အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃)
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် အားကစားကွင်းတွင် လမ်းခွဲလိုက်ကြသည်။ ရှေ့လူက ကျောင်းဝင်းအတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ရန် ပင်မဆောင်ကို ပတ်လျှောက်သွားပြီး နောက်လူကမူ ကျောင်းတံခါးနှင့် မျက်နှာချင်းဆိုင်ရှိ စာသင်ဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
အကယ်၍ သူတို့နှစ်ဦးသာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပါက ဤဇာတ်လမ်းသည် ထိုမျှ ခက်ခဲမည်မဟုတ်ပေ။ သူတို့သည် ပဟေဠိများကို အတူတိုင်ပင်နိုင်ပြီး တိုက်ပွဲများကိုလည်း ဝေမျှတိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ ကြောက်စရာတစ်ခုခုနှင့် ကြုံလာရသည့်အခါ ဘေးတွင် တစ်ယောက်ယောက် ရှိနေခြင်းက ပို၍ စိတ်သက်သာရာရစေသည်။ သို့သော် ယခုမူ သူတို့သည် တစ်ဦးတည်း လှုပ်ရှားရန် ကန့်သတ်ခံထားရသည့်အပြင် သိသိသာသာပင် ထောင်ချောက်တစ်ခုဖြစ်သော ဖုန်းပြောဆိုခြင်းကိုလည်း ပြုလုပ်ကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဤဇာတ်လမ်း၏ ခက်ခဲမှုနှင့် အန္တရာယ်မှာ အနည်းဆုံး နှစ်ဆခန့် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
အစောပိုင်းက သီချင်းထဲတွင် ရေတွင်း၊ လှေကားထစ်၊ မှန်၊ ပီယာနို စသည်ဖြင့် တည်နေရာနှင့် သီးခြားအရာဝတ္ထုများအကြောင်း သဲလွန်စများစွာ ပါဝင်နေခဲ့သည်။
အခြားအရာများကို ခဏဖယ်ထားလျှင် ရေတွင်းသည် အဆောက်အဦးထဲတွင် ရှိနေနိုင်စရာမရှိသလို ဘောလုံးကွင်းကဲ့သို့သော နေရာမျိုးနှင့်လည်း နီးကပ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် ၎င်းသည် နံရံနှင့်နီးသော ထောင့်တစ်နေရာတွင် ရှိနေဖို့သာ အလားအလာ အများဆုံးဖြစ်သည်။
ဖုန်းပုကြွယ်သည် ဤအတွေးအတိုင်း ပင်မဆောင်ကို ပတ်လျှောက်လာခဲ့သည်။ လမင်းသည် ငွေရောင်နှင်းခဲများကဲ့သို့ တောက်ပစွာ သာနေသဖြင့် ရှေ့ခရီးကို မြင်နိုင်ရန် လက်နှိပ်ဓာတ်မီး ဖွင့်ရန်ပင် မလိုပေ။ သူသည် မြန်မြန်မလျှောက်ဘဲ ဖုန်းထဲမှ အချိန်ကိုသာ အဆက်မပြတ် ကြည့်နေရသည်။ ၁၀ မိနစ်ပြည့်လျှင် ဖုန်းစတင်ခေါ်ဆိုရမည့် အချိန်ဖြစ်သည်။
ဓာတ်ကြီးငါးပါးအရ ရေသည် မြောက်ဘက်တွင်ရှိရာ ဖုန်းပုကြွယ်သည် ကျောင်း၏ မြောက်ဘက်ခြမ်းတွင် ရေတွင်းတစ်တွင်းကို တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့သွားခဲ့သည်။ ရေတွင်းအနားသတ်မှာ သိပ်မမြင့်လှပေ။ ၎င်းကို အဖြူရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး ကျောက်တုံးမျက်နှာပြင်များက မညီမညာ ဖြစ်နေလေသည်။ ရေတွင်းဝကို ပိတ်ထားခြင်းမရှိသလို ကြိုး သို့မဟုတ် ရေပုံးများလည်း မရှိချေ။
ရေတွင်းနှင့် ၁၀ မီတာခန့်အကွာတွင် L ပုံသဏ္ဌာန် အဆောက်အဦးတစ်ခု ရှိနေသည်။ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်လျှင် ရေကန်ရှည်ကြီးတစ်ခုနှင့် ရေဘုံဘိုင်ခေါင်းများ စီတန်းနေသည်ကို မြင်တွေ့ရသည်။ ဖုန်းပုကြွယ် တံခါးဝသို့ လျှောက်သွားကြည့်ရာ သံရေပုံးအချို့နှင့် ကြမ်းတိုက်တံများကို တွေ့လိုက်ရသည်။ ဤနေရာမှာ သန့်ရှင်းရေးသုံးပစ္စည်းများ သိမ်းဆည်းသည့်နေရာ ဖြစ်ပုံရသည်။
ဖုန်းပုကြွယ်သည် ပတ်ဝန်းကျင်ကို လေ့လာရန် အဆောက်အဦးထဲသို့ ဦးစွာဝင်ရောက်လိုက်သည်။ သူသည် ရေဘုံဘိုင်ခေါင်းများနှင့် ကြမ်းတိုက်တံ အရေအတွက်ကိုပင် လိုက်လံရေတွက်ခဲ့သော်လည်း အသုံးဝင်သော သဲလွန်စတစ်ခုမှ မတွေ့ရပေ။ သူ အဆောက်အဦးထဲမှ ပြန်ထွက်လာသောအခါ အချိန်သည် ၉ မိနစ်နှင့် ၂၇ စက္ကန့်သို့ ရောက်နေပြီဖြစ်သည်။ သူ ဖုန်းကိုကောက်ကိုင်ကာ အမြန်ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။
