← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇ - တာအိုလက်တွဲဖော်

ကျန်းယွဲ့လုက ချေပလိုက်သည်။

“အစ်ကိုတွေက သူတို့ရဲ့ညီမ အနိုင်ကျင့်ခံရတာကိုတော့ ဘယ်လိုလားပါ့မလဲ”

ချီရွှမ်းစုက ပြောလိုက်၏။

“မင်းရဲ့ပုံစံအရဆို မင်းအစ်ကိုရဲ့ စိတ်နေစရိုက်က ဘယ်လိုဖြစ်မလဲဆိုတာ ငါအကြမ်းဖျင်းခန့်မှန်းလို့ရတယ်… မင်းက လီထျန်ကျန်းကိုတောင် ရိုက်နှက်ခဲ့တာမလား”

ကျန်းယွဲ့လုက ထေ့ငေါ့ပြောဆိုလိုက်၏။

“လီထျန်ကျန်းက ငါ့နဲ့ တစ်ယောက်ချင်းတိုက်ခိုက်ဖို့ အရင်စိန်ခေါ်ခဲ့တာဆိုတော့ အဲဒါကို သူကိုယ်တိုင်တောင်းဆိုခဲ့တာပဲ… ငါတို့ တစ်ယောက်နဲ့တစ်ယောက်သိလာတာ ဒီလောက်ကြာပြီ… ငါနင့်ကို ရိုက်နှက်ဖူးလို့လား”

“ဟင့်အင်း”

ချီရွှမ်းစုသည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသလို ခံစားလိုက်ရပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဒါနဲ့ မင်းက အိမ်မှာဆိုရင် ဘယ်လိုပုံစံမျိုးလဲ”

“နင်ဘာလို့ ဒါကို လာမေးနေရတာလဲ”

ကျန်းယွဲ့လုက ချီရွှမ်းစုကို ချက်ချင်းပင် လှည့်ကြည့်လာ၏။

ချီရွှမ်းစုက ရှင်းအောင်ပြောလိုက်သည်။

“ငါက ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလို့ရအောင် မေးစရာရှိတာကို မေးထားတဲ့သဘောပါ … အဲဒါမှ ငါတို့ သရုပ်ဆောင်တဲ့အခါ မင်းမိသားစုက ဟာကွက်ကို ရှာမတွေ့မှာ”

ကျန်းယွဲ့လုက ခဏမျှတုံ့ဆိုင်းပြီးနောက် ဤအကြောင်းပြချက်ကို အင်တင်တင်ဖြင့် လက်ခံလိုက်သည်။

“ငါက အိမ်မှာဆိုရင် ဗဟုသုတကြွယ်… ယဉ်ကျေးသိမ်မွေ့တဲ့ ရိုးရိုးအေးအေးမိန်းကလေးပေါ့”

သို့သော်လည်း သူမ၏ အသံက ခါတိုင်းလို ယုံကြည်မှုမရှိဘဲ အနည်းငယ်ရှက်ရွံ့သည့်ပုံ ပေါက်နေ၏။

ချီရွှမ်းစုက ကျီစယ်လိုက်သည်။

“ဘာလဲ… ချင်းဖျင်စာအုပ်တိုက်က ဝတ္ထုတွေနဲ့ ဗဟုသုတကြွယ်ပြီး လက်နက်တွေနဲ့ ယဉ်ကျေးသိမ်မွေ့၊ ညသန်းခေါင်မှာ အပြင်ထွက်သောက်တဲ့ ရိုးရိုးအေးအေးပုံစံလား”

“အဲဒီတုန်းက ငါသောက်ဖို့ ထွက်လာတာမဟုတ်ဘူး… ငါက လက်နက်ဆိုင်ကိုလာခဲ့တာပဲ… ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ငါတို့ကို လက်ထပ်မင်္ဂလာပွဲတစ်ခုက တက်‌ရောက်ဖို့ ဖိတ်ကြားလာခဲ့တယ်မလား… အဲဒါက ပျော်စရာရွှင်စရာအခမ်းအနားဆိုမှတော့ ငါက တစ်ခွက်နှစ်ခွက်သောက်ပေးရတာပေါ့”

ကျန်းယွဲ့လုက ချေပလိုက်သည်။

“နင်လည်းဘာထူးလို့လဲ… အတူတူနဲ့အနူနူပဲကို “

ချီရွှမ်းစုက ရယ်ချင်စိတ်ကို ချုပ်တည်းပြိး တည်တံ့သောလေသံဖြင့် ပြောလိုက်သည်။

“ငါက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ ပစ္စတိုတစ်လက်ဝယ်မယ်ဆိုပြီး လက်နက်ဆိုင်ကို ရောက်လာခဲ့တာ… မင်းမှာက နတ်နဂါးပစ္စတိုနဲ့ အင်မော်တယ်တစ်ပိုင်းပစ္စည်းရှိပြီးသားပဲ… မင်းက လက်နက်ဆိုင်မှာ ဘာကိုဝယ်ဖို့ကြံနေတာလဲ… ဣန္ဒြေသိက္ခာကြီးမားတဲ့ အမျိုးသမီးငယ်တွေက လက်နက်တွေကို သဘောကျတတ်တာလား”

ကျန်းယွဲ့လုက ဆက်လက်၍ ဟန်ဆောင်မနေတော့ဘဲ မျက်လုံးစွေကြည့်လိုက်၏။

“ငါက တာအိုတပည့်ဂိုဏ်းသားပဲ… ကွန်ဖြူးရှပ်တပည့်ဂိုဏ်းသားမဟုတ်ဘူး… အမျိုးသမီးတွေရဲ့ ကျင့်ဝတ်ထုံးတမ်းကို ငါဘာလို့လိုက်နာရမှာလဲ… ငါလုပ်ချင်တာလုပ်လို့ရတယ်… ဘာလဲ…နင့်မှာ ကန့်ကွက်စရာရှိလို့လား”

ချီရွှမ်းစုက နောက်ဆုံးမှာ လိုရင်းကို ထောက်ပြလိုက်သည်။

“ကြည့်လေ… ငါ့ယောက်ဖနဲ့ ပေါင်းရသင်းရလွယ်မှာမဟုတ်ဘူးလို့ ငါတွေးမိတာ အဲဒါကြောင့်ပဲ”

