အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇ - ရွှေရောင်ကိုယ်ထည်နှင့် ရွှေချပ်ဝတ်ကိုယ်ပွား။
တိုက်ပွဲကြီးက မပြီးဆုံးသေးပေ။
လုပေါင်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ ပွဲကြည့်နေ၏။သူက အပျော်သဘော ပြောလိုက်ရုံရှိသေးသော်လည်း ကျိုးထျန်ဖန်းက မြေပဲစေ့နှင့် အသီးအနှံများကို အမှန်တကယ် ယူဆောင်လာပေးခဲ့၏။ဂုဏ်ထူးဆောင်ဆရာကြီး တစ်စုမှာလည်း စပ်စုချင်စိတ်များ ထကြွနေကြပြီး တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိုးတိုး ပြောဆိုနေကြသည်။
နဂါးကျားတောင် နတ်ဆရာကြီးမှာ လျှောက်လာပြီး ဦးစွာ ချီလင်လေးကို အကဲခတ်လိုက်ကာ ပြုံးလျက် ထိုင်ချလိုက်၏။
“နေကောင်းရဲ့လား စီနီယာ”
လုပေါင်ကနှုတ်ဆက်လိုက်ပြီး နတ်ဆရာကြီး၏ အိုမင်းနေသော ရုပ်ရည်ကို တိတ်တဆိတ် အကဲခတ်နေမိ၏။ ခုနက ခန္ဓာကိုယ်ကို ရွှေရောင်အလင်းဖြင့် ကာကွယ်ထားပြီး မည်သူမျှ မယှဉ်နိုင်သော နတ်ဆရာကြီးမှာ ဤအဘိုးအိုဖြစ်သည်ဟု လုံးဝ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။
“မင်းက အရမ်း ယဉ်ကျေးတာပဲ ညီငယ်လေး။ နှစ်တစ်ရာမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ လူငယ်ဂုဏ်ထူးဆောင်ဆရာကြီးပဲ။ ငါ့ရဲ့ နဂါးကျားတောင်ကို ဝင်ဖို့ စိတ်ဝင်စားလား။”
နတ်ဆရာကြီးက ခပ်ပြုံးပြုံး မေးလိုက်၏။
“ဘုန်းကြီးဝတ်ရမှာလား။”
လုပေါင်ကပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး
“တော်ပါပြီ စီနီယာ ကျေးဇူးတင်ပါတယ်”
‘ဘုန်းကြီးဝတ်ရမည်လား။မဖြစ်နိုင်တာ။ လောကကြီးရဲ့ အရောင်အသွေးတွေက ငါ့ကို စောင့်နေကြတာ၊ ကျောင်းက မမတွေ ညီမလေးတွေက ငါ့ကို စောင့်နေကြတာလေ။ ပြီးတော့ သူက အိမ်မှာ သားတစ်ယောက်ထဲပါတာ။ ငါသာ ဘုန်းကြီးဝတ်သွားရင် အိမ်က လူတွေ ပေါက်ကွဲကုန်ကြမှာပေါ့။’
“ဟင်း ဟင်း။”
နတ်ဆရာကြီးကခေါင်းညိတ်လိုက်ပြီး ချီလင်သားရဲကို တစ်ချက်ကြည့်ကာ
“ကျောင်းတော်က သေးလွန်းနေတာပဲ”
“…”
ဘာပဲဖြစ်ဖြစ် သူ ဘုန်းကြီးတော့ မဝတ်နိုင်ချေ။
‘ပေါင်ရှင်းကျီတောင်မှဘုန်းကြီးမဝတ်ဘဲ ဒီလိုနေနေတာပဲ ငါက ဘာလို့ ဝတ်ရမှာလဲ။’
“ဒီအဘိုးကြီးက မီးဝိညာဉ်သီးတစ်လုံး တောင်းချင်လို့ပါ။ ညီငယ်လေး... တစ်လုံးလောက် ခွဲဝေပေးနိုင်မလား။”
နတ်ဆရာကြီးကလုပေါင်ကို ကြည့်ကာ မေးလိုက်၏။
အခု သူတို့ဆီမှာ နှစ်လုံးပဲ ကျန်တော့တာ။ ထပ်စားလည်း သူ့အတွက် ထူးပြီး အကျိုးကျေးဇူး မရှိတော့သော်လည်း ဤအရာမှာ မည်မျှ တန်ဖိုးကြီးသည်ကို လုပေါင် သိသည်။
“ဘာ မီးဝိညာဉ်သီးလဲ။”
လုပေါင်က ဘာမှမသိသည့်ဟန်ဖြင့် ပြန်မေးလိုက်၏။
နတ်ဆရာကြီးက ပြုံးကာ
“စိတ်မပူပါနဲ့၊ ဒီအဘိုးကြီးက အလကား မယူပါဘူး။”
‘အလကား မဟုတ်ဘူးလား။’
လုပေါင် ခဏစဉ်းစားလိုက်ပြီး
“ကျွန်တော့်ဆီမှာ နှစ်တစ်ရာ မီးဝိညာဉ်သီးတွေတော့ ရှိတယ် ဒါပေမဲ့ နှစ်တစ်ထောင် မီးဝိညာဉ်သီးကတော့ တကယ် မရှိတာပါ။”
“မင်း အဲဒီ ချပ်ဝတ်အလောင်းကောင် နှစ်ကောင်ကို ထိန်းချုပ်ချင်တာ မဟုတ်လား။ဒီအဘိုးကြီးဆီမှာ နည်းလမ်းရှိတယ် ပြီးတော့ အဲဒါတွေကို ရွှေချပ်ဝတ်အဖြစ် အသွင်ပြောင်းပြီး ကိုယ်ပွား အဖြစ် ကျင့်ကြံနိုင်မယ့် နည်းလမ်းလည်း ရှိတယ်။ ဘယ်လိုလဲ။”
