အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇)
သူ့အသင်းဖော်၏ စွမ်းဆောင်ရည်ကို ယုံကြည်ရမလား သို့မဟုတ် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုပဲ ယုံကြည်ရမလားဟူသော မေးခွန်းအတွက် ကန့်သတ်အချိန်အတွင်း၌ ဖုန်းပုကြွယ် ရွေးချယ်မှု ပြုလုပ်ခဲ့ရသည်။ ဤစိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုသည် ကြောက်ရွံ့ခြင်းအပြင် စနစ်ကပေးသော အခြားဖိအားတစ်မျိုးပင် ဖြစ်၏။ ဖုန်းပုကြွယ်၏ ရွေးချယ်မှု ရလဒ်ကို ခေတ္တဖယ်ထားလျှင်ပင် ကစားသမားနှင့် စနစ်တို့အကြား ကစားရသော ဤဂိမ်းတွင် သူရှုံးနိမ့်နေခဲ့ပြီ ဖြစ်သည်။ တိကျစွာ ကောက်ချက်မချနိုင်သည့် အရာတစ်ခုအပေါ် အာရုံရောက်နေခြင်းက မိမိကိုယ်ကိုယ် အန္တရာယ်တွင်းထဲသို့သာ တွန်းပို့ရာ ရောက်ပေလိမ့်မည်။
ထိုအချိန်တွင် ကလေးငိုသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဖုန်းပုကြွယ်နားထဲသို့ တိုးဝင်လာခဲ့သည်။ သူသည် အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ရှေ့တွင် မှောင်မည်းနေသော ကော်ရစ်ဒါတစ်ခု ရှိနေလေသည်။ ထိုအသံသည် ကော်ရစ်ဒါအဆုံးရှိ ထောင့်ချိုးတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ အလျင်စလို ပြေးမသွားဘဲ ဖုန်းထဲမှ အချိန်ကို ငုံ့ကြည့်လိုက်သည်။ အချိန်မှာ ၄၀:၂၇ ဖြစ်သည်။ ဖုန်းခေါ်ဆိုချိန် လွတ်သွားရန် ၁၈ စက္ကန့်သာ လိုတော့သည်။
နောက်ဆုံးတွင် သူသည် အမြန်ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။ သူတို့နှစ်ဦးသည် ဇာတ်လမ်းတစ်ခုသာ အတူတူ ဖြတ်သန်းခဲ့ဖူးခြင်းဖြစ်သော်လည်း သူသည် ရီရူလီ၏ စွမ်းဆောင်ရည်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် အကယ်၍ သူသာ ဤဖုန်းကို မခေါ်ခဲ့ပါက တစ်ဖက်လူမှာလည်း နောက်ထပ် ၁၅ မိနစ်အတွင်း သူခံစားနေရသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ခံစားရလိမ့်မည်ဟု သူယုံကြည်၏။
ထိုအချက်ကို သူနားလည်သွားသောအခါ သူတတ်နိုင်သရွေ့ ဖုန်းခေါ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ဦး ဆက်သွယ်၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူဖုန်းခေါ်လိုက်ခြင်းက အနည်းဆုံးတော့ သူတို့ထဲမှ တစ်ယောက်မှာ ဘေးကင်းနေကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ သင်္ချာနည်းအရ တွက်ချက်မည်ဆိုလျှင် သူဖုန်းခေါ်လိုက်ပါက သူတို့နှစ်ဦးစလုံး သရဲလိုက်ခြင်း မခံရဖို့ အခွင့်အရေး ၅၀ ရာခိုင်နှုန်း ရှိသော်လည်း ဖုန်းမခေါ်ခဲ့ပါက တစ်ဦးဦး သရဲလိုက်ခြင်းခံရရန် ၁၀၀ ရာခိုင်နှုန်း သေချာနေပေသည်။
တူ...
ဖုန်းတစ်ချက် မြည်သွားပြီးနောက် ရီရူလီက ဖုန်းကိုင်လိုက်သည်။
"ကျွန်မ အဆင်ပြေတယ်၊ စိတ်မပူနဲ့"
"အင်..." သူမ၏ အသံကို ကြားလိုက်ရသဖြင့် ဖုန်းပုကြွယ် ဝမ်းသာသွားသော်လည်း သူထပ်လောင်းပြောဆိုလိုက်သည်မှာ "မင်းပဲ ပြောခဲ့တယ် မဟုတ်လား... တစ်ဖက်လူ အဆင်ပြေရဲ့လားဆိုတာ မမေးနဲ့ဆို"
နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့သည်...။
ထို့နောက် ဖုန်းထဲမှ တူ... တူ... မြည်သံ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် ဖုန်းလိုင်း ပြတ်တောက်သွားတော့သည်။
ဤအခြေအနေအတွက် ရှင်းလင်းချက်တစ်ခုသာ ရှိသည်...။ ရီရူလီသည် ဖုန်းပုကြွယ်ကို စော်ကားလိုစိတ် မရှိသော်လည်း မပျော်မရွှင်ဖြင့် ရေရွက်ပြောဆိုကာ သူမ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဖုန်းချလိုက်ခြင်း ဖြစ်သည်။
လိုင်းမအားသည့်အသံကို ကြားနေရသဖြင့် ဖုန်းပုကြွယ်တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ သူသည် ဖုန်းကို သူ့မျက်လုံးရှေ့သို့ သစ်သားချောင်းတစ်ခုလို မြှောက်ကြည့်လိုက်မိသည်။
"ဟေး၊ ဒါ ဘာလဲ၊ ဘာလို့ ငါ့ဖုန်းကို ပိတ်ချလိုက်တာလဲ၊ တစ်ဖက်လူ အဆင်ပြေရဲ့လား မမေးနဲ့လို့ ပြောခဲ့တာလည်း မင်းပဲလေ၊ အခုတော့ ငါ့ကို လာဆူနေတယ်၊ ပြီးတော့ ငါ့ကို အောင်အောင်မြင်မြင် ဆူနိုင်တာကို ကြည့်ရင် မင်းအခြေအနေ ကောင်းနေတာပဲ မဟုတ်လား"
သူသည် မျက်လုံးများ ပြူးကာ ဖုန်းကို အော်ဟစ်နေမိသည်။ သို့သော် ဖုန်းလိုင်း ပြတ်တောက်နေပြီဖြစ်သဖြင့် ရီရူလီ ကြားနိုင်မည် မဟုတ်ပေ။ သူသည် စိတ်ထဲရှိသမျှကိုသာ ဖွင့်အံနေခြင်း ဖြစ်သည်။
"ငတုံးလား၊ ငတုံးလား၊ ငတုံးတစ်ကောင်လား၊ ဒီစကားလုံးတွေထက် မပိုပါဘူး၊ ငါ ဘာလုပ်မိလို့လဲ၊ ငါ့ကို ဆူပြီးရင် ဖုန်းချစရာမလိုဘူး မဟုတ်လား၊ ဒီလိုမှန်း စောစောကသိရင် ငါ မကစားပါဘူး"
သူ့ရှေ့တွင် ကလေးငိုသံများက ပို၍ ပို၍ ကျယ်လောင်လာပြီး သူ့နားထဲသို့ သီချင်းထဲကအတိုင်း တိုးဝင်နေခဲ့သည်။
"ဝါး... ဝါး... ဝါး... ဝါး... ဝါး... ဝါး... ကလေးငိုသံတွေက ငါ့နားထဲမှာ..."
