အခန်း (၈၂၉-၈၃၀)
Vol. 56 Ch. 829-830
အပိုင်း (၈၂၉) ဝိညာဉ်ရဲ့အရောင်
ပခုံးပေါ်မှာ တင်ထားတဲ့ ဦးခေါင်းတစ်ခုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ မည်သို့လုပ်ဆောင်ရမည်နည်း။ ပထမဦးဆုံးအနေဖြင့် ထိုဦးခေါင်းသည် လုံလောက်စွာ တည်ငြိမ်နေဖို့ လိုအပ်ပေသည်။
ဥယျာဉ်မှူး၏ ဦးခေါင်းမှာ ပုံမှန်လူများနှင့် သိသိသာသာ ကွဲပြားနေသည်။ သူသည် ဗီရိုနောက်ကွယ်ရှိ နံရံတစ်ခုလုံးတွင် စိတ်ကူးယဉ်အရာများကို လျှောက်ရေးထွင်းထားခဲ့သည်။ သူကိုယ်သူ ခန့်မှန်းရခက်သော ဖြစ်တည်မှုတစ်ခုအဖြစ် ဖော်ပြထားပြီး သာမန်လူများတို့၏ အိပ်မက်များထဲသို့ ဖြတ်သန်းသွားလာနိုင်သည်ဟု ဆိုသည်။ ထို့အပြင် သူသည် ကမ္ဘာကြီး ရူးသွပ်သွားပြီဆိုသည်ကို သက်သေပြနိုင်မည့်သူတစ်ဦး… သက်သေတစ်ယောက်ကို ရှာဖွေနေခဲ့သည်ဟုလည်း ဆိုထားသည်။
ကံမကောင်းစွာဖြင့် သူသည် ထိုသက်သေကို မတွေ့ရှိမီမှာပင် ဒေါက်တာကောင်း၏ စွပ်စွဲချက်ကြောင့် စိတ္တဇကွင်းဆက်လူသတ်သမားတစ်ဦး ဖြစ်လာခဲ့ရသည်။
“ခင်ဗျားဆိုလိုတာက... ဥယျာဉ်မှူးက ဒီစာလုံးတွေကို သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးထားတာလား”
“ဟုတ်တယ်၊ သူ အချုပ်ထဲမှာ ရှိနေတုန်းကလည်း တစ်ယောက်တည်း စကားတွေ ခဏခဏ ပြောနေတာလေ၊ အားလုံးက လုပ်ကြံဖန်တီးထားတဲ့ စိတ်ကူးယဉ်တွေချည်းပါပဲ၊ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးကြည့်တော့ သူက ရုတ်တရက်စိတ်ဖောက်ပြန်ဝေဒနာကို ခံစားနေရတာတဲ့၊ အဲ့ဒါက ဆေးဝါးအလွန်အကျွံ သုံးစွဲတာ၊ ဇီဝကမ္မဖြစ်စဉ် ဖောက်ပြန်တာ ဒါမှမဟုတ် ကူးစက်ရောဂါကြောင့် ဖြစ်တတ်တဲ့ ဦးနှောက်လုပ်ဆောင်ချက် ရုတ်တရက်ချို့ယွင်းမှုမျိုးပေါ့၊ လူနာအများစုက နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း ပြန်ကောင်းလာတတ်ပေမဲ့ သူ့အခြေအနေကတော့ ပိုဆိုးလာခဲ့တယ်”
“အင်း...”
ဥယျာဉ်မှူး၏ အခြေအနေကို ဒေါက်တာကောင်း သိရှိပြီးသားဖြစ်သည်။ အမှန်စင်စစ် ဆေးဝါးအလွန်အကျွံသုံးစွဲမှုနှင့် ဇီဝကမ္မဖောက်ပြန်မှုများက သူနှင့် ဆက်စပ်နေပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဥယျာဉ်မှူး၏ ကုသရေးဆရာဝန်ဖြစ်ခဲ့ပြီး ဥယျာဉ်မှူးအား ဤသို့ စိတ်ဖောက်ပြန်သွားစေရန် ရည်ရွယ်ချက်ရှိရှိ ကုသပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။
သူသည် ဥယျာဉ်မှူးအတွက် ချမှတ်ခဲ့သော ကုသရေးစီမံချက်ကို အမှတ်ရသော်လည်း ထိုစီမံချက်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့မှန်းတော့ မမှတ်မိတော့ပေ။ သူ့မှတ်ဉာဏ်ထဲတွင် ဥယျာဉ်မှူးက ထိုကဲ့သို့ စိတ်ကူးယဉ်ဇာတ်လမ်းများကို ပြောပြခဲ့သည်ဟု မကြားဖူးခဲ့ပေ။
သံသယများ စိတ်ထဲတွင် ဆက်တိုက်ပေါ်ထွက်လာပြီး သူ့နှလုံးသားထဲမှ တလှပ်လှပ် ခံစားချက်မှာ ပို၍ ပြင်းထန်လာတော့သည်။
ဖြစ်နိုင်ပါ့မလား။
အဲ့ဒီတုန်းက ငါက ဥယျာဉ်မှူးကို ရူးနေတာလို့ မထင်ခဲ့တာလား။ သူပြောပြတာတွေက စိတ်ကူးယဉ်မဟုတ်ဘူးလို့ ငါ ယူဆခဲ့တာလား။
ဒါပေမဲ့ အဲ့ဒီတုန်းက သူရူးနေတာမဟုတ်ဘူးလို့ ငါထင်ခဲ့ရင် အခုကျမှ ဘာလို့ သူ့ကိုမူမမှန်ဘူးလို့ မြင်နေရတာလဲ။ နံရံပေါ်က ဒီအရာတွေကတော့ ဘယ်လိုကြည့်ကြည့် စိတ်ကူးယဉ်တွေဆိုတာ ပုံမှန်လူတိုင်း မြင်နိုင်တာပဲ။
