← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁)

သူ့ရှေ့ရှိ နေရာသည် သိုလှောင်ခန်းထက် သေးငယ်ပြီး ဓာတ်လှေကား၏ နှစ်ဆခန့်သာ ရှိသည်။ မျက်နှာကြက်သည် အဖြူရောင်ဖြစ်ပြီး အထက်မှ နူးညံ့သောအဖြူရောင်အလင်းတန်းများ ကျဆင်းနေ၏။ ခြေဖဝါးအောက်ရှိ ကြမ်းပြင်ကို အဖြူနှင့် အမည်း တစ်လှည့်စီဖြစ်သော စစ်တုရင်ခုံကဲ့သို့ အကွက်ဖော်ထားလေသည်။ အထူးဆန်းဆုံးအချက်မှာ ဓာတ်လှေကားတံခါးမှလွဲ၍ ပတ်ပတ်လည်ရှိ နံရံများအားလုံးကို ပုံသဏ္ဌာန်အမျိုးမျိုး တွန့်လိမ်နေသော မှန်များဖြင့် ပြုလုပ်ထားခြင်းပင်။

မှန်များထဲတွင် မြင်နေရသော ဖုန်းပုကြွယ်၏ ပုံရိပ်များစွာမှာ အချိုးမကျစွာ ပုံပျက်ပန်းပျက် ဖြစ်နေပေသည်။ သူတို့၏ ခန္ဓာကိုယ်များ တွန့်လိမ်နေရုံသာမက မျက်နှာအမူအရာနှင့် တည်ရှိမှုများပင် ထိုမှန်များကြောင့် ပြောင်းလဲနေကြသည်။ ထိုမှန်များထဲတွင် ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ ကြည်နူးမှု၊ လောဘ၊ မောဟ စသည်တို့ကို မြင်တွေ့နိုင်၏။ မှန်တစ်ချပ်စီမှ ပုံဖော်ထားသော ပုံရိပ်များသည် ကွဲပြားခြားနားသော ခံစားချက် သို့မဟုတ် လိုအင်ဆန္ဒတစ်ခုစီကို ကိုယ်စားပြုနေပုံရသည်။

"ငါကတော့ ဈေးဝယ်စင်တာလိုမျိုး ကြီးမားတဲ့ အများပြည်သူဆိုင်ရာ နေရာတစ်ခု ဖြစ်မယ်လို့ ထင်နေမိတာ"

ဖုန်းပုကြွယ်က သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ့အကြည့်များသည် ထိုအခန်းထဲရှိ တစ်ခုတည်းသော အရာဝတ္ထုထံသို့ ရောက်ရှိသွားသည်။

အခန်းအလယ်ရှိ ကြမ်းပြင်ပေါ်တွင် ကြီးမားသော သေတ္တာတစ်လုံး ရှိနေပေသည်။ ၎င်းမှာ တစ်မီတာပတ်လည်ခန့်ရှိပြီး အရောင်အသွေးစုံလင်သော လက်ဆောင်သေတ္တာကြီး တစ်လုံးဖြစ်သည်။

"ဆိုတော့... ငါ ဒါကို ဖွင့်လိုက်ရင် အောက်ပိုင်းမှာ စပရင်တပ်ထားတဲ့ လူပြက်ရုပ်ကြီးက ငါ့ကို ခြောက်လှန့်အောင် ခုန်ထွက်လာမှာလား..."

ဖုန်းပုကြွယ်က ပြုံးလျက် ပုခုံးတွန့်ကာ အနီးသို့ လျှောက်သွားလိုက်သည်။

ထိုစဉ် စနစ်၏ ကြေညာချက် ထွက်ပေါ်လာ၏။

"ခြောက်ခြားသေတ္တာရှေ့တွင် သင်သည် အတွင်းရှိ အိုင်တမ်များကို ကြည့်ရှုရန် သီးခြားမီနူးတစ်ခုကို ဖွင့်လှစ်နိုင်ပါသည်။"

"ဟွန့်... ပြကွက်သက်သက်ပဲကိုး"

ဖုန်းပုကြွယ် စိတ်ပျက်လက်ပျက်ဖြင့် စနစ်မီနူးကို ဖွင့်လိုက်သည်။

အိုင်တမ်အရေအတွက်သည် အံ့သြစရာကောင်းလောက်အောင် များပြားနေလေသည်။ အိုင်တမ်ပေါင်း လေးထောင်ကျော်ရှိပြီး ၎င်းတို့အားလုံးမှာ ထူးကဲ အရည်အသွေးနှင့် အထက်များသာ ဖြစ်ကြသည်။

ဂိမ်းစမ်းသပ်ကာလ နှစ်ရက်မှာ ပြင်ပကမ္ဘာ၏ အချိန်နာရီပေါင်း ၅၀ ဖြစ်သည်။ အိပ်စက်ခြင်းမုဒ် ဆာဗာသည် ဂိမ်းကစားချိန် နာရီ ၅၀၀ ပေးထားပြီး နိုးကြားခြင်းမုဒ်တွင် နာရီ ၁၀၀ ပေးထားသည်။ နည်းလမ်းနှစ်ခုလုံးအတွက် စုစုပေါင်း ဂိမ်းတွင်းအချိန်မှာ ၂၅ ရက် ဖြစ်သည်။

ထိုကာလအတွင်း ကျပန်းထုတ်ပေးသော ဇာတ်လမ်းတစ်ခုစီ၌ ကစားသမားများ ပြင်ပသို့ ယူဆောင်သွား၍မရသော အိုင်တမ်တစ်မျိုး သို့မဟုတ် နှစ်မျိုး ပါဝင်တတ်သည်။ ၎င်းအပြင် ဇာတ်လမ်းအတွင်း ဝှက်ထားသော်လည်း ကစားသမားများ ရှာမတွေ့ခဲ့သော ထူးကဲအရည်အသွေးအထက်ရှိ ပစ္စည်းများစွာလည်း ရှိနေသေးသည်။

ထိုအိုင်တမ်များကို အချို့ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် ခြောက်ခြားသေတ္တာအတွင်း၌ တွေ့ရှိနိုင်ပေသည်။

ဂိမ်းတရားဝင်ကာလသည် နံနက် ၈ နာရီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ခြောက်ခြားသေတ္တာအတွင်းရှိ အိုင်တမ်အားလုံးမှာ ဖျက်ဆီးခံရမည် ဖြစ်သည်။ ယခုတွင် ၆ နာရီ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဂိမ်းစမ်းသပ်ကာလအတွင်းက ဖန်တီးခဲ့သော ပစ္စည်းအားလုံးကို "ကျန်ရှိချိန်: ၆ ရက်၊ ၁၇ နာရီ၊ ၃၈ မိနစ်" ဟု ပြသနေပေသည်။ ဂိမ်းတရားဝင်ကာလ စတင်ပြီးနောက် ပေါင်းထည့်ထားသော အိုင်တမ်အမြောက်အမြားလည်း ရှိနေပြီး ဇာတ်လမ်းပြီးဆုံးချိန်မှစ၍ ပြင်ပကမ္ဘာ၏ အချိန်အတိုင်း နောက်ပြန်ရေတွက်ခြင်း စတင်မည် ဖြစ်သည်။

ဖုန်းပုကြွယ်သည် သိလိုစိတ်ဖြင့် သူတစ်ခါ အသုံးပြုဖူးသော (သွေးအလောင်းကောင်များ သေရမည်) ကို ရှာဖွေကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ထိုကိရိယာကို သူ ရှာတွေ့ခဲ့သော်လည်း ကိရိယာအတွက် လိုအပ်ချက်များမှာ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။

