အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”
“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၁/၇”
စနစ်၏ ကြေညာချက်ကို ကြားလိုက်ရသည့်အခါ ရီရူလီ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ သူမသည် သာမန်ကစားသမားများထက် ပိုမိုသတ္တိရှိသူဖြစ်ပြီး အစ်ကိုလုံကဲ့သို့သော ကစားသမားမျိုးထက်ပင် ပိုသတ္တိရှိနိုင်ပေရာ ခြောက်ခြားဖွယ်ကောင်းသော သတင်းစာဖြတ်ပိုင်းကို မြင်တွေ့ခဲ့ရစဉ်က သူမအတွက် အထူးတလည် တုန်လှုပ်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူမအနေဖြင့် စိုးရိမ်စိတ်ကိုတော့ မတားဆီးနိုင်ခဲ့ပေ...။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအကြိမ် ဖုန်းပြောခဲ့စဉ်က ဖုန်းပုကြွယ်သည် ရေတွင်းကို ရှာတွေ့ခဲ့ပြီး ၎င်းကို စစ်ဆေးတော့မည်ဟု သူမကို ပြောခဲ့သောကြောင့် ဖြစ်သည်။ သတင်းစာဖြတ်ပိုင်းမှ အချက်အလက်များကို ရရှိထားသော ရီရူလီသည် အစောပိုင်းက သီချင်းစာသားနှင့် ပေါင်းစပ်ကြည့်လိုက်သည့်အခါ ရေတွင်းထဲသို့ ငုံ့မကြည့်သင့်ကြောင်း သဘာဝကျစွာ ကောက်ချက်ချနိုင်ခဲ့သည်။ သို့သော်လည်း နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုချိန်မတိုင်မီအထိ သူမသည် ဖုန်းပုကြွယ်ကို ဆက်သွယ်၍ မရနိုင်ပေ။ ကူညီပေးချင်သော်လည်း ကူညီခွင့်မရဘဲ ဖြစ်နေရသည့် ဤအားကိုးရာမဲ့သော ခံစားချက်မှာ အမှန်တကယ်ပင် ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ပေသည်။
ယင်းသည် စနစ်လိုချင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။ သူတို့၏ တစ်ယောက်ပေါ်တစ်ယောက် ထားရှိသော စိုးရိမ်စိတ်သည် မလိုအပ်သည် ဖြစ်နေနိုင်သော်လည်း ယခုကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုးမှာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်မှာ သေချာလှသည်။ စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် အတူတူပင်ဖြစ်ရာ ၎င်းတို့သည် အမှားအယွင်းများကို ဖန်တီးပေလိမ့်မည်။
စနစ်၏ ကြေညာချက်ကို ကြားပြီးနောက် ရီရူလီတစ်ယောက် ခေတ္တမျှ စိတ်သက်သာရာ ရသွား၏။ သူမ ဖုန်းထဲမှ အချိန်ကို ကြည့်လိုက်ရာ ၂၅:၀၀ ပြည့်ရန် နှစ်မိနစ်သာ လိုတော့သည်။ သူမသည် ပင်မဆောင်၏ ပထမထပ်ကို အခြေခံအားဖြင့် ရှာဖွေပြီးသွားပြီဖြစ်သဖြင့် ခဏရပ်နားလိုက်ပြီး ဤဖုန်းခေါ်ဆိုမှုပြီးမှ ဒုတိယထပ်သို့ တက်ရန် စီစဉ်လိုက်သည်။
ထိုအချိန်တွင် စနစ်၏ ကြေညာချက်ကို သူမ ကြားလိုက်ရပြန်သည်။
“ဤဇာတ်လမ်းအတွင်း၌ သင်သည် စူးစမ်းလေ့လာပြီးသား နေရာတစ်ခုတွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး ဂိမ်းကို ဆက်လက်တိုးတက်အောင် မလုပ်ဆောင်ပါက သင့်အား 'ဂိမ်းအပေါ် စိတ်မပါသူ' အဖြစ် သတ်မှတ်မည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သင်၏ အခြေခံကြောက်ရွံ့မှုတန်ဖိုးများ မြင့်တက်လာမည် ဖြစ်ပါသည်”
ယင်းကို ကြားသောအခါ ရီရူလီသည် အကူညီမဲ့စွာ သက်ပြင်းချလိုက်မိသည်။ သူမသည် ဖုန်းနှင့် မီးအိမ်ကို ကောက်ကိုင်လိုက်ပြီး ကော်ရစ်ဒါအတိုင်း လျှောက်လာခဲ့သည်။
