← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း ၉၁ - လူတိုင်းကို ကြောက်လန့်စေသော ချီလင်လေး။

​လင်းယုန်ဖြူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး လုပေါင်၏ လက်မောင်းပေါ်တွင် ဘောလုံးလေးတစ်လုံးကဲ့သို့ ကုပ်ကုပ်လေး နားနေကာ မလှုပ်မယှက် ရှိနေသည်။

​ထို့အပြင် ၎င်းမှာ အနည်းငယ်ပင် တုန်ယင်နေသေးသည်။

​လုပေါင်သည် ၎င်း၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု များဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရ၏။လင်းယုန်ဖြူမှာ ချီလင်လေး၏ အရှိန်အဝါကို အာရုံခံမိသွားခြင်းပင် ဖြစ်ပေတော့သည်။

​“ရှောင်ရွှယ်... ဟိုဟိုဒီဒီ လျှောက်မပျံနဲ့လေ”

​ကြည်လင်အေးမြသော အသံတစ်ခု ထွက်ပေါ်လာပြီး အဝေးမှ နှင်းဆီပွင့် ကဲ့သို့ နီရဲသော ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦး အပြေးရောက်လာ၏။သူမ၏ ကိုယ်ပေါ်ရှိ ခေါင်းလောင်းသံများမှာလည်း တညံညံ မြည်နေခဲ့သည်။

​သူမကို သေချာမြင်လိုက်ရချိန်တွင် လုပေါင်မှာ ခေတ္တမျှ ကြောင်အမ်းသွားခဲ့၏။တကယ့်ကို လှပသော မိန်းကလေးတစ်ဦးပင်ဖြစ်သည်။

​ကြယ်တာရာများကဲ့သို့ တောက်ပသော သူမ၏ မျက်ဝန်းများမှာ ဖြူစင်မှုများဖြင့် ပြည့်နှက်နေပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း အချိုးအစား ပြေပြစ်လှ၏။ ရွှေချည်ထိုးထားသော အနီရောင် ရှေးဟောင်းဝတ်စုံတွင် ခေါင်းလောင်းလေးများစွာဖြင့်ယအလှဆင်ထားသည်။

​သူမသည် အပြေးရောက်လာပြီးနောက် လုပေါင်ကို တစ်ချက်ကြည့်ကာ ကုပ်ကုပ်လေးဖြစ်နေသော လင်းယုန်ဖြူကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“ရှောက်ရွှယ်... ဘာဖြစ်နေတာလဲ။”

​လင်းယုန်ဖြူမှာမူ ကြောက်လန့်တကြား နောက်ဆုတ်ရင်း ၎င်း၏ မျက်လုံးလေးများဖြင့် 'ငါ့ကို မြန်မြန်ခေါ်သွားပါတော့... ငါ့ကို မြန်မြန်ခေါ်သွားပါ' ဟု အချက်ပြနေခဲ့သည်။

​“ထူးဆန်းလိုက်တာ။"

​ထိုမိန်းကလေးသည် လင်းယုန်ဖြူကို ပွေ့ချီလိုက်ပြီး လုပေါင်နှင့် သူကိုင်ထားသော ချီလင်လေးကို ကြည့်ကာ အံ့သြတကြီး အော်လိုက်၏။

“ဒါ ဘယ်လိုခွေးအမျိုးအစားလဲ... တကယ့်ကို ချစ်စရာကောင်းလိုက်တာ။"

​“အဟွတ်... အဟွတ်...။"

​ပေါင်ရှင်းကျီနှင့် ဘုန်းတော်ကြီးတို့မှာ ပြိုင်တူ ချောင်းဟန့်လိုက်ကြ၏။သူတို့နှစ်ဦးစလုံးမှာ ချီလင်လေး စိတ်တိုသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်း။တောထဲတွင်ဆိုလျှင် မနိုင်ပါက ထွက်ပြေး၍ ရသော်လည်း ယခုကဲ့သို့ နေရာမျိုးတွင် ၎င်းသာ အမှန်တကယ် သောင်းကျန်းလာပါက သူတို့မှာ အသက်စွန့်ပြီး ရင်ဆိုင်ရန်မှတစ်ပါး အခြားမရှိချေ။

​“ဒါ ခွေးမဟုတ်ဘူးဗျ။”

လုပေါင်သည်ဤမိန်းကလေးကို အကဲခတ်လိုက်၏။ ဤသူမှာ ချင်ပိုင်လျဲ့ အလိုလိုက်ထားသော သူ၏ စီနီယာအစ်မ ဖြစ်လုနီးပါး ဖြစ်ခဲ့သော မိန်းကလေးပင်ဖြစ်သည်။

​'တကယ့်ကို လှပတာပဲ။'

​“ဒါဆို ဒါက ဘာလဲ... ငါကိုပေးကြည့်ပါလား။”

​ရှန်ကွမ်းဟုန်လွမ်သည် အနားသို့ တိုး၍ ကြည့်လိုက်၏။

​“ခြင်္သေ့ပေါက်လေးလား။”

ခေါင်းကိုကြည့်ရသည်မှာ ခြင်္သေ့ပေါက်လေးနှင့် အနည်းငယ် တူနေသည်။

​“ဟုတ်ပါတယ်... ခြင်္သေ့ပေါက်လေးပါပဲ။”

လုပေါင်ကခေါင်းညိတ်လိုက်၏။

'မင်းပြောသမျှအကုန်ဟုတ်ပါတယ် ဟင်းဟင်း'

​“အရမ်းလှတာပဲ... ရောင်းမလို့လား။”

​“...”