ဖုန်းသည် အလိုအလျောက် ခေါ်ဆိုသွားခြင်းမရှိဘဲ မျက်နှာပြင်ပေါ်တွင် စာသားတစ်ခု ထွက်ပေါ်လာ၏။ "အချိန်မစေ့သေးပါ။ သင်၏ နောက်တစ်ကြိမ် ခေါ်ဆိုမှုမှာ ၁၀:၀၀ မှ ၁၀:၄၅ အတွင်း ဖြစ်ရပါမည်။"
"အိုး... ဒီလိုပေါ့၊ အချိန်စေ့ပြီး ၄၅ စက္ကန့်အတွင်းမှာပဲ ငါ ဖုန်းခေါ်လို့ရတာပေါ့"
ဖုန်းပုကြွယ်က တိုးတိုးရေရွတ်လိုက်သည်။ သူသည် မိနစ်ဝက်ခန့် စောင့်ဆိုင်းလိုက်ပြီး ဖုန်းပေါ်ရှိ အချိန် ၁၀ မိနစ်သို့ ရောက်သွားသည့်အခါ အမြန်ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် ဂဏန်းများ အလျင်အမြန် ပေါ်လာပြီး ပထမဆုံး ဖုန်းခေါ်ဆိုမှု စတင်လေတော့သည်။
ဖုန်းမြည်သံ တစ်ချက်မျှသာ မြည်ပြီးနောက် ရီရူလီက ဖုန်းကိုင်လိုက်သည်။
ပြောရလျှင် သူတို့သည် ဂိမ်းထဲမှ သူငယ်ချင်းများ ဖြစ်ကြသည်။ ဇာတ်လမ်းထဲသို့ ဝင်ရောက်ပြီးကတည်းက စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ကြပေ။ ဖုန်းပုကြွယ်အနေဖြင့် ယဉ်ကျေးပျူငှာစွာဖြင့် "တိုက်ဆိုင်လိုက်တာဗျာ" ဟူသော စကားမျိုးဖြင့် စတင်နှုတ်ဆက်ချင်သော်လည်း သူဘာမှမပြောရသေးမီမှာပင် တစ်ဖက်လူက လိုရင်းကိုသာ တန်းပြောလာ၏။
"ဒီပင်မဆောင်က ကျွန်မထင်ထားတာထက် ပိုကြီးတယ်၊ ပြီးတော့ အထဲက မီးတွေကို ဖွင့်လို့မရဘူး၊ အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ဖိနပ်ထားတဲ့ လော့ကာတန်းတွေရှိတယ်၊ အဲဒါကို ကျော်သွားရင်တော့ ကန့်လန့်ဖြတ်ကော်ရစ်ဒါတစ်ခု ရှိတယ်၊ နံရံပေါ်မှာ ကျောင်းဆောင်မြေပုံရှိတယ်၊ အခုလောလောဆယ်တော့ ကျွန်မပထမထပ်မှာပဲ ရှိသေးတယ်၊ အစီအစဉ်ကတော့ ပထမထပ်ကနေ ခေါင်မိုးအထိ အထပ်တိုင်းကို ရှာဖို့ပဲ၊ တံခါးတိုင်းကို ကျွန်မစစ်ဆေးသွားမယ်၊ အခုထိတော့ ထူးခြားတာ ဘာမှမရှိသေးဘူး၊ ရှင့်ဘက်ကကော အခြေအနေ ဘယ်လိုလဲ"
ဖုန်းပုကြွယ်သည် သူမ ဤမျှ စကားအရှည်ကြီး တစ်ဆက်တည်း ပြောသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ အနည်းငယ် အသားမကျ ဖြစ်သွားရသည်။ သို့သော်လည်း တစ်မိနစ်ဆိုသော အချိန်သည် အလွန်တန်ဖိုးရှိကြောင်း သူ နားလည်သည်။ ရီရူလီ ဖုန်းဖြေနေသည့်အချိန်တွင် လက်တစ်ဖက်က ဖုန်းကို နားတွင်ကပ်ထားပြီး ကျန်လက်တစ်ဖက်က မီးအိမ်ကို ကိုင်ထားပေလိမ့်မည်။ အကယ်၍ ထိုအချိန်တွင် သူမချောင်းမြောင်းတိုက်ခိုက်ခံရပါက အလွန်အန္တရာယ်ကြီးပေမည်။ သူမ လက်နက်ကို ဆွဲကိုင်ရန်ပင် အချိန်ရလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဖုန်းပုကြွယ်လည်း သူမ၏အရှိန်အတိုင်းပင် အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ငါ ရေတွင်းတစ်တွင်း ရှာတွေ့ထားတယ်၊ အဲဒါက သီချင်းရဲ့ ပထမဆုံးစာကြောင်းမှာ ပါတဲ့နေရာ ဖြစ်ဖို့များတယ်၊ အဲဒါကို စစ်ဆေးကြည့်ဖို့ ငါ စီစဉ်နေတယ်"
သူ ခဏရပ်လိုက်သည်။
"ငါ မင်းကို သီချင်းထဲက အချက်တွေကို အကျဉ်းချုပ် ပြောပြမယ်၊ ဒုတိယစာကြောင်းက 'လှေကားထစ် ၁၃ ထစ်' ဆိုတဲ့ သရဲပုံပြင်ကို ရည်ညွှန်းတာပဲ၊ ငါ ကျောင်းဝန်းကျင်ကို ကြည့်ပြီးပြီ၊ ကျောင်းထဲမှာ အတော်လေးမြင့်တဲ့ အဆောက်အဦးသုံးခုရှိတယ်၊ ပင်မဆောင်က အမြင့်ဆုံးပဲ၊ အဲဒါက ခုနစ်ထပ်ရှိပြီး ခေါင်မိုးလည်း ရှိတယ်၊ လှေကားပေါ် တက်တဲ့အခါ ဒီဖြစ်ရပ်ကို ကြုံရဖို့ အခွင့်အလမ်း အများကြီး ရှိတယ်၊ လှေကားထစ် အရေအတွက်ကို ရေတွက်ဖို့ မမေ့နဲ့ဦး၊ တကယ်လို့တစ်ထပ်မှာ လှေကားထစ် ၁၃ ထစ် ရှိနေတယ်ဆိုရင် မင်းဟာ သရဲတွေ ပြည့်နေတဲ့ နေရာထဲကို ရောက်သွားပြီလို့ အဓိပ္ပာယ်ရတယ်၊ တတိယစာကြောင်းကတော့ အိမ်သာကို ရည်ညွှန်းတာ ဖြစ်ရမယ်၊ တကယ်လို့ အိမ်သာထဲက တစ်ခုခုကနေ ရေတတောက်တောက်ကျနေတဲ့ အသံကြားရရင် အဲဒါက..."
တူ... တူ... တူ...
