တရာယ်များခဲ့မှာပဲ… ဟုတ်တယ်မလား”
ကျန်းယွဲ့လုက စိတ်မကောင်းသည့်ပုံပေါ်သွားပြီး ဖြေပေးလိုက်သည်။
“ဟုတ်တယ်… ငါအသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့တာ ကံကောင်းတယ်… အဲဒီအချိန်တုန်းက ကြီးကြပ်ရေးမှူးသုံးဦးရယ်၊ အမှုဆောင်ခြောက်ဦးရယ် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခဲ့တယ်… ဒါပေမဲ့ ငါတစ်ယောက်ပဲ ဘိုးဘေးကျောင်းတော်ကို အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်… ကျန်တဲ့သူတွေက ကျန်းနန်မှာ အသက်ပေးခဲ့ရတယ်… သူတို့တွေက လျှို့ဝှက်အသင်းအဖွဲ့ရဲ့လက်ချက်နဲ့ သေခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် သူတို့က တကယ်တမ်းမှာ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို ငါသိတယ်… ငါ့ရဲ့ဆရာက အချိန်မီပေါ်ထွက်မလာခဲ့ဘူးဆိုရင် ငါကလည်း အဲဒီကံကြမ္မာကနေ လွတ်မြောက်နိုင်ခဲ့မှာမဟုတ်ဘူး”
ကျန်းယွဲ့လုကို တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့ ဘာ့ကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ ချီရွှမ်းစုနောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။ နှစ်ပေါင်းများစွာ ဆင့်ကဲတိုးတက်လာပြီးနောက် တာအိုဂိုဏ်းတော်မှာ ချို့ယွင်းချက်များစွာရှိလာခဲ့ပြီဖြစ်သည်။ လက်ထောက်မဟာအကြီးအကဲတစ်ဦး သို့မဟုတ် မဟာအကြီးအကဲကသာလျှင် ဤအားနည်းချက်များကို ပြန်လည်ပြုပြင်နိုင်မည်ဖြစ်သည်။
ကျန်းယွဲ့လုက သက်ပြင်းချကာ ပြောလိုက်၏။
“တကယ်တော့… ငါ့အစွမ်းအစနဲ့ငါဆိုရင် အဲလိုမျိုး ကြီးမားတဲ့အမှုတစ်ခုကို ဖြေရှင်းခဲ့ဖို့ မဖြစ်နိုင်ဘူး… ငါ့ဆရာက အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တယ်… ဒါပေမဲ့ သူက အဲဒါအတွက် ဘာအကျိုးဆောင်မှုကိုမှ မယူခဲ့ဘူး.. အဲဒါကြောင့် ငါက ကောင်းကင်အကျိုးဆောင်မှုတစ်ခုကို ရရှိခဲ့တယ်… ငါက မြေကမ္ဘာအကျိုးဆောင်မှုတစ်ခုကို ရပြီးသားမလို့ အဲဒီအမှုကနေ နောက်ထပ် မြေကမ္ဘာအကျိုးဆောင်မှုနှစ်ခုကို ရခဲ့တယ်… အဲဒါကြောင့် မြေကမ္ဘာဆရာသခင်က ငါ့ကို အာရုံစိုက်လာခဲ့တယ်… အဲဒီအချိန်ကစပြီး အဆင့်-၄ထိ ငါက ချောချောမွေ့မွေ့တက်လှမ်းလာနိုင်ခဲ့တယ်”
“ထုံးတမ်းစဉ်လာအရဆို ကျန်ရှိနေတဲ့ မြေကမ္ဘာအကျိုးဆောင်မှုနှစ်ခုကို သာမန်ရတနာနှစ်ခု ဒါမှမဟုတ် အဆင့်မြင့်ရတနာတစ်ခုနဲ့ လဲယူနိုင်တယ်… ဒါပေမဲ့ မြေကမ္ဘာဆရာသခင်က ငါ့အတွက် ခြွင်းချက်ထားပေးခဲ့တယ်… သူက ငါ့ကို အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုပေးအပ်ပြီး လက်ထောက်ခန်းမသခင်အဖြစ် ခန့်အပ်ပေးခဲ့တယ်”
ချီရွှမ်းစုက သက်ပြင်းချပြီး တွေးလိုက်၏။ ကျန်းယွဲ့လုက သူမ၏ လက်ရှိအဆင့်အတန်းကို ရရှိဖို့အတွက် သူမ၏ မိသားစုနောက်ခံကို မှီခိုခဲ့ခြင်းမဟုတ်ဟု အစ်မချီပြောခဲ့သည်မှာ ဒါ့ကြောင့်ပင်။ သူမက အောင်မြင်မှုများရရှိဖို့အတွက် တကယ့်ကို ခက်ခက်ခဲခဲကြိုးစားခဲ့ရလေသည်။
ကျန်းယွဲ့လုက သူမ၏ မှတ်ဉာဏ်များမှာ နစ်မျောနေ၏။ သူမက ကောင်းကင်ကို ငေးငိုင်စွာကြည့်ပြီး ရေရွတ်လိုက်သည်။
“သေဆုံးသွားတဲ့ အဲဒီသူတွေက ငါနဲ့ အချိန်တစ်ခုကြာအောင် အလုပ်အတူလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေပဲ… ငါတို့တွေအားလုံးရဲ့ ကံကြမ္မာက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုပေမဲ့ သူတို့ရဲ့ မသေသင့်တဲ့ သေဆုံးမှုတွေအတွက် ငါ စိတ်မကောင်းဖြစ်နေရတုန်းပဲ”
