← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း ၁၀၉ - ဗန်းစကားနှင့်ဝိုင်

ခါးပိုက်နှိုက်ကောင်လေးက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ထွက်ပြေးချင်သော်လည်း ချီရွှမ်းစုက ပြုတ်တူလို သူ့ကို ဖမ်းဆွဲထားလေသည်။ လူငယ်ကောင်လေးက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ခင်ဗျား… ခင်ဗျား… အဲဒါ ဘာသဘောလဲ”

ချီရွှမ်းစုက သူ့လက်ကို ဖြေလျှော့ပေးပြီး ကောင်လေးကို မတ်တတ်ရပ်နိုင်ရုံမျှ တွန်းထုတ်လိုက်၏။

ချီရွှမ်းစုက ပြောလိုက်သည်။

“မင်းလိုမျိုး ငနဲသားလေးက ခါးတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ ငါထင်မထားဘူး… အဝတ်ကောင်းကောင်းဝတ်ထားတာနဲ့ပဲ မင်းငါ့ကို ပစ်မှတ်မထားသင့်ဘူး… မင်းက လက်သစ်လေးပဲ… ဟမ့်”

သူက ဗန်းစကားတချို့ညှပ်ကာပြောလိုက်လေသည်။ ‘ခါး’ဆိုသည်မှာ ခါးပိုက်နှိုက်ဖြစ်ပြီး လက်သစ်က ဤနေရာကို အသစ်ရောက်ရှိလာခြင်းဟု ဆိုလိုသည်။

ကောင်လေးက သူလူမှားရွေးချယ်မိသည်ကို ချက်ချင်းပင်နားလည်သဘောပေါက်သွားပြီး အလောတကြီးတောင်းပန်လိုက်သည်။

“ဟဲဝူ… ကျုပ်က ဒီနေရာမှာ တကယ်အသစ်ပါ… လူမှားပြီးတော့ ပစ်မှတ်ထားမိသွားတယ်… ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ လူကြီးမင်းရယ်”

ချီရွှမ်းစုက မေးလိုက်သည်။

“မင်း အတော်လေး ခိုင်နေပြီလား”

ကောင်လေးက အလျင်အမြန်ပြန်ဖြေလိုက်၏။

“ဟင့်အင်း… ပါးပါးလေးပါပဲ လူကြီးမင်း

ချီရွှမ်းစုက စုံစမ်းလိုက်သည်။

“မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ”

ကောင်လေး၏ မျက်လုံးက တဖျတ်ဖျတ်ဖြစ်သွားပြီး တွေဝေတုံ့ဆိုင်းနေ၏။ သူက လှည့်ထွက်ပြေးဖို့ပင် ကြိုးစားလိုက်သည်။

ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက ခြိမ်းခြောက်လိုက်၏။

“မင်း ပြေးရဲရင် ပြေးကြည့်လိုက်လေ”

ခါးပိုက်နှိုက်ကောင်လေးက ချက်ချင်းပင် ရပ်တန့်သွား၏။

ဤအချိန်မှာ ချီရွှမ်းစုနှင့် ကောင်လေး၏ အပြန်အလှန်ပြောဆိုမှုကို အခြားသောခရီးသွားများက သတိထားမိသွားပြီး လှည့်ကြည့်လာကြ၏။

ကျန်းယွဲ့လုက သူတို့နှစ်ယောက်ကို တစ်ချက်မျှသာကြည့်ပြီးနောက် သူမ၏ ဝိုင်ကိုသာဆက်လက်၍ စုပ်သောက်နေ၏။

နောက်ဆုံးမှာတော့ ချီရွှမ်းစုက ခါးပိုက်နှိုက်ကောင်လေးကို ဖော်ထုတ်ခြင်း သို့မဟုတ် ရဲမက်များလက်သို့ အပ်ခြင်းမပြုလုပ်ပေ။ သူက ကောင်လေး၏ ရင်ဘတ်ကို လက်ညှိုးဖြင့်သာ ထိုးလိုက်၏။ ထိုထိတွေ့မှုမှာ ကောင်လေးက ညည်းတွားပြီး မြေပြင်ပေါ်ကို လဲကျမတတ်ဖြစ်သွား၏။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး နဖူးကနေ ချွေးစေးများစီးကျလာ၏။

ချီရွှမ်းစုက သတိပေးလိုက်သည်။

“ဒါကို သင်ခန်းစာအဖြစ်ယူ… မင်းရဲ့ အသက်မွေးဝမ်းကျောင်းပုံစံကို ပြောင်းလိုက်တော့”

ကောင်လေးက တစ်စုံတစ်ရာပြောဆိုရဲခြင်းမရှိဘဲ သူ၏ ရင်ဘတ်ကိုဆုပ်ကိုင်ကာ ဒယီးဒယိုင်ဖြင့် ဆုတ်ခွာသွား၏။

ကောင်လေးထွက်ခွာသွားပြီးနောက် သိပ်မကြာခင် လိုင်းသင်္ဘာက ထွက်ခွာလေသည်။ ကျန်းယွဲ့လုက မေးလိုက်၏။

“အဲဒီကောင်လေးရဲ့ခေါင်းဆောင်ကို နင်ဘာလို့ရအောင်မမေးတာလဲ”

ချီရွှမ်းစုက ပခုံးတွန့်ပြလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဘာလုပ်နိုင်မှာမို့လို့လဲ… သူတို့ကို ငါအမြစ်ကနေလှန်နိုင်မှာမှ မဟုတ်တာ… ငါလုပ်နိုင်ခဲ့မယ်ဆိုရင် အခြားဆင်တူတဲ့ ဂိုဏ်းဂဏတွေက ပေါ်ထွက်လာဦးမှာပဲ… သူတို့အားလုံးကို ဖိနှိမ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူခိုးတစ်ယောက် နှစ်ယောက်ကို တားဆီးလိုက်တာက ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး… ဒီပြဿနာကိုဖြေရှင်းဖို့ အဓိကကျတာက အင်ပါယာနန်းတော်နဲ့ ဖီးနစ်စိမ်းတပ်သားတွေပဲ”

ကျန်းယွဲ့လုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

“နင့်ရဲ့ရှုမြင်ပုံကို ငါတကယ်ပဲ သဘောကျတယ်”

“ဒါက ဝမ်ရှန်းတာအိုနန်းတော်က သင်ကြားပေးလိုက်တဲ့ အခြေခံသဘောတရားတွေပဲ”

ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်လိုက်၏။

“ဪ… မေ့လို့… မင်းက အဲဒီမှာမတက်ခဲ့ရဘူးပဲ”

ကျန်းယွဲ့လုက မကျေမနပ်ဖြင့်ပြောလိုက်၏။

“နင့်ကို ဘယ်သူပြောလဲ… ငါ အဲဒီမှာ သင်ယူဖူးတယ်… ဒါပေမဲ့ ငါတက်ခဲ့တာက အထက်နန်းတော်ပဲ.. နင်တက်ခဲ့တာက အောက်နန်းတော်”