ဒါဆို အဲ့ဒီတုန်းက ငါကိုယ်တိုင်ကော ပုံမှန်ဖြစ်နေရဲ့လား။
ဥယျာဉ်မှူး ငါ့အပေါ် တုံ့ပြန်ပုံက ထူးဆန်းနေတယ်၊ သူက ငါ့ကို အသေကိုက်သတ်ချင်နေသလိုပဲ။ ငါ မေ့သွားပြီ၊ သူလည်း မေ့လုနီးပါးဖြစ်နေပြီလို့ သူ ခဏခဏပြောနေခဲ့တာ။ ငါ ဘာကို မေ့သွားတာလဲ။ သူ့အတွက် ဒီကုသရေးစီမံချက်ကို ဘာလို့ ရွေးချယ်ခဲ့ရလဲဆိုတာကို ငါမေ့သွားတာလား။
မဟုတ်ဘူး... မဟုတ်ဘူး၊ ငါ ဒီထက်ပိုအရေးကြီးတဲ့ အရာတစ်ခုခုကို မေ့နေတာ ဖြစ်ရမယ်။
သူ့အကြည့်သည် နံရံပေါ်တွင် ဝေ့ဝဲနေဆဲဖြစ်သည်။ ပြွတ်သိပ်နေသော စာသားအထပ်ထပ်သည် ဒေါက်တာကောင်း၏ စိတ်ထဲသို့ တိုးဝင်ရန် ကြိုးစားနေသော အဆိပ်အင်းဆက်များသဖွယ် ဖြစ်နေလေ၏။
“ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီဟောင်းကို ကျွန်တော်ကြည့်လို့ရမလား”
ဒေါက်တာကောင်း၏ မှတ်ဉာဏ်ထဲတွင် ဥယျာဉ်မှူးမှာ ဒိုင်ယာရီရေးတတ်သည့် အလေ့အကျင့် မရှိပေ။ ဒေါက်တာကောင်းကိုယ်တိုင်သာလျှင် ထိုအလေ့အကျင့် ရှိသူဖြစ်သည်။
“ဒါတော့ ဖြစ်နိုင်မယ်မထင်ဘူးဗျ၊ ကျွန်တော့်အထက်လူကြီးကို အရင်မေးကြည့်ရဦးမယ်”
ရဲအရာရှိသည် အပြင်သို့ ပြေးထွက်သွားရာတွင် ဝိုင်နီရောင် လောင်းကုတ်ဝတ်ထားပြီး လက်များတွင် ပတ်တီးများစည်းထားသော ရဲအရာရှိတစ်ဦးနှင့် သွားတိုက်မိလိုက်သည်။
“အရာရှိရွှယ်... အရာရှိရွှယ်လား… ဘာကိစ္စများ ရှိလို့ပါလဲ”
ရဲအရာရှိလေးမှာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အသက်ရှူသံပင် မမှန်တော့ဘဲ သတိအနေအထားဖြစ်သွားသည်။
“ငါ အပြင်မှာ နားထောင်နေတာ ကြာပြီ”
အရာရှိရွှယ်က ကျန်ရဲသားများကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သူ့မျက်လုံးများက ဒေါက်တာကောင်းကို စိုက်ကြည့်လိုက်သည်။
“ဥယျာဉ်မှူးဟာ စိတ္တဇလူသတ်သမား ဖြစ်နေတယ်ဆိုတာကို ပထမဆုံးဖော်ထုတ်ခဲ့တာ မင်းလား”
“ဟုတ်ပါတယ်”
“လာ... စကားပြောရအောင်”
အရာရှိရွှယ်က တစ်ဦးတည်း အပြင်သို့ လျှောက်သွားသည်။ ဒေါက်တာကောင်း မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ဘေးမှ ရဲအရာရှိက ပြောသည်။
“မြန်မြန် သွားလိုက်လေ၊ အရာရှိရွှယ်က စိတ်တိုတတ်တယ်၊ လူတွေကိုလည်း ရိုက်တတ်သေးတာ၊ သူသာ ရှင်းလုရဲဌာနမှာ အမှုဖော်ထုတ်နိုင်မှု အမြင့်ဆုံးထိပ်တန်းသုံးယောက်ထဲမှာ မပါရင် ရာထူးပြုတ်နေတာ ကြာလှပြီ”
“သွေးစွန်းနေတာလား”
ဒေါက်တာကောင်းသည် တိတ်ဆိတ်စွာပင် အဆောက်အအုံအပြင်ဘက်သို့ ထွက်လာခဲ့သည်။ အရာရှိရွှယ်က မာကြီး၏ ဦးခေါင်းကို ပွတ်သပ်ပေးနေသည်ကို သူတွေ့လိုက်ရသည်။
“ဒါ မင်းရဲ့ မြင်းလား”
အရာရှိရွှယ်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မာကြီး၏ပါးစပ်ကို ဖြဲကြည့်ကာ သွားများကို စစ်ဆေးလိုက်သည်။
“မင်း သူ့ကို ကောင်းကောင်းဂရုစိုက်ထားတာပဲ၊ ပုံမှန်ဆို သူ့ကို ဘာတွေကျွေးတာလဲ”
“ခင်ဗျားမှာ တခြားအရေးကြီးတာမရှိရင် ကျွန်တော် အခင်းဖြစ်နေရာကိုပဲ ပြန်သွားချင်ပါတယ်”
“မလောပါနဲ့ဦး”
