← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း ၉၉ - တောင်ပုံရာပုံရွှေများနှင့် သားရဲဆိုးလေးများ ဖန်တီးခြင်း။

လွန်ခဲ့သော ရက်အနည်းငယ်က လေချန်သည် ရွှေနှင့် မီးဝိညာဉ်သီးကို လဲလှယ်ရန် ကြိုးပမ်းခဲ့ဖူးပြီး လုပေါင်က သူ့ကိုပင် အထင်သေးသလို ကြည့်ခဲ့ဖူးသေး၏။

“ဝံပုလွေ ဟူယန်က ပြီးခဲ့တဲ့နှစ်က ဒီအဘိုးကြီးဆီ လာခဲ့ဖူးတယ် ဒါပေမဲ့ အဲဒီလူရဲ့ စိတ်ဓာတ်က မဖြောင့်မတ်တော့ ဒီအဘိုးကြီးက ငြင်းလိုက်တာပေါ့။ ဒါယကာလေး လုပေါင်ကတော့ မတူဘူး မင်းမှာ ဖြူစင်တဲ့နှလုံးသား ရှိတယ် ချီလင်သားရဲကတောင် မင်းအနားမှာ နေချင်တာပဲ။ ဘယ်လိုလဲ... နှစ်တစ်ရာ မီးဝိညာဉ်သီး တစ်လုံးကို ရွှေ ပေါင် ၅၀ နဲ့ လဲမလား။”

ဝိဇ္ဇာကျောင်းတော်မှ ဂုဏ်ထူးဆောင်ဆရာကြီးသည် လေချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။လေချန်က တမင်သက်သက် နှောင့်ယှက်နေခြင်းဖြစ်ကြောင်း သူ သိသည်။

လေချန်ကမူ ခပ်ပြုံးပြုံးပင်။

‘ရွှေ ပေါင် ၅၀ ဟုတ်လား။”

အကယ်၍ အရည်အသွေးသာ ကောင်းမွန်ပါက ရွှေတစ်ကီလိုလျှင် ယခုပေါက်ဈေးနှင့်ဆိုပါက သိန်းထောင်ချီ တန်ဖိုးရှိရာ ၂၅ ကီလိုဂရမ်ဆိုလျှင် ကုဋေနှင့်ချီ တန်ဖိုးရှိပေလိမ့်မည်။

“ရွှေက အစစ်လား။”

လုပေါင်၏ မျက်လုံးများ တောက်ပသွား၏။

“ဒါက... ဘုန်းကြီးဆိုတာ မုသားမပြောပါဘူး။ အရည်အသွေးကတော့ သာမန်ပါပဲအများစုက ရွှေဆင်းတုတော်တွေဖြစ်ပေမဲ့ ရွှေအတိအကျပါပဲ။ ချပ်ဝတ်အလောင်းကောင်အတွက် ရွှေချပ်ဝတ် အသွင်ပြောင်းဖို့ဆိုရင်တော့ အပြည့်အဝ သင့်တော်ပါတယ်။”

“သဘောတူတယ် ဆယ်လုံး လဲမယ်။”

လုပေါင်က ချက်ချင်း သဘောတူလိုက်၏။ အကယ်၍ တစ်ဖက်လူက အရည်အသွေး အလွန်ကောင်းသည်ဟု ပြောပါက သူ လိမ်ညာခံရသည်ဟု ခံစားမိမည်ဖြစ်သည်။

အသီးတစ်လုံးကို ပေါင် ၅၀ ဆိုလျှင် ဆယ်လုံးအတွက် ပေါင် ၅၀၀ ဖြစ်၏။သူ၏လက်ထဲရှိ ရွှေများနှင့် ပေါင်းလိုက်ပါက ချပ်ဝတ်အလောင်းကောင် နှစ်ကောင်လုံးကို ရွှေချပ်ဝတ် အသက်သွင်းရန် လုံလောက်သည်ထက် ပိုသည်။