​ပေါင်ရှင်းကျီနှင့် အခြားသူများမှာ ဘာပြောရမှန်း မသိတော့ချေ။လွန်ခဲ့သော နှစ်များစွာက ဤချီလင်လေး စိတ်တိုသည့်အခါ သူ့ကို ပြာဖြစ်လုနီးပါး လုပ်ခဲ့သည်ကို သူ မှတ်မိနေသေး၏။ထိုစဉ်က ချီလင်လေးမှာ နိုးထခါစဖြစ်ပြီး အသိဉာဏ် သိပ်မရှိသေးချေ။

​ယခု ချီလင်လေး ပေါ်ထွက်လာခြင်းက အချက်တစ်ချက်ကို ဖော်ပြနေ၏။၎င်းမှာ နှစ်တစ်ထောင် မီးဝိညာဉ်သီးများ မှည့်သွားပြီဆိုသည့် အချက်ပင်ဖြစ်တော့သည်။

​ထိုအသီးကို စားသုံးပြီးပါက ချီလင်လေး၏ သွေးမျိုးဆက်မှာ ပိုမိုသန်မာလာပြီး လျင်မြန်စွာ အသွင်ပြောင်းလဲမည်ဖြစ်ရာ ထိုအခြေအနေမျိုးတွင် ဂုဏ်ထူးဆောင်ဆရာကြီးများပင် ၎င်း၏ ပြိုင်ဘက် မဟုတ်တော့ချေ။

​ချင်ပိုင်လျဲ့ရောက်ရှိလာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အဘိုးကြီးတွေ အကုန်စုံနေကြတာပဲ... ဟားဟားဟား”

​သူသည် ဂုဏ်ထူးဆောင်ဆရာကြီး မဖြစ်သေးသော်လည်း ပြင်ပကိုယ်ခံပညာတွင် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ဂုဏ်ထူးဆောင်ဆရာကြီးများနှင့် တန်းတူ ပြောဆိုနိုင်သည်း။

​“ပေါင်ရှင်းကျီ... ငါ့ကို လွမ်းနေလား။”

​ချင်ပိုင်လျဲ့က ကျယ်လောင်စွာ ရယ်မောလိုက်၏။

​သို့သော် ထူးဆန်းသော အခြေအနေကို သတိပြုမိသွားပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

'ဒီလူတွေဘာဖြစ်နေကြတာလဲ။ငါ့ကို မမှတ်မိကြဘူးလား။'

​“ဟေး... မင်းပါလား ကောင်လေး။”

​ချင်ပိုင်လျဲ့သည် လုပေါင်ကို မြင်သည်နှင့် ပြုံးပြလိုက်၏။

“ပေါင်ရှင်းကျီ... ဒါ စီနီယာဖြူကြီးရဲ့ တပည့်ပဲ။သူက မင်းကို တွေ့ချင်လို့ ငါ့ကို အကူအညီ တောင်းထားတာ။ ကောင်လေး... စီနီယာဖြူကြီးရော လိုက်လာလား။”

​ပေါင်ရှင်းကျီ၏ မျက်နှာပေးမှာ အနည်းငယ် ထူးဆန်းသွားခဲ့၏။

​“စီနီယာဖြူကြီးက... လိုက်မလာဘူး ထင်တယ်ဗျ။သွားလာရတာ အဆင်မပြေလို့လေ။”

လုပေါင်ကပေါင်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ ဤလူက စီနီယာဖြူကြီးကို တကယ်တွေ့ချင်တာလား၊ မတွေ့ချင်တာလားဟုသယစဥ်းစားမိသည်။

​စီနီယာဖြူကြီး မလာကြောင်း ကြားသိရသည့်အခါ ပေါင်ရှင်းကျီ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ပေါ်ထွက်မလာခဲ့ချေ။

​'အဟက်... လူယုတ်မာပဲ။'

​“ကောင်းပြီလေ... ဘာလို့ ဘယ်သူမှ စကားမပြောကြတာလဲ။”

ချင်ပိုင်လျဲ့ကဆက်ပြောလိုက်၏။

“ရှန်းရှီး ဝံပုလွေညီအစ်ကိုတွေက မြို့တော်က အကြီးဆုံး ရွှေဆိုင်ကို လုယက်ပြီး လူအတော်များများကို ဒဏ်ရာရအောင် လုပ်သွားတယ်တဲ့။အဲဒီကောင်တွေ ပိုက်ဆံ တော်တော်လိုနေပုံပဲ။ဒီတစ်ခါ ဆေးဖက်ဝင် အပင်တွေ လေလံပွဲရှိတယ်ဆိုတော့ သူတို့ လောနေကြတာ ဖြစ်ရမယ်။”