လိုင်းမအားသည့်အသံ ဆက်တိုက် ထွက်ပေါ်လာ၏။ တစ်မိနစ် အချိန်စေ့သွားသဖြင့် သူတို့၏ ပထမဆုံး ဖုန်းပြောဆိုမှုမှာ ထိုကဲ့သို့ပင် ပြီးဆုံးသွားခဲ့ရသည်။ နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုရန်အတွက် ရီရူလီက ဖုန်းပုကြွယ်ထံ ပြန်ခေါ်လာမည့် ၁၅ မိနစ်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ဖုန်းပုကြွယ် စကားမဆုံးသေးသော်လည်း သူလုပ်နိုင်သည်မှာ ဤမျှသာ ရှိသည်။ အမှန်တကယ်တော့ သူသတိပေးရန်ပင် မလိုပေ။ ရီရူလီသည် ၁၃ ထစ်မြောက် လှေကားထစ် အကြောင်းကို ကြားဖူးနားဝရှိသလို သီချင်းပါ အကြောင်းအရာများကိုလည်း အနည်းနှင့်အများ မှတ်မိနေသည်။ တိုက်ခိုက်ရေး စွမ်းရည်ပိုင်းတွင်လည်း ဖုန်းပုကြွယ်သည် တစ်ဖက်လူအတွက် အလွန်အမင်း အစိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။ သူသည် သူ့ကိုယ်သူသာ စိုးရိမ်သင့်ပေသည်။
သူ ဖုန်းကို နားမှခွာ၍ မျက်နှာပြင်ကို ကြည့်လိုက်သည်။ ဖုန်းပုကြွယ် နောက်တစ်ကြိမ် ဖုန်းခေါ်ရန် ကြိုးစားကြည့်ရာ ယခုတစ်ကြိမ် ပေါ်လာသော စာသားမှာ "အချိန်မစေ့သေးပါ။ သင်၏ နောက်တစ်ကြိမ် ခေါ်ဆိုမှုမှာ ၄၀:၀၀ မှ ၄၀:၄၅ အတွင်း ဖြစ်ရပါမည်" ဟူ၍ ဖြစ်သည်။
"အင်း... ဒီဖုန်းခေါ်ဆိုမှုရဲ့ အဓိပ္ပာယ်ကို ငါအခုမှ နားလည်တော့တယ်"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
"တစ်မိနစ်ဆိုတာ စကားလုံးနည်းနည်းပြောဖို့တောင် မလုံလောက်ဘူး၊ ဒီဖုန်းခေါ်ဆိုမှုရဲ့ အဓိက ရည်ရွယ်ချက်က ကစားသမားအချင်းချင်း ကူညီဖို့ မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဆွဲချဖို့ပဲ..."
သူ့ခန့်မှန်းချက် မှန်ကန်ပေသည်…။ စနစ်သည် အလွန်အစွမ်းထက်သော ကစားသမားနှစ်ဦး ဆုံသည့်အခါမှသာ ဤကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးလေ့ရှိသည်။ သူတို့၏ စွမ်းရည်ဖြင့်ဆိုပါက လမ်းခွဲထားလျှင်ပင် ခံနိုင်ရည်မရှိလောက်သော ဖိအားမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူတို့၏ အသင်းဖော်အပေါ် ထားရှိသော စိုးရိမ်စိတ်က သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပေသည်။
ပထမဦးစွာ သူတို့နှစ်ဦးကို အတူတကွ မသွားရဟု ပြောထားသည်။ သူတို့ ဆုံတွေ့မိလျှင်ပင် ဆက်သွယ် စကားပြော၍ မရပေ။ အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း သူတို့ စကားပြောရမည်။ တစ်ဖက်လူ၏ ဖုန်းနံပါတ်ကို မခေါ်သူ သို့မဟုတ် အချိန်မီ ဖုန်းမကိုင်သူသည် သရဲများ၏ လိုက်လံခြင်းကို ခံရမည် ဖြစ်သည်။
အချိန်စေ့သည့်တိုင် တစ်ဖက်လူထံမှ ဖုန်းမလာလျှင် သို့မဟုတ် ဖုန်းခေါ်သော်လည်း တစ်ဖက်လူက မကိုင်လျှင် ဘာဖြစ်မည်ကို မြင်ယောင်ကြည့်နိုင်ပါသည်။ ထိုအခါ သက်ဆိုင်သူမှာ စိုးရိမ်စိတ်ဝင်လာပြီး တစ်ဖက်လူ ဘာကြောင့် ဖုန်းမကိုင်သလဲဟု တွေးတောနေပေလိမ့်မည်။ ဖုန်းခေါ်တာကို မကြားတာလား။ ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားပြီလား။ ထို့အပြင်... တစ်ဖက်လူက သရဲတွေရဲ့ လိုက်လံမှုကို ကိုင်တွယ်နိုင်ပါ့မလား။
ဂိမ်း၏ အဖွဲ့မီနူးတွင် တစ်ဖက်လူ အသက်ရှင်သေးလား၊ မရှင်ဘူးလား ကို ပြသနေသော်လည်း ၎င်းက ဘာမှ ထူးခြားလာမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမီနူးက ပေးနိုင်သည့် အချက်အလက်မှာ ထိုမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ တစ်ဖက်လူ ဒဏ်ရာရနေလား၊ ဘယ်နေရာမှာလဲ၊ ကြောက်ရွံ့မှုအမှတ် ဘယ်လောက်ရှိနေလဲ စသည့် အခြားအချက်အလက်များကိုတော့ မသိနိုင်ပေ။ အကယ်၍ တစ်ဖက်လူသည် သရဲတစ်ကောင်ကြောင့် ခြေထောက်ပြတ်ကာ ဗီရိုတစ်ခုထဲ သွေးထွက်လွန်နေလျှင်ပင် အခြားတစ်ယောက်က ကူညီနိုင်မည် မဟုတ်ပေ။ သရဲလိုက်ခြင်း မခံရသောသူမှာလည်း အတွေးပေါင်းစုံဖြင့် စိတ်ရှုပ်ထွေးနေပေလိမ့်မည်။ နောက်ဆုံးတွင် သူသည် စိတ်လှုပ်ရှားမှုများ၏ လွှမ်းမိုးမှုကြောင့် အမှားတစ်ခုခု ကျူးလွန်မိသွားပေလိမ့်မည်။
ထို့ကြောင့်... ဤကဲ့သို့သော အခြေအနေမျိုး မရှိသည်ကမှ ပိုကောင်းပေလိမ့်မည်။ သူတို့ စကားပြော၍မရ၊ တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့မရဘဲ ရှိနေခြင်းကသာ ဒုက္ခများစွာမှ ကင်းဝေးစေမည်ဖြစ်သည်။
...
ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်မရသလို၊ လူသစ်ဝတ်စုံ၏ အိတ်ကပ်မှာလည်း ဘာမှထည့်မရလောက်အောင် ရည်ရွယ်ချက်ရှိရှိ တိမ်တိမ်လေး ပြုလုပ်ထားသဖြင့် ဖုန်းပုကြွယ်သည် ဖုန်းကို လက်ထဲတွင် ကိုင်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။
အလုပ်ဖြစ်မည် မဖြစ်မည်ကို မသိသော်လည်း သူသည် ဂွကို ထုတ်ယူကာ ကျန်လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ပြီး ရေတွင်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။ သူ့ခြေလှမ်းများက တည်ငြိမ်နေပြီး အာရုံကြောများလည်း တင်းမာနေခဲ့သည်။ တစ်ခုခု ထူးခြားလာသည်နှင့် သူ ချက်ချင်း တုံ့ပြန်မည် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လေထုက ရုတ်တရက် အေးစက်သွား၏။ ဖုန်းပုကြွယ်သည် ရေတွင်းဝနှင့် နှစ်မီတာ သုံးမီတာခန့်အကွာသို့ ရောက်သည့်အခါ အောက်ဘက်မှ ညည်းတွားသံကဲ့သို့သော အသံတစ်ခု ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာတော့သည်။
"ကယ်... ကယ်... ပါ... ဦး..."