“ဆယ်လုံးပဲလား။နည်းနည်းနည်းနေသလားလို့။ အလုံးတစ်ရာလောက်ဆိုရင်ကော။”

ဝိဇ္ဇာကျောင်းတော်မှ ဆရာကြီး၏ စကားကြောင့် လုပေါင်ပင် ထိတ်လန့်သွား၏။

‘သူနောက်နေတာလား။ရွှေ ပေါင် ၅၀၀၀တောင်လားးး။ခင်ဗျားမှာ ရွှေတွေ အဲလောက်တောင် ရှိတာ သေချာရဲ့လား။’

“ခင်ဗျားပြောတဲ့ ရွှေဆိုတာ ရှေးဧကရာဇ်တွေ ဆုချလေ့ရှိတဲ့ ရွှေတစ်သောင်းဆိုတဲ့ ကြေးဒင်္ဂါးတွေကို ပြောတာလား။”

လုပေါင်ကသံသယဖြစ်မိ၏။

‘ဘယ်သူကများရွှေကို ပေါင်ချိန် ထောင်ချီပြီး ရောင်းမှာလဲ။’

“အဲဒါတွေက ရွှေအစစ်တွေပါ။ အရင်တုန်းက သူတို့တွေ သိမ်းးယူထားခဲ့တာတွေပေါ့။”

နဂါးကျားတောင် နတ်ဆရာကြီးက ရုတ်တရက် ဝင်ပြောလိုက်၏။

“ဒါဆိုရင်တော့ အများကြီး မလဲတော့ဘူး။”

လုပေါင်က ငြင်းလိုက်၏။ နှစ်တစ်ရာ မီးဝိညာဉ်သီးကို သုံးလိုက်တိုင်း တစ်လုံး လျော့သွားမည် မဟုတ်ပါလား။ရွှေဆိုသည်မှာမူ သူ ရတနာသိုက်များ ရှာဖွေရင်း အချိန်မရွေး ပြန်ရှာနိုင်သော အရာဖြစ်သည်။

သူ ဆယ်လုံးပဲ လဲလိုက်ခြင်းမှာလည်း ချပ်ဝတ်အလောင်းကောင် နှစ်ကောင် ရွှေချပ်ဝတ် ဆင်မြန်းလိုက်သည့်အခါ မည်သို့ရှိမည်ကို အသည်းအသန် မြင်ချင်နေသောကြောင့် ဖြစ်၏။

အရောင်းအဝယ်မှာ ထိုသို့ပင် ပြီးဆုံးသွားခဲ့၏။

ရွှေများကိုမူ မနက်ဖြန်တွင် ပေးပို့မည်ဖြစ်သည်။

နေဝင်ရိုးရီ အချိန်..

“မစ္စတာ လုပေါင်။”

လုပေါင်ညစာစားပြီး လမ်းလျှောက်နေစဉ် ချန်ချုံးရှန်းက ပြေးလာကာ အလေးပြုလိုက်၏။

“ဗိုလ်ကြီးချန်”

လုပေါင်က သူ့ကို ကြည့်ကာ

“ဟိုလူနှစ်ယောက်ကို ပိတ်ထားပြီးပြီလား? ထွက်မပြေးအောင် ဂရုစိုက်ဦးနော်။”

“ပိတ်ထားပြီးပါပြီ။ သူတို့ရဲ့ တန်ခိုးတွေလည်း ဖျက်ဆီးခံလိုက်ရပြီဆိုတော့ အခုတော့ အသုံးမကျတဲ့ လူတွေ ဖြစ်သွားပါပြီ။”

ချန်ချုံးရှန်းကဟူယန် ညီအစ်ကိုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိလိုက်၏။သူသည် ဘေးဘီကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။

“ကျွန်တော် ကြားတာတော့ မစ္စတာ လုပေါင်က ရွှေအမြောက်အမြား လိုချင်နေတယ်ဆို။ အထက်လူကြီးတွေဆီက အမိန့်ရထားလို့ပါကျွန်တော်တို့ဆီက ရွှေတွေနဲ့ မီးဝိညာဉ်သီးအချို့ လဲလို့ ရမလားလို့ပါ။”

