အခန်း (၈၂၁-၈၂၂)
Vol. 56 Ch. 821-822
အပိုင်း (၈၂၁) ဗဟိုသွေးမြို့တော်မှ ကျန်ရစ်သူ
မုန်းတီးမှုဆိုသည်မှာ တစ်ခါတစ်ရံတွင် ချစ်ခြင်းမေတ္တာထက်ပင် ပိုမိုကြာရှည်စွာနှင့် နက်နက်ရှိုင်းရှိုင်း မှတ်မိနေတတ်သည့်အရာမျိုး ဖြစ်သည်။ ကောင်းမင် ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်နေသည့် အရေးကြီးသောအချိန်တွင် အိပ်မက်က ဝင်ရောက်နှောင့်ယှက်ခဲ့ပြီး အရာအားလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်ကို ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။
သူက အိပ်မက်၏ ယဇ်ပလ္လင်ငါးခုကို သိမ်းပိုက်ထားသလို အိပ်မက်ကလည်း သူ့ခန္ဓာကိုယ်အတွင်း၌ ပြန်လည်မွေးဖွားလိုနေသည်။ သူတို့နှစ်ဦးသည် တစ်ဦးတစ်ယောက်က အပြီးတိုင်ပျက်သုဉ်းသွားရမည့် ကံကြမ္မာမျိုး ရှိနေကြသည်။
တစ်ယောက်ယောက် လုံးဝမေ့လျော့ခံလိုက်ရသည်နှင့် ကျန်တစ်ယောက်က အခြားတစ်ယောက်၏ အရာအားလုံးကို ရရှိပိုင်ဆိုင်သွားပေလိမ့်မည်။
အိပ်မက်ပုံစံကွက်များသည် အစေ့၏ အရှိန်အဝါကို အတုယူ၍ ချည်မျှင်တန်းများအဖြစ် သွေးပင်လယ်ထဲသို့ တွဲလောင်းကျဆင်းသွားသည်။ ၎င်းတို့ ပင်လယ်မျက်နှာပြင်နှင့် ထိတွေ့လိုက်သည်နှင့် သန္ဓေပြောင်းငါးများကဲ့သို့သော မရေမတွက်နိုင်သည့် သရဲမျက်နှာများက အတင်းအကျပ် လုယူကြတော့သည်။ သူတို့သည် သူတို့ပါးစပ်များကို ဖြဲထားကြပြီး သူတို့၏ မုန်းတီးမှုများက ပြင်းထန်သော နာကျည်းမှုများနှင့်အတူ ထက်မြက်သော သွားများအဖြစ် ပြောင်းလဲနေကြသည်။ (TL note - ဒီနေရာက စပြီး အိပ်မက်အမှတ်အသား အိပ်မက်ပုံစံကွက်လို့ပဲ သုံးပါတော့မယ်)
“မင်းက အတင်းအကျပ် ပြန်လာဖို့ ကြိုးစားနေတာလား...”
နံပါတ် ၂ သည် ကောင်းမင်နှင့် ဆက်သွယ်ရန် ကြိုးစားမှုကို လက်လျှော့လိုက်သည်။ သူသည် ပိုင်ရှောင်၏ အမြင်အာရုံကို သုံး၍ သွေးပင်လယ်အောက်ခြေရှိ ဘယ်သူမှမသိနိုင်သော ဧရာမ အရိပ်ကြီးကို ကြောက်လန့်တကြားဖြင့် ကြည့်နေခဲ့ရသည်။
“ဒီစနစ်က ဘာမှလည်း မသိဘူး၊ ငါကလည်း ပျော့ပျောင်းတဲ့ ဗျူဟာတွေ သုံးတတ်တဲ့လူမဟုတ်ဘူး”
ကောင်းမင်သည် တစ်ပတ်ရစ်စနစ်က ပေးထားသော ကိုဩဒိနိတ်များအတိုင်း အိပ်မက်ပုံစံကွက်များကို အသုံးပြုကာ အောက်ဘက်သို့ ဆက်လက် စူးစမ်းနေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ယဇ်ပလ္လင်ငါးခုအတွင်းရှိ သားစားကြူးနတ်ဘုရား၏ ရုပ်တုများက ရုတ်တရက် မျက်လုံးများ ပွင့်လာကြသည်။ ၎င်းတို့သည် မိစ္ဆာများကဲ့သို့ ရက်စက်ကြမ်းတမ်းပြီး ပုံပျက်တွန့်လိမ်နေကြသည်။ သူတို့၏ လက်ရှစ်ဖက်က ယဇ်ပလ္လင်များထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အနည်းငယ် တွန့်လိမ်နေသော အိပ်မက်ပုံစံကွက်များကို ဖမ်းဆုပ်လိုက်ကြသည်။
အလွန်ပါးနပ်လှသော အိပ်မက်ပုံစံကွက်များသည် ကောင်းမင်၏အသံကို ကြားသော်လည်း တုံ့ပြန်ခြင်း မရှိပေ။ ထိုအစား ၎င်းတို့သည် ယဇ်ပလ္လင်များနှင့် ချိတ်ဆက်ရန် ကြိုးစားနေကြပြီး ကောင်းမင်ကို သွေးပင်လယ်ထဲ ဆွဲချရန် ပြင်လိုက်ကြသည်။
