အခန်း (၈၂၃-၈၂၄)
Vol. 56 Ch. 823-824
အပိုင်း (၈၂၃) ငါတစ်ယောက်တည်း
အိပ်မက်သရဲငါးကောင်သည် အလယ်တွင်ရပ်နေသော ကောင်းမင်ကို စိုက်ကြည့်နေကြသည်။ ရိုးရိုးသားသား ပြောရလျှင် ကောင်းမင်ကို ရူးနေသည်ဟု မထင်သောသူသည်သာ ပုံမှန်မဟုတ်သူ ဖြစ်ပေလိမ့်မည်။ ဤလုပ်ရပ်က သူတို့ကို သေတွင်းထဲသို့ အတင်းတွန်းပို့နေခြင်းနှင့် မခြားပေ။
“ရှင်းလုသွေးမြို့တော်ကတော့ စီရင်ချက်ချခံလိုက်ရပြီ၊ ငါကယ်တင်ရှင်နဲ့ ခဏလောက် စကားပြောဖြစ်ခဲ့တယ်၊ သူက အရေးကြီးတဲ့ လုပ်စရာကိစ္စတွေရှိနေလို့ ပြန်မလာနိုင်ဘူးတဲ့”
ကောင်းမင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ အခြေအနေကို ရှင်းလင်းအောင် သူပြောပြရမည်ဖြစ်သည်။
“ဗဟိုသွေးမြို့တော်က အင်အားကြီးတယ်၊ သူတို့က ဒီရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အမှောင်သွေးမြို့တော်ကို စစ်ကြေညာလိမ့်မယ်၊ တိုက်ပွဲပြီးသွားရင် သူတို့လည်း သွေးပင်လယ်ထဲကို ဝင်ကြလိမ့်ဦးမှာ”
“ဒါဆို... ငါတို့ကိုကူညီမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးပေါ့”
ကျိကျဲ၏ အမူအရာမှာ ခါးသီးနေပုံရသည်။
“ရှင်းလုသွေးမြို့တော်ရဲ့ အရှင်သခင်က ဒီနေရာကို စွန့်ပစ်သွားပြီပဲ၊ ငါတို့လည်း ဟန်ဟိုင်းကို ပြန်သွားတာက ပိုကောင်းပါလိမ့်မယ်”
ရှင်းလုဘက် အမြဲလိုက်လေ့ရှိသော နံပါတ် ၂ ပင်လျှင် ယခုတစ်ကြိမ်တွင် ဘာမှ မကန့်ကွက်နိုင်တော့ပေ။ သူသည် အလွန်အကျိုးအကြောင်း ဆင်ခြင်တတ်သူ ဖြစ်သည်။ သူ မည်မျှပင် ဦးနှောက်ခြောက်အောင် တွက်ချက်ပါစေ ကောင်းမင်နှင့်အခြားသူများ မည်သို့ အသက်ရှင်ကျန်ရစ်မည်ကို နည်းလမ်းရှာမတွေ့နိုင်ပေ။
“သွေးမြို့တော်သုံးခုမှာ တစ်ခုက အလင်းရောင်ကို ယူဆောင်လာတယ်၊ တစ်ခုက အမှန်တရားကို ယူဆောင်လာတယ်၊ ငါတို့ ယူဆောင်လာပေးရမှာကတော့ ‘အချိန်’ ပဲ ဖြစ်လိမ့်မယ်”
ကောင်းမင်၏ လက်ထဲတွင် စိတ်ဖောက်ပြန်မှုမျိုးစေ့ ရှိနေပြီး ၎င်းကို သူတစ်ယောက်တည်းသာ အသုံးပြုနိုင်သည်။
“ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုလို့ မင်းတို့ မထင်ဘူးလား၊ အဲ့ဒီ သွေးမြို့တော်အရှင်တွေဆိုတာ ပုံမှန်ဆိုရင် သူတို့ရဲ့ နယ်မြေတွေထဲကနေ လွယ်လွယ်နဲ့ ထွက်လေ့ရှိကြတာမဟုတ်ဘူးလေ”
“မင်းကတော့ တကယ့်ကို အကောင်းမြင်လွန်းတာပဲ”
ကျိကျဲက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စုံစမ်းစစ်ဆေးရေးဌာနအကြီးအကဲက သူ့ကို တားလိုက်သည်။
ယခုအချိန်တွင် ကောင်းမင်သည် အကြီးမားဆုံးသော ဖိအားကို ခံစားနေရသူ ဖြစ်သည်။ ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်တစ်ဦးအနေဖြင့် သူ၏ဆုံးဖြတ်ချက်တိုင်းသည် မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာနှင့် သက်ဆိုင်ပေသည်။ ဌာနအကြီးအကဲသည် ယခင်က ကောင်းမင်နှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ယခုတွင် ကောင်းမင်၏အခြေအနေကို နားလည်ပေးနိုင်ပြီ ဖြစ်သည်။
“အရမ်းကြီး အဆိုးမမြင်ပါနဲ့၊ ကျုပ်က သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုပါဘူး၊ အချိန်ဆွဲပေးရုံတင်ပါ၊ ကယ်တင်ရှင်တွေနဲ့ ဗဟိုသွေးမြို့တော်ကလူတွေ သွေးပင်လယ်ထဲက မကြာခင်ပြန်လာကြမှာပါ”