“ခင်ဗျားတို့က မီးဝိညာဉ်သီး လိုချင်တာလား။”

လုပေါင် အံ့သြသွား၏။အထက်လူကြီးတွေက ဒါတွေကို ဘာလုပ်မလို့လဲ။သာမန်လူတစ်ယောက် စားလိုက်လျှင် ခန္ဓာကိုယ် ပေါက်ကွဲသွားမည် မဟုတ်ပါလား။

“လက်ရှိမှာ တိုင်းပြည်အတွက် အကန့်အသတ် စစ်သည်တော်ခေါင်းဆောင် ဆယ်ယောက်တောင် မပြည့်တော့ဘူး။ပြီးခဲ့တဲ့နှစ်က နံပါတ်တစ် စစ်သည်တော်ခေါင်းဆောင် ကျောက်ဝူကျိက တာဝန်ထမ်းဆောင်ရင်း မတော်တဆမှုကြောင့် ဒုက္ခိတ ဖြစ်သွားခဲ့ရတယ်။အထက်လူကြီးတွေမှာ ဖိအားတွေ အများကြီး ရှိနေတယ်။စစ်သည်တော်ခေါင်းဆောင်တွေဆိုတာ နိုင်ငံတစ်ခုရဲ့ ထိပ်တန်း အင်အားစုတွေပဲ။ဒါပေမဲ့ မကြာသေးခင် နှစ်တွေအတွင်းမှာ ကျွန်တော်တို့နိုင်ငံက စစ်သည်တော်ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုတွေ ကြုံနေရတယ်။ သူတို့ကို ပြန်လည် မွေးထုတ်ပေးဖို့ နိုင်ငံတော်က အရင်းအမြစ်တွေ အမြောက်အမြား သုံးစွဲနေရပါတယ်။”

ချန်ချုံးရှန်း ပြောရင်း မျက်လုံးများ နီမြန်းလာ၏။ကျောက်ဝူကျိမှာ သူ၏ တပ်ရင်းမှူးဟောင်း ဖြစ်သဖြင့် သူ အလွန်ပင် စိတ်မကောင်း ဖြစ်နေခြင်းဖြစ်သည်။

ယခုအခါ စစ်သည်တော်ခေါင်းများ နည်းပါးလာပြီး အခြားနိုင်ငံများတွင်မူ တိုးပွားလာနေ၏။တရုတ်နိုင်ငံကဲ့သို့ နိုင်ငံကြီးတစ်ခုအနေနှင့် မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

“စစ်သည်တော်ခေါင်းရဲ့ တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်က ဘယ်လောက်ရှိလဲ။”

လုပေါင် စိတ်မကောင်း ဖြစ်သွား၏။ သူသည် အတ္တကြီးသူတစ်ဦး ဖြစ်သော်လည်း မျိုးချစ်စိတ်ရှိသော လူငယ်တစ်ဦးဖြစ်သည်မှာ အမှန်ပင်။

“ပထမတန်းစား ထိပ်တန်းပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ကျောက်ဝူကျိ မတော်တဆ ဖြစ်တုန်းက တစ်ဖက်က ဂုဏ်ထူးဆောင်ဆရာကြီး တစ်ယောက်က ဝင်နှောက်ယှက်တယ်လို့ သံသယရှိခဲ့ပေမဲ့ အထောက်အထား မရှိခဲ့ဘူး။”

ချန်ချုံးရှန်းသည် လုပေါင်မှာ ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးဖြစ်ကြောင်း သိပြီးနောက် သူ့ကို စစ်တပ်ထဲသို့ ဆွဲဆောင်ရန် မကြိုးစားတော့ချေ။အကြောင်းမှာ ဂုဏ်ထူးဆောင်ဆရာကြီးများမှာ နိုင်ငံရေး ပဋိပက္ခများတွင် စည်းကမ်းချက်များစွာ ရှိသောကြောင့် ဖြစ်သည်။

“ပထမတန်းစား ထိပ်တန်း...”