“ချီးပဲ”
ယဉ်ကျေးလှသော ကောင်းမင်ပင်လျှင် မဆဲဘဲ မနေနိုင်တော့ဘဲ အိပ်မက်ပုံစံကွက်များဖြင့် ရက်လုပ်ထားသော ချည်မျှင်များကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ ထိုချည်မျှင်များသည် အလွန်လေးလံသော အရာတစ်ခုနှင့် ငြိနေသကဲ့သို့ ဆွဲယူမရနိုင်အောင် ဖြစ်နေခြင်းပင်။
“ပိုလေးလာသလိုပဲ”
သူ့ကျောရိုးတလျှောက် စိမ့်တက်သွားသည်။ ကောင်းမင်သည် ငါးကြီးတစ်ကောင်ကို ဖမ်းမိရန် မျှော်လင့်နေသော ကလေးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသော်လည်း တကယ်တမ်း သူဆွဲတင်မိနေသည်မှာ အလောင်းတစ်လောင်း ဖြစ်နေသကဲ့သို့ပင်။
ကောင်းမင် ရှေ့တိုး၍ အစေ့ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေသော သားစားကြူးနတ်ဘုရား၏ စွမ်းအားများကို ခန္ဓာကိုယ်အနှံ့ စီးဆင်းစေကာ ရေမမြုပ်သွားစေရန် ခဲယဉ်းစွာ ထိန်းထားရသည်။
“တစ်ယောက်ယောက်က အိပ်မက်ချည်မျှင်ကို ဖမ်းထားတာပဲ”
ယဇ်ပလ္လင်ငါးခု၏ မျက်နှာပြင်ပေါ်ရှိ ပုံစံကွက်များမှာ တစ်စုံတစ်ခု၏ ဆင့်ခေါ်မှုကို ခံနေရသကဲ့သို့ တွန့်လိမ်နေကြသည်။ယင်းက အိပ်မက်သည် သွေးပင်လယ်အောက်ခြေတွင် ရှိနေကြောင်း ကောင်းမင်၏သံသယကို အတည်ပြုပေးနေလေသည်။
“လွှတ်လိုက်၊ မင်း အိပ်မက်ကို လွှတ်ပေးလိုက်မိလိမ့်မယ်”
နံပါတ် ၂ က အော်ဟစ်လိုက်၏။ အခြားအိပ်မက်သရဲများကလည်း စိုးရိမ်နေကြသည်။
“ခဏလောက် ထပ်စောင့်ပါဦး၊ တကယ်လို့ အိပ်မက်က ဒီချည်မျှင်ကို သူတစ်ယောက်တည်း ဖမ်းထားတာဆိုရင် အပြင်ကို ထွက်လာပြီးလောက်ပြီ၊ အခုက တစ်ခုခုက သူ့ကို ဆွဲထားတာပဲ”
ပင်လယ်လှိုင်းများ ပြင်းထန်လာတော့သည်။ ကောင်းမင်သည် ပြင်ပနှောင့်ယှက်မှုများမှ သူ့ကိုယ်သူ ကာကွယ်ရင်း အိပ်မက်ပုံစံကွက်များပေါ်သို့သာ အာရုံအားလုံးကို စုစည်းလိုက်သည်။ ချည်မျှင်များမှာ တဆတ်ဆတ်တုန်ခါနေပြီး သွေးနီရောင်အစင်းကြောင်းတစ်ခုက အိပ်မက်အပိုင်းအစများကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ကောင်းမင်သည် အိပ်မက်ထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်မှာပင် ရယ်မောသံကိုလည်း ကြားလိုက်ရသည်။
ပထမတွင် ကလေးတစ်ယောက်၏ ရယ်မောသံကဲ့သို့ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ထိုရယ်သံမှာ ကျယ်လောင်လာပြီး တစ်စုံတစ်ယောက်က သူတို့၏ လည်ပင်းကို ဓားနှင့် လှီးဖြတ်လိုက်သကဲ့သို့ပင်။ ပါးစပ်ထဲတွင် သွေးများပြည့်နေရင်း ရူးသွပ်စွာဖြင့် ခြောက်ခြားဖွယ်ကောင်းအောင် ရယ်မောနေခြင်း ဖြစ်သည်။
“ရယ်သံလား၊ ရှင်းလုသွေးမြို့တော်ရဲ့ အရှင်သခင်လား”
ကောင်းမင်သည် ရှန်းလော်၏ သတိပေးချက်ကို ချက်ချင်း သတိရသွားသည်။
“ဒီလူရဲ့ ကံကြမ္မာထဲမှာ အမှန်တရားရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်၊ ဒါက ကံဆိုးတာမဟုတ်ဘူး၊ မင်္ဂလာရှိတဲ့ နိမိတ်ပဲ...”