ကျန်းယွဲ့လုက ရုတ်တရက်သတိပြန်ကပ်လာသည်။

“ငါ့မှာ အစ်ကိုတစ်ယောက်ရှိမယ်ဆိုရင်တောင် သူက ဘာလို့ နင့်ယောက်ဖဖြစ်ရမှာလဲ”

ချီရွှမ်းစုက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်၏။

“အဲဒါကို မင်းပဲ အကြံပြုခဲ့တာမလား”

“နင်က လီထျန်ကျန်းရဲ့ ခြေရာအတိုင်း လိုက်ဖို့ ကြံနေတာလား”

ကျန်းယွဲ့လုက သူ့ကို စိုက်ကြည့်လိုက်၏။

“နောက်ပြီး ငါ့ကို အနိုင်ကျင့်ရအောင် နင်က ဘယ်သူမို့လို့လဲ… ငါက နင့်ကို အနိုင်ကျင့်မယ်ဆိုရင်တောင် အဓိပ္ပါယ်ရှိဦးမယ်”

ချီရွှမ်းစုက မျက်နှာတည်ဖြင့် ပြောလိုက်သည်။

“တာအိုအဖွဲ့အစည်းက ဇနီးမယားတစ်ယောက်မကထားတ… ဒါမှမဟုတ် အိမ်ထောင်ရေးဖောက်ပြန်တာကို တားမြစ်ပိတ်ပင်ထားတယ်… အနိုင်ကျင့်တယ်ဆိုတာ အကြမ်းဖက်တာကိုပဲ ပြောတာမဟုတ်ဘူး… အဲဒါ… ငါတို့နှစ်ယောက်ကြား နောက်ဆုံးပြောရေးဆိုခွင့်ရှိသူက ဘယ်သူဖြစ်လာမလဲဆိုတာပဲ… မင်းက လက်ထောက်ခန်းမသခင်ဆိုတော့ ငါက အလုပ်ထဲမှာဆိုရင်တော့ မင်းအမိန့်ကိုနာခံရမှာပေါ့လေ”

တာအိုဂိုဏ်းတော်၏ ကိုယ်ကျင့်တရား စံနှုန်းစံထားသည် လောကီဘုံကသူများထက် ပိုမိုမြင့်မားသည်။ လက်ရှိမင်းဆက်မှာ အမျိုးသားတစ်ဦးသည် ဇနီးမယားတစ်ယောက်မကထားပြီး ကိုယ်လုပ်တော်များစွာထားရှိခြင်းကို တွေ့မြင်ရလေ့ရှိသည်။

တာအိုအဖွဲ့အစည်းမှာတော့ အမျိုးသားတစ်ဦးသည် ဇနီးမယားတစ်ဦးသာ ထားရှိပြီး ကိုယ်လုပ်တော်များမထားရဟု ရွှမ်အရှင်မြတ်က ပိတ်ပင်တားမြစ်ခဲ့သည်။

လက်ရှိလောကီဘုံမှာ အမျိုးသားများနှင့်အမျိုးသမီးများကြား ရုပ်ပိုင်းဆိုင်ရာခွန်အား ကွာခြားမှုကြောင့် အမျိုးသမီးများကို အမျိုးသားများထက် နိမ့်ကျသည်ဟု ရှုမြင်တတ်ကြသည်။ သို့သော်လည်း တာအိုအဖွဲ့အစည်းမှာတော့ အမျိုးသမီးများကို အမျိုးသားများထက် နိမ့်ကျသည်ဟု မရှုမြင်ပေ။ ကျားမ မရွေး လူတိုင်းက ကျင့်ကြံနိုင်သောကြောင့်ဖြစ်သည်။

ကျန်းယွဲ့လုက ဟာသနှောကာပြောလိုက်၏။

“တစ်လင်တစ်မယားစနစ်ကို ဖော်ဆောင်ပေးခဲ့တဲ့အတွက် ရွှမ်အရှင်မြတ်ကို ငါကျေးဇူးတင်ရမယ်… လက်တွဲဖော်ရွေးချယ်တဲ့နေရာမှာ မိဘတွေက ဝင်ရောက်စွက်ဖက်နိုင်သေးပေမယ့် အနည်းဆုံးတော့ သားသမီးတွေက ငြင်းဆန်ခွင့်ရှိလာပြီ… အဲဒါကြောင့်ပဲ ငါ့အမေက ငါ့ကို အတင်းအကျပ်မတိုက်တွန်းတာပဲ… သူ ငါ့ကို အတင်းအကျပ်လုပ်မယ်ဆိုရင် ငါက အဲဒါကို ဘိုးဘေးကျောင်းတော်ထံမှာ တင်ပြနိုင်တယ်”

ချီရွှမ်းစုက သက်ပြင်းချလိုက်သည်။

“တာအိုအဖွဲ့အစည်းနဲ့လောကီဘုံက တကယ့်ကို သီးခြားလောကနှစ်ခုပဲ… ကျောက်စိမ်းနေပြည်တော်ကလူတွေက အင်ပါယာနန်းတော်ကလူတွေကို အထင်သေးတတ်ကြတာ ဒါ့ကြောင့်ကိုး”

“ငါ့အမေက သူ့ဘဝရဲ့အချိန်အများစုကို ကျောက်စိမ်းနေပြည်တော်အပြင်ဘက်မှာ နေခဲ့တဲ့အတွက် သူ့ကို ခေတ်ဟောင်းအယူအဆတွေက လွှမ်းမိုးထားတုန်းပဲ… နင် သူနဲ့တွေ့တဲ့အခါ ပိုပြီးတော့ သည်းခံရမယ်နော်။”

ကျန်းယွဲ့လုက သူ့ကို သတိပေးလိုက်သည်။

“ငါလည်း ကျောက်စိမ်းနေပြည်တော်ကိုရောက်တာ မကြာသေးဘူးဆိုတာ မင်းမေ့သွားပြီလား… တစ်ခါတလေမှာဆိုရင် ငါက တာအိုတပည့်ဂိုဏ်းသားနဲ့တောင်မှ မတူဘူး”