စနစ်က ဖော်ပြခဲ့သော 'ဂိမ်းအပေါ်စိတ်မပါသူ' ဆိုသည့် အယူအဆသည် ဂိမ်းစမ်းသပ်ကာလတွင် မရှိခဲ့ဘဲ တရားဝင်ကာလရောက်မှသာ စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဇာတ်လမ်းကို ဥပမာပေးရလျှင် ဤဇာတ်လမ်းထဲရှိ လူများသည် ဖုန်းပုကြွယ်နှင့် ရီရူလီတို့ကဲ့သို့ မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး မသိကြသော ကစားသမားနှစ်ဦး ဖြစ်သည်ဆိုကြပါစို့။ သူတို့ထဲမှ တစ်ယောက်သည် အလွန်ကြောက်တတ်ပြီး စရိုက်လက္ခဏာလည်း မကောင်းသူ ဖြစ်နေသည်။ ဇာတ်လမ်းစတင်ပြီးနောက် သူသည် လုံခြုံသည်ဟုထင်ရသော နေရာတစ်ခုတွင် ပုန်းအောင်းနေပေလိမ့်မည်။ ဖုန်းပြောရမည့် အချိန်တိုင်းတွင် သူသည် ဖုန်းခေါ်မည်၊ ဖုန်းဖြေမည်။ ထို့ကြောင့် သူသည် မည်သည့်အခါမျှ အပြစ်ပေးခံရမည် မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ သူ၏အသင်းဖော်မှာ ကျောင်းထဲတွင် အသက်ဘေးနှင့်ရင်း၍ ပြဿနာအမျိုးမျိုးကို ဖြေရှင်းနေရပေလိမ့်မည်။ ထိုသူမှာ ဖုန်းခေါ်ဆိုမှုကြောင့် သရဲများ၏ ပစ်မှတ်ပင် ဖြစ်လာနိုင်လေသည်။ သို့မဟုတ် ကစားသမားနှစ်ဦးစလုံးက ထိုသို့ပြုလုပ်နေခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။ သူတို့သည် ကိုယ်စီပုန်းအောင်းနေကြပြီး ဖုန်းကိုသာ မှန်မှန်ပြောနေကြမည် ဖြစ်သည်။
ယင်းက ဥပမာတစ်ခုသာ ဖြစ်သည်။ အခြားဇာတ်လမ်းများတွင်လည်း ကစားသမားများသည် 'ဘာမှမလုပ်ဘဲ' ရှင်သန်ရန် ကြိုးစားသည့် အခြေအနေမျိုး ရှိနိုင်ပေသည်။ ထိုကဲ့သို့သော အခြေအနေများကို ကာကွယ်ရန်အတွက် စနစ်သည် တရားဝင်ကာလတွင် "ဂိမ်းအပေါ်စိတ်မပါသူ" ဆိုသည့် အယူအဆကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကစားသမားတစ်ဦးသည် ဂိမ်းကို ဆက်မကစားဘဲ AFK(Away From Keyboard)လုပ်နေသည်ဟု စနစ်က ဆုံးဖြတ်ပါက ထိုလူ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ သူ၏ အခြေခံကြောက်ရွံ့မှုတန်ဖိုးမှာ တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။ ကြာကြာငြိမ်နေလေ အမှတ်များ ပိုမိုမြင့်တက်လာလေ ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါက ဂိမ်းထဲမှ အတင်းအဓမ္မ ထုတ်ပယ်ခံရမည် ဖြစ်သည်။ ဂိမ်းထဲသို့ တက်ကြွစွာ ပြန်လည်ဝင်ရောက်ရန် သတ္တိမွေးမှသာ ဤအကျိုးသက်ရောက်မှုကို တဖြည်းဖြည်းချင်း ဖယ်ရှားနိုင်မည် ဖြစ်သည်။
မှန်ပါသည်၊ ဇာတ်လမ်းတိုင်းတွင် ဤကဲ့သို့သော သတ်မှတ်ချက်မျိုး ရှိနေသည်တော့ မဟုတ်ပေ။ ဖုန်းပုကြွယ် ကြုံတွေ့ခဲ့ဖူးသော ဂျစ်ဆောဂိမ်းကဲ့သို့သော သို့မဟုတ် ဆမ် မွန်တီယာထိန်းချုပ်ထားသော မြို့ပျက်ကဲ့သို့သော ဇာတ်လမ်းအချို့တွင်မူ ဇာတ်လမ်း၏ ခက်ခဲမှုနှင့် အောင်မြင်မှုမှာ အချိန်နှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်သည်။ အချိန်ဆွဲနေခြင်းက အန္တရာယ်ဖြစ်စေနိုင်သလို ချက်ချင်းသေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
နှစ်မိနစ်အချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီး ဖုန်းခေါ်ဆိုရမည့် အချိန်သို့ ရောက်ရှိလာ၏။ ရီရူလီသည် လှေကားသို့ရောက်ရှိလာပြီး အပေါ်သို့ တက်ရင်း ဖုန်းပေါ်ရှိ အမြန်ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။
"တစ်၊ နှစ်၊ သုံး၊ လေး..."
ရီရူလီသည် လှေကားထစ်များကို စိတ်ထဲမှရေတွက်ရင်း ဖုန်းကို နားတွင် ကပ်ထားလိုက်သည်။
တူ... တူ...