အမည်- သွေးအလောင်းကောင်များ သေရမည်

အမျိုးအစား - လက်နက်

အရည်အသွေး - ထူးကဲ

တိုက်ခိုက်မှု - သန်မာသည်

ဂုဏ်သတ္တိ - မရှိ

အထူးအာနိသင် - တိုက်ခိုက်သည့်အခါ သွေးအလောင်းကောင်များကို အရည်ပျော်စေသည်

ဝတ်ဆင်ရန်လိုအပ်ချက် - တိုက်ခိုက်ရေး D၊ အဆင့် ၁၈

မှတ်ချက် - ဤဓားသည် လူပုလေး အိုအာ၏ ဒဏ္ဏာရီလာလက်ရာဖြစ်သော ‘အားလုံး သေရမည်’ဟူသော ဓားဖြစ်သည်။ ကောက်ကျစ်သော ဂေါ်ဘလင်ကုန်သည်တစ်ဦးသည် အိုအာထံမှ ဤဓားကို ဝယ်ယူရန် ‘အာဂူအိုတို’ (ပြောင်းအရက်) အနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။ နောက်တစ်လခွဲအကြာတွင် အိုအာသည် ‘ဂေါ်ဘလင် သေရမည်’ ဟူသော ဓားကို ထပ်မံ ဖန်တီးခဲ့သည်။

ပြင်းထန်သော တန်ပြန်အာနိသင်နှင့် မြင့်မားသော တိုက်ခိုက်ရေးစွမ်းအား ရှိသည့် လက်နက်တစ်ခုအနေဖြင့် ဤကဲ့သို့သော ဝတ်ဆင်ရန်လိုအပ်ချက်မှာ အတော်လေး သင့်တင့်မျှတသည်။ အဆင့် ၁၈ ရှိပြီး တိုက်ခိုက်ရေးကျွမ်းကျင်မှု D ရှိသော ကစားသမားတစ်ဦးသည် မည်သည့်ကိရိယာမျိုးရှိရှိ သွေးအလောင်းကောင်တစ်ကောင်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ပြဿနာမရှိသော်လည်း လွယ်ကူမည်တော့ မဟုတ်ပေ။ ဤဓားကို တပ်ဆင်ထားပါက များစွာ ပိုမိုလွယ်ကူသွားမည်ဖြစ်ပြီး မည်သည့်ထိခိုက်ဒဏ်ရာမှ မရဘဲ သွေးအလောင်းကောင်ကောင်ကို သတ်နိုင်မည် ဖြစ်သည်။

ဤလက်နက်၏ ဈေးနှုန်းသည် ဖုန်းပုကြွယ် မျှော်လင့်ထားသည့်အတိုင်း စကေးအမှတ် ၃၀၀ ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် အထင်ကြီးတတ်သော ထိုလူသားမှာ စက္ကန့်အနည်းငယ်ခန့် သာယာသွားရသည်။

သို့သော်လည်း ဖုန်းပုကြွယ်သည် ဤလက်နက်ကို ဝယ်ယူရန် အစီအစဉ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ဤအရာသည် သီးခြားတန်ပြန်အာနိသင်ရှိသော လက်နက်တစ်ခုဖြစ်ပြီး ကစားသမားများ ဇာတ်လမ်းအမျိုးမျိုးတွင် သွေးအလောင်းကောင်များနှင့် ဆုံတွေ့ရန် အခွင့်အလမ်းမှာ ၁၀ ပုံ ၁ ပုံသာ ရှိပေသည်။ အကယ်၍ ၎င်းကို လေလံတင်မည်ဆိုပါက ၈၀ ရာခိုင်နှုန်းခန့် အလဟဿ ဖြစ်သွားနိုင်ခြေ ရှိသည်။

သူ မီနူးကို အချိန်အစဉ်လိုက် ပြန်လည်ချိန်ညှိလိုက်ပြီး ပထမစာမျက်နှာမှစ၍ လှန်လှောကြည့်ရှုလိုက်သည်။ ထို့နောက်... သူ၏ စာဖတ်ဝါသနာမှာ ပြန်လည်နိုးထလာခဲ့သည်။ ဤနေရာရှိ ကိရိယာများ၏ တန်ဖိုးသည် လေလံခန်းမထက် ပိုမိုမြင့်မားသဖြင့် ကောင်းမွန်သောအရာတစ်ခုခု လွတ်သွားမည်ကို သူ စိုးရိမ်နေခဲ့သည်။

သူ အောက်သို့ ဆက်လက်ကြည့်ရှုလေလေ ဖုန်းပုကြွယ်မှာ ပိုစိတ်လှုပ်ရှားပြီး ပိုအံ့သြလာလေလေ ဖြစ်နေရသည်။ [ဒဏ္ဍာရီ] ကိရိယာများကို ရှာတွေ့ရန် ခက်ခဲနေသေးသော်လည်း [ပြည့်စုံ] ကိရိယာအချို့ ရှိနေပေသည်။ မှန်ပေသည် စကေးအမှတ် ထောင်ဂဏန်းပေးရသည့် ဈေးနှုန်းမှာ သူ့အတွက် ကြည့်ရုံသာ တတ်နိုင်သေးသည်။ ဇာတ်လမ်းထဲတွင် ဤပစ္စည်းများသည် ရုပ်ရှင်ခန်းများ၌သာ ပေါ်လာတတ်သလို ဘော့စ်များ၏ လက်ထဲတွင်လည်း ရှိနေတတ်သည်။ အလွန်ဆုံး သွေးအလောင်းကောင်များ သေရမည်ကဲ့သို့ ကစားသမားများ အသုံးပြုပြီးနောက် ဇာတ်လမ်းပြီးအောင် လုပ်ဆောင်ရန် ပေးထားခြင်းမျိုးသာ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်မူ ၎င်းတို့သည် 'အမှိုက်ပုံး' ဟုခေါ်သော ခြောက်ခြားသေတ္တာအတွင်းသို့ ရောက်ရှိလာပြီး ဖျက်ဆီးခံရမည့် ကံကြမ္မာကို စောင့်မျှော်နေကြရခြင်း ဖြစ်သည်။

ထို့ကြောင့် ခြောက်ခြားသေတ္တာအတွင်း၌ ရွှမ်ယွမ်ဓား သို့မဟုတ် အဇီနော့ဓားကဲ့သို့သော အိုင်တမ်များ ပေါ်လာရန် ဖြစ်နိုင်ခြေ ရှိသည်။ ကစားသမားတွင် စကေးအမှတ် လုံလောက်စွာ ရှိနေသရွေ့ ထိုပစ္စည်းများကို ဝယ်ယူနိုင်သော်လည်း ၎င်းတို့ကို ဝတ်ဆင်နိုင်မည်လော ဆိုသည်မှာတော့ တခြားကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စကေးအမှတ် ဟူသည် ငွေနဲ့ဝယ်ယူနိုင်သော အရာမဟုတ်ပေ။ ၎င်းကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ဇာတ်လမ်းအတွင်း မိမိ၏ တိုက်ခိုက်ရေး စွမ်းရည် သို့မဟုတ် ဉာဏ်ရည်ကို အသုံးပြု၍ ရှာဖွေရခြင်း ဖြစ်သည်။ စကေးအမှတ် အမြောက်အမြား ရရှိနိုင်သော ကစားသမားသည်လည်း ထိုမျှအထိ အားနည်းသူတစ်ဦးဖြစ်လိမ့်မည် မဟုတ်ပေ။