ချီရွှမ်းစုက ရယ်မောကာ ပြောလိုက်၏။

ကျန်းယွဲ့လုက သူ့ကို အကဲခတ်ကြည့်လိုက်သည်။

“ငါမပြောတတ်ဘူး.. နင်က အပြင်လောကမှာ ပိုပြီးတော့ အတွေ့အကြုံရှိသလိုပဲ”

“အတွေ့အကြုံအကြောင်းပြောရရင် ငါ့မှာ အကြီးအကဲတွေနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့အတွေ့အကြုံ တကယ်ပဲမရှိဘူး”

ချီရွှမ်းစုက ဝန်ခံလိုက်သည်။

ကျန်းယွဲ့လုက လက်ကာပြလိုက်၏။

“သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့… ငါတို့က မဟာသူတော်စင်တစ်ပါးနဲ့ သွားတွေ့မှာမှ မဟုတ်တာ… အဲဒါက ငါ့မိဘတွေပဲကို… သူတို့ကလည်း ဆရာကြီးတွေမဟုတ်ပါဘူး… နင့်လိုမျိုး အတွေ့အကြုံရှိ နယ်လှည့်ခရီးသွားတစ်ဦးက လူအိုကြီးနှစ်ယောက်ကိုတော့ ကိုင်တွယ်နိုင်မှာပါ… ဟုတ်တယ်မလား”

ချီရွှမ်းစုက မှင်တက်သွား၏။

“မင်းအိမ်က ကျော်ကြားလှတဲ့ တာ့ကျန်းစံအိမ်ဖြစ်မယ်လို့ ငါအမြဲတမ်းတွေးထင်နေခဲ့တာ”

“အဲဒါဆိုရင်တော့ နင် အတွေးလွန်နေတာပဲ”

ကျန်းယွဲ့လုက မြစ်ဘက်ကို လှည့်ကြည့်လိုက်၏။

“ငါ့မိသားစုက ကျန်းမိသားစုရဲ့ အရံအခွဲတစ်ခုလို့ ပြောခဲ့ပြီးပြီပဲ… တာ့ကျန်းစံအိမ်က ပင်မအခွဲရဲ့ ဂေဟာပဲ… တော်ဝင်မိသားစုကို ဥပမာထားကြည့်… ဧကရာဇ်ရဲ့တိုက်ရိုက်မျိုးဆက်တွေကပဲ အင်ပါယာနန်းတော်မှာ နေကြတာမဟုတ်လား။”

ကျန်းယွဲ့လုသည် ကျန်းမိသားစုနှင့် ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခုရှိထားပြီး ကျော်ကြားလှသော ထိုမိသားစုကို သဘောမကျဟု သူခံစားမိနေ၏။

ဒါ့အပြင် ကျန်းယွဲ့လုသည် ထင်ထားသလောက် ဂရုမစိုက်တတ်ခြင်းမဟုတ်ဘဲ သူမ ဂရုစိုက်သော ကိစ္စများစွာရှိနေသေးသည်။

လှေက ဖြည်းဖြည်းချင်းရွေ့လျားနေ၏။ လှေထဲမှာ လှေသမားအပြင် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသာရှိသည်။

ကျန်းယွဲ့လုက လှေဦးစွန်းမှာထိုင်၍ လက်တစ်ဖက်ထောက်ကာ လှိုင်းထန်နေသောမြစ်ကို လှည့်ကြည့်နေ၏။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ရှေ့တည့်တည့်မှာထိုင်နေသော်လည်း သူမ၏ ဘေးတစောင်းကိုသာ တွေ့မြင်ရသည်။

အတန်ကြာပြီးနောက် ကျန်းယွဲ့လုက မြစ်ဘက်ကနေ ချီရွှမ်းစုဘက်ကို ပြန်လှည့်ကြည့်လာ၏။

“ထျန်းယွမ်… အရင်တုန်းက နင့်မှာ ရင်းနှီးတဲ့မိတ်ဆွေတွေရှိခဲ့လား”

ချီရွှမ်းစုက ခဏမျှတုံ့ဆိုင်းပြီးနောက် ခေါင်းခါပြလိုက်၏။

“ရှိခဲ့မယ်လို့တော့ ငါမထင်ဘူး”

“တိုက်ဆိုင်တာပဲ… ငါ့မှာလည်း မရှိဘူး”

ကျန်းယွဲ့လုက သူမကိုယ်သူမ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။

ချီရွှမ်းစုက အကဲစမ်းမေးမြန်းလိုက်သည်။

“ဒါဆို… အခုရော… ငါတို့တွေကို ရင်းနှီးတဲ့မိတ်ဆွေတွေလို့ ဆိုနိုင်လား”

“ဟုတ်မယ်ထင်တယ်”

ကျန်းယွဲ့လုက မျက်လုံးကို ပုတ်ခတ်လိုက်၏။

“ဒါနဲ့… အဲဒါက တစ်ယောက်တည်းဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူး… နင်လည်းပြောဖို့လိုတယ်… တစ်ဖက်သတ်ခံစားချက်တွေကို ငါသဘောမကျဘူး”

သူက ချက်ချင်းပင် သဘောတူလက်ခံချင်သော်လည်း သူ့မှာ အခြားသောသရုပ်သကန်တစ်ခုရှိနေသည်ကို ရုတ်တရက်တွေးမိသွား၏။ ထို့ကြောင့် သူက မေးလိုက်သည်။

“ချင်းရှောင်… ကိစ္စတချို့မှာ ငါတို့ သဘောထားမတိုက်ဆိုင်မှုရှိလာမယ်ဆိုရင် ဒါမှမဟုတ် ငါမင်းကို သစ္စာဖောက်ပြီး လှည့်ဖြားမိမယ်ဆိုရင် မင်းဘာလုပ်မိမလဲ”

ချီရွှမ်းစုက ဤကဲ့သို့သောမေးခွန်းကို မေးလာမည်ဟု ထင်မထားသောကြောင့် သူမက အနည်းငယ်မှင်တက်သွား၏။ သို့သော်လည်း သူမက သိပ်ပြီးစဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။

