← Chapters

တိမ်တွေကလည်းဦးတည်ရာမဲ့သလို ရေပြင်ကလည်းလွတ်လပ်တယ်

Vol. 10 Ch. 950

တိမ်တွေကလည်းဦးတည်ရာမဲ့သလို ရေပြင်ကလည်းလွတ်လပ်တယ်

Vol. 10 Ch. 950

လီချင်းဆွေက ရေကန်ငယ်ထဲမှ ရေလက်တစ်ခုပ်ကို ယူလိုက်ပြီး ရေများကို အရှေ့ဆီသို့ ပက်ဖြန်းကာ ဆော့ကစားလိုက်သည်။

ရေကန်ငယ်ထဲတွင် လီချင်းဆွေ၏ ဝိုးတဝါးပုံရိပ်ထင်ဟပ်နေ၏။

ဖြူစင်သွယ်လျ လှပလွန်းသည့် ခြေသလုံးနှင့် ပေါင်တံများတွင် ရေများစိုစွတ်နေသည်က ဆန်းလျန်၏ မျက်ဝန်းထဲတွင်တော့ ရှုမငြီးသည့် အလှတရားတစ်ခု ဖြစ်လေသည်။

ဤသည်က လီချင်းဆွေအပေါ်တွင် ဆန်းလျန် မရိုးမသား ခံစားချက်မျိုး ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ အလှတရားကို လေးမြတ်တန်ဖိုးထားခြင်းဟုသာ ခေါ်ဆိုနိုင်သည်။

"မင်း ဒီလိုကြည့်နေတာ မသင့်တော်ဘူးဆိုတာ မသိဘူးလား…"

လီချင်းဆွေက ကြည်လင်ပြတ်သားပြီး သြဇာအပြည့်ရှိသည့်အသံဖြင့် ပြောလိုက်သည်။

ဆန်းလျန်က စိတ်ထဲမှ တွေးလိုက်သည်။

"သူက ငါ့ကို စကားအကောင်းပြောနေတာ ၊ ဒါပေမဲ့ သူ့ဘဝမှာ လူတွေနဲ့ သိပ်စကားပြောခဲ့တာ မဟုတ်ဘူး ၊ ဒါကြောင့် သူ့အသံလေး ဘယ်လောက်ချိုသာတယ်ဆိုတာတောင် ဘယ်သူမှ သိခွင့်မရခဲ့ကြဘူး…"

ဆန်းလျန် လီချင်းဆွေကို ကိုယ်ချင်းဆာမိပါသည်။

ပြီးတော့ သူက လီချင်းဆွေ၏ မိတ်ဆွေသူငယ်ချင်းဖြစ်၏။ သူနှင့် စကားများစွာ မပြောခဲ့ကြသည့်အချိန်က လီချင်းဆွေ၏ ဘဝက အလွန်ပင် အထီးကျန်ဆန်ခဲ့ပေလိမ့်မည်။

လီချင်းဆွေ ဒေါသအနည်းငယ်ထွက်နေဟန် ရှိသည့်တိုင် ဆန်းလျန်ကတော့ သူမ၏ ပေါင်တံနှင့် ခြေထောက်များကို ဆက်ကြည့်နေဆဲ ဖြစ်သည်။

ဆန်းလျန်က တိုးလျသည့် လေသံဖြင့်…

"လှပတဲ့အရာတွေကို ကြည့်တာပဲလေ ၊ ဘာဆန်းလို့လဲ ၊ ကျုပ်သာ မကြည့်ဘဲ အကြည့်လွှဲလိုက်မှ မင်းအပေါ် ကျုပ်စိတ်တွေ မရိုးသားရာကျမှာပေါ့ ၊ အခု ကျုပ်ရင်ထဲမှ မသန့်ရှင်းတဲ့အတွေး ဘာတစ်ခုမှ မရှိဘူး…"

လီချင်းဆွေ စိတ်ပျက်လက်ပျက် မျက်လုံးများကို တစ်ချက်လှန်လိုက်သည်။

တကယ်တော့ သူမဘဝတွင် ယောကျ်ားလေးတစ်ယောက်ရှေ့တွင် ယခုကဲ့သို့ မဆင်မခြင် ပြုမူနေထိုင်ဖူးခြင်း တစ်ခါမှ မရှိခဲ့ပေ။