ဖုန်းပုကြွယ်သည် ထိုနေရာတွင် တစ်နာရီခန့် ရပ်ကြည့်နေပြီးနောက် ပစ္စည်းများကို ပြန်လည်ရောင်းချရန် စိတ်ကူးကို လုံးဝ လက်လျှော့လိုက်ရသည်။သူ့စိတ်ထဲမှ တွေးလိုက်သည်မှာ "ခြောက်ခြားသေတ္တာက စကေးအမှတ်ကို ငွေနဲ့လဲလှယ်တဲ့ ဒီလိုစနစ်မျိုး ထည့်ထားတာ ရူးနေတာလား။ စနစ်က ပေးထားတဲ့ လဲလှယ်နှုန်းက ၁:၁၀ တဲ့၊ ပြီးတော့ ဒါက တစ်ဖက်သတ် လဲလှယ်မှုပဲ။ ဒါက ဘယ်လို လူလိမ်လုပ်ငန်းမျိုးလဲ။ စကေးအမှတ် တစ်ထောင်ကို ဂိမ်းဒင်္ဂါး ၁၀,၀၀၀ နဲ့ပဲ လဲလို့ရတယ်တဲ့။ အဲ့ဒါက ၅ ယွမ်ပဲ ရှိတာ၊ ဒါပေမဲ့ ၅ ယွမ်နဲ့ စကေးအမှတ် ၁၀၀၀ကို ဝယ်လို့ရမှာလား။ အဆင့် ၅၀ ရှိပြီး ပြည့်စုံအဆင့် ကိရိယာနဲ့ ကျွမ်းကျင်မှုတွေ ရှိနေတဲ့ ကစားသမားတစ်ယောက် စကေးအမှတ်တွေ ပိုနေရင်တောင် ဒီငွေနဲ့ လဲမှာမဟုတ်ဘူး။ သူတို့က ပိုနေတဲ့ စကေးအမှတ်တွေကို သုံးပြီး ကိရိယာတွေဝယ်ပြီး လေလံတင်လိုက်မှာပဲ။ ဘယ်သူက သူတို့ရဲ့ အဖိုးတန်တဲ့ စကေးအမှတ်တွေကို ဂိမ်းဒင်္ဂါးနဲ့ လဲမှာလဲ။"

ဖုန်းပုကြွယ် တစ်ယောက်တည်းသာ မဟုတ်ဘဲ ထိုနေ့နံနက်က ဖိုရမ်ပေါ်တွင် ဤအကြောင်းနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်နေသူများစွာ ရှိခဲ့သည်။ သို့သော် ၎င်းမှာ ကိစ္စကြီးတစ်ခုတော့ မဟုတ်ပေ။ စနစ်က ကစားသမားများကို ထိုသို့ပြုလုပ်ရန် အတင်းအကျပ် မခိုင်းစေပေ။ အကယ်၍ သူတို့က မတန်ဘူးဟုထင်လျှင် မလုပ်ဘဲ နေနိုင်သည်မဟုတ်လား။

အိပ်မက်ကုမ္ပဏီကလည်း မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဝေဖန်မှုများကို လျစ်လျူရှုထားခဲ့သည်။ မေလ၏ ဒုတိယမြောက် တနင်္လာနေ့၊ တစ်လကျော် ကြာမြင့်ပြီးနောက် လဲလှယ်နှုန်းမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ ပင်တိုင်ကစားသမားများသည် ဈေးကွက်နှင့် ရင်းနှီးသွားကြပြီး လေလံခန်းမရှိ ဈေးနှုန်းများသည်လည်း တည်ငြိမ်သွားခဲ့သည်။ ထိုအချိန်မှသာ အိပ်မက်ကုမ္ပဏီသည် စကေးအမှတ်၏ လဲလှယ်နှုန်းကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က သည်းထိတ်ရင်ဖို သုခဘုံရှိ ကစားသမားများကို အုပ်စုသုံးစု ခွဲခြားထားကြသည်။ ၎င်းတို့မှာ ထိပ်တန်းကစားသမားများ၊ အလယ်အလတ်အဆင့် ကစားသမားများနှင့် အောက်ခြေအဆင့် ကစားသမားများ (အသစ်ဝင်လာသူများနှင့် အပျော်တမ်းကစားသူများ) တို့ ဖြစ်ကြသည်။

ထိပ်တန်းအဆင့် ကစားသမားများသည် အဆင့် ၃၀ ဝန်းကျင်တွင် ရှိကြပြီး သူတို့၏ အထူးပြုကျွမ်းကျင်မှုများမှာ အလွန်ရှင်းလင်း၏။ သူတို့၏ ကိရိယာနှင့် စကေးပေါင်းစပ်မှုများသည်လည်း အဆင့်မြင့်မားကြသည်။ သူတို့တွင် ကိုယ်ပိုင် ဂိမ်းဗျူဟာများ ရှိကြပြီး သူတို့၏ အင်အားနှင့် ကိုက်ညီသော ဘွဲ့အမည်များလည်း ရှိကြသည်။ သူတို့၏ အတွေ့အကြုံနှင့် အရည်အချင်းအရ မည်သည့်အဖွဲ့တွင်မဆို ခေါင်းဆောင် ဖြစ်နိုင်ကြသည်။ ထိုကဲ့သို့သော ကစားသမားတစ်ဦး အဖွဲ့ထဲတွင် ရှိနေပါက သူသည် သူ့ထင်မြင်ချက်ကို ထုတ်ဖော်မပြောလျှင်ပင် သူ့တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နေသရွေ့ များစွာ အကျိုးရှိလှသည်။

အခြားတစ်ဖက်တွင်မူ အလယ်အလတ်အဆင့် ကစားသမားများမှာ အများစုဖြစ်သော ပင်တိုင်အုပ်စု ဖြစ်သည်။ သူတို့တွင် အခြေခံ ပရော်ဖက်ရှင်နယ် ကစားသမားများမှသည် အပျော်တမ်းကစားသူများအထိ ပါဝင်ကြသည်။ သူတို့အနက် အချို့သည် ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာရှိသော်လည်း ထိပ်တန်းအဆင့် ကစားသမားများနှင့် ယှဉ်ပါက ဂိမ်းအပေါ် နားလည်မှု အားနည်းနေသေးသည်။ ထို့ကြောင့် သူတို့၏ ဇာတ်ကောင်အင်အားနှင့် ဇာတ်လမ်းအောင်မြင်မှုနှုန်းမှာ ထိခိုက်မှု ရှိကြသည်။ ဤအုပ်စုမှာ ပုံမှန်အဓိပ္ပာယ်အရ 'ကစားသမားများ' ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် သူတို့သည် တစ်ချက်တည်းဖြင့် လောကကြီးကို အံ့အားသင့်သွားအောင် လုပ်နိုင်သော်လည်း တစ်ခါတစ်ရံတွင်မူ အမှားများ ပြုလုပ်တတ်ကြသည်။ သူတို့သည် သူတို့အဖွဲ့ဝင်များကို အပြစ်တင်တတ်ကြသလို အဖွဲ့ဝင်များ၏ အပြစ်တင်ခြင်းကိုလည်း ခံရတတ်သည်။ သူတို့အနက် အများစုသည် မိမိကိုယ်ကိုယ် ကျွမ်းကျင်သူများဟု ထင်နေကြသော်လည်း သူတို့နှင့် ထိပ်တန်းကစားသမားများကြားရှိ ကွာဟချက်ကိုမူ နားမလည်ကြပေ။ အချိန်အတော်ကြာပြီးနောက် ပုံမှန်ကစားသမားတစ်ဦးသည် ဂိမ်းထဲရှိ အကောင်းဆုံးကစားသမားများမှာ သူတို့ထက် ပိုချမ်းသာသူများ သို့မဟုတ် ဂိမ်းကစားရန် အချိန်ပိုပေးနိုင်သူများဟု တွေးတောမိလာတတ်သည်။ ထိုအတွေးတွင် အမှန်တရား အချို့ ပါဝင်သော်လည်း ၎င်းက အကြောင်းရင်း တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ဖုန်းပုကြွယ်သည် နည်းပညာဆန်သော တစ်ခါက ဂိမ်းတစ်ခုတွင် ထိပ်တန်းကစားသမား တစ်ဦးဖြစ်ရန် လိုအပ်သော အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခဲ့ဖူးသည်။ နောက်ဆုံးတွင် သူသည် အချက် ၇ ချက်ကို ထုတ်ယူနိုင်ခဲ့သည်။