“မိတ်ဆွေတွေမှာမပြောနဲ့ မိဘတွေနဲ့သားသမီးတွေကြားမှာတောင် သဘောထားမတိုက်ဆိုင်မှုတွေက ရှိတတ်တာပဲ… မိတ်ဆွေတွေဆိုတာကလည်း တစ်ချိန်လုံးစိတ်တူကိုယ်တူရှိနေမှာမဟုတ်ဘူး… သစ္စာဖောက်တာနဲ့ လိမ်လည်လှည့်ဖြားတာကတော့ ပြဿနာရှိတယ်… အဲလိုသာဖြစ်လာမယ်ဆိုရင်တော့ ငါတို့ မိတ်ဆွေတွေဖြစ်နိုင်မှာ မဟုတ်တော့ဘူး”

ချီရွှမ်းစုက ခြောက်ကပ်စွာ ရယ်မောလိုက်၏။

“ဪ ငါသိပြီ”

“နင်ငါ့ဆီကနေ တစ်ခုခု ဖုံးကွယ်ထားတာလား ဒါမှမဟုတ် နင်ငါ့ကိုလိမ်ဖို့ ကြံနေတာလား ပြောစမ်း”

ကျန်းယွဲ့လုက စနောက်ကာ မေးလိုက်၏။

သူက အရွှန်းဖောက်ကာ ပြောလိုက်သည်။

“ငါ့မှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်.. အဲဒါကြောင့် မင်းဆီကနေ တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်နေလိမ့်မယ်… ဒါပေမဲ့ ငါမင်းကို လိမ်ညာဖို့ စိတ်ကူးမရှိပါဘူး… လိမ်ညာခဲ့မယ်ဆိုရင်တောင်မှ အဲဒါက မလွှဲသာလို့ပဲ”

သူ့စကားကို အလေးအနက်မထားဘဲ သူမက ရယ်မောကာပြောလိုက်သည်။

“ဟဟား.. မလွှဲသာလို့တဲ့လား… ဟမ့်”

ချီရွှမ်းစုက ပြုံးလိုက်သော်လည်း အသက်မပါသလိုဖြစ်နေ၏။ ရွှမ်အကျိုးဆောင်မှုသုံးခု စုဆောင်းမိသည့်အတွက် သူက ဝမ်းသာပျော်ရွှင်နေသော်လည်း သူ၏ အခြားသောသရုပ်သကန်အကြောင်း တွေးမိချိန်မှာ သူ၏ ရင်ထဲတွင် တင်းကျပ်လေးလံလာသောကြောင့်ဖြစ်သည်။

ဤအခိုက်အတန့်မျာ လက်တစ်ကမ်းအတွင်းရှိနေသော ကျန်းယွဲ့လုကပင်လျှင် သူနှင့် တဖြည်းဖြည်းဝေးကွာသွားသည်ဟု ထင်ရသည်။

အခန်း ၁၀၈ - လှေနှင့်ဝိုင်

လှေဆိုက်ကပ်သောအခါ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက လှေပေါ်ကနေဆင်းပြီး ကုန်းလမ်းခရီးကို ဆက်လိုက်ကြသည်။ သူတို့က နှစ်ရက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးမှာ ယုံကျိုးကနေ ထွက်ခွာ၍ ရှုကျိုးနယ်စပ်ကို ဝင်ရောက်လာကြ၏။

ရှုကျိုးသို့ရောက်ပြီ သိပ်မကြာခင် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် သူတို့နှစ်ယောက်လာခဲ့သည့်လမ်းကိုသုံး၍ ရှုကျိုးတာအိုစံအိမ်ကနေ ကျောက်စိမ်းနေပြည်တော်သို့ သွားဖို့လုပ်နေသော တာအိုဆရာအတော်များများနှင့် ဆုံမိသည်။ ကျန်းယွဲ့လု၏ သရုပ်သကန်ကို သိရှိပြီးနောက် သူတို့က ပိုလို့ပင် အာရုံစိုက်ကာ ယဉ်ကျေးပျူငှာလာကြ၏။ ထိုသည်မှာ သူမ၏ အဆင့်အတန်းနှင့် ရာထူးကြောင့်သာမဟုတ်ဘဲ သူမနှင့်ပတ်သက်နေသည့် ဂိုဏ်းကြောင့်ဖြစ်သည်။

တာအိုစံအိမ်တိုင်းက တာအိုဂိုဏ်းတစ်ခုစီထံမှာ အညံ့ခံထားကြသည်။ တာအိုစံအိမ်သခင်က သူ့နေရာကို ထိန်းထားနိုင်မလားဆိုသည်မှာ လက်အောက်ငယ်သားများ၏ အားပေးထောက်ခံမှုအပေါ် မူတည်နေသည်။ လက်အောက်ငယ်သားများ အားပေးထောက်ခံမှုမရှိလျှင် တာအိုစံအိမ်သခင်များက လျစ်လျူရှုခံရပေလိမ့်မည်။ ထို့ကြောင့် တာအိုစံအိမ်သခင်များကို ထိုဒေသမှာကြီးစိုးသော တာအိုဂိုဏ်းကနေ ခန့်အပ်ပေးထားလေ့ရှိသည်။

ဥပမာ ချီကျိုး တာအိုစံအိမ်မှာဆိုလျှင် တပည့်ဂိုဏ်းသား ၉၉ ရာခိုင်နှုန်းသည် ထိုက်ဖျင်ဂိုဏ်းတပည့်ဂိုဏ်းသားများဖြစ်ကြပြီး ယခင် တာအိုစံအိမ်သခင်များအားလုံးကိုလည်း ထိုက်ဖျင်ဂိုဏ်းကပင် ခန့်အပ်ပေးထားခြင်းဖြစ်သည်။

ကျင်းနန်တာအိုစံအိမ်ကဲ့သို့ ခြွင်းချက်တချို့လည်း ရှိနေ၏။ ထိုနေရာမှာရှိသော တပည့်ဂိုဏ်းသားတစ်ဝက်က ကျန်းယီဂိုဏ်းမှဖြစ်သော်လည်း တာအိုစံအိမ်သခင်ကတော့ ကျန်းယီဂိုဏ်းမှမဟုတ်ပေ။