နတ်ဆရာကြီးကလုပေါင်တွင် မီးဝိညာဉ်သီး ရှိနေသည်ကို အပိုင်တွက်ထားပုံရသည်။
“စီနီယာ့ရဲ့ ရွှေရောင်အလင်း ဂါထာတော်ကိုပါ ပေးရမယ်။”
လုပေါင်ကခဏစဉ်းစားပြီးနောက် နတ်ဆရာကြီး၏ ကိုယ်ပေါ်ကို ညွှန်ပြကာ တောင်းဆိုလိုက်၏။
နှစ်တစ်ထောင် မီးဝိညာဉ်သီးမှာ အလွန်တန်ဖိုးရှိသော်လည်း တစ်လုံးစားပြီးသားဖြစ်ရာ ကျန်နှစ်လုံးထဲမှ တစ်လုံးကို ရောင်းလိုက်ခြင်းမှာ မဆိုးလှချေ။နောက်ဆုံးတစ်လုံးကိုမူ မြွေနက်ကြီးအတွက် ချန်ထားရမည်။ထိုကောင်ကြီးက သူ့ကို အစာတောင်းသလို အကြိမ်ကြိမ် အချက်ပြနေခဲ့သည် မဟုတ်ပါလား။
“ပြီးပြည့်စုံတဲ့ ရွှေရောင်အလင်း ဂါထာတော်ကိုတော့ ပေးလို့ မရဘူး ဒါပေမဲ့ ကာကွယ်ခြင်းရွှေရောင်အလင်း ကိုတော့ သင်ပေးနိုင်ပါတယ်။”
နတ်ဆရာကြီးက အနည်းငယ် တွန့်ဆုတ်နေပြီးမှ
“ဒါ့အပြင် မင်းက နဂါးကျားတောင်ရဲ့ ပြင်ပတပည့် ဘွဲ့တံဆိပ်ကို ယူရမယ်။ မဟုတ်ရင် ဒီအဘိုးကြီးအနေနဲ့ ဆရာ့အမိန့်ကို ဖောက်ဖျက်ရာ ရောက်လိမ့်မယ်။”
“ဘွဲ့တံဆိပ်ယူရုံပဲလား။”
“ဟုတ်တယ်။”
“သဘောတူတယ်။”
လုပေါင် အလိုရှိသည်မှာ ထိုရွှေရောင်အလင်း ဂါထာတော်ဖြစ်၏။သူ၏ ကိုယ်ထဲတွင် ရွှေရောင်အလင်းများ ရှိနေပြီး ရွှေကိုယ်ထည်ကဲ့သို့ မည်သူမျှ မယှဉ်နိုင်သော ပုံစံမျိုးကို သူ လိုချင်ခြင်းဖြစ်သည်။
ရွှေကိုယ်ထည် အခြေအနေမှာဆိုလျှင် သူ ဘယ်သူ့ကို ကြောက်နေရတော့မည်နည်း။
“နတ်ဆရာကြီး... ခင်ဗျားလည်း အလျင်လိုနေပုံရတယ်နော်။”
ဝိဇ္ဇာကျောင်းတော်မှဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦး ရောက်လာပြီး နတ်ဆရာကြီးကို အနည်းငယ် ဝမ်းနည်းသလို ကြည့်ကာ ပြောလိုက်၏။နှစ်တစ်ထောင် မီးဝိညာဉ်သီးကို စားပြီး သက်တမ်း ဆယ်နှစ် တိုးသွားပါက ဆယ်နှစ်ကြာလျှင် သူ၏ သူငယ်ချင်းကောင်းကြီးကို ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
မီးဝိညာဉ်သီးရှိလျှင်ပင် အဆင့်တက်ရန်မှာမူ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
နတ်ဆရာကြီးက ခပ်ပြုံးပြုံးဖြင့် သူ၏လက်ချောင်းကို လုပေါင်၏ နဖူးဆီသို့ ညွှန်လိုက်၏။
“စိတ်ကို လျှော့ထားပြီး နှလုံးသားနဲ့ ခံစားကြည့်ပါ။”
“ဟုတ်ကဲ့။”
လုပေါင် မပေါ့ဆရဲချေ။
ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွား၏။ ခဏချင်းအတွင်းမှာပင် လုပေါင်သည် ဆန်းကြယ်သော ရွှေရောင်ကမ္ဘာထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။တစ်ချိန်တည်းမှာပင် နတ်ဆရာကြီးမှာ သူ၏ရှေ့တွင် ပေါ်လာပြီး ရွှေရောင်ဂမ္ဘီရ စာလုံးများမှာလည်း သူ၏ပတ်ပတ်လည်တွင် လည်ပတ်နေခဲ့သည်။
“ကောင်းကင်နှင့် မြေကြီး၏ ဆန်းကြယ်သော ဂိုဏ်း ချီစွမ်းအင်အားလုံး၏ မြစ်ဖျားခံရာ။”
“ဘဝပေါင်း ကုဋေကုဋာ ကျင့်ကြံပြီး ငါ့ရဲ့ နတ်ဘုရားတန်ခိုးကို သက်သေပြမယ်။”
“သုံးလောကအတွင်းနှင့် အပြင်မှာ တရားဓမ္မကသာ အမြင့်မြတ်ဆုံး။”
“ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အလင်းရှိပြီး ငါ့ကို လွှမ်းခြုံ ကာကွယ်ပေးသည်။”
“ကြည့်သော်လည်း မမြင် နားထောင်သော်လည်း မကြား။”
“ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံကာ သက်ရှိအားလုံးကို ကောင်းကျိူးဖြစ်ထွန်းစေသည်။”
“အကြိမ်တစ်သောင်း ရွတ်ဆိုပါက ခန္ဓာကိုယ်တွင် တောက်ပမှုရှိလာမည်။”