ဖုန်းနှစ်ချက်ခန့် မြည်ပြီးနောက် ဖုန်းပုကြွယ်က ကိုင်လိုက်သည်။
"ငါ အဆင်ပြေတယ်၊ မင်းကော အဆင်ပြေရဲ့လား"
၎င်းမှာ သူ၏ ပထမဆုံး စကားဖြစ်သည်။ သူသည် တစ်ဖက်လူ မေးမြန်းနိုင်သည့် မေးခွန်းကို ကြိုတင်ဖြေကြားလိုက်ပြီးနောက် သူသိလိုသည်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"အားလုံး အဆင်ပြေပါတယ်၊ ကျွန်မအခု ဒုတိယထပ်ကိုတက်တဲ့ လှေကားပေါ်မှာ ရောက်နေတာ"
ရီရူလီ ထိုသို့ပြောလိုက်သည့်အခါ သူမသည် ပထမဆုံး လှေကားထစ်ကို တက်ပြီးသွားပြီ ဖြစ်သည်။ သူမ ဘယ်ဘက်သို့ ၁၈၀ ဒီဂရီ လှည့်လိုက်ရာ ဒုတိယလှေကားထစ်မှာ သူမရှေ့တွင် ရှိနေခဲ့သည်။ ထို့နောက်တွင်မူ သူမသည် ဒုတိယထပ်ကော်ရစ်ဒါသို့ ရောက်ရှိမည် ဖြစ်သည်။
"ကျွန်မ ပထမလှေကားထစ်ကိုပဲ တက်ရသေးတယ်၊ ၁၂ ထစ် ရှိတယ်"
သူမ ဆက်လက် လျှောက်သွား၏။
"ကျွန်မကို သီချင်းအကြောင်း ပြောပြနေဖို့ မလိုဘူး၊ ကျွန်မ အဲဒါကို နားလည်တယ်၊ သဲလွန်စက သိသာပါတယ်"
ဖုန်းပုကြွယ် အံ့အားသင့်သွားပြီးမှ ရယ်မောလိုက်သည်။
"ဟက်... ဒါဆို နောက်တစ်ခါ ဖုန်းပြောတဲ့အခါ ငါတို့ ဘာအကြောင်း ပြောကြမလဲ"
"တာဝန်ရဲ့ တိုးတက်မှု အခြေအနေတွေကိုပဲ အပြန်အလှန် ပြောကြတာပေါ့"
ရီရူလီက ပြန်ဖြေသည်။ ထို့နောက် သူမက ထပ်လောင်းပြောလိုက်သည်။
"တစ်ဖက်လူ အဆင်ပြေလား ဒါမှမဟုတ် ဒဏ်ရာရနေလား ဆိုတာတွေကို မမေးပါနဲ့၊ အဲဒါက မေးရကျိုးမနပ်လို့ပဲ၊ ရှင်သိရင်တောင် ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး၊ အဲဒါက ရှင့်အတွက် စိတ်ပူစရာတွေပဲ တိုးလာစေလိမ့်မယ်"
ဖုန်းပုကြွယ်သည် ရီရူလီ၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ သို့သော် ရီရူလီပြောခဲ့သော စကားမျိုးသည် ဖုန်းပုကြွယ်အနေဖြင့် ပြောနိုင်သောစကားမျိုး မဟုတ်ပေ။ အနည်းဆုံးတော့ သူက အရင်စမပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ယောကျ်ားတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ထိုကဲ့သို့ ပြောဆိုခဲ့ပါက ၎င်းမှာ အေးစက်လွန်းရာ ရောက်ပြီး လူသားမဆန်သလို ခံစားရပေလိမ့်မည်...။ သို့သော် ရီရူလီကဲ့သို့ အရာရာကို အေးအေးဆေးဆေး သဘောထားတတ်သူတစ်ဦးထံမှ ထွက်လာသည့်အခါတွင်မူ ၎င်းက စိမ်းကားသည်ဟု မခံစားရတော့ပေ...။
"ဝိုး... မင်းတော်တော်လေး နားလည်တာပဲ၊ အမှန်တော့ ငါလည်း အဲဒီလိုပဲ တွေးနေတာလေ"
ဖုန်းပုကြွယ်သည် သူ၏ တိုးတက်မှုများကို အလျင်အမြန် အစီရင်ခံလိုက်သည်။
"ဒါနဲ့၊ ငါ အခု အနောက်မြောက်ထောင့်က အဆောက်အဦးမှာ ရောက်နေတယ်၊ အဲ့ဒီမှာ ဂီတခန်း ရှိမယ်ထင်တယ်၊ အဲဒါကို ငါသွားကြည့်မလို့"
"ဆယ့်သုံး..."