လုပေါင် ထိုအဆင့်ကို နားလည်လိုက်၏။

ဥပမာအားဖြင့် ချင်ပိုင်လျဲ့မှာ ပထမတန်းစား ထိပ်တန်းဖြစ်ပြီး သူ၏ ပြင်းထန်သော ပြင်ပကျင့်စဉ်ဖြင့် ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးကိုပင် ယှဉ်နိုင်၏။သို့သော် ချင်ပိုင်လျဲ့ကဲ့သို့ အဆင့်မျိုးသို့ ရောက်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

ထို့အပြင် စစ်သည်တော်ခေါင်းဆောင်များမှာ အတွင်းအားကျင့်စဉ်ထက် ပြင်ပကြွက်သား ကျင့်စဉ်ကိုသာ အဓိကထား ကျင့်ကြံကြခြင်းဖြစ်၏။

“မီးဝိညာဉ်သီး ဘယ်နှစ်လုံး လိုချင်လဲ။”

လုပေါင်က ချန်ချုံးရှန်းကို ကြည့်ကာ မေးလိုက်၏။

ချန်ချုံးရှန်းမှာ ဝမ်းသာအားရဖြင့် “ဆယ်လုံးပါ။ ကျွန်တော်တို့ ရွှေနဲ့ လဲပါ့မယ်...

“အလုံးနှစ်ဆယ် ပေးမယ်။ရွှေတော့ မပေးပါနဲ့တော့ ဒါကို တိုင်းပြည်အတွက် ကျွန်တော့်ရဲ့ အလှူလို့ပဲ သဘောထားလိုက်ပါ။ဒါပေမဲ့ တောင်းဆိုချက်တစ်ခုတော့ ရှိတယ်။ကျွန်တော့်ဆီမှာ ပတ္တမြားတွေ အများကြီး ရှိတယ်။အဲဒါတွေကို အမြတ်ဆုံးရအောင် ရောင်းပေးပြီး အဲဒီပိုက်ဆံနဲ့ ရွှေတွေ ဝယ်ပေးပါ။”

လုပေါင်က လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်၏။တိုင်းပြည်သာ အားနည်းနေပါက သူ ချမ်းသာနေလျှင်ပင် ဘာအသုံးကျမည်နည်း။

တိုင်းပြည် အင်အားတောင့်တင်းမှသာ သူသည်လည်း လုံခြုံစွာဖြင့် အေးအေးဆေးဆေး နေနိုင်မည် မဟုတ်ပါလား။၎င်းကို သူ ကောင်းကောင်း နားလည်သည်။

“ဗျာ ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာ လုပေါင်။”

ချန်ချုံးရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့် အလေးပြုလိုက်၏။

“ဒါနဲ့... ကျွန်တော် အခုတလော တစ်ခုခုကို စမ်းသပ်နေတယ်။အောင်မြင်သွားရင် ခင်ဗျားကို လာရှာမယ်။ အားလုံး အဆင်ပြေသွားရင် အဲဒီအရာက ပထမတန်းစား ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်ပြီးတော့ လူမသိအောင်လည်း နေနိုင်တယ်။”

လုပေါင်သည် မီးပုရွက်ဆိတ်များနှင့် ဝါးကြွက်များကို စဉ်းစားနေခြင်းဖြစ်၏။ သူ စမ်းသပ်ရန် အချိန်အနည်းငယ် လိုဦးမည်။

“ပထမတန်းစား ပညာရှင်...”