ထိုအသံအပြီးတွင် ဖုန်းပုကြွယ်ရှေ့မှ မြင်ကွင်းက ပြောင်းလဲသွား၏။ နောက်တစ်စက္ကန့်တွင် ညအချိန်မှ ညနေဆည်းဆာအချိန်သို့ ပြောင်းလဲသွားခဲ့သည်။
သူ့ဘေးတွင် ပိန်ပိန်ပါးပါး ကျောင်းသားလေးတစ်ဦး ပေါ်လာလေသည်။ သူသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှန်တစ်လက် တပ်ဆင်ထားသည်။ လူမိုက်ပုံစံပေါက်နေသော အခြားလူငယ်သုံးဦးက သူ့ကို ဝိုင်းထားပြီး တစ်ပြိုင်နက်တည်း စကားများ ပြောဆိုနေကြသည်။ တစ်ခါတစ်ရံတွင် ထိုကောင်လေး၏ ခေါင်းကို ပုတ်လိုက် သို့မဟုတ် တွန်းလိုက် ပြုလုပ်နေကြသည်။
"ဒါက ငါ့ရဲ့ သေဆုံးမှုကို ပြန်ပြနေတာလား"
ဖုန်းပုကြွယ်ပြောရင်း သူတို့ကို လက်ဖြင့် ထိကြည့်ရန် ကြိုးစားလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် သူ့လက်သည် လေထုကို ဖြတ်သန်းသွားသကဲ့သို့ သူတို့ခန္ဓာကိုယ်များကို ဖြတ်သန်းသွားခဲ့သည်။ သူ သူတို့ကို လုံးဝ ထိတွေ့၍ မရပေ။
ထို့ကြောင့် သူသည် ဘာဆက်ဖြစ်မည်ကို သိလိုသဖြင့် စိတ်ရှည်လက်ရှည် စောင့်ကြည့်နေလိုက်သည်။
အမှန်တော့ ယင်းက အထူးအဆန်း မဟုတ်ပါပေ။ သာမန် ငွေညှစ်နေခြင်းသာ ဖြစ်သည်။ သို့သော် ကောင်လေးက သူ့မှာ ပိုက်ဆံမရှိတော့ကြောင်း တိုးတိုးလေး ပြောလိုက်သည့်အခါ လူမိုက်များသည် သဘာဝအတိုင်းပင် မပျော်မရွှင် ဖြစ်သွားကြသည်။ ကောင်လေးသည် ဗိုက်ကို အထိုးခံလိုက်ရသဖြင့် နာကျင်စွာဖြင့် ဖင်ထိုင်ကျသွားရသည်။ ထို့နောက် သူသည် ကန်ကျောက် ရိုက်နှက်ခြင်းကို ခံရတော့သည်။
ခဏကြာ ရိုက်နှက်ပြီးနောက် ထိုသုံးယောက်မှာ အကြံသစ်တစ်ခု ရသွားပုံပေါ်သည်။ သူတို့သည် ကောင်လေးကို ရေတွင်းဘေးသို့ ဆွဲခေါ်သွားကြသည်။ တစ်ယောက်က ကောင်လေး၏ ကော်လာနောက်မှ ဆွဲကိုင်ကာ သူ့ခန္ဓာကိုယ်အထက်ပိုင်းကို ရေတွင်းဝပေါ်တွင် တွဲလောင်းဆွဲထားလိုက်သည်။ ကျန်နှစ်ယောက်မှာမူ သူ့ခြေထောက်တစ်ဖက်စီကို ကိုင်ကာ ရေတွင်းဘောင်နှင့် အမြင့်တူလောက်အထိ မြှောက်ထားလိုက်ကြသည်။
ကောင်လေးမှာ သဘာဝအတိုင်း ကြောက်လန့်နေခဲ့သည်။ သူသည် လက်များကို ဝေ့ယမ်း၍ ရပ်တန့်ရန် အော်ဟစ်နေသော်လည်း ထိုသုံးယောက်မှာ ဂရုစိုက်ပုံမရပေ။ ပြောရလျှင် သူတို့ ရယ်မောနေကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ တစ်မိနစ်ပင် မပြည့်လိုက်ပေ။ ထို့နောက် ကြောက်စရာကောင်းသော အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့တော့သည်။ ကောင်လေးသည် အောက်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ သူ သေလား၊ ရှင်လား မသိရပေ။
ထိုအချိန်တွင် လူမိုက်သုံးဦးသည် အနည်းငယ် ကြောက်လန့်သွားကြသည်။ သူတို့က ကိုယ့်ကိုယ်ကို လိမ်ညာပြောဆိုကြတော့သည်။
"ငါ... ငါ လက်လွှတ်လိုက်ချင်လို့ မဟုတ်ပါဘူး... သူ... သူက ဟိုဘက်ဒီဘက် လှုပ်ရှားနေလို့... ပြုတ်ကျသွားတာ... ဟုတ်တယ်…ဟုတ်တယ်မလား"
"အာ... ဟုတ်တယ်... ဟုတ်တယ်... ဒီကောင် ဂရုမစိုက်လို့ ဖြစ်သွားတာပဲ..."
ထိုသို့ဖြင့် သူတို့သည် ကောင်လေးကို ထားပစ်ခဲ့ကာ အကူအညီပင် မခေါ်ဘဲ ထွက်ခွာသွားကြတော့သည်။
နောက်တစ်စက္ကန့်တွင် ဤပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
အေးစက်သော ညအချိန်သို့ ပြန်လည်ရောက်ရှိလာသည်။ ဖုန်းပုကြွယ်သည် ရေတွင်းနှင့် နှစ်မီတာအကွာတွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ သူ ဖုန်းကို ပြန်ကြည့်လိုက်သည်။ ထိုဖြစ်ရပ် ဖြစ်ပွားနေစဉ်အတွင်း အချိန်သည် တစ်စက္ကန့်ပင် ရွေ့လျားသွားခြင်း မရှိပေ။
"ကယ်ပါဦး..."
ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဖုန်းပုကြွယ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရေတွင်းဝဆီသို့ ပိုမိုနီးကပ်စွာ တိုးကပ်သွားလိုက်လေသည်။
...