ရီရူလီက ရုတ်တရက် ပြောလိုက်သည်။
"ဒုတိယထပ်ကို တက်တဲ့ ဒုတိယလှေကားထစ်က... ဆယ့်သုံးထစ်မြောက် ဖြစ်နေတယ်"
ဖုန်းပုကြွယ် ဘာမှမပြောနိုင်မီ ဖုန်းပြောဆိုချိန်မှာ အချိန်စေ့သွားခဲ့သည်။ ဖုန်းလိုင်း ပြတ်တောက်သွားပြီး လိုင်းမအားသည့်အသံသာ ထွက်ပေါ်လာတော့သည်။
"ဟယ်လို၊ ဟယ်လို"
ဖုန်းပုကြွယ် နှစ်ခါတိတိ အော်ဟစ်ကြည့်ပြီးမှ မတတ်သာဘဲ ဖုန်းချလိုက်ရသည်။ သူက သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်၏။
"အင်း... ရလဒ်ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတုန်းပဲ"
ထိုအချိန်တွင် သူသည် ဂီတခန်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တံခါးကို ဆွဲဖွင့်၍ အတွင်းသို့ ဝင်လိုက်ပြီးနောက် ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးကို သုံးကာ စာသင်ခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ အောက်ဘက်ရှိ ထိုင်ခုံတန်းအနည်းငယ်မှာ ထူးခြားမှု မရှိသလို နံရံများပေါ်တွင်လည်း သွေးစွန်းနေသော လက်ရာများ သို့မဟုတ် စာခြစ်ထားသည်များကို မတွေ့ရပေ။ ထူးထူးခြားခြား ရှိနေသည်မှာ အခန်းအလယ်ရှိ ပီယာနိုကြီးတစ်လုံးသာ ဖြစ်သည်။
ဖုန်းပုကြွယ်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ဆို ဆို ရေ၊ လာ ဆို ရေ..."
သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
"ငါ ဒါကို နှိပ်လိုက်ရမလား၊ နှိပ်လိုက်ရင် စက်ယန္တရားတစ်ခုခုကို ထိမိပြီး ဗီရိုပေါ်ကနေ တစ်ခုခု ပြုတ်ကျလာမှာလား"
ထို့နောက် သူသည် ခေါင်းလှည့်လိုက်ပြီး ဂီတစာရွက်များနှင့် သင်ထောက်ကူပစ္စည်းများ ရှိသည့် မှန်ဗီရိုကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။ သို့သော် ဗီရိုအပေါ်ပိုင်းက အလွတ်ကြီးဖြစ်နေသည်မှာ သိသာလှသည်။
"အင်း... တကယ်လို့ တစ်ခုခုရှိနေရင်တောင် ပီယာနိုထိုင်ခုံပေါ် နင်းပြီး ယူလို့ရတာပဲ"
ဖုန်းပုကြွယ် စဉ်းစားခန်း ဝင်သွား၏။
ဖုန်းပုကြွယ်၏ မျက်လုံးများသည် ထောင့်တစ်နေရာရှိ ဗီရိုပုလေးပေါ်တွင် တင်ထားသော ဘီသိုဗင်ရုပ်တုဆီသို့ တဖြည်းဖြည်း ရောက်သွား၏။ ၎င်းမှာ အဖြူရောင် ပလက်စတာဖြင့် ပြုလုပ်ထားသော သာမန်ရုပ်တုတစ်ခုသာ ဖြစ်သည်။ ဘီသိုဗင်၏ ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းကို ထွင်းထုထားပြီး အရွယ်အစားမှာ လူအစစ်နှင့် ၁:၁ နီးပါး တူညီပေသည်။
ဖုန်းပုကြွယ်သည် အနားသို့လျှောက်သွားလိုက်ပြီး ရုပ်တုကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။
"အစ်ကိုဖန်၊ ခင်ဗျား ဘယ်လိုထင်လဲ"
သူသည် ရုပ်တုက သူ့ကို ပြန်ဖြေလိမ့်မည်ဟုတော့ မမျှော်လင့်ထားသည်မှာ သိသာပါသည်။ သူ စကားပြောရင်း ဖုန်းနှင့် လက်နှိပ်ဓာတ်မီးကို ညာဘက်ဗီရိုပေါ်တွင် တင်ထားလိုက်သည်။ သူသည် ရုပ်တုကို ရွှေ့ကြည့်ရန် ချက်ချင်း ကြိုးစားလိုက်သော်လည်း ထိုအရာ၏ အလေးချိန်မှာ ပုံမှန်သာဖြစ်ပြီး ၎င်းအောက်တွင်လည်း မည်သည့်ခလုတ် သို့မဟုတ် အခြားလျှို့ဝှက်ချက်များကို ရှာမတွေ့ပေ။ ၎င်းမှာ သာမန် အလှဆင်ပစ္စည်းတစ်ခုသာ ဖြစ်ပုံရသည်။
"အစ်ကိုဖန်ရယ်၊ ကျွန်တော်တို့အားလုံးက အနုပညာရှင်တွေပဲဟာ၊ ခင်ဗျားက ကျွန်တော့်ကို မျက်နှာသာမပေးဘူးပဲ"
ဖုန်းပုကြွယ်က ဟာသပြောလိုက်ရင်း ဖုန်းနှင့် လက်နှိပ်ဓာတ်မီးကို ပြန်ကောက်ကိုင်လိုက်သည်။
နောက်ဆုံးတွင် သူသည် ပီယာနိုအနားသို့ ရောက်ရှိလာဆဲဖြစ်သည်။ တစ်ခုခု ဖြစ်လာနိုင်သည်ကို သိသော်လည်း သူ မဖြစ်မနေ လုပ်ဆောင်ရပေတော့မည်။ သူသည် သူ့လက်ချောင်းကို ဆန့်ထုတ်၍ သီချင်းထဲကအတိုင်း နုတ်စ်များကို တစ်ခုချင်းစီ နှိပ်လေတော့သည်...။
အခန်း (၇၆)
"ဆို ဆို ရေ၊ လာ ဆို ရေ..."