“ရွှေရောင်အလင်းသည် လျင်မြန်စွာ ပေါ်ထွက်လာပြီး ငါ့ခန္ဓာကိုယ်ကို လွှမ်းခြုံကာကွယ်ပေးပါစေ။”
ဤအချိန်တွင် လုပေါင်နှင့် နတ်ဆရာကြီး နှစ်ဦးစလုံးမှာ ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေခဲ့၏။ချီလင်လေးမှာ မော့ကြည့်လိုက်သော်လည်း ဘာမှမလုပ်ဘဲ သမ်းဝေကာ အိပ်ပျော်သွားခဲ့သည်။
လူတိုင်း၏ အကြည့်မှာ ထိုနေရာသို့ ရောက်နေကြ၏။နတ်ဆရာကြီးက ဘာကြောင့် နဂါးကျားတောင်၏ လျှို့ဝှက်ပညာရပ်ဖြစ်သော ရွှေရောင်အလင်း ဂါထာတော်ကို လုပေါင်အား ဤနေရာတွင် သင်ပေးနေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြခြင်းဖြစ်သည်။
“ဝုန်းးးး”
ဤအချိန်တွင် လုပေါင်၏ ဝိညာဉ်အသိစိတ်ပင်လယ် အတွင်း လုပေါင်၏ ဝိညာဉ်မှာ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် တောင်စောင့်နတ်ပုံရိပ်ယောင် မှာလည်း ဝိညာဉ်၏ နောက်ကွယ်တွင် ပေါ်လာခဲ့၏။
နတ်ဆရာကြီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မူ ဝိဇ္ဇာကျောင်းတော်မှ ဆရာကြီးမှာ အံ့အားသင့်သွားခဲ့၏။လုပေါင်၏ ကိုယ်ပေါ်တွင် တောက်ပသော ရွှေရောင်အလင်းများ ပေါ်လာခြင်းဖြစ်၏။၎င်းမှာ နတ်ဆရာကြီး၏ အလင်းမဟုတ်ဘဲ လုပေါင်ကိုယ်ပိုင် ရွှေရောင်အလင်းပင် ဖြစ်ပေတော့သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံမှ ရနိုင်သော ကာကွယ်ခြင်းရွှေရောင်အလင်းကို သူက ဤမျှ ခဏချင်းအတွင်း ကျင့်ကြံအောင်မြင်သွားသည်လား။
“ဝုန်းးးး”
ဟိန်းဟောက်သံကြီးမှာ မိုးကြိုးပစ်သကဲ့သို့ ထွက်ပေါ်လာ၏။စီနီယာဖြူကြီးက နောက်ဆုံးတွင် ရပ်တန့်သွားပြီး အဝေးမှ ပေါင်ရှင်းကျီကို ကြည့်လိုက်၏။
“ဘာလို့ ငါ့ကို ရှောင်နေတာလဲ။”
“ငါ... ငါက ကျင့်ကြံဖို့ သွားတာပါ...”
ပေါင်ရှင်းကျီမှာအပြစ်မကင်းသလို ခံစားနေရ၏။
“မင်း ငါ့ကို ညာနေတာ ငါ မင်းကို အနှစ် ၁၆၀ တောင် စောင့်ခဲ့ရတာ အနှစ် ၁၆၀ အပြည့်ပဲ။ မင်းသောက်ရတာ ကြိုက်တဲ့ မျောက်အရက်တွေက တောင်လို ပုံနေပြီ မင်းသွားရတာ ကြိုက်တဲ့ ပန်းချိုင့်ဝှမ်းကြီးကလည်း အိုင်ကြီးအဖြစ် ပြောင်းသွားပြီ မင်းစောင့်နေတဲ့ နှစ်ထောင်ချီ မီးဝိညာဉ်သီးကလည်း မှည့်နေပြီ မင်းထားခဲ့တဲ့ ပစ္စည်းတွေကလည်း ဆွေးမြည့်ကုန်ပြီ။ ပေါင်ရှင်းကျီ... ဘာလို့လဲ...”
“ငါ တောင်းပန်ပါတယ်...”
လုပေါင်သာ ကျင့်ကြံနေသည့် အခြေအနေတွင် မရှိပါက ပေါင်ရှင်းကျီကို လူမဆန်သူဟု သေချာပေါက် ဆဲဆိုမိလိမ့်မည်။
‘နားထောင်ကြည့်စမ်းပါဦး ဒါက လူလုပ်ရပ် ဟုတ်ရဲ့လား။’
တစ်နာရီ၊ နှစ်နာရီ... အချိန်တွေ ကုန်ဆုံးသွားပြီး ကြယ်တွေ စုံလာခဲ့၏။နံနက်မိုးလင်းသည့်အခါမှ လုပေါင် မျက်လုံးဖွင့်လိုက်၏။နတ်ဆရာကြီးသည်လည်း သူ၏ရှေ့တွင် တင်ပျဉ်ခွေထိုင်နေပြီး လက်ညှိုးမှာ သူ၏နဖူးဆီသို့ ညွှန်ထားဆဲဖြစ်သည်ကို မြင်လိုက်ရ၏။
နတ်ဆရာကြီးကလည်း မျက်လုံးဖွင့်လိုက်၏။
“မင်းက ငါ့ရဲ့ အခွင့်အရေးကိုတောင် ယူနိုင်တာလား။”
လုပေါင်ကျင့်ကြံနေစဉ်အတွင်း နတ်ဆရာကြီး၏ ဝိညာဉ်မှာ သူ၏ တောင်စောင့်နတ် ပုံရိပ်ယောင် အနားသို့ တိုးကပ်လာသည်ကို သူ ခံစားလိုက်ရခြင်းဖြစ်၏။
တစ်ညလုံး ကျင့်ကြံပြီးနောက် နတ်ဆရာကြီး၏ ဝိညာဉ်မှာလည်း ရွှေရောင်အလင်းအချို့ ရရှိသွားခဲ့သည်။
“အဲဒါက ဘာကြီးလဲ...”