ချီရွှမ်းစုက ရယ်မောကာ ခွန်းတုံ့ပြန်ခြင်း မရှိချေ။

အဆင့်-၄ ကို တိုးမြှင့်ပေးခံရမည့်သူများက အထက်နန်းတော်မှာ သင်ယူလေ့လာကြခြင်းဖြစ်သည်။ အောက်နန်းတော်က အဆင့်-၉ တာအိုဆရာများအတွက်သာဖြစ်သည်။ ကွာဟချက်က တကယ့်ကိုကြီးမားလေသည်။

ချီရွှမ်းစုက ထပ်မံ၍ သင်ယူလေ့လာဖို့အတွက် ဝမ်ရှန်းတာအိုနန်းတော်ကို ပြန်သွားလိုသည်။ အဲဒါမှ သူက အဆင့်-၄ ကျိကျိုးတာအိုဆရာတစ်ဦး ဖြစ်လာပေမည်။ ထိုအခါ သူက ကျောက်စိမ်းနေပြည်တော်မှာ အိမ်တစ်လုံးဝယ်၊ မိတ်ဆွေတချို့ဖွဲ့ပြီး ပညာရှိအဖြစ် ခေါ်ဆိုခံရမည်ဖြစ်သည်။ ထိုသို့ဖြင့် သူက မိသားစုတစ်ခုတည်ဆောက်ဖို့ ယုံကြည်မှုရှိလာပေလိမ့်မည်။

သူ့အတွက်တော့ မိသားစုတစ်ခုစတင်ဖို့ ကျင့်ကြံမှု၊ ဥစ္စာဓန၊ လက်တွဲဖော်နှင့် အိမ်တစ်လုံးကိုသာ လိုအပ်သည်။

ချီရွှမ်းစုက ဤကဲ့သို့ပင် ရိုးရှင်းစွာ စဉ်းစားတွေးတောထားသည်။

သင်္ဘောက မြစ်ထဲမှာ မောင်းနှင်နေ၏။ ချီရွှမ်းစု၏ သားရေအိတ်က မှော်သိုလှောင်ပစ္စည်းမဟုတ်သည့်အတွက် ပစ္စည်းများစွာ ဝင်မဆံ့ပေ။ ကျန်းယွဲ့လုကို သူပေးလိုက်သည့်ပုလင်းက မကြီးမားဘဲ ဝိုင်များစွာမပါပေ။ ထို့ကြောင့် ကျန်းယွဲ့လုက မြန်မြန်ဆန်ဆန်ပင် သောက်လို့ပြီးစီးသွား၏။

သေရည်မရှိသည့်အချိန်မှာ ကျန်းယွဲ့လုက နောက်တစ်ဖန်ငိုင်ကျသွားပြီး စကားများစွာပြောဆိုခြင်း မရှိတော့ပေ။ သူမက ရံဖန်ရံခါမှာ ကျင့်ကြံမှုနှင့်ပတ်သက်သည့် အကြံဉာဏ်တချို့ ချီရွှမ်းစုအား ပေးတတ်သည်။

ချီရွှမ်းစုက အစာဖြတ်နည်းစနစ်ကို သိပ်ပြီး စိတ်မဝင်စားပေ။ သူသည် ပုစဉ်းအခွံလဲနည်းစနစ်ကို သင်ယူဖို့သာ အဓိကထားနေ၏။ ၎င်းသည် နတ်သက်ကြွေအင်မော်တယ်များ၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်မှ ဆင်းသက်လာခြင်းဖြစ်၏။ သူတို့နှစ်ခုကြား သုတ္တန်များစွာက အတူတူပင်ဖြစ်သည်။ အတိအကျဆိုရလျှင် ပုစဉ်းအခွံလဲနည်းစနစ်သည် သုတ္တန်တချို့မှ ထုတ်နုတ်ထားသည့် တစ်ဝက်တစ်ပျက် ကျင့်စဉ်တစ်ခုသာဖြစ်သည်။

ထို့ကြောင့် ကျန်းယွဲ့လုလို နတ်သက်ကြွေအင်မော်တယ်တစ်ဦးက ကျင့်ကြံမှုမှာ ချီရွှမ်းစုလို လေလွင့်ကျင့်ကြံသူတစ်ဦးကို အတိအကျ လမ်းညွှန်ပြသပေးနိုင်သည်။

ချီရွှမ်းစုက ချက်ချင်း ကျွမ်းကျင်တတ်မြောက်သွားဖို့ မျှော်လင့်မထားပေ။ သူက သုတ္တန်ကို ထပ်တလဲလဲ ရွတ်ဆိုပြီး နားလည်ဆင်ခြင်ဖို့ ကြိုးစားနေ၏။ သူ နားမလည်တာရှိလျှင် ကျန်းယွဲ့လုကို မေးပေလိမ့်မည်။

တကယ်တော့ ကျန်းယွဲ့လုမှာ ဆရာလုပ်ဖူးသော အတွေ့အကြုံမရှိပေ။ သူမဆရာ သူတော်စင်စီဟန်က သူမအား သင်ကြားပေးသည့်ပုံစံအတိုင်း သူမက ပြန်လည်လမ်းညွှန်ပေးရုံသာဖြစ်၏။ ထိုပုံစံမှာ သူမဘာသာသူမ သင်ယူပြီး နောက်ပိုင်းနားမလည်သည့်အခါ ပြန်မေးခြင်းဖြစ်သည်။

ဤသင်ကြားမှုနည်းလမ်းသည် လူတိုင်းအတွက် မသင့်လျော်သည်ကို သိရှိထားသောကြောင့် စစချင်းမှာ ကျန်းယွဲ့လုက အနည်းငယ်စိုးရိမ်နေ၏။ ဆရာအများစုသည် သူတို့တပည့်များ၏ ပင်ကိုယ်အရည်အချင်းနှင့်ကိုက်ညီသောပုံစံဖြင့် သင်ကြားပေးတတ်ကြသည်။ သို့သော်လည်း ချီရွှမ်းစုက ဉာဏ်ကောင်းပြီး အရည်အချင်းရှိသည်ကို သိပ်မကြာခင် သူမရှာတွေ့သွား၏။ သူ့မှာရှိနေသော တစ်ခုတည်းသောအားနည်းချက်မှာ လက်နှင့်မျက်လုံး ဟန်ချက်မညီမှုဖြစ်သည်။

ချီရွမ်းစုသည် ကိုယ်ခံပညာသိုင်းသမား၏ သွေးဟိန်းဟောက်သံကို သူ့ဘာသာသူ သင်ယူနိုင်ခဲ့သော်လည်း နည်းစနစ်တစ်ခု၏ သဘောတရားများကို နားလည်ရုံမျှနှင့် မလုံလောက်ပေ။ သူက ထိုနည်းစနစ်ကို အပြည့်အဝထုတ်ဖော်ရန် သူ့မှာ လုံလောက်သည့်သွေးချီ ရှိထားရဦးမည်ဖြစ်သည်။