​လုပေါင်၏ ရင်ခွင်ထဲရှိ ချီလင်လေးနှင့်၎င်းကို ငေးကြည့်နေသော သူ၏ တပည့်မလေးကို မြင်သည့်အခါ ချင်ပိုင်လျဲ့ ခေါင်းခဲသွားပြီး

“ယောက်ျားလေးဖြစ်ပြီး ဘာလို့ ခွေးမွေးနေတာလဲ... ဟုန်လွမ်ကို ပေးလိုက်စမ်းပါ။”

​သူ၏ တပည့်မလေးမှာ ထို ခွေးကို သဘောကျနေကြောင်း သူ နားလည်လိုက်ခြင်းဖြစ်သည်။

​“အဟွတ်”

ပေါင်ရှင်းကျီမှာလန့်သွားပြီး မျက်ရိပ်ပြလိုက်၏။

'သူကပေးရင်တောင် မင်းက မွေးရဲလို့လား။'

​'ဆရာရော တပည့်ပါ အတူတူပဲ။ ဒါက ခွေးဟုတ်လို့လား။'

​ချီလင်လေးသည် ချင်ပိုင်လျဲ့ကို လှည့်ကြည့်လိုက်ရာ ၎င်း၏ ရွှေနီရောင် မျက်ဝန်းကြီးများကြောင့် ချင်ပိုင်လျဲ့မှာ ချက်ချင်း ကြက်သီးထသွားခဲ့၏။ အမြီးနှင့် ခြေထောက်များကို သေချာကြည့်လိုက်မိချိန်တွင်မူ...

“ဟုန်... ဟုန်လွမ်...”

​သူသည် လွန်ခဲ့သော အချိန်အတော်ကြာက မီးဝိညာဉ်သီးကို သွားကြည့်ဖူး၏။ထိုစဉ်က ပေါင်ရှင်းကျီ ဘာကို ကြောက်နေသလဲဆိုသည်ကို သိချင်သဖြင့် ချော်ရည်ဂူထဲသို့ သွားကြည့်ခဲ့ဖူးသည်။

​ထိုအခါ ချီလင်လေး၏ မီးတောက်ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည်။အကယ်၍ စီနီယာဖြူကြီးသာ မကယ်ခဲ့ပါက သူ ရှိတော့မည် မဟုတ်ချေ။

​သူ၏ ခန္ဓာကိုယ်ထဲရှိ မီးအဆိပ်များကို ယခုထက်တိုင် ဆေးဝါးများဖြင့် ဖြည်းဖြည်းချင်း ကုသနေရဆဲဖြစ်ရာ သူ နောက်ထပ် ရန်မစတော့ပါဟု ကတိပေးထားသော ချီလင်သားရဲကြီးမှာ ယခု သူ့ရှေ့တည့်တည့်သို့ ရောက်နေလေသည်။

'​ငါ... ခုနက ဒါကို ခွေးလို့ ခေါ်လိုက်မိတာလား။'

​သူသည် ရှန်ကွမ်းဟုန်လွမ်ကို ဖြည်းဖြည်းချင်း နောက်သို့ ဆွဲခေါ်လိုက်သည်။ရှန်ကွမ်းဟုန်လွမ်သည်လည်း တစ်ခုခုကို ရိပ်မိသွားပုံရပြီး သားရဲ ဟူသော အတွေး ဝင်လာခဲ့သည်။

​'ဒါက သားရဲတစ်ကောင်ပဲ။'

​'ဒီလူငယ်က သားရဲတစ်ကောင်ကို ပွေ့ချီထားတာလား။'

​ခြေသံများ နီးကပ်လာပြီးနောက် အသက်လတ်ပိုင်း ပညာရှင်တစ်ဦး ရောက်ရှိလာသည်။

​“စီနီယာ ဂုဏ်ထူးဆောင်ဆရာကြီးတို့ခင်ဗျာ... ရှန်းရှီးဝံပုလွေ ညီအစ်ကိုတွေက သာမန်လူတွေနဲ့ ရဲအရာရှိ ဆယ်ယောက်ကျော်ကို သတ်ဖြတ်သွားပါတယ်။သူတို့ ဘယ်မှာရှိသလဲဆိုတာ မသိရသေးပါဘူး။အသင်းချုပ်အနေနဲ့ သူတို့ကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ စီနီယာတို့ဆီက အကူအညီ တောင်းခံချင်ပါတယ်ခင်ဗျာ။အသေဖြစ်စေ အရှင်ဖြစ်စေပါပဲ။ အပြန်အလှန်အနေနဲ့ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်အချို့ကိုလည်း ဂုဏ်ပြုပေးသွားမှာ ဖြစ်ပါတယ်။”

​ထိုပညာရှင်က အလေးပြုကာ ပြောဆိုလိုက်၏။

​“ဘာ...”