ဖုန်းပုကြွယ်သည် ဖုန်းကို ပိတ်၍ ဘယ်ဘက်လက်ဖြင့် ကိုင်ထားလိုက်သည်။ လက်နှိပ်ဓာတ်မီးကိုလည်း ထိုလက်ထဲသို့ ပြောင်းကိုင်လိုက်၏။ ထို့နောက် ကျောပိုးအိတ်ထဲမှ မီးဖိုချောင်သုံးဓားကို ထုတ်ယူကာ ညာဘက်လက်ဖြင့် ပြောင်းပြန်ဆုပ်ကိုင်လျက် ရှေ့သို့ ပြေးထွက်သွားတော့သည်။
ကော်ရစ်ဒါထောင့်ကို ချိုးလိုက်သောအခါ ကြမ်းပြင်ပေါ်ရှိ ခြင်းတောင်းတစ်ခုကို သူ ချက်ချင်း မြင်လိုက်ရသည်။ ၎င်းသည် ပျော်ပွဲစားထွက်ရာတွင် အသုံးပြုသည့် ဖိနပ်ပုံသဏ္ဌာန် ဝါးခြင်းတောင်းလေးနှင့် တူနေပေသည်။ ခြင်းတောင်းထဲတွင် ကလေးငယ်တစ်ဦး လဲလျောင်းနေ၏။ ကလေး၏ ခန္ဓာကိုယ်ကို အဖြူရောင်တဘတ်ဖြင့် ပတ်ထားပြီး ဦးခေါင်းသာ ပေါ်နေခဲ့သည်။ ၎င်း၏ မျက်နှာက ထူးခြားမှု မရှိပေ။ မျက်လုံးများ ပိတ်ထားပြီး မျက်နှာသွင်ပြင်များပင် အပြည့်အစုံ မပေါ်သေးသော မွေးကင်းစ ကလေးငယ်တစ်ဦးနှင့် တူနေခဲ့သည်။
ဖုန်းပုကြွယ်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ သူသည် ကလေးငယ်အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း ဘာလိုချင်တာလဲ၊ ပြောစမ်း… တကယ်လို့ မင်း စက္ကန့် ၃၀ အတွင်း မပြောဘူးဆိုရင် မင်းခေါင်း ပြတ်သွားလိမ့်မယ်"
ကလေးငယ်မှာ ငိုနေဆဲဖြစ်ပြီး ပို၍ပင် အားသွန်ခွန်စိုက် ငိုတော့သည်။
"ဝါး... ဝါး..."
၎င်း၏ ငိုသံသည် အလွန်စူးရှလှပြီး မှန်ကို လက်သည်းဖြင့် ကုတ်ခြစ်နေသည့်အသံနှင့် တူလှသည်။ ၎င်းက လူများကို ဆံပင်များ အဆုံးထိထောင်ထသွားစေမည် ဖြစ်သည်။
"ငိုစမ်း"
ဖုန်းပုကြွယ်က အသံမြှင့်လိုက်သည်။
"ငိုနေတာလည်း အချိန်ထဲမှာ တွက်တယ်နော်"
သူ၏ လူမိုက်ဆန်ဆန် စစ်မေးမှုသည် အလွန်ဆိုးရွားသော ရလဒ်တစ်ခုကို ဖြစ်ပေါ်စေတော့သည်။ ကလေးငယ်က သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ မျက်ခွံအောက်ရှိ မျက်လုံးများသည် သွေးရောင်လွှမ်းနေသော ပယင်းကျောက်များကဲ့သို့ ရှိနေ၏။ သူ့မျက်နှာသွင်ပြင်များ စုကျုံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြသလိုက်တော့သည်။
ဒဏ္ဍာရီများအရ ကလေးတစ်ဦး မွေးဖွားလာသည့်အခါ ကလေး၏ ဝိညာဉ်သုံးခုနှင့် နာမ်ခုနစ်ခုမှာ တစ်သားတည်း မဖြစ်သေးပေ။ ထိုကလေးတွင် ယင်ယန်မျက်လုံးများ ရှိတတ်ပေသည်။ အကယ်၍ ထိုကဲ့သို့သော ကလေးငယ်တစ်ယောက် သေဆုံးသွားပါက နာကြည်းမုန်းတီးမှုမှာ အလွန်ပင် ပြင်းထန်လှသည်။ ၎င်းသည် သာမန် မြေစောင့်ဝိညာဉ်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။
ဖုန်းပုကြွယ်ရှေ့တွင် ကလေးငယ်ရှိနေသော ပုခက်သည် လူတစ်ယောက်၏ ကိုယ်ထည်အဖြစ်သို့ ပြောင်းလဲသွား၏။ သေဆုံးနေသော ထိုလူ၏ မျက်နှာတွင် ခြောက်ခြားဖွယ်ရာများ ပြည့်နှက်နေလေ၏။ သူ၏ ခြေလက်အင်္ဂါ အားလုံး မရှိတော့ချေ။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများကိုမူ အပြင်သို့ ဆွဲထုတ်ထားပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေစေသည်။ ကလေးငယ်မှာ သေဆုံးသူ၏ ဟောင်းလောင်းဖြစ်နေသော ကိုယ်ထည်ထဲတွင် လဲလျောင်းနေခြင်းဖြစ်သည်။ ၎င်းသည် ဖုန်းပုကြွယ်ကို ကြည့်ကာ သွားဖြဲလိုက်သည်။
"အရိုးတွေကို ပုခက်လုပ်ပြီး အရေပြားကို အိတ်လုပ်ထားတာပေါ့ ဟုတ်လား"
ဖုန်းပုကြွယ်သည်လည်း ထိုလူသေကြည့်ကာ ပြုံးပြလိုက်သည်။ သူ မကြောက်ရွံ့ပေ။ တကယ်တမ်းတွင် သူ အနည်းငယ် ဒေါသထွက်နေခြင်း ဖြစ်သည်။
သူ စကားပြောနေစဉ်မှာပင် သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ ကော်ရစ်ဒါတစ်ခုလုံးတွင် အလားတူ သေဆုံးနေသော အလောင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် ကိုယ်တွင်းအင်္ဂါများကို အပြင်သို့ ဆွဲထုတ်ခံထားရပြီး ခြေလက်များလည်း မရှိကြတော့ပေ။ ၎င်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား ဖြစ်တော့သည်။
"မင်းကတော့ ဝင်ကစွက်ကောင် ပြန်ဝင်စားလာတာပဲ ဖြစ်မယ်"
ဖုန်းပုကြွယ်က ပြောလိုက်သည်။
"ငါ ခန့်မှန်းကြည့်ရမလား... အင်း... မင်းအမေက ဒီကျောင်းက ကျောင်းသူတစ်ယောက် ဖြစ်မယ်၊ သူဟာ ဆရာတစ်ယောက် ဒါမှမဟုတ် ကျောင်းသားတစ်ယောက်ရဲ့ ကစားတာကို ခံခဲ့ရတယ်၊ ကိုယ်ဝန် ဆယ်လရှိလာတဲ့အခါ သူက အကူအညီတောင်းဖို့ ကျောင်းကိုလာခဲ့ပေမဲ့ ရက်ရက်စက်စက် ငြင်းပယ်ခံခဲ့ရတယ်၊ နောက်ဆုံးတော့ သူဟာ ဒီကော်ရစ်ဒါမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ဘူး၊ သူမသေခင်မှာ နာကြည်းမုန်းတီးမှုတွေနဲ့ မင်းကို ဗိုက်ထဲကနေ တူးထုတ်ခဲ့တာလား"
ဝတ္ထုရေးဆရာဆိုသည်မှာ ဝတ္ထုရေးဆရာပင် ဖြစ်သည်။ အချက်အလက်များကို ဖြည့်စွက်ပြီး စကားလုံးများအဖြစ် ဘာသာပြန်နိုင်စွမ်းက အံ့ဩစရာပင်။
ကလေးသရဲသည် ထိုစကားကို ကြားပြီးနောက် ရယ်သံများ ရပ်တန့်သွားသည်။ နောက်တစ်စက္ကန့်တွင်မူ ၎င်းမှာ ရင်ကွဲလုမတတ် အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုအသံသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး ကော်ရစ်ဒါလမ်းတစ်ဖက်ရှိ ပြတင်းပေါက်မှန်အားလုံးကို ကွဲအက်သွားစေခဲ့သည်။ ဖုန်းပုကြွယ်၏ အသက်အမှတ်များလည်း ကျဆင်းသွားရသည်။