ကောင်းမင်၏အမူအရာက တည်ငြိမ်နေခဲ့သည်။ ဟန်ဟိုင်းကို ပြန်လည်တည်ဆောက်နိုင်သည်အထိ တစ်ဆင့်ချင်း ကျော်ဖြတ်လာခဲ့ပြီးနောက် သူသည် အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်တတ်နေပြီ ဖြစ်သည်။
“ငါက ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုပါဘူး” ဟု ကောင်းမင် ပြောလိုက်သည်ကို ကြားသောအခါ ယန်ရှီကျီးက သူမ၏မျက်မှန်ကို ချွတ်ကာ သုတ်လိုက်သည်။
“ငါ မင်းနဲ့အတူ နေခဲ့မယ်”
“ငါလည်း နေခဲ့မယ်”
ကျိကျဲက စုံစမ်းစစ်ဆေးဌာန အကြီးအကဲကို ဘေးသို့ တွန်းဖယ်လိုက်သည်။
“ငါမင်းကို ဟန်ဟိုင်းပြန်ဖို့ အကြံပေးတာက ငါကြောက်လို့ မဟုတ်ဘူးနော်”
“မင်းတို့ ဒီမှာနေလည်း ဘာမှကူညီနိုင်မှာ မဟုတ်ဘူး”
ကောင်းမင်က အိပ်မက်သရဲများကို စိတ်ဖောက်ပြန်မှုအကြောင်း ပြောပြလိုက်သည်။ အင်အားကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ အိပ်မက်မက်သူအားလုံး ရူးသွပ်သွားကြလိမ့်မည်ဖြစ်ပြီး သူတို့မြင်ရသော ကမ္ဘာကြီးမှာလည်း လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
“သူတို့ဟာ အရင်က မှတ်ဉာဏ်တွေ၊ ဝိညာဉ်တွေနဲ့ ခန္ဓာကိုယ်တွေကို ဆုံးရှုံးသွားကြပြီး ရူးသွပ်မှုတွေကြားမှာ အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်ကြတာ”
“အင်အားနဲ့ မဆိုင်ဘူးဆိုရင်တော့ ငါနေခဲ့မယ်”
ယန်ရှီကျီးသည် သူမ၏ငွေရောင်ဆံပင်များကို သပ်ရပ်အောင်ပြင်ရင်း ကောင်းမင်ဘေးတွင် ခိုင်မာစွာ ရပ်လိုက်သည်။ စေ့စပ်သေချာပြီး ရှေးရိုးစွဲဆန်သော ဤအမျိုးသမီးက ဆက်ပြောလာသည်။
“တကယ်လို့ မင်းရှုံးနိမ့်သွားရင် အဲ့ဒီသွေးမြို့တော်အရှင်တွေက ဟန်ဟိုင်းကို သွားကြမှာပဲ၊ အဲ့ဒီအခါကျရင် ငါတို့အားလုံး အသတ်ခံကြရတော့မှာ၊ ဒီတော့ ဒီမှာနေပြီး အချိန်ရသလောက် ဆွဲပေးထားတာက ပိုကောင်းပါတယ်”
ကောင်းမင်က ခေါင်းခါလိုက်ပြီး ထူးထူးခြားခြားပင် အကူအညီအားလုံးကို ငြင်းပယ်လိုက်သည်။
“ပြန်သွားကြပါ”
ကောင်းမင် ဤသို့ ပြတ်ပြတ်သားသားပြောသည်မှာ ရှားပါးသည်။ သူသည် စိတ်ဖောက်ပြန်မှု၏ သဘောသဘာဝကို အခြားသူများထက် ပိုနားလည်သည်။ ၎င်းသည် သူသေလျှင်ပင် အသုံးမပြုချင်ဆုံး စွမ်းရည်တစ်ခု ဖြစ်သည်။
“ငါ ရူးသွပ်သွားပြီးတဲ့နောက် မင်းတို့ကို ငါ့လက်နဲ့ ငါကိုယ်တိုင် မသတ်ချင်ဘူး၊ မင်းတို့ ငါနဲ့အတူ ရှိနေရင် အဲ့ဒါက ငါ့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာလိမ့်မယ်”
အိပ်မက်သရဲများက သူ့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း ဘယ်သူမှ ကောင်းမင်၏စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။ အတုအယောင် သွေးနေလုံးကြီးသည် ထွက်ပေါ်လာလိုက်၊ နိမ့်ဆင်းသွားလိုက် ဖြစ်နေပြီး မှိန်ဖျော့ဖျော သွေးနီရောင်အလင်းတန်းများက ဟန်ဟိုင်းမှ လာသူများ၏ အရိပ်များကို ရှည်လျားနေစေခဲ့သည်။
နောက်ဆုံးတွင် နံပါတ် ၂ မှလွဲ၍ ကျန်အိပ်မက်သရဲများသည် ရှင်းလုနှင့် လက်တွေ့ကမ္ဘာကြားက လမ်းကြောင်းမှတစ်ဆင့် ပြန်သွားကြတော့သည်။ သူတို့ မထွက်ခွာမီ ကောင်းမင်သည် ညှင်းပန်းနှိပ်စက်ခန်းအတွင်းရှိ သရဲအများစုကိုလည်း သူတို့နှင့်အတူ ထည့်ပေးလိုက်ပြီး ဆရာရှကဲ့သို့ အသတ်ခံလိုက်ရလျှင်ပင် ဘယ်သူမှ ဝမ်းနည်းမည်မဟုတ်သော “လူယုတ်မာ” အချို့ကိုသာ ချန်ထားခဲ့သည်။