တစ်ချိန်တည်းမှာပင် ပင်မဆောင်အတွင်း၌။
ဆရာများရုံးခန်းတစ်ခုထဲတွင် ရီရူလီသည် စားပွဲတစ်ခုပေါ်တွင် ညှပ်ထားသော သတင်းစာဖြတ်ပိုင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ဤစက္ကူအပိုင်းအစမှာ အလွန်ပင် မျက်စိကျစရာ ကောင်းနေပေသည်။ အကြောင်းအရာများကို ဘောပင်ဖြင့် ခြစ်ထုတ်ထားသော်လည်း အဓိက စကားလုံးအချို့ ကျန်ရှိနေသေးသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ကျောင်းအမည်ဖြစ်သော 'ယဲ့ကျဲ အထက်တန်းကျောင်း' ဖြစ်သည်။ ဆောင်းပါး၏ အဓိကအကြောင်းအရာမှာ ကျောင်းဝင်းအတွင်းရှိ ရေတွင်းခြောက်တစ်ခုအကြောင်းပင်။
ဟေးဆေး ခြောက်နှစ်မြောက်တွင် တာကာရှီ တာနာကာအမည်ရှိ အထက်တန်းကျောင်းသားတစ်ဦးကို ယဲ့ကျဲ အထက်တန်းကျောင်း၏ ခြောက်သွေ့နေသော ရေတွင်းထဲတွင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ ထိုစဉ်က ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ၎င်းကို "မတော်တဆမှု" ဟုသာ ကောက်ချက်ချခဲ့သည်။ သို့သော်လည်း ကျောင်းအတွင်း၌ တာနာကာသည် အနိုင်ကျင့်ခံရသဖြင့် မိမိကိုယ်ကိုယ် သတ်သေခြင်းဖြစ်နိုင်သည်ဟူသော ကောလာဟလတစ်ခု ထွက်ပေါ်ခဲ့သည်။
တစ်ပတ်အကြာတွင် တာနာကာကို မကြာခဏ အနိုင်ကျင့်လေ့ရှိသော ကောင်လေးသုံးဦးသည် တူညီသော တစ်ညတည်းတွင် အိမ်မှ ထွက်ခွာသွားခဲ့ကြသည်။ ထို့နောက် သူတို့ကို ပျောက်ဆုံးနေကြောင်း ကြေညာခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့၏ ရုပ်အလောင်းများကို ရေတွင်းခြောက်ထဲတွင် ရှာဖွေတွေ့ရှိခဲ့လေသည်။
ဤတစ်ကြိမ်တွင် ရဲတပ်ဖွဲ့က အမှုအား အလေးအနက်ထား ကိုင်တွယ်ခဲ့သော်လည်း "လူသတ်သမား" ကို ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် အမှုမှာ မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့သည်။
"တာနာကာရဲ့ ဝိညာဉ်က လက်စားချေဖို့ ပြန်လာတာ"
ထိုကောလာဟလသည် ကျောင်းသားများအကြား အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
ဟေးဆေး ခုနစ်နှစ်မြောက်တွင် ဆာကာဂါမီ ယူအီချီအမည်ရှိ အခြားကောင်လေးတစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးခဲ့ပြန်သည်။ ရုပ်အလောင်းကို စစ်ဆေးကြည့်သည့်အခါ ပြုတ်ကျမှုကြောင့် ရရှိသော ဒဏ်ရာများအပြင် ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ကိုက်ရာများစွာကို တွေ့ရှိခဲ့ရသည်။ ထိုကိုက်ရာများသည် အနည်းဆုံး မတူညီသော လူလေးဦးထံမှ ဖြစ်သည်။
ဆာကာဂါမီသည် ကျောင်းတွင် နာမည်ကြီးသော အနိုင်ကျင့်တတ်သူတစ်ဦး ဖြစ်သည်။ သူ့သူငယ်ချင်းက ထိုနေ့တွင် သူတို့ ရေတွင်းအနီးတွင် ဆေးလိပ်သောက်နေကြကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ဆာကာဂါမီက သူသည် "ကယ်ပါဦး" ဟူသော အော်ဟစ်သံကို ကြားရသလိုရှိကြောင်း ပြောခဲ့သည်။ သို့သော် သူ့သူငယ်ချင်းမှာမူ ယင်းကို မကြားခဲ့ပေ။ သူက ဆာကာဂါမီ နောက်နေသည်ဟု ထင်သဖြင့် အိမ်သို့ တစ်ဦးတည်း ပြန်သွားခဲ့ခြင်း ဖြစ်သည်။
ထိုနှစ် ဆောင်းရာသီတွင် ဒေသခံ ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ဦးကို ရေတွင်းထဲတွင် သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ရပြန်သည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင်လည်း ကိုက်ရာများစွာ ရှိနေပေသည်။ သေဆုံးသူနှစ်ဦး၏ လက်ချောင်းများမှာ အကိုက်ခံထားရပြီး ရှာမတွေ့တော့ပေ။
ဟေးဆေး ရှစ်နှစ်မြောက်တွင် ကျောင်းက ထိုရေတွင်းကို ဘိလပ်မြေဖြင့် ပိတ်လိုက်တော့သည်။ ထို့နောက် နောက်ထပ် နှစ်နှစ်တိုင်တိုင် မည်သည့်မတော်တဆဖြစ်ရပ်မျှ မရှိခဲ့ပေ။
ဟေးဆေး ဆယ်နှစ်မြောက်တွင် ရေတွင်း၏ ဘိလပ်မြေအဖုံးမှာ အကြောင်းရင်းမသိရဘဲ အက်ကွဲသွားခဲ့သည်။
ထိုနှစ် နွေရာသီတွင် ကျောင်းသားသုံးဦး ပျောက်ဆုံးသွားခဲ့သည်။ ပထမဆုံးကျောင်းသား ပျောက်ဆုံးပြီး ဆယ်ရက်မြောက်နေ့တွင် ရေတွင်း၏ အက်ကွဲကြောင်းများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အနံ့ဆိုးများ ထွက်ပေါ်လာခဲ့သည်။ ကျောင်းအနေဖြင့် ဘိလပ်မြေကို ခွဲကြည့်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ရေတွင်းထဲတွင် နောက်ထပ် အလောင်းသုံးလောင်းကို ရှာတွေ့ခဲ့ပြန်သည်။ အလောင်းများသည် အတိုင်းအတာတစ်ခုအထိ ပျက်စီးနေပြီ ဖြစ်သည်။ ဦးခေါင်းတစ်ခုတည်းသာ နဂိုအတိုင်း ကျန်ရှိပြီး ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများမှာမူ ကြေမွနေခဲ့သည်။
ကျောင်းသားများနှင့် ဆရာများအကြား ကောလာဟလများ ထပ်မံ ပျံ့နှံ့လာပြန်တော့သည်။
"တကယ်လို့ ရေတွင်းထဲက ဝိညာဉ်ရဲ့ အကူအညီတောင်းသံကို ကြားရရင် လုံးဝ ငုံ့မကြည့်ပါနဲ့၊ မဟုတ်ရင် မင်းလည်း အောက်ကို ဆွဲချခံရလိမ့်မယ်"
အခန်း (၇၄)
ဖုန်းပုကြွယ်သည် ရေတွင်းအစွန်းသို့ ရောက်ရှိလာသော်လည်း အနီးကပ်ကြီး တိုးမသွားပေ။ သူသည် ကိုယ်ကိုနှိမ့်ကာ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ သူသည် ရေတွင်းထဲသို့ ခေါင်းပြူ၍ ငုံ့မကြည့်မိအောင် သတိထားနေခြင်းဖြစ်၏။
သူသည် သီချင်းစာသားကို တစ်လုံးမကျန် မှတ်မိနေခဲ့သည်။
"သူ့ကို မကြည့်နဲ့၊ မဟုတ်ရင် မင်းလည်း သူ့နဲ့အတူ မြှုပ်နှံခံရလိမ့်မယ်"
ယင်းက အလွန်ထင်ရှားလှသော သတိပေးချက် ဖြစ်သည်။ အကယ်၍ ရေတွင်းအောက်ခြေရှိ အရာကိုသာ စေ့စေ့ကြည့်မိပါက သေမင်းအလံ ထောင်လိုက်သကဲ့သို့ ဖြစ်သွားမည်ကို ဖုန်းပုကြွယ် လုံးဝ မသံသယဖြစ်မိပေ။ တစ်စုံတစ်ဦး၏ ဆွဲချခံရပြီး မိမိ၏ အသက်အမှတ်များ သုညအထိ ကျဆင်းသွားမည့် အဖြစ်မျိုးကို သူအဖြစ်မခံနိုင်ပါ။
"ဟေ့လူ..."