ဗဟုသုတ၊ ဗျူဟာ၊ ကံတရား၊ တိုက်ပွဲဝင်စိတ်ဓာတ်၊ ပြတ်သားမှု၊ သတ္တိနှင့် ပါရမီ တို့ ဖြစ်ကြသည်။

မွေးရာပါပါလာသော အခြေအနေများနှင့် ထိန်းချုပ်မရသော အချက်များ ရှိနေသော်လည်း ၎င်းမှာ လက်တွေ့ဘဝပင် ဖြစ်သည်။ ဂိမ်းကစားခြင်းနှင့် အားကစားသည် နည်းလမ်းများစွာဖြင့် ဆင်တူလှသည်။ ကြိုးစားအားထုတ်မှုရှိသော ပါရမီရှင်တစ်ဦးသာလျှင် ဒဏ္ဍာရီလာတစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်သည်။

နောက်ဆုံးတွင် အောက်ခြေအဆင့် ကစားသမားများကို စာကြောင်းသုံးကြောင်းဖြင့် အနှစ်ချုပ်နိုင်ပေသည်။ တစ်အချက် ဂိမ်းထဲသို့ အခုမှ ဝင်ရောက်လာသော ကစားသမားသစ်များ၊ နှစ်အချက် အွန်လိုင်းအတွေ့အကြုံ မတည်ငြိမ်သော အပျော်တမ်းကစားသမားများ နှင့် သုံးအချက် တိုက်ခိုက်ရေး အတွေ့အကြုံ ၅ မှတ်သာ ရှိသော ကစားသမားများ ဖြစ်ကြသည်။

ယင်းသည် အနိမ့်ဆုံးအဆင့်ဖြစ်ပြီး သူတို့အင်အားမှာ ပြောနေစရာမလိုဘဲ သိသာလှသည်။ ပထမနှစ်မျိုးသော လူများသည် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ဤအဆင့်မှ ထွက်ခွာသွားနိုင်သော်လည်း တတိယအမျိုးအစားမှာမူ ပို၍ အားကိုးရာမဲ့လှသည်...။ လူတိုင်းတွင် ကိုယ်ပိုင်ကျွမ်းကျင်သော နယ်ပယ်နှင့် အားနည်းသော နယ်ပယ်များ ရှိကြပြီး ဤမူအရ ဂိမ်းထဲတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

တစ်လအကြာတွင် ၎င်းမှာ သည်းထိတ်ရင်ဖို သုခဘုံ၏ ယေဘုယျ ဖွဲ့စည်းပုံ ဖြစ်လာခဲ့သည်။ ဤအကြောင်းကို စောစောစီးစီး ဖော်ပြရခြင်းမှာ ကြေညာရန်အချက်နှစ်ချက် ရှိနေသောကြောင့်ပင်။

ပထမဆုံးအနေဖြင့် မေလကုန်တွင် ဂိမ်းပြိုင်ပွဲတစ်ခု ရှိလာပေလိမ့်မည်။ ကစားသမား အရေအတွက် အလွန်များပြားလှသဖြင့် ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရန် အချို့အခြေအနေများနှင့် ကိုက်ညီရမည် ဖြစ်သည်။ နောက်ဆုံးအုပ်စုမှ ကစားသမားများမှာမူ မည်သည့်အခွင့်အရေးမှ ရရှိလိမ့်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့် ဤအကြောင်းအရာအားလုံးကို ကြားပြီးနောက် လူတိုင်းက ဖုန်းပုကြွယ်ကို ထိပ်ဆုံးကစားသမားများအနက် တစ်ဦးဟု သဘာဝအတိုင်း ထင်မှတ်ကြပေလိမ့်မည်။ သို့သော်... မဟုတ်ပါချေ။

သူသည် စတုတ္ထမြောက် ကစားသမားအမျိုးအစား ဖြစ်သည်။ ဤကဲ့သို့သော ကစားသမား အရေအတွက်မှာ အုပ်စုတစ်ခုဟု ခေါ်ဆိုရန် မလုံလောက်ပေ။ မှတ်ပုံတင်ထားသော ကစားသမား သန်းချီရှိသော ဂိမ်းထဲတွင် ဤကဲ့သို့သော လူက ၁၀ ယောက်ခန့်သာ ရှိသည်။ သူတို့၏ အဆင့်သည် အမြင့်ဆုံး မဟုတ်နိုင်သော်လည်း သူတို့သည် တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်တွင် ပုံမှန်ပါဝင်နေသူများ ဖြစ်ကြသည်။

နောက်ဆက်တွဲ ကျင်းပမည့် ပြိုင်ပွဲတွင်... အိပ်မက်ကုမ္ပဏီသည် ဤလူစုကို ခြေစစ်ပွဲမှ တိုက်ရိုက်ပယ်ဖျက်လိုက်ပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် သူတို့ကို ပထမအဆင့် အချို့တွင် အလိုအလျောက် အနိုင်ပေးခဲ့သည်။ ၎င်းမှာ လူအများစုအတွက် မတရားသော ပြိုင်ပွဲဟု ခေါ်ဆိုနိုင်သော်လည်း တစ်ဖက်မှ ကြည့်လျှင် အိပ်မက်ကုမ္ပဏီသည် အမှန်တကယ်တွင် ကစားသမား အများစုကို ကာကွယ်ပေးနေခြင်းပင် ဖြစ်သည်။ အကယ်၍ သူတို့သည် ဤလူများနှင့် ခြေစစ်ပွဲ သို့မဟုတ် ဗိုလ်လုပွဲများတွင် ရင်ဆိုင်ရမည်ဆိုပါက ၎င်းမှာ ပိုမတရားသော ပြိုင်ပွဲ ဖြစ်သွားပေလိမ့်မည်။

...

ဇာတ်လမ်းဆီသို့ ပြန်သွားရလျှင် ဖုန်းပုကြွယ်သည် ကိရိယာများကို တစ်နာရီကျော်ကြာအောင် ကြည့်ရှုပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ခြောက်ခြားသေတ္တာ၏ မီနူးတွင် စာမျက်နှာ တစ်မျက်နှာ၌ အိုင်တမ်ပေါင်း ၁၀၀ ကို ပြသထားသည်။ အိုင်တမ်တစ်ခုစီတွင် အမည်၊ အမျိုးအစားနှင့် ဈေးနှုန်းဟူသည် ရွေးချယ်စရာ သုံးမျိုးသာ ပါဝင်၏။ ၎င်းတို့ကို နှိပ်လိုက်ပါက အသေးစိတ် အချက်အလက်များကို သိရှိနိုင်ပေသည်။

သဘာဝကျစွာပင် ဖုန်းပုကြွယ်သည် ၎င်းတို့အားလုံးကို နှိပ်မကြည့်နိုင်ပေ။ သူ စိတ်ဝင်စားသော အိုင်တမ်များကိုသာ ကြည့်ပြီး ကျန်ရှိသည်များကိုတော့ တစ်ချက်သာ ကြည့်ရှုခဲ့သည်။ အချို့စာမျက်နှာများကိုမူ ၁၀ စက္ကန့်မပြည့်မီမှာပင် ကျော်လိုက်သည်။ ထိုသို့ဆိုသော်ငြား သူသည် အိုင်တမ်များကို ကြည့်ရှုရန် အချိန်များစွာ အသုံးပြုခဲ့ရသည်။ စိတ်ဝင်စားစရာ ကောင်းသော အိုင်တမ်အမြောက်အမြားလည်း ရှိနေခဲ့သည်။

