အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
ဖုန်းပုကြွယ်သည် သရဲ၏ စွမ်းအားကို အထင်သေးမိခဲ့ကြောင်း သိသာလှသည်။ 'မှန်ကို မကြည့်ပါနှင့်' ဟူသော သတိပေးချက်ကို သူချိုးဖောက်ခဲ့ပြီးဖြစ်ရာ သူ့ရှေ့မှ ရန်သူသည် ထိုမျှ အလွယ်တကူ အရှုံးပေးမည်တော့ မဟုတ်ချေ။
မကောင်းဆိုးဝါးက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ၎င်းသည် ဂွကို ကိုင်ထားသော ဖုန်းပုကြွယ်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ သွေးလက်သည်းများက တင်းကြပ်စွာဖျစ်ညှစ်လိုက်သဖြင့် ဖုန်းပုကြွယ်သည် သူ၏ ညာဘက်လက်ဖျံရိုးများ ကျိုးသွားသလို ချက်ချင်း ခံစားလိုက်ရသည်။ အကယ်၍ သူသာ ခံနိုင်ရည် မကောင်းပါက လက်နက်ကို လွှတ်ချမိသွားနိုင်ပေသည်။
အရိပ်၏ အခြားလက်တစ်ဖက်မှာမူ ဖုန်းပုကြွယ်၏ လည်ပင်းကို လျင်မြန်စွာ ဖမ်းညှစ်လိုက်သည်။ ထို့ကြောင့် သူသည် ဘယ်ဘက်လက်မှ ဖုန်းနှင့် လက်နှိပ်ဓာတ်မီးကို လွှတ်ချလိုက်ရတော့သည်။ သူသည် ထိုအရိပ်၏ လက်ကောက်ဝတ်ကို ပြန်လည် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း အသက်ရှူကျပ်လာခဲ့သည်။
ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော ဖုန်းနှင့် လက်နှိပ်ဓာတ်မီးတို့သည် သွေးများအတွင်းသို့ လျင်မြန်စွာ နစ်မြုပ်သွားကြသည်။ အိမ်သာအတွင်းရှိ တစ်ခုတည်းသော အလင်းရောင်မှာ အတွင်းဘက်ဆုံး အိမ်သာခန်းအတွင်းရှိ မီးအိမ်လေးသာ ကျန်တော့သည်။
ရီရူလီလည်း ပုန်းမနေတော့ဘဲ ထွက်လာခဲ့သည်။ သူမသည် လက်တစ်ဖက်ဖြင့် ဒဏ်ရာကို ဖိထားပြီး အခြားလက်တစ်ဖက်ဖြင့် ဓားကို ဆွဲ၍ ထိုအရိပ်၏ နောက်ကျောဘက်သို့ ချဉ်းကပ်သွားလိုက်သည်။ သူမ၏ ဒဏ်ရာသည် အရှင်းမသက်သာသေးသဖြင့် လှုပ်ရှားလိုက်သည်နှင့် သွေးများ ပြန်ထွက်လာတော့သည်။ သို့သော် လွန်ခဲ့သော ၁၀ မိနစ်အတွင်း သူမ၏ အသက်အမှတ်သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမသာ ယခု မကူညီပါက ဖုန်းပုကြွယ်အတွက် ပြီးဆုံးသွားပေလိမ့်မည်။
ရီရူလီသည် သူမ၏ ဓားကို မြှောက်လိုက်ပြီး ထိုအရိပ်၏ မျက်လုံးများဆီသို့ အလျားလိုက် ခုတ်ချလိုက်တော့သည်။
ထိုမကောင်းဆိုးဝါး၏ ဦးခေါင်းနောက်ဘက်ရှိ မျက်လုံးများသည် အနက်ရောင်ဆံပင်များဖြင့် ဖုံးကွယ်နေ၍ ဖြစ်စေ သို့မဟုတ် ဖုန်းပုကြွယ်က မှန်ကို ကြည့်လိုက်ခြင်းကြောင့် ၎င်း၏ အာရုံစိုက်မှုအားလုံးကို ရရှိထား၍ဖြစ်စေ မည်သို့ပင်ဆိုစေကာမူ ထိုမကောင်းဆိုးဝါးသည် နောက်ကျောဘက်မှ တိုက်ခိုက်မှုကို လျစ်လျူရှုထားခဲ့သည်။ ၎င်း၏ ဦးခေါင်းမှာ ခုတ်ဖြတ်ခံလိုက်တော့သည်...။ သွေးများဖြင့် ဖွဲ့စည်းထားသော ထိုလည်ပင်း ပြတ်တောက်သွားသည့် အခိုက်အတန့်တွင် မျက်လုံးများသည် ပျက်စီးသွားသော အဆောက်အဦးဘလော့တုံးလေးများကဲ့သို့ ပြန့်ကျဲသွားတော့သည်။ ၎င်းတို့ကို စုစည်းထားသော စွမ်းအားက ကွယ်ပျောက်သွားပုံရသည်။
သို့သော်လည်း ယင်းက ယာယီပုံရိပ်သာ ဖြစ်သည်။ ဖုန်းပုကြွယ်၏ ခြေထောက်များက ကြမ်းပြင်နှင့် ကပ်နေဆဲပင်။ ကြမ်းပြင်ပေါ်တွင် လိမ့်နေသော မျက်လုံးများသည် သွေးများနှင့် ထိတွေ့ပြီးနောက် ပြန်လည်လှုပ်ရှားလာကြပြီး ဖြည်းညင်းစွာ ပြန်လည်စုစည်းလာကြပြန်သည်...။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် လက်တစ်ကမ်းအကွာတွင် ရှိနေကြသော်လည်း စကားတစ်လုံးမှ မပြောနိုင်ကြပေ။ ရီရူလီ ထိုသို့ ခုတ်ချလိုက်ပြီးနောက် သူမခါးမှ ဒဏ်ရာက ပြန်ပွင့်သွားခဲ့သည်။ သူမသည် နာကျင်သော အမူအရာဖြင့် ဒဏ်ရာကို ဖိထားရပြီး သူမလက်ချောင်းများကြားမှ စီးကျလာသော သွေးများက အခြေအနေကို ဖော်ပြနေ၏။