နတ်ဆရာကြီးကလက်ကို ပြန်ရုပ်လိုက်ပြီး သူ၏လက်ကို ကြည့်ကာ မေးလိုက်၏။ သူ၏ ဝိညာဉ်မှာ အသက်ဓာတ်များ ပြန်လည် ရရှိလာသကဲ့သို့ ခံစားနေရခြင်းဖြစ်၏။ သူ၏ အိုမင်းနေသော ဝိညာဉ်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကကဲ့သို့ လန်းဆန်းသွားသည်ဟု ဆိုရမည်။
“ဘာမှ မဟုတ်ပါဘူး။”
လုပေါင်ကလည်း ထူးခြားမှုကို သတိထားမိလိုက်၏။ သူသည် ကာကွယ်ခြင်း ရွှေရောင်အလင်းကို အမှန်တကယ် ရရှိသွားပြီဖြစ်၏။
“ဒါက ကာကွယ်ခြင်း ရွှေရောင်အလင်းလား။”
ရွှေရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး လုပေါင်၏ တစ်ကိုယ်လုံးမှာ ရွှေရောင်များ ဖုံးလွှမ်းသွားခဲ့၏။
ချီလင်လေးက သမ်းဝေကာ နိုးလာပြီး လုပေါင်ကို မော့ကြည့်လိုက်၏။
လုပေါင်သည် ချီလင်လေးကို ပွေ့ကာ ထရပ်လိုက်၏။အဝေးတွင် ရပ်နေသော ပေါင်ရှင်းကျီ၊ သူ၏နောက်တွင် ရှိနေသော စီနီယာဖြူကြီးနှင့် လေချန်တို့ကဲ့သို့သော ဆရာကြီးများကို မြင်လိုက်ရ၏။လူတိုင်းမှာ တစ်ညလုံး မပြန်ဘဲ စောင့်နေကြခြင်းဖြစ်သည်။
“မင်းရခဲ့တဲ့ ကျောက်စိမ်းဆွဲသီးက အလောင်းကောင်ကျောက်စိမ်းပဲ။ဟူယန် ညီအစ်ကိုရဲ့ အမှတ်အသားတွေကို မင်း ဖျက်လိုက်ရင်အဲဒီကျောက်စိမ်းရဲ့ သခင်က မင်း ဖြစ်လာလိမ့်မယ်။ချပ်ဝတ်အလောင်းကောင် နှစ်ကောင်ကို အဲဒီကျောက်စိမ်းနဲ့ ထိန်းချုပ်ရမှာ ဖြစ်သလို ဟူယန် ညီအစ်ကိုကလည်း သူတို့ကိုယ်တိုင် အလောင်းကောင်အဖြစ် ပြောင်းလဲထားတာ အလောင်းကောင်က အလောင်းကောင်ကို ထိန်းချုပ်ခြင်းက သေချာပေါက် ပြန်လည် တိုက်ခိုက်ခံရနိုင်တယ်။”
နတ်ဆရာကြီးက လုပေါင်အား အံ့အားသင့်ဖွယ် သတင်းတစ်ခု ပေးလိုက်၏။
“ရွှေချပ်ဝတ်အဖြစ် ပြောင်းလဲပြီး ကိုယ်ပွားဖန်တီးဖို့ဆိုရင် ရွှေအမြောက်အမြားနဲ့ အလောင်းကောင်အငွေ့အသက်တွေပဲလိုအပ်တာ။ နဂါးကျားတောင်မှာ ရွှေအိတ် အတော်များများ ရှိတယ်။ မင်း လိုအပ်မယ်ဆိုရင် ဒီအဘိုးကြီးက မင်းကို လက်ဆောင်အဖြစ် ပေးဖို့ ဆုံးဖြတ်ပေးပါ့မယ်။နောက်နောင် နဂါးကျားတောင်ကို မကြာခဏ လာလည်ဖို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းက အခု နဂါးကျားတောင်ရဲ့ ပြင်ပတပည့် ဖြစ်နေပြီလေ။”
နတ်ဆရာကြီးက ထိုသို့ပြောပြီးနောက် ကြင်နာစွာ ပြုံးပြလိုက်၏။
“ရွှေ ဟုတ်လား။”
လုပေါင်၏ မျက်လုံးများ တောက်ပသွားပြီး
“အခွင့်အရေးရရင် သေချာပေါက် လာခဲ့ပါ့မယ်။”
သူ့တွင် ရွှေ မရှားပါချေ။ ကျောက်မျက်ရတနာအချို့ ရောင်းလိုက်ရုံဖြင့် ရွှေအမြောက်အမြား ရနိုင်သည် မဟုတ်ပါလား။ရွှေဆိုသည်မှာ သူ အလွယ်တကူ လဲလှယ်နိုင်သော အရာဖြစ်၏။
‘ချပ်ဝတ်အလောင်းကောင်နှစ်ကောင်က ဘယ်လောက်တောင် ကုန်နိုင်မှာ မို့လို့လဲ။’
သူက ဟူယန် ညီအစ်ကိုလို ဆင်းရဲသား မဟုတ်သည်မှာ သေချာသည်။
“တီ တီ”
ထိုစဉ် စနစ် ၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်...။
အခန်း ၉၈ - ဖြူကြီးနှင့် ပေါင်ရှင်းကျီ၏ အတိတ်၊ဂုဏ်ထူးဆောင်ဆရာကြီးများ၏ မတားဆီးနိုင်သော စပ်စုချင်စိတ်။
စနစ်က မစ်ရှင်ပေးလာခဲ့သည်။လုပေါင်မှာ အလွန်ဝမ်းသာသွား၏။