ချန်ချုံးရှန်းသည်မီးပုရွက်ဆိတ်များကို ချက်ချင်း ပြေးမြင်လိုက်၏။ သူသည် အံ့သြလွန်းသဖြင့် ခဏမျှ ငိုင်သွားခဲ့သည်။

‘ဘုရားရေ...ပထမတန်းစား ပညာရှင်ရဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့လား။’

ပထမတန်းစား ပညာရှင်ဆိုသည်မှာ အလွန်အမင်း ရှားပါးလှသည် မဟုတ်ပါလား။လုပေါင်သည် ပတ္တမြားများ အပြည့်ထည့်ထားသော ကျောပိုးအိတ်တစ်လုံးနှင့် မီးဝိညာဉ်သီး အလုံးနှစ်ဆယ်ကို ချန်ချုံးရှန်းထံ ပေးအပ်လိုက်၏။သူသည် ဝါးကြွက်များနှင့် မီးပုရွက်ဆိတ်များကို ရဲခွေးများကဲ့သို့ စစ်သည်တော်များအတွက် အဖော်မွန်များအဖြစ် ပြောင်းလဲနိုင်ရန် အမြန်ဆုံး စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

လုပေါင်သည် ချီလင်လေးကို ပွေ့ကာ စဉ်းစားခန်း ဝင်နေခဲ့၏။

အဝေးမှ စကားပြောသံလေးများ ကြားနေရ၏။

“ဒု-ဥက္ကဋ္ဌ ကျိုး သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။”

“ရပါတယ်... မအားနာပါနဲ့။ ကျောက်ဝူကျိတောင် မတော်တဆ ဖြစ်ခဲ့ရပြီ။ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့ စစ်သည်တော်ခေါင်းဆောင်တွေဟာ ပစ်မှတ်ထားခံနေရတာပဲ ဒါက ရန်သူတွေ ကြိုတင် ကြံစည်ထားတာ ဖြစ်နိုင်တယ်...”

‘ရန်သူက အမှောင်ထဲမှာ ငါတို့က အလင်းထဲမှာ...’

လုပေါင် စဉ်းစားရင်း အဝေးသို့ လှမ်းကြည့်လိုက်၏။ထိုဂုဏ်ထူးဆောင်ဆရာကြီးများထဲမှ တစ်ဦးဦးသာ လှုပ်ရှားလိုက်ပါက အရာအားလုံးကို ရှင်းပစ်နိုင်သည် မဟုတ်ပါလား။

‘ဘာလို့ ဘယ်သူမှ မလှုပ်ရှားကြတာလဲ။’

ချပ်ဝတ်အလောင်းကောင်တွေကို စဉ်းစားမိသည့်အခါ လုပေါင်၏ ခေါင်းထဲတွင် အကြံတစ်ခု ရလာ၏။

‘စစ်သည်တော်ခေါင်းဆောင်တိုင်းမှာအစွမ်းထက်တဲ့ အလောင်းကောင်တစ်ကောင်စီ ရှိရင်ရော။’

သူ ချက်ချင်း ခေါင်းခါလိုက်၏။

‘မဟုတ်သေးပါဘူးဒါက သိပ်မကောင်းလှဘူး။’

ထိုစစ်သည်တော်များအတွက်အစွမ်းထက်သော သားရဲဆိုးလေးများကိုသာ သူ ဖန်တီးပေးသင့်သည်။

ကောင်းကင်မှာ မှောင်လာပြီဖြစ်ရာ လုပေါင်သည် ချီလင်လေးကို ပွေ့ကာ တွင်းနက်ထဲသို့ ဝင်သွား၏။

ဒီညမှာတော့ ချပ်ဝတ်အလောင်းကောင်တွေအတွက် ရွှေချပ်ဝတ်ကို သူ အသက်သွင်းတော့မည်။

“နိုးထကြစမ်းးးး”

လုပေါင်၏ ဆင့်ခေါ်မှုအောက်တွင် ချပ်ဝတ်အလောင်းကောင် နှစ်ကောင်လုံးမှာ တဖြည်းဖြည်း နိုးထလာကြ၏။သူတို့၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော သွေးဆာမှုများ ပြည့်နှက်နေခဲ့သည်။

“ဝုန်းးး”

သူတို့သည် မျက်လုံးဖွင့်လိုက်သည်နှင့် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