ဖုန်းပုကြွယ်က အသံမြှင့်၍ မေးလိုက်သည်။
"ငါကြိုးတစ်ချောင်း သွားယူပြီး အောက်ကို ချပေးရမလား"
စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုအသံက ပြန်ဖြေသည်။
"ငါ... တစ်ယောက်တည်း... အပေါ်ကို... မတက်နိုင်ဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ခံစားလိုက်ရသည်။ သူက အစမ်းသဘောဖြင့် မေးလိုက်၏။
"ဒါဆို... ငါကပဲ မင်းကို ကျောပိုးပြီး တက်ပေးရမလား"
ထိုအသံက ပြတ်တောင်းပြန်တောင်းဖြင့် ပြန်ဖြေသည်။
"ကောင်းပြီ..."
ဖုန်းပုကြွယ်က တိုက်ရိုက်ပင် မေးလိုက်သည်။
"ငါက ဒီကျောင်းနဲ့ မရင်းနှီးဘူး၊ ကြိုးကို ဘယ်မှာ ရှာလို့ရမလဲ သိလား"
သူသည် ဤတာဝန်မှ မည်သည့်သဲလွန်စမျိုး ရနိုင်မလဲကို သိလိုနေခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ထိုအသံက ပြန်မဖြေတော့ဘဲ "ကယ်... ပါ... ဦး..." ဟူသော စကားကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေတော့သည်။
ထို့ကြောင့် ဖုန်းပုကြွယ်က ပြောလိုက်သည်။
"ခဏစောင့်ဦး၊ ကြိုးရှာပြီးရင် ပြန်လာခဲ့မယ်"
ထိုအသံမှာ ဘာမှ ထပ်မပြောတော့ဘဲ အကူအညီတောင်းသံကိုသာ ဆက်လက် အော်ဟစ်နေခဲ့သည်။
ဖုန်းပုကြွယ်သည် အမှန်တကယ် စပ်စုချင်နေမိသည်။ အကယ်၍ သူသာ ပြန်မလာခဲ့လျှင် ဘာဖြစ်မည်နည်း။ သို့သော်လည်း ရေတွင်းအောက်ခြေကလူက အပြင်ထွက်လာပြီး သူ့ကို ဒုက္ခမပေးခဲ့လျှင်ပင် သူသည် တာဝန်ပြီးမြောက်ရန်အတွက် နောက်ဆုံးတွင် ပြန်လာရမည်သာ ဖြစ်သည်။
ရေတွင်းမှ ထွက်ခွာလာပြီးနောက် ဖုန်းပုကြွယ်သည် အားကစားပစ္စည်းသိုလှောင်ခန်းဆီသို့ ခပ်သွက်သွက် ပြေးသွားလိုက်သည်။ သူသည် အစောပိုင်းက ထိုနေရာကို ဖြတ်သွားစဉ်ကပင် ပစ္စည်းဝင်မွှေရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ထိုအခန်းသို့ အလွယ်တကူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ဂွကို တစ်ချက်ဝှေ့ယမ်းကာ တံခါးသော့ကို ရိုက်ခွဲလိုက်ပြီး ဗီရိုများနှင့် သေတ္တာများကို စတင် မွှေနှောက်တော့သည်။
မကြာမီ အခွေလိုက် ခွေထားသော ကြိုးအထူကြီးတစ်ခွေကို သူ ရှာတွေ့ခဲ့သည်။ ၎င်းမှာ လွန်ဆွဲပွဲများတွင် အသုံးပြုသည့် ကြိုးမျိုး ဖြစ်ပုံရသည်။ ကြိုး၏ ခံနိုင်ရည်ကို စမ်းသပ်ကြည့်ပြီး စိတ်ချရပြီဟု အတည်ပြုပြီးနောက် ဖုန်းပုကြွယ်သည် ကြိုးကို ပြန်ခွေကာ ကျောပိုးအိတ်ထဲ ထည့်ပြီး ရေတွင်းဟောင်းဆီသို့ ပြန်လာခဲ့လိုက်သည်။
သူ ရေတွင်းဟောင်းအနီးသို့ ချဉ်းကပ်သွားသောအခါ အောက်ခြေမှ အကူအညီတောင်းသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဖုန်းပုကြွယ် မကြားချင်ယောင်ဆောင်၍ ကျော်ဖြတ်သွားပြီး ပင်စည်အထူဆုံး သစ်ပင်တစ်ပင်ကို ရှာဖွေလိုက်၏။ ကြိုးကို ထိုသစ်ပင်တွင် ချည်နှောင်၍ ကျစ်ကျစ်ပါအောင် အထပ်ထပ် ထုံးချလိုက်သည်။ ထို့နောက် ရေတွင်းဝသို့ လျှောက်သွားကာ ကြိုး၏ အခြားတစ်ဖက်ကို အောက်သို့ ပစ်ချလိုက်သည်။ ရေတွင်းမှာ အလွန်ဆုံးရှိလှ ၁၀ မီတာ ဖြစ်နိုင်လျှင် ၆ မီတာ သို့မဟုတ် ၇ မီတာခန့်သာ နက်မည်ဟု သူခန့်မှန်းထားရာ ကြိုးအရှည်မှာ လုံလောက်မှု ရှိပေသည်။
ယခုတွင် အခက်ခဲဆုံးပြဿနာမှာ ဖုန်းဖြစ်နေလေသည်။ အောက်သို့ဆင်းသည်ဖြစ်စေ၊ အပေါ်သို့တက်သည်ဖြစ်စေ သူသည် လက်ကို အသုံးပြုရမည် ဖြစ်သည်။ ဖုန်းကို ပါးစပ်ဖြင့် ကိုက်ထားရန်လည်း မဖြစ်နိုင်ပေ...။ ထို့အပြင် ဖုန်းမြည်လာသည့်အခါ သူ ဖုန်းကိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ မတော်တဆဖြစ်ပြီး ဖုန်းသာ ရေတွင်းထဲ ပြုတ်ကျသွားပါက သူသည် သရဲများ၏ အမဲလိုက်ခံရမည့်ဘေးမှ လွတ်နိုင်မည် မဟုတ်ပေ။
အချိန်ကို ကြည့်လိုက်သောအခါ နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုရန် ၇ မိနစ်ခန့် ကျန်နေသေးသည်။ အချိန်က ပြဿနာမရှိနိုင်ကြောင်း ဖုန်းပုကြွယ် ခံစားရသည်။ ရေတွင်းအောက်ခြေမှ အကူအညီတောင်းနေသူမှာ အစောပိုင်းက သေဆုံးမှုမြင်ကွင်းတွင် တွေ့ခဲ့ရသည့် ကောင်လေး ဖြစ်ဖို့များသည်။ သူ၏ ခန္ဓာကိုယ် အရွယ်အစားအရဆိုလျှင် သာမန်လူတစ်ယောက်ပင် အလွယ်တကူ ချီမနိုင်ပေရာ သရဲဖြစ်သွားသည့်အခါ ပို၍ပင် ပေါ့ပါးနေပေဦးမည်။