[တီ... အထူးမစ်ရှင်ကို ဖွင့်လိုက်ပါပြီ - ရှန်းရှီး အလောင်းကောင်ချိုင့်ဝှမ်း သို့ သွားရောက်ပြီး အလောင်းပေါင်းသောင်းခြောက်ထောင်တွင်း တွင် လက်မှတ်ထိုးဝင်ပါ။
‘အလောင်းပေါင်းသောင်းခြောက်ထောင်တွင်းထဲကို ဝင်ရမယ်။’
‘အဲဒါကိုရော တိုက်ရိုက်ထုတ်လွှင့် လို့ ရပါ့မလား။’
လုပေါင်သည် သူ၏စနစ်မှာ ပုံမှန်မဟုတ်တော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။ အလောင်းတွင်းထဲသွားပြီး စာရင်းသွင်းခိုင်းရုံတင်မကဘဲ တိုက်ရိုက်ထုတ်လွှင့်ခိုင်းနေသေးသည်။အကယ်၍ ထုတ်လွှင့်ရမည်ဆိုလျှင် ညဘက်မှ ထုတ်လွှင့်ရမည်။
ကလေးတွေကို ခြောက်လှန့်ရတာ ဘယ်လောက်တောင် ရင်ခုန်စရာကောင်းလိုက်မည်နည်း။သူ့အကောင့်သာ အပိတ်မခံရပါစေနှင့်ဟု သူ ဆုတောင်းနေမိ၏။
၎င်းက အထူးမစ်ရှင်များကိုပင် ဖြစ်ပေါ်စေနိုင်သည်ဆိုတော့ ချပ်ဝတ်အလောင်းကောင်များမှာ သူထင်ထားသည်ထက် ပို၍ တန်ဖိုးရှိပုံရသည်။စနစ်က သူတို့အတွက်တောင် မစ်ရှင်ထုတ်ပေးသည် မဟုတ်ပါလား။
“နတ်ဆရာကြီး... ဒါက နှစ်တစ်ထောင် မီးဝိညာဉ်သီးပါ။”
လုပေါင်သည် ကျန်ရှိနေသော နှစ်တစ်ထောင် မီးဝိညာဉ်သီးနှစ်လုံးထဲမှ အနည်းငယ် သေးငယ်သော တစ်လုံးကို ထုတ်ပေးလိုက်၏။ အကြီးဆုံးတစ်လုံးကိုမူ မြွေဟောက်နက်ကြီးအတွက် ချန်ထားရန် သူ စီစဉ်ထားခြင်းဖြစ်၏။ အကြောင်းမှာ နီနီလေးရော အသွင်ပြောင်းကျား ရောက ထိုအသီး၏အာနိသင်ကို မခံနိုင်ကြသောကြောင့်ဖြစ်၏။
ယခင်က တောင်ပံနှစ်ဖက်ပါ မီးတောက်ကင်းခြေများ နှင့် ယုံပျံတို့ကို ကြည့်ခြင်းဖြင့် သူ သိလိုက်ရခြင်းဖြစ်၏။သူတို့သည် ထိုအသီးကို လိုချင်ကြသော်လည်း စွန့်စားခြင်းမပြုကြချေ။ဆိုလိုသည်မှာ သူတို့အား ပေးလျှင်ပင် စားရဲသော သတ္တိမရှိကြခြင်းဖြစ်သည်။
နဂါးကျားတောင် နတ်ဆရာကြီးက လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး လုပေါင်ကို ကျေးဇူးတင်သောအားဖြင့် ခေါင်းညိတ်ပြလိုက်၏။
နတ်ဆရာကြီးမှာ ယခုတစ်ကြိမ်တွင် အကျိုးကျေးဇူး အမြောက်အမြား ရရှိခဲ့ခြင်းဖြစ်သည်။
နှစ်တစ်ထောင်ဝိညာဉ်ဆေးများမှာ အမှန်တကယ်တွင် အလွန်အမင်း ရှားပါးလှသည်တော့ မဟုတ်ချေ။နှစ်တစ်ထောင် လူဝံဂါး နှစ်ထောင်ချီ နှင်းကြာပန်း သို့မဟုတ် နှစ်ထောင်ချီ ခရမ်းပန်းနွယ်မြစ်များမှာ နည်းပါးလှသည်တော့ မဟုတ်ချေ။နှစ်တစ်ထောင် မီးဝိညာဉ်သီးများလည်း ရှိသော်လည်း ချီလင်သားရဲနှင့် အတူရှိနေသော အသီးများကဲ့သို့ အစွမ်းထက်သည့်အရာ မရှိသလောက်ပင် ဖြစ်သည်။
“အားလုံးပဲ... အရင် ပြန်ကြရအောင်။ ဟိုမှာ စားသောက်ပွဲ ပြင်ဆင်ထားပါတယ်။”
ကျိုးထျန်ဖန်းမှာ အချိန်တန်ပြီဖြစ်သဖြင့် အနားသို့ ပြေးလာကာ လက်အုပ်ချီ နှုတ်ဆက်ရင်း အချက်ပြလိုက်၏။
သူ၏ မျက်လုံးများမှာ ဖြူကြီး ကို တစ်ချက်၊ ချီလင်လေးကို တစ်ချက် ကြည့်ရန် မမေ့ခဲ့ပေ။သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခဲ့၏။ ဒါတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရာတွေလဲ။
“ခဏ စောင့်ဦး။”