အရာရှိရွှယ်က သူ့ဖုန်းကို ထုတ်ယူလိုက်သည်။ ထိုဖုန်းထဲတွင် ရက်စက်ယုတ်မာသော စိတ္တဇလူသတ်သမားကို သေဒဏ်ချမှတ်လိုက်သည့် သတင်းများနှင့် ဓာတ်ပုံများ ပြည့်နှက်နေလေသည်။ ထိုဓာတ်ပုံများထဲတွင် ဒေါက်တာကောင်းက မာကြီးကို တရားရုံးအဝင်ဝတွင် ချည်ထားခဲ့ပြီး ဥယျာဉ်မှူးကို သက်သေထွက်ဆိုရန် အတွင်းသို့ ဝင်သွားသည့်ပုံလည်း ပါဝင်နေသည်။
“ဒါကို ကြည့်ကြည့်ဦးမလား”
“ဘာကြည့်ရမှာလဲ”
အရာရှိရွှယ်က ဓာတ်ပုံကို လက်နှစ်ချောင်းဖြင့် ချဲ့လိုက်ပြီး မာကြီးလဲလျောင်းနေသည့် နေရာကို လက်ညှိုးထိုးပြသည်။
“မြင်းဆိုတာ မြက်စားရမှာလေ၊ ဒါပေမဲ့ မင်းက သူ့ကို အုတ်ဂျုံနဲ့သစ်သီးတွေ ကျွေးထားတယ်”
ဒေါက်တာကောင်းမှာ ထိုအချက်ကို မေ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အရာရှိရွှယ် ဘာလုပ်ချင်နေမှန်း သူနားမလည်ပေ။
“မင်း မာကြီးကိုကျွေးတဲ့ အစားအစာတွေက လူရောမြင်းရော စားလို့ရတဲ့ အရာတွေပဲ၊ မာကြီးက မြင်းမဟုတ်ဘဲ လူတစ်ယောက်ဆိုတာကို မင်းကောင်းကောင်းသိနေတာပဲ၊ မင်းက မင်းရဲ့ အကျိုးအတွက်ပဲ မာကြီးကို မြင်းတစ်ကောင်ဖြစ်အောင် ဖန်တီးခဲ့တာ”
“ဘာကွာလို့လဲ”
“ကွာတာပေါ့... မာကြီးက သူဖြစ်ချင်တာ ဖြစ်ခွင့်ရှိတယ်၊ အဲ့ဒါက သူ့ရဲ့ လွတ်လပ်ခွင့်ပဲ၊ ဒါပေမဲ့ မင်းက သူ့ကို တခြားအရာတစ်ခုဖြစ်အောင် အတင်းအကျပ်လုပ်ခဲ့ရင်တော့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာပဲ၊ ပိုဆိုးတာက မင်းဟာ သူ့ရဲ့ဝိညာဉ်လောကကို ညစ်ညမ်းစေပြီး သူ့ရဲ့ဝိညာဉ်ကို ဖျက်ဆီးခဲ့တာပဲ”
အရာရှိရွှယ်က ပတ်တီးစည်းထားသော သူ့လက်ဖြင့် ကုတ်အင်္ကျီအောက်မှ လက်ထိပ်ကို ထုတ်လိုက်သည်။
“လူ့အခွင့်အရေးကော်မရှင်နဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ နောက်ဆုံးစည်းမျဉ်းတွေအရ ဒါကို အတည်ပြုနိုင်ရင် မင်း ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်”
“ဒါပေမဲ့ ကျွန်တော်က အစကတည်းက မြင်းတစ်ကောင်ပါ”
မာကြီးက ဒေါက်တာကောင်းနှင့် သူ့ကြားရှိ ဇာတ်လမ်းကို တတွတ်တွတ် ပြန်ပြောပြလိုက်သည်။ နောက်ဆုံးတွင် အရာရှိရွှယ်ကို တံတွေးနှင့် ထွေးကာ သူ၏မကျေနပ်မှုကို ဖော်ပြလိုက်သည်။
အရာရှိရွှယ်သည် ဂရုမစိုက်ဟန်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး ဒေါက်တာကောင်းအနားသို့ တိုးလာလေသည်။
“မင်းက ဆရာဝန်တစ်ယောက်အနေနဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး မာကြီးကို မြင်းတစ်ကောင်ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုရင် ဥယျာဉ်မှူးကိုလည်း ဥယျာဉ်မှူးဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ယူဆရမှာပေါ့”
နောက်ဆုံးဝါကျမှာ အရာရှိရွှယ် အမှန်တကယ်ပြောချင်သည့် အရာဖြစ်သည်။ သူသည် ဒေါက်တာကောင်းကို သံသယရှိနေခြင်းဖြစ်ပြီး ဥယျာဉ်မှူးနောက်ကွယ်တွင် ပိုကြောက်စရာကောင်းသော လူသတ်သမားတစ်ဦး ရှိနေမည်ကို စိုးရိမ်နေခဲ့သည်။
“ကျွန်တော် ဥယျာဉ်မှူးကို ကုသပေးနေတုန်းက ပြဿနာတွေအများကြီးကို တွေ့ခဲ့ရတယ်၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာလောကကြီးဟာ ကျွန်တော်တို့နဲ့ လုံးဝကွဲပြားနေတာ၊ လူသားတွေမှာ ရှိသင့်တဲ့ အကောင်းအဆိုး၊ စည်းစနစ်နဲ့ လူမှုပတ်ဝန်းကျင်ဆိုတဲ့အသိတရားတွေ သူ့မှာ မရှိဘူး၊ သူက မှောင်မည်းပြီး အဓိပ္ပာယ်မရှိတဲ့ နေရာတစ်ခုကို ဖန်တီးထားခဲ့တာ၊ အဲ့ဒီအချိန်ကျမှပဲ သူက ပန်းတိုင်းကို လူသားတွေလို သဘောထားနေတာကို ကျွန်တော်သိလိုက်ရတာပဲ”