သို့သော်… ယနေ့တော့ သူမ လုပ်ချင်သည့်အလုပ်ကို လုပ်မည်ပဲဖြစ်သည်။

သူမက …

"မင်းမဟုတ်ဘဲ တခြားသူသာဆိုလို့ကတော့ ငါ့ဓားချက်နဲ့ အသက်ပျောက်ပြီမှတ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ် နည်းနည်းတောင် မြောက်သွားပြီ…"

လီချင်းဆွေက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…

"မြောက်မနေနဲ့ ၊ ငါက ဓားနဲ့ထိုးသတ်လည်း မင်းက သေမှာမှ မဟုတ်တာ ၊ အဲဒါကြောင့်မသတ်တာ…"

ဆန်းလျန်ကပြုံးလိုက်ပြီး "စိတ်ဝင်စားစရာကောင်းတယ်" ဟု တွေးလိုက်မိသည်။

ထို့နောက် လီချင်းဆွေက ပန်းလေးတစ်ပွင့်အလား လှပစွာ ရယ်မောလိုက်ရင်း…

"တကယ်တော့ မင်းက တန်ခိုးသိပ်ကြီးတယ်လေ ၊ ဘယ်သူမှ မင်းကို အနိုင်မယူနိုင်ဘူး…"

သူမ ပြောသည်က အမှန်တရားပဲ ဖြစ်လေ၏။

လီချင်းဆွေ ရယ်မောလိုက်သည့်အခါ အလွန်ချစ်စရာကောင်းပြီး နွေဦးလေပြေနှင့်အတူ လွင့်မျောလာသည့် ကြာပန်းလေးနှင့်ဆင်တူလေသည်။

လီချင်းဆွေ ရယ်မောနေခဲ့သည်။

နှလုံးသားတစ်ခုလုံးနွေးထွေးသွားစေသည့် မက်မွန်ပန်းလေးတစ်ပွင့်နှင့် အလားသဏ္ဍန်တူစွာ သူမ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေခြင်း ဖြစ်လေ၏။

ဆန်းလျန် သူ့ကိုယ်သူ ဂုဏ်ယူလိုက်မိပါသည်။

တာအိုဆရာလီချင်းဆွေ ယခုကဲ့သို့ ရယ်မောသည်ကို လောကတွင် တွေ့မြင်နိုင်သူ မည်သူရှိပါမည်နည်း။ သို့သော်… သူကတော့ လီချင်းဆွေအနားတွင်ထိုင်ကာ လီချင်းဆွေ ရယ်မောနေသည်ကို ငေးကြည့်ခွင့် ရခဲ့လေသည်။

ဂုဏ်အသရေကြီးမားလှသည့် တာအိုဆရာလီချင်းဆွေ ယခုကဲ့သို့ အားပါးတရ ၊ နွေးထွေးလှိုက်လှစွာ ရယ်မောနေသည်ကို အခြားသူများ မည်သို့ ယုံနိုင်ပါမည်နည်း။

အတန်ကြာရယ်မောနေပြီးမှ လီချင်းဆွေက အရယ်ရပ်လိုက်သည်။

သူမက…

"စကားတွေလည်း အများကြီး ပြောပြီးသွားပြီ ၊ လုပ်စရာရှိတာ လုပ်ကြရအောင်…"

ဆန်းလျန်က ခေါင်းညိတ်လိုက်ပြီး…

"ချင်းဆွေ… ဘယ်လို အကင်မျိုးကိုစားချင်လဲ…"

လီချင်းဆွေက…

"ငါးကင်…"

ဆန်းလျန်က တအံ့တသြဖြင့်…

"ပြောတော့ ငါးမကြိုက်ဘူးဆို…"

လီချင်းဆွေက…

"ငါက တူနာငါးစားချင်တာ…"

ဆန်းလျန်၏ မေးခွန်းကို ပြန်မဖြေဘဲ လီချင်းဆွေက သူစားချင်သည့်ငါးအမည်ကိုသာ တွင်တွင်ပြောလိုက်သည်။

သူမကိုကြည့်ရသည်မှာ သြဇာအလွန်ကြီးမားသည့် ဧကရီတစ်ပါးနှင့်ပင် ဆင်တူသည်။

ဆန်းလျန်က သူမကို မကြောက်ရွံ့သော်လည်း သူမ၏ ဆန္ဒကို မဆန့်ကျင်လိုခဲ့ပေ။

တူနာငါးတစ်ကောင်ကို ဖန်ဆင်းလိုက်ရန်မှာ ဆန်းလျန် အတွက် လွယ်ကူလွန်းလှသည်။ သို့သော်… ထိုသို့ပြုလုပ်ခြင်းက ရိုးဖြောင့်ခြင်းမရှိဟု ခံစားရသည့်အတွက် ဆန်းလျန်ကိုယ်တိုင် သမုဒ္ဒရာထဲသို့ ထွက်ခွာသွားကာ ဝိညာဉ်စွမ်းအားပြည့်ဝသည့် တူနာငါးတစ်ကောင်ကို ဖမ်းလာခဲ့သည်။