ဖုန်းပုကြွယ်သည် အန္တရာယ်ကြုံနေသော လုံမပျိုလေးကို ကယ်တင်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ ရီရူလီ၏ ကယ်တင်ခြင်းကို ပြန်လည်ခံယူလိုက်ရခြင်းဖြစ်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များကြောင့် သရဲများ၏ လိုက်လံခြင်းကိုလည်း ခံနေရပြီ ဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးသည် ဤအန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်ရန် တစ်ခုခု မလုပ်ဆောင်နိုင်ပါက နောက်ထပ် ကြုံတွေ့ရမည့်အရာမှာ တစ်သင်းလုံးသေဆုံးသွားရမည့် အခြေအနေ (wipe out) သာ ဖြစ်ပေလိမ့်မည်။
ထိုအခြေအနေတွင် ဖုန်းပုကြွယ်၏ ခေါင်းထဲ၌ အတွေးတစ်ချက် လက်ခနဲ ပေါ်လာပြီး ဖြေရှင်းနည်းတစ်ခုကို ရရှိသွားခဲ့သည်...။
သူသည် ဦးခေါင်းကို တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး လက်ဆေးကန်အထက်ရှိ မှန်ကို မျက်နှာမူလိုက်သည်။ အလင်းရောင်မှာ အိမ်သာ၏ အခြားတစ်ဖက်ထောင့်တွင် ရှိနေသဖြင့် တံခါးအနီးရှိ မှန်က မှောင်မည်းနေခဲ့သည်။
ဖုန်းပုကြွယ်သည် ကျောပိုးအိတ်ထဲမှ ပစ္စတိုတစ်လက်ကို ထုတ်ယူကာ ထိုဘက်သို့ ချိန်ရွယ်လိုက်လေသည်။ သူ သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်ရာ သေနတ်ပြောင်းဝမှ ထွက်ပေါ်လာသော အလင်းရောင်က သူ၏အမြင်အာရုံကို သုံးကြိမ်တိုင်တိုင် လင်းထိန်သွားစေခဲ့သည်။ သို့သော်လည်း ကျည်ဆန်သုံးတောင့် ထိမှန်ပြီးနောက်တွင်ပင် မှန်က ကွဲအက်မသွားပေ။ တုံးတိတိ မြည်သံသုံးချက်သာ ထွက်ပေါ်လာခဲ့သည်။
ဤမှန်သည် ကျည်ကာမှန် မဟုတ်သည်မှာ သေချာပါသည်။ ၎င်းသည် သရဲ၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေသဖြင့် ခွဲမရခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်၏ ကျည်ဆန်များက မှန်ကို မဖျက်ဆီးနိုင်ခဲ့သော်လည်း အိမ်သာကြမ်းပြင်ပေါ်ရှိ သွေးလွှာကိုတော့ သက်ရောက်မှု ရှိသွားစေခဲ့သည်။ သွေးများသည် ရေတိုင်ကီထဲမှ ရေကဲ့သို့ပင်။ တစ်စုံတစ်ခုနှင့် ထိမှန်သည့်အခါ အတွင်းရှိ ရေများက တုန်ခါသွားတတ်ကြသည်။
ဖုန်းပုကြွယ်၏ ခြေကျင်းဝတ်ကို ချုပ်ထားသော သွေးများသည် တုန်ခါမှုကြောင့် လွင့်ထွက်သွားပြီး သူ ပြန်လည်လှုပ်ရှားစွမ်း ရရှိလာတော့သည်။ သူသည် ဘာမှမပြောဘဲ ဘေ့စ်ဘောတုတ်ကို ထုတ်ယူကာ မှန်ဆီသို့ ပြေးသွားပြီး တရစပ် ရိုက်နှက်တော့သည်။ သူ မှန်ကို တိုက်ခိုက်လိုက်ချိန်တွင် အိမ်သာတစ်ခုလုံးသည် အပေါ်ထပ်တွင် ဒစ္စကိုကနေသကဲ့သို့ တုန်ခါသွားရသည်။ မတ်တတ်ရပ်နေသော ခေါင်းပြတ်အရိပ်နှင့် ကြမ်းပြင်ပေါ်တွင် ပြန်လည်စုစည်းနေသော မျက်လုံးများက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားကြသည်။ ၎င်းတို့သည် ၎င်း၏ မူလပုံသဏ္ဌာန်ကို ဆက်လက်မထိန်းထားနိုင်တော့ပေ။
ဖုန်းပုကြွယ်သည် အားအပြည့်သုံး၍ တုတ်ကို လွှဲရိုက်နေခဲ့ပြီး အကြိမ်ရေမှာလည်း ခပ်စိပ်စပ်ပင်။ ၁၀ စက္ကန့်မပြည့်မီတွင် သူ၏ လက်မောင်းက ညောင်းညာလာရသည်။ အကယ်၍ ဤတုတ်သည် သစ်သားတုတ်ဖြစ်ပါက ကျိုးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
နောက်ဆုံးတွင် မှန်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်...။ မှန်ကွဲသွားသည့် အခိုက်အတန့်တွင် ထိုမိစ္ဆာဝိညာဉ်၏ နောက်ဆုံး တန်ပြန်တိုက်ခိုက်မှု ရောက်ရှိလာတော့သည်။ ဆံပင်ဖရိုဖရဲနှင့် သရဲမတစ်ကောင်သည် အက်ကွဲနေသော မှန်ထဲမှ ခုန်ထွက်လာခဲ့သည်။ သူမ၏ မျက်တွင်းများသည် ဟောင်းလောင်းပေါက် ဖြစ်နေပြီး မျက်လုံးများ ကော်ထုတ်ခံထားရပုံရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သို့သော် သွေးများ၊ မျက်လုံးများဖြင့် ဖွဲ့စည်းထားသော သူမ၏ မူလပုံစံနှင့် နှိုင်းယှဉ်လျှင် ယခုပုံစံမှာ ထိုမျှ ကြောက်စရာမကောင်းတော့ချေ။
ဖုန်းပုကြွယ်သည် အခုအခံမရှိဘဲ ခုန်အုပ်ခံလိုက်ရသည်။ သူ ဂွကို မပြောင်းနိုင်မီမှာပင် သရဲမက ပါးစပ်ကို ဖြဲကာ သူ့ကို ကိုက်ရန် ကြိုးစားတော့သည်။