“မင်း ရှင်းပြနေဖို့ မလိုပါဘူး၊ ငါသိချင်တာရှိရင် ငါ့ဘာသာငါ စုံစမ်းလိုက်မယ်”
အရာရှိရွှယ်၏အကြည့်များက ထက်ရှနေသည်။ သူက ကောင်းမင်ရှေ့တွင် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။
“ငါ ဥယျာဉ်မှူးရဲ့ ဒိုင်ယာရီကို ဖတ်ပြီးပြီ၊ အဲ့ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ စာကြောင်းတစ်ကြောင်း ပါတယ်၊ သူက ဒီကမ္ဘာကြီးကို ရူးသွပ်သွားပြီလို့ ရေးထားတယ်၊ အဲ့ဒီကနေ လွတ်မြောက်ဖို့ဆိုရင် လူတစ်ယောက်ကို ရှာရမယ်လို့ ရေးထားတယ်”
“ဘယ်သူ့ကိုလဲ”
“ပုချွန်ကျိုက်၊ အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံက ဝါရင့်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ဆရာပေါ့”
အရာရှိရွှယ်က ဒေါက်တာကောင်း၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။ ဒေါက်တာကောင်း အလွန်အမင်း အံ့အားသင့်သွားသည်ကို မြင်သောအခါ သူသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး ဆက်ပြောသည်။
“တကယ်လို့ အဲ့ဒီဒိုင်ယာရီက တခြားလူလုပ်ကြံရေးထားတာ မဟုတ်ဘူးဆိုရင် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဒေါက်တာပုချွန်ကျိုက်ဟာ ဥယျာဉ်မှူးရဲ့ အပေါင်းပါ ဖြစ်နိုင်ခြေ အများကြီးရှိတယ်၊ အရင်က သူတို့တင်ပြခဲ့တဲ့ သေဒဏ်က အရမ်းရက်စက်လွန်းလို့ လူထုနဲ့ လူ့အခွင့်အရေးကော်မရှင်က ကန့်ကွက်ခဲ့ကြတယ်၊ ဥယျာဉ်မှူး ပေါ်လာတော့မှ လူထုက အဲ့ဒီသေဒဏ်ပေးတာကို တစ်ခဲနက် ထောက်ခံလာကြတာလေ”
ဒေါက်တာကောင်း တိတ်ဆိတ်နေခဲ့သည်။ သူသည် ထိုကိစ္စများထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိပေ။
“ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့က ဒါမျိုးလုပ်မယ်ဆိုတာ ငါမအံ့သြပါဘူး၊ သူတို့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက အမြဲတမ်း အောက်ဆုံးအဆင့်မှာပဲ ရှိနေတာပဲ၊ လူသားဆန်မှုရဲ့ အနိမ့်ဆုံးကို ကိုယ်စားပြုနေတာပေါ့”
“ဒါတွေကို ကျွန်တော့်ကို ဘာလို့ လာပြောနေတာလဲ”
ဒေါက်တာကောင်းသည် ဥယျာဉ်မှူး၏ ဒိုင်ယာရီကို ကြည့်ချင်သည် မှန်သော်လည်း ၎င်း၏ အကြောင်းအရာကို စိတ်ဝင်စား၍ မဟုတ်ပေ။ သူခံစားမိသည်မှာ ဥယျာဉ်မှူးသည် ဒိုင်ယာရီရေးလေ့မရှိဘဲ ယင်းကို တစ်စုံတစ်ယောက်က လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟူသော အချက်ကြောင့်ပင်။
“ငါမင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ၊ ဥယျာဉ်မှူးအမှုရဲ့ တစ်ဦးတည်းသော သက်သေအနေနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ထဲကိုဝင်ပြီး ဒေါက်တာပုကို စုံစမ်းပေးပါ”
အရာရှိရွှယ်က ပြုံးလိုက်သော်လည်း ဒေါက်တာကောင်းသည် မည်သည့်နွေးထွေးမှုကိုမျှ မခံစားရပေ။
“စိတ်မဝင်စားဘူး”
“မင်းရဲ့ အခုအခြေအနေက အန္တရာယ်ရှိနေပြီနော်၊ လူအတော်များများက မင်းဟာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လိုက်ပြီလို့ ထင်နေကြပြီး နောက်ထပ်ကွပ်မျက်ခံရမယ့်ဥယျာဉ်မှူး ဖြစ်လာမှာကို ကြောက်နေကြတာ၊ မင်းကုသပေးခဲ့တဲ့ လူနာတွေအားလုံး မင်းကို သတ်မယ့်သူတွေ ဖြစ်လာနိုင်တယ်၊ ငါနဲ့ ပူးပေါင်းတာကပဲ မင်းအတွက် ထွက်ပေါက်ဖြစ်လိမ့်မယ်”