​ရသေ့ကြီးမှာ ချက်ချင်း ဒေါသထွက်သွားခဲ့၏။

“ရှန်းရှီး ဝံပုလွေညီအစ်ကိုတွေက ရူးနေပြီလား။ ဒီနေ့တော့ ငါကိုယ်တိုင် သူတို့ကို အဆုံးစီရင်ပေးမှဖြစ်တော့မယ်။"

​ထိုသို့ပြောပြီးနောက် ရသေ့ကြီးမှာ ချက်ချင်းထွက်ခွာသွားတော့သည်။

​“သာမန်လူတွေကို သတ်ဖြတ်တဲ့ ဒီကောင်တွေကို ငါကိုယ်တိုင် အရိုးပါ ပြာဖြစ်အောင် လုပ်ပစ်မယ်။"

ချင်ပိုင်လျဲ့ကသူ၏ ရင်ဘတ်ကို ပုတ်ကာ ရှန်ကွမ်းဟုန်လွမ်ကို ဆွဲပြီး အမြန်ဆုံး ပြေးထွက်သွားတော့၏။

​“ငါတို့ ကိုယ်ခံပညာရှင်တွေက အားနည်းသူတွေကို ဘယ်လိုလုပ် နှိပ်စက်ရက်မှာလဲ။ ဒု-ဥက္ကဋ္ဌကျိုး... ဒီကိစ္စကို ငါတို့ ညီအစ်ကိုတွေဆီပဲ လွှဲထားလိုက်ပါ။"

​“ဟင်...ဟင်... ခင်ဗျားတို့က...”

ကျိုးထျန်ဖန်းမှာပညာရှင်များ အပြိုင်အဆိုင် ထွက်ခွာသွားကြသည်ကို ကြည့်ကာ ကြောင်အမ်းနေခဲ့၏။ .

'ဘာ.. ဘာတွေ ဖြစ်ကုန်တာလဲ။'

'​ဂုဏ်ထူးဆောင်ဆရာကြီးတွေပါ ကိုယ်တိုင် ပါဝင်လာကြတာလား။'

​ပုံမှန်ဆိုလျှင် ဤကဲ့သို့ ကိစ္စမျိုးတွင် လူတိုင်းက သူတို့နှင့် မဆိုင်သကဲ့သို့ နေတတ်ကြသော်လည်း ယခုမူ

“အာ... ဟားဟား... အားလုံးပဲ ကျွန်တော် လမ်းပြပါ့မယ် ကျွန်တော် လမ်းပြပါ့မယ်။”

​ခဏချင်းမှာပင် ကျိုးထျန်ဖန်းမှာ အလွန်အမင်း ဝမ်းသာသွားခဲ့၏။

​သူ ဒု-ဥက္ကဋ္ဌ လုပ်လာသည့် အနှစ်နှစ်ဆယ်အတွင်း ယခုတစ်ကြိမ်မှာ အမျက်နှာအပွင့်ဆုံး ဖြစ်ခဲ့ရသည်ဟု ဆိုရမည်။

​“ကျွန်တော်လည်း လိုက်မယ်။”

​လုပေါင်ကလည်း အမြန် လိုက်သွားခဲ့၏။

​လိုက်ရန် ပြင်နေသော အခြားပညာရှင်များမှာ လုပေါင် လိုက်သွားသည်ကို မြင်သည့်အခါ ချက်ချင်းပင် နေရာမှာတင် ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီး ရပ်ကျန်ခဲ့ကြသည်။

"မင်းပဲ အရင်သွားနှင့်ပါတော့။"

အခန်း ၉၂ - ချီလင်သားရဲကို အရက်တိုက်ခြင်း။

အမျိုးသားကိုယ်ခံပညာ ဆိုသည်မှာ ရှိနေသော်လည်း ၎င်းတို့မှာ အလွန်ပြင်းထန်ပြီး အန္တရာယ်များလွန်းလှသဖြင့် လူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် လူကြိုက်မများနိုင်ခြင်းဖြစ်၏။

ကိုယ်ခံပညာရှင်များသည် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာသည့်အခါ သူတို့၏ စိတ်အခြေအနေမှာ ကျယ်ပြန့်လာပြီး ဥပဒေများကို ဂရုမစိုက်တော့ပေ။

အမျိုးသားကိုယ်ခံပညာရှင်များအသင်းချုပ်တည်ရှိနေရခြင်းမှာ ထိပ်တန်းပညာရှင်များစွာကို စီမံခန့်ခွဲရန်ဖြစ်ပြီး ၎င်းကို အထူးစစ်ဆင်ရေးဌာနတစ်ခုအဖြစ်လည်း သိကြကာ အချို့သော အထူးအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရခြင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် အခြေအနေမှာ ထူးခြားနေသဖြင့် ဤပညာရှင်များကို မြို့တော်သို့ ခေါ်ယူရန်မှတစ်ပါး အခြားမရှိခဲ့ချေ။သို့သော် မမျှော်လင့်ဘဲ ပြဿနာများ ဖြစ်ပွားခဲ့ရပြန်၏။

ထို့အပြင် ယခုတစ်ကြိမ် ပြဿနာမှာ အမှန်တကယ်ပင် ကြီးမားလှပြီး လူအသေအပျောက်များစွာ ရှိခဲ့သည်။

“ရှန်းရှီး ဝံပုလွေညီအစ်ကိုတွေ ရွှေခိုးတာက ပိုက်ဆံအတွက်တော့ မဟုတ်တာ သေချာတယ်။တစ်ခေါက် သူတို့ အတော်များများ ခိုးသွားတယ်လို့ ကြားတယ် ရွှေချပ်ဝတ်အလောင်းကောင် ကို သန့်စင်ဖို့ ဖြစ်လိမ့်မယ်။”