ကျုံးကျိုးတာအိုစံအိမ်၊ လျောင်တုန့်တာအိုစံအိမ်နှင့် ခွန်လွင်တာအိုစံအိမ်ကဲ့သို့ အချို့နေရာများမှာ ဂိုဏ်းများအားလုံးမှ တပည့်များ၏ အရေအတွက်က ညီတူမျှတူရှိနေကြသည်။ ထို့ကြောင့် ထိုနေရာမှာ ဂိုဏ်းသုံးဂိုဏ်းသည် တာအိုစံအိမ်သခင်များကို အလှည့်ကျခန့်အပ်ပေးကြပေလိမ့်မည်။

ရှုကျိုးတာအိုစံအိမ်ကို ချွမ်ကျန်းဂိုဏ်းတာအိုစံအိမ်ဟု သတ်မှတ်နိုင်သည်။ ရွှမ်အရှင်မြတ်ခေတ်ကတည်းက ရှုကျိုးတာအိုစံအိမ်သခင်များသည် အမြဲတမ်း ချွမ်ကျန်းဂိုဏ်းမှ ဖြစ်ခဲ့သည်။ ထိုနေရာမှာရှိသော အမှုထမ်း ၉၀ ရာခိုင်နှုန်းကျော်က ချွမ်ကျန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားများဖြစ်တတ်ကြလေသည်။ ဒါ့အပြင် မြေကမ္ဘာဆရာသခင်၏ ချုံးယန်ထာဝရနန်းတော်ကလည်း ရှုကျိုး၏ အိမ်နီးချင်းပြည်နယ် ချင်းကျိုးမှာတည်ရှိလေသည်။

ကျန်းယွဲ့လုက ကျန်းယီဂိုဏ်းမှာ မွေးဖွားခဲ့သော်လည်း သူမကို မြေကမ္ဘာဆရာသခင်က ကိုယ်တိုင်ကိုယ်ကျ ရာထူးတိုးမြှင့်ပေးခဲ့ပြီး ချွမ်ကျန်းဂိုဏ်းတပည့်များက သူမကို သူတို့နှင့်တစ်ဂိုဏ်းတည်းသားဟု ရှုမြင်ကြသည်။ ကျန်းယွဲ့လုကို သဘောမကျသည့် တစ်ခုတည်းသောဂိုဏ်းမှာ ထိုက်ဖျင်ဂိုဏ်းဖြစ်လောက်သည်။

အကြောင်းပြချက်များထဲမှတစ်ခုမှာ လီထျန်ကျန်းကြောင့်ဖြစ်ပြီး အခြားသောအကြောင်းအရင်းမှာ ကျန်းမိသားစုနှင့် လီမိသားစုကြား ကာလရှည်ကြာ ရန်စကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းယွဲ့လုက သူ့ကိုယ်သူဂရုစိုက်ပြီး ထိုက်ဖျင်ဂိုဏ်းစိုးမိုးသည့် ကျန်းပေလမ်းကို အသုံးပြုဖို့ မရွေးချယ်ခဲ့ပေ။

ကျန်းယွဲ့လုက လူမှုဆက်ဆံရေးမှာ မတော်ပေ။ တစ်ဘက်မှာတော့ ချီရွှမ်းစုက စကားပြောကောင်းပြိး ရှုကျိုးတာအိုစံအိမ်မှ တာအိုဆရာအတော်များများနှင့် သိပ်မကြာခင် မိတ်ဆွေဖွဲ့မိသွား၏။

ရှုကျုးတာအိုစံအိမ်မှာ ဤတာအိုဆရာများသည် စိတ်ဝင်စားစရာကောင်းသည့် ဇာတ်လမ်းတစ်ပုဒ် အမှတ်မထင်ပြောပြခဲ့၏။ ရှုကျိုးတာအိုစံအိမ်ကို ကုန်းမြေများက ဝန်းရံထားသည်။ မြောက်ဘက်မှာ လျန့်ကျိုးတာအိုစံအိမ်၊ တောင်ဘက်မှာ ကျင်းချူတာအိုစံအိမ်၊ အနောက်ဘက်မှာ ခွန်လွင်တာအိုစံအိမ်နှင့် အရှေ့ဘက်မှာ ချင်ကျိုးတာအိုစံအိမ်တို့ရှိလေသည်။

ထိုနေရာသည် မည်သည့်နယ်စပ်နှင့်မှ မနီးစပ်ဘဲ အနောက်ဘက်ဒေသတာအိုစံအိမ်ကဲ့သို့ ပဋိပက္ခများမရှိပေ။ ထိုနေရာက ကာလရှည်ကြာ တည်ငြိမ်အေးချမ်းလာခဲ့၏။ လျှို့ဝှက်အသင်းအဖွဲ့များပင် ပေါ်ထွက်မလာခဲ့ဖူးပေ။ ဤနေရာသည် မြေကမ္ဘာဆရာသခင်၏ နန်းတော်နှင့် နီးကပ်လွန်းသောကြောင့်လည်း ဖြစ်တန်သည်။

သူတို့ကြားထားသည့် စိတ်ဝင်စားစရာကောင်းသောဇာတ်လမ်းမှာ ရှုကျိုး၏ နေပြည်တော် ကျင်းကွမ်စီရင်စုသို့ ကျူးကျော်ဝင်ရောက်လာသည့် ဒုစရိုက်ဂိုစ်းတစ်ဂိုဏ်းဖြစ်သည်။ သူတို့က ရာဇဝတ်မှုများစွာကို ဆက်တိုက်ကျူးလွန်လာခဲ့ကြ၏။ သို့သော်လည်း သူတို့က ပါးရည်နပ်ရည်ရှိပြီး ရှုကျိူးတာအိုစံအိမ်ကိုတော့ ရန်စခြင်းမရှိပေ။ တာအိုစံအိမ်၏ အဓိကတာဝန်မှာ အယူဝါဒမိစ္ဆာများကို ဖမ်းဆီးရန် လျှို့ဝှက်အသင်းအဖွဲ့များကို ဖိနှိမ်ရန်နှင့် ကျင့်ကြံမှုပေါ်မှီခို၍ ရာဇဝတ်မှုကျူးလွန်သူများကို ကွပ်မျက်ရန်ဖြစ်သည်။ အခြားသော အရပ်ဘက်ဆိုင်ရာပြစ်မှုများက ဒေသခံဖီးနစ်စိမ်းတပ်ဖွဲ့၏ တရားစီရင်မှုအောက်မှာရှိလေသည်။