သူ ရှန်းလော်ကို ချီးကျူးမဆုံးသေးမီ ကောင်းမင်၏ အပေါ်ပိုင်းခန္ဓာကိုယ်မှာ ငရဲတံခါးထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။ ဧရာမ အရိပ်ကြီးမှာ အရာအားလုံးကို ချေမှုန်းပစ်နိုင်သော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ လှုပ်ရှားလာလေ၏။
“ဒါက ဘာကြီးလဲ၊ ဒါက သွေးမြို့တော်ထက်တောင် ပိုကြီးနေသလိုပဲ၊ ဒါပေမဲ့ ပင်လယ်ထဲမှာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူး”
ရှန်းလော်ကို ချီးကျူးလိုက်သည့် အချိန်မှစ၍ ကောင်းမင်၏ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားသွား၏။ အိပ်မက်သရဲ အများအပြားက သူသွေးပင်လယ်ထဲသို့ စုပ်ယူမခံရစေရန် သူ့ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း ဖမ်းဆွဲထားကြသည်။
သိမ်မွေ့လှသော အိပ်မက်ပုံစံကွက်များက ပြတ်တောက်လုနီးပါး ဖြစ်နေပြီး မရေမတွက်နိုင်သော ဝိညာဉ်များကလည်း ၎င်းတို့ကို ကိုက်ခဲနေကြရာ ကောင်းမင် လက်လျှော့ရန်ပင် ပြင်ဆင်လိုက်သည်။ စဉ်းစားရန် အချိန်မရှိတော့သဖြင့် သူသည် သူ့အသိစိတ်တစ်စိတ်တစ်ပိုင်းကို ဆုတ်ဖြဲကာ အိပ်မက်ပုံစံကွက်များထဲသို့ ပေါင်းစပ်လိုက်ပြီး သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာအထိ သူ့အသံကို ပေးပို့လိုက်သည်။
“ရှင်းလုသွေးမြို့တော်ကို မပြောသင့်သူအဆင့် ဖြစ်တည်မှုတွေက သိမ်းပိုက်လိုက်ပြီ၊ မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ လိုက်ဖမ်းခံနေရတယ်၊ တားမြစ်ဂိမ်းကစားသမားတွေအားလုံး ဦးနှောက်ခွဲစိတ်မှုကို အတင်းအကျပ် ခံယူနေရပြီ ရှင်းလုင်းသွေးမြို့တော်ကိုလည်း တခြားသွေးမြို့တော်တွေက ခွဲယူကြတော့မယ်၊ သူတို့ မင်းကို လိုအပ်နေတယ်”
ကောင်းမင်၏ စကားများတွင် မည်သည့် ဂါထာမန္တန်မျှမပါဝင်ဘဲ စစ်မှန်သော ခံစားချက်များသာ ပြည့်နှက်နေခြင်းဖြစ်သည်။ ကယ်တင်ရှင်သာ ပြန်မလာဘဲ သူတစ်ယောက်တည်း ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရမည်ဆိုပါက သူရင်ဆိုင်ရမည့်ဖိအားမှာ အလွန်ကြီးမားပေလိမ့်မည်။
ဤမျှအထိ လုပ်ဆောင်ခဲ့ပြီးနောက် ကောင်းမင်သည် ကယ်တင်ရှင် သေချာပေါက် ပြန်လာလိမ့်မည်ဟု ယုံကြည်နေသော်လည်း အိပ်မက်ပုံစံကွက်မှာ မည်သို့မှ ပြောင်းလဲမသွားပေ။ ပျံ့နှံ့နေသော သွေးနီရောင်များက အိပ်မက်များကို အတင်းအကျပ် တွယ်ရစ်ထားကာ ထိုမသိထိုက်သူ ဖြစ်တည်မှုကို ထွက်မပြေးနိုင်အောင်သာ တားဆီးနေသည်။
“ရှင်းလုသွေးမြို့တော်က ပျက်စီးကိန်းဆိုက်တော့မယ်၊ မင်း အဲ့ဒီအရာနဲ့အတူ အပြင်ထွက်လာခဲ့လို့ရပါတယ်၊ ငါတို့ အတူတူ အမဲလိုက်ကြတာပေါ့”
ကောင်းမင်က ပိုင်ရှောင်ကို ခေါ်လိုက်ပြီး နံပါတ် ၂ ၏ အသိစိတ်ကို အိပ်မက်ပုံစံကွက်ထဲသို့ ပေါင်းစပ်စေလိုက်သည်။
နံပါတ် ၂ ၏ အပိုင်းအစဖြစ်သော အသိစိတ်ကို အာရုံခံမိလိုက်ရသောအခါ ရူးသွပ်သော ရယ်မောသံမှာ ဖြည်းညှင်းစွာ ရပ်တန့်သွား၏။ သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ အလွန်တိုတောင်းသော မက်ဆေ့ချ်တစ်ခုက အိပ်မက်ပုံစံကွက်များမှတစ်ဆင့် ထွက်ပေါ်လာလေသည်။
“ငါတို့ ကံကြမ္မာရဲ့ အလောင်းကို တွေ့ခဲ့တယ်”
ဤရိုးရှင်းသော စကားတစ်ခွန်းသည် ကောင်းမင်နှင့် နံပါတ် ၂ တို့၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာကို ချက်ချင်း ဖြစ်ပေါ်သွားစေခဲ့သည်။
ကံကြမ္မာရဲ့ အလောင်းလား။ ကံကြမ္မာက သေသွားပြီလား။ ဒါဆိုရင် အတွင်းကမ္ဘာရဲ့ ကောင်းကင်ယံမှာ လွှမ်းမိုးထားတဲ့အရာက ဘာလဲ။
မဖော်ပြနိုင်သော ထိတ်လန့်မှုများက သူ့ရင်ခုန်သံများနှင့်အတူ လွှမ်းမိုးသွားပြီး အသက်ရှူရသည်ပင် အေးစိမ့်သွားသကဲ့သို့ ခံစားရသည်။
သွေးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ကယ်တင်ရှင် တွေ့ရှိခဲ့သည့်အရာမှာ သူဘာကြောင့် ပြန်မလာခဲ့သနည်းဟူသည့် စစ်မှန်သောအကြောင်းပြချက်ပင် ဖြစ်သည်။
ပင်လယ်အောက်ခြေရှိ အနက်ရောင် ဝဲဂယက်ကြီးက ဆက်လက်ကျယ်ပြန့်လာနေလေသည်။၎င်း၏ ပြင်းထန်သော စုပ်အားကြောင့် ကောင်းမင်၏ခန္ဓာကိုယ်မှာ တွန့်လိမ်နေခဲ့သည်။
“ငါ အချိန်လိုအပ်တယ်၊ ရတော့မယ်၊ ရတော့မယ်...”