ဤမကောင်းဆိုးဝါးကို ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်၍ ရနိုင်မည် မဟုတ်ပုံရသည်။ ဖုန်းပုကြွယ်သည် ကလေးသရဲကို ထိုးစိုက်ရန် ဓားကို အလျင်အမြန် ပင့်မြှောက်လိုက်သည်။ သို့သော် ဓားမထိမီမှာပင် တစ်စုံတစ်ခုက သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်လေသည်။ သူ လှည့်ကြည့်လိုက်ရာ နံရံထဲမှ လက်တစ်ဖက် ထွက်ပေါ်လာပြီး သူ့တိုက်ခိုက်မှုကို တားဆီးထားသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သေဆုံးနေသော အလောင်းများ၏ ခြေလက်များသည် အနီးအနားတွင်သာ ရှိနေဆဲ ဖြစ်ပုံရသည်...။
ကျေးဇူးတင်ရမည်က ကလေးသရဲ၏ စူးရှသော အော်ဟစ်သံသည် အချိန်အကန့်အသတ် ရှိနေခြင်းပင်။ ၎င်းမှာ ၇ စက္ကန့် သို့မဟုတ် ၈ စက္ကန့်ခန့်အကြာတွင် ရပ်တန့်သွားခဲ့သည်။ မဟုတ်ပါက ဖုန်းပုကြွယ်၏ အသက်အမှတ်များ ခန်းခြောက်သွားနိုင်ပေသည်။ သို့သော်လည်း အခြေအနေက ကောင်းမွန်မနေသေးပေ။ ကော်ရစ်ဒါ၏ နံရံနှစ်ဖက်စလုံးမှ ခြေလက်များစွာ ထွက်ပေါ်လာနေပြီး ၎င်းတို့ တစ်ခုချင်းစီမှာ လှုပ်ရှားနိုင်ကြ၏...။
အချိန်ဆွဲနေခြင်းက သူ့အတွက် မကောင်းမှန်း ဖုန်းပုကြွယ်သိသဖြင့် သူသည် ပြတ်သားစွာ နောက်လှည့်လိုက်ပြီး ထိုလက်ကို မီးဖိုချောင်သုံးဓားဖြင့် ခုတ်ချလိုက်သည်။ ကံမကောင်းစွာပင် လူ့လက်တစ်ဖက်သည် ထိုမျှ အလွယ်တကူ ပြတ်တောက်သွားခြင်း မရှိသကဲ့သို့ အလောင်းတစ်လောင်း၏ လက်မှာလည်း ထို့အတူပင် ဖြစ်သည်။
မီးဖိုချောင်သုံးဓား၏ အသွားက သရဲလက်၏ အသားထဲသို့ နစ်ဝင်သွားခဲ့သည်။ သွေးများ အမြောက်အမြား စီးကျလာပြီး ခန္ဓာကိုယ်ထည်ထဲသို့ စီးဝင်ကာ သရဲကလေး၏ ကိုယ်ပေါ်သို့ ပက်ဖြန်းသွားစေသည်။ ကလေးက စတင် ပြန်လည်ရယ်မောလာပြန်သည်။ ထိုအသံသည် ဖုန်းပုကြွယ်၏ နားထဲသို့ တိုးဝင်နေပြီး နှလုံးကွဲမတတ် ခံစားရစေသည်။ အကယ်၍ ဂိမ်းထဲတွင် နာကျင်မှုကို ကန့်သတ်ထားခြင်း မရှိပါက ဖုန်းပုကြွယ်တစ်ယောက် မေ့လဲသွားနိုင်ပေသည်။
သူ လွတ်မြောက်နိုင်ခြင်း မရှိသည်ကို မြင်သောအခါ ဖုန်းပုကြွယ်သည် အခြားတစ်ဖက်မှ ဖုန်းနှင့် လက်နှိပ်ဓာတ်မီးကို ကပျာကယာ ပစ်ချလိုက်သည်။ သူသည် သူ့အိတ်ထဲမှ မာရီယို၏ ဂွကို ထုတ်ယူကာ ကလေးသရဲ၏ ဦးခေါင်းကို ဝှေ့ယမ်းရိုက်နှက်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူအောင်မြင်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ဦးနှောက်ထိခိုက်ခြင်း အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်သွားစေခဲ့သည်။
ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် စကေးသက်ရောက်မှု ခံလိုက်ရပြီးနောက် လှုပ်ရှားနေသော ခြေလက်များ ရပ်တန့်သွားတော့သည်။ ဖုန်းပုကြွယ်သည် ဤအခွင့်အရေးကို အသုံးချ၍ သူ့ညာဘက်လက်ကို လွတ်အောင် ရုန်းလိုက်သည်။ လက်နှစ်ဖက်စလုံးကို အသုံးပြုကာ သေဆုံးနေသော ကိုယ်ထည်ပုခက်ထဲရှိ ကလေးသရဲကို တရစပ်ထိုးနှက်တော့သည်။ ထိုမြင်ကွင်းသည် သွေးပျက်ဖွယ်ကောင်းလှပြီး လူမဆန်သော လုပ်ရပ်တစ်ခုဟု ပြောလျှင်ပင် ပိုမည်မထင်ပေ။
မကြာမီတွင် နံရံမှ ထွက်ပေါ်လာသော ခြေလက်များ ပျောက်ကွယ်သွားခဲ့သည်။ ထိုမကောင်းဆိုးဝါးမှာ ဆက်မတောင့်ခံနိုင်တော့ပုံရသည်။ ယင်းက ကလေးသရဲပျက်စီးတော့မည့် အရိပ်အယောင်ဟု ဖုန်းပုကြွယ် ထင်မှတ်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် ဖြစ်ရပ်အသစ်တစ်ခု ပေါ်ပေါက်လာလေသည်။
သရဲကလေးကို ထည့်ထားသော သေဆုံးနေသည့် ကိုယ်ထည်၏ မျက်နှာက ဝေဝါးလာသည်ကို ဖုန်းပုကြွယ် သတိပြုမိလိုက်သည်။ ဖြည်းညင်းစွာဖြင့် ထိုမျက်နှာသည် သူ၏ ကိုယ်ပိုင်မျက်နှာနှင့် တူလာတော့သည်။ ၎င်းသည် စတင်စကားပြောလာပြီး အသံသည်ပင် သူနှင့် တူနေလေသည်။
"နာလိုက်တာ... တော်တော့... တော်တော့"
သေဆုံးနေသော ကိုယ်ထည်၏ အသံသည် ညည်းတွားသံမှ ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ၎င်း၏ ကျောကို တွန့်လိမ်ကာ အစွမ်းကုန်ရုန်းကန်နေပြီး ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားနေခဲ့သည်။
ဖုန်းပုကြွယ် တုံ့ဆိုင်းသွားစဉ် ကလေးသရဲသည် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။ သေဆုံးနေသော ကိုယ်ထည်မှာမူ ဟောင်းလောင်းဖြစ်နေသော ဝမ်းဗိုက်နှင့် ကိုယ်တွင်းအင်္ဂါ အချို့သာ ကျန်ရစ်တော့သည်။
သူလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းပုကြွယ် သိလိုက်သည်။ ထိုမကောင်းဆိုးဝါးသည် အသက်ရှူချောင်ရန်နှင့် ထွက်ပြေးရန်အတွက် လှည့်ကွက်တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူသည် မီးဖိုချောင်သုံးဓားကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး ကြမ်းပြင်ပေါ်မှ လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်လိုက်သည်။ သူ မတ်တတ်ရပ်လိုက်ပြီး ကော်ရစ်ဒါရှိ ဟောင်းလောင်းဖြစ်နေသော အလောင်းများကို ဓာတ်မီးအလင်းရောင်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူသည် ကလေးသရဲ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို ရှာဖွေလိုခြင်း ဖြစ်သည်။
"ဟီး... ဟီး... ဟီး..."