ချီရွှမ်းစုက ပုံသေနည်းကိုမှတ်သားပြီးနောက် ကျန်းယွဲ့လုက ရုတ်တရက်ပြောလိုက်သည်။

“ထျန်းယွမ်… နင်ငါ့ကို ဗန်းစကားနည်းနည်းပါးပါး သင်ပေးလို့ရမလား”

“မင်း နည်းနည်းပါးပါး တတ်ထားပြီသား မဟုတ်ဘူးလား”

ချီရွှမ်းစုက အနည်းငယ်အံ့အားသင့်သွား၏။

“ငါသိတာ နည်းနည်းပဲ.. ဘယ်လောက်မှမများဘူး”

သူက မေးလိုက်သည်။

“ဒါဆို… မင်း ဘယ်အပိုင်းကိုသိချင်လဲ”

ကျန်းယွဲ့လုကခဏမျှ စဉ်းစားလိုက်၏။

“ဗန်းစကားနဲ့ ပစ္စတိုကို ဘယ်လိုခေါ်လဲ”

“အဲဒါကို ဗြောက်လို့ခေါ်တယ်”

“သေရည်သောက်တာကိုရော”

“မော့တယ်”

“သေရည်ဝယ်မယ်ဆိုရင်”

“အရည်ပေးပါ”

“ရှောင်ကျိုးဆိုရင်ရော…”

(အရက်ပြင်း)

“မီးရည်”

“မူးနေပြီဆိုရင်”

“ကွဲနေပြီ”

နောက်ဆုံးမှာတော့ ချီရွှမ်းစုက မေးလိုက်သည်။

“မင်း မေးတဲ့မေးခွန်းတွေအားလုံးက ဘာလို့သေရည်သောက်တာနဲ့ပဲ ပတ်သက်နေတာလဲ… မင်းက သူစိမ်းတစ်ယောက်နဲ့သောက်ဖို့ ဗန်းစကားသင်နေတာလား”

ကျန်းယွဲ့လုက လက်ကာပြလိုက်သည်။

“ငါက ဗန်းစကားပြောတဲ့လူနဲ့ ဘာလို့သောက်ချင်ရမှာလဲ”

“ဒါဆို… ငါကရော”

ချီရွှမ်းစုက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်၏။

ကျန်းယွဲ့လုက ခဏမျှဆွံ့အသွား၏။ ခဏနေပြီးနောက် သူက ထေ့ငေါ့လိုက်သည်။

“ဟုတ်သားပဲ… အရင်တုန်းက နင့်ရဲ့အစစ်အမှန်ပုံစံကို ငါမသိခဲဘူး… အခုမှတော့ မပေါင်းချင်လည်း နောက်ကျသွားပြီ”

ချီရွှမ်းစုက သူမ၏ စကားကို နောက်တစ်မျိုးအဓိပ္ပါယ်ကောက်လိုက်သည်။ သူက စစချင်း စိတ်အားငယ်သွားသော်လည်း နောက်ပိုင်းမှာ မျှော်လင့်ချက်တစ်စွန်းတစ်စကို ရရှိလာ၏။ နောက်ပိုင်း သူ၏ အစစ်အမှန်သရုပ်သကန် ပေါ်ထွက်လာပြီးနောက် ကျန်းယွဲ့လုက တူညီသောစကားကို ပြောပါစေဟု သူဆုတောင်းနေမိသည်။

ကျန်းယွဲ့လုက သူမဘာသာသူမ တီးတိုးရေရွတ်လိုက်၏။

“ငါ မော့ချင်တယ်.. အဲဒါကြောင့် နင် အရည်ဝယ်ပေးရမယ်.. ဖြစ်နိုင်ရင် မီးရည်ပေါ့.. အဲဒါဆို ငါတို့ကွဲလို့ရပြီ”

ချီရွှမ်းစုက ဆွံ့အသွား၏။

ထို့နောက် သိပ်မကြာခင် ကျန်းယွဲ့လုက ချီရွှမ်းစုဘက်ကိုလှည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ငါ့အိမ်ကိုရောက်တဲ့အခါ ငါတို့ ဗန်းစကားနဲ့ပြောကြမလား”

ကျန်းယွဲ့လုက ဗန်းစကားသင်ချင်သည့်အကြောင်းအရင်းကို ယခုမှ ချီရွှမ်းစုက သိရှိသွားသည်။ သူမက မိဘများကို လိမ်လည်လှည့်ဖျားဖို့ ကြံနေခြင်းဖြစ်သည်။ ဤအချိန်မှာ ကျန်းယွဲ့လုက ကလေးဆန်လွန်းသည်ကို ချီရွှမ်းစုတွေ့ရှိလိုက်ရ၏။

သူက မေးလိုက်သည်။

“မင်းဘာသာမင်း ဝိုင်ဝယ်ထားပြီး မင်းရဲ့ မှော်သိုလှောင်ပစ္စည်းထဲမှာ ထည့်ထားလို့ မရဘူးလား”

ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်၏။

“အထဲမှာ နင့်ရဲ့အထုပ်အပိုးတွေနဲ့ ပြည့်နေပြီ… ငါ့အတွက် ဝိုင်ထားဖို့ နေရာမရှိတော့ဘူး”

ထိုစကားကိုပြောပြီး ကျန်းယွဲ့လုက ချီရွှမ်းစု၏ သားရေအိတ်ကိုကြည့်ကာ မေးလိုက်သည်။

“ထျန်းယွမ်… နင့်အိတ်ထဲမှာဘာရှိလဲ”

ချီရွှမ်းစုက ထိတ်လန့်တကြားဖြစ်သွားသော်လည်း သူ၏ မျက်နှာမှာ မပေါ်စေပေ။

“သာမန် ပစ္စည်းတချို့ပါပဲ”

ကျန်းယွဲ့လုက ပြောလိုက်၏။

“ငါ့ရဲ့ မှော်သိုလှောင်ပစ္စည်းကို နင်မြင်ဖူးတယ်မလား… နင့်ရဲ့အိတ်ကိုရော ငါကြည့်လို့မရဘူးလား”

“ရတာပေါ့”

ချီရွှမ်းစုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့သားရေအိတ်ကို ကျန်းယွဲ့လုထံ ကမ်းပေးလိုက်၏။

ကျန်းယွဲ့လုက အင်တင်တင်ဖြစ်နေ၏။

“နင့်အိတ်ထဲမှာ ရှက်စရာကောင်းတာတစ်ခုခုတော့ မရှိဘူးမလား… ဥပမာ.. ဝတ်လစ်စလစ်ပုံတို့ ဘာတို့ပေါ့”

ချီရွှမ်းစု၏ မျက်နှာက အနည်းငယ်နီမြန်းသွား၏။

“ငါက အဲလိုဟာမျိုးတွေ စုဆောင်းထားတတ်တဲ့သူမဟုတ်ဘူးနော်… မင်းဘာသာမင်း ဖွင့်ကြည့်လိုက်”