သွေးပင်လယ်အောက်ခြေမှ ထွက်ပေါ်လာသော သတင်းအချက်အလက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သွေးနီရောင်နှင့် အိပ်မက်စွမ်းအားများမှာ အပြင်းအထန် တိုက်ခိုက်နေကြပြီး ကောင်းမင်၏အသက်သွေးကြောကို ဖြတ်တောက်လိုက်ကြသည်။
ဖြူဖျော့နေသော မျက်နှာများ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာပြီး အိပ်မက်အပိုင်းအစများကို အငမ်းမရ ဝါးမြိုကြတော့သည်။ အနက်ရောင် အရိပ်ကြီးက ပိုမိုမြင့်တက်လာနေ၏။ ဧရာမ ဝဲဂယက်ကြီးသည် ရေမျက်နှာပြင်ပေါ်တွင် သွေးနီရောင်မုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်နေစေခဲ့သည်။
တစ္ဆေတံခါးဝမှ သွေးနီရောင် လေပြင်းများ တိုက်ခတ်လာတော့သည်။ အိပ်မက်သရဲငါးဦးသည် ပိုမိုမြင့်မားသော နယ်ပယ်၏ ဖိအားကို ခံစားလိုက်ရပြီး ကောင်းမင်အား ရှင်းလုသွေးမြို့တော်ဆီသို့ အတင်းအကျပ် ပြန်လည်ဆွဲခေါ်လိုက်ကြသည်။
တစ္ဆေတံခါးမှာ ပိတ်သွားပြီး တစ်ပတ်ရစ်စနစ်မှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားပုံရသည်။ ဇာတ်ကောင်အချက်အလက်မျက်နှာပြင်သည် ဝေဝါးနေပြီး လေးပုံတစ်ပုံခန့်သော ပြွန်ပိုက်များမှာလည်း ကျိုးပဲ့ကုန်သည်။
“ဘယ်သွေးမြို့တော်အရှင်ကိုမှ အထင်မသေးသင့်ဘူး၊ ရှင်းလု… ဒီကယ်တင်ရှင်ကတော့ တကယ်ထူးခြားတဲ့လူပဲ”
ကောင်းမင်သည် သနားစရာကောင်းလှသော စနစ်မျက်နှာပြင်ကို နှစ်သိမ့်ရန် ပြင်လိုက်စဉ် ရုတ်တရက် အတွင်းကမ္ဘာကြီး လင်းထိန်သွားသည်ကို ခံစားလိုက်ရသည်။
“ဟမ်”
အနက်ရောင် မြူခိုးများ ရှိနေဆဲဖြစ်ပြီး ကံကြမ္မာကလည်း ကောင်းကင်ကို လွှမ်းမိုးထားဆဲပင်။ စိတ်ပျက်အားငယ်စစရာ မြေပြင်ကြီးမှာလည်း ပြောင်းလဲမသွားပေ။ ကောင်းမင်သာမက လူတိုင်းသည်လည်း အတွင်းကမ္ဘာကြီးမှာ ပို၍လင်းထိန်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဤတောက်ပမှုမှာ အလင်းရောင်များ ပိုရလာခြင်းမျိုး မဟုတ်ပေ။ယင်းက အတွင်းကမ္ဘာထဲတွင် နေထိုင်သူများ၏ နှလုံးသားထဲတွင် စုပုံနေသော အမှောင်ထုများ ဖြည်းညှင်းစွာ အရည်ပျော်ကျလာခြင်းမျိုး ဖြစ်သည်။
“အတွင်းကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ”
ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်စည်းမျဉ်းများကို အသုံးပြု၍ ကောင်းယန်ကို အမြန် ဆက်သွယ်လိုက်သည်။ အချိန်အတော်ကြာပြီးမှ သူရရှိလိုက်သော ထိတ်လန့်ဖွယ် သတင်းစကားမှာ ထိတ်လန့်ဖွယ်ရာပင်။ အမှောင်သွေးမြို့တော်ရှိ မသိထိုက်သူဖြစ်တည်မှု အသတ်ခံလိုက်ရသည် ဟူ၍ပင်။
၎င်း ပျက်သုဉ်းသွားသည့် အခိုက်အတန့်မှစ၍ ကမ္ဘာပေါ်တွင် မည်သည့်ခြေရာလက်ရာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။ အမှောင်သွေးမြို့တော်ကား ထာဝရ အားနည်းသွားပုံရသည်။
“ဒီ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတွေတစ်ယောက်ချင်းစီက ရူးနေကြတာပဲ၊ လုံးဝရူးသွပ်နေကြတာ”
ကောင်းမင်၏ အတွေးများ မဆုံးသေးမီ ကောင်းယန်က နောက်ထပ် သတင်းစကားတစ်ခု ပေးပို့လာပြန်သည်။ ဗဟိုသွေးမြို့တော်၏ အရှင်သခင်မှာ ဟန်ဟိုင်းကို လှမ်းကြည့်နေသည်ဟူ၏။ သူသည် ဟန်ဟိုင်းသွေးမြို့တော်အား “အကူအညီအနည်းငယ်” ပေးရန် မျှော်လင့်နေသည် ဟူ၍ပင်။
အပိုင်း (၈၂၂) အကူအညီသေးသေးလေး