အားလုံးကို ကြည့်ပြီးနောက် သူသည် သက်ပြင်းကို ခပ်နက်နက် ချလိုက်သည်။ မျက်လုံးများမှိတ်လိုက်ပြီး သူ့အတွေးများကို ပြန်လည် စုစည်းလိုက်သည်။ ထို့နောက် ရှာဖွေမှုလုပ်ဆောင်ချက်ကို သုံး၍ သူမှတ်မိနေသော ကိရိယာတစ်ခုကို ရှာဖွေလိုက်တော့သည်။

အမည် - ကေစီဂျုံးစ်၏ မျက်နှာဖုံး

ပစ္စည်းအမျိုးအစား - ချပ်ဝတ်

အရည်အသွေး - ထူးကဲ

ကာကွယ်ရေး အမှတ် - အလယ်အလတ်

ဓာတ်သဘာဝ - မရှိ

အထူးအာနိသင် - ဝတ်ဆင်ထားသည့်အခါ ကစားသမား၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုသည် လက်ရှိအဆင့်ထက် တစ်ဆင့်ပိုမြင့်နေသကဲ့သို့ မြင်တွေ့ရမည် ဖြစ်သော်လည်း အဆင့် C ထက် မကျော်လွန်ပါ။

ဝတ်ဆင်ရန်လိုအပ်ချက် - အမျိုးသား ကစားသမား၊ အဆင့် ၁၅

မှတ်ချက် - ဤမျက်နှာဖုံး၏ ပိုင်ရှင်သည် ပီဇာကို နှစ်သက်ပြီး ရေဆိုးမြောင်းများထဲတွင် နေထိုင်ကြသော သန္ဓေပြောင်း လိပ်လေးကောင်နှင့်အတူ အချိန်များကို ကုန်လွန်စေခဲ့သူ ဖြစ်သည်။ သူသည် မည်သည့်စူပါပါဝါမှမရှိသော လူငယ်တစ်ဦး ဖြစ်သော်လည်း... လမ်းပေါ်က ရာဇဝတ်ကောင်များကို တိုက်ခိုက်ရန် စိတ်အားထက်သန်သူ ဖြစ်သည်။ ဤမျက်နှာဖုံးသည် တဖြည်းဖြည်းနှင့် သူ၏ သင်္ကေတ ဖြစ်လာခဲ့သည်။

ဤမျက်နှာဖုံး၏ ရောင်းဈေးသည် စကေးအမှတ် ၅၀၀ ဖြစ်သည်။ ၎င်း၏ တန်ဖိုးမှာ ဝတ်ဆင်ရန် လိုအပ်ချက် နိမ့်ပါးခြင်းနှင့် ကစားသမားအားလုံးအတွက် သင့်တော်သော အစွမ်းထက် အာနိသင်ရှိခြင်းတို့တွင် ထင်ဟပ်နေ၏။

အဆင့် ၂၀ မတိုင်မီတွင် ကစားသမားတစ်ဦး၏ ကျွမ်းကျင်မှုမှာ အဆင့် C သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။ သို့သော် ဤမျက်နှာဖုံး၏ အာနိသင်သည် ကစားသမားအား ထိုအတားအဆီးကို ကျော်လွှားရန် ကူညီပေးနိုင်ပေလိမ့်မည်။ ပုံပြောင်းကိရိယာအနေဖြင့် ကြည့်မည်ဆိုပါက အဆင့် ၁၅ နှင့် ၂၀ ကြားတွင် ဤမျက်နှာဖုံးကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးမှာ အလွန်ကြီးမားလှသည်။ အဆင့် ၂၀ ကျော်လွန်ပြီးနောက်တွင်ပင် ကစားသမား၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှု အဆင့် C သို့ မရောက်မချင်း ဤကိရိယာ၏ အာနိသင်သည် အသုံးဝင်နေဦးမည် ဖြစ်သည်။

ဖုန်းပုကြွယ်၏ လက်ရှိ ကျွမ်းကျင်မှု အဆင့်များသည် အထွေထွေစွမ်းရည် E၊ လက်မှုပညာ E၊ ထောက်လှမ်းရေး E၊ တိုက်ခိုက်ရေး E၊ ပစ်ခတ်ရေး D၊ ကုသမှု F တို့ ဖြစ်ကြသည်။ ၎င်းအပြင် ဂိမ်းတရားဝင်ကာလ စတင်ပြီးနောက် မီနူးရှိ ကျွမ်းကျင်မှုတက်ဘ်လည်း ပြောင်းလဲသွားခဲ့သည်။ မူလစာလုံးဖောင့်များ သေးငယ်သွားပြီး ၎င်းတွင် အရိပ်ကျနေသော နေရာသစ်တစ်ခု ပါဝင်လာခြင်းဖြစ်သည်။ ယင်းမှာ မဖွင့်ရသေးသော ကျွမ်းကျင်မှုအသစ် နှစ်ခု ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤမျှအထိ တန်ဖိုးနှင့် စွမ်းဆောင်ရည်မျှတသော မျက်နှာဖုံးသည် များစွာ အကျိုးရှိသဖြင့် သူသည် တွေဝေခြင်းမရှိဘဲ ဝယ်ယူလိုက်တော့သည်။ သူသည် လက်ရှိတွင် အဆင့် ၁၃ သာ ရှိသေးသော်လည်း အဆင့် ၁၅ သို့ တက်လှမ်းရန်က သူ့အတွက် သိပ်မခက်ခဲပေ။ သီအိုရီအရဆိုလျှင် သူသည် ဇာတ်လမ်း ၄ ခုခန့်ကို အောင်မြင်အောင် ကစားရန်သာ လိုအပ်သည်။

မျက်နှာဖုံးကို ဝယ်ပြီးနောက် ဖုန်းပုကြွယ်သည် ၎င်းကို သိုလှောင်ထားရန် သိုလှောင်ခန်းသို့ ပြန်ယူသွားလိုက်သည်။ ထို့နောက် ဈေးကွက်သို့ သွားကာ ကီး၏ ဟူဒီဂျာကင်ကို ဂိမ်းဒင်္ဂါး ၁၁၀,၀၀၀ ဖြင့် လေလံတင်လိုက်သည်။ ပုံသေဈေးကိုမူ ဂိမ်းဒင်္ဂါး ၁၄၀,၀၀၀ ဟု သတ်မှတ်ခဲ့သည်။ သူ အိုင်တမ်ကို လေလံတင်သည့်အခါ ဝန်ဆောင်ခအဖြစ် ဂိမ်းဒင်္ဂါး ၄,၀၀၀ ကို ပေးဆောင်ခဲ့ရသည်။ ဤ 'ဝန်ဆောင်ခ' ကို စနစ်က သတ်မှတ်ခြင်းဖြစ်ပြီး အိုင်တမ်အပေါ် မူတည်၍ ကွဲပြား၏။ ဈေးနှုန်းသည် အိုင်တမ်၏ မသိသာသော ဂုဏ်သတ္တိများအပေါ် အခြေခံထားသဖြင့် ၎င်းမှာ ထိုအိုင်တမ်၏ တန်ဖိုးအပေါ် စနစ်၏ အကဲဖြတ်မှုကို အခြေခံအားဖြင့် အရိပ်အမြွက် ပြသနေခြင်း ဖြစ်သည်။