လောကတွင် တူနာငါးများစွာ ရှိသော်လည်း ဆန်းလျန် ဖမ်းလာသည့် တူနာငါးက အခြားနေရာများတွင် မရရှိနိုင်ပေ။

သူဖမ်းလာသည့်ငါးအကြောင်းကို ဆန်းလျန် ကောင်းကောင်းသိသည်။ ဤငါးက ကျောက်ရှောင်ယွီနှင့် အနည်းငယ် ပတ်သက်လေသည်။

ကျောက်ရှောင်ယွီ၏ ဆရာဖြစ်သူက ဤငါးကို သမုဒ္ဒရာထဲသို့ လွှတ်ထားခဲ့ခြင်း ဖြစ်သည်။

လီချင်းဆွေကလည်း ထိုအကြောင်းကို သိဟန်ရှိသည်။ သို့သော် သူမက အံ့အားသင့်ဟန် မပြပေ။

ငါးတစ်ကောင်ကိုကင်ရသည်က ဆန်းလျန်အတွက် အလွန်လွယ်ကူသည့်အလုပ် ဖြစ်လေသည်။

သို့သော်… သူက ငါးကို မြန်မြန်မကင်ဘဲ ခပ်နှေးနှေးသာ ကင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်… ငါးကင်စားပြီးလျှင် သူနှင့် လီချင်းဆွေ အပြီးတိုင် နှုတ်ဆက်လမ်းခွဲရတော့မည် ဖြစ်လေသည်။

လီချင်းဆွေကလည်း ဆန်းလျန် ငါးကင်သည်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။

သူမနှင့် တာအိုဆရာသခင်ထိုက်ယီကြားမှ ဆက်ဆံရေးက အလွန်ထူးခြားဆန်းကျယ်ပြီး နားလည်ရန် ခက်ခဲလွန်းသည်။

သို့သော်… ဆန်းလျန်က သူမကို ပြောင်းလဲစေခဲ့သည်။

သူမသည် နှစ်ပေါင်းများစွာ တစ်ယောက်တည်း အထီးကျန်နေခဲ့ရသည်။ စကားလည်း တစ်ခွန်းမှ ပြောဆိုခဲ့ခြင်း မရှိပေ။ သူမ ထိုသို့ နေထိုင်ရသည်ကို မုန်းတီးခြင်းမရှိသော်လည်း မပျော်ရွှင်သည်ကတော့ အမှန်ပင် ဖြစ်လေ၏။

ပြောရမည်ဆိုလျှင် ဆန်းလျန်က တာအိုကျင့်စဉ်လမ်းလျှောက်လှမ်းရာတွင် သူမထက် နောက်ကျသည့် အငယ်တစ်ယောက်ဖြစ်သည်။ သူမ၏ တပည့်ဖြစ်သူ ကျိလင်နတ်သမီးသည်ပင် ဆန်းလျန်၏ ဆရာဘွားဘွားဖြစ်လေရာ ဆန်းလျန်က သူမ၏ မြစ်တပည့်အဆင့်ဟုပင် ဆိုနိုင်သည်။

သို့သော်… သူမ ထိုအရာများကို အရေးမစိုက်တော့ပေ။ ဆန်းလျန်က သူမ၏ တစ်ယောက်တည်းသော သူငယ်ချင်း ဖြစ်၏။

မွှွေးပျံ့သည့်ငါးကင်ရနံ့ လေထဲတွင် ပျံ့လွင့်လာပြီး လီချင်းဆွေ ငါးကင်ကို စိုက်ကြည့်နေလေသည်။

ထူးဆန်းသည့် အကြောင်းတစ်ခုခုကြောင့် ထိုသို့ ကြည့်နေခြင်း မဟုတ်ပေ။ သူမ ကြည့်ချင်သောကြောင့် ကြည့်နေခြင်း ဖြစ်၏။

တူနာငါး၏ အရွယ်အစားက လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ခန့် ရှိသည်။