ချီရွှမ်းစုက ဝင်ရောက်ပြောဆိုခြင်းမရှိပေ။
သူ့ဆရာသေဆုံးသွားပြီးနောက် ချီရွှမ်းစုသည် လောကက အဖြူနှင့်အမည်းလို ပြတ်ပြတ်သားသား ကွဲပြားသည်ဟု မယုံကြည်တော့ပေ။ ဤလောကမှာ မီးခိုးရောင်အရိပ်များစွာရှိနေသည်။
ဤသည်မှာ ချီရွှမ်းစုနှင့် ရွှမ်အရှင်မြတ်ကြား အကြီးမားဆုံး ကွာခြားချက်ဖြစ်သည်။ ရွှမ်အရှင်မြတ်သည် လူသားရောင်းသော ဈေးကွက်တစ်ခုနှင့် အမှတ်မထင်ကြုံတွေ့မိပြီး ကြီးမားစွာတုန်လှုပ်သွားခဲ့သည်ဟု သမိုင်းထဲမှာ မှတ်တမ်းတင်ထားလေသည်။ ထို့ကြောင့်ပင် ရွှမ်အရှင်မြတ်သည် လောကကို ကယ်တင်ရန် ရည်မှန်းချက်ထားရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လောကမှာ လှည့်လည်သွားလာပြီးနောက် ချီရွှမ်းစုသည် ဆင်းရဲဒုက္ခခံစားနေရသည့် လူအမျိုးမျိုးကို တွေ့မြင်ခဲ့ရသော်လည်း သူသည် လောကကို ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်လာအောင် ကြိုးစားမည့်အစား သူ့ကိုယ်သူ တိုးတက်အောင်လုပ်ဖို့သာ တွေးထားသည်။
ဤသည်မှာ ချီရွှမ်းစုနှင့် ရွှမ်အရှင်မြတ်တွင် မတူညီသော ဘဝစမှတ်များ ရှိနေသောကြောင့်လည်းဖြစ်သည်။ ရွှမ်အရှင်မြတ်သည် နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုတစ်ခုကနေ မွေးဖွားလာခဲ့သည်။ သူ့ဖခင်သည် နာမည်ကြီး မဟာဓားအင်မော်တယ်ဖြစ်ပြီး သူ့ဆရာက ပထမမျိုးဆက် မြေကမ္ဘာဆရာသခင်ဖြစ်ကာ သူ့ယောက္ခမက မဟာရွှမ်မင်းဆက်၏ ဧကရာဇ်ကောင်းကျူဖြစ်ခဲ့သည်။
ရွှမ်အရှင်မြတ်သည် ဩဇာတိက္ကမကြီးမားသော နေရာတစ်ခုမှာ ရှိနေခဲ့ပြီး သူ့မှာ စစ်တုရင်ကစားသမားတစ်ဦးကဲ့သို့ အစီအစဉ်များဆွဲနိုင်၊ ဆုံးဖြတ်ချက်များချနိုင်သော အခွင့်အာဏာရှိခဲ့သည်။
တစ်ဘက်မှာတော့ ချီရွှမ်းစုသည် ဆွေမရှိမျိုးမရှိ ကြီးပြင်းလာသည့် မိဘမဲ့တစ်ဦးဖြစ်သည်။ သူ့ဆရာက အဆင့်-၄ ကျိကျိုးတာအိုဆရာတစ်ဦးဖြစ်သော်လည်း သူတို့က ခဏတဖြုတ်သာ ဆုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရွှမ်အရှင်မြတ်နှင့်ယှဉ်လျှင် ချီရွှမ်းစုသည် စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ရုပ်နှင့်ပိုတူပြီး ရှင်သန်ဖို့အတွက် အဆက်မပြတ် ရုန်းကန်နေရသည်။
ချမ်းသာကြွယ်ဝသူများက အခြားသူများကို ကူညီနိုင်ပြီး ဆင်းရဲမွဲတေသူများကတော့ သူတို့ကိုယ်သူတို့သာ ဂရုစိုက်နိုင်သည်ဟူသော စကားမှာ မှန်ကန်လေသည်။
ချီရွှမ်းစုသည် သူ၏ ရှင်သန်မှုကိုသာ အာရုံစိုက်နေရပြီး လောကကို ကယ်တင်ဖို့အတွေး သူ့မှာမရှိပေ။
ဤသည်မှာ လူတန်းစားကွာဟမှု၏ ခါးသီးသောအမှန်တရားဖြစ်သည်။
ထို့ကြောင့် ချီရွှမ်းစုက နှုတ်ဆိတ်သွားခြင်းဖြစ်၏။ ကျန်းယွဲ့လုပြောသည်က မှန်သော်လည်း သူ့အနာဂတ်ကိုပင်သူ မဆုံးဖြတ်နိုင်သည့်အချိန်မှာ သူ့အနေဖြင့် တာအိုဂိုဏ်းတော်၏ အနာဂတ်အကြောင်း စဉ်းစားတွေးတောဖို့က လက်တွေ့မဆန်ဘဲ ရယ်စရာကောင်းနေသောကြောင့်ဖြစ်သည်။
ကျန်းယွဲ့လုက သူမ၏ စိတ်ခံစားချက်များကို ဖိနှိမ်ပြီးနောက် နောက်တစ်ဖန်ပြောလိုက်သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက ငါက ဒက်စ်မန်နဲ့ အခြားမိစ္ဆာတွေကို သတ်ဖြတ်ပြီး ရွှမ်အကျိုးဆောင်မှုတစ်ခုနဲ့ ဟွမ်အကျိုးဆောင်မှုတစ်ခုကို ရထားခဲ့တယ်… ငါက နောက်ထပ် ရွှမ်အကျိုးဆောင်မှုလေးခုနဲ့ ဟွမ်အကျိုးဆောင်မှုတစ်ခုကို ထပ်ရမယ်ဆိုရင် မြေကမ္ဘာအကျိုးဆောင်မှုနှစ်ခုနဲ့တူညီတဲ့ ရွှမ်အကျိုးဆောင်မှုခြောက်ခုနီးပါးဖြစ်လာလိမ့်မယ်… အဲဒါဆိုရင် ငါက အဆင့်-၃ ကို တိုးမြှင့်ပေးခံရဖို့ သိပ်မလိုတော့ဘူး… ကျေးဇူးတင်ပါတယ် ထျန်းယွမ်”