အကယ်၍ ပြင်ပကမ္ဘာ၏ အချိန် ၂၄ နာရီအတွင်း မည်သူမျှ လေလံမဆွဲပါက ထိုအိုင်တမ်ကို ဈေးကွက်မှ ဖယ်ရှားမည်ဖြစ်ပြီး ဒေတာအဖြစ် ကစားသမားထံ ပြန်လည် ပေးအပ်မည် ဖြစ်သည်။ အကယ်၍ အိုင်တမ်ရောင်းထွက်သွားပါက စနစ်က ငွေပို့ပေးမည် ဖြစ်သည်။

ဖုန်းပုကြွယ် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လော့ဂ်အင်ဧရိယာသို့ ပြန်ရောက်သောအခါ ပြင်ပကမ္ဘာတွင် ညနေ ၃ နာရီ ရှိနေပြီဖြစ်သည်။ တစ်နေ့တာ၏ ထက်ဝက်နှင့် ညပိုင်းအချိန်များ ကျန်ရှိနေသေး၏။ သူသည် သူ့ကိုယ်သူ အလွန်တိုတောင်းသော ပန်းတိုင်တစ်ခု ချမှတ်လိုက်သည်။ မနက်ဖြန် မနက်မတိုင်မီ သူသည် အဆင့် ၁၅ သို့ ရောက်ရှိရမည်ဖြစ်ပြီး လက်မှုပညာ ကျွမ်းကျင်မှုကို အဆင့် D သို့ မြှင့်တင်ရမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် [ကေစီဂျုံးစ်၏ မျက်နှာဖုံး] နှင့် [အက်ခိုးချပ်ဝတ်] တို့ကို အောင်မြင်စွာ ဝတ်ဆင်နိုင်မည်ဖြစ်ပြီး "သတ်ဖြတ်ခြင်း ဂိမ်း"ကို အတွေ့အကြုံ ယူနိုင်တော့မည် ဖြစ်သည်...။

အခန်း (၇၂)

“ဖုန်းပုကြွယ် - အဆင့် ၁၃

“ကျေးဇူးပြုပြီး သင်ဝင်ရောက်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပါ

“သင်သည် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်(သာမန်)ကို ရွေးချယ်လိုက်ပါပြီ။ကျေးဇူးပြုပြီး အတည်ပြုပါ။

“အတည်ပြုပြီးပါပြီ။အဖွဲ့ဝင်အရေအတွက်ကို နှစ်ယောက်အဖြစ်သတ်မှတ်လိုက်သည်။

“သင်သည် တန်းစီဇယားအတွင်းသို့ ရောက်ရှိသွားပါပြီ၊ အခြားအသင့်ဖြစ်နေသော ကစားသမားများကို ရှာဖွေနေပါသည်။

“ကိုက်ညီမှု ရှာဖွေခြင်း ပြီးဆုံးပါပြီ။ အာရုံကြောချိတ်ဆက်မှုများကို ချိန်ညှိနေသည်။ ဇာတ်လမ်းကို ဖန်တီးနေသည်...”

“ဒေါင်းလုဒ်လုပ်နေသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပါ။”

“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”

ယခုတစ်ကြိမ်တွင် အသံသည် အမျိုးသမီးတစ်ဦး၏ အသံဖြစ်သည်။သူမသည် အလွန်နူးညံ့စွာ ပြောနေသဖြင့် တီးတိုးပြောသံကဲ့သို့ ထင်ရသည်။

“ဒေါင်းလုဒ်လုပ်ခြင်း ပြီးဆုံးပါပြီ။သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်တွင် ရောက်ရှိနေပါသည်”

“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားပြီး လျှို့ဝှက်ဘေးထွက်တာဝန်များနှင့် ထူးခြားသော ကမ္ဘာ့နောက်ခံအကြောင်းအရာများကို ဖော်ထုတ်နိုင်သည့် အခွင့်အရေး ရှိသည်။

“ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - သင်ယူနိုင်သော စကေးကတ်တစ်ခုကို ကျပန်း ရရှိမည်။

“ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသပါမည်။ ထို့နောက် ဂိမ်းကို ချက်ချင်းစတင်ပါမည်။”

ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် အလေးချိန်မဲ့သလို ဖြစ်သွားပြီးနောက် သူ့မျက်စိရှေ့တွင် အဖွင့်ဇာတ်လမ်းမိတ်ဆက် ထွက်ပေါ်လာတော့သည်။ကင်မရာသည် ကျောင်းတစ်ကျောင်း၏ ဝင်ပေါက်ကို ပြသနေခြင်းဖြစ်သည်။ကောင်းကင်ပေါ်တွင် လမင်းကြီးတွဲလွှဲခိုနေပြီး နံရံပေါ်ရှိ စာသားကို‌ ဖတ်ရှုလိုက်ရာ ‘ယဲ့ကျဲအထက်တန်းကျောင်း’ဟု တွေ့လိုက်ရ၏။ ရှေ့ဝင်ပေါက်တံခါးကတဆင့် ကြည့်လိုက်ပါက ကျောင်းကွင်းပြင်ကြီးနဲ့ ပင်မအဆောက်အဦးကို မြင်နိုင်ပေသည်။ ပိုနီးနီးကပ်ကပ်ကြည့်လိုက်ပါက ထိုကျောင်းတွင် အနည်းဆုံး သင်ကြားရေးအဆောက်အဦးနှစ်ခုနှင့် အားကစားရုံတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။

“ယဲ့ကျဲအထက်တန်းကျောင်းသည် နေ့ဘက်ဆူညံမှုနှင့် ညဘက်တိတ်ဆိတ်မှုမှ ဖန်တီးထားသော ကွဲပြားမှုကြီးတစ်ခုဖြစ်သည်။ကျောင်းကို ဈေးပေါသောမြေနေရာတစ်ခုတွင် တည်ဆောက်ထားပြီး တစ်ချိန်က သင်္ချိုင်းနေရာတစ်ခုဖြစ်ခဲ့ဖူးသည်။ကျောင်းတည်ဆောက်ပြီး နှစ်ပေါင်း ၂၀ ကြာပြီးနောက် ထူးဆန်းသော ကိစ္စများ ဖြစ်ပွားလာခဲ့သည်။လူသားတို့၏ နှလုံးသားထဲတွင် ပုန်းကွယ်နေသော အကြောက်တရားတို့သည် သရဲပုံပြင်များထဲသို့ ထိုအရာများအဖြစ်ပြောင်းလဲသွားခဲ့သည်။ထိုနောက် ၎င်းတို့သည် ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများထံ တူညီစွာ ပျံ့နှံ့သွားပါတော့သည်။

"တစ်ချိန်သောအခါတွင် 'ကျောင်းကြီး၏ စဉ်းစားမရသော ထူးဆန်းမှုခုနစ်ခု' ဟု ခေါ်ဆိုသည့် သီချင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်..."