ဖုန်းပုကြွယ် ဆုံးဖြတ်ချက်ချပြီးနောက် တွန့်ဆုတ်မနေတော့ပေ။ သူသည် ဖုန်းကို မြေပြင်ပေါ်တွင် ချထားခဲ့ပြီး ကြိုးကို ဆွဲကိုင်လိုက်သည်။ သစ်ပင်ဘက်သို့ မျက်နှာမူကာ ရေတွင်းဝကို ကျောပေးလျက် ရေတွင်းအစွန်းတွင် ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ရေတွင်းထဲသို့ လျှိုချလိုက်သည်။ ထို့နောက် ခြေထောက်ကို ရေတွင်းနံရံတွင် ကပ်၍ လက်နှစ်ဖက်ဖြင့် ကြိုးကိုဆွဲပြီး တတ်နိုင်သမျှ အမြန်ဆုံး ဆင်းသွားတော့သည်။ အစမှ အဆုံးအထိ သူသည် အောက်သို့ တစ်ချက်ကလေးမျှ ငုံ့မကြည့်ခဲ့ပေ။ သရဲဖြစ်နိုင်ခြေရှိသောအရာကို သူ ကျောပေးထားရုံသာ ဖြစ်သည်။
"ကောင်းကင်ကို မော့ကြည့်လိုက်ပါ... လမင်းကြီးက ပြုံးနေတယ်..."
ရေတွင်းဟောင်းထဲသို့ ရောက်သွားပြီးနောက်တွင်လည်း ဖုန်းပုကြွယ်သည် အောက်ခြေကို ကျောပေးထားသည့် ပုံစံအတိုင်းသာ နေနေခဲ့သည်။ သူသည် ခေါင်းကိုမော့ကာ ကောင်းကင်ကို ကြည့်နေရင်း မသိစိတ်မှ သီချင်းတစ်ပုဒ်ကို ညည်းမိသွားသည်။ ထို့နောက် သူ ရပ်လိုက်ပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
"ချီး... ငါ ဒီဦးနှောက်ဆေးတဲ့ သီချင်းကို မတော်တဆ ဆိုမိသွားတယ်... တော်သေးတာပေါ့ ဘယ်သူမှ မရှိလို့၊ ရှက်စရာကြီး..."
ရေတွင်းအောက်ခြေသို့ ရောက်သောအခါ ဖုန်းပုကြွယ်၏ ခြေထောက်များသည် ပျော့ပျောင်းသော မြေဆီလွှာပေါ်သို့ နင်းမိသွား၏။ သူသည် နံရံကို မှီထားပြီး နောက်လှည့်မကြည့်ပေ။ သရဲကို သူ့ကျောကုန်းကိုသာ ပြထားလိုက်သည်။
"မင်း ဘယ်မှာလဲ၊ ငါ မင်းကို ပိုးသွားမယ်..."
သူ စကားမဆုံးခင် ဖုန်းပုကြွယ်၏ ဦးခေါင်း ဘေးတစ်ဖက်တစ်ချက်စီမှ သွေးစွန်းနေသော လက်နှစ်ဖက် ထွက်ပေါ်လာပြီး သူ့လည်ပင်းကို သိုင်းဖက်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် လူတစ်ယောက်၏ "တစ်ဝက်" ခန့်က သူ့ကျောပေါ်သို့ ဖိကပ်လာသည်ကို ခံစားလိုက်ရသည်။ အမျိုးသမီး ကစားသမားတစ်ဦး ဆင်းလာလျှင်ပင် ဤသရဲကို ပိုးနိုင်လိမ့်မည်ဟု ဖုန်းပုကြွယ် သေချာပေါက် ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသရဲမှာ အလွန်ပေါ့ပါးနေသောကြောင့် သို့မဟုတ်... ၎င်းတွင် ကိုယ်လက်အင်္ဂါ အပြည့်အစုံ မရှိသောကြောင့် ဖြစ်နိုင်သည်။
"ဟင်း..." ဖုန်းပုကြွယ် တုံ့ဆိုင်းသွား၏။ အကျင့်အရ သူသည် တစ်ခုခုကို ဝေဖန်ပြောဆိုချင်စိတ် ပေါက်လာသော်လည်း စကားလုံးများကို လျှာဖျားတွင်တင်ကာ ပြန်ထိန်းထားလိုက်ရသည်။ အသေအချာ ပြန်စဉ်းစားကြည့်သောအခါ ဤအခြေအနေတွင် သာမန်လူသားများနှင့် သိသိသာသာ ကွဲပြားနေသော အချက်အလက်များကို ထောက်ပြမိပါက မကောင်းသော ရလဒ်များ ဖြစ်ပေါ်လာနိုင်ပေသည်။
ဥပမာ - "မင်းက ဒီလောက် ဖျတ်လတ်နေတာ ဘာလို့ ကိုယ့်ဘာသာကိုယ် မတက်တာလဲ"
"မင်းလက်က အရေပြားတွေက ဘာလို့ ဒီလောက်တောင် ပုပ်ပွနေရတာလဲ"
"မင်းခါးအောက်ပိုင်းမှာ ဘာမှမရှိသလို ငါဘာလို့ ခံစားနေရတာလဲ"
"မင်းဗိုက်ထဲက ရေတွေ စီးကျနေတာလား"
စသည်တို့မှာ လုံးဝ မပြောသင့်သော စကားများ ဖြစ်သည်။
သရဲပုံပြင် အတော်များများ၏ အဆုံးသတ်တွင် ဇာတ်လိုက်များသည် လူနှင့်တူသော တစ်စုံတစ်ဦးကို "ငါ အခုလေးတင် သရဲတစ်ကောင်နဲ့ ဆုံခဲ့တယ်၊ သူက ဘယ်လိုပုံစံလဲ သိလား" ဟု မေးလေ့ရှိကြသည်။ ထိုအခါ တစ်ဖက်လူက "ဒီပုံစံမျိုးလား" ဟု မေးကာ သူတို့ကို သတ်ပစ်လိုက်ကြသည်။
ဖုန်းပုကြွယ်သည် ထိုစွန့်စားမှုကို မပြုလုပ်လိုပေ။ သူ့လည်ပင်းမှာ သရဲ၏ လက်ထဲတွင် ရှိနေဆဲဖြစ်သည်။ အကယ်၍ ထိုသရဲက သူသည် တကယ့်သရဲဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားပါက ၎င်းမှာ သေမင်းအလံဖြစ်သွားနိုင်သဖြင့် သူထိုအကြောင်းကို ထုတ်မပြောဝံ့ပေ။