ကျေးဇူးတင်ရမည်မှာ ရီရူလီ၏ ဓားချက်က အချိန်မီ ရောက်ရှိလာပြီး သရဲမကို တိကျစွာ ခေါင်းဖြတ်လိုက်ခြင်းပင်။ ဤတစ်ကြိမ်တွင်မူ ဓားချက်က နှစ်ပိုင်းပြတ်သွားစေခဲ့သည်။ ဦးခေါင်း လိမ့်ကျသွားပြီး ပုံရိပ်ယောင်အားလုံး ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း ရီရူလီသည်လည်း နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ရသည်။ သူမ၏ ဒဏ်ရာပတ်ပတ်လည်ရှိ နီစွေးနေမှုများက သူမတွင် မည်သည့်အရာကိုမျှ ဆက်လက်လုပ်ဆောင်နိုင်စွမ်း မရှိတော့ကြောင်း ကြေညာနေသကဲ့သို့ပင်။
“ပင်မတာဝန် တိုးတက်မှု အဆင့်မြှင့်တင်ပြီးပါပြီ”
“ယဲ့ကျဲ အထက်တန်းကျောင်းကို စူးစမ်းလေ့လာပြီး သဘာဝလွန်ဖြစ်ရပ် ၇ ခုကို ရှင်းလင်းပါ။ လက်ရှိ တိုးတက်မှု ၅/၇”
စနစ်၏ ကြေညာချက် ထွက်ပေါ်လာသော်လည်း သူတို့နှစ်ဦးအတွက် အသက်ရှူရန်ပင် အချိန်မရလိုက်ပေ။ သရဲသေဆုံးသွားသည်နှင့် တစ်ပြိုင်နက် နယ်နိမိတ်တစ်ခုခု ကျိုးပျက်သွားပုံရသည်။ တံခါးအပြင်ဘက်ရှိ ကော်ရစ်ဒါတွင် များစွာသောအရိပ်များ လှုပ်ရှားလာကြပြီး တရှပ်ရှပ် အသံများလည်း နီးကပ်လာခဲ့သည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် စကားဖြင့် ဆက်သွယ်မရတော့သဖြင့် သူသည် သူမကို ထူမရန် အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။ သူသည် သူမကို အတွင်းဘက်ဆုံး အိမ်သာခန်းဆီသို့ ခေါ်သွားပြီး မီးအိမ်ကို ကောက်ကိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက ရိုးရှင်းသော အမူအရာတစ်ခု ပြလိုက်သည်။ ရီရူလီက သူဘာကိုဆိုလိုကြောင်း နားလည်သွားပြီး မီးအိမ်ကို သူ့ထံ တိုက်ရိုက် လွှဲပေးလိုက်၏။
ပစ္စည်းလက်ပြောင်းပြီးနောက် ဖုန်းပုကြွယ်သည် ရီရူလီ၏ ဘယ်ဘက်လက်ကို သူ့လည်ပင်းတွင် သိုင်းစေလိုက်သည်။ လက်တစ်ဖက်ဖြင့် သူမခါးကို ဖက်ထားပြီး အခြားလက်တစ်ဖက်က မီးအိမ်ကို ကိုင်လျက် ရီရူလီကို အိမ်သာထဲမှ တွဲခေါ်လာခဲ့သည်။
ဖုန်းပုကြွယ်၏ ဖုန်းနှင့် လက်နှိပ်ဓာတ်မီးမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သလို ရီရူလီ၏ ဖုန်းမှာလည်း အသုံးမဝင်တော့ပေ။ ထို့အပြင် သူတို့သည် ဇာတ်လမ်းအဆုံးအထိ ခွဲခွာသွားတော့မည် မဟုတ်သဖြင့် သူမက ဖုန်းကိုပါ စွန့်ပစ်ခဲ့လိုက်သည်။
ကော်ရစ်ဒါသို့ ရောက်သောအခါ သူတို့ရှေ့မှ မြင်ကွင်းမှာ အကောင်းမြင်စရာ မရှိလှပေ။ ညာဘက်သို့ လှမ်းကြည့်လိုက်သောအခါ မှောင်မည်းနေသော ကော်ရစ်ဒါအတွင်း၌ လွင့်မျောနေသော အဝိုင်းပုံစံ အရာဝတ္ထုများစွာမှာ သူတို့ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေလေသည်။ ထိုအရာဝတ္ထုများ၏ အောက်တွင်မူ ကြိုးနှင့်တူသော အရာတစ်ခုက တွဲလောင်းကျနေလေ၏။
"ချီးပဲ၊ လူခေါင်းပူဖောင်းတွေပဲ"
ဖုန်းပုကြွယ်သည် ဤအမည်နှင့်တူသော ကာတွန်းကို ဖတ်ဖူးသည်။ ၎င်းသည် စိတ်ပျက်အားငယ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ထိုဇာတ်လမ်းကို စဉ်းစားမိရုံဖြင့်ပင် စိတ်ဓာတ်ကျစရာ ကောင်းလှသည်။
(TL Note – Human Head Bollon ဆိုတာ Junji Ito collection anime ထဲမှာပါတဲ့ ဇာတ်လမ်းတိုတစ်ပုဒ်ပါ။ ဇာတ်လမ်းက တစ်မြို့လုံး တစ်နိုင်ငံလုံးစိတ္တဆန်ဆန် သေဆုံးသွားရတဲ့ Horrorတစ်ခုပါ။မြို့ထဲမှာ ကိုယ်နဲ့မျက်နှာတူတဲ့ ပူဖောင်းခေါင်းတွေ လွင့်မြောနေပြီး ပူပေါင်းအောက်ခြေမှာပါတဲ့ ကြိုးကွင်းက ကိုယ့်ဆီလာစွပ်ပြီး ကောင်းကင်ပေါ်ကို ဆွဲခေါ်သွားတာပါ။အဲ့ဒီ ပူဖောင်းခေါင်းတွေ သေနတ်တို့ မြားတို့နဲ့ ပစ်ဖောက်လို့မရပါဘူး။ အဲ့လိုဖောက်လိုက်ရင် ကိုယ်ပါလေလျော့သွားသလို ရှုံ့တွပြီး သေသွားမှာပါ။ ဘယ်လိုနေနေ သေသွားတာပါပဲ။ဇာတ်လိုက်မိန်းကလေးက တစ်မြို့လုံး ပူဖောင်းခေါင်းတွေရဲ့ ကြိုးကွင်းစွပ်ခံရပြီးသေသွားပေမယ့် နောက်ဆုံးချိန်ထိ အခန်းထဲမှာ လှောင်ပိတ်နေပြီး တောင့်ခံထားခဲ့ပါတယ်။ဒါပေမယ့် ဘယ်အချိန်ထိပါလဲ။ စိတ်ဝင်စားရင် တယ်လီဂရမ်တို့ Ttတို့မှာ ရှာကြည့်နိုင်ပါတယ်။ပြောလက်စနဲ့ ဆက်ပြောပါရစေ။ ကြောက်တတ်ရင် အဲ့ဒီ animeကို လုံးဝမကြည့်ဖို့ အကြံပေးပါရစေ။စာရေးသူလို သရဲမကြောက်တတ်တဲ့သူတောင်မှ တစ်လလောက် ဆိုက်ကိုဝင်ပါတယ် ဟီး)