ကျန်းယွဲ့လုက ချီရွှမ်းစု၏ အိတ်ကိုဖွင့်ကြည့်ပြီး သာမန်ကာလျှံကာ လှန်လောကြည့်နေ၏။

သူမက ပစ္စည်းများကို လှန်လောကြည့်ရင်း ပါးစပ်ကနေ တတွတ်တွတ်ရွတ်နေ၏။

“အဆင့် ၇ အထောက်အထား၊ အတွင်းဒဏ်ရာနဲ့ အပြင်ဒဏ်ရာတွေအတွက်ဆေး… မီးခြစ်ဆံ၊ ဆူးချွန်တွေ… ကျည်ဆန်တွေ… ထျန်ကန်းခန်းမရဲ့ အမှုဆောင်ရာထူးအဆောင်အယောင်… ဈေးပေါတဲ့ အဆောင်စက္ကူ၊ တံဆိပ်တုံး၊ ထိုက်ဖျင်ဒင်္ဂါး၊ ငွေစက္ကူတချို့၊ အနောက်ဘက်ဒေသကိုသွားတုန်းက နေကာမျက်မှန်၊ စစ်တပ်သုံးအားဆေးလုံး၊ အသားခြောက်တစ်အိတ်၊ အယူဝါဒမိစ္ဆာတွေဆီကရတဲ့ ဆုတောင်းပုတီးနှစ်ကုံးနဲ့ ဖုန်းရွှေသံလိုက်အိမ်မြှောင်… ဖုန်းရွှေကို ဘယ်လိုဖတ်ရမလဲ နင်သိလား”

ချီရွှမ်းစုက အမူအရာပြောင်းလဲခြင်းမရှိဘဲ ဖုန်းရွှေကို အသုံးပြုပုံ လင်္ကာစာချိုးကို တစ်သီတစ်တန်းရွတ်ဆိုပြလိုက်သည်။

“ကဲပါ… အဲလောက်ဆိုရပြီ… နင် ဗဟုသုတကြွယ်ကြောင်း တကူးတကထုတ်ပြနေစရာ မလိုပါဘူး”

ဤသံလိုက်အိမ်မြှောင်သည် တာအိုဆရာများ အသုံးပြုလေ့ရှိသည့် ပစ္စည်းတစ်မျိုးဖြစ်သောကြောင့် ကျန်းယွဲ့လုက ချီရွှမ်းစုကို ချင်းဖျင်အသင်းတော်နှင့် ဆက်စပ်မိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကျန်းယွဲ့လုမှာ နောက်ထပ် အတွေးတချို့ရရှိလာ၏။

သူမက ရုတ်တရက်အသံနှိမ့်ကာပြောလိုက်၏။

“ထျန်းယွမ်… ငါ့ကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ… နင့်ဘာသာနင် တစ်ယောက်တည်းလျှောက်သွားတုန်းက နင် ဂူဖောက်တာတွေ လုပ်ခဲ့ဖူးလား”

ချီရွှမ်းစုက တံတွေးသီးမလိုဖြစ်သွား၏။

“ငါသာ ဂူဖောက်တဲ့သူဆိုရင် အခုချိန် ငါ့လက်ထဲမှာ ထိုက်ဖျင်ဒင်္ဂါးနှစ်ရာမက ရှိနေမှာပေါ့”

“အဲဒီကရတဲ့ အသပြာတွေကို နင် အဆက်အသွယ်ရှာဖို့ သုံးခဲ့တာမဟုတ်ဘူးလား”

ကျန်းယွဲ့လုက စနောက်လိုက်၏။ ထိုအခါမှ မုသားတစ်ခုကို ဖုံးကွယ်ဖို့အတွက် နောက်ထပ်မုသားများ အသုံးပြုရတော့မည်ကို သူသိရှိသွား၏။

“ရှေးဦးမူလတာအိုဘိုးဘေး၊ ရွှမ်အရှင်မြတ်နဲ့ ငါ့ရဲ့ဘိုးဘေးတွေကို တိုင်တည်ပြီးတော့ ကျိန်ဆိုတယ်… ငါ ဂူဖောက်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး… ငါလုပ်ခဲ့ဖူမယ်ဆိုရင် အဆင့်-၄ ကို ဘယ်တော့မှ မရောက်ပါစေနဲ့”

ကျန်းယွဲ့လုက ရယ်မောလိုက်၏။

“နင် အဲလောက်ထိ အတည်အတံ့မှတ်ယူစရာ မလိုပါဘူး… ငါသိပ်မကြာသေးခင်ကမှ ဂူဖောက်တဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးတယ်… အဲဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ… နင်အဲဒါကို မလုပ်ဖူးဘူးဆိုရင်လည်း ထားလိုက်ပါတော့”

ချီရွှမ်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

အခန်း ၁၁၀ - လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း

မြစ်က ကီလိုမီတာ ၁၅၀ နီးပါးထိ လှိုင်းလေထန်ခြင်းမရှိဘဲ တည်ငြိမ်နေသည်။

သင်္ဘောဆိုက်ကပ်သည့်အချိန်မှာ ကျန်းယွဲ့လုက ကိုယ်ကိုဆန့်လိုက်၏။ သူမက ထူထဲသော ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထားသည့်အတွက် သူမ၏ ကောက်ကြောင်းများကို ချီရွှမ်းစု မတွေ့မြင်ရပေ။

ရေလမ်းခရီးအဆုံးမှာ မြင့်မားမတ်ဆောက်ပြီး သွားလာရခက်ခဲကြမ်းတမ်းသည်ဟု နာမည်ကြီးသော ‘ရှု’လမ်းရှိလေသည်။ ထိုလမ်းကို ဖြတ်ကျော်ရခြင်းသည် ကောင်းကင်ဘုံကိုတက်လှမ်းရသည်ထက် ပိုမိုခက်ခဲသည်ဟုပင် လူတချို့က ဆိုကြသည်။ ‘ရှု’လမ်းမှာ ပြည်နယ်သို့သွားရာလမ်းနှင့် ပြည်နယ်အတွင်းပိုင်းလမ်းများ ပါဝင်နေ၏။

ခဏမျှ ဆွေးနွေးပြောဆိုပြီးနောက် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် ကျင်းကွမ်စီရင်စုသို့သွားရန် ချာမကူလမ်းကို ရွေးချယ်လိုက်ကြသည်။

လောကတွင် အကြီးမားဆုံးတည်းခိုခန်းမှာ အင်ပါယာနေပြည်တော်နှင့် ကျောက်စိမ်းနေပြည်တော်အပါအဝင် နေရာတိုင်းမှာ အခွဲများစွာရှိသည့် ထိုက်ဖျင်တည်းခိုခန်းဖြစ်သည်။ အကြောင်းမှာ ထိုက်ဖျင်တည်းခိုခန်းကို တာအိုဂိုဏ်းတော်ကနေ လည်ပတ်ပေးထားခြင်း ဖြစ်သောကြောင့်ပင်။ ထိုက်ဖျင်တည်းခိုခန်းသည် တာအိုဂိုဏ်းတော်အတွက် ဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး တာအိုဘုရားကျောင်းများနှင့် မတူပေ။ တာအိုတပည့်ဂိုဏ်းသားများသည်လည်း ထိုက်ဖျင်တည်းခိုခန်းမှာ တည်းခိုဖို့အတွက် ကျသင့်ငွေကို အပြည့်အဝပေးချေရသည်။