သွေးမြို့တော်တစ်ခုစီသည် တစ်စုံတစ်ခုသော စွဲလမ်းမှုများ စုစည်းရာနေရာ ဖြစ်သည်။ ဥပမာအားဖြင့် ရှင်းလုသွေးမြို့တော်သည် နာကျင်မှုအားလုံးကို ကုသပေးပြီး အတွင်းကမ္ဘာတွင် စုပုံနေသော စိတ်ပျက်အားငယ်မှုများကို သန့်စင်ပေးသည်။ ကယ်တင်ရှင် လုပ်ဆောင်သမျှ အားလုံးသည်လည်း ဤပင်မရည်မှန်းချက်ကိုသာ ဗဟိုပြုခြင်းဖြစ်သည်။ သူသည် ‘ပြီးပြည့်စုံသော ဘဝဂိမ်း’ ကို အသုံးပြု၍ လက်တွေ့ဘဝနှင့် အိပ်မက်ဆိုးများကို ထိတွေ့စေပြီး ရှင်ခြင်းနှင့် သေခြင်းကြားက အတားအဆီးကို ဖောက်ဖျက်ကာ ကစားသမားများကို အတွင်းကမ္ဘာထဲသို့ လမ်းပြခေါ်ဆောင်လာခဲ့သူဖြစ်သည်။
ဗဟိုသွေးမြို့တော်၏ ရည်မှန်းချက်ကမူ ပို၍ရိုးရှင်းသည်။ သူတို့သည် ကြီးမားသော သစ္စာအဓိဋ္ဌာန်တစ်ခုကို ပြုထားကြသည်။ယင်းသည် ဤကမ္ဘာပေါ်ရှိ အမှောင်ထုထဲတွင် ကျင့်သားရနေသော မျက်လုံးအစုံတိုင်း အလင်းရောင်ကို မြင်တွေ့နိုင်စေရန်နှင့် လမ်းပျောက်နေသော ဝိညာဉ်တိုင်းအတွက် တံခါးတစ်ခု ဖွင့်လှစ်ပေးနိုင်ရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် သူတို့သည် ညကောင်းကင်နှင့် အနီးဆုံးနေရာဟု ဆိုကြသော အတွင်းကမ္ဘာ၏ ဗဟိုချက်တွင် အခြေစိုက်ထားကြသည်။ ဤရည်မှန်းချက်ကြောင့်ပင် ဗဟိုသွေးမြို့တော်သည် အမှောင်သွေးမြို့တော်ကို စစ်ကြေညာခဲ့ခြင်း ဖြစ်သည်။
ထိုသွေးမြို့တော်နှစ်ခုမှာ အခြေခံချင်း ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ထိပ်တိုက်တွေ့ဆုံမှုသည် ရှောင်လွှဲ၍မရနိုင်ပေ။ သို့သော်လည်း ဘယ်သူမှ မထင်မှတ်ထားသည်က အမှောင်သွေးမြို့တော်၏ မသိထိုက်သူအဆင့် မပြောသင့်သူသည် ဤမျှမြန်မြန်ဆန်ဆန် အသတ်ခံလိုက်ရခြင်းကိုပင်။ အတွင်းကမ္ဘာကြီးမှာ ထာဝရအတွက် အနည်းငယ် ပိုမိုလင်းထိန်သွားခဲ့ပြီး အမှောင်ထု၏ စည်းမျဉ်းအချို့မှာလည်း အသွင်ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အမှောင်သွေးမြို့တော် ပျက်သုဉ်းသွားရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်တော့သည်။
ကောင်းမင်၏ အမြင်တွင်မူ ဗဟိုသွေးမြို့တော်၏ အင်အားသည် အခြားသွေးမြို့တော်များထက် များစွာ သာလွန်ပေသည်။ အကယ်၍ သူတို့သာ ပြဿနာကို မဖြေရှင်းနိုင်ပါက ဟန်ဟိုင်းအနေဖြင့်လည်း သေချာပေါက် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
“ဘာအကူအညီအနည်းငယ်လဲ”
ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများမှတစ်ဆင့် ကောင်းယန်ကို သတိထားကာ ဆက်သွယ်လိုက်သည်။
“တခြားသွေးမြို့တော်တွေက ရှင်းလုကို ချဉ်းကပ်နေပြီလို့ ဗဟိုသွေးမြို့တော်က ငါတို့ကို သတိပေးထားတယ်၊ သွေးမြို့တော်ပိုင်ရှင် အတော်များများက ထပ်မစောင့်နိုင်ကြတော့ဘဲ ရှင်းလုသွေးမြို့တော်ကို တိုက်ခိုက်ဖို့ ပြင်နေကြပြီတဲ့”
ကောင်းယန်၏ စကားလုံးများသည် သွေးမြို့တော်ပုံစံကွက်များကြားတွင် ဝေဝါးနေပြီး ‘သွေးမြို့တော်ပိုင်ရှင်များ’ ဟူသော စကားလုံးကို ထုတ်ဖော်ရန်ပင် မလွယ်ကူလှပုံရသည်။
“ဒါက ဗဟိုသွေးမြို့တော်က ငါတို့ကို တောင်းတဲ့အကူအညီနဲ့ ဘာဆိုင်လို့လဲ”
“သူတို့ပြောတာကတော့ အတိတ်မှာပဲဖြစ်ဖြစ်၊ အခုလက်ရှိမှာပဲဖြစ်ဖြစ် ဟန်ဟိုင်းက အတွင်းကမ္ဘာမှာ အင်အားအကြီးဆုံး သွေးမြို့တော်ဖြစ်တာ ငြင်းစရာမရှိဘူးတဲ့၊ သူတို့က ငါတို့ကို ရှင်းလုသွေးမြို့တော်အတွက် အချိန်ဆွဲပေးဖို့ မျှော်လင့်နေကြတာပဲ”
ကောင်းယန်ပေးပို့လာသော သတင်းစကားကို ဖတ်ရင်း ကောင်းမင်၏ မျက်တောင်များ တဆတ်ဆတ်လှုပ်ခတ်သွားသည်။ အစောပိုင်းက မြှောက်ပင့်စကားများကို ဘေးဖယ်ထားလျှင်ပင် သွေးမြို့တော်အတော်များများကို ရှင်းလုထဲ မဝင်ရန် တားဆီးပေးရခြင်းက ‘အကူအညီအနည်းငယ်’ ဆိုပါက ဤကမ္ဘာပေါ်တွင် ယခုထက် ပိုကြီးမားသော အရာများက ဘာများဖြစ်နေနိုင်ဦးမည်နည်း။