ရီရူလီကို အခြားတစ်ဖက်သို့ အမြန်တွဲခေါ်သွားလိုက်သည်။ သို့သော် ထိုဘက်တွင် လှေကား မရှိပေ...။
အမှန်တကယ်တော့ ဖုန်းပုကြွယ် ထိုအချက်ကို သိပါသည်။ ပထမထပ်၏ မြေပုံသည် သူ့ခေါင်းထဲတွင် စွဲထင်နေပြီးသား ဖြစ်သည်။ သူ ထိုလမ်းသို့ ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အကယ်၍သာ 'လူခေါင်းပူဖောင်း' များရှိရာသို့ ပြေးမိပါက သူနှင့် ရီရူလီတို့မှာ ၁၀ စက္ကန့်မပြည့်မီ လည်ပင်းကြိုးကွင်းစွပ်ခံရပြီး သေဆုံးသွားပေလိမ့်မည်။
သူတို့သည် ကော်ရစ်ဒါအဆုံးရှိ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ကြသည်။ ဖုန်းပုကြွယ် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ရီရူလီအား သူမ၏ ဓားကို ပစ္စည်းသိုလှောင်အိတ်ထဲသို့ ပြန်ထည့်ရန် မျက်ရိပ်ပြလိုက်သည်။ သူမက သူဆိုလိုသည်ကို နားလည်သွားခဲ့သည်။
ထိုအချိန်တွင် ကော်ရစ်ဒါ၏ အခြားတစ်ဖက်မှ များစွာသော ခေါင်းပြတ်အလောင်းများ သူတို့ဆီသို့ လျှောက်လာနေကြသည်။ အချို့သည် နံရံကို လက်ဖြင့် ကိုင်လျက်လာနေကြပြီး အချို့မှာမူ ကြမ်းပြင်ပေါ်တွင် တွားသွားလျက် ဖြည်းဖြည်းချင်း နီးကပ်လာနေကြသည်။
သူတို့နှစ်ဦးသည် အဝိုင်းခံထားရပြီ ဖြစ်သည်။ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ပြတင်းပေါက်မှ ခုန်ချရန်သာ ရှိတော့သည်။ ဖုန်းပုကြွယ်သည် မီးအိမ်ကို ပစ္စည်းသိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ရီရူလီကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သည်။ သူအရင်ဆုံး စတင်မည်ဟု ပြောနေပုံရသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ နှစ်ထပ်သာရှိသော အဆောက်အဦးသာဖြစ်သဖြင့် သိပ်မမြင့်လှပေ။ ဖုန်းပုကြွယ်သည် ဂိမ်းထဲတွင် အဆင့် ၁၃ ရှိနေပြီ ဖြစ်သည်။ သည်းထိတ်ရင်ဖိုသုခဘုံတွင် သီးခြား ကိန်းဂဏန်းများ မရှိသော်လည်း အဆင့်တက်လာသည်နှင့်အမျှ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာလည်း တိုးတက်လာတတ်သည်။ အကယ်၍ အဆင့် ၁ သည် သာမန်လူတစ်ယောက်၏ အဆင့်အတန်းဖြစ်ပြီး အဆင့် ၃၀ မှာ မက်ထရစ် (Matrix) ကားထဲကလို နံရံများကို ကျော်လွှားနိုင်သည့် စွမ်းရည်ဖြစ်လျှင် အဆင့် ၁၃ ရှိသော ကစားသမားတစ်ဦးအတွက် ဒုတိယထပ်မှ ခုန်ချခြင်းက ပြဿနာမဟုတ်ပေ။
ဖုန်းပုကြွယ်သည် မြေပြင်ပေါ်သို့ ဆင်းသက်မိသည့်အခါ အံ့ဩသွားရသည်။ သူသည် အနည်းဆုံးတော့ ခြေကျင်းဝတ် နာသွားမည် သို့မဟုတ် ကျောအောင့်သွားမည်ဟု ထင်ထားသော်လည်း လေထဲတွင် ရှိနေစဉ်အတွင်း သူ့ခန္ဓာကိုယ်မှာ အလွန်ပေါ့ပါးနေသကဲ့သို့ ခံစားခဲ့ရသည်။ မြေပြင်နှင့် ထိမိသည့် ဒဏ်လည်း သိပ်မပြင်းထန်ပေ။ သူ၏ အသက်အမှတ်မှာ တံခါးကို ဝင်ဆောင့်စဉ်ကထက်ပင် လျော့နည်းခြင်း မရှိပေ။
သူ့ကိုယ်သူ ထိန်းလိုက်ပြီးနောက်တွင် သူသည် အသံထွက်စေရန် အမြန်လက်ခုပ် တီးလိုက်သည်။ သူသည် သူ့လက်မောင်းများကို ဖြန့်လိုက်ပြီး ရီရူလီကိုဖမ်းရန် ခေါင်းမော့ကြည့်လိုက်သည်။ အပြင်ဘက်တွင် လရောင်က ထိန်ထိန်သာနေလေသည်။ ဖုန်းပုကြွယ် မတ်တတ်ရပ်လိုက်ချိန်တွင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ ယခုအချိန်အထိ စာသင်ဆောင်ပတ်ဝန်းကျင်တွင် သရဲများ၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။ သူသည် ရီရူလီကို ဖမ်းပြီးနောက် ကန်တင်းသို့ ခေါ်သွားရန် စီစဉ်ထားသည်။ အစောပိုင်းက အိမ်သာထဲတွင် တိုက်ခိုက်ခဲ့ပြီးနောက် ဖုန်းပုကြွယ် ယုံကြည်သည်မှာ... သဘာဝလွန်ဖြစ်ရပ်များ ဖြစ်ပွားရာနေရာသို့ ဝင်ရောက်လိုက်သည်နှင့် သရဲများ၏ လိုက်လံခြင်းသည် ပြင်ပတွင် ယာယီတားဆီးထားခံရမည် ဖြစ်သည်။ ဖြစ်ရပ်ပြီးဆုံးသွားပါက သရဲများ ထပ်မံရောက်ရှိလာပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်မှစ၍ သူတို့နှစ်ဦးသည် ရပ်တန့်၍ မရနိုင်တော့ပေ။