နုတ်စ်များကို နှိပ်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံစိုက်ထားလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် ပီယာနိုအဖုံးထဲမှ ဖြူဖျော့ပြီး ရှည်လျားသွယ်လျသော လက်နှစ်ဖက်သည် အလွန်ထူးဆန်းသော ထောင့်ချိုးတစ်ခုဖြင့် ထွက်ပေါ်လာလေသည်...။
'ကဗျာနောက်ပြန်ရွတ်ခြင်း' ဆိုသည့် အသုံးအနှုန်းတစ်ခု ရှိသည်။ တစ်စုံတစ်ယောက်က ထိုသို့ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း ဖုန်းပုကြွယ် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ကဗျာတစ်ပုဒ်ကို နောက်ပြန်ရွတ်ခြင်းသည်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိလိမ့်မည်ဟု သူမထင်မိပါချေ။ သို့သော် ယခုမူ သူသည် 'သီချင်းနောက်ပြန်တီးခတ်ခြင်း' ကို ကိုယ်တိုင် ကြုံတွေ့ရတော့မည် ဖြစ်သည်။
လက်များက စတင်မတီးခတ်မီ လက်ချောင်းများကို ယှက်လိုက်ပြီး လက်ဝါးများကို အပြင်ဘက်သို့ ဆန့်ထုတ်လိုက်သည်။ ဤကဲ့သို့ မလိုအပ်ဟု ထင်ရသော လုပ်ဆောင်ချက်သည် ဂိမ်းက ကစားသမားအတွက် ချန်ထားပေးသည့် 'တုံ့ပြန်ချိန်' ဖြစ်ကြောင်း ဖုန်းပုကြွယ် ချက်ချင်း သဘောပေါက်လိုက်သည်။ အကယ်၍ ကစားသမားသည် ကြောက်လန့်တကြား ဖြစ်မနေပါက ယခုအချိန်တွင် တစ်ခုခု လုပ်ဆောင်ထားသင့်ပြီ ဖြစ်သည်။
"နားမထောင်နဲ့... အရေးကြီးဆုံးက ဖျော်ဖြေမှုအပြီးမှာ လက်ခုပ်တီးဖို့ပဲ..."
ဖုန်းပုကြွယ်သည် သီချင်းထဲက အကြံပြုချက်ကို ထပ်ခါတလဲလဲ ရွတ်ဆိုရင်း ချက်ချင်းနားလည်သွားခဲ့သည်။ သူသည် ပထမဆုံးထိုင်ခုံတန်းရှိ ထိုင်ခုံတစ်ခုဆီသို့ လျှောတိုက်သွားကာ ထိုင်ချလိုက်သည်။ သူ့ဖုန်းကို ဘေးထိုင်ခုံပေါ်တွင် တင်ထားပြီး လက်နှိပ်ဓာတ်မီးကိုမူ သူ့ဒူးနှစ်ဖက်ကြားတွင် ညှပ်ကာ ပီယာနိုဆီသို့ ထိုးထားလိုက်သည်။
ထိုအချိန်တွင် သစ်ကိုင်းခြောက်ကဲ့သို့သော လက်နှစ်ဖက်မှာ အသင့်ဖြစ်နေပြီ ဖြစ်သည်။ သရဲလက်သည်းများကဲ့သို့သော လက်ချောင်းဆယ်ချောင်းသည် ဖျတ်လတ်စွာ တွန့်လိမ်သွားပြီး ပီယာနိုခလုတ်များကို ဖိနှိပ်လိုက်သည်။ ထို့နောက် တီးခတ်မှု စတင်လေတော့သည်...။ လက်များသည် ပီယာနိုခလုတ်များပေါ်တွင် ကခုန်နေကြပြီး လက်အလယ်ပိုင်းသည် တွေးရခက်သော ထောင့်ချိုးတစ်ခုဖြင့် ကွေးညွှတ်နေလေသည်။ တံတောင်ဆစ် အရိုးများက ထူးဆန်းစွာ ကွေးနေပြီး လက်ချောင်းများမှာမူ ပီယာနိုခလုတ်များပေါ်တွင် လှုပ်ရှားခုန်ပေါက်နေရင်း ကိုယ်ပိုင်အသက်ဝင်နေသကဲ့သို့ ရှိနေသည်။
အမြင်အာရုံအရဆိုလျှင် ထိုသရဲလက်နှစ်ဖက် ပီယာနိုတီးခတ်ပုံသည် လှပခြင်းလည်းမရှိသလို မြန်ဆန်ခြင်းလည်း မရှိပေ။ ဖော်ပြရမည်ဆိုလျှင် ငါးမျှားချိတ်နှစ်ခုတွင် မြေတီကောင် ငါးကောင်စီ သီထားသကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထိုတီကောင်များက ငါးမျှားချိတ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန် သူတို့၏ ကိုယ်လုံးရှည်ကြီးများကို တွန့်လိမ်နေကြသည့်အတိုင်းပင်။