ကျင်းကွမ်စီရင်စုမှာလည်း ထိုက်ဖျင်တည်းခိုခန်းရှိလေသည်။ ပင်မအဆောက်အအုံက လေးထပ် စားသောက်ဆိုင်ဖြစ်ပြီး နောက်ဘက်မှာ သီးသန့်ခြံဝန်း တစ်ရာနီးပါးရှိနေ၏။ ၎င်းသည် ကျင်းကွမ်စီရင်စုနှင့် ရှုကျိုးပြည်နယ်တစ်ခုလုံးမှာပင် အကြီးမားဆုံးတည်းခိုခန်းဖြစ်သည်။ တည်းခိုခက အတော်လေးမြင့်မားပြီး တည်းခိုနေထိုင်ကြသည့် အများစုက ချမ်းသာကြွယ်ဝသော ကုန်သည်များနှင့် အထက်တန်းလွှာလူကုံထံများဖြစ်ကြသည်။

ရှဲ့ချိုးနျန်နှင့် မင်းသားချင်က ကျင်းကွမ်စီရင်စုမှာရှိသော ထိုက်ဖျင်တည်းခိုခန်းမှာတွေ့ဆုံဖို့ စီစဉ်ထားသည်။ မင်းသားချင်သည် အင်ပါယာနန်းတော်က မင်းသားတစ်ပါးမဟုတ်ပေ။ ချင်းဖျင်အသင်းတော်မှသုံးသည့် သူ၏ နာမည်တုတစ်ခုဖြစ်သည်။

ယီရှန်မြို့ကနေထွက်ခွာပြီးနောက် ရှဲ့ချိုးနျန်က ချီရွှမ်းစုနှင့် ကျန်းယွဲ့လုလို အချိန်ဆွဲမနေခဲ့ပေ။ သူတို့နှစ်ယောက်က ချာမကူလမ်းမှာ သူတို့၏ ခရီးစတင်သည့်အချိန်မှာပင် ရှဲ့ချိုးနျန်က ကျင်းနန်စီရင်စုကို ရောက်နှင့်နေပြီဖြစ်သည်။

ရှဲ့ချိုးနျန်က ထိုက်ဖျင်တည်းခိုခန်းသို့ ရောက်လာပြီး ထိုက်ဖျင်ဒင်္ဂါးဆယ်ပြားပေးချေကာ ပင်မအဆောက်အအုံ၏ ဒုတိယထပ်တွင် သီးသန့်ခန်းတစ်ခန်းယူလိုက်သည်။

တစ်နာရီခန့်ကြာပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးနှင့် ဇာပုဝါခမောက်ကို ဆောင်းထားသော အမျိုးသမီးတစ်ဦးက ထိုက်ဖျင်တည်းခိုခန်း၏ ဧည့်ကြိုဆောင်သို့ရောက်ရှိလာပြီး ‘ရှဲ့’ဟု အမည်ရသော ဧည့်သည်တစ်ဦးကို မေးမြန်းစုံစမ်းလိုက်သည်။ စားပွဲထိုးက ချက်ချင်းပင် သူတို့ကို သီးသန့်ခန်းများရှိသော ဒုတိယထပ်ဆီသို့ လူစည်ကားသော ဧည့်ကြိုဆောင်ကိုဖြတ်ကျော်ပြီး ခေါ်သွားသည်။ အတန်းလိုက်ထားရှိသော သီးသန့်ခန်း တစ်တန်းချင်းစီမှာ သီးသန့်စင်္ကြံလမ်းတစ်ခု ပါရှိပြီး ဝင်ပေါက်ဝမှာ တံခါးနှစ်ချပ်ရှိလေသည်။

ဤအချိန်မှာ စားပွဲထိုးက စင်္ကြံလမ်း၏ အပြင်ဘက် တံခါးနှစ်ချပ်ရှေ့မှာ ရပ်တန့်လိုက်၏။ ပုံမှန်အားဖြင့် စားပွဲထိုးက တံခါးကိုဖွင့်ပြီး ဧည့်သည်များကို အရင်ဝင်ခိုင်းရမည်ဖြစ်သည်။ သို့သော်လည်း ဤစားပွဲထိုးက လမ်းဖယ်ပေးဖို့ စိတ်ကူးမရှိပေ။ ထိုအစား သူက တံခါးလက်ကိုင်ကိုဆွဲပြီး တံခါးကို သူ၏ကိုယ်ဖြင့်မှီထားလေသည်။

စားပွဲထိုးက ပြုံး၍ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး… ကျုပ် အထဲကဧည့်သည်ကို သတင်းသွားပေးလိုက်ဦးမယ်”

ထိုသို့ဆိုလျှင်တောင် စားပွဲထိုးက ခြေတစ်လှမ်းခွာခြင်း မရှိသေးပေ။

ကျင်းကွမ်စီရင်စုမှာ တစ်နှစ်ကျော်ကြာအောင် နေလာခဲ့ပြီး ထိုက်ဖျင်တည်းခိုခန်းမှာ မကြာခဏတည်းခိုပြီးနောက် အစိမ်းရောင်ဝတ်အမျိုးသားသည် စားပွဲထိုးက ဘောက်ဆူးလိုချင်နေကြောင်း သိရှိလေသည်။ သူက စားပွဲထိုးကို မနှစ်မြို့စွာဖြင့် ကြည့်လိုက်သော်လည်း ဇာပုဝါခမောက်ဆောင်းအမျိုးသမီးကို စားပွဲထိုးအား ဘောက်ဆူးပေးရန် အချက်ပြလိုက်ဆဲဖြစ်၏။

အမျိုးသမီးက သူမ၏ အိတ်ကပ်ထဲမှ ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကိုထုတ်ယူပြီး စားပွဲထိုးထံ ပစ်ပေးလိုက်၏။

“တံခါးကို ဖွင့်လိုက်တော့”

စားပွဲထိုးက ထိုက်ဖျင်ဒင်္ဂါးကို ဖမ်းယူလိုက်သော်လည်း သူက လမ်းကို့ပိတ်ဆို့ထားဆဲဖြစ်၏။ သူက တံခါးကိုဖွင့်တော့မလိုနှင့် လက်လှမ်းထားသော်လည်း ဖွင့်ခြင်းမရှိပေ။ သူက တံခါးနှစ်ချပ်အတွက် ထိုက်ဖျင်ဒင်္ဂါးနှစ်ပြား ရယူလိုနေသည်မှာ သိသာနေ၏။