သို့သော်… ဆန်းလျန် ကျွမ်းကျင်စွာ ကင်လိုက်သည့်အခါ ငါးကင်သည် အရောင်ဝါဝါလေးဖြင့် ကြွပ်ကြွပ်လေး ဖြစ်လာ၏။

ငါးကင်ရနံ့ရသည်နှင့်ပင် ကမ္ဘာပေါ်ရှိ ထိပ်တန်းအဆင့် ညစာစားပွဲကြီးများမှ အစားအသောက်များထက်သာလွန်သည်ကို သိနိုင်လေသည်။

လီချင်းဆွေက ငါးကင်ကို လက်နှစ်ချောင်းဖြင့်ထောက်လိုက်ရာ ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ငါးကင်အသားကို လှီးဖြတ်လိုက်သည်။

ထို့နောက် သူမက ငါးကင်အပိုင်းအစကိုယူကာ တိတ်တဆိတ် စားသောက်နေလေတော့သည်။

သူမက ဖြည်းဖြည်းချင်းစားနေသော်လည်း တစ်ချက်ပင် ရပ်တန့်သွားခြင်းမရှိပေ။ နောက်ဆုံးတော့ သူမ စားသောက်ပြီးစီးသွားသည်။

ထိုအခါမှ… ဆန်းလျန်က မတ်တတ်ထရပ်လိုက်ပြီး ပေါ့ပါးသည့်လေသံဖြင့်…

"ကျွန်တော် သွားတော့မယ်…"

လီချင်းဆွေက…

"ငါတို့ပြန်ဆုံကြမှာပါ…"

ဆန်းလျန် သက်ပြင်းချလိုက်မိသည်။

လီချင်းဆွေလည်း နားလည်ထားပါသည်။

ပြန်ဆုံရန်ဆိုသည်က ယခုအတိုင်းလည်း ဖြစ်နိုင်သလို တစ်စုံတစ်ခုလည်း ပြောင်းလဲသွားနိုင်ပေ၏။

မိုးကောင်းကင်လမ်းစဉ်တွင် အတ္တမရှိ ၊ မိုးကောင်းကင်လမ်းစဉ်တွင် 'ငါ' မရှိ ၊ မိုးကောင်ကင်လမ်းစဉ်တွင် 'ချစ်ခြင်းမေတ္တာမရှိ'။

သူမက "ချစ်ခြင်းမေတ္တာမရှိ" သည့် အခြေခံအကျဆုံးမိုးကောင်းကင်လမ်းစဉ်ကို လျှောက်လှမ်းလိုခြင်း ဖြစ်လေရာ သူမ လျှောက်လှမ်းမည့်လမ်းက ဆန်းလျန်နှင့်တော့ တူညီခြင်း မရှိတော့ပေ။

အမှန်တော့ သူမက တာအိုဆရာသခင်ထိုက်ယီကို ကျော်တက်ပြီး

"မင်းလုပ်သလို ငါလည်းလုပ်နိုင်တယ်…"

ဟု သက်သေပြလိုခြင်း ဖြစ်သည်။

သို့သော် သူမသည် ထိုသူကို စွဲလန်းမှုရှိနေသေးပြီး မစွန့်လွှတ်နိုင်ခဲ့ပေ။ ထိုသူကို ကျော်တက်ပြီး ကျင့်စဉ်လမ်းကို လမ်းဆုံးအထိ လျှောက်လှမ်းလိုက်ချင်သော်လည်း ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

သူမဘဝ၏ နာကျင်မှုများသည် ထိုဝိရောဓိများကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

လူ့ဘဝတွင် ကြုံတွေ့ရသည့် ဒုက္ခများထဲတွင် ချစ်သောသူနှင့် ကွေကွင်းရခြင်း ၊ ဒေါသအမျက်ထွက်ရခြင်း ၊ မလုပ်ချင်သည့်အလုပ်ကို လုပ်ရခြင်းများ ပါဝင်သည်။

လူသားရယ်ဟု ဖြစ်လာလျှင် ထိုအရာများနှင့် ကြုံချင်လည်းကြုံ ၊ မကြုံချင်လည်း ကြုံရမည် ဖြစ်၏။ သူမရော ၊ ဆန်းလျန်ရော ၊ အခြားသက်ရှိသတ္တဝါများအားလုံး ထိုအကြောင်းအရာများမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။