သီချင်းကောင်း မကောင်း ဟူသည်ကိုမူ ဖုန်းပုကြွယ် မသိပေ။ နုတ်စ်သံအချို့ သူ့နားထဲသို့ ကြားဖြတ်ဝင်လာသော်လည်း ပြည့်စုံသောသံစဉ်တစ်ခုကိုတော့ သူ လုံးဝ မကြားရပေ။ အဘယ်ကြောင့်ဆိုသော် ထိုလက်နှစ်ဖက် ပထမဆုံးနုတ်စ်ကို စတင်တီးခတ်လိုက်သည့် အချိန်ကတည်းက ဖုန်းပုကြွယ်သည် သူ့လက်နှစ်ဖက်ဖြင့် နားပိတ်ထားခဲ့သောကြောင့် ဖြစ်သည်။ သူသည် ခေါင်းကို စည်းချက်ကျကျ ရမ်းခါရင်း လျင်မြန်စွာ ညည်းဆိုတော့သည်။
"လာ လာ လာ လာ… လာ လာ လာ… ကျွန်တော်ဟာ ကျွမ်းကျင်တဲ့ သတင်းစာရောင်းသမားလေးပါ..."
သတင်းစာရောင်းသည့် သီချင်းကို ဆိုပြီးနောက် သူသည် စေတနာ့ဝန်ထမ်း ချီတက်ပွဲသီချင်းကို အရှိန်နှစ်ဆဖြင့် စတင်ဆိုပြန်သည်။ မည်သို့ပင်ဖြစ်စေ သူ့လက်များ မရပ်သေးသရွေ့ ဖုန်းပုကြွယ်သည် ဤသီချင်းနှစ်ပုဒ်ကိုသာ ထပ်ခါတလဲလဲ ဆိုနေရန် ပြင်ဆင်ထားသည်။ သူသည် နိုင်းအာနှင့် ဘာရန်ငြိုးများ ရှိနေသည်တော့ မသိရပေ။
မည်သို့ပင်ဖြစ်စေ ၅ မိနစ်ခန့်အကြာတွင် ဖုန်းပုကြွယ် တတိယအကြိမ် သီချင်းဆိုရန် ပြင်နေစဉ် လက်နှစ်ဖက်က တီးခတ်မှုရပ်တန့်လိုက်သည်။ သရဲလက်သည်းများသည် ပီယာနိုခလုတ်များမှ ခွာလိုက်ပြီး လေထဲတွင် ရပ်တန့်သွား၏။ ဖုန်းပုကြွယ်သည် ဘာစကားမှမဆိုဘဲ ကျယ်လောင်စွာ လက်ခုပ်တီးလိုက်လေတော့သည်။ သူသည် "ကောင်းတယ်" ဟုပင် အရှက်မရှိ အော်ဟစ်လိုက်သေးသည်။ "နောက်တစ်ပုဒ်လောက် ထပ်တီးပါဦး" ဟု မအော်မိရုံတမယ်ပင်။
ထိုကဲ့သို့သော အားပေးမှုမျိုးက သရဲလက်ပိုင်ရှင်ကို အံ့အားသင့်သွားစေပုံရသည်။ မည်သို့ပင်ဖြစ်စေ လက်များက လေထဲတွင် တွဲလောင်းဖြစ်နေဆဲပင်။ တုံ့ပြန်မှုပေးရန် ၃၀ စက္ကန့်ခန့် ကြာမြင့်ခဲ့သည်။
၎င်းသည် ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မကျေနပ်မှုကို ဖော်ပြနေသည့်အလား လေထဲတွင် နှစ်ကြိမ်မျှ ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် အဖုံးကို ကိုင်ထားပြီး ညာဘက်လက်ဖြင့် အဖုံးကို ထောက်ထားသောတိုင်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် လက်နှစ်ဖက်စလုံးဖြင့် အဖုံးကိုကိုင်ကာ ဖြည်းညင်းစွာ ပြန်ပိတ်လိုက်တော့သည်။ ခြုံငုံကြည့်လျှင် ဤလုပ်ဆောင်ချက်ကို ငြင်းပယ်ခြင်း၏ လက္ခဏာတစ်ခုအဖြစ် ရှုမြင်နိုင်ပေသည်။
“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါ”
“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၂/၇”
"အင်း... ဆိုလိုတာက 'ထူးဆန်းမှုခုနစ်ခု' အားလုံးက အသက်အန္တရာယ် မရှိနိုင်ဘူးပေါ့"
ဖုန်းပုကြွယ်သည် သူ့ပစ္စည်းများကို ကောက်ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။
"ဒါမှမဟုတ် သီချင်းတစ်ပုဒ်လုံးကို နားထောင်လိုက်ရင် ငါ သေသွားမှာလား၊ အင်း... ဒီဇာတ်လမ်းက 'သရဲတွေဟာလည်း လူသားတွေပါပဲ' ဆိုတဲ့ ကမ္ဘာ့အမြင်ကို ဖော်ပြဖို့ ကြိုးစားနေသလိုပဲ"