အရာရှိရွှယ်က ဒေါက်တာကောင်းကို မတားဆီးတော့။ သူ ဆေးလိပ်ကို နောက်တစ်ကြိမ် ရှိုက်လိုက်ပြီး မီတာအနည်းငယ်အဝေးသို့ ရောက်သွားသော ဒေါက်တာကောင်းကို ဖြည်းညင်းစွာ လှမ်းပြောလိုက်သည်။
“ငါ တစ်ခုပြောဖို့ မေ့သွားတယ်၊ ငါက ဝိညာဉ်တွေရဲ့ အရောင်ကို မြင်နိုင်တယ်၊ မင်းနဲ့ ဥယျာဉ်မှူးရဲ့ ဝိညာဉ်အရောင်က အတူတူပဲ”
အပိုင်း (၈၃၀) ဒါဆို ငါက ဘယ်သူလဲ
အရာရှိရွှယ်၏ စကားကို ကြားသောအခါ ဒေါက်တာကောင်းက ရပ်တန့်သွားသည်။ သူနောက်လှည့်ကြည့်ကာ အိတ်ကပ်ထဲမှ ဆေးပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ဆေးလုံးအချို့ကို လက်ဝါးပေါ် လောင်းထည့်ပြီးနောက် အရာရှိရွှယ်၏ ပတ်တီးစည်းထားသော လက်ထဲသို့ ထည့်ပေးလိုက်သည်။
“မင်းက ငါ့ကိုလည်း နေမကောင်းဖြစ်နေတယ်လို့ ထင်နေတာလား”
“အဲ့ဒီလိုထင်နေဖို့ မလိုပါဘူး”
ကောင်းမင်က ဆေးလုံးများကို အရာရှိရွှယ်၏ လက်ထဲသို့ ထည့်ပေးရင်း ပြော၏။
“အသက်ရှင်ဖို့အတွက် လူတိုင်းမှာ ကိုယ်စီယုံကြည်ချက်တွေ ရှိရမယ်ဆိုရင် ကျွန်တော်ကတော့ သိပ္ပံပညာကို အစွဲအလမ်းဆုံး ယုံကြည်သူပါပဲ”
ထိုသို့ပြောပြီးသည်နှင့် ကောင်းမင်သည် မာကြီးကိုစီးကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ ယနေ့ သူ ဆေးရုံသို့ မသွားတော့ပေ။ သူ အလွန်အမင်း ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
“ဒေါက်တာကောင်း... မြင်းတွေမှာကော ဝိညာဉ်ရှိသလား”
“လူတွေမှာ ဝိညာဉ်ရှိရင် မြင်းတွေမှာလည်း ရှိမှာပေါ့”
“ဒါဆို ပြောပါဦး၊ ငါ့ရဲ့ ဝိညာဉ်က လူနဲ့တူသလား၊ မြင်းနဲ့တူသလား”
“ခင်ဗျားဖြစ်အောင် ကြိုးစားနေတဲ့အရာနဲ့ တူမှာပေါ့”
မှောင်ရီမပျိုးသေးသော်လည်း ရင်ခွဲရုံရိပ်သာလမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ လမ်းမီးတိုင်များအားလုံး လင်းထိန်နေပြီ ဖြစ်သည်။ ငါးသေတ္တာဘူးထဲက ငါးများကဲ့သို့ စီတန်းနေတတ်သော လူအုပ်ကြီးမှာ အနည်းငယ် ကျဲပါးသွားခဲ့ပြီ ဖြစ်သည်။ ထိုလူများ ဘယ်ကို ရောက်သွားလဲ၊ ဘာတွေကြုံတွေ့ခဲ့ရလဲဆိုသည်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ မည်သို့ပင်ဆိုစေ နောက်တစ်နေ့တွင် ယခင်နေ့ကထက် ပိုများသော လူအုပ်ကြီးက လမ်းမပေါ်တွင် ယိမ်းထိုးနေကြဦးမည်သာ ဖြစ်သည်။
လည်ပင်းညှစ်လူနေအိမ်ရာရပ်ကွက်သို့ ပြန်ရောက်သောအခါ ဒေါက်တာကောင်းသည် သူ့အိတ်ထဲမှ အစားအစာအားလုံးကို မာကြီးရှေ့တွင် ပုံပေးလိုက်သည်။
“မင်းအေးလာရင် ငါ့ကို ဖုန်းဆက်လိုက်၊ ငါ့ရဲ့ ဧည့်ခန်းက မြင်းတစ်ကောင် နားနားနေနေ နေလို့ရလောက်အောင် ကျယ်ပါတယ်”
အိမ်တံခါးကို ဖွင့်လိုက်သည်။ အတွင်းမှ အော်ဟစ်ငြင်းခုံသံများကို ဒေါက်တာကောင်း ကြားလိုက်ရသည်။ အဖိုးဖြစ်သူမှာ အိပ်ခန်းတံခါးကို ဒေါသတကြီး ထုရိုက်ရင်း ဒေါက်တာကောင်း၏ဖခင်အား တစ်နေကုန်အရက်သောက်နေပြီး ဘာမှမလုပ်ရကောင်းလားဟု ဆဲရေးတိုင်းထွာနေခြင်း ဖြစ်သည်။
ဦးလေးဖြစ်သူက ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ ဒေါက်တာကောင်း ပြန်လာသည်ကို မြင်သောအခါ သူသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ လက်ကို အသည်းအသန် ဝှေ့ယမ်းပြလေသည်။