ဒုစစ်ကဲရုံးသည် ဤကဲ့သို့သော ပြစ်မှုများကို ကိုင်တွယ်ရာမှာ အတွေ့အကြုံရှိပြီး ဖြေရှင်းရာမှာ အခက်အခဲမရှိသင့်ပေ။ သို့သော်လည်း သူတို့သည် ဤလူလိမ်လူကောက်များကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ မြို့ထဲမှာ ရာဇဝတ်မှုများ ဆက်လက်ထွက်ပေါ်နေ၏။ ထို့ကြောင့် ရှုကျိုးတာအိုစံအိမ်မှာ တာအိုဆရာများသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ညံ့ဖျင်းပုံနှင့်ပတ်သက်၍ အတင်းအဖျင်းပြောနေကြခြင်းဖြစ်၏။

ချီရွှမ်းစုက ဤအမှုကို အာရုံသိပ်မစိုက်သော်လည်း ကျန်းယွဲ့လုက စိတ်ဝင်စားနေ၏။ ကျန်းယွဲ့လုသည် အစစ်အမှန်လောကအတွေ့အကြုံကို ထပ်ရဖို့မျှော်လင့်ပြီး ဤလူလိမ်များ၏ နည်းလမ်းများကို တွေ့မြင်ချင်နေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ကျန်းယွဲ့လုသည် သူမ၏အိမ်ပြန်ခရီးကို အချိန်ဆွဲထားချင်ရုံမျှသာဖြစ်သည်ကို ချီရွှမ်းစုသိနေသည်။ ချီရွှမ်းစုနှင့် သူမ၏ အတုအယောင်ဆက်ဆံရေးမှာ သူမ၏ မိဘများက ဟာကွက်ရှာတွေ့သွားမည်ကို သူမစိုးရိမ်နေခြင်းဖြစ်၏။ ထို့ကြောင့် သူမက အိမ်မှာ တတ်နိုင်သမျှအချိန်နည်းနည်းသာနေလိုလေသည်။

ချီရွှမ်းစုက သူမ၏ အစစ်အမှန်တာအိုလက်တွဲဖော်မဟုတ်၍ သူမ၏ ဇာတိမြေကိုသွားဖို့ သူကလည်း အလောတကြီးရှိမနေဘဲ သူမ၏ စိတ်ဆန္ဒကို မကန့်ကွက်ပေ။ ရှုကျိုးတာအိုစံအိမ်မှ တာအိုဆရာများနှင့် လမ်းခွဲပြီးနောက် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် သူတို့၏ လမ်းကြောင်းကိုပြောင်းလဲပြီး ကျင်းကွမ်စီရင်စုသို့ ဦးတည်လိုက်ကြသည်။

ကျန်းယွဲ့လုက ရှုကျိုးမြေပုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။ နေရာတစ်ခုလုံးအား အပိုင်းနှစ်ပိုင်းအဖြစ် ပိုင်းခြားထားသည်ကို တစ်ချက်ကြည့်ရုံဖြင့် တွေ့မြင်ရသည်။ အနောက်ဘက်အပိုင်းမှာ ရှုပ်ထွေးသော မြေပြင်အနေအထားရှိပြီး တောင်တန်းများ၊ မြစ်များ ဝန်းရံထားသည်။ အရှေ့ဘက်အပိုင်းကတော့ ပြန့်ပြူးသောမြေပြင်အနေအထားနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခုဖြစ်သည်။ ကျင်းကွမ်စီရင်စုသည် ပြည်နယ်၏ အလယ်မှာရှိပြီး လွင်ပြင်ဒေသများ ပိုမိုများပြားသည်။ ထို့ကြောင့် သူတို့သည် ထိုနေရာကိုရောက်ဖို့ ရှည်လျားသော တောင်ကြောလမ်း သို့မဟုတ် ရေလမ်းခရီးကို ရွေးချယ်ရပေမည်။

ကျန်းယွဲ့လုက ချီရွှမ်းစုထံမှ အကြံဉာဏ်ကိုတောင်းခံပြီးနောက် လှေဖြင့်ခရီးသွားဖို့ ဆုံးဖြတ်လိုက်သည်။

ချီရွှမ်းစုမှာ ကျားမာအဆောင်ရှိသော်လည်း တောင်ကြောလမ်းက ကွေ့ပတ်လွန်းလေသည်။ မြေပုံအရဆိုလျှင် မိုင်အနည်းငယ်မျှသာဖြစ်သော်လည်း တကယ်တမ်းသွားရမည့် အကွာအဝေးက မိုင်ပေါင်းရာချီဖြစ်နေသည်။ တစ်ဘက်မှာတော့ ရေလမ်းခရီးက ပိုမိုတိုတောင်းပြီး ခရီးပန်းခြင်းသက်သာမည်ဖြစ်သည်။

ရေလမ်းခရီး၏ တစ်ခုတည်းသောအားနည်းချက်မှာ လှေ၏ အမြန်နှုန်းက နှေးကွေးခြင်းဖြစ်သည်။ သို့သော်လည်း ကျန်းယွဲ့လုလိုချင်သည်မှာ အဲဒါပင်ဖြစ်သည်။ သူမက ဇာတိမြေကို မြန်မြန်ဆန်ဆန်ရောက်ချင်သည်ဆိုလျှင် ဝေဟင်ပျံသင်္ဘော စီးလိုက်ရုံသာဖြစ်သည်။