"မြဲမြဲကိုင်ထားနော်၊ ငါအပေါ် တက်တော့မယ်"
ဖုန်းပုကြွယ်သည် အနံ့နှင့် အသံများမှ ပေးနေသော သိသာလှသည့် အရိပ်အယောင်များကို လျစ်လျူရှုလိုက်သည်။ သူ့မေးစေ့အောက်မှ သွေးစွန်းနေသော လက်နှစ်ဖက်ကိုလည်း ဂရုမစိုက်တော့ပေ။ ရိုးရိုးရှင်းရှင်း နှုတ်ဆက်စကား ပြောပြီးနောက် သရဲကို ပိုး၍ အပေါ်သို့ တက်လာတော့သည်။
စောစောက ရေတွင်းထဲ ဆင်းစဉ်က သူသည် အောက်သို့ လုံးဝ ငုံ့မကြည့်ခဲ့ပေ။ ၎င်းမှာ နောက်ပြန်လျှောက်နေရသလို ခံစားရသော်လည်း အပေါ်သို့ ပြန်တက်သည့်အခါတွင်မူ သူ့မျက်လုံးများ ကြည့်နေသည့် လမ်းကြောင်းအတိုင်း တက်ရသဖြင့် အလွန်မြန်ဆန်လှသည်။ ကျောပေါ်ရှိ အရာမှာလည်း ထိုမျှမလေးလံသဖြင့် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကဲ့သို့ မဖြစ်ခဲ့ပေ။
ရေတွင်းထဲ ဆင်းကာ ပြန်တက်ရန် ၄ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ဖုန်းပုကြွယ်သည် ရေတွင်းအပြင်ဘက်တွင် ရပ်ကာ အမောဖြေနေသော်လည်း သတိကိုတော့ လျှော့မထားဝံ့သေးပေ။ ဖုန်းကို ချက်ချင်း မကောက်သေးဘဲ ဂွကိုသာ ပြန်ထုတ်လိုက်သည်။ သူက သူ့ကျောပေါ်ရှိ အရာကို ပြောလိုက်သည်။
"ငါတို့ အပြင်ရောက်ပြီ၊ အခု မင်း အိမ်ပြန်လို့ ရပါပြီ"
ဖုန်းပုကြွယ်၏ လည်ပင်းနောက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းမှာ လည်ပင်းကို လာရောက်ပွတ်သပ်သွားသော အေးစက်စက်လေညင်းတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။
"အိမ်... ပြန်... မယ်..."
နောက်ထပ် စက္ကန့်အနည်းငယ်သည် အသက်ရှူရကျပ်လောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်..."
ထိုစကားသည် သရဲ၏ နောက်ဆုံး ပြောကြားချက် ဖြစ်သည်။
ဖုန်းပုကြွယ် ထိုစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ အရိုးကွဲမတတ် အေးစက်မှုကြီး ပျောက်ကွယ်သွားပြီး ကျောပေါ်တွင် တစ်ခုခုပိုးထားရသည့် ခံစားချက်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါမှ သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်မိသည်။
ငွေရောင်လမင်းအောက်တွင် ရေတွင်းဟောင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ရေတွင်းဝက ပွင့်မနေတော့ဘဲ ဘိလပ်မြေပြားဖြင့် ပိတ်ထားခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ဖုန်းပုကြွယ်လက်ထဲမှ ကြိုးအထူကြီးမှာ သစ်ပင်တွင် ချည်နှောင်ထားဆဲဖြစ်သော်လည်း ရေတွင်းထဲသို့ သူပစ်ချခဲ့သော အခြားတစ်ဖက်မှာမူ ယခုတွင် ရေတွင်းဘေးတွင် စုပုံနေတော့သည်။
ဖုန်းပုကြွယ်သည် ဤရေတွင်းထဲသို့ မဝင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် သူသည်... အခြားနေရာတစ်ခုသို့ ရောက်သွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုနေရာမှနေ၍ သူသည် ကောင်လေးကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
...
ရီရူလီလက်ထဲရှိ သတင်းစာဖြတ်ပိုင်း၏ နောက်ဆုံးစာပိုဒ်တွင် ဤသို့ ရေးသားထားပေသည်။
ဟေးဆေး ၁၀ နှစ်မြောက်၊ ဆောင်းဦး။
ကျောင်းသားတစ်ဦး၏ မိဘများသည် ယင်ယန်ဆရာတစ်ဦးအား ဖိတ်ခေါ်၍ ဝိညာဉ်နှင်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ယင်ယန်ဆရာက သူသည် ထိုသရဲကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သော်လည်း သရဲအား ဗုဒ္ဓဖြစ်အောင် ပြုလုပ်ပေးနိုင်လောက်သည့် စွမ်းအား မရှိကြောင်း ပြောကြားခဲ့သည်။
ဆောင်းပါးရေးသူက ထပ်မံမေးမြန်းသည့်အခါ ယင်ယန်ဆရာက "ခင်ဗျားက ကျုပ်ကို 'ဟိုဘက်' ကို သွားပြီး သူ့ကို ပိုးပြီး ခေါ်ထုတ်လာစေချင်တာလား" ဟုသာ ပြောကြားကာ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
ထို့နောက်တွင် ရေတွင်းဝကို ဘိလပ်မြေဖြင့် ပြန်လည် ပိတ်ဆို့လိုက်ပြီး ယခုအချိန်အထိ ပြောင်းလဲခြင်း မရှိတော့ပေ။