ကြက်သီးထဖွယ် ရယ်သံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ထိုရယ်သံသည် ကလေးတစ်ယောက်၏ အသံနှင့် လုံးဝ မတူတော့ပေ။ ကြောက်စရာအကောင်းဆုံး အချက်မှာ ထိုရယ်သံ ထွက်ပေါ်လာရာနေရာသည်... သူနှင့် အလွန်နီးကပ်နေခြင်းပင် ဖြစ်သည်။
ဖုန်းပုကြွယ် တစ်စုံတစ်ခုကို သတိထားမိသွားသည်။ သူသည် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်စိထဲတွင် မြင်လိုက်ရသော မြင်ကွင်းသည် မည်သူ့ကိုမဆို သွေးပျက်သွားစေနိုင်ပေသည်...။ သွေးများဖုံးလွှမ်းနေသော ကလေးသရဲသည် သူ့ဝမ်းဗိုက်ထဲတွင် ကွေးလျက် ရှိနေလေသည်။ ၎င်း၏ လက်ကလေးတစ်ဖက်က သူ၏ နံရိုးတစ်ချောင်းကို ဆွဲကိုင်ထား၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆိုးယုတ်သော ရယ်သံများ ထွက်ပေါ်နေခဲ့သည်။
"မင်းက ဒီလိုပုံရိပ်ယောင်တွေ သုံးပြီး ငါ့ကို သတ်သေသွားအောင် လုပ်ချင်တာလား"
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် ထိုမြင်ကွင်းကို လျစ်လျူရှုကာ သူ့ကျောပိုးအိတ်ကို လှမ်းကိုင်လိုက်သည်။ သူ မြင်နေရသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း သူ သိပေသည်။ သူ၏ အထိအတွေ့အာရုံမှာ ထိခိုက်ခြင်း မရှိပေ။ သူသည် သူ့အဝတ်အစားများနှင့် သူ ပိုးထားသော ကျောပိုးအိတ်ကို ထိတွေ့နိုင်ဆဲ ဖြစ်သည်။
သူသည် ရန်လိုမှုမျက်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို တပ်ဆင်လိုက်ရင်း သူပြောလိုက်၏။
"ငါ ဒီပစ္စည်းကို မေ့တော့မလို့"
ထိုအချိန်တွင် ဤပစ္စည်း၏ အခြားအသုံးဝင်ပုံတစ်ခုကို သူသတိရသွားသည်။
ဖုန်းပုကြွယ်သည် ထိုပစ္စည်းကို ဝတ်ဆင်ပြီးနောက် လက်နှိပ်ဓာတ်မီး၏ အကူအညီဖြင့် အလောင်းတိုင်းနှင့် ကော်ရစ်ဒါထောင့်တိုင်းကို စစ်ဆေးတော့သည်။ ကလေးသရဲ ပုံရိပ်ယောင်များကို ဖန်တီးနေသရွေ့ ၎င်းပေါ်လာပေလိမ့်မည်။
သေချာပေါက်ပင်။ သူ့အကြည့်က ဟောင်းလောင်းဖြစ်နေပုံရသော အလောင်းတစ်လောင်းပေါ်သို့ ကျရောက်သွားသောအခါ ရန်လိုမှုမျက်လုံးက တုံ့ပြန်လာတော့သည်။ ဤနေရာတွင် ကစားသမားကို ပစ်မှတ်ထားနေသော မကောင်းဆိုးဝါးတစ်ကောင် ရှိနေလေသည်။
ဖုန်းပုကြွယ်သည် အနားသို့ လှမ်းတက်သွားကာ တုံ့ဆိုင်းမနေဘဲ ဂွဖြင့် ခုတ်ချလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ဒဏ်ရာအပြင်းအထန်ရထားသော ထိုမကောင်းဆိုးဝါးမှာ အစွမ်းကုန်သွားခဲ့ပြီ ဖြစ်သည်။
“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”
“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၃/၇”
“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”
“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၄/၇”
စနစ်၏ ကြေညာချက် နှစ်ခုက တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ ဖုန်းပုကြွယ်က ကလေးသရဲကို ကိုင်တွယ်နေစဉ် ရီရူလီသည်လည်း ဆယ့်သုံးထစ်မြောက် လှေကားထစ်၏ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
"ဟမ့်..."
ဖုန်းပုကြွယ်က နှာခေါင်းရှုံ့ကာ သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။
"ငါ အပိုတွေ စိတ်ပူနေခဲ့တာပဲ"
...
ပင်မဆောင်အတွင်းတွင် ရီရူလီသည် ကော်ရစ်ဒါနံရံကို မှီကာ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည်။
သူမဘေးရှိ ကော်ရစ်ဒါလမ်းတစ်လျှောက်တွင်မူ ရေတွက်မရနိုင်သော သရဲအလောင်းများ ရှိနေလေသည်။သွေးများသည် ကြမ်းပြင်ပေါ်တွင် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေ၏။ သွေးညှီနံ့များနှင့် ထိုမကောင်းဆိုးဝါးတို့၏ နံစော်လှသော အနံ့ဆိုးများသည် လူတစ်ယောက်ကို ထိုနေရာမှ ထွက်ပြေးသွားချင်စိတ်ပေါက်အောင် ပြုလုပ်ရန် လုံလောက်ပေသည်။
သို့သော်လည်း ထိုအချိန်တွင် သူမသည် အခြားနေရာသို့ ရွှေ့ရန်ပင် အင်အားမရှိတော့ချေ။
မီးအိမ်နှင့် ဓားရှည်သည် သူ့မဘေးရှိ ကြမ်းပြင်ပေါ်တွင် ရှိနေခဲ့သည်။သူမ၏ ညာဘက်လက်သည် ဖုန်းကို ကိုင်ထားပြီး ဘယ်ဘက်လက်မှာ ခါးညာဘက်ရှိ ဒဏ်ရာကို ဖိထားရသည်။ ဒဏ်ရာမှ သွေးများသည် ရပ်တန့်ခြင်း မရှိသေးဘဲ သူမလက်ချောင်းများကြားမှ စိမ့်ထွက်နေဆဲ ဖြစ်သည်။
ဤအထပ်သည် ဆယ့်သုံးထစ်မြောက် လှေကားထစ်နှင့် ဆက်သွယ်နေခြင်း ဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်လိုက်သည်နှင့် လွတ်လမ်းမရှိသလို ပုန်းစရာ နေရာလည်း မရှိတော့ပေ။ ထိုနေရာတွင် မကောင်းဆိုးဝါး အမြောက်အမြားဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထဲမှ အချို့သည် ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်၏ ကြောက်ရွံ့မှုအမှတ်ကို ထိုးတက်သွားစေနိုင်သည်။ ထိုနေရာသို့ လမ်းလျှောက်ဝင်လာသူ မည်သူမဆို အသတ်ခံရပြီး ထိုမိစ္ဆာဝိညာဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားမည်သာ ဖြစ်သည်။ သို့မဟုတ် ရီရူလီကဲ့သို့ ၎င်းတို့အားလုံးကို သတ်ပစ်ရမည် ဖြစ်သည်...။
အမှန်တကယ်တော့ နောက်ဆုံးအကြိမ် ဖုန်းပြောခဲ့စဉ်ကပင် ရီရူလီ၏ အခြေအနေမှာ အလွန်ဆိုးရွားနေခဲ့ပြီ ဖြစ်သည်။ သူမက ဖုန်းပုကြွယ်ကို "ကျွန်မ အဆင်ပြေတယ်၊ စိတ်မပူနဲ့" ဟု ပြောခဲ့စဉ်က သူမ သူ့ကို လိမ်ညာခဲ့ခြင်း ဖြစ်သည်။