ချင်ပိုင်လျဲ့သည် ကားပေါ်တွင် ထိုင်နေရင်း လုပေါင်ရှိရာဘက်သို့ မကြည့်မိရန် အစွမ်းကုန် ကြိုးစားနေခဲ့၏။ကားကြီးအတွင်း လုပေါင်၏ ဘေးပတ်ပတ်လည်တွင် မည်သူမှ မကပ်ရဲသဖြင့် နေရာလွတ်ကြီး ဖြစ်နေသည်။

သူတို့သည် ကားပေါ်မှ ဆင်းကာ ထွက်ပြေးချင်စိတ်ပင် ပေါက်နေကြ၏။

တင်းမာနေသော အခြေအနေကို လျှော့ချရန် ချင်ပိုင်လျဲ့က စကားစလိုက်ခြင်းဖြစ်သည်။ချီလင်သားရဲမှာ စိတ်တိုနေသည့်ပုံ မပေါ်သဖြင့် သူ၏စိတ်ထဲတွင် အနည်းငယ် ပြေလျော့သွားရသည်။

ချီလင်သားရဲသည် သူ့အား စိတ်ဒဏ်ရာများစွာ ပေးခဲ့ဖူး၏။၎င်း၏ မှုတ်ထုတ်လိုက်သော အသက်ရှူသံတစ်ချက်ကပင် သူ၏အသက် တစ်ဝက်ခန့်ကို နှုတ်ယူလုနီးပါး ဖြစ်ခဲ့ဖူးသည်။

“မင်းပြောတာ မှန်တယ်။ရွှေချပ်ဝတ်အလောင်းကောင်ကို သန့်စင်ဖို့ ရွှေပမာဏ အမြောက်အမြား လိုအပ်တယ်။ဒါပေမဲ့ သန့်စင်ဖို့အတွက်စရိတ်က အလွန်ကြီးမားလွန်းတယ်။ရှန်းရှီး အလောင်းမွေးမြူရေးသမားတွေ တဖြည်းဖြည်း မှေးမှိန်သွားရတာကလည်း အလောင်းသန့်စင်စရိတ် အရမ်းကြီးလို့ပဲ။”

ပေါင်ရှင်းကျီက ခေါင်းညိတ်လိုက်၏။

ရှန်းရှီး အလောင်းမောင်းမွေးမြူခြင်း။

လုပေါင်မှာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာပြီး

“ခုန်ပေါက်နေတဲ့ ဖုတ်ကောင်တွေအကြောင်း ပြောတာလား။”

“ဟုတ်တယ် အဲဒီလိုပဲ နားလည်ထားလို့ ရပါတယ်။”

လေချန်က ချီလင်လေးကို တစ်ချက်ကြည့်ကာ

“ရွှေက ပိုပိုပြီး ရှားပါးလာတယ် ရှန်းရှီး အလောင်းမွေးမြူရေးဂိုဏ်းကလည်း အရမ်းဆင်းရဲတာလေ သန့်စင်တာ မအောင်မြင်ရင် သုံးထားတဲ့ ပစ္စည်းတွေ အကုန် အလဟဿ ဖြစ်သွားတာ။ကြေးဝါချပ်ဝတ်အလောင်းကောင် တစ်ကောင်ကို သန့်စင်ဖို့တောင် နှစ်ပေါင်းများစွာ စုဆောင်းရတာ။ရွှေချပ်ဝတ်အလောင်းကောင် အတွက်ဆိုရင်တော့ အခွင့်အရေးကောင်းကြီးကြီးမားမား မရရင် ဒါမှမဟုတ် စီးပွားရေးအင်အားစုတွေဆီက ပိုက်ဆံမရှာနိုင်ရင် တစ်သက်လုံး လိုအပ်တဲ့ ပစ္စည်းတွေကို စုဆောင်းနိုင်မှာ မဟုတ်ဘူး။ရွှေချပ်ဝတ်အလောင်းကောင် တစ်ကောင်သာ ပြီးပြည့်စုံသွားရင် ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးတောင် အထင်သေးဝံ့မှာ မဟုတ်ဘူးဆိုတာ မင်းသိထားသင့်တယ်။စွမ်းအားပြင်းတဲ့ ဂုဏ်ထူးဆောင်ဆရာကြီးတွေက ရွှေချပ်ဝတ်အလောင်းကောင်ကို လက်သီးတစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် လုပ်နိုင်တဲ့ သာဓကတွေလည်း ရှိဖူးတာပေါ့၊ ထိုးချက်က လုံလောက်အောင် ပြင်းထန်ဖို့ပဲ လိုတာ။”

ထိုသို့ပြောပြီးနောက် သူသည် ချီလင်လေးဘက်သို့ မျက်ရိပ်ပြလိုက်၏။ဤအကောင်သာ မီးမှုတ်ထုတ်လိုက်ပါက ဂုဏ်ထူးဆောင်ဆရာကြီးပင် ဒူးထောက်ရမည်ဖြစ်သည်။