လုပေါင်သည် နီနီလေးကို သတိရသွားကာ ချီလင်လေးကို ပွေ့လျက် ဟွိုင်ရို့တောင်တန်းကြီးထဲသို့ အမြန် ပြန်သွား၏။နီနီလေးမှာ မီးပုရွက်ဆိတ်တပ်သားများ ကို ဦးဆောင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပြီဖြစ်၏။
လုပေါင် မနေ့က ကျင့်ကြံနေစဉ်ကတည်းက အနီလေးမှာ သိရှိထားပြီး အနီးအနားတွင် စခန်းချ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ပြန်လာကြတော့။”
မီးတောက်များကဲ့သို့ နီရဲနေသော မီးပုရွက်ဆိတ်အုပ်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တွင်းနက်ထဲသို့ ဝင်ရောက်သွားကြ၏။
“မြွေဟောက်နက်ကြီး... မင်းက ဒီနှစ်တစ်ထောင် မီးဝိညာဉ်သီးကို စားလိုက်။နီနီလေး... မင်းအတွက်တော့ ဒီမှာ နှစ်တစ်ရာ မီးဝိညာဉ်သီး အလုံးနှစ်ဆယ်ရှိတယ် အချင်းချင်း ခွဲဝေယူကြ။ ကောင်းကောင်း ကျင့်ကြံကြ။”
လုပေါင်သည်လည်း ဝိညာဉ်သီးများ ဝေငှရန် တွင်းနက်ထဲသို့ ဝင်သွား၏။ဤအကောင်လေးများ သန်မာလာခြင်းမှာ သူ့အတွက် အကြီးမားဆုံး အကူအညီဖြစ်လာလိမ့်မည် မဟုတ်ပါလား။
“ရှူး...”
မြွေနက်ကြီး၏ ဦးခေါင်းကြီးမှာ လုပေါင်အနားသို့ တိုးလာပြီး ပွတ်သပ်လိုက်ကာ နှစ်တစ်ထောင် မီးဝိညာဉ်သီးနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
အသွင်ပြောင်းကျားမှာမူ နှစ်တစ်ရာ မီးဝိညာဉ်သီးများကို အများကြီး စားထားသဖြင့် အစာမကြေဖြစ်နေဆဲဖြစ်၏။ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို ထားလိုက်ပါဦး။ ယခုအချိန်တွင် နှစ်တစ်ရာ မီးဝိညာဉ်သီးကိုပင် မစားရဲတော့လောက်အောင် အစာမကြေ ဝေဒနာ ခံစားနေရသည်။
“အဝူးး”
ချီလင်လေးမှာ သူ၏ အဝတ်အစားသစ်များကို ပါးစပ်ဖြင့် ကိုက်ကာ အချက်ပြရင်း ရောက်လာ၏။လုပေါင်သည် အိမ်မွေးတိရစ္ဆာန်ဆိုင်မှ အပိုများ ဝယ်ထားခဲ့သဖြင့် ယခုအခါ အသုံးဝင်သွားခြင်းဖြစ်သည်။
ချီလင်လေးကို ဦးထုပ်နှင့် ခွေးလေးများ ဝတ်ဆင်သော အင်္ကျီလေး ဝတ်ပေးလိုက်သည့်အခါ ချစ်စရာကောင်းသော အကောင်လေးတစ်ကောင် ဖြစ်သွားတော့၏။
အမျိုးသားကိုယ်ခံပညာရှင်များ အသင်းချုပ်။
ဇိမ်ခံစားသောက်ဆိုင်အတွင်း လှပသော စားပွဲထိုးမလေးများက ဟင်းလျာများကို ဂရုတစိုက် လာရောက်ချပေးနေကြ၏။ ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော မျောက်ဖြူအိုကြီးမှာ လောကအတွေ့အကြုံရှိသော ဤအမျိုးသမီးများကိုပင် အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။
စားပွဲကြီး နှစ်လုံးရှိ၏။တစ်လုံးမှာ သက်သတ်လွတ်ဖြစ်ပြီး နောက်တစ်လုံးမှာ အသားဟင်းများ ပြည့်နှက်နေ၏။မျောက်ဖြူအိုကြီးနှင့် ပေါင်ရှင်းကျီမှာ သက်သတ်လွတ်စားပွဲတွင် ထိုင်နေကြ၏။
“စီနီယာ ပေါင်ရှင်းကျီ... ဖြူကြီး... ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးလို့ ရမလား။”
လုပေါင်သည်နံရိုးတစ်ချောင်းကို ကိုက်နေရင်းမှ ဖြူကြီးနှင့် ပေါင်ရှင်းကျီတို့၏ အချစ်ဇာတ်လမ်းကို ပရိသတ်များ စိတ်ဝင်စားနေသည်ကို သတိရသွားကာ မျက်လုံးများ တောက်ပလာခဲ့၏။
“ဒါက...