အချိန် ၄၀:၀၀ နီးကပ်လာသောအခါ ရီရူလီမှာ တိုက်ပွဲအလယ်တွင် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ သူမ ဒဏ်ရာရထားသော်လည်း သူမ၏ အသက်ရှူသံကို ထိန်းညှိ၍ ဖုန်းကို ချက်ချင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ သူမ၏ မူမမှန်သော အပြုအမူများက သူမအသင်းဖော်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်ကို သူမ သိသည်။
ယခုတွင် ရီရူလီသည် ဤနေရာရှိ မကောင်းဆိုးဝါးအားလုံးကို ရှင်းလင်းပြီးပြီဖြစ်သဖြင့် ခဏအနားယူရန် လိုအပ်နေပေသည်။ သူမ၏ အသက်အမှတ်နှင့် သက်လုံအမှတ်များသည် ပြန်လည်ကောင်းမွန်ရန် လိုအပ်နေပြီး သွေးထွက်ခြင်းအခြေအနေကိုမူ ကုသမရနိုင်သေးပေ။ ဤအခြေအနေတွင် သူမ၏ ဒဏ်ရာကို ဖိထားမှသာ အသက်အမှတ်များ ဆက်လက်လျော့နည်းခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် စနစ်က သူမအား AFK ဟု သတ်မှတ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကစားသမားသည် အခြေအနေအရ ရပ်တန့်နေရခြင်းကြောင့် ဖြစ်သည်။ သာမန်အဆင့်ခက်ခဲမှုတွင် စနစ်သည် သေလုမျောပါး ဖြစ်နေသော ကစားသမားကို ဆက်လက် လှုပ်ရှားရန် အတင်းအကျပ် ခိုင်းစေမည် မဟုတ်ပေ။ အိပ်မက်ဆိုးအဆင့် ခက်ခဲမှုမှာမူ ၎င်းနှင့် တခြားစီပင် ဖြစ်သည်။
ရီရူလီ ဖုန်းထဲမှ အချိန်ကို ကြည့်လိုက်သည်။ နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုရန် ၁၀ မိနစ်ခန့် ကျန်နေသေးသည်။ သူမ၏ လက်ရှိအခြေအနေဖြင့် မည်သည့်သရဲ၏ အမဲလိုက်ခြင်းကိုမှ မခံချင်သဖြင့် သူမသည် နောက်တစ်ကြိမ် ဖုန်းမခေါ်မီ နံပါတ်နှိပ်ခြင်းကို အပြီးသတ်ရမည် ဖြစ်သည်။
ပြီးခဲ့သော ဖုန်းခေါ်ဆိုမှုအပြီးတွင် ဖုန်းပုကြွယ်မှာ ဒေါသထွက်နေခဲ့ပြီး ရီရူလီမှာမူ စိတ်မကောင်း ဖြစ်နေခဲ့သည်။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သူတို့နှစ်ဦးစလုံးတွင် တာဝန်ရှိသော်လည်း၊ အဓိကတာဝန်မှာကား... ဖုန်းပုကြွယ်၏ ခေါင်းပေါ်သို့သာ ကျရောက်လာပေလိမ့်မည်။ သူမ၏ စေတနာကို နားမလည်ဘဲ ထိုကဲ့သို့ အရှက်ရဖွယ် စကားလုံးမျိုးဖြင့် ပြန်လည်ပြောဆိုခဲ့ခြင်းက သူအမှားသာ ဖြစ်သည်။
မည်သည့်အချိန်တွင်မဆို အမျိုးသားတစ်ဦးအနေဖြင့် မည်မျှပင် အကြောင်းပြချက် ခိုင်လုံနေပါစေ အမျိုးသမီးတစ်ဦး၏ ရှေ့နောက်မညီမှုများကို ပြန်ပြင်ပေးရန် မကြိုးစားသင့်ပေ။
တောက်... တောက်... တောက်...
ရီရူလီ အသက်ရှူချောင်ပြီဟု ထင်လိုက်သည့်အချိန်တွင် အမှောင်ထု တစ်နေရာမှ ရေစက်ကျသံများ ထွက်ပေါ်လာခဲ့လေသည်။
အခန်း (၇၈)
ဖုန်းပုကြွယ် ကလေးသရဲကို ဖြေရှင်းပြီးနောက်တွင် သူ့ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်အားလုံး ပျောက်ကွယ်သွားတော့သည်။ ကော်ရစ်ဒါပေါ်တွင် ပြန့်ကျဲနေသော မှန်ကွဲစအချို့ကသာ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေတော့သည်။ နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုရန် အချိန်အနည်းငယ် ကျန်နေသေးသဖြင့် သူသည် သဘာဝကျစွာပင် ရှာဖွေမှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ဖုန်းပုကြွယ်၏ ခန့်မှန်းချက်အရ သီချင်းစာသားထဲရှိ ကျန်ရှိနေသော သဘာဝလွန်ဖြစ်ရပ် သုံးခုအနက် နောက်ဆုံးတစ်ခုကိုမူ လောလောဆယ် လျစ်လျူရှုထားရန် သူ ဆုံးဖြတ်လိုက်သည်။ ရေစက်ကျသံနှင့် ပတ်သက်သော ဖြစ်ရပ်ကိုတော့ ရေဘုံဘိုင်ခေါင်းရှိသည့် မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်ပြီး ၎င်းက အိမ်သာဖြစ်ရန် အခွင့်အရေး ၉၀ ရာခိုင်နှုန်းခန့် ရှိ၏။ လူသား အသားစွပ်ပြုတ်နှင့် ပတ်သက်သော ဖြစ်ရပ်မှာကား အခြားအဆောက်အဦးအောက်ထပ်ရှိ ကန်တင်းတွင် ရှိနေသင့်သည်။
ဤဇာတ်လမ်း၏ မြေပုံက သိပ်မကြီးသော်လည်း ကန့်သတ်ချက်များစွာ ရှိနေပေသည်။ ၎င်းမှာ အက်ရှာအိမ်တော် ဇာတ်လမ်းနှင့် ဆင်တူသော်လည်း ပိုမိုခက်ခဲနိုင်ပေသည်။
ဖုန်းပုကြွယ် လက်ရှိရောက်ရှိနေသော စာသင်ဆောင်သည် အထပ်ငါးထပ်ရှိပြီး ပင်မဆောင်ထက် နိမ့်ပေသည်။ သူ၏ ခန့်မှန်းချက်အရ အပေါ်ထပ် လေးထပ်သို့ တက်သင့်၊ မတက်သင့်မှာ ငြင်းခုံစရာ ဖြစ်သည်။ အကယ်၍ သူတက်သွားပါက ရီရူလီထက်အရင် ရေစက်ကျသည့် ဖြစ်ရပ်ကို ကြုံတွေ့ရနိုင်ပြီး ဘေးထွက်တာဝန် သို့မဟုတ် လျှို့ဝှက်တာဝန် တစ်ခုခုကိုလည်း ပွင့်သွားစေနိုင်သည့် အခွင့်အရေး ရှိသည်။ အကယ်၍ သူမသွားပါက တတိယမြောက် အဆောက်အဦးရှိ ကန်တင်းသို့ တိုက်ရိုက်သွားသင့်ပြီး ထိုနေရာတွင် သီချင်းစာသား၏ ငါးကြောင်းမြောက်တွင် ဖော်ပြထားသော ဖြစ်ရပ်နှင့် ကြုံတွေ့ရနိုင်ပေလိမ့်မည်။
ရီရူလီက ဖုန်းကို အလျင်အမြန် ဖြေကြားခဲ့ပြီး သူမ အဆင်ပြေကြောင်း ပြောကာ ဖုန်းချလိုက်သော်လည်း ဖုန်းပုကြွယ်စိတ်ထဲတွင်မူ မတင်မကျဖြစ်ကျန်ရစ်နေဆဲပင်။ သူ ယင်းကို ပြန်လည်စဉ်းစားကြည့်သည့်အခါ ထိုကောင်မလေးသည် အကြောင်းမဲ့ ပြဿနာရှာတတ်သူမျိုး မဟုတ်ကြောင်း သူသိလိုက်သည်။ သူ တစ်ခုခု မှားပြောမိလို့လား။