ခဏမျှဆွေးနွေးပြီးနောက် သူတို့သည် အနီးနားမှာ ပြေးဆွဲနေသည့် သင်္ဘောတစ်စင်းကိုရှာဖွေကာ ခရီးထွက်ဖို့ ပြင်လိုက်ကြသည်။ လိုင်းသင်္ဘောက တာအိုဝေဟင်ပျံသင်္ဘောများ သို့မဟုတ် အင်ပါယာနန်းတော်၏ စစ်သင်္ဘောများလောက် ကြီးမားခမ်းနားခြင်းမရှိသော်လည်း ဤသင်္ဘောက လူတစ်ရာကျော်ကို ဝင်ဆံ့စေနိုင်ဆဲဖြစ်သည်။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက သာမန်စုံတွဲတစ်တွဲနှင့်တူပြီး စိတ်အာရုံများစွာကို မရရှိချေ။

ယခင်က ယီရှန်မြို့တော်မှ ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲမှာ ချီရွှမ်းစု၏ ခြုံထည်က အနည်းငယ်ပျက်စီးသွား၏။ သူ့ခြုံထည်အသစ် စုတ်ပြဲသွားသည့်အတွက် စိတ်မကောင်းဖြစ်နေပြီး သူက ၎င်းကို ကျန်းယွဲ့လု၏ မှော်သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းထားသည်။ သူက ယွီရှုအဆင့်ကိုရောက်ရှိလာပြီး ကိုယ်ခံပညာသိုင်းသမားများနှင့်ယှဉ်နိုင်သော ကိုယ်ကာယကို ပိုင်ဆိုင်လာသည့်အတွက် အအေးဒဏ်ကို သိပ်ပူစရာမလိုတော့ပေ။ ဒါ့အပြင် ရှုကျိုးမှာ ရာသီဦတုသည် အနောက်ပိုင်းဒေသထက် ပို၍နွေးလေသည်။

တစ်ဘက်မှာတော့ ကျန်းယွဲ့လု၏ ခြုံထည်က တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ပြီးလျှင်တောင် အကောင်းတိုင်းရှိနေသေးသည်။

ဘေးတစ်ဘက်တစ်ချက်စီရှိ အတန်းလိုက်ခုံတွဲများ၏ အလယ်မှာ လျှောက်လမ်းတစ်လမ်းရှိနေသည်။ ခုံတွဲတစ်ခုချင်းစီက လူနှစ်ယောက် ဘေးချင်းယှဉ်ထိုင်ဖို့ လုံလောက်လေသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်မှာ ကျန်းယွဲ့လုက နေသိပ်မကောင်းဘဲ စကားပြောချင်စိတ်မရှိပေ။ သူမဘာသာသူမနေပြီး ခြုံထည်ကိုတင်းကျပ်အောင်ဆွဲခြုံကာ ခေါင်းစွပ်ဖြင့် သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ သူမက သင်္ဘောနံရံကိုမှီ၍ ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကို ငေးကြည့်နေ၏။ သူမသည် ခရီးပန်း၍ အအေးဒဏ်ကိုကြောက်ရွံ့သော နူးညံ့သိမ်မွေ့သည့် မိန်းကလေးငယ်နှင့်တူနေသည်။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ ဘေး ထိုင်ခုံမှာထိုင်ပြီး သူမကို အထဲမှာထားကာ ကာပေးထားသည်။ သူ့မှာခြုံထည်မရှိသောကြောင့် လျှောက်လမ်းဘက်မှာ သူ့သားရေအိတ်က ထင်ပေါ်နေ၏။ ရံဖန်ရံခါ သူက ကျန်းယွဲ့လုကို ခပ်တိုးတိုးပြောဆိုနေသော်လည်း သူမက ခေါင်းညိတ်ခေါင်းခါဖြင့်သာ တုံ့ပြန်လေသည်။ တစ်ခါတလေ သူမက စကားတစ်လုံးစနှစ်လုံးစဖြင့် တုံ့ပြန်ပေလိမ့်မည်။ အပြင်လူများအတွက်တော့ ခင်ပွန်းက နေမကောင်းသောသူ့ဇနီးကို နှစ်သိမ့်ပေးနေသလို သူတို့က ငယ်ရွယ်သော စုံတွဲတစ်တွဲနှင့်တူနေ၏။

သင်္ဘောက ထွက်ခွာတော့မည့်ဆဲဆဲမှာ ခပ်သုတ်သုတ်ခြေသံတစ်သံကို သူတို့ကြားလိုက်ရသည်။

ခပ်ငယ်ငယ်အမျိုးသားတစ်ယောက်က လှေဝမ်းထဲကို အလောတကြီးဝင်ရောက်လာ၏။ သူက အဝတ်စများစွာဖြင့် တွဲချုပ်ထားသည့် နုံချာသောအဝတ်အစားများကို ဝတ်ဆင်ထားပြီး သားသားနားနား မရှိပေ။ သူက မည်သည့်အဆင်တန်ဆာမှမပါသည့် ရိုးရိုးရှင်းရှင်း ခေါင်းစွပ်ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ဟောင်းနွမ်းစုတ်ပြတ်နေသည့် သားရေအိတ်တစ်လုံးကို လွယ်ထားသည်။ ထိုလူငယ်ကောင်လေးက သူ့မေးကို ရင်ဘတ်နှင့် ထိလုမတတ် ခေါင်းငုံ့ထားလေသည်။

ချီရွှမ်းစုက လူငယ်ကို တစ်ချက်မျှသာကြည့်ပြီးနောက် အကြည့်လွှဲကာ ကျန်းယွဲ့လုနှင့် စကားဆက်ပြောနေ၏။ သူတို့က အစစ်အမှန် စုံတွဲတစ်တွဲမဟုတ်သောကြောင့် သူက နှစ်သိမ့်စကား သို့မဟုတ် ချစ်ကြိုက်စကားပြောဆိုနေခြင်း မဟုတ်ပေ။ ထိုအစား ချီရွှမ်းစုသည် ယွီရှင်အဆင့် လေလွင့်ကျင့်ကြံသူများ၏ လျှို့ဝှက်ဆန်းကြယ် စွမ်းအင်များနှင့်ပတ်သက်၍ ကျန်းယွဲ့လုကို မေးမြန်းနေခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ လေလွင့်ကျင့်ကြံသူများသည် နတ်သက်ကြွေအင်မော်တယ်များကို တုပထားသည့်ပုံစံဖြစ်ပြီး ထိုလမ်းစဉ်နှစ်ခုကြားမှာ ဆင်တူမှုများစွာရှိနေသည်။