သူ အချိန်ကို လှမ်းကြည့်လိုက်သည်။ ၃၅:၁၈ ဖြစ်နေခဲ့သည်။ သူ ဖုန်းပြန်ခေါ်ရမည့် အချိန်ရောက်ရန် ငါးမိနစ်ခန့်သာ လိုတော့သည်။ ရီရူလီ့အခြေအနေကို သူသိချင်မိသည်။ တာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားချက် မရောက်လာသေးပေ။ ဆိုလိုသည်မှာ သူမသည် 'ဆယ့်သုံးထစ်မြောက် လှေကားထစ်' ၏ နေရာတွင် ပိတ်မိနေဆဲဖြစ်သည်။ စနစ်ကလည်း သူမ သေဆုံးသွားကြောင်း အကြောင်းကြားချက် မပေးသေးပေ။
တစ်ဖက်လူ အန္တရာယ်ရှိနေမှန်း သိသော်လည်း အခြေအနေအမှန်ကို မသိရသည့် ဤခံစားချက်မှာ... ဖုန်းပုကြွယ်ကို အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိပေသည်။ သူသည် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်သည်။ အသုံးမဝင်မှန်း သိသော်လည်း သူ၏ အသင်းဖော် အိုင်ဒီဘေးရှိ "အသက်ရှင်သည်" ဟူသည့် စကားလုံးကို ကြည့်ချင်ရုံသာ ဖြစ်သည်။ ၎င်းမှာ ထူးဆန်းသော ခံစားချက်ဖြစ်သည်။ ကစားသမားများ သေနတ်ပစ်ဂိမ်း ကစားသည့်အခါ အချိန်ရတိုင်း တက်ဘ်ကို နှိပ်ပြီး အသင်းဖော်များ၏ အမည်ကို ကြည့်တတ်သကဲ့သို့ပင်...။
သို့သော် သူ ဂိမ်းမီနူးကို ဖွင့်လိုက်သောအခါ အံ့အားသင့်စရာတစ်ခုကို ရှာတွေ့လိုက်ရသည်။ ဖုန်းပုကြွယ်သည် အသင်းတက်ဘ်ကို ကြည့်လိုက်ပြီး ကျွမ်းကျင်မှုတက်ဘ်တွင် ကျွမ်းကျင်မှုအသစ်တစ်ခု ပွင့်သွားသည်ကို သတိပြုမိလိုက်ခြင်းဖြစ်သည်။
ဂိမ်းတရားဝင်ကာလ ရောက်မှ ပေါ်လာသည့် အရိပ်ဧရိယာ၏ တစ်ဝက်မှာ ပွင့်သွားခဲ့ပြီ ဖြစ်သည်။ ကျွမ်းကျင်မှုအသစ်ကို 'ဝိညာဉ်အတတ်' ဟု ခေါ်ပြီး ဖုန်းပုကြွယ်၏ လက်ရှိ ကျွမ်းကျင်မှုအဆင့်မှာ F ဖြစ်သည်။
ဖုန်းပုကြွယ်သည် ကျွမ်းကျင်မှုအသစ် နှစ်ခုထဲမှ တစ်ခုကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် အမည်ကိုကြည့်ရုံဖြင့် ဤကျွမ်းကျင်မှုကို လေ့ကျင့်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူ သိလိုက်သည်။
စမ်းသပ်ကာလအတွင်းက အထွေထွေကျွမ်းကျင်မှု၊ လက်မှုပညာ၊ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေး၊ ပစ်ခတ်ရေးနှင့် ကုသရေးစသည့် အထူးပြု ၆ မျိုးမှာ ပုံမှန်ဆက်တင်ဟု ထင်ရသည်။ သို့သော် ဤ 'ဝိညာဉ်အတတ်' နှင့် မပွင့်သေးသော နောက်ဆုံးတစ်ခုမှာမူ သဘာဝလွန်စွမ်းအား ဖြစ်ဖို့များပေသည်။
ဤတာဝန်ကို ပြီးမြောက်ပြီးမှ ဝိညာဉ်အတတ် ကျွမ်းကျင်မှု ပွင့်သွားခြင်းလေ သို့မဟုတ် ရေတွင်းဟောင်းတွင် သရဲခြောက်ခံရစဉ်က ပွင့်သွားခြင်းလောကို ဖုန်းပုကြွယ် မသိပေ။ သို့သော်လည်း ၎င်းကို ရရှိခဲ့ပြီးပြီဖြစ်ရာ သူသည် အရာများစွာကို ထည့်သွင်းစဉ်းစားနေမိသည်၊ ဥပမာ ဤဇာတ်လမ်းကို အောင်မြင်ခဲ့လျှင် ရမည့်ဆုလာဘ်သည် ဝိညာဉ်အတတ်နှင့် ပတ်သက်သော စကေးများ ဖြစ်နိုင်မလား။ ထို့အပြင် ဤကျွမ်းကျင်မှုသည် သရဲများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပုံရသဖြင့် ၎င်းသည် အခြားကစားသမားများနှင့် မကောင်းဆိုးဝါးများအပေါ် သက်ရောက်မှု ရှိနိုင်မလား။ ဆက်စပ်နေသော စကေးများကို ရုပ်ပိုင်းဆိုင်ရာအဆင့်တွင် အသုံးပြုနိုင်ပါ့မလား။