ချီရွှမ်းစုက ပြောလိုက်သည်။
“အဲဒါက မင်း ရသင့်ရထိုက်တာပဲ… ငါ့ပေါ်မှာ ယဉ်ကျေးပြနေစရာ မလိုပါဘူး”
ကျန်းယွဲ့လုက ပြုံး၍ပြောလိုက်သည်။
“ဒါပေမဲ့ အမှန်တရားကတော့ နင်မပါရင် ငါက အဲဒီအယူဝါဒမိစ္ဆာတွေကို ငါ့ဘာသာငါ တားဆီးနိုင်ခဲ့မှာ မဟုတ်ဘူး”
ချီရွှမ်းစုက ဤအကြောင်းကို ဆက်မပြောတော့ဘဲ မေးလိုက်သည်။
“ငါက ရာထူးသက်တမ်းစနစ်ကြောင့် အဆင့်-၅ တာအိုဆရာတစ်ဦးအဖြစ် ချက်ချင်းတိုးမြှင့်ပေးမခံရဘူးဆိုရင် အဲဒီအကျိုးဆောင်မှုတွေကို ဘယ်လိုအသုံးချရမလဲ”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“အဲဒါက အသုံးဝင်ပါသေးတယ်… နင်က လုံလောက်တဲ့အကျိုးဆောင်မှုတွေကို စုဆောင်းထားပေမဲ့ ရာထူးသက်တမ်းစနစ်ကြောင့် အဆင့်တိုးမြှင့်ပေးမခံရတဲ့အချိန်မှာ ဘိုးဘေးကျောင်းတော်က နင့်ရဲ့လစာကို တိုးမြှင့်ပေးလိမ့်မယ်… လာမယ့်နွေဦးမှာ နင်က တစ်လကို အခြေခံလစာ ထိုက်ဖျင်ဒင်္ဂါးသုံးဆယ်ရမယ့် အဆင့်-၆ တာအိုဆရာတစ်ဦးအဖြစ် တရားဝင်ရောက်ရှိသွားလိမ့်မယ်”
“ထျန်ကန်းခန်းမမှာ တစ်လကို ထိုက်ဖျင်ဒင်္ဂါးနှစ်ဆယ်ပေးတဲ့ ထူးခြားတဲ့ထောက်ပံ့ကြေးတစ်ခုရှိတယ်… နင်က အခုချိန်ထိ အသက်သုံးဆယ်အရွယ်ကို မရောက်သေးဘူးဆိုတော့ အလုပ်သင်ပညာရှင်တစ်ဦးရဲ့ဘွဲ့ကို ရမယ်… အဲဒါကြောင့် နင်က တစ်လကို နောက်ထပ် အပိုထပ်ဆောင်းထောက်ပံ့ကြေး ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ထပ်ရမယ်”
“နင့်ရဲ့ ပိုလျှံနေတဲ့ အကျိုးဆောင်မှုတွေနဲ့ဆိုရင် ဘိုးဘေးကျောင်းတော်က နင့်ရဲ့ခံစားခွင့်ကို အလုပ်သင်ပညာရှိတစ်ဦးကနေ ပညာရှိလောင်းတစ်ဦးအဖြစ် မြှင့်တင်ပေးလိမ့်မယ်… အဲဒါဆိုရင် နင့်ရဲ့အခြေခံလစာက ထိုက်ဖျင်ဒင်္ဂါးငါးဆယ်ဖြစ်လာမယ်… ထျန်ကန်းခန်းမက တစ်လကို ထောက်ပံ့ကြေး သုံးဆယ်ပေးလိမ့်မယ်… ပညာရှိလောင်းတစ်ဦးအတွက် လစဉ်ထောက်ပံ့ကြေးက ထိုက်ဖျင်ဒင်္ဂါးနှစ်ဆယ်ပဲ… အဲဒါဆိုရင် တစ်လကို ထိုက်ဖျင်ဒင်္ဂါးတစ်ရာအထိ ရသွားလိမ့်မယ်”
ချီရွှမ်းစုက မေးလိုက်သည်။
“ဒါဆို အဲဒါက ငါ့ကို ခံစားခွင့်တိုးပေးပြီး ငါ့ရဲ့အဆင့်ကို ဆက်ထိန်းထားတာနဲ့ တူမနေဘူးလား”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်… အဲလိုမျိုးပဲ”
ချီရွှမ်းစုက မေးမြန်းလိုက်၏။
“ငါက အဆင့်-၅ ကို တိုးမြှင့်ပေးမခံရခင် နောက်ထပ်အကျိုးဆောင်မှုတွေကို ထပ်ရမယ်ဆိုရင်ရော… သူတို့ ငါ့ကို ဆက်ပြီးတော့ လစာတိုးပေးမှာလား”
ကျန်းယွဲ့လုက ဖြေလိုက်သည်။
“အဲလို ဖြစ်လာမယ်ဆိုရင် တာအိုဂိုဏ်းတော်က နင့်ရဲ့ အကျိုးဆောင်မှုတွေကို ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ပစ္စည်းတွေ၊ ရတနာတွေ၊ ထူးခြားတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တွေ ဒါမှမဟုတ် ထိုက်ဖျင်ဒင်္ဂါးပမာဏများစွာနဲ့ လဲလှယ်ပေးလိမ့်မယ်”
သူမက လက်ညှိုးတစ်ချောင်းထောင်ပြီး ပြောလိုက်သည်။
“ကောင်းကင်အကျိုးဆောင်မှုတစ်ခုနဲ့ဆို နင်က အင်မော်တယ်တစ်ပိုင်းပစ္စည်းတစ်ခုကို ရလိမ့်မယ်… မြေကမ္ဘာအကျိုးဆောင်မှုတစ်ခုနဲ့ဆိုရင် သာမန်ရတနာတစ်ခုကို ရလိမ့်မယ်”
ချီရွှမ်းစုက မေးလိုက်သည်။