အမျိုးသမီး၏ မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းဖျော့တော့သွားပြီး အော်ငေါက်လိုက်၏။

“သွားစမ်း”

ထိုက်ဖျင်တည်းခိုခန်းကို တာအိုဂိုဏ်းတော်က တည်ဆောက်ထားသောကြောင့် ဤစားပွဲထိုးများက အတော်လေးမောက်မာကြသည်။ သူတို့က သာမန်ဧည့်သည်များနှင့် ချမ်းသာကြွယ်ဝသော ဖောက်သည်များကိုပင် အထင်သေးတတ်ကြသည်။ စားပွဲထိုးက ဤကဲ့သို့သောပုံစံဖြင့် အရင်က အော်ငေါက်မခံရဖူးဘဲ သူက ဒေါသဖြင့် ပြန်လည်တုံ့ပြန်လို၏။ ထိုအချိန်မှာ အစိမ်းရောင်ဝတ်အမျိုးသားက ဖြတ်ပြောလိုက်သည်။

“ဒီတည်းခိုခန်းကို ရှုကျိုးတာအိုစံအိမ်က ပိုင်တယ်ဆိုတာ ငါသိတယ်… မင်းဘက်ကနေရပ်တည်ပေးဖို့ ရှုကျိုးတာအိုစံအိမ်က ပညာရှိတွေကို အရင်ခေါ်လိုက်ပါလား”

စားပွဲထိုးက ရှုကျိုးတာအိုစံအိမ်မှ ပညာရှိများကို ဘယ်လိုလုပ် အကူအညီတောင်းနိုင်ပါ့မလဲ။ သူတို့နှစ်ယောက် ယုံကြည့်မှုရှိနေပုံကိုကြည့်ပြီး စားပွဲထိုးက ထိတ်လန့်သွားကာ အလောတကြီး ပြောလိုက်၏။

“လူကြီးမင်း… ပညာရှိတွေကို ကျုပ် ပြဿနာမရှာရဲပါဘူး”

အမျိုးသမီးက လှောင်ရယ်လိုက်သည်။

“ဪ… အဲလိုလား… နင့်အတွက် ဘယ်ပညာရှိက လာပြောပေးမလဲလို့ ငါစောင့်နေတာ.. မဟုတ်ရင်လည်း သွားတော့..”

စားပွဲထိုးက ခပ်မြန်မြန်ထွက်ခွာသွားပြီး အခြားသောဧည့်သည်များကို ဝင်တိုက်လုမတတ်ဖြစ်သွား၏။ သူက ဧည့်သည်များ ဖြတ်သန်းသွားလာနိုင်ရန် ဘေးဘက်သို့ ကပ်ပေးလိုက်သည်။

အစိမ်းရောင်ဝတ်အမျိုးသားက တံခါးကိုတွန်းဖွင့်ပြီး ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကျသင့်သော စင်္ကြံလမ်းထဲသို့ ဝင်ရောက်လိုက်၏။ သူက တံခါးများကိုဖြတ်ကျော်လာပြီး အနီရောင်စက္ကူကပ်ထားသည့် တတိယမြောက်တံခါးသို့ ရောက်ရှိလာ၏။ နံရံကပ်စာမှာ ‘ရှဲ့’ဟူသောစာကိုရေးထားသည်။

သူက တံခါးကို တွန်းဖွင့်ပြီး ဇာပုဝါခမောက်ဆောင်းအမျိုးသမီးနှင့်အတူ လျှောက်လှမ်းဝင်သွား၏။

ရှဲ့ချိုးနျန်က သီးသန့်ခန်းထဲမှာရှိနေသည်။ ဧည့်သည်နှစ်ယောက်ဝင်လာသည်ကိုကြည့်ပြီး သူမက မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်၏။

“သခင်မလေးဟွာပါ ပါလာလိမ့်မယ်လို့ ကျွန်မထင်မထားဘူး”

ချင်းဖျင်အသင်း၏ အဖွဲ့ဝင်များသည် သူတို့၏ နာမည်တုများအဖြစ် စကားလုံးသုံးလုံးပါသောနာမည်များကို အသုံးပြုတတ်ကြသည်။

သခင်မလေးဟွာ၏ နာမည်တုက ဟွာကျန်းယီဖြစ်သည်။

ချီရွှမ်းစုသည် သူ၏နာမည်တု ရွှေသွန်းဓားကို သုံးရမည့်အစား နောက်ထပ်နာမည်ဝှက်တစ်ခု ဝေဝူကွေ့ကိုသုံးဖို့ ရွေးချယ်ခဲ့သည်မှာ အကြောင်းအရင်းနှစ်ခုရှိသည်။

ပထမအကြောင်းအရင်းသည် ဖုန်ထိုက်ခရိုင်မှာ ဖြစ်ပျက်ခဲ့သည့်အခြေအနေမျိုး နောက်တစ်ခါမဖြစ်ပွားရန်ဖြစ်သည်။ ထိုစဉ်တုန်းက သူသည် နောက်ပိုင်းမှာ ထျန်ကန်းခန်းမသို့ ဝင်ရောက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် အဆင့် ၇ တာအိုဆရာအဖြစ် သူ၏ သရုပ်သကန်က အရေးပါလာမည်ဟု မထင်ခဲ့ဘဲ တည်းခိုခန်းမှာ ချီရွှမ်းစုဟူသော သူ၏နာမည်ရင်းကို အသုံးပြုခဲ့သည်။

ဒုတိယအကြောင်းအရင်းမှာ ချီရွှမ်းစုသည် လျှို့ဝှက်အသင်းအဖွဲ့များကို ဖိနှိမ်ဖို့ တာဝန်ယူထားသည့် ဌာနဖြစ်သော ထျန်ကန်းခန်းမသို့ ဝင်ရောက်လိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ချင်းဖျင်အသင်းဝင်အဖြစ် သူ၏ သရုပ်သကန်ကို ဖော်ထုတ်မခံနိုင်ပေ။ လုံခြုံစိတ်ချရမှုရှိစေဖို့အတွက် သူက နောက်ထပ်နာမည်ဝှက်တစ်ခုကို လိုအပ်လာခဲ့သည်။

လူတစ်ယောက်၏ နာမည်ရင်းကို ဖုံးကွယ်ဖို့အတွက် နာမည်တုတစ်ခုကို အသုံးပြုပြီး နာမည်တုကို ဖုံးကွယ်ဖို့အတွက် နာမည်ဝှက်တစ်ခုကို ထပ်သုံးရသည်။ ရှဲ့ချိုးနျန်နှင့် မင်းသားချင်သည် တာအိုအဖွဲ့အစည်းမှာ မပါဝင်ပေ။ ထို့ကြောင့် သူတို့သည် ချင်းဖျင်အသင်းဝင်များဖြစ်သည်ဟု အခြားသူများက သိရှိသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ သူတို့၏ နာမည်အရင်းများမပေါက်ကြားသရွေ့ သူတို့က နာမည်တုတစ်ခုကိုသာ အသုံးပြုဖို့ လိုသည်။