သူ ထိုနေရာတွင် ခဏရပ်၍ စဉ်းစားနေစဉ် စနစ်၏ ထွက်ခွာရန် တိုက်တွန်းမှုကို ခံလိုက်ရသည်။ အကယ်၍ သူသာ ဆက်ပြီး ငေးငိုင်နေမည်ဆိုပါက AFK အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ သူသည် ထွက်ခွာပြီး စူးစမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုရမည့် အချိန်က နီးကပ်လာပြီဖြစ်သော်လည်း ရီရူလီထံမှ တာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားချက် မရောက်လာသေးပေ။ ဖုန်းပုကြွယ် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ တစ်မိနစ်သာ ကျန်တော့သည့်အချိန်တွင် သူ တွန့်ဆုတ်နေမိသည်...ထိုဖုန်းကို ခေါ်သင့်၊ မခေါ်သင့် သူဝေခွဲမရ ဖြစ်နေခဲ့သည်။
ရီရူလီသည် အခြေအနေမကောင်း ဖြစ်နေပေလိမ့်မည်မှာ သေချာလှသည်။ ကျောင်းနှင့် ပတ်သက်သော သရဲပုံပြင်များထဲတွင် 'ဆယ့်သုံးထစ်မြောက် လှေကားထစ်' မှာ နာမည်အကြီးဆုံး ဖြစ်သလို ရှင်သန်ရန်လည်း အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။ 'ပြန်လှည့်၊ ပြန်လှည့်... ပထမထစ်ကနေ ဆယ့်သုံးထစ်မြောက်အထိ မတက်ပါနဲ့' ဟူသော သီချင်းစာသားတွင် မည်သည့်သဲလွန်စမျှ ပေးမထားပေ။ အသံအရဆိုလျှင် ဆယ့်သုံးထစ်မြောက်ကို ကျော်လိုက်သည်နှင့် အသက်အန္တရာယ်ရှိသော သတိပေးချက်ကို ဖြစ်ပေါ်စေနိုင်ပေသည်။
သို့သော် ရီရူလီသည် ဖုန်းပုကြွယ်နှင့် ဖုန်းပြောနေစဉ်တွင် အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။ သူမသည် လမ်းလျှောက်ရင်း ရေတွက်နေခဲ့သဖြင့် ဆယ့်သုံးထစ်စလုံးကို တက်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ခုနစ်ထပ်ရှိသော အဆောက်အဦး၏ ဒုတိယထပ်တွင်ပင် ဆယ့်သုံးထစ်မြောက် လှေကားထစ်နှင့် ကြုံရလိမ့်မည်ဟု သူမကိုယ်တိုင်လည်း မျှော်လင့်မထားခဲ့ပေ။
ထိုအချိန်တွင် ဖုန်းပုကြွယ်၏ စဉ်းစားချက်မှာ အကယ်၍ ရီရူလီသည် အခြေအနေ အလွန်ဆိုးရွားနေပါက ဤဖုန်းကို ပြန်ဖြေနိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးသည်။ ထိုသို့ဖြစ်ခဲ့လျှင် သူမသည် တာဝန်ရှိသူ ဖြစ်သွားမည်ဖြစ်ပြီး နောက် ၁၅ မိနစ်အတွင်း ပိုမိုကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရပေတော့မည်။
သို့သော်... အကယ်၍ သူသာ ဤဖုန်းကို မခေါ်ခဲ့ပါက တာဝန်ရှိသူက သူဖြစ်သွားမည်ဖြစ်ပြီး သရဲများ၏ အမဲလိုက်ခြင်းကို ခံရမည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ခြင်းဖြင့် ရီရူလီအနေဖြင့် နောက်ထပ်အန္တရာယ်များ ထပ်မတိုးလာစေရန် သူအာမခံနိုင်ပေလိမ့်မည်။
သူ တွန့်ဆုတ်နေစဉ်မှာပင် အချိန်စေ့သွားခဲ့ပြီ ဖြစ်သည်။