“တူလေး... မင်း အဖိုးကို လာစကားပြောပေးပါဦး၊ ဒီနေ့ သူဘာဖြစ်နေမှန်း မသိဘူး၊ အထိမခံဖြစ်နေပြီး အရမ်းစိတ်တိုနေတယ်ကွာ”
သူ စကားမဆုံးသေးမီမှာပင် အဖိုးဖြစ်သူက သူ့ကို ကြမ်းပြင်ပေါ်သို့ ဆောင့်ကန်လိုက်သည်။
“မင်းကလည်း ဘာမှသုံးစားမရတဲ့ အမှိုက်ပဲကွ၊ ငါ ဘယ်လိုလုပ် ဒီလိုအရည်မရအဖတ်မရတဲ့ ကောင်တွေကို မွေးထားမိပါလိမ့်”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အဖေ့သားက အသုံးမကျတာ မှန်ပါတယ်၊ အဖေစိတ်တိုင်းကျ ရိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ်တော့ ဒေါသမထွက်ပါနဲ့”
စိတ်သဘောထားကောင်းသော ဦးလေးဖြစ်သူမှာ စိတ်မဆိုးဘဲ သူ့ဝမ်းဗိုက်ကို ပွတ်ရင်း ပြန်ထလာ၏။ သူသည် ဒေါက်တာကောင်းကို အသည်းအသန် မျက်ရိပ်မျက်ကဲ ပြနေခဲ့သည်။
တံခါးပိတ်လိုက်ပြီးနောက် ဒေါက်တာကောင်းသည် သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ အိမ်သော့ကို သူ့ကိုယ်ပေါ်တွင် သေသေချာချာ သိမ်းဆည်း၍ အနားသို့တိုးသွားလိုက်သည်။
“အဖိုး... အဖေက အဖိုးကို စိတ်ဆိုးအောင် ထပ်လုပ်ပြန်ပြီလား”
ပုံမှန်ဆိုလျှင် ဒေါက်တာကောင်းကို အလွန်ချစ်သော အဖိုးဖြစ်သူမှာ ယခုမူ လှိုက်လှိုက်လှဲလှဲ မရှိတော့ဘဲ သူ့မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။
“မင်း ဘယ်လိုလုပ် ဒီလောက်အန္တရာယ်များတဲ့ကိစ္စကြီးကို လုပ်ရတာလဲ”
“ဘာကိစ္စလဲ အဖိုး”
“တီဗီပေါ် ရောက်နေပြီလေ”
အဖိုးမျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ တွန့်လိမ်သွားပြီး သူ၏ငွေရောင်ဆံပင်များမှာလည်း ထောင်ထလာ၏။
“တူလေး... မင်းတီဗီပေါ် ရောက်နေတာလား၊ ဦးလေးကိုလည်း ပြပါဦး၊ ဂုဏ်ယူရအောင်လို့”
“သွားစမ်း”
အဖိုးက ဦးလေးဖြစ်သူကို နောက်တစ်ကြိမ် ကန်ထုတ်လိုက်ပြန်သည်။
“လူသိရှင်ကြား စိတ္တဇလူသတ်သမားကို သက်သေထွက်ဆိုတယ်၊ မင်းအသံကိုလည်း ပြောင်းမထားဘူး၊ မျက်နှာကိုလည်း ဖုံးမထားဘူး၊ ဒီအတိုင်းကြီး တီဗီပေါ် တက်လာတာပဲ၊ အခုတော့ လူတိုင်း မင်းကို မြင်သွားကြပြီ”
“မြင်တော့ ဘာဖြစ်လို့လဲ၊ မိသားစုအတွက် ဂုဏ်ယူစရာပဲဥစ္စာ”
ဦးလေးဖြစ်သူက ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်ပင် ပြန်ပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း၊ မင်းတို့ လူကြီးတွေ အသုံးမကျလို့ ကလေးကို ဒီလိုအန္တရာယ်များတဲ့ ကိစ္စတွေ လုပ်ခိုင်းနေရတာ၊ ငါ တကယ်စိတ်တိုတယ်၊ မင်းတို့ကို သေအောင်ရိုက်သတ်ပစ်မယ်”
အဖိုးသည် ဦးလေးဖြစ်သူကို အကြိမ်အနည်းငယ် ထပ်ကန်လိုက်သော်လည်း စိတ်မတည်ငြိမ်နိုင်သေးပေ။
“ရှင်းလုက အပေါ်ယံကြည့်ရင် အေးဆေးတည်ငြိမ်နေပေမဲ့ အမှောင်ထဲမှာ ဥယျာဉ်မှူးလိုမျိုး မကောင်းတဲ့လူတွေ အများကြီး ရှိနေတာ၊ အခုတော့ မင်းကလူမြင်ကွင်းထဲ ထွက်လာပြီး သူတို့ရဲ့ ရက်စက်မှုကို ဖော်ထုတ်လိုက်ပြီ၊ သူတို့ မင်းကို သေချာပေါက် လက်တုံ့ပြန်ကြလိမ့်မယ်”
ဒေါက်တာကောင်းသည် အဖိုးဖြစ်သူကို လျစ်လျူရှုလိုက်ပြီး ဦးလေးကိုလည်း သွားမကူဘဲ တီဗီကို ဖွင့်လိုက်သည်။
“အစာအိမ်နှင့်အူလမ်းကြောင်း ဗဟုသုတများ၊ အူများ၏ အသုံးဝင်ပုံ ၁၇ မျိုး၊ သင် ဘယ်နှစ်မျိုး သိပါသလဲ”