လောကီလူ့ဘုံတွင် ကြဉ်လည်ရခြင်းက ဝမ်းနည်းစရာ ဝမ်းသာစရာများဖြင့် ပြည့်နက်လို့ နေသည်ပဲလေ။

လီချင်းဆွေ ထွက်ခွာသွားသည့် ဆန်းလျန်၏ နောက်ကျောကို ကြည့်နေရင်း…

"ငါလည်း မင်းလိုပါပဲ… ၊ ငါလုပ်နိုင်တာမှန်သမျှကို ဖြစ်အောင်လုပ်မယ်…"

ဆန်းလျန်က နောက်သို့လှည့်မကြည့်သလို ခြေလှမ်းများကိုလည်း ရပ်တန့်လိုက်ခြင်း မရှိပေ။သို့သော်… သူ့မျက်နှာကတော့ ပြုံးလျှက်ရှိလေသည်။

ဆန်းလျန် ချင်းဆွေထျန်းကောင်းကင်ဘုံမှ ထွက်ခွာလာခဲ့လေသည်။

ဆန်းလျန်က သူနှင့်အတူ ကူးဝေေ၀ကို ပြန်ခေါ်သွားခဲ့ပြီး ချင်းရှတောင်သို့ ပြန်လာခဲ့သည်။

များစွာသောအကြောင်းအရာများသည် ချင်းရှတောင်တွင်စတင်ခဲ့သည်။ များစွာသောအကြောင်းအရာများသည်လည်း ချင်းရှတောင်တွင် အဆုံးသတ်ရပေလိမ့်မည်။

………………

ချင်းရှတောင်… ၊ တာအိုကျောင်းတော်။

ဆန်းလျန်နှင့် ကူးဝေေ၀ ပြန်ရောက်လာသည်မှာ လဝက်ခန့်ရှိပြီ ဖြစ်သည်။

ဆန်းလျန်က တာအိုကျောင်းတော် အနောက်ဘက်တွင် ကြည်လင်သည့် စမ်းချောင်းလေးတစ်ခုကို ဖန်ဆင်းခဲ့သည်။ ထိုစမ်းရေထက်တွင် ကောင်းကင်ထက်မှ တိမ်တိုက်များက အရိပ်ထင်ဟပ်လျှက် ရှိ၏။

ဆန်းလျန် ငယ်စဉ်က တွေ့မြင်ခဲ့ရဖူးသည့် တာအိုဆရာလီချင်းဆွေ ရေးဆွဲခဲ့သော ပန်းချီကားထဲမှ ပုံရိပ်ကို ဆန်းလျန်က လက်တွေ့အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်၏။

ထိုစမ်းချောင်းလေးကို ဆန်းလျန်က "တိမ်ဖြူစမ်းချောင်း" ဟု အမည်ပေးခဲ့သည်။

ထို့နောက် ရေကန်နံဘေးတွင် ကျောက်စာတိုင်တစ်ခု စိုက်ထူလိုက်သည်။

ကျောက်စာတိုင်ထက်တွင် ရေးသားထားသည်မှာ…

"ချင်းရှတောင်ပေါ်က တိမ်ဖြူရေကန်ထက်မှာ…

တိမ်တွေကလည်း ဦးတည်ရာမဲ့သလို ရေပြင်ကလည်း လွတ်လပ်တယ်…

တောင်အောက်ကိုပြေးဆင်းပြီး…

လောကကြီးကို ဘာလို့ ပြဿနာရှာလိုရပါသလဲ…"

စမ်းချောင်းမှ ရေစင်များသည် တောင်အောက်သို့ စီးဆင်းသွားပြီး ဝါးရုံတောကို ဖြတ်သန်းသွားသည့်အခါ ရေလှိုင်းများက ကျောက်စိမ်းရောင် တောက်ပလျှက် ရှိလေတော့သည်။

ထို့နောက်… ဆန်းလျန်က ချင်းရှတောင်တွင် ကူးဝေေ၀နှင့် ပိုင်ရှောက်ယွီတို့ကို ကျင့်စဉ်များ ဆက်လက် သင်ပြပေးလေသည်။

ဆန်းလျန်သည် တာအိုတရားကို ပိုမိုနားလည်သိမြင်လာပြီး ခြေလက်တို့ လှုပ်ရှားလိုက်သည်ကပင် မှော်ဆန်စွာဖြင့် တန်ခိုးစွမ်းအားများ ပြည့်ဝလျှက် ရှိတော့သည်။