ပေါင်ရှင်းကျီကလည်း ပြုံးလျက် ခေါင်းညိတ်ကာ ထိုစကားကို ထောက်ခံလိုက်၏။

“သိခဲ့ရင် စီနီယာဖြူကြီးကိုပါ ခေါ်လာခဲ့ရမှာ။ စီနီယာဖြူကြီးရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းတာ သူ့တုတ်တစ်ချက်က တောင်တစ်တောင်ကိုတောင် ပြိုကျသွားစေနိုင်တယ်။”

လုပေါင်ကနောင်တရသည့်ဟန်ဖြင့် ပြောဆိုနေသော်လည်း ပေါင်ရှင်းကျီကို လှမ်းကြည့်ရန် မမေ့ခဲ့ပေ။

သေချာပေါက်ပင် ပေါင်ရှင်းကျီ၏ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားခဲ့သည်။

သူနှင့် စီနီယာဖြူကြီးမှာ အတူတကွ ကျင့်ကြံခဲ့ကြပြီး အတူတူ ကြီးပြင်း ဖြတ်သန်းခဲ့ကြသူများဖြစ်၏။နောက်ပိုင်းမှသာ လုပေါင်သည် သူနှင့် စီနီယာဖြူကြီး၏ အတိတ်ကို သိထားကြောင်းနှင့် ယခုတစ်ကြိမ် သူ့ကို လာရှာခြင်းမှာ စီနီယာဖြူကြီးအတွက်ကြောင့် ဖြစ်နိုင်ကြောင်း သူ နားလည်လိုက်သည်။

“အားလုံးပဲ... တရားခံတွေက အခု ဟွိုင်ရို့တောင်တန်းကြီး ထဲမှာ ပုန်းနေကြပါတယ်။ နောက်ထပ် မိနစ်သုံးဆယ်အတွင်း ရောက်ပါလိမ့်မယ်။”

ကျိုးထျန်ဖန်းမှာ ယခုအခါ စိတ်အားထက်သန်နေခဲ့၏။ဤကဲ့သို့ အားကောင်းသော လူအင်အားဖြင့် ပေါ်ထွက်လာရခြင်းမှာ သူ့အတွက် အလွန်မျက်နှာပွင့်စရာ ဖြစ်သည်ဟု သူ ယူဆထားခြင်းဖြစ်သည်။

ဂုဏ်ထူးဆောင်ဆရာကြီး အတော်များများပင် ပါဝင်လာကြသည် မဟုတ်ပါလား။

သို့သော် ဤလူများမှာ ဘာကြောင့် ထူးထူးဆန်းဆန်း ဖြစ်နေကြသနည်း။

ရဲကား ဆယ်စီးကျော်က လမ်းဖွင့်ပေးထားပြီး စစ်တပ်များက ဝန်းရံထားသဖြင့် ကားများမှာ လူရှုပ်သော မြို့ထဲတွင်ပင် အတော်လေး မြန်မြန် မောင်းနှင်နေကြသည်။

ကားပေါ်တွင် ဧည့်ခံမှုမှာ အလွန်ကောင်းမွန်လှ၏။အမျိုးသားကိုယ်ခံပညာရှင်များ အသင်းချုပ်မှ ဝန်ထမ်းများက အရက်များကိုပင် ယူဆောင်လာပေးကြပြီး ဤအရက်မှာ အလွန်ရှားပါးလှကာ အတွင်း၌ မီးတောက်များ ရှိနေသကဲ့သို့ပင် ထင်မှတ်ရ၏။ဂုဏ်ထူးဆောင်ဆရာကြီးများပင် တစ်ယောက်တစ်ပုလင်းစီ ယူလိုက်ကြသည်။

‘ဆေးအရက်ပဲ။’

လုပေါင် ချက်ချင်း နားလည်လိုက်၏။

“မီးတောက်ဝိုင် ပါလား ဒါ တကယ် ကောင်းတဲ့အရာပဲ။”

လေချန်ကပုလင်းကို ဖွင့်ကာ တစ်ကျိုက်တည်းနှင့် သောက်လိုက်ပြီး

“မဆိုးဘူး နေ့တိုင်း သောက်ရရင် ကောင်းမှာပဲ။”

ကျိုးထျန်ဖန်းက ထိုစကားကို ကြားသည့်အခါ မျက်နှာပျက်သွားပြီး

“ဒီမီးတောက်ဝိုင်ရဲ့ ထုတ်လုပ်မှုကတစ်နှစ်ကို ပုလင်း ၂၀၀ ထက် မပိုပါဘူး။ဒီစစ်ဆင်ရေးအတွက် ကျွန်တော်တို့ ငါးနှစ်စာ စုဆောင်းမှုကို ထုတ်သုံးထားရတာပါ။ခင်ဗျားတို့ ပြန်တဲ့အခါ ကျွန်တော်တို့ အချို့ကို လက်ဆောင်ပေးပါ့မယ်။”