“သူတို့အားလုံး ထွက်သွားကြပြီပဲ”
ရှရန်၏ အသံက ညှင်းပန်းနှိပ်စက်ခန်းအတွင်း ပဲ့တင်ထပ်လာသည်။
“မင်းရဲ့ နှလုံးသားက အရင်က လူတွေနဲ့ ပြည့်နေခဲ့တာ၊ အခုတော့ အားလုံးဟာလာဟင်းလင်း ဖြစ်သွားပြီ၊ ငါတစ်ယောက်တည်းပဲ ရှိတော့တယ်”
“ခင်ဗျားက သေပြီးသားမို့လို့ ကျွန်တော်ဝမ်းနည်းနေမှာ မဟုတ်ဘူး”
“ကောင်းတာပေါ့”
“ဘာလို့လဲ”
“ဒီလိုဆက်ဆံရေးမျိုးက ပိုပြီး သက်သောင့်သက်သာရှိတယ်လို့ မင်းမထင်ဘူးလား”
“မဆိုးပါဘူး”
ကောင်းမင်၏ နှလုံးသားထဲတွင် ယခုအခါ စစ်မှန်သော အရူးတစ်ယောက်သာ ပိတ်လှောင်ထားတော့သည်။ သူတို့သည် ပုံမှန်ကမ္ဘာကြီးနှင့် နှိုင်းယှဉ်လျှင် စိတ်ဖောက်ပြန်မှုကြောင့် ပြောင်းလဲသွားသောကမ္ဘာကြီးနှင့် ပိုသင့်တော်ကြပေလိမ့်မည်။
“အရူးနှစ်ယောက်”
နံပါတ် ၂ ၏ အကြွင်းအကျန်မှာ ညှင်းပန်းနှိပ်စက်ခန်း၏ ထောင့်တစ်နေရာတွင် ကပ်နေရင်း ပြောလိုက်သည်။
“အဲ့ဒီလူကိုကော ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“ရှန်းလော်လား”
ကောင်းမင်လည်း ခေါင်းခဲနေရသည်။ ကံကြမ္မာဆိုးရှိသော ဤလူကို ဟန်ဟိုင်းသို့ ခေါ်သွား၍ မရသလို ဘေးနားတွင် ထားရှိရန်မှာလည်း တစ်ခုခုမှားယွင်းသွားမည်ကို စိုးရိမ်ရသည်။
“သူ့ကို မြို့ပြင်ကို ထွက်သွားခိုင်းလိုက်ပါ၊ ကံကောင်းခြင်းတွေ ရောက်လာပါလိမ့်မယ်”
“သူက ဘယ်လိုလုပ် လူကောင်းတစ်ယောက်နဲ့ တူနေလို့လဲ”
အပျက်အစီးများကြားတွင် သွေးနီရောင်လေပြင်းများ တိုက်ခတ်နေ၏။ ရှန်းလော်၏ ချိန်းကြိုးများကို တစ်ဝက်ခန့်သာ ဖြေရသေးသဖြင့် သူသည် မနည်းရုန်းကန်၍ ထရပ်နေရသည်။
ခဏမျှစဉ်းစားပြီးနောက် ကောင်းမင်သည် ရှန်းလော်၏ ကျန်ချိန်းကြိုးများကို ရိုက်ခွဲလိုက်ပြီး မြေပုံတစ်ခု ပစ်ပေးလိုက်သည်။
“ဒါကိုယူပြီး အရှေ့ဘက်ကို ဆက်သွားပါ၊ အဲ့ဒီမှာ ပျော်ရွှင်ခြင်းလူနေအိမ်ရာရှိတယ်၊ ကယ်တင်ရှင်ရဲ့ အိမ်နီးချင်းဟောင်းတွေက မင်းကို ကူညီကြလိမ့်မယ်”
“ဒါက နည်းနည်းတော့ မရေမရာ ဖြစ်မနေဘူးလား”
ရှန်းလော်သည် လက်ဖြင့် ရေးဆွဲထားသလောက်ဖြစ်နေသော ထိုမြေပုံကို အတော်လေး နားမလည်ပေ။
“ဒီထဲမှာ ငါ့ရဲ့ အသိစိတ် တစ်စိတ်တစ်ပိုင်း ပါဝင်တယ်၊ မင်းလမ်းပျောက်နေရင် သူက လမ်းပြပေးလိမ့်မယ်”
ကောင်းမင်က လက်ယမ်းပြလိုက်သည်။
“မင်း အခုချက်ချင်း မထွက်သွားရင် မပြောသင့်သူတွေထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရောက်လာတဲ့အခါ မင်းလွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး”
“ငါ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါကို ငါဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”
ရှန်းလော်က လက်သီးဆုပ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“မေ့ပစ်လိုက်တာ ပိုကောင်းလိမ့်မယ်”
ကောင်းမင်သည် ရှန်းလော်ကို လျစ်လျူရှုလိုက်ပြီး သားစားကြူးနတ်ဘုရား၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်တော့သည်။သူသည် ရှင်းလုနှင့် လက်တွေ့ကမ္ဘာ ဆက်သွယ်ထားသော လမ်းကြောင်းကို ဗဟိုပြုကာ အသွေးအသားနယ်ပယ်ကို အတတ်နိုင်ဆုံး ချဲ့ထွင်ရန် ပြင်ဆင်လိုက်သည်။
အပျက်အစီးများနှင့် မြေပြင်ကြီးမှာ အသွေးအသားများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေသည်။ ကောင်းမင်အနေဖြင့် စိတ်ဖောက်ပြန်မှုကို အသုံးပြုရန်အတွက် လုံလောက်သော အချိန်ရရှိရန် လိုအပ်သည်။
“တခြားသွေးမြို့တော်တွေရဲ့ မသင်္ကာစရာ လှုပ်ရှားမှုတွေကို တွေ့ပြီးတာနဲ့ ဗဟိုသွေးမြို့တော်က ဟန်ဟိုင်းကို ချက်ချင်းသတိပေးခဲ့တယ်၊ အချိန်တွက်ကြည့်မယ်ဆိုရင် အဲ့ဒီသွေးမြို့တော်အရှင်တွေ ရှင်းလုသွေးမြို့တော်ကို ရောက်လာဖို့ အနည်းဆုံး ရက်အနည်းငယ်လောက် ထပ်လိုဦးမှာပါ”
အတွင်းကမ္ဘာကြီးမှာ အလွန်ကျယ်ပြောလှရာ တစ်သက်လုံး စူးစမ်းရှာဖွေလျှင်ပင် ကုန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ‘လမ်းကြောင်း၏ အဖိုးတန်မှု’ မှာ ပို၍ထင်ရှားနေခြင်း ဖြစ်သည်။
“ငါတို့ ပေါ့ဆလို့မရဘူး၊ အဲ့ဒီသွေးမြို့တော်အရှင်တွေက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ကြတာ၊ အတွင်းကမ္ဘာထဲမှာ လျင်လျင်မြန်မြန် သွားလာနိုင်တဲ့ နည်းလမ်းတချို့ ပိုင်ဆိုင်ထားနိုင်တယ်”
“အင်း”
အသွေးအသားနယ်ပယ်က အကန့်အသတ်အထိ ကျယ်ပြန့်သွားပြီးနောက် သွေးစက်များ ထွက်ပေါ်လာကာ ပိုဝေးကွာသော နေရာများအထိ ပျံ့နှံ့သွားသည်။
သားစားကြူးနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် ထိုသွေးစက်အချို့သည် ရှင်းလုသွေးမြို့တော်၏ နယ်မြေအပြင်ဘက်သို့ပင် ရောက်ရှိသွားကြသည်။၎င်းတို့က မြို့ပြင်တွင် ကင်းထောက်နေကြသည်။
ထိုသို့ လုပ်ဆောင်ထားသော်လည်း ကောင်းမင် စိတ်မအေးနိုင်သေးပေ။ သူသည် အတုအယောင် သွေးနေလုံးကြီး၏ လည်ပတ်မှုကို နှောင့်ယှက်ကာ ၎င်းကို လေထဲတွင်ပင် ရပ်တန့်ထားလိုက်သည်။ ထိုနောက် သားစားကြူးနတ်ဘုရား၏ အစစ်အမှန်ပုံစံကို ဆင့်ခေါ်ကာ ၎င်း၏ ရင်ဘတ်နှင့် နှလုံးသားအတွင်းတွင် ပုန်းအောင်းနေလိုက်သည်။
“အားလုံး အဆင်သင့်ဖြစ်လုနီးပါးပါပဲ”
စေ့စပ်သေချာစွာ ပြင်ဆင်ပြီးနောက် ကောင်းမင်သည် တင်းမာလှသော စောင့်ဆိုင်းခြင်းကို စတင်လိုက်သည်။ ဤအချိန်အတွင်း သူသည် တခဏမျှပင် စိတ်မလျှော့ဝံ့ပေ။ အနည်းငယ်သော ချို့ယွင်းချက်ကပင် သွေးမြို့တော်အရှင်၏ အခွင့်ကောင်းယူခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။
ထူထပ်သော မြူခိုးများ လွင့်ပါးလာပြီး မှတ်ဉာဏ်ဖုန်မှုန့်များက အပျက်အစီးများပေါ်တွင် အနည်ထိုင်လာကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အတွင်းကမ္ဘာတစ်ခုလုံး တဖြည်းဖြည်းနှင့် ပိုမိုတိတ်ဆိတ်လာပုံရသည်။
သွေးမြို့တော်များ၏ မတူညီသောစည်းမျဉ်းများ ပွတ်တိုက်မှုမှာ ဖြစ်ပေါ်မလာသေးဘဲ စိတ်ပျက်အားငယ်စရာ ကုန်းမြေပေါ်တွင် မတရားအသတ်ခံခဲ့ရသော ဝိညာဉ်များမှာလည်း ထပ်မံစကားမပြောဝံ့ကြတော့ပေ။ ကမ္ဘာကြီးမှာ တဖြည်းဖြည်း အေးခဲလာသကဲ့သို့ပင်။
ကောင်းမင်သည် တစ်စုံတစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိသော်လည်း ၎င်းကို သူမဖော်ပြနိုင်ပေ။
သူ စကားမပြောနိုင်တော့ပေ။ စကားပြောခြင်းက သူ့ကို ထိခိုက်စေလိမ့်မည် ဖြစ်သောကြောင့်ပင်။ သူ မကြည့်နိုင်တော့ပေ။ ကြည့်ရှုခြင်းက သူ့ကို ရူးသွပ်သွားစေလိမ့်မည် ဖြစ်သောကြောင့်ပင်။ သူ နားမထောင်နိုင်တော့ပေ။ နားထောင်ခြင်းက သူ့ကို မေ့လျော့သွားစေလိမ့်မည် ဖြစ်သောကြောင့်ပင်။
အပိုင်း (၈၂၄) သူတို့ရောက်လာပြီ
ကောင်းမင်သည် မည်သည့်အရာများရောက်လာတော့မည်ကို အတိအကျ မသိနိုင်သော်လည်း သူတို့ ချဉ်းကပ်လာနေပြီကိုတော့ သိနေသည်။ ဤအတွေး သူ့စိတ်ထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ရှင်းလုမြို့ပေါ်တွင် လွင့်ပျံနေသော အတုအယောင်သွေးနေလုံးကြီးမှာ ငြိမ်းသတ်ခံလိုက်ရပြီး သွေးမြို့တော်တစ်ခုလုံး၏ စိတ်ဆန္ဒမှာလည်း ဝေဝါးသွားကာ ရှင်းလု၏ စည်းမျဉ်းများ လုံးဝဖိနှိပ်ခြင်း ခံလိုက်ရသည်။ အရပ်မျက်နှာ အသီးသီး၊ အမြင်အာရုံ၏ ထောင့်စွန်းတိုင်းမှ အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ကောင်းမင်သည် အန္တရာယ်၏ တိကျသော တည်နေရာကို မသိနိုင်တော့ပေ။ ဤကမ္ဘာပေါ်တွင် သူဘေးကင်းသည်ဟု ခံစားရမည့် နေရာတစ်ခုမျှ မရှိတော့သကဲ့သို့ သူ၏အာရုံခံစားမှုများက ကမောက်ကမဖြစ်နေပြီ ဖြစ်သည်။
သွေးမြို့တော်အရှင်များ အများအပြား ရောက်ရှိလာခြင်းက ယခင်က ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ထောင်စဉ်ကနှင့် လုံးဝကွာခြားလှသည်။ သူတို့ကြားတွင် အတိုင်းအဆမရှိသော အကွာအဝေးမျိုး မရှိတော့ပေ။
မျက်နှာချင်းဆိုင် ရင်ဆိုင်ရမှသာ ထိုခြောက်ခြားမှုကို အမှန်တကယ် ခံစားရနိုင်ပေမည်။
“အရမ်းကြီး လျှောက်မတွေးနဲ့၊ သူတို့က မင်းရဲ့ အတွေးတွေထဲကို စိမ့်ဝင်လာလိမ့်မယ်၊ မင်းရဲ့ စိုးရိမ်စိတ်ရှိတဲ့ အတွေးတိုင်းက သွေးမြို့တော်အရှင်ရဲ့ ကိုယ်ပွားတစ်ခု ဖြစ်လာနိုင်တယ်”
နံပါတ် ၂ က ခပ်တိုးတိုး သတိပေးလိုက်သည်။ သူ ထိုသို့ပြောလိုက်ပြီးနောက် ကောင်းမင်မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။
သရဲတစ္ဆေနှင့် မကောင်းဆိုးဝါးများ၏ နယ်ပယ်ကို ကျော်လွန်သွားပြီးနောက် သွေးမြို့တော်အရှင်များ၏ တိုက်ခိုက်မှုများကို ရုပ်ပိုင်းဆိုင်ရာခွန်အား သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုတည်းနှင့် မကာကွယ်နိုင်တော့ပေ။ သူတို့၏ စွမ်းရည်များမှာ စည်းမျဉ်းများနှင့်သာ သက်ဆိုင်နေပြီး စည်းမျဉ်းတစ်ခုခုကို ချိုးဖောက်မိသည်နှင့် ပျက်သုဉ်းခြင်းသို့ ရောက်ရပေလိမ့်မည်။
အနက်ရောင်မြူခိုးများက တိတ်ဆိတ်စွာ လွင့်မျောနေသည်။ ကောင်းမင်သည် တစ်စုံတစ်ခုကို လွတ်သွားမည် သို့မဟုတ် လှုပ်ရှားရန်အခွင့်အရေးပင် ရလိမ့်မည်မဟုတ်ဟူသော စိုးရိမ်စိတ်ဖြင့် စိတ်ဖောက်ပြန်မှုမျိုးစေ့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။
“အသွေးအသားနယ်ပယ်ထဲမှာ ဘာထူးခြားမှုမှ မရှိဘူး၊ ပျံ့နှံ့နေတဲ့ သွေးစက်တွေကလည်း ဘယ်မကောင်းဆိုးဝါးနဲ့မှ မထိတွေ့ဘူး၊ အဲ့ဒီသွေးမြို့တော်အရှင်တွေ ဘယ်မှာ ပုန်းနေကြတာလဲ”
သူတို့ ရောက်လာကြသော်လည်း သူ မမြင်နိုင်၊ အာရုံမခံနိုင်ပေ။ ကောင်းမင်အတွက် ကျန်ရှိနေသည်မှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ဖြစ်သည်။
သူ၏လက်ဗွေရာများက သဲများကဲ့သို့ ကြေမွသွားပြီး အချိန်များသည်လည်း ဆွဲထုတ်ခံလိုက်ရသည်။ ကောင်းမင်သည် သူ့နှလုံးခုန်သံများ တဖြည်းဖြည်း နှေးကွေးလာသည်ကို ခံစားနေရသည်။ သူမျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်လုံးထဲတွင် အတိတ်နတ်ဘုရားက မြေပြင်ကို ငုံ့ကြည့်နေပြီး ညာဘက်မျက်လုံးထဲတွင်မူ အနာဂတ်နတ်ဘုရားက ညကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသော်လည်း ဤအရာက မြူပင်လယ်ကိုပင် ထိုးဖောက်နိုင်စွမ်း မရှိပေ။ သို့သော်လည်း ကောင်းမင်၏ အပေါ်ယံလှုပ်ရှားမှုများသည် သူ၏ အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ရန်သာ ဖြစ်သည်။ သူ၏လက်ဆယ်ချောင်းတွင် ချည်နှောင်ထားသော ကံကြမ္မာကြိုးမျှင်များ တိတ်တဆိတ်ပျောက်ကွယ်သွားပြီး မြူပင်လယ်အတွင်းရှိ တစ်စုံတစ်ခုနှင့် ထိတွေ့မိသွားသည်။
စကားလုံးဖြင့် ဖော်ပြ၍မရသော်လည်း ကောင်းမင် သိလိုက်သည်မှာ သာမန်လူများ၏ ကံကြမ္မာသည် ဆံခြည်မျှင်ထက်ပင် ပိုသေးငယ်သော်လည်း ဤနေရာတွင်မူ သွေးနီရောင်ရှိပြီး ကြေမွနေသော ကံကြမ္မာမြစ် ခုနစ်စင်း ရှိနေခြင်းပင်။
၎င်းတို့သည် မရပ်မနားစီးဆင်းနေကြပြီး တိုက်ခိုက်ပွတ်တိုက်နေကြကာ ကံကြမ္မာ၏ အနှောင်အဖွဲ့များမှ လုံးဝမလွတ်မြောက်နိုင်ကြသော်လည်း ရှင်ခြင်းနှင့် သေခြင်းကိုမူ ကျော်လွန်နေကြသည်။
“သူတို့ကို တွေ့ပြီ”
အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ်များ၊ ဤစိတ်ပျက်အားငယ်ဖွယ် ကုန်းမြေမှ မွေးဖွားလာသည့် ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါးများသည် တစ်ခုတည်းသော ရည်မှန်းချက်အတွက် စုရုံးရောက်ရှိလာကြပြီ ဖြစ်သည်။
ကောင်းမင် သွေးမြို့တော်အရှင်များ ရောက်ရှိလာခြင်းကို သိလိုက်သည့်အခိုက်အတန့်တွင် သားစားကြူးနတ်ဘုရားထံမှ ထွက်ပေါ်နေသော သွေးချည်မျှင်အားလုံး ပြတ်တောက်သွားပြီး အသွေးအသားနယ်ပယ်သည်လည်း သုံးစက္ကန့်ပင် မပြည့်မီ ပြိုလဲသွားတော့သည်။
လက်တွေ့ကမ္ဘာသို့ ဆက်သွယ်ထားသော လမ်းကြောင်းအတွင်းမှ သွေးများမှာလည်း ဆူပွက်နေပြီး သွေးနီရောင်ကံကြမ္မာမြစ်ရှစ်စင်းသည် ကောင်းမင်ရှိရာသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာကြတော့သည်။
“မသေဆေးကုမ္ပဏီထဲမှာ ပုန်းအောင်းနေတဲ့ မပြောသင့်သူ...”
“သတိထား၊ သူတို့က စိတ်ဖောက်ပြန်မှုရှိနေတာကို သေချာပေါက်သိကြတယ်၊ သူတို့ ကြံစည်နေကြတာက...”
သူ ဘာသံမှ ထပ်မကြားရတော့ပေ။ မပြောသင့်သူအဆင့် အင်အားစုရှစ်ခု ရောက်လာသည်ကို အတည်ပြုပြီးနောက် ကောင်းမင်သည် ခဏမျှပင် မတွန့်ဆုတ်တော့ဘဲ စိတ်ဖောက်ပြန်မှုမျိုးစေ့ကို ခြေမွလိုက်တော့သည်။
အိပ်မက်ထံမှ ယဇ်ပလ္လင်ငါးခုလုံး ကြေမွသွားပြီး သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ထွင်းထုထားသော နတ်ဘုရားပုံစံကွက်များနှင့် အိပ်မက်ပုံစံကွက်များမှာ လျင်မြန်စွာ အရည်ပျော်ကျသွားသည်။ ဤစွမ်းရည်မှာ အမှန်တကယ်ပင် အိပ်မက်၏ နောက်ဆုံးလက်နက် ဖြစ်သည်။ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ နှစ်ဖက်စလုံးမှာ သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို ရင်းနှီးရပေလိမ့်မည်။
ဝိညာဉ်၊ မှတ်ဉာဏ်၊ စွမ်းအား… အားလုံးမှာ စတေးရမည့်အရာများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ အိပ်မက်အားလုံးကို နိုးဆွလိုက်ပြီး ကမ္ဘာပေါ်ရှိ အိပ်မက်အားလုံးကို ပြောင်းလဲပစ်လိုက်တော့သည်။
စိတ်ဖောက်ပြန်မှုမျိုးစေ့သည် ကောင်းမင်၏ လက်ဖဝါးထဲတွင် အမြစ်တွယ်ကာ အဖူးအပွင့်များ ဝေဆာလာ၏။ ၎င်းကို ပထမဆုံး စားသုံးလိုက်သူဖြစ်ရာ ၎င်း၏ မမြင်နိုင်သော စွမ်းအားများက အတွင်းကမ္ဘာကို တွန့်လိမ်သွားစေပြီး ရှင်းလုနယ်မြေထဲသို့ ဝင်ရောက်လာသော ဝိညာဉ်မှန်သမျှကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်တော့သည်။ သွေးပင်လယ်အနက်ရှိုင်းဆုံးနေရာရှိ အိပ်မက်၏ အစစ်အမှန် ပုံစံပင်လျှင် ညှိုးနွမ်းသွားရသည်။
အိပ်မက်၏ ဤစွမ်းရည်သည် အသိအာရုံကို ရိုးရိုးရှင်းရှင်း ပြောင်းလဲလိုက်ခြင်းမျိုးမဟုတ်ဘဲ ၎င်း၏ အရင်းအမြစ်အားလုံးကို အသုံးပြု၍ ကမ္ဘာ့အနှံ့အပြားတွင် ပုန်းအောင်းနေသော ရူးသွပ်မှုများနှင့် ထူးဆန်းမှုများကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။ ဤကမ္ဘာကြီး၏ အဓိပ္ပာယ်မဲ့မှုအားလုံးကို စုစည်းကာ စည်းမျဉ်းအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဤစွမ်းရည်ကို မသုံးမီက ၎င်း၏ အကျိုးသက်ရောက်မှုမှာ မည်သို့ရှိမည်ကို ကောင်းမင် မသိခဲ့သလို အိပ်မက်၏ အစစ်အမှန်ပုံစံကိုယ်တိုင်လည်း သိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အိပ်မက်သည် ဤစွမ်းရည်ကို တစ်ခါမှအသုံးမပြုခဲ့ဖူးသောကြောင့် ဖြစ်သည်။
“ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးနတ်ဘုရားရဲ့ အင်အားအကောင်းဆုံး အခြေအနေက စွဲလမ်းမှုတွေက သူ့ကို လုံးဝလွှမ်းမိုးထားတဲ့ အချိန်ပဲ၊ အိပ်မက်သရဲရဲ့ အင်အားအကောင်းဆုံး အခြေအနေကတော့ ပြင်ပကန့်သတ်ချက်အားလုံးကို စွန့်လွှတ်လိုက်တဲ့ အချိန်ပဲ၊ ငါ ထင်တာတော့ အခု ငါက...”
ကောင်းမင်၏ မျက်လုံးထဲတွင် ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲလျက်ရှိသည်။ စိတ်ဖောက်ပြန်မှု၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသူတိုင်းသည် သူတို့၏ မှတ်ဉာဏ်များ၊ အသိအာရုံများ၊ ခွန်အားများနှင့် စည်းမျဉ်းများကို ဆုံးရှုံးသွားကြပြီး တန်းတူညီမျှအခြေအနေဖြင့် ရူးသွပ်သွားကြပေလိမ့်မည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ကောင်းမင်သည် စိတ်ဖောက်ပြန်မှုကို အသုံးပြုသူဖြစ်ရာ သူတို့ထက် အချက်နှစ်ချက်ကို ပိုသိနေခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်မှုထဲမှ လွတ်မြောက်ရန် နည်းလမ်းနှစ်ခု ရှိသည်။ တစ်ခုမှာ နောက်ဆုံးအထိ အသိတရားကျန်ရှိနေသောသူ ဖြစ်လာရန် သို့မဟုတ် လူတိုင်းရူးသွပ်သွားချိန်တွင် နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်သူ ဖြစ်လာရန် ဖြစ်သည်။
သို့သော်လည်း ရူးသွပ်ခြင်းနှင့် သတိရှိခြင်းမှာ ခွဲခြားမရအောင် ဖြစ်လာသည့်အခါ မည်သည့်နည်းလမ်းက အလုပ်ဖြစ်မည်ကို ဘယ်သူမှ မသိနိုင်ပေ။
အရာအားလုံး ရူးသွပ်နေသော ကမ္ဘာတစ်ခုတွင် သတိရှိရန် ကြိုးစားနေသူကသာ တကယ့်အရူး ဖြစ်နေတတ်သည် မဟုတ်ပါလား။
ကောင်းမင်၏ အမြင်အာရုံက နောက်ဆုံးအခိုက်အတန့်တွင် အေးခဲရပ်တန့်သွားသည်။ သူသည် ချဉ်းကပ်လာနေသော မသိထိုက်သူအဆင့် ဖြစ်တည်မှုရှစ်ခုကို မြင်လိုက်ရပြီး သူတို့၏ သွေးနီရောင် ကံကြမ္မာမြစ်များမှာ သူ၏ကံကြမ္မာနှင့် ရောယှက်နေကြလေသည်။
“ငါ့ရဲ့ နောက်ဆုံးအိပ်မက်ထဲကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်”
...