“ငါအခု လစာတိုးမယူဘဲ ငါ့ရဲ့အကျိုးဆောင်မှုတွေကို အဲဒီရတနာတွေနဲ့ လဲလှယ်လို့ရော မရဘူးလား”
ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။
“မရဘူး… အဲဒါက အစဉ်တိုင်းပဲဖြစ်ရမယ်… နင်က အရင်ဆုံးလစာတိုးယူရမယ်… နောက်မှ အကျိုးဆောင်မှုတွေကို ရတနာတွေနဲ့ လဲလှယ်ယူနိုင်မယ်။”
အခန်း ၁၀၆ - ယွဲ့မျိုးဆက်
ကျန်းယွဲ့လုက အမှုကိစ္စကို ထျန်ကန်းခန်းမသခင်ထံ တင်ပြပြီးနောက် ခွန်လွင်တာအိုစံအိမ်က လျင်မြန်စွာ တုံ့ပြန်လာသည်။
သဘောတရားအရ ခွန်လွင်တာအိုစံအိမ်သည် ကျောက်စိမ်းနေပြည်တော်၏ တိုက်ရိုက်လက်အောက်ခံဖြစ်သည်။ သူတို့၏ အဓိကတာဝန်သည် ခွန်လွင်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်ဖြစ်သောကြောင့် အခြားသော တာအိုစံအိမ်များကဲ့သို့ ရှေ့သို့ထွက်ကာ စွန့်စားပြစရာမလိုပေ။
သို့သော်လည်း လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းသည် ခွန်လွင်တာအိုစံအိမ်၏ တရားစီရင်မှုအောက်ရှိ ယီရှန်မြို့တော်၏ ခေါင်းဆောင်ပိုင်းများအထိ စိမ့်ဝင်ထိုးဖောက်လာခဲ့သည်။ ဤသည်မှာ တာအိုဂိုဏ်းတော်အတွက် အရှက်ရစရာဖြစ်ပြီး ရိုက်ခတ်မှုက ကြီးမားလေသည်။ ထို့ကြောင့် သူတို့သည် နောက်ပိုင်းပြဿနာများ နည်းနိုင်သမျှနည်းရန် တတ်နိုင်သမျှအချိန်တိုအတွင်း အခြေအနေကို ထိန်းသိမ်းရပေမည်။
ဤအမှုသည် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို နာမည်ကြီးသွားစေသည်။ ကျန်းယွဲ့လုသည် ဤမတိုင်ခင်ကတည်းက နာမည်ဂုဏ်သတင်းရရှိထားပြီးသားဖြစ်သည်။ နတ်သက်ကြွေအင်မော်တယ်အဖြစ် သူမ၏ အဆင့်အတန်းကြောင့်သာမက ကျန်းနန်အမှုကြီးကဲ့သို့ သူမ၏ အောင်မြင်မှုများကြောင့်လည်းဖြစ်သည်။ သူမသည် အနာဂတ်မှာ ထွန်းတောက်ဖို့ ကံပါလာခဲ့ပြီးသားဖြစ်သည်။
တစ်ဘက်မှာတော့ ဤအမှုသည် ချီရွှမ်းစုပေါ် ပို၍သက်ရောက်မှုရှိလာသည်။ ဤမတိုင်ခင်က ချီရွှမ်းစုသည် ဒက်စ်မန်ကို သတ်ဖြတ်ခဲ့သည့်အတွက် ထျန်ကန်းခန်းမမှာသာ နာမည်ရခဲ့သည်။ အလွန်ဆုံး ထိုအကြောင်းအရာကနေ လူများက သူ့နာမည်ကို ကြားဖူးရုံသာဖြစ်သည်။ ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ နတ်ဘုရားဆင်းသက်မှုကို တားဆီးခြင်းတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထို့ကြောင့် သူက ခန်းမကိုးဆောင်၏ ဆွေးနွေးပြောဆိုမှုတွင် နောက်တစ်ဖန်ပါဝင်လာခဲ့သည်။ ရှုခိုကဲ့သို့ပင် ချီရွှမ်းစုသည် တာအိုအဖွဲ့အစည်းမှာ နက်ရှိုင်းသော ထင်မြင်ချက်တစ်ခု ရရှိလာ၏။
ချီရွှမ်းစုက အနာဂတ်မှာ ဤကဲ့သို့သော အောင်မြင်ထွန်းပေါက်မှုများကို ဆက်လက်ပြုလုပ်နိုင်မည်ဆိုလျှင် သူသည် ထျန်ကန်းခန်းမ၏ အလေးထားခံရသော အဖွဲ့ဝင်တစ်ဦး သေချာပေါက်ဖြစ်လာပေလိမ့်မည်။ ချီရွှမ်းစုက တာအိုဂိုဏ်းတော်၏ စိတ်ဝင်စားမှုကိုရရှိလာစဉ် သူသည် လျှို့ဝှက်အသင်းအဖွဲ့များ၏ ပစ်မှတ်အဖြစ်လည်း စာရင်းဝင်သွားသည်။
ဤမတော်တဆဖြစ်ရပ်အပြီးမှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ကျန်းယွဲ့လု၏ ဇာတိမြေသို့ ဆက်လက်၍ ထွက်ခွာချင်ကြသည်။ သို့သော်လည်း သူတို့သည် ဤအမှုကိစ္စမှာ အခရာကျသော လူများဖြစ်ပြီး စတင်ခဲ့ကတည်းက ပါဝင်ပတ်သက်ခဲ့သောကြောင့် သူတို့က ဤအမှုကိစ္စကို ခွန်လွင်တာအိုစံအိမ်သို့ လွှဲပြောင်းပေးရန် နောက်ထပ်တစ်ရက် ယီရှန်မြို့တော်မှာ နေရသည်။