လူငယ်က သူ့ထိုင်ခုံကို ရှာနေသည့်ပုံဖြင့် လှေဝမ်းထဲမှာ လိုက်လံစစ်ဆေးကြည့်နေ၏။ ထို့နောက် သူက အလယ်လျှောက်လမ်းအတိုင်း ဆင်းသွားလေသည်။

လူငယ်က သူ့ဘေးကနေ ဖြတ်တော့မည့်ဆဲဆဲအချိန်မှာ ချီရွှမ်းစုက သူ့သားရေအိတ်ထဲကနေ ပုလင်းငယ်တစ်လုံးကို ထုတ်ယူပြီး ကျန်းယွဲ့လုကို ကမ်းပေးကာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

“မင်း နေလို့ထိုင်လို့မကောင်းဘူးမလား… သောက်ချင်လို့လား”

လူငယ်က မှင်တက်သွားပြီး နောက်သို့ ခပ်မြန်မြန်ပြန်ဆုတ်လိုက်၏။

ချီရွှမ်းစုက ပုလင်းငယ်ကို သားရေအိတ်ထဲပြန်ထည့်ပြီးနောက် လျှောက်လမ်းဘက်မှာဖော်ထားသော သားရေအိတ်ကို သူ့ဘက်သို့ ပြန်ဆွဲယူလိုက်၏။

ကျန်းယွဲ့လုက အနည်းငယ်အံ့အားသင့်သွားသော်လည်း ဖြစ်ပျက်နေသည့်အရာကို အလျင်အမြန် နားလည်သဘောပေါက်သွားသည်။ စောစောက လူငယ်ကောင်လေးက သူခိုးတစ်ယောက်ဖြစ်လောက်သည်။ သို့သော် ချီရွှမ်းစုက ထိုကောင်လေးကို တိုက်ရိုက်ဖော်ထုတ်ခြင်းမရှိဘဲ သူ့သားရေအိတ်ထဲက တစ်ခုခုကိုထုတ်ပြပြီး မျှားခေါ်လိုက်ခြင်းဖြစ်၏။

သို့သော်လည်း ကျန်းယွဲ့လုက လူငယ်ကောင်လေးကို ဂရုမစိုက်ပေ။ သူမက ချီရွှမ်းစုထုတ်ပြလိုက်သည့် ပုလင်းကိုသာ ပို၍ စိတ်ဝင်စားနေ၏။ သူမက မေးလိုက်သည်။

“အဲဒီပုလင်းပြားထဲမှာ ဘာရှိလဲ”

ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းပြီးနောက် ဖြေလိုက်သည်။

“ဝိုင်”

အစက မျက်နှာညှိုးနေသော ကျန်းယွဲ့လုက ထိုအသံကိုကြားချိန်မှာ လန်းဆန်းသွားပုံရသည်။

“နင် သောက်ရတာမကြိုက်ဘူးလို့ ငါထင်နေတာ… နင် အဲဒါကို ငါ့အတွက် ဝယ်လာခဲ့တာမလား”

ချီရွှမ်းစုက ငြင်းဆန်ခြင်းမရှိပေ။

“ငါ အဲဒါကို ယီရှန်မြို့ကနေ ဝယ်ခဲ့တာပဲ… မင်းကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေတယ်ထင်လို့… အဲဒါ ထိုက်ဖျင်ဒင်္ဂါး နှစ်ပြားကျတယ်”

ကျန်းယွဲ့လု၏ မျက်နှာက ဝင်းလက်သွားပြီး ပြုံး၍ လက်လှမ်းလိုက်သည်။

“နင်က တကယ့်ကို မိတ်ဆွေကောင်းပဲ… အခု ငါ့ကို အဲဒါပေးစမ်းပါ”

“မရဘူး”

ချီရွှမ်းစုကငြင်းဆန်လိုက်သည်။

“အခု… မင်းကိုကြည့်ရတာ နေမကောင်းသေးဘူး”

“ငါ့ပုံစံက သက်တောင့်သက်သာမရှိဘူးလို့ အခုပဲ နင်ပြောခဲ့တယ်မလား… ငါတကယ်ပဲ မအီမသာခံစားနေရတာ၊ ငါ့ကို လန်းဆန်းသွားအောင် အဲဒီဝိုင်တိုက်စမ်းပါ။”

ကျန်းယွဲလုက သူ၏ သားရေအိတ်ထဲက ပုလင်းကို လှမ်းဆွဲနေပြီဖြစ်ပြီး ချီရွှမ်းစုက မတတ်သာဘဲ သူမကို ထုတ်ပေးလိုက်ရ၏။

ကျန်းယွဲ့လုက အဖုံးကိုလှည့်ဖွင့်ပြီး ဝိုင်ကို အနည်းငယ်စုပ်သောက်လိုက်သည်။

ဤအချိန်မှာ စောစောက လူငယ်က လျှောက်လမ်းအတိုင်းပြန်လျှောက်လာပြီး အော်ပြောလိုက်သည်။

“တောင်းပန်ပါတယ် လူကြီးမင်း… ကျုပ် လှေမှားတက်မိလာတာထင်တယ်”

လူငယ်က ချီရွှမ်းစုဘေးကနေ နောက်တစ်ဖန်ဖြတ်သွားအချိန်မှာ သူက ဒယီးဒယိုင်ဖြင့် ချီရွှမ်းစုပေါ်သို့ ယိုင်ကျလာ၏။

ချီရွှမ်းစုက သူ့ပေါ်သို့ လူငယ်ပိကျမလာစေရန် တွန်းထားပြီး မေးလိုက်သည်။

“မင်း အခု နေ့ခင်းကြောင်တောင် ငါ့ဆီကနေ ခိုးယူဖို့ကြံနေတာလား… ဟမ့်”

All Chapters