ရီရူလီလည်း တုံ့ဆိုင်းမနေခဲ့ချေ။ သူမသည် လရောင်ကို အားပြု၍ ဖုန်းပုကြွယ်ရှိရာသို့ ချိန်ရွယ်ကာ သူ့လက်မောင်းထဲသို့ ခုန်ချလိုက်တော့သည်။ အကယ်၍ သူမသာ အခြေအနေ ကောင်းနေပါက ဖုန်းပုကြွယ် သူမကို ဖမ်းပေးရန် မလိုအပ်ပေ။ သူမသည် တတိယထပ်မှပင် အောင်အောင်မြင်မြင် မတ်တပ်ဆင်းသက်နိုင်ပေလိမ့်မည်။ သို့သော် ယခုတွင် သူမဒဏ်ရာအပြင်းအထန် ရထားသဖြင့် အသင်းဖော်၏ အကူအညီကိုသာ အားကိုးရတော့မည် ဖြစ်သည်။
ဖုန်းပုကြွယ် ရီရူလီကို ဖမ်းလိုက်ပြီး နှစ်ဦးသား တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။ သူတို့နှစ်ဦးစလုံးက ဤသည်မှာ ထူးဆန်းသည်ဟု ခံစားရသော်လည်း ကျေးဇူးတင်ရမည်မှာ စကားမပြောနိုင်သော ကန့်သတ်ချက်က ထိုအနေရခက်မှုကို လျော့နည်းစေခဲ့သည်။
ထိုမင်းသမီးလေးကို ချီမထားသည့်ပုံစံအတိုင်းပင် ဖုန်းပုကြွယ်သည် ရီရူလီကို မြေပြင်ပေါ် မချဘဲ စတင်ပြေးတော့သည်။ ဤရွေးချယ်မှုမှာ အမှန်တကယ်ပင် ပိုမိုထိရောက်လှသည်။ အကယ်၍ သူသာ ရီရူလီကို တွဲသွားမည်ဆိုပါက ပိုနှေးကွေးပေလိမ့်မည်။ ယခုမူ သူတို့သည် ဂျက်ဇ်အကမှ ပေးသော အရှိန်မြှင့်မှုကို ခံစားနိုင်သေးသော်လည်း ဖုန်းပုကြွယ်အနေဖြင့် သက်လုံအမှတ်များကို ပိုမိုအသုံးပြုရပေလိမ့်မည်။
ထို့အပြင် ယင်းသည် လက်ဟန်ခြေဟန်ဖြင့် စကားပြောရမည့် အချိန်ကိုလည်း သက်သာစေ၏။ ဖုန်းပုကြွယ်သည် ရီရူလီကို ကန်တင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
ကန်တင်းထဲသို့ ဝင်ရောက်ပြီးနောက် ဖုန်းပုကြွယ်က ရီရူလီကို တန်းလျားရှည်တစ်ခုပေါ်တွင် ချထားလိုက်သည်။ ထို့နောက် မီးအိမ်ကိုထုတ်ကာ စားပွဲပေါ် တင်လိုက်ပြီး တံခါးကို အမြန်သွားပိတ်လေ၏။ သူသည် ဘေ့စ်ဘောတုတ်ကို ထုတ်ယူကာ ယာယီတံခါးမင်းတုပ်အဖြစ် တံခါးနောက်တွင် ထိုးထည့်ထားလိုက်၏။
ထိုသို့ အရာအားလုံးလုပ်ဆောင်ပြီးနောက် သူသည် ရီရူလီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ ထို့နောက် သူ့ကိုယ်သူ ညွှန်ပြကာ လက်ဟန်ခြေဟန် ပြလိုက်သည်။ လေး၊ သုံး။ ထို့နောက် သူသည် ရီရူလီကို ညွှန်ပြကာ မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရီရူလီသည် မီနူးကိုဖွင့်ကာ သူမ၏ အခြေအနေကို ကြည့်ရှုလိုက်သည်။ သူမ၏ ဒဏ်ရာများက သွေးထွက်နေဆဲဖြစ်ပြီး သူမတွင် အသက်အမှတ် ၁၂ ရာခိုင်နှုန်းသာ ကျန်တော့သည်။ အကယ်၍ သူမ ဆက်လက်လှုပ်ရှားနေပါက အသက်အမှတ်များ ပိုမိုလျော့နည်းသွားပေလိမ့်မည်။
သူမက တစ်၊ နှစ် ဟု လက်ဟန်ပြလိုက်ပြီး သူမ၏ ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဖုန်းပုကြွယ်၏ မျက်လုံးများကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
ဖုန်းပုကြွယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာပေါ်တွင် ဒုက္ခများနေသော အမူအရာတစ်ခု ပေါ်လာလေသည်။ ဤအခြေအနေတွင် သူသည် သီချင်းစာသား၏ ကျန်နှစ်ကြောင်းကို ဂီတခန်းမထဲက ဖြစ်ရပ်ကဲ့သို့ပင် တိုက်ခိုက်စရာမလိုဘဲ ဖြေရှင်းနိုင်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။
ဘုန်း ဘုန်း ဘုန်း
ကန်တင်းတံခါးသည် ရုတ်တရက် ဆောင့်ဖွင့်ခံလိုက်ရပြီး အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော မြည်ကြွေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပြတင်းပေါက်များ၏ အပြင်ဘက်တွင် သရဲအရိပ်များ ကခုန်နေကြပြီး ခဏအကြာတွင် မှန်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ ဤသရဲများ၏ လိုက်လံခြင်းသည် အရိပ်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့သည် ကစားသမားများကို အသက်ရှူရန် တစ်မိနစ်ပင် အချိန်မပေးခဲ့ကြချေ။
အခန်း (၈၀)
ဒီအတိုင်းလေးပါပဲ...
ငါသေရမည့်နေ့က နီးကပ်လာနေပြီလေ...
ရန်သူတွေဆီကနေ ပန်းထွက်လာတဲ့ သွေးပုံးတွေက သမုဒ္ဒရာတစ်ခုကို ဖန်တီးလိုက်တယ်။ ငါဟာ သူတို့ရဲ့ အရိုးတွေနဲ့ လုပ်ထားတဲ့ လှေငယ်လေးတစ်စင်းနဲ့ ဒီသမုဒ္ဒရာကို ဖြတ်ကျော်ရမယ်။
ငါ့လှေရဲ့ ရွက်တိုင်ကတော့ သူတို့ရဲ့ အရေခွံတွေပေါ့...