ဟွာကျန်းယီက မေးလိုက်သည်။

“ချိုးနျန်.. နင်ဘယ်လိုနေလဲ”

ရှဲ့ချိုးနျန်က သူမကို ဦးညွှတ်ပြီး ပြန်ဖြေလိုက်သည်။

“ကျွန်မအဆင်ပြေပါတယ်… သခင်မလေးဟွာ.. စိုးရိမ်ပေးတာ ကျေးဇူးပါပဲ”

သူတို့သုံးယောက်ထိုင်ပြီးနောက် ရှဲ့ချိုးနျန်က တောင်းပန်သည့်အနေဖြင့် ပြောလိုက်သည်။

“အစ်ကိုချင်… ဒီတစ်ခေါက် ကျွန်မရှင့်ကို စိတ်ပျက်စေမိပြီ”

မင်းသားချင်က လက်ကာပြလိုက်၏။

“အဲဒီကိစ္စကို ငါသိပြီးသွားပြီ… ဒီကိစ္စမှာ မင်းကို အပြစ်တင်လို့မရဘူး… ငါ့ရဲ့ ထည့်တွက်စဉ်းစားမှု လိုအပ်သွားတာလည်းပါတယ်”

ရှဲ့ချိုးနျန်က မေးလိုက်သည်။

“ရှေးဟောင်းအင်မော်တယ်တွေရဲ့ ဂမ္ဘီရစွမ်းအားအောက်မှာ ရွှမ်ကျောက်စိမ်းက ပြာကျသွားမှာလား”

“ဘယ်ဟုတ်ပါ့မလဲ”

မင်းသားချင်က ယုံကြည်မှုရှိစွာဖြင့် ခေါင်းခါပြလိုက်၏။

“ရွှမ်ကျောက်စိမ်းကို ဖျက်ဆီးဖို့က အင်မတန်ခက်တယ်.. အင်မော်တယ်တစ်ပိုင်းတွေပဲ အဲဒါကို လုပ်ကောင်းလုပ်နိုင်မယ်… ဒါပေမဲ့ သာမန်ကောင်းကင်ဘုံသက်ရှိတွေနဲ့ ရှန်းထျန်သက်ရှိတွေကတော့ အဲဒါကို လုပ်နိုင်မှာမဟုတ်ဘူး… ငါတို့ ခေါ်နေတဲ့ ဂမ္ဘီရစွမ်းအားဆိုတာက တကယ်တော့ ရှေးဟောင်းအင်မော်တယ်တွေကိုယ်တိုင်ဆီကနေ လာတာမဟုတ်ဘူး.. အလွန်ဆုံး အဲဒါက ကောင်းကင်ဘုံသက်ရှိတစ်ဦးရဲ့စွမ်းအားလိုမျိုးပဲ”

ရှဲ့ချိုးနျန်က ပြောလိုက်သည်။

“ဒါဆိုရင် ရွှမ်ကျောက်စိမ်းက ဘုန်းကြီးတွေ ဒါမှမဟုတ် တာအိုဆရာတွေရဲ့လက်ထဲကို ရောက်သွားတာဖြစ်ရမယ်… အဲဒါက ကျင်းချန်ဘုရားကျောင်းက ကိုယ်တော်ဆီမှာလား… ဒါမှမဟုတ် ထျန်ကန်းခန်းမက ဟိုတာအိုဆရာမဆီမှာလား မသိဘူး”

မင်းသားချင်က ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။

“မင်းပြောပုံအရဆိုရင် အဲဒါက ဟိုကိုယ်တော်ရဲ့လက်ထဲကို ရောက်သွားတာ ဖြစ်လောက်တယ်… ငါ အဲလိုထင်မိတာ အကြောင်းပြချက်သုံးခုရှိတယ်… ပထမတစ်ချက် ယွီလန်ဘုရားကျောင်းကို မင်းရောက်တဲ့အချိန်မှာ ဟိုတာအိုဆရာနှစ်ဦးမရောက်ခင်မှာတင် အဲဒီကိုယ်တော်က ရောက်နှင့်နေပြီ… သူက ရွှမ်ကျောက်စိမ်းကိုလာရှာတာဖြစ်နိုင််တယ်”

“ဒုတိယအချက်… ဟိုတာအိုဆရာနှစ်ဦးက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း ပြဿနာရှာလို့ ယွီလန်ဘုရားကျောင်းကို ရောက်လာခဲ့တာပဲ… အဲဒါက အချိန်အခါအရ တိုက်ဆိုင်သွားတာဖြစ်မယ်… သူတို့တွေက ရွှမ်ကျောက်စိမ်းကို လာရှာတာမဟုတ်လောက်ဘူး”

“တတိယအချက်… ရှေးဟောင်းဂမ္ဘီရစွမ်းအားက ဘုရားကျောင်းပေါ်ကို ဆင်းသက်လာတဲ့အချိန်မှာ ကိုယ်တော်နဲ့ တာအိုဆရာက ပင်မခန်းမထဲမှာရှိနေကြတယ်… တာအိုဆရာမက မင်းနဲ့ အကြိတ်အနယ်တိုက်ခိုက်နေတယ်… ဟိုတာအိုဆရာကတော့ ခွန်လွင်အဆင့်မှာပဲရှိတယ်… ကိုယ်တော်ကတော့ ကွေ့ကျန်းအဆင့် ဗုဒ္ဓပုတ္တတစ်ပါးပဲ… တာအိုဆရာက ရွှမ်ကျောက်စိမ်းကို အမှတ်တမဲ့ရှာတွေ့သွားမယ်ဆိုရင်တောင် သူက အဲဒီကိုယ်တော်ကို ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး”

ရှဲ့ချိုးနျန်က ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မတို့ အဲဒီကိုယ်တော်နောက်ကို ခြေရာကောက်ဖို့လိုတာပေါ့”

မင်းသားချင်က သူ့ဘေးမှာထိုင်နေသည့် ဟွာကျန်းယီကိုကြည့်ပြီး ပြောလိုက်သည်။

“ဒီကိစ္စမှာတော့ ငါတို့ သခင်မလေးဟွာကို ဒုက္ခပေးရတော့မှာပဲ”

ဟွာကျန်းယီက ခေါင်းညိတ်ပြလိုက်သည်။

“တစ်ယောက်တည်း လှည့်လည်သွားလာနေတဲ့ ကွေ့ကျန်းအဆင့် ဗုဒ္ဓပုတ္တတစ်ပါးရဲ့ သရုပ်သကန်ကို ခွဲခြားဖို့က လွယ်ပါတယ်… အဲဒီကိုယ်တော်မှာ ရွှမ်ကျောက်စိမ်းရှိမယ်ဆိုရင် သူက ကျုံးကျိူးက ကျင်းချန်ဘုရားကျောင်းကို သေချာပေါက်ပြန်မှာပဲ… အဲဒါကြောင့် ငါတို့က သူ့ကို ဒီကနေစောင့်နေရုံပဲ… ကံကောင်းတာကတော့ ကျုံးကျိုးမှာ ငါ့ရဲ့အဆက်အသွယ်တချို့ရှိတယ်… အဲဒါကြောင့် သူဘယ်မှာရောက်နေလဲဆိုတာကို ငါသိရလိမ့်မယ်”