“မူကြိုပညာရေး၏ အောင်မြင်မှု… ဝါရင့် ဆရာ၊ ဆရာမများကို စုစည်း၍ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် သင်ယူလိုစိတ်ကို နှိုးဆွပေးကာ အပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့် အသိပညာများ အမြစ်တွယ် ကြီးထွားပါစေ”
“ညသန်းခေါင်မှာ အထီးကျန်နေပါသလား၊ လူသားညစာကို ရှာဖွေလိုက်ပါ၊ ညသန်းခေါင်မှာ အထီးကျန်နေပါသလား၊ မှတ်ထားပါ၊ လူသားညစာကို ရှာဖွေပါ”
“မြို့တော်အတွင်းရှိ ရက်စက်ကြမ်းကြုတ်လှသော ကွင်းဆက်လူသတ်မှုကြီးကို ဖော်ထုတ်နိုင်ခဲ့ပါပြီ၊ လူသတ်သမားဖြစ်သူ ဥယျာဉ်မှူးကိုလည်း ကွပ်မျက်ပြီး ဖြစ်ပါသည်”
လိုင်းအချို့ကို ပြောင်းကြည့်ပြီးနောက် ဒေါက်တာကောင်းသည် သူ ကြည့်ချင်သော သတင်းကို တွေ့လိုက်ရသည်။ သတင်းတင်ဆက်သူက ဒေါက်တာကောင်း၏ ရဲရင့်သော လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုစကားများ အဆက်မပြတ် ပြောကြားနေ၏။
သူမ၏သားဖြစ်သူကို အားတက်သရော ချီးကျူးနေသံကြောင့်လော သို့မဟုတ် တီဗီအသံ ကျယ်လွန်းသောကြောင့်လော မသိရပေ။ မိခင်ဖြစ်သူသည် ရေချိုးခန်းထဲမှ ခေါင်းလေးပြူထွက်လာကာ လူတိုင်းကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လာသည်။ ဒေါက်တာကောင်းကို မြင်သောအခါ သူမ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သားဖြစ်သူမှာ ကျန်းမာသန်စွမ်းသော မှိုတစ်ပွင့်အဖြစ် ကြီးပြင်းလာသည့်အတွက် ကျေနပ်နေသည့်အလားပင်။
“မင်းပြဿနာက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ သိရဲ့လား”
အဖိုးဖြစ်သူက အိမ်နီးချင်းများ ကြားမည်စိုးသည့်အလား တီဗီအသံကို လျှော့လိုက်သည်။
“တကယ်လို့ အခြေအနေတွေ အရမ်းဆိုးလာရင် အပြင်ခဏထွက်သွားပြီး အလုပ်တွေ ဘာတွေ ခဏနားထားလိုက်၊ ငါတို့မှာ အိမ်မှာ အဆင်ပြေပြေနေနိုင်လောက်တဲ့အထိ ပိုက်ဆံ ရှိပါသေးတယ်”
“ဟုတ်ကဲ့ပါ”
ဒေါက်တာကောင်းသည် ဥယျာဉ်မှူးနှင့် ပတ်သက်သည့် သတင်းများကို အကြိမ်ကြိမ် ကြည့်ရှုသော်လည်း သူ သိချင်သောအရာကို မတွေ့ရပေ။ သူ့နှလုံးထဲတွင်လည်း တဒိတ်ဒိတ် ခံစားနေရဆဲပင်။
“ကျွန်တော် အခန်းထဲမှာ သွားနားလိုက်ဦးမယ်”
“အများကြီး မတွေးနဲ့တော့၊ ဖြစ်ပြီးသားကိစ္စတွေအတွက်လည်း စိတ်မကောင်း မဖြစ်နဲ့”
အဖိုးက ဘာမှ ထပ်မပြောတော့ပေ။ သူသည် ဖခင်ဖြစ်သူ၏ အိပ်ခန်းတံခါးရှေ့တွင် ရှိနေသော ရေရောထားသည့်အရက်ပုလင်းကို ယူကာ သောက်နေတော့သည်။
“အဖေ... နည်းနည်းပဲ သောက်နော်၊ ကျွန်တော် အဖော်လုပ်ပေးရဦးမလား”
“မနက်ဖြန်ကစပြီး မင်းလည်း အလုပ်သွားတော့၊ မင်းရဲ့ အသုံးမကျတဲ့ အစ်ကိုနှစ်ယောက်ကိုလည်း တစ်ခါတည်း ခေါ်သွား”
“ဟာဗျာ… ဒုတိယအစ်ကိုက ကဗျာရေးနေလို့ မသွားချင်ဘူးတဲ့၊ အကြီးဆုံးအစ်ကိုကတော့ နျူကလီးယားလက်နက်တွေ သုတေသနလုပ်နေလို့ အချိန်မရှိဘူးတဲ့”
ဦးလေးဖြစ်သူ စကားမဆုံးသေးမီ အဖိုးက သူ့ဖိနပ်ဖြင့် လှမ်းပေါက်လိုက်သည်။
“အဖေ… သူတို့မသွားချင်တာလေ၊ ကျွန်တော့်ကို မရိုက်ပါနဲ့၊ ကျွန်တော့်ကိုချည်းပဲ ရိုက်မနေပါနဲ့”
အိပ်ခန်းတံခါးကို ပိတ်လိုက်သည်နှင့် ဒေါက်တာကောင်း၏ နားထဲတွင် တိတ်ဆိတ်သွားတော့သည်။ ဤအခန်းမှာ သူ၏ကိုယ်ပိုင်အခန်းဖြစ်ပြီး သူ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ မဝင်ရပေ။