ခွန်လွင်တာအိုစံအိမ်ကနေ စေလွှတ်လိုက်သောသူက ကျန်းယွဲ့လုကဲ့သို့ တူညီသောအဆင့်အတန်းကိုပိုင်ဆိုင်ထားသည့် လက်ထောက်ခန်းမသခင်တစ်ဦးဖြစ်သည်။ သို့သော်လည်း သူက ကျန်းယွဲ့လုထက် များစွာအသက်ပိုကြီးသည်။ ထိုသို့ဆိုလျှင်တောင် လက်ထောက်ခန်းမသခင်က ကျန်းယွဲ့လုအပေါ်မှာ ယဉ်ကျေးမှုပြသထားဆဲဖြစ်ပြီး တင်စီးသော မည်သည့်တောင်းဆိုမှုကိုမှ မပြုလုပ်ပေ။ ထို့ကြောင့် လွှဲပြောင်းပေးမှုက ချောမွေ့ပြီး နေ့တစ်ဝက်မှာပြီးမြောက်သွားသည်။
ကျန်ရှိနေသော အယူဝါဒမိစ္ဆာဝင်များကို ဆက်လက်၍ ဖမ်းဆီးဖို့နှင့် ချင်းပိုင်ဘုရားကျောင်းကို ကိုင်တွယ်ဖို့မှာ ခွန်လွင်တာအိုစံအိမ်၏ တာဝန်ဖြစ်သွားခဲ့လေပြီ။
ချီရွှမ်းစုနှင့်ကျန်းယွဲ့လုက သူတို့၏ ခရီးကို ဆက်ချင်ကြသည်။ ထို့ကြောင့် ဝမ်ကျိချန်၊ လောရှောင်၊ တပ်ခွဲမှူးကျောက်နှင့် ဒေသခံခရိုင်ဝန်တို့က မြို့အပြင်ဘက် သုံးမိုင်ခန့်ထိ သူတို့ကို လိုက်ပို့ပေးကြသည်။ သူတို့က နေ့လယ်စာကို အတူစားပြီးနောက် အလ္လာပသလ္လာပ ပြောဆိုလိုက်ကြ၏။
ဝမ်ကျိချန်ကလွဲလျှင် အခြားလူတိုင်းက မြိုတော်ရှိရာသို့ ပြန်သွားကြပြီး ဝမ်ကျိချန်ကတော့ ထုံထျန်မြစ်၏ ဆိပ်ခံတံတားထိ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုနှင့်အတူ နောက်ထပ် သုံးမိုင် လိုက်ပါလာ၏။
ဆိပ်ခံတံတားကိုရောက်သည့်အချိန်မှာ ချီရွှမ်းစုက ရပ်တန့်လိုက်သည်။ သူက လက်သီးနှင့်လက်ဝါးကိုထိပြီး ဝမ်ကျိချန်ကို ဦးညွှတ်ကာပြောလိုက်သည်။
“ကွပ်ကဲရေးဗိုလ်မှူးဝမ်… ကျုပ်တို့ကို ဒီနေ့အခုလိုလိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျုပ်တို့ တစ်နေ့ အင်ပါယာနေပြည်တော်မှာ ပြန်ဆုံကြသေးတာပေါ့”
“ကောင်းပြီလေ… ကျုပ် ဒီမှာပဲ နေခဲ့တော့မယ်… အမှုဆောင်ချီ.. ပညာရှိကျန်း ခင်ဗျားတို့လမ်းခရီး သာယာဖြောင့်ဖြူးပါစေ”
ဝမ်ကျိချန်က ပြန်လည်၍ ဦးညွှတ်လိုက်သည်။
“ကျုပ်တို့ နောက်တစ်ခါဆုံရင် သောက်ကြသေးတာပေါ့”
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုနှစ်ယောက်စလုံးသည် ဖီးနစ်စိမ်းတပ်သားများပေါ် အမြင်သိပ်မကြည်သော်လည်း ဝမ်ကျိချန်ကတော့ ခြွင်းချက်ဖြစ်သည်။ ကျန်းယွဲ့လုကလည်း သူ့ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
“ကျွန်မတို့ တစ်နေ့ ပြန်ဆုံကြမှာပါ… နောက်တစ်ခါကျရင် သောက်ရင်းစားရင်း စားမြုံ့ပြန်ကြတာပေါ့… ကွပ်ကဲရေးဗိုလ်မှူးဝမ်… ဒီခဏတော့ ဒီမျှပါပဲ”
နှုတ်ဆက်ပြီးနောက် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ကူးတို့လှေပေါ်သို့တက်ကာ မြစ်ကို ဖြတ်ကူးကြ၏။
ဝမ်ကျိချန်က ကမ်းခြေမှာမတ်တတ်ရပ်ပြီး ထွက်ခွာသွားသောကူးတို့လှေကို စောင့်ကြည့်ပြီးမှ ယီရှန်မြို့တော်ရှိရာဘက်သို့ ပြန်သွားသည်။
ချီရွှမ်းစုက ပြုံး၍ စနောက်လိုက်၏။
“ဒီခဏဒီမျှတဲ့လား… မင်း အဲဒီစကားကို ဘယ်ကနေတတ်လာတာလဲ”
ကျန်းယွဲ့လုက မှင်သေသေဖြင့်ပြောလိုက်သည်။
“ငါအဲဒါကို စာအုပ်တချို့ထဲက ဖတ်ဖူးတာပဲ”
“ချင်းဖျင်စာအုပ်တိုက်က ဝတ္ထုတွေလား”
ချီရွှမ်းစုက မေးလိုက်သည်။
“ငါလည်း ပျင်းတဲ့အခါ စာနည်းနည်းပါးပါးဖတ်တယ်… ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီနဲ့ အမျိုးသမီးဓားအင်မော်တယ်တို့လိုပေါ့… အဲဒီဝတ္ထုနှစ်ပုဒ်လုံးက တော်တော်လေးကောင်းတယ်”
ကျန်းယွဲ့လု၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွား၏။