ပေါင်ရှင်းကျီမှာ အားတုံ့အားနာ ဖြစ်သွားပြီး သူ၏ဘေးတွင် ထိုင်နေသော မျောက်ဖြူအိုကြီးကို လှမ်းကြည့်လိုက်၏။
သူကိုယ်တိုင်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေ၏။
‘ငါကမင်းကို ညီအစ်ကိုလို သဘောထားပေမဲ့ မင်းက ငါ့ကို လက်ထပ်ချင်နေတာလား။’
ဖြူကြီးမှာမူဘာတုံ့ပြန်မှုမှ မရှိချေ။၎င်းသည် ပေါက်ကွဲပြီးနောက်တွင် ညိမ်သွားခဲ့ပြီး ပြန်လာသည့် လမ်းတစ်လျှောက်လုံး စကားတစ်လုံးမှ မပြောခဲ့သော်လည်း စိတ်အခြေအနေ ကောင်းနေကြောင်း သိသာသည်ဟု ဆိုရမည်။
“သူတို့ကို သွားမနှောင့်ယှက်ပါနဲ့ဦး။ ပေါင်ရှင်းကျီနဲ့ ဖြူကြီးတို့ သူတို့ဘာသာသူတို့ ဖြေရှင်းပါစေ။”
လေချန်ကသူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး လုပေါင်က စမ်းကြည့်ချင်နေသည်ကို မြင်သည့်အခါ ချောင်းဟန့်ကာ အချက်ပြလိုက်၏။
“နှမြောစရာပဲ။”
လုပေါင်မှာ အနည်းငယ် နောင်တရသွား၏။ သူသည် ဗီဒီယိုတိုလေးတစ်ခု တင်ချင်နေခဲ့ခြင်းဖြစ်သည်။
“နှလုံးသားရေးရာတွေကို ဘယ်သူက အမှန်တကယ် ရှင်းပြနိုင်မှာလဲ။”
“ဟုတ်တာပေါ့။”
“ပေါင်ရှင်းကျီ... မင်း မှားနေပြီ။ လုံးဝ မှားနေတာ။ အနှစ် ၁၆၀ တောင်လေ မင်း တကယ်ကို နှလုံးသားမရှိတာပဲ။”
“ဟုတ်တယ် ပေါင်ရှင်းကျီ... ခင်ဗျားတို့ရဲ့ အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ကို ပြောပြပါဦးလား။”
ပုံမှန်အားဖြင့် ခန့်ညားထည်ဝါလှသော ဂုဏ်ထူးဆောင်ဆရာကြီး တစ်စုမှာ ယခုအခါတွင်မူ အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်နေကြ၏။ဝိဇ္ဇာကျောင်းတော်မှ ဆရာကြီးပင်လျှင် စပ်စုချင်နေသော ပုံစံပေါက်နေခဲ့၏။ဂုဏ်ထူးဆောင်ဆရာကြီးများမှာ အထီးကျန်လှ၏။အထူးသဖြင့် ဤအဘိုးကြီးများပင်။
“စီနီယာကျိုး... မြန်မြန် မီးတောက်ဝိုင်တွေ ယူလာပေးပါဦး။ ဆရာကြီးရဲ့ ဇာတ်လမ်းကို နားထောင်ရင်း အရက်သောက်ကြတာပေါ့။”
ချီလင်လေးမှာစိတ်လှုပ်ရှားစွာဖြင့် ခေါင်းခါနေသည်ကို မြင်ပြီး အရက်ကုန်နေသည်ကို သတိထားမိလိုက်သဖြင့် လုပေါင်က အော်ခေါ်လိုက်ခြင်းဖြစ်၏။
“ဒါက... ကောင်းပါပြီ... ရပါတယ်...”
ကျိုးထျန်းဖန်းမှာပြောချင်ရာကို မပြောရဲတော့ချေ။ ဘာပဲဖြစ်ဖြစ် သူတို့ထဲက ဘယ်သူ့ကိုမှ သူ မပြစ်မှားရဲပေ။အများဆုံးရှိလှ သူတို့ပြန်တဲ့အခါ မီးတောက်ဝိုင် လက်ဆောင်မပေးရုံပေါ့။
ချီလင်လေးကို ကြည့်လိုက်ရုံဖြင့် ဤသတ္တဝါမှာ မည်မျှ ကြောက်စရာကောင်းသည်ကို သူ သိသည်။
စပ်စုချင်နေသော အကြည့်များကို ရင်ဆိုင်ရင်း ပေါင်ရှင်းကျီမှာ အနည်းငယ် အားတုံ့အားနာ ဖြစ်သွားခဲ့၏။သူသည် ဖြူကြီးကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ဖြူကြီးနှင့် သူ၏ ဇာတ်လမ်းကို ဖြည်းဖြည်းချင်း ပြောပြလေတော့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ လုပေါင်သည် ဖြူကြီးမှာ ဘာကြောင့် ပေါင်ရှင်းကျီအပေါ် ဤမျှ သစ္စာရှိရသလဲဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့၏။ပေါင်ရှင်းကျီသည် ၎င်း၏အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးပြီး ၎င်းမှာ အသိဉာဏ်အနည်းငယ်ရှိသော မျောက်ဖြူလေးအဆင့်မှ သားရဲဆိုးအဆင့်အထိ တဖြည်းဖြည်း တိုးတက်လာခဲ့ကာ ပေါင်ရှင်းကျီထံမှ အရာများစွာ သင်ယူခဲ့ခြင်းဖြစ်သည်။