အနည်းငယ်စဉ်းစားပြီးနောက် ဖုန်းပုကြွယ်သည် ထမင်းစားဆောင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ကစားသမားနှစ်ဦးပါဝင်သော ဇာတ်လမ်းဖြစ်သည်။ လက်ရှိတွင် ကစားသမားတစ်ဦး သေဆုံးသွားခြင်းက အခြားတစ်ဦးအပေါ် မည်သို့သက်ရောက်မှု ရှိမည်ကို မသိနိုင်သေးပေ။ အကယ်၍ စနစ်က "ကစားသမား သေဆုံးသွားသဖြင့် အချင်းချင်း ဆက်သွယ်၍ မရတော့ပါ၊ ကျန်ရှိသူသည် တာဝန်ရှိသူ ဖြစ်သွားပြီး သရဲများ၏ အမဲလိုက်ခြင်းကို ခံရမည်ဖြစ်ပါသည်" ဟု ဆိုလာပါက ဖုန်းပုကြွယ်အတွက် အခက်တွေ့ပေလိမ့်မည်။
ဖုန်းပုကြွယ်၏ ရည်မှန်းချက်မှာ အဆင့် ၁၅ သို့ အမြန်ဆုံး ရောက်ရှိရန်ဖြစ်သည်။ ထိုသို့ဖြစ်ရန်အတွက် ဇာတ်လမ်းကို အောင်မြင်ရန်မှာ အခြေခံလိုအပ်ချက် ဖြစ်သည်။ ဇာတ်လမ်းအောင်မြင်မှသာ ၄၀ ရာခိုင်နှုန်း အတွေ့အကြုံအမှတ် (EXP) ဆုလာဘ်ကို ရရှိမည်ဖြစ်သဖြင့် သူသည် ပင်မတာဝန်ကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူ အဆောက်အဦးမှ ထွက်ခွာခဲ့ပြီး အဆောက်အဦးသုံးခုကြားရှိ ဟင်းလင်းပြင်နေရာလွတ်ကို ဖြတ်ကျော်လာခဲ့သည်။ ထို့နောက် ရိုးရှင်းသော ကော်ရစ်ဒါတစ်ခုကို ဖြတ်ကာ အခြားအဆောက်အဦးတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
သူ တံခါးကို တွန်းဖွင့်၍ ကန်တင်းအတွင်းသို့ ဝင်လိုက်သည်။ ၎င်းမှာ အတော်လေး ကျယ်ဝန်းလှသည်။ ထုံးစံအတိုင်းပင် ဖုန်းပုကြွယ်သည် လက်နှိပ်ဓာတ်မီးဖြင့် ဧရိယာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ကန်တင်းအတွင်း၌ စားပွဲရှည်များနှင့် တန်းလျားရှည်များစွာကို သေသပ်စွာ စီစဉ်ထားပေသည်။ မျက်နှာကြက်တွင် မီးဆိုင်းကြီးတစ်ခု ရှိသော်လည်း မီးခလုတ်ကို နှိပ်လိုက်သောအခါ မည်သည့်တုံ့ပြန်မှုမှ ရှိမလာပေ။ ကြမ်းပြင်ကို ရိုးရိုးကြွေပြားများ ခင်းထားပြီး နံရံများမှာလည်း ထူးခြားမှု မရှိပေ။ တံခါးဝမှ ဝင်ဝင်ချင်း ဘယ်ဘက်တွင် လက်ဆေးကန်တန်းတစ်ခု ရှိနေ၏။ အရှေ့တောင်ထောင့်တွင် ကောင်တာတစ်ခု ရှိပြီး ကောင်တာနောက်တွင်မူ မီးဖိုချောင် ရှိသည်။ အခြားတစ်ဖက်တွင်မူ စတိုးဆိုင်ငယ်လေးတစ်ဆိုင်ရှိပြီး ၎င်းနှင့် မလှမ်းမကမ်းတွင် အလိုအလျောက် အရောင်းစက်တစ်လုံး ရှိနေခဲ့သည်။ တစ်မီတာခန့် မြင့်သော အပြာရောင် အမှိုက်ပုံးများကိုလည်း နေရာအနှံ့တွင် တွေ့နိုင်လေသည်။ ခြုံငုံကြည့်ရလျှင် ၎င်းမှာ သပ်ရပ်သော ကျောင်းသား ထမင်းစားဆောင် တစ်ခုသာ ဖြစ်သည်။
ဒါဆို... လူသားစွပ်ပြုတ်က ဘယ်မှာလဲ။
ယခုအချိန်အထိ ဖုန်းပုကြွယ်သည် ထူးခြားမှု တစ်စုံတစ်ရာမှ ရှာမတွေ့သေးပေ။ ကန်တင်းအတွင်း လမ်းလျှောက်နေရုံဖြင့် ဇာတ်လမ်းက ပေါ်လာမည့်ပုံ မရပေ။ စဉ်းစားကြည့်ပြီးနောက် သူသည် မီးဖိုချောင်ထဲသို့ ဝင်ကြည့်သင့်သည်ဟု ဆုံးဖြတ်လိုက်သည်...။
သူ ထိုသို့တွေးနေစဉ် ဖုန်း မြည်လာခဲ့သည်။ ဖုန်းပုကြွယ်သည် ဖုန်းကို မျက်လုံးရှေ့သို့ မြှောက်ကြည့်လိုက်သည်။ မသိလိုက်မသိဘာသာပင် ဖုန်းခေါ်ဆိုရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ ဖုန်းကို ချက်ချင်း ကိုင်လိုက်၏။
ဖုန်းစပြောပြီးနောက် သူတို့နှစ်ဦးစလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။
"စောစောက ကိစ္စအတွက်... ကျွန်မ တောင်းပန်ပါတယ်"
ရီရူလီက အရင်ဆုံး စတင်တောင်းပန်လိုက်ခြင်း ဖြစ်သည်။
"အာ... ရပါတယ်၊ ငါလည်း အဲဒီလို မပြောသင့်ပါဘူး"
ဖုန်းပုကြွယ်က ပြန်ဖြေကာ ခေါင်းစဉ်ပြောင်းလိုက်သည်။
"မင်း အခု ဘယ်လိုနေလဲ၊ ဖြစ်ရပ်အသစ် တစ်ခုခု ကြုံရသေးလား"
ရီရူလီက ပြန်ဖြေသည်။
"ကျွန်မ အခု ပင်မဆောင်ရဲ့ ဒုတိယထပ်က အမျိုးသမီးအိမ်သာထဲမှာ၊ အတွင်းဘက်ဆုံး အခန်းထဲမှာ ရောက်နေတာ"
ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်သည် တစ်ခုခု မှားနေပြီမှန်း သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရီရူလီ၏ အသံသည် သိသိသာသာ မဟုတ်သော်လည်း အနည်းငယ် တုန်ယင်နေပြီး သူမ၏ အသက်ရှူသံမှာလည်း မူမမှန်သောကြောင့် ဖြစ်သည်။
"မင်း အဆင်ပြေရဲ့လား"
ဖုန်းပုကြွယ်က လေသံနှိမ့်၍ မေးလိုက်သည်။
"ကျွန်မ..."
ရီရူလီ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် သူမ၏ ဒဏ်ရာအကြောင်းကို မပြောတော့ပေ။
"ကျွန်မ ရေစက်ကျသံကြားလို့ အိမ်သာထဲ ဝင်သွားမိတာ၊ အဲဒီမှာ ရေဘုံဘိုင်ခေါင်းကနေ သွေးတွေ ကျနေတာကို တွေ့ခဲ့တယ်၊ ကျွန်မ အနားသွားလိုက်တဲ့အခါ သွေးတွေက ပိုမြန်မြန် ထွက်လာပြီး မှန်ထဲကနေ တစ်ခုခုက ထွက်လာဖို့ ကြိုးစားနေသလို အသံတွေ ထွက်လာတယ်... ကျွန်မ မော့မကြည့်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မလှည့်ထွက်ဖို့ လုပ်တော့ အိမ်သာတံခါးက သူ့ဘာသာ ပိတ်သွားခဲ့တယ်၊ အဲဒါကို ဖွင့်လို့မရတော့ဘူး"
သူမ တစ်ဆက်တည်း ပြောလိုက်ရာ သူမအသံထဲမှ မူမမှန်မှုများမှာ ပို၍ သိသာလာတော့သည်။
"ကျွန်မ မှန်ကို မကြည့်မိအောင် ခေါင်းငုံ့ထားပြီး အိမ်သာခန်းတစ်ခုထဲမှာ ပုန်းနေတာ၊ အခု ကျွန်မရှေ့က တံခါးအပြင်ဘက်မှာ ခြေထောက်အရိပ်တစ်ခု လာရပ်နေတယ်၊ လုံးဝ မလှုပ်ဘူး၊ ကျွန်မ... လောလောဆယ် တိုက်ခိုက်လို့ မရဘူး၊ ပိတ်မိနေတယ်..."