ထိုစဉ် ဖုန်းပုကြွယ်နားထဲရှိ စနစ်၏ အသံသည် ရုတ်တရက်ပင် ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးငယ်တစ်ဦး၏ အသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျောချမ်းဖွယ်ကောင်းသော ထိုအသံသည် သူ့မျက်စိရှေ့မှ စာတန်းထိုးများကို တစ်ခုတည်းသော ရစ်သမ်ဖြင့် ရွတ်ဆိုပြနေတော့သည်။

"သူ့ကို ကယ်ပါ၊ သူ့ကို ကယ်ပါ... မင်းဟာ ရေတွင်းထဲမှာ ပိတ်မိနေပြီ။ သူ့ကို မကြည့်နဲ့၊ သူ့ကို မကြည့်နဲ့... မဟုတ်ရင် မင်းလည်း ရေတွင်းထဲမှာ မြှုပ်ခံရလိမ့်မယ်။

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်... လှေကားထစ်တွေကို ရေတွက်ကြည့်ပါ။ ပြန်လှည့်၊ ပြန်လှည့်... ပထမအထစ်ကနေ ၁၃ ထစ်မြောက်အထိ မတက်ပါနဲ့။

တောက်၊ တောက်၊ တောက်... ရေကျသံက ရပ်တန့်မှာမဟုတ်ဘူး။ အနီရောင်၊ အနီရောင်... မှန်ကိုကြည့်ဖို့ ခေါင်းမမော့လိုက်ပါနဲ့။

ဆို ဖာ ရေး၊ လာ ဆို ရေး... ပီယာနိုခလုတ်သံတွေက ကြေကွဲစရာကောင်းတယ်။ နားမထောင်နဲ့၊ နားမထောင်နဲ့... လက်ခုပ်သံက အရေးကြီးဆုံးအရာပဲ။"

“ဂွီ ဂွီ… အနံ့မွှေးမွှေးလေးက သူ့နှာခေါင်းကို လာထိနေပါတယ်။သူ့အူတွေ လှုပ်ရှားနေပြီ။ သူ အဲ့ဒါကိုမြည်းကြည့်လိုက်တယ် မြည်းကြည့်လိုက်တယ်… ဘယ်လူသားဟင်းခွက်က ဘယ်စွပ်ပြုတ်ခွက်လဲ”

“ဝါး ဝါး ဝါး… ဝါး ဝါး ဝါး… ကလေးငိုသံတွေ သူ့နားထဲ မြည်ဟည်းနေတယ်၊ ရယ်တယ် ရယ်နေတယ်… အရိုးတွေက ကလေးပုခက်ပဲ အရေပြားကတော့ အိတ်ပေါ့”

“သရဲတွေ သွေးတွေ…မိစ္ဆာဝိညာဉ်တွေ မင်းနောက်လိုက်နေပြီ။ မကြောက်နဲ့ မကြောက်နဲ့ … နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေကိုတောင် သတ်လို့ရပါတယ်”

ထို့နောက် ဇာတ်လမ်းမြင်ကွင်းက မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်။ သို့သော် စနစ်အသံက မူလအသံအတိုင်း ပြန်လည်ရောက်ရှိသွား၏။နှစ်မိနစ်ကြာပြီးနောက် ဖုန်းပုကြွယ်သည် သူကစားခဲ့ဖူးသမျှ အွန်လိုင်းဂိမ်းထဲတွင် ထိတ်လန့်စရာအကောင်းဆုံး အပြင်အဆင်တစ်ခုကို ကြားလိုက်ရလေသည်။

“သင်နှင့်သင့်အဖွဲ့သားများသည် မိုဘိုင်းဖုန်းတစ်လုံးစီ ရရှိကြမည် ဖြစ်ပါသည်။ ထိုအိုင်တမ်ကို ကျောပိုးအိတ်ထဲ ထည့်သွင်းမရဘဲ သင့်လက်ထဲတွင်သာ ကိုင်ဆောင်ထားရမည် ဖြစ်သည်။”

“ဖုန်းတွင် အားအပြည့်သွင်းထားပြီးဖြစ်ရာ လက်ရှိဇာတ်လမ်း၏ အချိန်ကို ကြည့်ရှုနိုင်ပါသည်။ ၎င်းတွင် အသင်းဖော်၏ ဖုန်းနံပါတ်ကို အမြန်ခေါ်ဆိုရန် မှတ်သားပေးထားပါသည်။”

“ဖုန်းကို အမြန်ခေါ်ဆိုမှုစာရင်းရှိ နံပါတ်မှလွဲ၍ အခြားမည်သည့်နံပါတ်ကိုမျှ ခေါ်ဆို၍မရပါ။ စာတိုပေးပို့ခြင်းကဲ့သို့သော အခြားလုပ်ဆောင်ချက်များလည်း မရှိပါ။ ဖုန်းကို စက်ပိတ်ထားခြင်း သို့မဟုတ် ဖုန်းမြည်သံကို ပြောင်းလဲခြင်းတို့ ပြုလုပ်မရပါ။

“ဇာတ်လမ်းစတင်ပြီးနောက် အချိန်နာရီ စတင်ရေတွက်မည် ဖြစ်ပါသည်။ ၁၀ မိနစ်မှ စတင်၍ သင်နှင့် သင့်အဖွဲ့သားသည် ၁၅ မိနစ်တိုင်းတွင် တစ်မိနစ်ကြာ ဖုန်းပြောဆိုခွင့် ရှိသည်။ နှစ်ဖက်စလုံးသည် အစီအစဉ်အတိုင်း အလှည့်ကျ ခေါ်ဆိုသူနှင့် လက်ခံသူအဖြစ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။”

“အလှည့်ပေးခြင်းကို ကျပန်းသတ်မှတ်ထားပါသည်။ ပထမဆုံးဖုန်းကို သင်က စတင်ခေါ်ဆိုရမည်ဖြစ်ပြီး ဒုတိယဖုန်းကို တစ်ဖက်လူက ပြန်လည်ခေါ်ဆိုရမည် ဖြစ်သည်။ ဤအတိုင်း အစဉ်လိုက် ဆက်သွားမည် ဖြစ်ပါသည်။”

“အကယ်၍ နှစ်ဖက်စလုံး ဆက်သွယ်မှုမပြုနိုင်ပါက နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုချိန်မတိုင်မီအထိ တာဝန်ရှိသူမှာ သရဲများ၏ ပစ်မှတ်ထားခြင်း ခံရမည်ဖြစ်ပါသည်။ ဥပမာ (၁) - အချိန်စေ့၍ ခေါ်ဆိုသူက လက်ခံသူထံ ဖုန်းခေါ်ဆိုသည့်အခါ ဖုန်းမြည်နေသော်လည်း လက်ခံသူ ဖုန်းမကိုင်ပါက နောက်ဆုံးလူကို တာဝန်ရှိသူဟု သတ်မှတ်ပါမည်။ ဥပမာ (၂) - အချိန်စေ့သည့်တိုင် ခေါ်ဆိုရမည့်သူက မေ့လျော့၍ဖြစ်စေ မခေါ်နိုင်၍ဖြစ်စေ ဖုန်းမခေါ်ပါက ခေါ်ဆိုရမည့်သူကို တာဝန်ရှိသူဟု သတ်မှတ်မည် ဖြစ်ပါသည်။”

“သင်နှင့် သင့်အဖွဲ့သားသည် (စနစ်၏ ကန့်သတ်ချက်အရ) တိုက်ရိုက် စကားပြောဆို၍မရပါ။ ဖုန်းဖြင့်သာ ဆက်သွယ်နိုင်မည် ဖြစ်ပါသည်။”

သင်နှင့် သင့်အဖွဲ့သားသည် တစ်ဖက်လူမသိဘဲ အနီးကပ် ချဉ်းကပ်ခြင်း မပြုရ (ဥပမာ - တစ်ဖက်လူကို မြင်ကွင်းအတွင်း တွေ့ရှိခြင်းမျိုး)။ အကယ်၍ နှစ်ဦးသား မတော်တဆ ဆုံတွေ့မိပါက တစ်မိနစ်အတွင်း ပြန်လည်ခွဲခွာရမည်ဖြစ်ပြီး မဟုတ်ပါက နှစ်ဦးစလုံး သရဲများ၏ ပစ်မှတ်ထားခြင်းကို ခံရမည် ဖြစ်ပါသည်။”

“ဇာတ်လမ်းစတင်ပြီးနောက် ၅ မိနစ်အတွင်း ကျောင်းထဲသို့ဝင်၍ လမ်းခွဲကြရမည် ဖြစ်ပါသည်။ အကယ်၍ အချိန်ကျော်လွန်သွားပါက အထက်ပါအတိုင်း အပြစ်ပေးခံရမည် ဖြစ်ပါသည်။”