ဒါက သာမန်အရက် မဟုတ်ချေ။ချင်ပိုင်လျဲ့ကလွဲ၍ လူတိုင်း သောက်လိုက်ကြသည်။ချင်ပိုင်လျဲ့မှာမူ သူ၏ခန္ဓာကိုယ်ထဲတွင် မီးအဆိပ်များ ရှိနေဆဲဖြစ်သဖြင့် မသောက်ရဲချေ။ သောက်မိပါက သေကြောင်းကြံ သလို ဖြစ်သွားမည် မဟုတ်လော။

လူအချို့က သောက်ပြီးနောက် ကျေနပ်စွာ ခေါင်းညိမ့်နေကြသည်ကို မြင်သည့်အခါ လုပေါင်ကလည်း ထိုအတိုင်းလိုက်လုပ်ကာ မီးတောက်ဝိုင်ကို ဖွင့်လိုက်၏။ချက်ချင်းပင် အရက်နံ့နှင့် ရောယှက်နေသော ပူပြင်းသည့် ရနံ့တစ်ခု လွင့်ပျံလာခဲ့သည်ဟု ဆိုရမည်။

“ဝူး...”

ချီလင်လေးက ခေါင်းထောင်ကာ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်၏။

“သောက်ချင်လို့လား။”

လုပေါင်ကမီးတောက်ဝိုင်ကို ကြည့်ကာ ချီလင်လေးကို မေးလိုက်၏။

“အဝူး...”

ချီလင်လေးက မြန်မြန် ခေါင်းညိတ်ပြပြီး ပါးစပ်ကြီးကို ဟပေးလိုက်သည်။

“မလုပ်နဲ့... မလုပ်နဲ့ဦး...”

ပေါင်ရှင်းကျီမှာ အနီးဆုံးတွင် ထိုင်နေသဖြင့် ထိုမြင်ကွင်းကို မြင်ကာ ကြက်သီးထသွားခဲ့၏။

‘ဒီအကောင်ကအရက်သောက်တတ်တယ်လား။’

‘တကယ်လို့ မူးသွားရင် ဘယ်လိုလုပ်ကြမလဲ။’

“အဆင်ပြေပါတယ် လာ။”

လုပေါင်မှာ အလွန်ပင် သဘောကောင်းလှ၏။ပညာရှင်အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူသည် အရက်ကို တိုက်ရိုက် လောင်းထည့်ပေးလိုက်ရာ မီးတောက်ဝိုင်မှာ ချီလင်လေး၏ ပါးစပ်ထဲသို့ စီးဝင်သွားတော့သည်။

“ကျွန်တော်... ကျွန်တော် ကားပေါ်က ဆင်းချင်ပြီ...”

ချင်ပိုင်လျဲ့မှာ ထွက်ပြေးချင်နေခဲ့၏။

သူသည် လုပေါင်ကို နောက်တစ်ခါ ထပ်မတွေ့ချင်တော့ချေ။ဤကောင်လေး၏ ဦးနှောက်မှာ ပုံမှန် မဟုတ်လောက်ပေ။

‘ဒါကချီလင်သားရဲလေ သူသာ စိတ်တိုသွားရင် ဘယ်သူက တားနိုင်မှာလဲ။’

‘တောက်’

“ဖောင်းးး”

တစ်စုံတစ်ယောက်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံလက်ကိုင်ကို ညှစ်မိသွားသည်။

တစ်ပုလင်း သောက်ပြီးနောက် ချီလင်လေးမှာ အမြီးကို တဖျပ်ဖျပ် ခါယမ်းနေပြီး အလွန်ပျော်ရွှင်နေကြောင်း သိသာလှ၏။

“မလှုပ်နဲ့။”

လုပေါင်က၎င်း၏ ပါးစပ်ကို ကိုင်ကာ ထိတ်လန့်ဖွယ်ကောင်းသော အကြည့်များအောက်တွင်ပင်ချီလင်လေး အသားကုန် ‌လှုပ်ခါလိုက်၏။ချီလင်လေးမှာ ဝေဝါးသွားသည်အထိ အလှုပ်ခံလိုက်ရသည်။

“…”

“…”

ဤအချိန်တွင် ပညာရှင်အားလုံးမှာ ပြတင်းပေါက်များကို မှီထားကြပြီး းတစ်ခုခု မှားယွင်းသည်နှင့် ကားပေါ်မှ ချက်ချင်း ခုန်ဆင်းရန် ပြင်ထားကြ။

“ဂလု”

ချင်ပိုင်လျဲ့က စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်၏။

ချီလင်လေးမှာ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ကာ သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး လုပေါင်ကို ချစ်စဖွယ်အမူအရာလေးဖြင့် ပွတ်သပ်လေတော့၏။၎င်းက ဟောင်သံအချို့ ပြုလုပ်ကာ နောက်တစ်ကြိမ် ထပ်လှုပ်ပေးရန် အချက်ပြနေသည်။

လုပေါင်က ၎င်း၏ခေါင်းကို ကိုင်ကာ နောက်တစ်ကြိမ် လှုပ်ခါပေးလိုက်ပြန်၏။

“ကောင်းလား။”

“အဝူး...”