သူမသည် မည်မျှပင် သတ္တိရှိစေကာမူ မိန်းမတစ်ယောက်သာ ဖြစ်သည်။ ဤအခြေအနေမျိုးတွင် သူမလည်း ကြောက်လန့်နေပေလိမ့်မည်။ ထိုအချိန်တွင် သူမအသံထဲ၌ ဖုံးကွယ်မရသော အားကိုးရာမဲ့မှုများ ပါဝင်နေခဲ့သည်။
"ရေသံက ပိုကျယ်လာသလိုပဲ၊ အိမ်သာကြမ်းပြင်တစ်ခုလုံးလည်း သွေးတွေနဲ့ ဖုံးနေပြီ..."
တူ... တူ... တူ...
ယခုတစ်ကြိမ်တွင် သူမက ဖုန်းချလိုက်ခြင်း မဟုတ်ဘဲ အချိန်စေ့သွားသဖြင့် ဖုန်းလိုင်း ပြတ်တောက်သွားခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်သည် ထိုကောင်မလေး၏ ဖော်ပြချက်ကို နားထောင်ရင်း ထမင်းစားဆောင်မှ ထွက်ကာ ပင်မဆောင်ဆီသို့ ပြေးသွားတော့သည်။
မကြာမီ စနစ်၏ ကြေညာချက်က သူ့နားထဲသို့ ရောက်ရှိလာခဲ့သည်။
“သတိပေးချက်၊ အခြေအနေကို သေချာမသိဘဲ အသင်းဖော်အနားသို့ ချဉ်းကပ်ရန် ခွင့်မပြုပါ။ ဆက်လက်လုပ်ဆောင်ပါက နှစ်ဦးလုံး သရဲများ၏ လိုက်လံအမဲလိုက်ခြင်းကို ခံရမည် ဖြစ်ပါသည်”
"ကျစ်... အခုက ဒီလိုအရာတွေကို စဉ်းစားနေရမယ့် အချိန်မဟုတ်ဘူးကွ..."
ဖုန်းပုကြွယ်က မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။
သူသည် "ကော်ရစ်ဒါတွင် မပြေးရ" ဟူသည့် ဆိုင်းဘုတ်ကို ဖြတ်ကျော်ကာ ပင်မဆောင်၏ ဘေးဘက်မှ ပတ်၍ ပင်မတံခါးထဲသို့ ပြေးဝင်သွားခဲ့သည်။ ပထမထပ်ရှိ မြေပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒုတိယထပ်သို့ ချက်ချင်းပြေးတက်ကာ အမျိုးသမီးအိမ်သာဆီသို့ ဦးတည်သွားတော့သည်။
ကျောင်းမှာ ထိုမျှမကြီးလှပေ။ သွားရမည့်နေရာကို သိပြီးနောက် သူသည် အိမ်သာတံခါးဝသို့ ၃ မိနစ်အတွင်း ရောက်ရှိသွားခဲ့သည်။
တံခါးမှာ ပိတ်နေပြီး တစ်ခုခုမှားနေခြင်းမျိုး မရှိပေ။ တံခါးအောက်ခြေမှလည်း သွေးများ စိမ့်ထွက်နေခြင်း မရှိပါချေ။ သို့သော် ဖုန်းပုကြွယ်သည် တံခါးလက်ကိုင်ကို လှည့်မရချေ။ ရီရူလီကို သူ ရောက်နေပြီဖြစ်ကြောင်း အော်ပြောချင်သော်လည်း စနစ်က သူတို့အကြား ဆက်သွယ်မှုကို တိုက်ရိုက်ကန့်သတ်ထားသဖြင့် သူမလုပ်နိုင်ပေ။ သဘာဝကျစွာဖြင့် ယခုလိုအချိန်မျိုးတွင် သူ အသံမထွက်နိုင်တော့။
ထို့နောက် ဖုန်းပုကြွယ်သည် အိမ်သာတံခါးလော့ခ်ကို စတင်ကိုင်တွယ်တော့သည်။ သူသည် ဖုန်းကို ဂျိုင်းကြားတွင် ညှပ်ထားလိုက်ပြီး လက်နှိပ်ဓာတ်မီးကိုမူ ပါးစပ်ဖြင့် ခဲထားလိုက်သည်။ မီးဖိုချောင်သုံးဓားကို တံခါးကြားထဲသို့ ထိုးထည့်ကာ အခြားလက်တစ်ဖက်ဖြင့် တံခါးလက်ကိုင်ကို လှည့်ကြည့်သော်လည်း အချည်းနှီးပင်။
သိသာသည်မှာ တံခါးကို "ဂျက်ချ" ထားခြင်း မဟုတ်ဘဲ အမည်မသိစွမ်းအားတစ်ခုခုက ခိုင်မြဲစွာ ထိန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် လော့ခ်ကို ဖွင့်ရန် ကြိုးစားနေခြင်းက အသုံးမဝင်ပေ။
အခြားနည်းလမ်း မရှိတော့ချေ... သူ တံခါးကို ဖြိုချရပေတော့မည်။
ဘုန်း ဘုန်း ဘုန်း
ဖုန်းပုကြွယ်၏ ပခုံးက နာကျင်လာတော့သည်။ ထိုအချိန်တွင် သူသည် လုံအောင်းမင်၏ ခန္ဓာကိုယ် အရွယ်အစားကို အားကျမိသွားသည်။ အကယ်၍ အစ်ကိုလုံသာ ရှိနေပါက ဤသစ်သားတံခါးကို ဖြေရှင်းရန်မှာ ကိတ်ခွဲသလို လွယ်ကူနေပေလိမ့်မည်။ သူ့လက်မောင်းပင်လျှင် ဖုန်းပုကြွယ်၏ ပေါင်အရွယ်အစားခန့် ရှိရာ သူ့ဒိုင်းဖြင့် ရိုက်ချိုးလိုက်ပါက အလွယ်တကူ ပွင့်ထွက်သွားပေလိမ့်မည်။
သို့သော်လည်း ဖုန်းပုကြွယ်တစ်ယောက် ယင်းကို အိပ်မက်မက်နေရုံသာ တတ်နိုင်ပေသည်။ လက်ရှိတွင် သူသည် သူ၏ ပိန်ပိန်ပါးပါးပခုံးကိုသာ အားကိုး၍ သစ်သားတံခါးကို အထပ်ထပ်အခါခါ ဆောင့်နေရသည်။
အိမ်သာခန်းထဲတွင် ပိတ်မိနေသော ရီရူလီသည် တံခါးဆောင့်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ အားနည်းသော်လည်း ဘာဖြစ်နေသည်ကို သူမ ချက်ချင်း နားလည်လိုက်သည်။ သူမ ကြိုးစားကြည့်လိုက်သောအခါ သူမ အသံမထွက်နိုင်သည်ကို နားလည်လိုက်သည်။ ရှင်းလင်းချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ ဖုန်းပုကြွယ် အနီးအနားတွင် ရောက်နေခြင်းပင် ဖြစ်သည်။
သူ သူမကို လာကယ်ကြောင်း သိလိုက်သောအခါ ရီရူလီ၏ သတ္တိများ ပြန်လည်ရောက်ရှိလာတော့သည်။ အမှန်တကယ်တော့ သူမ အတော်လေး ဟတ်ထိသွားခြင်းဖြစ်သည်။ သို့သော်လည်း ဖုန်းပုကြွယ်၏ လုပ်ရပ်ကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို သူမ သတိမိရသွားသည်။ သူတို့နှစ်ဦးလုံး သရဲများ၏ လိုက်လံခြင်းကို ခံရတော့မည် ဖြစ်သည်။
အစောပိုင်းကဆိုလျှင် ရီရူလီ တစ်ယောက်တည်း သေဆုံးမည့် အခြေအနေမျိုး ဖြစ်နိုင်သော်လည်း ယခုမူ ဖုန်းပုကြွယ်က သူမကို လာကယ်သဖြင့် သူတို့နှစ်ဦးစလုံး အတူတူ သေဆုံးသွားနိုင်ပေသည်...။
ဖုန်းပုကြွယ် တံခါးကို ဖြိုချရန် ကြိုးစားခြင်းကြောင့် အသက်အမှတ်အချို့ လျော့နည်းသွားသော်လည်း သူ၏ ကြိုးစားမှုက အလကား မဖြစ်ခဲ့ပေ။ တစ်မိနစ်ခန့်ကြာပြီးနောက် သူသည် တံခါးကို ဖြိုချနိုင်ခဲ့သည်။ နေရာနှစ်ခုကို ခြားထားသည့် ထိုသစ်သားတံခါးကြီးကို အပြင်အားတစ်ခုဖြင့် အတင်းအဓမ္မ တွန်းဖွင့်လိုက်သောအခါ သွေးညှီနံ့တစ်ခုက နှာခေါင်းထဲသို့ ချက်ချင်း တိုးဝင်လာတော့သည်။