ဒေါက်တာကောင်းသည် ဤအိမ်တွင် ဘာကြောင့် ထိုစည်းကမ်းမျိုး ရှိနေရသလဲကို မသိချေ။ သို့သော်လည်း ၎င်းမှာ ယခင်က သူကိုယ်တိုင် ချမှတ်ခဲ့သော စည်းကမ်းဖြစ်ပုံရသည်။
မသိသာသော နေရာများတွင် ချည်ထားသော ဆံပင်မျှင်လေးများနှင့် စာအုပ်များ၊ စာရွက်စာတမ်းများ၏ အစီအစဉ်ကို စစ်ဆေးကြည့်လိုက်သည်။ အားလုံး မပျက်မယွင်း ရှိနေသည်ကို အတည်ပြုပြီးမှ ဒေါက်တာကောင်းသည် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။
သူ့အိပ်ခန်းလေးမှာ သီးခြားခွဲထုတ်ထားခြင်းဖြစ်ပြီး ပြတင်းပေါက်များမရှိဘဲ လေးမျက်နှာလုံးကို နံရံများဖြင့် ဝန်းရံထားသည်။ ၎င်းမှာ အနည်းငယ် အသက်ရှူကျပ်စရာ ကောင်းပြီး ရင်ဘတ်ထဲတွင် ပုပ်သိုးနေသော နှလုံးသားတစ်ခုက ခက်ခဲစွာတုန်ခါနေသကဲ့သို့ ခံစားရသည်။
ဒေါက်တာကောင်းသည် သော့တွဲအရှည်ကြီးကို ထုတ်ယူ၍ သော့တစ်ခုကို ရွေးပြီး သော့ခတ်ထားသော အံဆွဲတစ်ခုကို ဖွင့်လိုက်သည်။ ထိုအထဲတွင် ဥယျာဉ်မှူးကိုယ်တိုင် ရေးသားထားသော ရောဂါအခြေအနေ အစီရင်ခံစာများနှင့် ပြေစာမျိုးစုံပါဝင်သော လက်ရေးမူများစွာ ရှိနေလေသည်။
သို့သော် ထိုအရာများက အဓိက မဟုတ်ပေ။ အဓိကအချက်မှာ ထိုပြေစာများ၏ အောက်တွင် ဒေါက်တာကောင်းက ဥယျာဉ်မှူး၏လက်ရေးကို အတုယူပြီး လေ့ကျင့်ထားသောစာမူများ ရှိနေခြင်း ဖြစ်သည်။ အချိန်အကြာကြီး လေ့ကျင့်ထားခဲ့သဖြင့် သူ့လက်ရေးသည် ဥယျာဉ်မှူး၏ လက်ရေးနှင့် မခွဲခြားနိုင်လောက်အောင် တထေရာတည်း တူညီနေခဲ့ပြီ ဖြစ်သည်။
သူ မီးခြစ်ခြစ်လိုက်ပြီး ထိုအရာအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကာ ပြာများကို ရေထဲတွင် ထည့်လိုက်သည်။
“ဥယျာဉ်မှူးက ဒိုင်ယာရီရေးလေ့မရှိဘူးဆိုတာ ငါသေချာပေါက် သိနေတာပဲ၊ ပြီးတော့ ငါက သူ့ရဲ့ လက်ရေးကိုလည်း အတုခိုးလေ့ကျင့်နေခဲ့တာဆိုတော့ သူထားခဲ့တဲ့ ဒိုင်ယာရီက လုပ်ကြံထားတဲ့ အရာတစ်ခု ဖြစ်နိုင်တယ်”
“အရာရှိရွှယ်ပြောတာတော့ အဲ့ဒီဒိုင်ယာရီထဲမှာ ဒေါက်တာပုချွန်ကျိုက်အကြောင်း ပါတယ်တဲ့၊ ဒေါက်တာပုကို စုံစမ်းဖို့အတွက် ငါက အားလုံးကို လမ်းမှားအောင် လုပ်နေတာများလား”
ဤအချက်သည် ဒေါက်တာကောင်း စဉ်းစားမိသမျှထဲတွင် တစ်ခုတည်းသော ဖြစ်နိုင်ခြေ ဖြစ်သည်။ သူသည် ဒေါက်တာပုနှင့် ပတ်သက်ပြီး အမှတ်ရစရာ များများစားစား မရှိပေ။ သူတို့သည် ယခင်က တစ်ခါသာတွေ့ဖူးပြီး နှိပ်စက်ရေးကိရိယာများကို ကြည့်ချင်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်ကိုသာ မှတ်မိသည်။
“နှိပ်စက်ရေးကိရိယာကို ကြည့်ခွင့်မရလို့ ဒေါက်တာပုကို အပြစ်ရှာဖို့ ကြံစည်ခဲ့တာလား၊ မဟုတ်ဘူး... တခြားအကြောင်းရင်းတစ်ခုခု ရှိရဦးမယ်၊ ဥပမာ ဦးနှောက်ခွဲထုတ်တဲ့ နှိပ်စက်ရေးကိရိယာလိုမျိုးပေါ့”
ဒေါက်တာကောင်းသည် ဦးနှောက်ခွဲထုတ်ခြင်းနှင့် ပတ်သက်ပြီး အထူးတလည် စိုးရိမ်ပူပန်နေမိသည်။ သူသည် နောက်ထပ် သော့တစ်ခုကို ထုတ်ယူ၍ အံဆွဲတစ်ခုကို ဖွင့်လိုက်ပြန်ရာ ထိုအထဲတွင် အာရုံကြောအဆိပ်ဆေးများနှင့် စိတ်ငြိမ်ဆေးများ အမြောက်အမြား ရှိနေလေသည်။ ထိုအရာများသည် ဆေးဝါးဌာနထဲမှ အပြင်ဘက်သို့ လုံးဝယူဆောင်ခွင့်မရှိသော ပစ္စည်းများ ဖြစ်သည်။