ထိုကြေညာချက်အပြီးတွင် ဇာတ်လမ်း စတင်လေတော့သည်။

ဖုန်းပုကြွယ်သည် ဂိမ်းထဲသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူ့လက်ထဲတွင် အမည်းရောင် ခေါက်ဖုန်းတစ်လုံး ပေါ်လာခဲ့သည်။ သူ့အသင်းဖော်ကို လှည့်ကြည့်လိုက်သောအခါ သူ လန့်သွားရသည်။ သူသည် ရီရူလီနှင့် ဆုံတွေ့လိုက်ခြင်း ဖြစ်သည်။ တန်းစီခြင်း မပြုမီက ဖုန်းပုကြွယ်သည် သူငယ်ချင်းစာရင်းကို ပြန်မစစ်ခဲ့သဖြင့် သူငယ်ချင်းတစ်ဦး အွန်လိုင်းတက်နေသည်ကို သတိမထားမိခဲ့ပေ။

ရီရူလီ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း သူမလည်း အတော်လေး အံ့အားသင့်သွားခဲ့သည်။

၎င်းမှာ ဂိမ်းတရားဝင်ကာလ၏ ပထမဆုံးနေ့ဖြစ်ရာ ကစားသမား သန်းချီ၍ ရှိနေနိုင်ပေသည်။ လူပင်လယ်ကြီးထဲတွင် သူတို့နှစ်ဦးတည်း သီးသန့်တန်းစီခဲ့ကြသော်လည်း ဇာတ်လမ်းတစ်ခုတည်းတွင် လာဆုံခြင်းမှာ အတော်လေး တိုက်ဆိုင်လှသော ကံကြမ္မာပင် ဖြစ်သည်။

ကံကြမ္မာဆိုတာ ဘာလဲ။ ဗုဒ္ဓဘာသာရဲ့ ပြန်လည်ဖွေးဖွားခြင်းသီအိုရီအရ အနှစ်ချုပ်ရလျှင် စကားလုံး အနည်းငယ်လောက်သာ ရှိပါတယ်၊ အမုန်းတရားကြောင့် အဖေနဲ့သား ဖြစ်လာကြပြီး အကြွေးကြောင့် လင်နဲ့ မယား ဖြစ်လာကြသည် ဟူသတတ်။ ဒါက ဘယ်လို နောက်ဘဝမျိုးပါလိမ့်။

ငါတော့ ကံကြမ္မာဆိုတာ အချစ်နဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီလောကကြီးသို့ ရောက်လာပြီး အမုန်းတရားနဲ့ ရန်ငြိုးတွေ ဖန်တီးတာကလည်း ကံကြမ္မာပါပဲ။ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူငယ်ချင်းများအားလုံးကို ဒီဘဝမှာပဲ လက်စားချေဖို့ ငါအကြံပေးချင်ပါတယ်။ နောင်ဘဝမှာ တစ်ဖက်လူက သင့်သားသမီး ဖြစ်လာခဲ့ရင် အိမ်ဖိုး ဒါမှမဟုတ် မင်္ဂလာဆောင်စရိတ်တွေ ပေးနေရပေဦးမည်။ တကယ်လို့ အကြွေးပြန်ဆပ်ရန် ငြင်းဆန်သူတွေ ရှိခဲ့ပါက ဘုရားမဲ့ဝါဒီဘက်သို့ ကူးပြောင်းလိုက်တာက ပိုကောင်းပါမယ်။ ဒီဘဝ အကြွေးမဆပ်ရင် နောင်ဘဝတွင်တော့ ဆပ်ရမည် မဟုတ်ပါလား။

အိုး... စကားမစပ်၊ ငါ ဒီအကြောင်းကို ပြောရတာရဲ့ အဓိကအကြောင်းရင်းက အစောပိုင်းက သီချင်းက တော်တော်လေး ခြောက်ခြားစရာကောင်းနေလို့ တင်းမာနေတဲ့အခြေအနေကို လျှော့ချပေးချင်လို့ပါနော်။

မူလအကြောင်းအရာသို့ ပြန်သွားရလျှင် ဖုန်းပုကြွယ် စမ်းကြည့်လိုက်သကဲ့သို့ပင် သူ စကားပြော၍မရတော့ပေ။ စကားပြောဆိုလိုသော သူ့ဆန္ဒကို စနစ်က တားဆီးထားသဖြင့် လက်တွေ့အဖြစ်သို့ ပြောင်းလဲမရနိုင်ခဲ့ပေ။

ထို့ကြောင့် သူသည် လက်ဟန်ခြေဟန်ဖြင့်သာ ပြုလုပ်နိုင်တော့သည်။ ပထမဆုံးအနေဖြင့် သူသည် 'ခြောက်' (၆) ဂဏန်းပုံစံ လက်ဟန်လုပ်ပြသည်။ ခေါင်းကိုစောင်းပြီး လက်ကို နားရွက်နားတွင် ကပ်ပြခြင်းမှာ ဖုန်းခေါ်မည်ဟု အဓိပ္ပာယ်ရသည်။ ထို့နောက် သူ့ကိုယ်သူ ညွှန်ပြကာ လက်ညှိုးတစ်ချောင်း ထောင်ပြသည်။ ထို့နောက် ရီရူလီကို ညွှန်ပြကာ လက်ချောင်းနှစ်ချောင်း ထောင်ပြလိုက်သည်။

ဖုန်းပုကြွယ်သည် ဖုန်းခေါ်ဆိုရမည့် အစဉ်လိုက်ကို အတည်ပြုလိုခြင်း ဖြစ်သည်။ သူ၏ လက်ဟန်ခြေဟန်များက နားလည်ရလွယ်ကူသဖြင့် ရီရူလီလည်း သဘာဝကျစွာ နားလည်သွားခဲ့သည်။ သူမက ခေါင်းကို အသာအယာ ငြိမ့်ပြသည်။ ထို့နောက် သူမကလည်း လက်ဟန်ခြေဟန် ပြန်လုပ်ပြသည်။ ပထမဦးစွာ သူမကိုယ်သူမ ညွှန်ပြပြီး ကျောင်း၏ ပင်မဆောင်ကို ညွှန်ပြသည်။ စက္ကန့်အနည်းငယ် ရပ်တန့်ပြီးနောက် ဖုန်းပုကြွယ်ကို ညွှန်ပြကာ ကွင်းပြင်ဘေးရှိ လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။

ဖုန်းပုကြွယ်က ညာဘက်လက်ဖြင့် 'OK' ဟု အချက်ပြသည်။ ထို့နောက် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး (ကျန်လက်တစ်ဖက်က ဖုန်းကိုင်ထားရသောကြောင့် ဖြစ်သည်) "ဖိတ်ခေါ်ပါတယ်" ဟူသော လက်ဟန်ကို ပြုလုပ်လိုက်သည်။

သူတို့နှစ်ဦးသား အလုပ်ကိစ္စများကို တိတ်ဆိတ်စွာ အဆုံးသတ်လိုက်ကြသည်။ ရီရူလီက ဦးဆောင်၍ 'ယဲ့ကျဲ အထက်တန်းကျောင်း' ထဲသို့ လှမ်းဝင်သွားတော့သည်။ ဖုန်းပုကြွယ်က နောက်မှ ကပ်လိုက်သွားသော်လည်း သူတို့သည် မတူညီသော လမ်းကြောင်းများသို့ ခွဲထွက်သွားလိုက်ကြသည်။

သူတို့နှစ်ဦး ကျောင်းတံခါးဝသို့ ဝင်လိုက်သည်နှင့် စနစ်၏ အသံက ချက်ချင်း ထွက်ပေါ်လာလေသည်။

“ပင်မတာဝန်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။

“တာဝန်အကြောင်းအရာ - ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၀/၇”

All Chapters