ဖုန်းပုကြွယ်သည် ခေါင်းထဲတွင် မူးနောက်သွားသလို ခံစားလိုက်ရသည်။ တံခါးပွင့်သွားပြီးနောက် သူ့မျက်စိထဲတွင် မြင်နေရသော မြင်ကွင်းက ထူးဆန်းလာခဲ့သည်။ ၎င်းမှာ ရှေးဟောင်း ဖလင်ကားတစ်ကားကို ကြည့်နေရသကဲ့သို့ပင်။ အရောင်များ မှိန်ဖျော့သွားသလို ခံစားလိုက်ရပြီး သူ မြင်နေရသော အရာဝတ္ထုများသည်လည်း ပုံသဏ္ဌာန် ပျောက်ဆုံးနေသကဲ့သို့ ရှိနေသည်။ ၎င်းမှာ အလွန်ပင် သဘာဝမကျလှပေ။
အိမ်သာကြမ်းပြင် တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သူသည် သွေးများကို နင်းမိချိန်တွင် မချော်သွားစေရန် အစွမ်းကုန် သတိထားနေရသည်။ သူ့ခြေထောက်ကို မလိုက်သည့်အချိန်၌ ဖိနပ်အောက်ခြေသည် ကြမ်းပြင်နှင့် ကပ်နေသလို ခံစားရသည်။ လက်ဆေးကန်ဘေးရှိ ရေဘုံဘိုင်ခေါင်းမှလည်း နီရဲသော အရည်များ စီးကျနေလေ၏။ သွေးများ လျှံကျနေပြီး ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျနေခဲ့သည်။
'မှန်ကို မော့မကြည့်ပါနဲ့'
ဤသည်မှာ အလွန်တိုက်ရိုက်ကျသော သတိပေးချက် ဖြစ်သည်။ ရီရူလီသည်လည်း ဖုန်းပြောစဉ်က သူမ မှန်ကို မကြည့်ခဲ့ကြောင်း ပြောခဲ့သေးသည်။
သူမ မကြည့်ခဲ့သောကြောင့်သာ ပိတ်မိနေရုံသာရှိပြီး ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများနှင့် ရင်မဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ဖုန်းပုကြွယ် ယုံကြည်သည်။ သူသည် အိမ်သာထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့် အထဲသို့ ထိုးကြည့်လိုက်သည်။ အိမ်သာ၏ အတွင်းဘက်ဆုံးအပိုင်းရှိ နံရံဘေးတွင် ဝေဝါးနေသော သွေးအရိပ်တစ်ခု မတ်တတ်ရပ်နေသည်ကို သူ မြင်လိုက်ရလေသည်။ ထိုသရဲ၏ ပုံသဏ္ဌာန်မှာ ကျောင်းသူယူနီဖောင်းကို ဝတ်ဆင်ထားပြီး ခဲနေသော သွေးများဖြင့် ဖုံးလွှမ်းနေသည့် လူတစ်ယောက်နှင့် တူ၏။ ထိုသွေးအရိပ်ရှေ့တွင်ရှိသော အိမ်သာခန်းထဲတွင် အားနည်းသော မီးအိမ်၏ အလင်းရောင် ထွက်ပေါ်နေခဲ့သည်။
ဖုန်းပုကြွယ်သည် ထိုသရဲကို တိုက်ခိုက်ချင်သော်လည်း သူ့ခြေထောက်များကို လှုပ်ရှား၍ မရတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ကြမ်းပြင်ပေါ်ရှိ သွေးများ လှုပ်ရှားလာပြီး သူ့ခြေကျင်းဝတ်များကို ရစ်ပတ်လိုက်ကြသည်။ အရည်ဖြင့် ပြုလုပ်ထားသော လက်သည်းနှစ်ခုကဲ့သို့ ၎င်းတို့က ဖုန်းပုကြွယ်ကို ကြမ်းပြင်နှင့် မြဲမြံစွာ ကပ်ထားလိုက်ကြသည်။
သူသည် အေးစက်စွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် အလွန်ရဲတင်းသော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်တော့သည်...။
ဖုန်းပုကြွယ်သည် သူ့ခေါင်းကို နောက်လှည့်လိုက်ပြီး လက်ဆေးကန်အထက်ရှိ မှန်ကို တိုက်ရိုက် ကြည့်လိုက်လေတော့သည်။
မှန်ထဲရှိ ဖုန်းပုကြွယ်တွင် မျက်လုံးများ မရှိချေ။ မှောင်မည်းနေသော မျက်တွင်းနှစ်ဖက်မှ သွေးများ စိမ့်ထွက်နေခဲ့သည်။ မှန်ထဲရှိ ပုံရိပ်ကို မြင်လိုက်ရသည့် စက္ကန့်ပိုင်းအတွင်းမှာပင် သွေးအရိပ်သည် ၎င်း၏ ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး သူထံသို့ တက်ကြွစွာ တိုးကပ်လာခဲ့သည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ဖုန်းပုကြွယ်ရှေ့သို့ ရောက်ရှိလာပြီး သူတို့၏ မျက်နှာနှစ်ခုက ထိလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ သရဲ၏ မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင်ဆံပင်များ အောက်တွင် လူသားမျက်နှာတစ်ခု မရှိနေပေ။ ၎င်း၏ ဦးခေါင်းသည် လူ့မျက်လုံး အမြောက်အမြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဖြူအနက် မျက်လုံးများသည် တစ်ဆက်တစ်စပ်တည်း ဖြစ်နေပြီး တွန့်လိမ်လှုပ်ရှားနေကြ၏။ ထိုအဟများကြားထဲမှလည်း သွေးများ အဆက်မပြတ် ထွက်နေလေသည်...။
သရဲသည် ၎င်း၏ လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ဖုန်းပုကြွယ်၏ မျက်လုံးများဆီသို့ လှမ်းလိုက်သည်။ ၎င်းသည် ၎င်း၏ဦးခေါင်းတွင် ထပ်မံဖြည့်စွက်ရန်အတွက် ဖုန်းပုကြွယ်၏ မျက်လုံးများကို တူးထုတ်တော့မည့်ပုံပင်...။ အနီးကပ် ကြည့်လိုက်သောအခါ ထိုသရဲ၏ အရေပြားသည် သွေးများဖြင့် ဖုံးလွှမ်းနေခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ ၎င်း၏ ဦးခေါင်းမှလွဲ၍ ကျန်ရှိသော ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်၏ ခြေထောက်များသာ အချုပ်အနှောင် ခံထားရခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်သေးသည်။ ထို့အပြင် သူ၏ကြောက်ရွံ့မှုအမှတ်သည်လည်း သုညသာဖြစ်ရာ သူသည် ထိုနေရာတွင် ထိုင်ပြီး အသေခံနေစရာ အကြောင်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်း သူသည် သရဲထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူသည် ဂွကို မြှောက်လိုက်ပြီး 'မျက်လုံးဦးခေါင်း' ဆီသို့ လွှဲရိုက်ချလိုက်တော့သည်...။