ရွက်တိုင်ကို တိုက်ခတ်မယ့် လေကတော့ သူတို့ရဲ့ နောက်ဆုံး ထွက်သက်တွေပါပဲ...
ငါဟာ ဒီသမုဒ္ဒရာကို ကြည့်ပြီး ငါ့ပုံပြင်ကို ပြောပြမယ်၊ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ ငါဟာ ကရုဏာနဲ့ ခွင့်လွှတ်မှုကို ရရှိမှာမို့လို့ပါ။
ငါ့ကို ကွပ်မျက်ဖို့ အမိန့်ကို ငါစောင့်နေတယ်။ ငါ ဘာကိုမှ မမျှော်လင့်တော့ဘူး … ဒီအသက်ကို စွန့်လွှတ်ရတဲ့အထိပေါ့
...
ဖုန်းပုကြွယ်နှင့် ရီရူလီတို့၏ နားထဲတွင် တစ်ကိုယ်တော် ပြောစကားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုစကားသံ ထွက်ပေါ်လာသောအခါ အခြားသော အသံအားလုံး ပျောက်ကွယ်သွားကြသည်။ နှစ်ဦးသား တစ်ဦးမျက်နှာကို တစ်ဦးကြည့်လိုက်ကြပြီး တစ်ဖက်လူမှာလည်း အလားတူအရာကို ကြားလိုက်ရကြောင်း သိလိုက်ကြသည်။
တစ်ကိုယ်တော်ပြောစကား ဆုံးသွားသည့်အချိန်တွင်မူ ဆူညံပွက်လောရိုက်မှုများ ပြန်လည်ရောက်ရှိလာလေ၏။ သရဲများသည် တံခါးကို ဝိုင်းဆောင့်နေကြပြီး အချို့မှာ ပြတင်းပေါက်များကိုပင် ဖောက်ထွက်လာကြသည်။
အစောပိုင်းက ဘာဖြစ်ခဲ့သည်ကို သူတို့ လုံးဝနားမလည်သော်လည်း ထိုင်စဉ်းစားနေရန် အချိန်မရှိပေ။ ဖုန်းပုကြွယ်သည် ရီရူလီကို ထူလိုက်ပြီး မီးအိမ်ကို ဆွဲကာ သူမကို မီးဖိုချောင်ဘက်သို့ ဦးတည်ခေါ်သွားလိုက်သည်။
မီးဖိုချောင်နှင့် ထမင်းစားဆောင်ကို ခြားထားသည့် ကောင်တာအနားသို့ ချဉ်းကပ်လိုက်သောအခါ မီးဖိုချောင်အတွင်းရှိ မီးများက ရုတ်တရက် လင်းလက်လာလေသည်။ ကောင်တာနောက်တွင် အရိပ်ကြီးတစ်ခု မတ်တတ်ရပ်နေပြီး သူတို့နှစ်ဦးကို စိုက်ကြည့်နေလေ၏။
ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် လူနှင့်တူသော်လည်း ဝက်ခေါင်းတစ်ခု ရှိနေလေသည်။ ၎င်း၏ အပြင်သို့ ထွက်နေသော ကြွက်သားများက ပန်းရောင်သန်းနေပြီး အဖြူရောင်လက်ပြတ်အင်္ကျီနှင့် စစ်တပ်သုံး ဘောင်းဘီကို ဝတ်ဆင်ထား၏။ ၎င်း၏ ဝမ်းဗိုက်မှာ စူထွက်နေပြီး လက်မောင်းမှ ကြွက်သားများသည်လည်း ကျောက်ခဲကဲ့သို့ မာကျောပုံရသည်။ ထိုမကောင်းဆိုးဝါး၏ ပုံပန်းသဏ္ဌာန်သည် ချန်ဂီ၏ ဒုတိယအစ်ကိုဖြစ်သူ လေ့ကျင့်ခန်းလုပ်ပြီးသွားသည့်ပုံနှင့် တူသော်လည်း ကြည့်ရရသလောက်တော့ ၎င်းဘေးတွင် အသွားကိုးချောင်းပါသော ထွန်ခြစ်ကဲ့သို့ အရာမျိုးတော့ မရှိပေ...။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့မှာ ထိုမကောင်းဆိုးဝါးနှင့် ကောင်တာတစ်ခုသာ ခြားတော့သည်။ မဖော်ပြနိုင်သော ဖိအားတစ်ခုက သူတို့ကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။ ထိုမကောင်းဆိုးဝါးထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို သူတို့ သိသိသာသာ ခံစားနေရသည်။ ၎င်းမှာ သူတို့ကို ဝိုင်းရံထားသော အခြားသရဲများထက် များစွာ ပိုအစွမ်းထက်လှသည်။ ယခုကဲ့သို့ မျက်နှာချင်းဆိုင် ရပ်နေရုံနှင့်ပင် မမြင်နိုင်သော ခြောက်လှန့်မှုက သူတို့ကို မလှုပ်ရှားနိုင်အောင် လုပ်ဆောင်ရန် လုံလောက်နေပေသည်။
"ဟယ်လို၊ ငါက အွိုင့်ခ်ပါ"
သူက သူတို့ကို နှုတ်ဆက်ရန် ပါးစပ်ဟလိုက်သည်။
ထိုအချိန်တွင် သရဲအမြောက်အမြားသည် ကန်တင်းဧရိယာအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်လာကြပြီ ဖြစ်သည်။ ၎င်းတို့သည် စားပွဲများကို မှောက်လှန်ကာ ဖုန်းပုကြွယ်နှင့် ရီရူလီတို့အနားသို့ ချဉ်းကပ်ရန် ကြမ်းပြင်ပေါ်တွင် တွားသွားလာနေကြသည်။
အွိုင့်ခ်သည် သူ၏ ဝက်ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး ကစားသမားနှစ်ဦးနောက်ဘက်ရှိ သရဲများကို လှမ်းအော်လိုက်သည်။
"ငါ့နယ်မြေထဲကနေ ထွက်သွားကြစမ်း၊ အခုချက်ချင်း"
သူသည် နောက်ဆုံးစကားလုံးကို အလေးပေး ပြောကြားလိုက်ခြင်းဖြစ်၏။
ထိုစကားတစ်ခွန်းအပြီးတွင် သရဲများသည် အမှန်တကယ်ပင် ရပ်တန့်သွားကြသည်။ ၎င်းတို့သည် သူတို့ပါးစပ်နားသို့ ရောက်နေသော သားကောင်နှစ်ကောင်ကို မကျေမနပ်ကြည့်ကာ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