ဟန်ဟိုင်းသွေးမြို့တော်သည် အခြားသွေးမြို့တော်များနှင့် တကယ့်ကို အသေအကျေရန်သူများ ဖြစ်ကြသည်။ သူတို့သည် ဟန်ဟိုင်းကို သတ်ဖြတ်ခဲ့သူများဖြစ်သလို ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ထောင်ခြင်းကို တားဆီးနေသော ရန်သူများလည်း ဖြစ်သည်။ နှစ်ဖက်စလုံးတွင် ပြေလည်နိုင်စရာမရှိသော ပဋိပက္ခများ ရှိနေကြသည်။ သို့သော် ပြဿနာမှာ ဟန်ဟိုင်းသွေးမြို့တော်အနေဖြင့် အခြားသွေးမြို့တော်များအားလုံးကို တစ်ပြိုင်နက်တည်း တားဆီးနိုင်လောက်သော အင်အားမျိုး မည်သို့ ရှိနိုင်မည်နည်း။
“စိတ်ဖောက်ပြန်မှုစွမ်းအားကို သုံးရမှာလား”
ကောင်းမင်သည် တစ်စုံတစ်ယောက်၏ ကြိုးကိုင်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်သည် ကံကြမ္မာကို ကိုင်လှုပ်ချင်နေပြီး ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ထောင်ခြင်းနှင့် အမည်မသိနိုင်သော ရူးသွပ်မှုတို့မှာ ထိုအစီအစဉ်၏ အစိတ်အပိုင်းများ ဖြစ်နေကြသည်။ မရေမတွက်နိုင်သော သံသရာစက်ဝန်းများမှတစ်ဆင့် ထိုနှစ်ခုမှာ နောက်ဆုံးတွင် ပေါင်းစပ်သွားခဲ့ပြီး မဖြစ်နိုင်သောအရာများကြားမှ တစ်ခုတည်းသော ဖြစ်နိုင်ခြေကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
နတ်ဘုရားပုံစံကွက်များ ပြောင်းလဲသွားပြီး ကောင်းယန်က သတင်းအချက်အလက်အသစ်များကို ပေးပို့လာသည်။
“ငါတို့အားလုံး ငါတို့ကိုယ်ငါတို့ အထင်သေးနေခဲ့ကြတာ ဖြစ်နိုင်သလို ဟန်ဟိုင်းကိုလည်း အထင်သေးနေခဲ့ကြတာလည်း ဖြစ်နိုင်တယ်၊ ဗဟိုသွေးမြို့တော်ကလာတဲ့ အဲ့ဒီ ကြင်နာတတ်တဲ့ အကြည့်က ငါ့ကို အတိအကျ ပြောပြခဲ့တယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားက အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားရှိပြီး အိပ်မက်သရဲက အသန်မာဆုံး ဉာဏစွမ်းအားရှိတယ်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားရဲ့ လွှမ်းမိုးနိုင်တဲ့ ရူးသွပ်မှုဟာ အသိတရားအားလုံးကို စတေးပြီး ရရှိလာတဲ့ တိုက်ပွဲဝင်စွမ်းအားပဲ၊ တကယ်လို့ အိပ်မက်သရဲကသာ သူ့ရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်သုံးချင်တယ်ဆိုရင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို လုံးဝစွန့်လွှတ်ပြီး အရာအားလုံးကို ရင်းနှီးရလိမ့်မယ်”
ကောင်းမင်သည် သူ့အတွေ့အကြုံများကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်စဉ်က ငရဲသန္ဓေသားသည် သွေးနီရောင်ကုတ်အင်္ကျီဝတ် နတ်ဆိုးနတ်ဘုရားနှင့် အိပ်မက်တို့၏ ဝိုင်းရံတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သူ၏ အစစ်အမှန်ပုံစံမှာလာ်း ကံကြမ္မာ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ သူသည် ကျိန်စာများကို တိုက်ရိုက်ထုတ်လွှတ်၍ နှစ်ယောက် တစ်ယောက်ရင်ဆိုင်ခဲ့ရရုံသာမက ကံကြမ္မာကိုပင် ပြန်လည်တိုက်ခိုက်ဝံ့ခဲ့သည်။ ထိုရူးသွပ်နေသော အခြေအနေတွင် ငရဲသန္ဓေသားကို ဆက်သွယ်၍ မရနိုင်ခဲ့ပေ။ မိခင်ဖြစ်သူ ဝမ်ချင်း၏အကူအညီနှင့် ဟန်ဟိုင်းသွေးမြို့တော် စည်းမျဉ်းများ၏ တည်ငြိမ်စေမှုသာ မရှိခဲ့ပါက ငရဲသန္ဓေသားသည် သူတို့ကို သွေးပင်လယ်ထဲအထိ လိုက်လံတိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း ဤသို့စဉ်းစားကြည့်လျှင် ‘ဒေါက်တာကောင်း’ ဟု လူသိများသော နတ်ဆိုးနတ်ဘုရားမှာ အမှန်တကယ် ကြောက်စရာကောင်းလှသည်။ သူသည် သူ၏အသိတရားကို တစ်ခါမှ အပျောက်မခံခဲ့ပေ။ ဆိုလိုသည်မှာ သူသည် သူ့စွမ်းအားအပြည့်ကို တစ်ခါမျှ ထုတ်မသုံးခဲ့ဖူးခြင်းပင်။