ရှဲ့ချိုးနျန်က အကြံပေးလိုက်သည်။

“ကျင်းချန်ဘုရားကျောင်းရဲ့ ပိုင်နက်နယ်မြေထဲမှာ သူ့ကို တစ်ခုခုလုပ်ဖို့ ကျွန်မတို့တွေချည်းပဲ တတ်နိုင်မှာ မဟုတ်လောက်ဘူး… ကျွန်မတို့ အထောက်အကူရမယ့် နောက်ထပ်လူတချို့ကို ရှာရလိမ့်မယ်ထင်တယ်”

“အဲဒီလူတွေက ယုံကြည်စိတ်ချရမှဖြစ်မယ်”

မင်းသားချင်က သတိပေးလိုက်သည်။

ဟွာကျန်းယီက ထုတ်ဖော်ပြောဆိုလိုက်သည်။

“ယုံကြည်စိတ်ချရတဲ့သူကို ကျွန်မသိတယ်”

“ဘယ်သူလဲ”

မင်းသားချင်က ချက်ချင်းပင် မေးလိုက်သည်။

ဟွာကျန်းယီက ပြန်ဖြေလိုက်၏။

“သခင်မချီလေ”

“ဖီရှို့ချီလို့ သူများတွေခေါ်နေတဲ့ သခင်မချီလား”

(ဖီရှို့ - ရွှေငွေကျောက်မျက်ရတနာတို့ကို လောဘတကြီး စားတတ်သည့် တောင်ပံပါ ခြင်္သေ့နှင့်ဆင်သည့် ဒဏ္ဍာရီလာသတ္တဝါ။)

ရှဲ့ချိုးနျန်က အံ့အားသင့်သွားသည်။

“ကျွန်မ သူ့နာမည်ကို ကြားဖူးတယ်… ဒါပေမဲ့ သူက စီးပွားရေးသမားတစ်ဦး မဟုတ်ဘူလား… သူက ကိုယ်တိုင်ထွက်ပြီး လှုပ်ရှားလေ့မရှိဘူး”

“မှန်တယ်… သခင်မချီက အပြင်မှာ ကိုယ်တိုင်ကိုယ်ကျထွက်ပြီး လှုပ်ရှားလေ့သိပ်မရှိဘူး.. သူက ကြားခံပွဲစားတစ်ဦးနဲ့ပိုတူတယ်”

ဟွာကျန်းယီက ရှင်းပြလိုက်သည်။

“သူက သီးသန့်အရောင်းအဝယ်ကိစ္စတွေကို ဆောင်ရွက်ပေးတယ်… အဲဒါကြောင့် သူ့မှာ အဆက်အသွယ်တွေအများကြီးရှိတယ်… သူက ငါတို့အတွက် ယုံကြည်စိတ်ချရတဲ့လူတွေကို သေချာပေါက် မိတ်ဆက်ပေးနိုင်တယ်… ကြားခံပွဲစားအနေနဲ့ သူ့မှာ သာမန်လူတွေမတတ်နိုင်တဲ့ ကျယ်ပြန့်တဲ့ကွန်ရက်တစ်ခုရှိတယ်… တစ်ခုပဲရှိတယ်… သူ့ရဲ့ဝန်ဆောင်ခက အရမ်းကို မြင့်မားတယ်… ဈေးဆစ်လို့လည်းမရဘူး”

ရှဲ့ချိုးနျန်က ရယ်မောကာပြောလိုက်၏။

“အဲဒါက တခြားသူတွေအတွက်တော့ ပြဿနာရှိကောင်းရှိမှာပေါ့… ငါတို့ အစ်ကိုချင်မှာတော့ ထိုက်ဖျင်ဒင်္ဂါးတွေက သေချာပေါက်.. ပြတ်လပ်နေမှာမဟုတ်ဘူး”

ဟွာကျန်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့… သခင်မချီကလည်း အစ်ကိုချင်လို ဖောက်သည်မျိုးကို ရှာနေတာပဲ”

“မိန်းကလေးတွေ… ကျေးဇူးပြုပြီး ငါ့ကို မစနောက်ကြပါနဲ့တော့”

မင်းသားချင်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သော်လည်း သူက ငြင်းဆန်ခြင်းမရှိပေ။

“ဒါဆို ငါတို့ အဲဒီသခင်မချီနဲ့ ဘယ်မှာဆုံကြမလဲ”

ဟွာကျန်းယီက ပြောလိုက်သည်။

“သခင်မချီကို အမြဲတမ်းဖမ်းရခက်တယ်… သူနောက်ဆုံးပေါ်ထွက်ခဲ့တာက ဟွိုက်နန်စီရင်စု… လုကျိုးမှာပဲ.. သူက လုကျိုးကနေထွက်ခွာသွားပြီဆိုပေမဲ့ လကုန် အိပ်မက်အစည်းအဝေးမှာ သူ့ကို သွားရှာလို့ရတယ်… သူက အဲဒါမျိုးကို လက်လွတ်မခံဘူး”

မင်းသားချင်က ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း… အဲဒီအတိုင်းလုပ်ကြတာပေါ့… ကျေးဇူးပြုပြီး သခင်မချီကို အစွမ်းအစရှိတဲ့လူတချို့ ရှာခိုင်းစမ်းပါ… သူတို့တွေက ကျုံးကျိုးက ဒေသခံတွေဖြစ်ရင် အကောင်းဆုံးပဲ… အဲဒါဆိုရင် ငါတို့ အဲဒီမှာထောင်ချောက်တစ်ခုဆင်ပြီး အဲဒီကိုယ်တော်ကို အမဲလိုက်လို့ရပြီ”

သူက ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ စိတ်ချရအောင် အရံအနေနဲ့ ငါတို့ ဟိုတာအိုဆရာမကိုလည်း စောင့်ကြည့်ထားသင့်တယ်… ငါ သူ့နာမည်ကို ကြားဖူးတယ်… သူက ကျန်းမိသားစုက နတ်သက်ကြွေအင်မော်တယ်တစ်ဦးပဲ… သူက မြေကမ္ဘာဆရာသခင်ကိုယ်တိုင် ခန့်အပ်ပေးထားတဲ့ ထျန်ကန်းခန်းမရဲ့ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးလည်းဖြစ်တယ်… သူ့မှာ ဒီလိုမျိုး ထူးခြားတဲ့သရုပ်သကန်ရှိနေတဲ့အတွက် ငါတို့ လုံးဝမလိုအပ်သရွေ့ သူ့ကို ရန်မစသင့်ဘူး။”

ဟွာကျန်းယီက သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“သူ့ကို ကျွန်မတာဝန်ထားလိုက်စမ်းပါ။ျ”

All Chapters