“မရှိတော့ဘူး တစ်ပုလင်းပဲ ရမယ်။”

လုပေါင်ကပုလင်းအလွတ်တစ်လုံးကို ညွှန်ပြလိုက်၏။ဤအကောင်လေးက တကယ်ပဲ အရက်သောက်ရတာကို ကြိုက်နေခြင်းဖြစ်သည်။

ချီလင်လေးက ပုလင်းအလွတ်ကို ကြည့်ကာ အခြားသူများကို ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ချင်ပိုင်လျဲ့ကို စိုက်ကြည့်လေတော့၏။

“ကျွန်တော်... ကျွန်တော်က...”

‘ငါက ဘာလို့များ ဒီပုလင်းကို ယူထားမိပါလိမ့် ငါလည်း မသောက်နိုင်ဘဲနဲ့ ဘာလို့ ယူထားမိတာလဲ။”

ချင်ပိုင်လီနောင်တရနေခဲ့၏။

ချင်ပိုင်လီက အလျင်အမြန်ပင်

“ရော့... ယူလိုက်ပါ ဒါကို ယူသွားလိုက်တော့။”

ပုလင်းကိုအလျင်အမြန်ပင်ပေးလိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ်ဗျာ။”

လုပေါင်က ချက်ချင်း လှမ်းယူလိုက်ပြီး ချီလင်လေးကို ကြည့်ကာ

“မြန်မြန်... ကျေးဇူးတင်လိုက်ဦးလေ။”

ချီလင်လေးမှာမူ ခေါင်းကို မာနတကြီးဖြင့် ပြန်လှည့်သွားသော်လည်း လုပေါင်၏ လက်ထဲရှိ အရက်ကို မြင်သည်နှင့် မျက်လုံးများ ပြန်လည် တောက်ပလာပြန်သည်။

လုပေါင်ကိုယ်တိုင်လည်း အနည်းငယ် သောက်ကြည့်လိုက်၏။၎င်းမှာ ပူလောင်သော်လည်း လန်းဆန်းလှကာ သူ၏ ချီစွမ်းအင်များကိုပါ နိုးကြားလာစေသည်။ သွေးနှင့် ချီစွမ်းအားကိုပါ မြှင့်တင်ပေးနိုင်သဖြင့် အမှန်တကယ်ပင် ကောင်းမွန်လှ၏။

“အဝူး~”

ချီလင်လေးကချက်ချင်းပင် သူ့ကို တွယ်ကပ်ကာ လုပေါင်လက်ထဲရှိ မီးတောက်ဝိုင်ကို တောင့်တနေသော အမူအရာဖြင့် ပါးစပ်ဟကာ အချက်ပြနေတော့သည်။

“သူ့...သူ့ကို တိုက်လိုက်ပါတော့။”

နဂါးကျားတောင် နတ်ဆရာကြီးက ဆက်မကြည့်ဝံ့တော့ပေ။ဤလူငယ်မှာ အလွန်ပင် ရဲတင်းလွန်းလှ၏။ချီလင်သားရဲကသာ သူ့ကိုအလိုမလိုက်၍ စိတ်တိုလာပါက သေချာပေါက် အရိုက်ခံရလိမ့်မည်ဟု သူ ယူဆလိုက်သည်။

ပေါင်ရှင်းကျီကလည်း ချီလင်လေးကို မြန်မြန် တိုက်လိုက်ရန် မျက်ရိပ်ပြလိုက်၏။

“ရော့... သောက်လိုက်။”

“အဝူး...”

သောက်ပြီးနောက် လုပေါင်က ချီလင်လေးကို ကိုင်ကာ ခေါင်းကို အားရပါးရ လှုပ်ခါပေးလိုက်ပြန်၏။လုပေါင်ကိုယ်တိုင်လည်း အနည်းငယ် မူးနောက်နောက် ဖြစ်လာသော်လည်း မကြာမီမှာပင် သူ၏ဦးနှောက်ထဲ၌ အေးမြပြီး ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာကာ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

“အဝူး...”

ချီလင်လေးက အရက်ထပ်ရရန်အတွက် ခေါင်းကို ဟိုဟိုဒီဒီ လှည့်ကြည့်နေပြီး ချင်ပိုင်လျဲ့ကို အကြိမ်ကြိမ် စိုက်ကြည့်နေခဲ့၏။

“ဒု-ဥက္ကဋ္ဌကျိုး... မြန်မြန်... နောက်ထပ် အရက်တွေ ထပ်ပို့ပေးပါဦး။”

ချင်ပိုင်လျဲ့မှာ ငိုချင်စိတ်ပင် ပေါက်နေခဲ့ပြီဖြစ်သည်။

“ဟင်...”

“ဟင် မနေနဲ့လေ မြန်မြန် ပေးစမ်းပါ။”

မြောင်မျိုးနွယ်စုမှ အမျိုးသမီး ဂုဏ်ထူးဆောင်ဆရာမကြီးမှာလည်း အလွန်ပင် စိုးရိမ်နေခဲ့၏။သူမ၏ အဆိပ်ပိုးမွှားများမှာ တုန်ယင်နေကြပြီး သူမကိုယ်တိုင်လည်း သွေးမျိုးဆက် ဖိနှိပ်မှုကြောင့် အလွန်ပင် သက်သောင့်သက်သာ မရှိဖြစ်နေသည်။

All Chapters