“လွန်ခဲ့တဲ့ နှစ်နှစ်ရာက ရေးထားတဲ့ အဲဒီစာအုပ်တွေက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်”
ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး အနည်းငယ်ရှက်သွား၏။
“ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီကို ရွှမ်အရှင်မြတ်ငယ်ငယ်က ရေးခဲ့ပြီး အမျိုးသမီးဓားအင်မော်တယ်ကိုတော့ သူ့ဇနီးရေးခဲ့တယ်ဆိုတဲ့ ကောလာဟလတွေရှိတယ်… အဲဒါကြောင့် အဲဒီဝတ္ထုတွေကို ငါဖတ်ဖူးတာပေါ့”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“အမျိုးသမီးဓားအင်မော်တယ်ကို ရွှမ်အရှင်မြတ်ရဲ့ဇနီးရေးခဲ့တယ်ဆိုတာ အမှန်ပဲ… ဒါပေမဲ့ ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီကိုတော့ ရွှမ်အရှင်မြတ်ရေးထားတာ မဟုတ်ဘူး… သူက စာရေးဆရာတစ်ယောက်ကို ငှားရေးခိုင်းပြီး အမည်ခံထားတာပဲ… အဲဒါကို ရေးတဲ့သူကတော့ ချင်းဖျင်စာအုပ်တိုက်ရဲ့ ပထမဆုံးကြီးကြပ်ရေးမှူးပဲ”
“တကယ်ဆို ရွှမ်အရှင်မြတ်က သူ့ဇနီး စိတ်ကျေနပ်ဖို့အတွက်နဲ့ ချင်းဖျင်စာအုပ်တိုက်ကို တည်ထောင်ခဲ့တာ… ထိုက်ဖျင်တည်းခိုခန်းရဲ့ ဒဏ္ဍာရီကိုလည်း သူ့ဇနီးသဘောကျတဲ့အတိုင်း ရေးပေးထားတာ… အဲဒါက အနာဂတ်မျိုးဆက်တွေအထိ နာမည်ရသွားလိမ့်မယ်လို့ သူထင်မှတ်ခဲ့မှာမဟုတ်လောက်ဘူး”
ချီရွှမ်းစုသည် ဤကောလာဟလကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပြီး သူက မှင်တက်သွား၏။
“အို… ဒီစာအုပ်ရဲ့ မူလဇာစ်မြစ်ကို ငါမသိခဲ့ဘူး”
“တကယ်တော့ အဲဒါက လျှို့ဝှက်ချက်မဟုတ်ဘူး… ရွှမ်အရှင်မြတ်အသက်ရှိစဉ်တုန်းကလည်း အဲဒါကို ဖုံးကွယ်မထားခဲ့ဘူး… သူတော်စင်တွေနဲ့ မဟာသူတော်စင်တွေအားလုံး အဲဒါကို သိကြတယ်… ငါက သူတို့ဆီကနေ နားစွန်နားဖျား ကြားခဲ့တာပဲ”
ချီရွှမ်းစုက မေးလိုက်သည်။
“ဒါဆို မင်းဘယ်လိုဝတ္ထုမျိုးတွေ ဖတ်လေ့ရှိလဲ”
ကျန်းယွဲ့လုက ဖြေလိုက်သည်။
“ငါ့ကို မူကျင်းညွှန်းပေးထားတဲ့ ‘ခွန်လွင်ဓားသမားရဲ့ ဒဏ္ဍာရီ’ဆိုတဲ့ လစဉ်ထွက်တဲ့ စာစဉ်တစ်ခုရှိတယ်”
ချီရွှမ်းစုက ခေါင်းညိတ်လိုက်သည်။
“အင်း ငါအချိန်ရရင် အဲဒါကို ဖတ်ကြည့်ဦးမယ်”
ကျန်းယွဲ့လုက ပြောလိုက်၏။
“ခရီးမသွားတဲ့သူတွေကပဲ စွန့်စားခန်းတစ်ခုထွက်ဖို့ စိတ်ကူးယဉ်တတ်ကြတာ… နင့်မှာ ခရီးသွားအတွေ့အကြုံရှိပြီးသားဆိုမှတော့ စိတ်ကူးယဉ်စွန့်စားခန်းတစ်ခုကို ဘာလို့လိုချင်နေသေးတာလဲ… နင်က ‘မဟာချီမင်းဆက်’နဲ့ ‘ဧကရီ’လိုမျိုး တော်ဝင်မိသားစုတွေအကြောင်းရေးထားတဲ့ ဇာတ်လမ်းတွေကို ပိုပြီးစိတ်ဝင်စားသင့်တာ မဟုတ်ဘူးလား”
ချီရွှမ်းစုက ကန့်ကွက်မှုမရှိဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါနဲ့ မင်းမိသားစုအကြောင်း ငါတစ်ခါမှ မမေးခဲ့ဘူး… ကျန်းမိသားစုက တော်ဝင်မိသားစုနဲ့ ရွှမ်အရှင်မြတ်ရဲ့ မိသားစုနဲ့အတူယှဉ်တွဲပြီး နာမည်ကြီးမိသားစုသုံးခုထဲက တစ်ခုဖြစ်တယ်လို့ပဲ ငါသိထားတာ… အဲဒါက မိသားစုကြီးတစ်ခုဖြစ်တယ်လို့ ငါကြားဖူးတယ်… မင်းမိသားစုအကြောင် ငါ့ကို ပြောပြလို့ရမလား”
ကျန်းယွဲ့လုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သော်လည်း ငြင်းဆန်ခြင်းမရှိပေ။
“အရင်ဆုံးရှင်းအောင်ပြောထားရရင် ကျန်းမိသားစုက တကယ်ပဲ မိသားစုကြီးတစ်ခုဟုတ်တယ်… ဒါပေမဲ့ အဲဒါက ငါနဲ့ ဘာမှမသက်ဆိုင်ဘူး… ငါတို့တွေက တူညီတဲ့မျိုးရိုးနာမည်ကို ယူထားကြရုံပဲ… ဒါပေမဲ့ မိသားစုထဲမှာ အခွဲတွေအများကြီးရှိနေတယ်”