ဆရာသခင်များထဲတွင် အရှိန်အဝါအကြီးမားဆုံးပုဂ္ဂိုလ်ကို ပြောပါဆိုလျှင် ကွန်ဖြူးရှပ်ကို ပြောရမည် ဖြစ်သည်။ ကွန်ဖြူးရှပ်တွင် တပည့် (၇၂)ယောက်ရှိပြီး အားလုံးက သူတော်စင်များဖြစ်ကြသည်။

ယခု ဆန်းလျန်၏ တာအိုတရားကို ချဉ်းကပ်နိုင်ခြင်းမှာ ကွန်ဖြူးရှပ်ထက်ပင် သာလွန်နေပြီ ဖြစ်သည်။ သုခဘုံတွင် သူ သိရှိခဲ့သည့် တရားအလင်းက သူ့ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားစေခဲ့သည်။

သို့သော်… ကူးဝေေ၀နှင့် ပိုင်ရှောက်ယွီတို့ကို တစ်ချက်တည်းဖြင့် တာ့လော်အဆင့်နတ်ဘုရားများ ဖြစ်လာအောင် သင်ပြပေးနိုင်စွမ်းတော့ မရှိပေ။

တာ့လော်အဆင့်သည် အခြေခံကျသည့် တန်ခိုးစွမ်းအားများ အားလုံးကို နားလည်ရသည့် အဆင့်တစ်ခုဖြစ်သည်။

တာ့လော်အဆင့်သို့ရောက်ရှိပြီးနောက် နောက်ပိုင်းအဆင့်များသည် ကံကြမ္မာနှင့်လုံးဝမဆိုင်တော့ဘဲ အသိဉာဏ်ပညာနှင့်သာ သက်ဆိုင်တော့သည်။

ထို့ကြောင့် တာ့လော်အဆင့်တည်ရှိမှုကို ကောင်းကင်၏မာနတရားဟုပင် ခေါ်ဆိုကြသည်။

ခေတ်အဆက်ဆက်တွင် အလွန်ရှားပါးသည့် အဆင့်ဖြစ်ပြီး အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခု ပင်ဖြစ်သည်။

သို့သော်… ယခုတော့ စကြာဝဠာကြီးတစ်ခုလုံး အဆုံးသတ်ရန် တစ်စထက်တစ်စ နီးကပ်လာပြီ ဖြစ်လေရာ ခေတ်အဆက်ဆက်မှ တာ့လော်အဆင့်နတ်ဘုရားများ တဖြည်းဖြည်းထွက်ပေါ်လာကြလေသည်။

အချို့ဆိုလျှင် ဆန်းလျန်လောက် မတော်ကြသည့်တိုင် ထူးဆန်းပြီး အံ့သြဖွယ်ရာတန်ခိုးစွမ်းအားများကိုပိုင်ဆိုင်ကြပြီး မမျှော်လင့်သည့် ပြဿနာများကိုပင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ထို့ပြင်… တာ့လော်အဆင့်သို့ မနေ့တစ်နေ့ကမှ တက်လှမ်းလာကြသည့် နတ်ဘုရားများ ၊ နတ်မိစ္ဆာများလည်း များစွာ ရှိကြသေးသည်။ ထိုသူများကလည်း မှော်ဆန်လွန်းလှပြီး အချို့ဆိုလျှင် သူတို့ကို ဆန်းလျန် တွေ့မြင်နိုင်ခြင်း မရှိအောင် တစ်ခဏမျှပင် ဖုံးကွယ်နေနိုင်စွမ်း ရှိကြသည်။

သို့သော်… ဆန်းလျန် နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်တော့မည်ဆိုလျှင် ထိုသူများအားလုံးက ဘာမှ မဟုတ်တော့ပေ။

ကူးဝေေ၀နှင့် ပိုင်ရှောက်ယွီတို့ကို ပညာသင်ပေးနေသည့် လဝက်ခန့်အချိန်အတွင်းမှာပင် ဆန်းလျန်၏ မူလဝိညာဉ်ကိုယ်ခွဲ (၃)ခုဖြစ်သည့် ထိုက်ယိ ၊ ထိုက်စုနှင့် ထိုက်ကျိတို့ အရှိန်အဟုန်မြင့်စွာ အဆင့်မြင့်တက်လာပြီး မပျက်စီးနိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့လေတော့သည်။

နောက်ဆုံးတော့ ဆန်းလျန်အတွက် ခုံရွှမ်းနှင့် ထပ်မံတွေ့ဆုံရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters