အခန်း (၈၂၇-၈၂၈)
Vol. 56 Ch. 827-828
အပိုင်း (၈၂၇) ဦးနှောက်ချိတ်ဆက်ခြင်း
ဒေါက်တာကောင်း၏ မျိုးရိုးမှာ ကောင်းဖြစ်သော်လည်း သူ့မိဘများကမူ သူ့အတွက် အမည်ရင်းကို ယခုအထိ မဆုံးဖြတ်ရသေးပေ။ ရင်ခွဲရုံရိပ်သာလမ်းတစ်ခုလုံးတွင် သူသည် ထူးချွန်သော ဆေးပညာကျွမ်းကျင်မှုကြောင့် နာမည်ကျော်ကြားပြီး လူနာများ၏ အားကိုးယုံကြည်မှုကိုလည်း အပြည့်အဝ ရရှိထားသူ ဖြစ်သည်။
တရားရုံးဆိုသည်မှာ ရှင်းလုမြို့၏ အလေးအနက်ဖြစ်ဆုံးသော နေရာဖြစ်သော်လည်း ယခုမူ တစ်စုံတစ်ယောက်က ဤနေရာတွင် ရဲရဲတင်းတင်း အော်ဟစ်ဟိန်းဟောက်ကာ ဥပဒေကို ပေါ်တင် စိန်ခေါ်နေခဲ့သည်။ ရောက်ရှိနေသူများမှာ ဒေါက်တာကောင်း၏ ထွက်ဆိုချက်မှာ မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်သွားကြတော့သည်။ ‘ဥယျာဉ်မှူး’ ဟု အမည်ပြောင်ပေးထားသော ထိုသူမှာ တကယ့်ကို လူမဆန်သည့် အရူးလူသတ်သမားကြီးသာ ဖြစ်ပေလိမ့်မည်။
ဤမျှအန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ဦးက သူတို့နှင့်အနီးဆုံးတွင် ရှိနေသည်ဟူသော အတွေးက လူအများ၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။ ဤကဲ့သို့သော စိတ္တဇလူသတ်သမားများမှာ လူ့အဖွဲ့အစည်းဟူသော စက်ယန္တရားကြီးအတွင်းရှိ ပျက်စီးနေသော အစိတ်အပိုင်းများနှင့် တူလှသည်။ ၎င်းတို့ကို အချိန်အကြာကြီး လစ်လျူရှုထားမိပါက စက်ယန္တရားကြီးတစ်ခုလုံးကို ရပ်တန့်သွားစေနိုင်ပေသည်။
လုံခြုံရေးဝန်ထမ်းများက ဥယျာဉ်မှူး၏ ခေါင်းကို အနက်ရောင်အစွပ်ဖြင့် ပြန်ဖုံးရန် ကြိုးစားသော်လည်း အကြိမ်ပေါင်းများစွာ မအောင်မြင်ခဲ့ပေ။ ကင်မရာများနှင့် မိုက်ခရိုဖုန်းများကိုယ်စီ ကိုင်ဆောင်ထားကြသော သတင်းထောက်များကလည်း အဝါရောင်စည်းကို ကျော်ဖြတ်ကာ လူသတ်သမား၏ မျက်နှာကို အနီးကပ် မှတ်တမ်းတင်နေကြလေသည်။
မှန်ပါသည်၊ ဤပုံမှန်ကမ္ဘာကြီးတွင် ကင်မရာများကို လူသတ်သမား၏ ရုပ်သွင်ကို ဖော်ထုတ်ရန်အတွက်သာ အသုံးပြုကြပြီး နစ်နာသူ၏ အခြေအနေကို ရိုက်ကူးရန်အတွက်မူ အသုံးမပြုကြပေ။ အရူးများသာလျှင် နစ်နာသူ၏ အချက်အလက်များကို လူသိရှင်ကြား ချပြတတ်ကြခြင်းဖြစ်သည်။
“တိတ်ကြ တိတ်ကြ”
“သူ့ကို အခုချက်ချင်း သတ်လိုက်တာက အရမ်းလွယ်လွန်းတယ်၊ သူလုပ်ခဲ့တဲ့ အမှားတွေအတွက် သူ ပြန်ပေးဆပ်ရမယ်”
“သေဒဏ် သေဒဏ်”
ရှင်းလု၏ စည်းမျဉ်းများမှာ ပွင့်လင်းမြင်သာမှု ရှိလှသည်။ နံနက်ပိုင်းတွင် အပြစ်ကို ဆုံးဖြတ်သည်။ မွန်းတည့်ချိန်တွင် ကွပ်မျက်မည့် အစီအစဉ်ကို ရေးဆွဲသည်။ မွန်းလွဲ ၁ နာရီသို့ ရောက်သောအခါ တရားခံဖြစ်သူ ဥယျာဉ်မှူးမှာ ကွပ်မျက်ရာနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကွပ်မျက်ရာနေရာတွင် သတင်းထောက်ဦးရေက သိသိသာသာ နည်းပါးသွား၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းမှာ ကွပ်မျက်မှုတစ်ခုလုံးကို အစအဆုံး ကြည့်ရှုနိုင်လောက်သည့် စိတ်ဓာတ်ကြံ့ခိုင်မှု မရှိကြသောကြောင့် ဖြစ်သည်။
ပုံမှန်လူအများစုအတွက် ‘သေဒဏ်’ ဟူသော စကားလုံးကို ကြားရရုံနှင့်ပင် စိတ်မသက်မသာ ဖြစ်ရတတ်သည်။ ၎င်းမှာ မြို့ခံများ စိတ်ကူးကြည့်နိုင်သမျှ အပြင်းထန်ဆုံးသော အပြစ်ဒဏ်ပင် ဖြစ်သည်။
နှင်းကဲ့သို့ ဖြူဖွေးနေသော အဆောက်အအုံအတွင်းတွင် ဓာတုပစ္စည်းများ၏ စူးရှသော အနံ့အသက်များက လေထုထဲတွင် ပြည့်နှက်နေလေသည်။ နံရံပေါ်တွင် နောက်ဆုံးမှာစကားများ ရေးသားထားသော နဖူးစည်းစာတန်းကြီးတစ်ခု ချိတ်ဆွဲထားသည်။
“စာနာနားလည်မှုရှိမှသာ လူသားတို့၏ အေးစက်မှု နွေးထွေးမှုတို့ကို နားလည်နိုင်လိမ့်မည်။ ကျွန်ုပ်တို့အားလုံးသည် တစ်ဦးအတွက်တစ်ဦး ဆိပ်ကမ်းကောင်းများ ဖြစ်နိုင်ကြပါစေ။”
ရှေ့သို့ ဆက်သွားလိုက်ပြီး လေးလံလှသော သော့အချို့ကို ဖွင့်လိုက်ရသည်။ သော့တစ်ခုစီကို မတူညီသော ဌာနဆိုင်ရာအကြီးအကဲများက ဖွင့်ပေးရခြင်း ဖြစ်သည်။ တရားခံတစ်ဦးကို ကွပ်မျက်ရန်အတွက် တရားစီရင်ရေးအာဏာပိုင်များ၊ လူ့အခွင့်အရေးကော်မရှင်နှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တို့၏ သဘောတူညီချက်များ လိုအပ်ပေသည်။
ဥယျာဉ်မှူးကဲ့သို့ ယုတ်မာရက်စက်လှသော ရာဇဝတ်ကောင်မျိုးမှာ အလွန်ရှားပါးလှသည်။ ဒေါက်တာကောင်းအတွက်လည်း ဤအထူးကွပ်မျက်ရေးစခန်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ၎င်း၏ အတွင်းပိုင်းတည်ဆောက်ပုံမှာ မရှုပ်ထွေးပေ။ အတွင်းတွင် စေးကပ်သော အရည်များ ပြည့်နေသည့် ရေကန်ကြီးနှစ်ခုသာရှိပြီး ကန်အောက်ခြေတွင်မူ မြွေတွင်းထဲက အဆိပ်ပြင်း အင်းဆက်များသဖွယ် တွန့်လိမ်နေသော ဝိုင်ယာကြိုးမျိုးစုံဖြင့် ဖုံးလွှမ်းနေသည်။
“အထဲဝင်စမ်း”
လူလေးငါးယောက်က ဥယျာဉ်မှူးကို ဝိုင်းဝန်းချုပ်နှောင်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ သတ္တုပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ပြီး သံကြိုးများအစား လျှော်ကြိုးများဖြင့် လဲလှယ်ချည်နှောင်လိုက်သည်။
သူ့ကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ပြီးနောက် ဥယျာဉ်မှူး မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိတော့ကြောင်း အတည်ပြုပြီးမှသာ လုံခြုံရေးဝန်ထမ်းများက သူ့ကို ညာဘက်ကန်ထဲသို့ ပစ်ချလိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ဝိုင်ယာကြိုးများကို တပ်ဆင်လိုက်ကြသည်။
“နေကောင်းလား ဒေါက်တာကောင်း”
ကွပ်မျက်မှုကြီးကြပ်ရေးမှူးသည် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆေးထိုးအပ်များ ပြည့်နေသည့် ခရီးဆောင်အိတ်ကြီးကို ဆွဲလာခဲ့သည်။ သူ၏ လည်ပတ်ဆွဲကြိုးတွင် အနက်ရောင် ဝန်ထမ်းကတ်ကို ချိတ်ဆွဲထားသည်။ ပုချွန်ကျိုက်သည် အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံမှ ဝါရင့်ဆရာဝန်တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ဆရာတစ်ဦးလည်း ဖြစ်သည်။
“ဒေါက်တာပု၊ ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီပဲ”
ဒေါက်တာကောင်းက ခေါင်းညိတ်ပြလိုက်သည်။
“တိုက်ဆိုင်လိုက်တာ၊ အရင်က နှိပ်စက်ရေးကိရိယာတွေကို မင်းလာကြည့်ချင်တုန်းက ငါ ငြင်းခဲ့တာလေ၊ မကြာခင်မှာပဲ မင်းက ရာဇဝတ်ကောင် တစ်ယောက်ကို ခေါ်လာပေးတယ်နော်၊ ဒါတွေအားလုံးက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် သေချာ စီစဉ်ထားတာလား”
ဒေါက်တာပုသည် မီဒီယာများကို ရှောင်ဖယ်နေခြင်းမရှိဘဲ ဒေါက်တာကောင်း၏ ရှေ့တွင် ရပ်လိုက်သည်။
“မင်းက ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံး ဆရာဝန်တစ်ယောက်ပဲ၊ မင်းရဲ့ ဗဟုသုတ ရှာမှီးလိုစိတ်ကတော့ တကယ့်ကို အားကျစရာပါပဲ၊ အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ တံခါးတွေကို မင်းအတွက် အမြဲတမ်း ဖွင့်ထားပါတယ်”
ဒေါက်တာပုသည် ဆေးရုံတံခါးများ ပွင့်နေသည်ဟုသာ ပြောခဲ့ပြီး ဒေါက်တာကောင်းကို ဆရာဝန်အဖြစ် လာစေချင်သလား သို့မဟုတ် လူနာအဖြစ် လာစေချင်သလား ဆိုသည်ကိုမူ တိတိကျကျ မပြောခဲ့ပေ။
ဒေါက်တာကောင်းနှင့် ဒေါက်တာပုတို့သည် ပြုံးလျက် ဘေးချင်းယှဉ်ရပ်ကာ ရေကန်ကြီးနှစ်ခုကို ကြည့်လိုက်ကြသည်။
အရည်များကို ပိုမိုထည့်သွင်းလိုက်သောအခါ ဥယျာဉ်မှူး၏ အော်ဟစ်သံများက တဖြည်းဖြည်း အားနည်းသွား၏။ အဖြူရောင်အဆောက်အအုံအတွင်းရှိ တံခါးတစ်ခု ပွင့်လာပြီး ပိန်ပါးသော အမျိုးသမီးတစ်ဦး ထွက်လာလေသည်။ သူမသည် ပါးလွှာသော အဝတ်တစ်စကို ခြုံထားပြီး သူမ၏ အမူအရာမှာ အလွန်အမင်းနာကျင်နေပုံရကာ ခြေတစ်လှမ်းတိုင်းတွင် သူမခန္ဓာကိုယ်က တုန်ယင်နေခဲ့သည်။
“ဆင်းစမ်း”
အမျိုးသမီးသည် ဘယ်ဘက်ရေကန်ထဲသို့ တွန်းချခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး စေးကပ်သော အရည်များအတွင်း နစ်မြုပ်သွားသည်။ သူမသည် ချက်ချင်းပင် အလွန်အမင်း နာကျင်လှသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်တော့သည်။
ထိုအရည်မှာ အသားကို လောင်စားစေသည့်အရာမျိုး မဟုတ်ပေ။ အမျိုးသမီး၏ အရေပြားမှာလည်း ဒဏ်ရာတစ်စုံတစ်ရာ မရခဲ့ပေ။ သို့သော်လည်း သူမ၏ အမူအရာမှာမူ ဆာလ်ဖျူရစ်အက်ဆစ်ကန်ထဲသို့ ခုန်ချလိုက်ရသည်ထက်ပင် ပို၍ နာကျင်နေပုံရသည်။
“နှိပ်စက်မှု စတင်”
ကွပ်မျက်သူများက ရေကန်ဘေးရှိ စက်ကိရိယာများ၏ ခလုတ်များကို နှိပ်လိုက်ကြသည်။ ရေကန်နှစ်ခုအတွင်းရှိ စီတန်းထားသော ပတ်လမ်းများ လင်းလက်လာပြီး မကြာမီမှာပင် ဥယျာဉ်မှူးသည်လည်း အမျိုးသမီး၏ နာကျင်မှုကို စာနာခံစားမိသကဲ့သို့ အော်ဟစ်ငိုကြွေးလာတော့သည်။
သတ္တိရှိသော သတင်းထောက်အချို့က ပုံကောင်းကောင်းရရန် ရေကန်အနီးသို့ တိုးကပ်လာကြသည်။ ထိုသို့ တိုးဝှေ့နေကြစဉ် သတင်းထောက်တစ်ဦးသည် ရေကန်ထဲသို့ မတော်တဆ ပြုတ်ကျသွားသည်။ သို့သော်လည်း သူသည် ထူးခြားသောတုံ့ပြန်မှုမျိုးမပြဘဲ ကွပ်မျက်သူများက သူ့ကို လျင်မြန်စွာ ပြန်ဆွဲတင်ပေးလိုက်ကြသည်။
“ဒီရေကန်ထဲက အရည်တွေက ဘာတွေလဲ”
ဒေါက်တာကောင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒါက ဦးနှောက်အရည်တွေပါ၊ အလွန်အမင်း သက်သောင့်သက်သာရှိတဲ့ အခြေအနေမှာ ဦးနှောက်က ထုတ်လွှတ်ပေးတဲ့ စေးကပ်တဲ့ အရည်တွေလို့ မှတ်ယူနိုင်ပါတယ်”
ဒေါက်တာပုက နောက်ပြောင်သလိုလိုဖြင့် ပြောလိုက်သည်။
“မင်းက ဒီနှိပ်စက်ရေးကိရိယာကို တော်တော်လေး စိတ်ဝင်စားပုံရတယ်နော်”
ဤတစ်ကြိမ်တွင် ဒေါက်တာကောင်းက မငြင်းတော့ဘဲ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်သိထားသလောက်တော့ အရင်က အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ပဲလေ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ တည်ထောင်ပြီးတဲ့နောက်မှသာ ဒီလို ကွပ်မျက်မှုမျိုး ပေါ်လာခဲ့တာ”
“အစပိုင်းမှာတော့ ငါတို့က သေဒဏ်ကို နောက်ထပ်သေဒဏ်တစ်ခုနဲ့ အစားထိုးချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီသေဒဏ်က အရင်သေဒဏ်ထက် ပိုပြီး ရက်စက်တယ်ဆိုတာကို တွေ့ခဲ့ရတယ်”
ဒေါက်တာပုသည် ဤအကြောင်းအရာကို ဝေမျှရသည်မှာ ပျော်ရွှင်နေပုံရသည်။ သူ၏ မျက်နှာတစ်ခြမ်းကို မီဒီယာကင်မရာများ မှတ်တမ်းတင်နိုင်စေရန် ခန္ဓာကိုယ်ကိုပင် လှည့်ပေးလိုက်သေးသည်။
“ဒီသေဒဏ်ကို ‘ဦးနှောက်ချိတ်ဆက်ခြင်း’လို့ ခေါ်တယ်၊ ငါတို့က မြို့သားတွေအတွက် အနာကျင်ရဆုံးသော အရာတွေကို ရာဇဝတ်ကောင်တွေဆီ လွှဲပြောင်းပေးလိုက်တာပေါ့၊ သူတို့ကို လူတိုင်းရဲ့ ဆင်းရဲဒုက္ခတွေကို ဝေမျှခံစားစေတာမျိုးလေ”
“ဥပမာ အဲ့ဒီအမျိုးသမီး ၊ သူမက ဒီမြို့ကြီး၊ ဒါမှမဟုတ် ကမ္ဘာတစ်ခုလုံးက စူးနေတယ်လို့ ခံစားနေရတာ၊ မြေပြင်၊ ကောင်းကင်နဲ့ သူ့ဘဝထဲက ပစ္စည်းတိုင်းဟာ အပ်တွေနဲ့ ဖုံးလွှမ်းနေတယ်လို့ ထင်နေတာလေ၊ သူ့ရဲ့ ခြေလှမ်းတိုင်းဟာ အပ်တွေကို နင်းနေရသလိုပဲ၊ သူ့အဝတ်အစားတွေပေါ်မှာလည်း အပ်တွေ အပြည့်ရှိနေသလို သူ့ဘေးနားက လူတွေရဲ့ အရေပြားတွေပေါ်မှာလည်း အပ်တွေ ရှိနေတယ်လို့ မြင်နေတာ၊ အချုပ်ပြောရရင် ဘယ်အရာနဲ့မဆို ထိတွေ့မိလိုက်တိုင်း သူဟာ အပ်နဲ့ထိုးသလိုမျိုး နာကျင်မှုကို ခံစားနေရတာပဲ”
“အဲ့ဒါကတော့ တကယ့်ကို နာကျင်စရာ ကောင်းတာပဲ”
“မှန်တာပေါ့၊ အသက်ရှင်နေရတာက သူ့အတွက် နှိပ်စက်ခံနေရတာနဲ့ အတူတူပဲ၊ သူက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်၊ မကြာသေးခင်ကမှပဲ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တာ”
ဒေါက်တာပုသည် ထူးခြားသော ဆေးပညာအရည်အချင်း ရှိပုံရသည်။
“ခင်ဗျား သူ့ကို ကုပေးလိုက်တာလား”
“သူ့မှာ ငါ့ရဲ့ ရင်သွေးလေး ရှိနေပြီလေ”
ဒေါက်တာပုက လက်များကို သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
“သူက တကယ်လို့ သူသေသွားရင် သန္ဓေသားလေးဟာလည်း ဒီအပ်တွေ ပြည့်နေတဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ရလိမ့်မယ်လို့ ခံစားမိသွားတယ်၊ ဒါကြောင့် သူ အသက်ရှင်ချင်လာတာ၊ သူ့ကိုယ်သူ အကာအကွယ်လုပ်ပြီး ဒီကမ္ဘာပေါ်က အပ်တွေအားလုံးကို တားဆီးပေးချင်နေတာပေါ့”
“ဒါက ခင်ဗျားတို့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ကိုယ်ကျင့်တရားတွေကို ကြီးကြပ်တဲ့ နည်းလမ်းလား”
“ငါတို့ရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဒေါက်တာပုက ရေကန်နှစ်ခုကို စိုက်ကြည့်လိုက်သည်။ ဥယျာဉ်မှူးသည် အမျိုးသမီး၏ ဆင်းရဲဒုက္ခကို စတင် စာနာခံစားနေရပြီ ဖြစ်သည်။ သူ့ကမ္ဘာကြီးမှာလည်း အပ်များဖြင့် ထိုးနှက်နေသော ကမ္ဘာကြီးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အချောမွေ့ဆုံးသော အဝတ်အစားများပင်လျှင် သူ့ကို စူးရှနေစေပြီး ရေကန်ထဲတွင် လဲလျောင်းနေရခြင်းက အရပ်မျက်နှာ အသီးသီးမှ အပ်များက သူ့အရေပြားကို ထိုးဖောက်နေသကဲ့သို့ ပို၍ပင် နာကျင်စေသည်။
မီဒီယာသတင်းထောက်များမှာ ဤသမိုင်းဝင်အခိုက်အတန့်ကို အပြိုင်အဆိုင် မှတ်တမ်းတင်နေကြသော်လည်း ဒေါက်တာကောင်းမှာမူ ထောင့်တစ်နေရာတွင် တစ်ဦးတည်း ရပ်နေရင်း ထိုနှိပ်စက်ရေးကိရိယာကို တွေးတွေးဆဆဖြင့် စိုက်ကြည့်နေခဲ့သည်။
“ဦးနှောက်ချင်း ချိတ်ဆက်တာ... ဒါက ငါ့အတွက် အရမ်းအရေးကြီးပုံရတယ်၊ ဒါပေမဲ့ ဘာကြောင့် အရေးကြီးတယ်ဆိုတာကိုတော့ ငါ မမှတ်မိတော့ဘူး”
အပိုင်း (၈၂၈) မစ္စတာကောင်းက သူ့အိပ်မက်ကို သူ့အစာအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ်
ကွပ်မျက်ရာနေရာတွင် အမျိုးသမီးနှင့် ဥယျာဉ်မှူးတို့၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေခဲ့သည်။ မီဒီယာသတင်းထောက်များကလည်း ဥယျာဉ်မှူး၏ ဆင်းရဲဒုက္ခကို သစ္စာရှိစွာ ထုတ်လွှင့်ပြသနေကြသည်။ ရက်စက်ကြမ်းကြုတ်သော စိတ္တဇလူသတ်သမားမှာ သူနှင့်ထိုက်တန်သော ပြစ်ဒဏ်ကို ရရှိခဲ့ပြီဖြစ်သဖြင့် မြို့သူမြို့သားများလည်း နောက်ဆုံးတွင် စိတ်အေးလက်အေး အသက်ရှူနိုင်ကြပြီ ဖြစ်သည်။
တရားသူကြီးနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့မှ ဒေါက်တာပုတို့က အင်တာဗျူးများ စတင်ဖြေကြားနေကြသော်လည်း သက်သေဖြစ်သူ ဒေါက်တာကောင်းကမူ ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ သူသည် ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ‘ဦးနှောက်ချိတ်ဆက်ခြင်း’ ကိရိယာကို အနီးကပ် လေ့လာနေခဲ့သည်။
သူ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ခြင်း၊ ဥယျာဉ်မှူးကို သက်သေထွက်ဆိုရန် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ခြင်းနှင့် ဤစိတ္တဇလူသတ်သမားကို တရားဥပဒေရှေ့မှောက် ပို့ဆောင်ခဲ့ခြင်းတို့မှာ ဤကွပ်မျက်မှုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိရန်နှင့် ‘ဦးနှောက်ချိတ်ဆက်ခြင်း’ အကြောင်း သိရှိရန်အတွက်သာ ဖြစ်သည်ဟု သူခံစားနေရသည်။ သူသည် ဤအရာအားလုံးကို ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း သူကိုယ်တိုင်ပင် ‘ဦးနှောက်ချိတ်ဆက်ခြင်း’ ကို အဘယ်ကြောင့် ဤမျှစိတ်ဝင်စားနေရသည် မမှတ်မိတော့ပေ။
“ဒီကိရိယာက တခြားသူတွေ မြင်နေရတဲ့ ကမ္ဘာကြီးကို ငါ့ဦးနှောက်ထဲ ဝေမျှပေးနိုင်တယ်၊ အဲ့ဒါက ငါ့ကို မတူညီတဲ့ရှုထောင့်အမြင်တွေ ရစေသလို သူတို့ရဲ့ နာကျင်မှုကိုလည်း ခံစားရစေတယ်”
“တကယ်လို့ ငါက မတူညီတဲ့လူအမျိုးမျိုးနဲ့ ဦးနှောက်ချင်း ဆက်တိုက် ချိတ်ဆက်နေမယ်ဆိုရင် လူတစ်ယောက်ချင်းစီ မြင်နေရတဲ့ ကမ္ဘာတွေက ငါ့ဦးနှောက်ထဲမှာ စုပုံလာမှာလား”
“ငါ ဘာလို့ ဒါတွေတွေးနေမိတာလဲ”
မီဒီယာများ၏ အပြည့်အဝမှတ်တမ်းတင်မှုအောက်တွင် နှိပ်စက်မှုမှာ အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်သည်။ ပြင်းထန်သော အာရုံခြောက်ခြားမှုများကို ခံစားနေရသော ပိန်ပါးသည့် အမျိုးသမီးမှာ သူမ၏နာကျင်မှုများကို ဥယျာဉ်မှူးထံ ဝေမျှပေးလိုက်ရသကဲ့သို့ ပိုမိုစိတ်လက်ပေါ့ပါးသွားပုံရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ရှင်းလုမြို့တည်ထောင်ပြီးကတည်းက အယုတ်မာဆုံးသော ကွင်းဆက်လူသတ်သမားကြီးမှာမူ ယခုအခါ သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။ သူ့အမြင်တွင် ရေကန်ကြီးသည် အပ်ပင်လယ်ကြီးသဖွယ် ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်မှာလည်း အပ်များဖြင့် ထိုးနှက်ခံထားရသည့်အလား အပေါက်အပြဲများဖြင့် ပြည့်နှက်နေတော့သည်။
ဝိုင်ယာကြိုးများ၏ ချိတ်ဆက်မှုအားလုံးကို မှတ်သားပြီးနောက် ဒေါက်တာကောင်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ ထွက်ခွာတော့မည့် ဆဲဆဲတွင် ရေကန်ထဲတွင် အော်ဟစ်ငိုကြွေးနေသော ဥယျာဉ်မှူး၏ အော်ဟစ်သံများ အားနည်းသွား၏။ သူသည် လက်ကို ရေပေါ်သို့ အတင်းဆန့်ထုတ်၍ ဒေါက်တာကောင်းကို ဖမ်းဆွဲကာ ငရဲထဲသို့ အတူတူ ခေါ်ဆောင်သွားရန် ကြိုးစားနေခဲ့သည်။
“အခုထိတောင် မင်းက ပန်းတွေကိုပဲ သတ်ခဲ့တာလို့ ထင်နေတုန်းလား”
ဒေါက်တာကောင်းသည် ဥယျာဉ်မှူးကို သနားခြင်းကင်းစွာဖြင့် ကြည့်လိုက်သော်လည်း သူ့စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဆဲပင်။ သူ ဘာကြောင့် ဥယျာဉ်မှူးကို ပစ်မှတ်ထားခဲ့သလဲဆိုသည်ကို သူကိုယ်တိုင် မသိပေ။ သူသည် မိမိကိုယ်ကိုယ် တရားမျှတမှု အလွန်အမင်း ရှိသူတစ်ယောက်ဟု မယူဆထားသလို ဤကဲ့သို့ စိတ္တဇလူသတ်သမားကို ရန်စခြင်းမှာ သူနှင့် သူ့မိသားစုကိုပါ ကြီးမားသော အန္တရာယ်ထဲသို့ ပို့ဆောင်နိုင်သည် မဟုတ်ပါလား။
“စိတ်ဖောက်ပြန်မှုဆိုတာ သုံးလို့မရတဲ့ စွမ်းရည်တစ်ခုပဲ၊ မင်း အဲ့ဒါကိုလည်း မေ့သွားပြီ၊ မင်း အားလုံးကို မေ့သွားပြီ၊ ငါတစ်ယောက်ပဲ ဒီကမ္ဘာပေါ်မှာ တစ်ဦးတည်းသော သတိရှိနေတဲ့သူပဲ၊ မင်းက ငါ့ကို ရူးသွားအောင် လုပ်ပြီး ဒီနေရာကို အလုံးစုံပရမ်းပတာဖြစ်အောင် လုပ်ချင်နေတာ”
“ယေဘုယျအားဖြင့် ပြောရရင်တော့... ကိုယ်ပဲ သတိရှိနေတယ်လို့ ထင်နေပြီဆိုရင် အဲ့ဒါ မင်းတကယ် ရူးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
ဒေါက်တာကောင်းက ရေကန်အနားတွင် ရပ်လျက် ပြောလိုက်သည်။
“မင်းတို့တွေပဲ ရူးနေတာကွ၊ အထူးသဖြင့် မင်းပဲ၊ စိတ်ဖောက်ပြန်မှုကမ္ဘာထဲမှာ အပူအပင်ကင်းဆုံး ပုံပေါက်နေတဲ့သူက ရောဂါအပြင်းထန်ဆုံးလူပဲ၊ မင်း အရာအားလုံးကို မေ့သွားပြီ၊ ငါ့ထက်တောင် စောပြီး မေ့သွားတာ”
နာကျင်မှုကြောင့် ဥယျာဉ်မှူးမှာ ဒေါက်တာကောင်းနှင့် ဆက်လက်စကားမပြောနိုင်တော့ပေ။ လုံခြုံရေးဝန်ထမ်းများက သူ့ကို ရေကန်ထဲမှ ဆွဲထုတ်သွားကြသည်။ နှိပ်စက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ ဥယျာဉ်မှူးသည် မည်သည့်အရာကို ထိတွေ့သည်ဖြစ်စေ အပ်နှင့်ထိုးသကဲ့သို့ နာကျင်မှုကို ခံစားရတော့မည် ဖြစ်သည်။
စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး၏ အတွေးအခေါ်နောက်သို့ အလွန်အကျွံ မလိုက်သင့်ပေ။ သို့မဟုတ်ပါက မိမိကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ချောက်နက်ကြီးထဲသို့ ကျသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဒေါက်တာကောင်းမှာ ဥယျာဉ်မှူးနှင့် ပြောခဲ့သော စကားများကို ပြန်လည်တွေးတောနေမိသည်။ ဒီရက်စက်တဲ့ လူသတ်သမားက သူကိုယ်သူ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော သတိရှိသူဟု ပြောခဲ့တာလား။
ဖြစ်နိုင်ပါ့မလား၊ တကယ်ပဲ သူက သတိရှိနေတာများလား။
ဥယျာဉ်မှူးကို ထောင်ထဲသို့ ပို့လိုက်ပြီဖြစ်ရာ သူ၏ကျန်ရှိသော ဘဝတစ်လျှောက်လုံးကို တံတိုင်းမြင့်မြင့်များ နောက်ကွယ်တွင်သာ ကုန်ဆုံးရတော့မည်ဖြစ်သည်။ သို့သော် ဒေါက်တာကောင်းမှာ လူသတ်သမားကို တရားစီရင်နိုင်ခဲ့သည့်အတွက် မည်သည့် ကျေနပ်မှုကိုမျှ မခံစားရပေ။ သူ့နှလုံးသားသည် ဆင်တစ်ကောင်ကို အတင်းထိုးထည့်ထားသကဲ့သို့ ခံစားနေရပြီး တစ်စုံတစ်ခုက ရင်ဘတ်ထဲမှ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အတိုင်း တလှပ်လှပ် တုန်ယင်နေခဲ့သည်။
လူအုပ်ကြီးကို ရှောင်ကွင်းရင်း ဒေါက်တာကောင်းသည် ကွပ်မျက်ရာနေရာမှ တစ်ကိုယ်တည်း ထွက်လာခဲ့သည်။ သူသည် အင်တာဗျူးအားလုံးကို ငြင်းပယ်ခဲ့ပြီး မာကြီးကို ချည်ထားသော ကြိုးများကို ဖြုတ်လိုက်သည်။
“ဥယျာဉ်မှူး အလုပ်လုပ်တဲ့ အစာအိမ်ရပ်ကွက် လူနေအိမ်ရာကို သွားမယ်”
သူသည် မာကြီးကို စီးနင်း၍ ရင်ခွဲရုံရိပ်သာလမ်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးထွက်လာခဲ့သည်။ လမ်းမပေါ်တွင် လူဦးရေမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
“ဒေါက်တာ၊ နောက်ပိုင်း မြို့ထဲမှာ သိပ္ပံနည်းကျ ရှင်းပြရခက်တဲ့ ထူးဆန်းတဲ့ကိစ္စတွေ အများကြီး ဖြစ်နေတယ်ဗျ”
မာကြီးမှာ လက်နှင့် ခြေထောက်များကို သုံး၍ မြေပြင်ကို ကုတ်ခြစ်ပြေးလွှားနေလေသည်။ သူသည် လေးဘက်ထောက် ပြေးရခြင်းကို လုံးဝ ကျင့်သားရနေပြီ ဖြစ်သည်။
“ဥပမာ ဘာတွေလဲ”
“လူအတော်များများ ပြောနေကြတာကတော့ ရင်ခွဲရုံရိပ်သာလမ်းပေါ်က လူနေအိမ်ရာတစ်ခုထဲက အိမ်တစ်လုံးက အသက်ဝင်လာပြီး ညဖက်ဆိုရင် လူတွေကို စားနေတယ်တဲ့၊ အခုဆို လူတိုင်းက အဲ့ဒီဘက်ကို မသွားကြဘဲ လမ်းလွှဲပြီး သွားနေကြရတယ်”
ရင်ခွဲရုံရိပ်သာလမ်းတွင် လူနေအိမ်ရာပေါင်း ၁၃ခု ရှိပြီး ၎င်းမှာ ရှင်းလုတွင် အလုံခြုံဆုံး နယ်မြေတစ်ခုလည်း ဖြစ်သည်။ နေထိုင်ရန် အကောင်းဆုံး စံပြလူနေအိမ်ရာအဖြစ် သုံးပတ်ဆက်တိုက် သတ်မှတ်ခြင်း ခံထားရသော နေရာလည်း ဖြစ်သည်။
“ဒေါက်တာ... ကျွန်တော် ပြောတာကို နားထောင်နေရဲ့လား”
“အိမ်တစ်လုံးက လူကို ဘယ်လိုလုပ် စားမှာလဲကွ၊ အဲ့ဒီ သရဲစာအုပ်တွေ ဖတ်တာကို ရပ်လိုက်စမ်းပါ၊ အားလုံးက လုပ်ကြံထားတာတွေပဲ”
ဒေါက်တာကောင်းသည် မာကြီးပေါ်တွင် ထိုင်ရင်း မီးပွိုင့်မိနေစဉ် ကျောင်းဝတ်စုံဝတ်ထားသော သိုးအုပ်တစ်အုပ်က ကျောင်းတံခါးဝမှ ‘ဘဲ့... ဘဲ့...’ ဟု အော်ရင်း ထွက်လာကြသည်ကို မြင်လိုက်ရသည်။ အချို့ကလေးများက ထိုသို့ အော်ရန် ငြင်းဆန်ကြသော်လည်း သိုးကျောင်းသား၏ ကြိမ်လုံးဖြင့် အရိုက်ခံရပြီးနောက် သိုးအုပ်နောက်သို့ လိုက်သွားကြရသည်။ တဖြည်းဖြည်းနှင့် သူတို့၏ ခန္ဓာကိုယ်များတွင် ထူထဲသော သိုးမွေးများ ဖုံးလွှမ်းလာကြသည်။ ထိုသိုးမွေးများသည် အန္တရာယ်မှ ကာကွယ်ရန် နူးညံ့လှသော်လည်း သူတို့၏ မူလရုပ်သွင်ကို ဖုံးကွယ်ပစ်လိုက်ကြသည်။
ထိုကလေးများကို မြင်သောအခါ မာကြီးသည် ခေါင်းကို မြင့်မြင့်မော့လိုက်သည်။ သူသည် အရှိန်အဟုန်ဖြင့်ပြေးနိုင်သော မြင်းတစ်ကောင်ဖြစ်သည့်အတွက် ဂုဏ်ယူဝင့်ကြွားနေခြင်း ဖြစ်သည်။
ညနေ လေးနာရီခန့်တွင် မာကြီးသည် ဒေါက်တာကောင်းကို အစာအိမ်ရပ်ကွက် လူနေအိမ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။ ဤအိမ်ရာသည် အထက်တန်းစားအိမ်ရာမျိုး မဟုတ်ဘဲ လူတန်းစားမျိုးစုံ နေထိုင်ကြသည့် အလွန်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဤအိမ်ရာဝင်းထဲတွင် အဆောက်အဦးခြောက်လုံးရှိသည်။ ၎င်းတို့မှာ အစာဟောင်း၊ အစာအိမ်အချဉ်ပေါက်၊ သွေးဝမ်း၊ ဝမ်းအမည်း၊ အစာအိမ်ကျောက် နှင့် အစာအိမ်နာဟူသော အခြေအနေများကို ကိုယ်စားပြုသည်။ ဥယျာဉ်မှူးမှာ အစာအိမ်အချဉ်ပေါက် အဆောက်အဦး၏ ၁၄ လွှာ၊ ဘယ်ဘက်မှ ရေတွက်လျှင် ၇ ခုမြောက် တိုက်ခန်းတွင် နေထိုင်ခြင်း ဖြစ်သည်။
တွန့်လိမ်နေသော တားမြစ်တိပ်များကို ဖယ်ရှားရင်း ဒေါက်တာကောင်းသည် အခင်းဖြစ်ပွားရာနေရာကို စောင့်ကြပ်နေသော ရဲအရာရှိများ၏ တားဆီးခံလိုက်ရသည်။ အဝတ်အစားများမှ အမျှင်များကြောင့် သက်သေများ ညစ်ညမ်းမည်ကို ကာကွယ်ရန်အတွက် သူသည် တစ်ခါသုံး ကာကွယ်ရေးဝတ်စုံနှင့် လေစစ်မျက်နှာဖုံးကို ဝတ်ဆင်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ပြီးနောက် ဒေါက်တာကောင်းသည် ရဲအရာရှိများနှင့်အတူ ဥယျာဉ်မှူး ငှားရမ်းနေထိုင်သော အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
“ကျွန်တော်တော့ ဒီလောက် ယုတ်မာတဲ့ရာဇဝတ်ကောင်နဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ အခင်းနေရာမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး”
ရဲအရာရှိသည် ဒေါက်တာကောင်းမှာ တစ်ဦးတည်းသော သက်သေဖြစ်ကြောင်း သိထားသဖြင့် စကားကို အနည်းငယ် ပိုပြောနေခြင်း ဖြစ်သည်။
“အဖြူရောင်မျဉ်းတွေနဲ့ တားထားတဲ့ နေရာတွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေပါ၊ အနီရောင်မျဉ်းတွေနဲ့ တားထားတဲ့ နေရာတွေကတော့ နစ်နာသူတွေရဲ့ ရုပ်အလောင်း အစိတ်အပိုင်းတွေကို တွေ့ခဲ့ရတဲ့ နေရာတွေပါ”
အဖြူရောင်နှင့် အနီရောင်မျဉ်းများဖြင့် ပြည့်နှက်နေသော အခန်းကို ကြည့်ရင်း ဒေါက်တာကောင်းသည်လည်း ဥယျာဉ်မှူး၏ ရက်စက်မှုမှာ လူသားတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်ဟု ခံစားလိုက်ရသည်။
အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ ထိုအခန်းထဲတွင်ရှိသော တစ်လုံးတည်းသော ကုတင်သည် အစိတ်အပိုင်းများ ဖြုတ်ထားပြီး ကုတင်ဘောင်ကို နံရံတွင် ကပ်ထားသည်ကို တွေ့ရသည်။ ကုတင်အောက်ရှိ နေရာလွတ်ထဲတွင် ပုပ်သိုးပြီး ကြေမွနေသော ပန်းပွင့်ချပ်မျိုးစုံနှင့်အတူ ခြေလက်အင်္ဂါ အစိတ်အပိုင်းများကို စုပုံထားသဖြင့် ရဲများအနေဖြင့် နစ်နာသူဦးရေကို ရေတွက်ရန်ပင် အလွန်ခဲယဉ်းနေခဲ့သည်။
“လူသတ်သမားက အလောင်းပုံတွေပေါ်မှာ အိပ်ရတာကို အထူးဝါသနာပါပုံရတယ်၊ သူက အလောင်းမျိုးစုံ စုဆောင်းရတာကို စွဲလမ်းနေတာလေ၊ အဲ့ဒါမှ သူ ကောင်းကောင်းအိပ်ပျော်နိုင်ပြီး အိပ်မက်ဆိုးတွေကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေပုံရတယ်”
“အခု ခင်ဗျားဘာပြောလိုက်တာလဲ”
ဒေါက်တာကောင်းက ရဲအရာရှိ၏ စကားကို ဖြတ်ပြောလိုက်ပြီး သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။
“ဥယျာဉ်မှူးမှာ အိပ်မက်ဆိုးတွေ ရှိနေတယ်ဆိုတာ ခင်ဗျား ဘယ်လိုသိလဲ”
“သူကိုယ်တိုင် ရေးထားခဲ့တာလေ”
ရဲအရာရှိသည် အိပ်ခန်းထဲရှိ ဗီရိုအကြီးကြီးတစ်ခုကို အားစိုက်ရွှေ့လိုက်ရာ စာလုံးများဖြင့် ပြည့်နှက်နေသော နံရံများ ပေါ်လာတော့သည်။ ဥယျာဉ်မှူးသည် ဤနည်းလမ်းကို သုံးပြီး သူကိုယ်သူ မေ့မသွားအောင် သတိပေးနေပုံရသည်။
“သူ့အိမ်ထဲမှာ နေ့စဉ်မှတ်တမ်းတွေ အများကြီး တွေ့ရတယ်၊ အဲ့ဒီထဲမှာ အိပ်မက်ဆိုးမျိုးစုံအကြောင်း ရေးထားတာပဲ၊ သရဲတွေ၊ သွေးတွေ၊ အိပ်မက်တွေ စသဖြင့်ပေါ့၊ သူက အဲ့ဒါတွေကို နံရံမှာရေးထားရုံတင် မကဘူး သူ့ခန္ဓာကိုယ်ပေါ်မှာပါ တက်တူးထိုးထားသေးတာ၊ တကယ့်ကို စိတ်ပျက်စရာပဲ”