"ဟိုမှာ သွားထိုင်ကြ"
သရဲများ ဆုတ်ခွာသွားပြီးနောက် အွိုင့်ခ်သည် ကောင်တာနှင့် အနီးဆုံးရှိ စားပွဲကို ညွှန်ပြကာ ဖုန်းပုကြွယ်နှင့် ရီရူလီကို ထိုနေရာတွင် ထိုင်ကြရန် အချက်ပြလိုက်သည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နားလည်မှု ရယူလိုက်ကြသည်။ သူတို့သည် စားပွဲဆီသို့ အတူတူသွားကြပြီး မီးအိမ်ကို စားပွဲပေါ်တင်ကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
သံသယဖြစ်စရာမလိုဘဲ သီချင်းစာသားထဲရှိ ငါးခုမြောက်တာဝန် စတင်နေပြီ ဖြစ်သည်။ သတင်းကောင်းမှာ ဝက်ခေါင်းပေါက်နေသော ဦးလေးကြီးနှင့် ပတ်သက်သော ဇာတ်ကွက်သည် တိုက်ခိုက်ရန် မလိုအပ်ပုံရခြင်းပင်။ ၎င်းထံမှ ထွက်ပေါ်နေသော လူသတ်အော်ရာများအရ... အကယ်၍ ကစားသမားနှစ်ဦးက အကောင်းဆုံး အခြေအနေတွင် ရှိနေလျှင်ပင် ၎င်းကို တိုက်ခိုက်ခြင်းသည် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့ ထိုင်ပြီးနောက်တွင် အွိုင့်ခ်မှာ စတင်အလုပ်များလာတော့သည်။ သူသည် ရေခဲသေတ္တာထဲမှ တစ်စုံတစ်ခုကို ထုတ်ယူကာ ကောင်တာသို့ လျှောက်သွားပြီး ဆေးကြောကာ လှီးဖြတ်နေတော့သည်...။
မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဖုန်းပုကြွယ်သည် ထိုအန္တရာယ်ကို မစွန့်စားလိုသဖြင့် လည်ပင်းကိုဆန့်ကာ မီးဖိုချောင်ထဲသို့ ချောင်းကြည့်လိုက်သည်။ သို့သော် ကောင်တာက မီးဖိုချောင်အခြားတစ်ဖက်ရှိ နံရံနှင့် ကပ်နေခြင်းဖြစ်၏။ အွိုင့်ခ်၏ ခန္ဓာကိုယ်ကြီးက ဖုန်းပုကြွယ်၏ မြင်ကွင်းကို လုံးဝ ပိတ်ဆို့ထားလေသည်။
အသံများအရ... အွိုင့်ခ်သည် ရေခဲသေတ္တာထဲမှ အသားတုံးကြီးနှစ်တုံးကို ထုတ်ယူလိုက်ပုံရသည်။ သူသည် အရေခွံများကို ခွာထုတ်ကာ အတုံးလေးများ တုံးလိုက်ပြီး စွပ်ပြုတ်အိုး နှစ်အိုးထဲသို့ ထည့်လိုက်သည်။
ချက်ပြုတ်လေ့ရှိသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ဖုန်းပုကြွယ်သည် အသံနှင့်အနံ့ကို ကြည့်ခြင်းဖြင့် ဘာဖြစ်နေသည်ကို သိရှိနိုင်၏။
ဖုန်းပုကြွယ်သည် လူသားတစ်ဦးက ဝက်သားကို ချက်ပြုတ်ပုံနှင့် ရင်းနှီးပြီးသားဖြစ်ရာ ဝက်တစ်ကောင်က လူသားကို ချက်ပြုတ်သည့် လုပ်ငန်းစဉ်မှာလည်း ဆင်တူပုံရသည်ကို သူ တွေးမိလိုက်သည်...။
သို့သော် ဖုန်းပုကြွယ်တွင် လူသားကို ချက်ပြုတ်သည့် အတွေ့အကြုံမရှိသဖြင့် ထိုစွပ်ပြုတ်မှာ မည်သို့သော အနံ့မျိုး ထွက်မည်ကို သူမသိပေ။ အကယ်၍ အွိုင့်ခ်ချက်ပြုတ်နေသော အသားနှစ်တုံးအနက် တစ်တုံးသည် ၎င်းနှင့် မျိုးနွယ်တူဖြစ်ပြီး အခြားတစ်တုံးမှာ ဖုန်းပုကြွယ်တို့ကဲ့သို့ လူသားဖြစ်မည်ဟု ယူဆရလျှင်... သီချင်းထဲက 'လူသားဟင်းတစ်ခွက်နဲ့ စွပ်ပြုတ်တစ်ခွက်' ဆိုသည်ကို ကွဲပြားမှုသိနိုင်ရန်အတွက် 'မြည်းစမ်း' ကြည့်ရပေလိမ့်မည်။
အွိုင့်ခ်သည် ချက်ပြုတ်မှုတွင် အမှန်တကယ်ပင် စေ့စပ်သေချာလှသည်။ မုန်လာဥနီ၊ ကြက်သွန်နီ၊ အာလူး၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ ဝိုင်နီ၊ ခရင်မ်၊ ကရဝေးရွက်နှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုး... ၎င်း၏ ဓားကျွမ်းကျင်မှုကို ခဏဖယ်ထားဦးတော့ အသုံးပြုသင့်သည်များကို အကုန်အသုံးပြုထားပေသည်။ ထွက်ပေါ်လာသော မွှေးရနံ့များအရ ထိုစွပ်ပြုတ်အိုးနှစ်အိုးမှာ အနံ့အရသာနှင့် ပြည့်စုံကြောင်း သိသာလှသည်။
ဖုန်းပုကြွယ်နှင့် ရီရူလီတို့သည် ထွက်ပြေးရန် အစီအစဉ် မရှိကြပေ။ ထိုသို့လုပ်ခြင်းမှာ အသုံးမဝင်ကြောင်း သူတို့ သိကြသည်။ အကယ်၍ အွိုင့်ခ်က သူတို့ကို မတားလျှင်ပင် အပြင်ရောက်သည်နှင့် သရဲများက သူတို့ကို အလွှတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ရရှိလာသော အဖိုးတန်အချိန်လေးတွင် အနားယူနေလိုက်ကြသည်။