“လူတိုင်းပြောပြောနေတဲ့ နာမည်ဂုဏ်သတင်းကြီးမားတဲ့ ကျန်းမိသားစုဆိုတာ ပင်မအခွဲပဲ… ငါကတော့ ကျန်းမိသားစုရဲ့ အရံအခွဲကပဲ”
“ဒါပေမဲ့… ငါက မြင့်မားတိုးတက်လာပြီး ငါက ကျန်းမိသားစုဝင်တစ်ဦးဖြစ်တာကို လူတွေသိတဲ့အချိန်မှာ ငါက ကျန်းမိသားစုရဲ့ ပင်မအခွဲက သခင်မလေးတစ်ဦးဖြစ်မယ်လို့ သူတို့ထင်ခဲ့ကြတာ… ငါ့မိသားစုရဲ့ ကူညီထောက်ပံ့မှုကြောင့်ပဲ ငါက ဒီနေ့ဒီနေရာကို တက်လှမ်းလာခဲ့တယ်လို့လည်း သူတို့ယူဆထားကြတယ်”
“တကယ်တော့ အဲဒါက မမှန်ဘူး… ငါ့ရဲ့အောင်မြင်မှုတွေကို အဓိကကူညီထောက်ပံ့ပေးခဲ့တာက ငါ့ဆရာအပြင် ချွမ်ကျန်းဂိုဏ်းက မြေကမ္ဘာဆရာသခင်ပဲ… အဲဒါက ကျန်းမိသားစုရဲ့ ကောင်းကင်ဆရာသခင် မဟုတ်ခဲ့ဘူး”
“ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့မိသားစုလိုမျိုး အရံအခွဲတစ်ခုက သူတို့ရဲ့ ပင်မအခွဲကို ကျော်တက်သွားမှာစိုးတဲ့အတွက် ကျန်းမိသားစုရဲ့ ပင်မအခွဲက လူတွေက ငါ့ရဲ့ အောင်မြင်မှုတွေကို သိပ်ပြီးတော့ မရှုစိမ့်ကြဘူး… အဲဒါကြောင့် မိသားစုရဲ့ ပင်မအခွဲက သူတို့ရဲ့ ဆူးခလုတ်တစ်ခုကို ရှင်းပစ်ဖို့အတွက် ငါ့ကို လက်ထပ်ထိမ်းမြားစေချင်ကြတယ်”
ချီရွှမ်းစုက အခြေအနေကို နားလည်သဘောပေါက်လာသည်။ ကျန်းယွဲ့လုသည် တာအိုဂိုဏ်းတွင် ထူးခြားသောအဆင့်အတန်းတစ်ခုကို ရရှိလာသည်မှာ သူမ၏ အသက်အရွယ်၊ ကျင့်ကြံမှုအဆင့် သို့မဟုတ် မိသားစုနောက်ခံကြောင့် မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် အတွေ့အကြုံများကြောင့်ဖြစ်သည်။ သူမသည် ကျန်းနန်မှာ အမှုကြီးတစ်ခုကို ဖြေရှင်းခဲ့ပြီး မြေကမ္ဘာဆရာသခင်၏ အသိအမှတ်ပြုမှုကို ရရှိလာခဲ့သည်။ ဤအချက်ကြောင့်ပင် သူမသည် နတ်သက်ကြွေအင်မော်တယ်များနှင့် လူငယ်မျိုးဆက်များကြားမှာ ထင်ရှားပေါ်လွင်လာခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်ကို မိသားစုတစ်ခုတည်းက ထိန်းချုပ်ထားခြင်းမဟုတ်ပေ။ ဥပမာအားဖြင့် လီမိသားစု၏ သခင်လေးဖြစ်သော လီထျန်ကျန်းမှာ မြင့်မားသော စမှတ်တစ်ခုရှိခဲ့သည်။ သို့သော်လည်း သူသည် လူအများလက်ခံယုံကြည်လာအောင် မပြုလုပ်နိုင်ခဲ့သည့်အတွက် အမြင့်ကို တက်လှမ်းမလာနိုင်ပေ။
ကျန်းယွဲ့လုကတော့ မတူပေ။ သူမသည် အသက်အန္တရာယ်ဖြင့် စွန့်စားပြီး ကျန်းနန်အမှုကိစ္စကို ဖြေရှင်းကာ ကြီးမားသည့်အောင်မြင်မှုများ ရရှိလာခဲ့သည်။ အခြားသူများက မနာလိုသည်ဆိုလျှင်ပင် သူမ၏ရာထူးတိုးမြင့်လာခြင်းကို ကန့်ကွက်စရာအကြောင်းအရင်း ရှာမရပေ။ သူမသည် အရံသင့်ဖောက်ပြီးသား လမ်းကြောင်းပေါ် လျှောက်ခဲ့ခြင်းမဟုတ်ဘဲ သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ကျန်းယွဲ့လုသည် သူမ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ခြင်းမှာ လုံ့လဝီရိယရှိလေသည်။ ထို့ကြောင့် သူမသည် ကြီးမားသောအမှားတစ်ခုခု မပြုလုပ်သရွေ့ သူမက အနှေးနှင့်အမြန်ဆိုသလို သူတော်စင်တစ်ပါးဖြစ်လာပေလိမ့်မည်။
တာအိုဂိုဏ်းတော်အတွင်းမှာ မတူညီသော အဖွဲ့များရှိနေသည်။ မည်သူမဆို မျိုးဆက်သစ်လူငယ်တစ်ဦးကို ရာထူးတိုးမြှင့်ပေးခြင်း သို့မဟုတ် လေ့ကျင့်သင်ကြားပေးခြင်း ပြုလုပ်မည်ဆိုလျှင် သူတို့ကြားမှာ ခွဲခြားမရသော ပတ်သက်ဆက်နွယ်မှုတစ်ခု ရှိလာပေလိမ့်မည်။ ကျန်းယွဲ့လုကဲ့သို့ ထွန်းတောက်လာသောကြယ်တစ်ပွင့်က ဤအခိုက်အတန့်မှာ ဩဇာတိက္ကမ မကြီးမားသေးသော်လည်း သူမ၏ အနာဂတ်အလားအလာက ကြီးမားလေသည်။ ထို့ကြောင့် သူတော်စင်တစ်ပါးက ဝင်ရောက်စွက်ဖက်နိုင်လိ့မ်မည် မဟုတ်ပေ။ သူမကို အားပေးထောက်ခံကာ ပြုစုပျိုးထောင်ပေးဖို့ မဟာသူတော်စင်တစ်ပါးသာ တတ်နိုင်ပေမည်။