ငါ့အမေက မိန်းမလည်း မဟုတ်သလို ယောက်ျားလည်း မဟုတ်ဘူး။ သူက လူအမျိုးအစားတိုင်းကို တန်းတူညီတူ မုန်းတီးသလို လူအမျိုးအစားတိုင်းရဲ့ မုန်းတီးခြင်းကိုလည်း ခံရတယ်။ သူ့ရဲ့ ကိုယ်ပိုင်အသိစိတ်ထဲမှာတော့ သူက ခြောက်သွေ့နေတဲ့ အဆိပ်မှိုတစ်ပွင့်ပဲ။ သူ့ကို စားလိုက်ရင် မရေမတွက်နိုင်တဲ့ ခြေလက်မရှိတဲ့ သရဲတွေကို မြင်ရလိမ့်မယ်။ သူက မိုးရွာတဲ့နေ့တွေဆိုရင် အမြဲတမ်း မိုးရေထဲကို ပြေးထွက်သွားတတ်ပြီး သူ့ရဲ့ လက်တွေကို ဆန့်တန်းပြီး သူ့ရဲ့ အတွင်းကလီစာတွေ တဖြည်းဖြည်း ပြည့်လာတာကို ခံစားတတ်တယ်၊ ဒဏ်ရာတွေကလည်း ဖြည်းဖြည်းချင်း ကုသပြီးသား ဖြစ်သွားတတ်တာပေါ့။
ငါ့အဖေကတော့ အရက်သမား အကြီးစားပဲ။ သူက အရက်သောက်တာကို မကြိုက်ဘူး၊ မူးနေတာကိုပဲ ကြိုက်တာ။ သူက သူ့ဘဝရဲ့ အချိန်အတော်များများကို သူ့ရဲ့ အိပ်ခန်းထဲမှာပဲ လှဲနေရင်း ကုန်ဆုံးစေခဲ့တယ်၊ မီးတောင် တစ်ခါမှ မဖွင့်ဘူး။ တစ်ခါတလေ အဲ့ဒီအခန်းထဲမှာ တကယ်ပဲ လူတစ်ယောက် နေနေတာလားလို့တောင် ငါတွေးမိတယ်။
ငါ့အကြောင်း ပြောရရင်တော့ ပြင်ပကမ္ဘာက ပေးထားတဲ့ ငါ့ရဲ့ အထောက်အထားအရဆိုရင် ငါ့ကို အရက်ထဲမှာ စိမ်ထားတဲ့မှိုတစ်မျိုးလို့ သတ်မှတ်နိုင်ပေမဲ့ ငါကတော့ အဲ့လိုမထင်ဘူး။
ငါက တစ်ယောက်တည်း ဖြစ်နေသင့်တယ်လို့ ခံစားရတယ်၊ ဟုတ်တယ်၊ ငါက တစ်ယောက်တည်းပဲ။
ငါ့အမေဘက်က အဘိုးကလည်း တစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ သူကတော့ သူ့မှာ ခေါင်းခုနစ်လုံး ရှိတယ်လို့ ပြောတယ်။ သူက ငါ့မိသားစုထဲမှာ ဗဟုသုတအရှိဆုံးလူပဲ၊ သူ အရာအားလုံးကို သိတယ်လေ။
ငါ့အမေဘက်က အဘွားကိုတော့ ငါတစ်ခါမှ မတွေ့ဖူးဘူး။ ငါ အရမ်းငယ်ငယ်လေးမှာတင် သူ အဖမ်းခံလိုက်ရတယ်လို့ ပြောကြတယ်၊ မိသားစုထဲက လူတိုင်းက သူက အရူးမကြီးမို့လို့ စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်တယ်လို့ ပြောကြတယ်။
နောက်ဆုံးတစ်ယောက်ကတော့ ငါ့ရဲ့ အငယ်ဆုံး ဦးလေးပဲ။ အဘွားအဖမ်းခံရပြီးတဲ့နောက် သူက စကားသိပ်မပြောတော့ဘူး၊ သူက လူကြောက်လို့ ဒါမှမဟုတ် စကားနည်းလို့ မဟုတ်ဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ ဒုတိယဦးလေးနဲ့ အကြီးဆုံးဦးလေးတို့ နေထိုင်နေကြလို့ပဲ။ အဘွားကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ခဲ့တာက သူတို့ပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ နောင်တရပြီး အဘွားကို ပြန်ခေါ်ချင်နေကြတယ်။ သူတို့ ဆေးရုံကို အဘွားဆီသွားတွေ့တာတောင် အကြိမ်အနည်းငယ်လောက် ရှိနေပြီ။ အဘွားအကြောင်း ပြောလိုက်တိုင်း ဦးလေးသုံးယောက်က အကြီးအကျယ် ရန်ဖြစ်ကြတယ်၊ ပစ္စည်းတွေ ရိုက်ခွဲကြတယ်၊ တစ်ခါတလေဆိုရင် တိုက်ပေါ်က ခုန်ချမယ်လို့တောင် ခြိမ်းခြောက်ကြသေးတာ။ အဘိုးရဲ့ ခေါင်းခုနစ်လုံးကလည်း သူတို့အတွက် စိုးရိမ်နေရတယ်။
ဒါကတော့ ငါ့မိသားစုအကြောင်း အားလုံးပါပဲ။ ရှင်းလု ငါတို့လို မိသားစုလေးတွေ အများကြီး ရှိကြပါတယ်၊ အားလုံးက သာမန်ဘဝလေးတွေကိုပဲ ဖြတ်သန်းနေကြတာလေ။
ဪ၊ ပြောဖို့ မေ့သွားလို့၊ ငါ့အဖေရဲ့ မျိုးရိုးနာမည်က ‘ကောင်း’ ဖြစ်တဲ့အတွက် ငါ့ရဲ့ နာမည်ကလည်း ‘ကောင်း’ ပဲ။ မင်းတို့ ငါ့ကို ဒေါက်တာကောင်းလို့ ခေါ်နိုင်တယ်။