“သူက အဲ့ဒီ အခွံအကြောင်းကို ငါ့ကို ပြောပြခဲ့တယ်၊ အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တင်မကဘူး... ငါတို့ကို ချည်နှောင်ထားတဲ့ အရာအားလုံး၊ မှတ်ဉာဏ်တွေ၊ စွဲလမ်းမှုတွေ၊ မျှော်လင့်ချက်တွေ အစရှိတာတွေ အားလုံးပါတယ်၊ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီးပြီဆိုရင် အိပ်မက်သရဲဟာ သူ့ရဲ့ ကြောက်စရာအကောင်းဆုံး တစ်ဘက်ခြမ်းကို ထုတ်ပြလာလိမ့်မယ်တဲ့”
“ဒါပေမဲ့ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီးရင် ငါတို့က ငါတို့ကိုယ်တိုင် ဖြစ်နေပါဦးမလား”
အတော်ကြာမှ ကောင်းယန်က ကောင်းမင်ကို ပြန်ဖြေလာခဲ့သည်။
“သူပြောတာကတော့ တကယ်လို့ မင်းက အတွင်းကမ္ဘာကို အနက်ရောင်သေတ္တာတစ်လုံးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲ့ဒီလို လုပ်မှပဲ သေတ္တာအပြင်ဘက်မှာ ဘာရှိလဲဆိုတာ မြင်တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်တဲ့”
“သေတ္တာကိုပဲ ရိုက်ခွဲလိုက်လို့ မရဘူးလား”
“အဲ့ဒါက သူတို့ လုပ်နေတဲ့အရာပဲ ဖြစ်မှာပါ”
တိတ်ဆိတ်ခြင်းကသာ ကောင်းမင်၏ အဖြေဖြစ်ခဲ့သည်။ ဗဟိုသွေးမြို့တော်က ဟန်ဟိုင်း၏ အိပ်မက်သရဲသည် အသန်မာဆုံး ဉာဏရည်စွမ်းအားရှိသည်ဟု ပြောခဲ့သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကွေ့ယွမ်တွင် ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဌာန်မရှိသဖြင့် ဆက်သွယ်ရန် ခဲယဉ်းသည်။ ကျိကျဲ၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်မှာ ကောင်းမင်၏ တစ်ဝက်သာ ရှိသည်။ ကျောင်းအုပ်ယန်မှာလည်း ကျောင်းသားများကို ဘယ်လိုပညာပေးရမလဲဆိုသည်ကိုသာ နေ့စဉ်နေ့တိုင်း တွေးတောနေတတ်သူ ဖြစ်သည်။ သူတို့ထဲက ဘယ်သူကများ ထူးခြားတဲ့ ဉာဏရည်စွမ်းအား ရှိပုံရလို့လဲ။
“သူတို့အားလုံးက ငါ့ရှေ့မှာ သရုပ်ဆောင်နေကြတာလား”
ကောင်းမင်အနေဖြင့် ဗဟိုသွေးမြို့တော်ကို အလွယ်တကူ မငြင်းပယ်နိုင်တော့ပေ။ အခြားသွေးမြို့တော်များ ချဉ်းကပ်လာနေကြပြီဖြစ်ရာ သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ ကယ်တင်ရှင်များအတွက် အချိန်ဆွဲပေးရန် ရှင်းလုသွေးမြို့တော်တွင် ဆက်နေမည်လော သို့မဟုတ် ဟန်ဟိုင်းသို့ ထွက်ပြေးသွားပြီး အခြားသွေးမြို့တော်များက ရှင်းလုအား ခွဲယူကြသည်ကို စောင့်ကြည့်ကာ သူတို့၏ပိုမိုရက်စက်သော လက်စားချေမှုကို ရင်ဆိုင်မည်လော။
အိပ်မက်သရဲများမှာ ထွက်ပြေးနိုင်သော်လည်း ဟန်ဟိုင်းသွေးမြို့တော်မှာမူ ထွက်ပြေး၍ မရနိုင်ပေ။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံဝိုင်းရံတိုက်ခိုက်ခံရပါက ထိုဝမ်းနည်းဖွယ် သမိုင်းကြောင်းမှာ ထပ်မံ ဖြစ်ပွားလာနိုင်ပေသည်။
“ငါ ဘယ်လောက်ကြာကြာ အချိန်ဆွဲပေးဖို့လိုမလဲလို့ ဗဟိုသွေးမြို့တော်က ပြောခဲ့သေးလား”
“အမှောင်သွေးမြို့တော် အတွင်းကမ္ဘာကနေ ပျောက်ကွယ်သွားတဲ့အထိပဲ၊ အဲ့ဒီ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဘုရားတွေက အမြန်ဆုံး ရောက်လာကြလိမ့်မယ်”
“သူတို့ချည်းပဲဆိုရင် တခြားသွေးမြို့တော်တွေကို ယှဉ်နိုင်မှာမဟုတ်ဘူး၊ အဲ့ဒီ မဆင်မခြင်လုပ်တတ်တဲ့ အရူးတွေက ဘာတွေ ကြံစည်နေကြတာလဲ”
ကောင်းမင်တွင် တစ်ချိန်က ဗဟိုသွေးမြို့တော်ကို ဆက်သွယ်နိုင်သော ဖုန်းတစ်လုံး ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ငရဲသန္ဓေသား၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
“သူတို့က ငါတို့ကို ကူညီဖို့ လာတာမဟုတ်ဘူး၊ သွေးပင်လယ်ထဲကို ဝင်ဖို့လာတာပဲ...”