ဒါက အချိန်ကြာလာလို့ ဖြစ်လာတဲ့ သံယောဇဉ်သက်သက် မဟုတ်ချေ။ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် လူတိုင်းမှာ ပေါင်ရှင်းကျီကို ချစ်မိသွားကြတော့၏။
‘တကယ့်လူကောင်းကြီးပဲ။’
သူသည် ဖြူကြီးအား မျောက်ဖြူအုပ်စုကို အုပ်ချုပ်နိုင်ရန်နှင့် အကောင်းဆုံးသော နေရပ်ကို သိမ်းပိုက်နိုင်ရန်ပင် ကူညီပေးခဲ့သေး၏။ ဖြူကြီးက မျောက်သိုင်းပညာကို တီထွင်ပြီးနောက်တွင်မူ လူနှင့် မျောက်မှာ ခွဲမရနိုင်အောင် ဖြစ်သွားခဲ့ပြီး အတူတကွ သင်ယူကာ ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။
“တကယ့် လူကောင်းကြီးပဲ။”
ချင်ပိုင်လျဲ့က ပေါင်ရှင်းကျီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။အကြောင်းရင်းမရှိဘဲ တောင်နက်ထဲမှာ မျောက်တစ်ကောင်နဲ့ ဒီလောက် နေ့ရောညပါ အချိန်ကုန်နေတာ မင်းခေါင်းထဲမှာ တစ်ခုခု မှားနေတာ သေချာတယ်ဟု သူ တွေးနေမိ၏။
၎င်းက မင်းကို မချစ်ဘဲ နေပါ့မလား။
“တရားဓမ္မတွေ ဘာတွေ ထားလိုက်ပါတော့ပေါင်းလိုက်ကြ ပေါင်းလိုက်ကြ။”
“ဟဲဟဲ”
“ငါတို့ ကျင့်ကြံသူတွေက လောကရဲ့ အကြည့်တွေကို မကြောက်သင့်ဘူး။ဒီခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းလိုက်စမ်းပါ။”
လေချန်ကလက်ခုပ်တီးကာ
“ဂုဏ်ထူးဆောင်ဆရာကြီး တစ်ယောက်အနေနဲ့ မင်းတို့နှစ်ယောက် ပေါင်းဖက်တာကို ငါ သဘောတူတယ်။”
“ဗိုက်အောက်တယ် အဟွတ်... ဆောရီးကျွန်တော်က ဂုဏ်ထူးဆောင်ဆရာကြီး ဟုတ်မဟုတ်တော့ မသိဘူး ဒါပေမဲ့ ဒီလက်ထပ်ပွဲကို ကျွန်တော်လည်း သဘောတူတယ်။”
လုပေါင်မှာ ရယ်လွန်းသဖြင့် ဗိုက်ပင် နာလာခဲ့၏။ မြင့်မြတ်လှသော ဂုဏ်ထူးဆောင်ဆရာကြီး တစ်စုမှာ ဤမျှ စပ်စုတတ်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ဒါက လူမှုပတ်ဝန်းကျင်ရဲ့ ကွာခြားချက် ဖြစ်လိမ့်မည်။ဤလူများသည် သူတို့၏ တပည့်များနှင့် သားစဉ်မြေးဆက်များ ရှေ့တွင်မူ ခန့်ညားထည်ဝါသော ပုံစံမျိုးဖြင့် နေထိုင်ကြမည်မှာ သေချာသည်။
“အဝူးးး”
ချီလင်လေးမှာ အရက်အလွန်အကျွံ သောက်မိသွားပုံရ၏။၎င်းသည် အော်သံတစ်ချက် ပြုလုပ်လိုက်ပြီးနောက် စားပွဲပေါ်သို့ ဝုန်း။ကနဲ မှောက်ကျသွားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။
“ဒါယကာလေး... ငါတို့ ဝိဇ္ဇာကျောင်းတော်မှာ ရွှေတွေ အတော်များများ ရှိပါတယ်။ အဲဒါတွေကို မီးဝိညာဉ်သီးတွေနဲ့ လဲလို့ ရမလား။”
ဝိဇ္ဇာကျောင်းတော်မှဆရာကြီးက လုပေါင်အနားသို့ လာကာ ဂါရဝပြု မေးမြန်းလိုက်၏။ချီလင်သားရဲနှင့် အတူရှိနေသော နှစ်တစ်ရာ မီးဝိညာဉ်သီးများမှာ သာမန်အသီးများထက် အဆပေါင်းများစွာ သာလွန်သည် မဟုတ်ပါလား။
“ဘယ်လောက်ပေးမှာလဲ။”
လုပေါင်၏ မျက်လုံးများ တောက်ပသွား၏။
‘ဒါကအဆင်ပြေသားပဲ။’
သူသည် မီးဝိညာဉ်သီး အမြောက်အမြား ရရှိထားပြီး ၎င်းတို့ကို မည်သို့ အသုံးချရမည်ကို မဆုံးဖြတ်ရသေးချိန် ဖြစ်သည်။
“ဝိဇ္ဇာကျောင်းတော်က အရင်တုန်းက ရတနာသိုက်တစ်ခုကို တွေ့ထားတာလေ။ ရွှေက သူတို့အတွက်တော့ အသုံးမဝင်ဘူးငါတို့လို ဆင်းရဲသားတွေနဲ့ မတူဘူးပေါ့။”
လေချန်က ရုတ်တရက် ဝင်ပြောလိုက်လေတော့သည်။