ထူးဆန်းသည်မှာ ကျန်းယွဲ့လုကို အားပေးထောက်ပံ့ထားသည်က သူမ၏ မိသားစုမှ ကောင်းကင်ဆရာသခင်မဟုတ်ဘဲ မြေကမ္ဘာဆရာသခင် ဖြစ်နေခြင်းပင်။ ဤအချက်သည် ကျန်းယွဲ့လု၏ အခြေအနေကို ပို၍ပင် ရှုပ်ထွေးလာစေသည်။
ဤအချက်ကြောင့်ပင် ကျန်းမိသားစုဝင်တချို့က သူမကို ဖယ်ကြဉ်လာကြခြင်းဖြစ်သည်။
တကယ်ဆို ကျန်းယွဲ့လုကလည်း သူမ၏ အခြေအနေနှင့်ပတ်သက်၍ တွေဝေရှုပ်ထွေးနေရသည်။ နောက်ကွယ်မှအစစ်အမှန်အကြောင်းအရင်းကို ကောင်းကင်ဆရာသခင်နှင့် မြေကမ္ဘာဆရာသခင်သာ သိပေမည်။
သူမက ခဏမျှရပ်တန့်ပြီး ဆက်ပြောလိုက်သည်။
“ကျန်းမိသားစုနဲ့ လီမိသားစုက နှစ်ပေါင်းများစွာကြာအောင် တစ်ဘက်နဲ့တစ်ဘက် အတိုက်အခံဖြစ်လာခဲ့ကြတာ… ဒါပေမဲ့ သူတို့ရဲ့ ဝါစဉ်အနိမ့်အမြင့်နဲ့ ဩဇာအာဏာရယူနိုင်မှုက သိပ်မကွာကြဘူး”
ချီရွှမ်းစုက ပြောလိုက်သည်။
“အဲဒါကို ငါသိတယ်… ရွှမ်အရှင်မြတ်ကတ်မှာ မြေကမ္ဘာကတ်တစ်ကတ်ဖြစ်တဲ့ ကောင်းကင်ဆရာသခင် ကျန်းလွမ်ရှန်က ရွှမ်အရှင်မြတ်နဲ့ မျိုးဆက်တူပဲ… ကောင်းကင်ဆရာသခင်ဟောင်း ကျန်းကျင်းရှုက မဟာဓားအင်မော်တယ် လီတောက်ရှုနဲ့ မျိုးဆက်တူတယ်”
“လီမိသားစုက သူတို့ရဲ့ မျိုးဆက်နာမည်ကို ရှေ့ဆုံးမှာထားကြတယ်… ဒါပေမဲ့ ကျန်းမိသားစုကတော့ မတူညီတဲ့ပုံစံကို ကျင့်သုံးတယ်”
“ကျန်းမိသားစုက ပထမမျိုးဆက်နှစ်ခုမှာဆိုရင် မျိုးဆက်နာမည်ကို အလယ်မှာထားပြီး နောက်ထပ်မျိုးဆက်နှစ်ခုမှာဆိုရင် မျိုးဆက်နာမည်ကို နောက်ဆုံးမှာထားတယ်… သူတို့က အဲဒီပုံစံကို အလှည့်ကျကျင့်သုံးတယ်၊ ဟုတ်တယ်မလား။”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။
“ထိုက်ဖျင်ဂိုဏ်းရဲ့ မဟာသူတော်စင်က ကျန်းမိသားစုက ဘိုးဘေးတွေနဲ့ မျိုးဆက်တူတယ်… မိသားစုတွေရဲ့ ပတ်သက်ဆက်နွယ်မှုအရဆို လက်ထောက်မဟာအကြီးအကဲနှစ်ဦးက ရွှမ်အရှင်မြတ်ထက် မျိုးဆက်နှစ်ဆက်ပဲ နိမ့်ကျတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်ရဲ့ မျိုးဆက်အရဆိုရင် သူတို့တွေက ရွှမ်အရှင်မြတ်ထက် မျိုးဆက်ငါးဆက် နိမ့်ကျတယ်”
“ငါ့အဖေက ကျွိမျိုးဆက်ကပဲ… ငါကတော့ ယွဲ့မျိုးဆက်က … ငါ့မျိုးဆက်မှာဆိုရင် ငါတို့တွေက အယောက်တစ်ရာလောက်ရှိတယ်… ငါ သေသေချာချာမမှတ်မိပေမယ့် ငါ့ရဲ့ ဝမ်းကွဲမောင်နှမတစ်ရာထဲမှာ ငါက အဆင့် ၇၀ ကျော်မှာရှိလိမ့်မယ်… ငါ့ရဲ့မိသားစုမှာတော့ ငါက တစ်ဦးတည်းသောကလေးပဲ”
ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
“အဲဒါကောင်းတာပေါ့”
“ဘာကောင်းတာလဲ”
ကျန်းယွဲ့လုက မေးလိုက်သည်။
ချီရွှမ်းစုက ဖြေလိုက်၏။
“အစက မင်းမိဘတွေအပြင် မင်းမှာ အစ်ကိုတွေဘာတွေရှိနေမှာကို ငါစိုးရိမ်နေတာ… မင်းမှာသာ အစ်ကိုရှိရင် ငါမင်းကို နာကျင်ခံစားရအောင်လုပ်ရင် သူက ငါ့ကိုသတ်မယ်လို့ ခြိမ်းခြောက်လောက်တယ်”
“ဘာဖြစ်တယ်…”
ကျန်းယွဲ့လုက မကျေမနပ်ပြောလိုက်သည်။
“ငါ့မှာ ဘယ်အစ်ကိုမှ မရှိဘူး… ဒါပေမဲ့ ရှိခဲ့မယ်ဆိုရင်တောင် သူတို့က ဘယ်တော့မှ အဲလိုလုပ်မှာမဟုတ်ဘူး”
ချီရွှမ်းစုက ပြုံးလိုက်၏။
“ဘယ်ပြောလို့ရပါ့မလဲ… ဝတ္ထုတွေထဲမှာဆိုရင် အစ်ကိုတွေကို ညီမတွေရဲ့ ကာကွယ်သူတွေအဖြစ် အမြဲတမ်းဖော်ပြတတ်ကြတယ်မလား။”