ကောင်းယန်၏ စကားလုံးများကို သွေးမြို့တော်စည်းမျဉ်းများတွင် မဖော်ပြနိုင်သော်လည်း ကောင်းမင်က အကြမ်းဖျင်း ခန့်မှန်းမိသည်။
“ကံကြမ္မာရဲ့ အလောင်းကိုလား”
အနက်ရောင်မြူခိုးများ၏ အနက်ရှိုင်းဆုံးနေရာမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ မိုးခြိမ်းသံမျိုး မဟုတ်ဘဲ ညကောင်းကင်ယံတွင် စည်းမျဉ်းအမျိုးမျိုး ထိတွေ့မိသံပင် ဖြစ်သည်။
သွေးမြို့တော်အရှင်များမှာ ရှင်းလုနှင့် ဝေးကွာနေသေးသော်လည်း သူတို့၏ လျှံထွက်လာသော စွမ်းအားများသည် အချင်းချင်း ပွတ်တိုက်မှုများကို ဖြစ်ပေါ်စေနေခြင်းဖြစ်သည်။
“အန္တရာယ်က နီးကပ်လာပြီ”
ကျိကျဲ၏ အသံက အသားသစ်ကိုင်းများမှတစ်ဆင့် အပျက်အစီးများကြားတွင် ပဲ့တင်ထပ်သွားသည်။
“ငါ့အမြစ်တွေ အမြန်ပုပ်နေပြီ”
မွေးနေ့ဖယောင်းတိုင်များက လင်းထိန်လာပြီး ကွေ့ယွမ်မှာ ချက်ချင်းတိုက်ခိုက်ရန် ပြင်လိုက်သည်။ ၎င်းသည် မဖော်ပြနိုင်သော ဆွဲဆောင်မှုရှိသည့်အရသာကို တောင့်မခံနိုင်တော့ပေ။
“အလောတကြီးမလုပ်နဲ့”
ကောင်းမင်က ကွေ့ယွမ်ကို တားလိုက်သည်။
“ငါတို့ တစ်ယောက်တည်း လှုပ်ရှားလို့မရဘူး၊ ပြီးတော့ ရှင်းလု သွေးမြို့တော်ကနေလည်း ထွက်သွားလို့ မရဘူး၊ ငါတို့မှာ အရေးကြီးတဲ့ လုပ်စရာကိစ္စတွေ ရှိသေးတယ်”
အသေအချာစဉ်းစားပြီးနောက် ကောင်းမင်၏ အကြည့်မှာ အိပ်မက်သရဲများဆီသို့ ရောက်သွား၏။ နောက်ဆုံးတွင် သူဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“မင်းတို့ထဲကတချို့ ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်ကြတော့”
“ပြန်မယ်… ဘာလို့လဲ”
ကျိကျဲ၏ မျက်နှာက ဧရာမသစ်ပင်ကြီး၏ သစ်ကိုင်းများပေါ်တွင် ပေါ်လာပြီး အံ့အားသင့်နေပုံရသည်။
“အတွင်းကမ္ဘာမှာ သွေးမြို့တော် ၁၃ ခု ရှိတယ်၊ ငါတို့မှာ အဲ့ဒီထဲကဆယ်ခုနဲ့ ရန်ငြိုးတွေ ရှိတယ်၊ သတင်းကောင်းတစ်ခုကတော့ ရှင်းလုသွေးမြို့တော်နဲ့ ဗဟိုသွေးမြို့တော်က ကယ်တင်ရှင်တွေက ငါတို့နဲ့အတူ အေးအတူပူအမျှ ရပ်တည်ဖို့ ဆန္ဒရှိနေကြတာပဲ”
ကောင်းမင်သည် အိပ်မက်သရဲများ စိတ်ဓာတ်မကျစေရန်အတွက် သွေးမြို့တော်သုံးခုကြားက ဆက်ဆံရေးကို အနည်းငယ် ပိုပိုသာသာ ပြောလိုက်သည်။
“တခြားသွေးမြို့တော်အရှင်တွေ ရှင်းလုကို လာနေကြပြီလို့ ကောင်းယန်ဆီက ငါသတိပေးချက် ရထားတယ်၊ ဒါက အသက်လုတိုက်ပွဲပဲ”
“သုံးယောက်နဲ့ ဆယ်ယောက်ဆိုတော့ တကယ် အခြေအနေ မကောင်းဘူးပဲ”
ကျိကျဲ၏ အမူအရာမှာ အလွန်တည်ကြည်သွားသည်။ သွေးမြို့တော်တစ်ခုချင်းစီက အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ နှစ်ဖက်အင်အားကွာခြားချက်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြားပေ။
“သုံးယောက်နဲ့ ဆယ်ယောက် မဟုတ်ပါဘူး”
ကောင်းမင်သည် အိပ်မက်နတ်ဘုရား၏ ပင်မယဇ်ပလ္လင်ကို ပွတ်သပ်လိုက်သည်။သူ့လက်ထဲတွင် စိတ်ဖောက်ပြန်မှုမျိုးစေ့ကို ဆုပ်ကိုင်ထားလိုက်သည်။
“တစ်ယောက်နဲ့ ကိုးယောက်ပါ”