စွပ်ပြုတ်အိုးနှစ်အိုးကို ချက်ပြုတ်ရန် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။ ထိုအချိန်အတွင်း အွိုင့်ခ်သည် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ခြင်း၊ မီးပြင်းအားညှိခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူသည် ကစားသမားနှစ်ဦးကို လုံးဝမေ့လျော့နေသည့်အလားပင်။
ဤသည်က ရီရူလီ၏ ဒဏ်ရာအတွက် ကောင်းသောအရာဖြစ်သည်။ ကြာမြင့်စွာ အနားယူပြီးနောက် မီနူးတွင် ကြည့်လိုက်သောအခါ သွေးထွက်ခြင်းအခြေအနေသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ဒဏ်ရာကို လက်ဖြင့် ဖိထားရန် မလိုတော့သော်လည်း သူမ၏ အသက်အမှတ်က နည်းပါးနေဆဲပင်။ ၎င်းမှာ ၂၀ ရာခိုင်နှုန်းသို့သာ ပြန်လည်ရောက်ရှိခဲ့သည်။
သက်လုံအမှတ်နှင့် မတူဘဲ ကစားသမားတစ်ဦး၏ အသက်အမှတ် ပြန်လည်ပြည့်တင်းနူန်းသည် အလွန်နှေးကွေးလှသည်။ ပြန်လည်ပြည့်တင်းနှုန်းသည် သက်လုံအမှတ်၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။ လက်ခံရရှိထားသော ပင်ကိုယ်စွမ်းရည်များ၊ ဆေးရည်များနှင့် ကုသမှု စွမ်းရည်များကို ယခုကဲ့သို့ အချိန်မျိုးတွင် အသုံးပြုနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးစလုံးတွင် ထိုအရာများ မရှိကြပေ။
တိတ်ဆိတ်မှုသည် အတွေးများ ပေါက်ဖွားရာ နေရာတစ်ခု ဖြစ်သည်။ ဖုန်းပုကြွယ်သည်လည်း တစ်စုံတစ်ခုကို စဉ်းစားနေခဲ့သည်။ သူသည် ဤဇာတ်လမ်းအတွင်းသို့ ရောက်ရှိလာကတည်းက ရရှိခဲ့သော သတင်းအချက်အလက်အားလုံးကို ပြန်လည်စီစဉ်ကာ လက်ရှိ အခြေအနေနှင့် သီချင်း၏ နောက်ဆုံးစာကြောင်း၏ အဓိပ္ပာယ်ကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
ဖုန်းပုကြွယ်သည် အွိုင့်ခ်ဟူသောအမည်ကို ယခင်က ကြားဖူးသော်လည်း မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင် ကြားဖူး၊ မြင်ဖူးသည်ကို သူမမှတ်မိတော့ပေ။ သူ့ဦးနှောက်ထဲရှိ သိုလှောင်ရုံအတွင်း နာရီဝက်ကျော်ကြာ ရှာဖွေပြီးနောက်တွင် သူသည် မှတ်ဉာဏ်အပိုင်းအစတစ်ခုကို နောက်ဆုံးတွင် တူးဖော်နိုင်ခဲ့သည်။
'ကောင်းကင်ဘုံ၏ သားသတ်သမား၊ အွိုင့်ခ်’
ဖုန်းပုကြွယ်သည် သူအစောပိုင်းက ကြားခဲ့ရသော တစ်ကိုယ်တော်ပြောစကားကို တဖြည်းဖြည်း သတိရလာခဲ့သည်။ ၎င်းမှာ အွိုင့်ခ် ကွပ်မျက်မခံရမီ ချန်ရစ်ခဲ့သော စကားလုံးများ ဖြစ်သည်။
ယင်းသည် မှောင်မိုက်လေးလံသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြထားသည့် ကာတွန်းတိုလေး တစ်ပုဒ်ဖြစ်သည်။ အကြောင်းအရာအရဆိုလျှင် ၎င်းမှာ ဤဇာတ်လမ်းထက် များစွာ ပိုမိုနက်ရှိုင်းလှသည်။ သူ့ရှေ့မှ အွိုင့်ခ်သည် ထိုဇာတ်လမ်းထဲက ဇာတ်လိုက်နှင့် ပတ်သက်မှု ရှိချင်မှ ရှိပေလိမ့်မည်။ နာမည်နှင့် ပုံပန်းသဏ္ဌာန် တူနေခြင်းသာ ဖြစ်နိုင်သည်။
စနစ်က ထိုမကောင်းဆိုးဝါးကိုသုံး၍ တစ်စုံတစ်ခုကို လှောင်ပြောင်ချင်နေတာလား။ ဖုန်းပုကြွယ် ထိုသို့ မတွေးဘဲ မနေနိုင်ပေ။ တစ်ချိန်က မိမိနှင့် မျိုးနွယ်တူများကို နေ့စဉ်သားသတ်ရုံသို့ ပို့ဆောင်ခဲ့ဖူးသော အွိုင့်ခ်သည် ယခုအခါ သူ့ကို ဖန်တီးပြီး ကျွန်ပြုခဲ့သောလူသားကို ပြန်လည်ချက်ပြုတ်လိုက်ခြင်းက ဂုဏ်ယူစရာ တစ်ခုလား။
အသံတစ်ခုက ဖုန်းပုကြွယ်ကို အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။ သူသည် ထိုအသံနောက်သို့ လိုက်ကြည့်လိုက်သောအခါ အွိုင့်ခ်သည် မီးပိတ်လိုက်ပြီး စွပ်ပြုတ်များကို ပန်းကန်နှစ်လုံးထဲသို့ ခပ်ထည့်နေသည်ကို တွေ့လိုက်ရသည်။
(TL note - ကောင်းကင်ဘုံ၏ သားသတ်သမား အွိုင့်ခ်" (Heaven's Butcher, Oink) ဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ထွက်ရှိခဲ့တဲ့ "Oink" အမည်ရတဲ့ အင်္ဂလိပ်သွေးထွက်သံယိုကာတွန်းကို ရည်ညွှန်းတာပါ။ စာရေးဆရာ John Mueller ရေးသားခဲ့တာဖြစ်ပြီး စိတ်မချမ်းမြေ့စရာကောင်းတဲ့ ကမ္ဘာပျက်ကပ်လွန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်)