လုပေါင်သည် သွေးကျောက်စိမ်းကို ထုတ်လိုက်ရာ ရွှေရောင်အတွင်းအားများက ၎င်းကို ဝန်းရံသွား၏။သွေးရောင်အလင်းများ ကွဲအက်သွားသည့်အခါ အတွင်းမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာ၏။၎င်းမှာ ဟူယန် ညီအစ်ကို၏ အသံများဖြစ်သည်ဟု ဆိုရမည်။

“တိရစ္ဆာန်စုတ်”

“မလုပ်နဲ့”

ခဏချင်းအတွင်းမှာပင် ဟူယန် ညီအစ်ကို ထားခဲ့သော စိတ်ဝိညာဉ်အမှတ်အသားများမှာ ဖျက်ဆီးခံလိုက်ရ၏။တစ်ချိန်တည်းမှာပင် လုပေါင်၏ စိတ်ဝိညာဉ်အမှတ်အသားမှာ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။

သောင်းကျန်းနေသော ချပ်ဝတ်အလောင်းကောင်များမှာ ငြိမ်သက်သွားခဲ့ပြီ။ သူတို့ သခင်အသစ် ရသွားပြီဖြစ်၏။

“ကဲ... သားကြီးတို့ ပါးပါးအတွက် နွားဂျိုလှည့် အကလေး ကပြစမ်းပါဦး။”

ချပ်ဝတ်အလောင်းကောင် နှစ်ကောင်လုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ လုပေါင်သည် ထူးဆန်းသော အမိန့်တစ်ခုကို ချက်ချင်း ပေးလိုက်လေတော့သည်။”

ပြီးပြီ။

မနက်ဖြန် ရွှေတွေ ရပြီဆိုတာနဲ့ သူ ရှန်းရှီး အလောင်းကောင်ချိုင့်ဝှမ်းကို သွားပြီး တိုက်ရိုက်ထုတ်လွှင့်ပြီး လက်မှတ်ထိုးဝင်လို့ ရပြီဖြစ်၏။

ဆရာကြီးတွေရဲ့ ဂူသင်္ချိုင်းထဲမှာ ရှေးဟောင်းကျမ်းစာတွေ သွားရှာကြမယ့် ဂုဏ်ထူးဆောင်ဆရာကြီးတွေကို သူ စိတ်မဝင်စားတော့ချေ။ သူ၏လက်ထဲတွင် စနစ် နေသရွေ့ တစ်ကမ္ဘာလုံးက သူ၏လက်ထဲမှာ ရှိနေသည် မဟုတ်ပါလား။

“ခင်ဗျားတို့ရဲ့ ရှေးဟောင်းကျမ်းစာ အစုတ်အပြတ်တွေကို ငါက ဘာလုပ်ရမှာလဲ သွားစမ်းပါ ရတနာတွေကိုပဲစိတ်ဝင်စားတယ်။”

အခန်း ၁၀၀ - ချပ်ဝတ်အလောင်းကောင်၏ ရုပ်သွင်အစစ်အမှန်။

မူလက ချပ်ဝတ်အလောင်းကောင်မှာ နှစ်မီတာခန့်သာ မြင့်ပြီးသုံးမီတာအထိ ကြီးထွားလာခြင်းမှာ အလောင်းကောင်ဗူးနှင့် လျှို့ဝှက်နည်းစနစ်များကြောင့်ဟု ထင်မှတ်ခဲ့သည်။

ယခုမူ ၎င်းမှာ ချပ်ဝတ်အလောင်းကောင်၏ အစစ်အမှန်ပုံစံများထဲမှ တစ်ခုသာဖြစ်ကြောင်း လုပေါင် သိရှိသွားခဲ့ပြီဖြစ်သည်။

ထို့အပြင် ၎င်းမှာ အပြည့်စုံဆုံးပုံစံပင် မဟုတ်သေးချေ။

“ဘာလို့ ဒါကို ဖိနှိပ်ထားရတာလဲ။”

လုပေါင် ထူးဆန်းသည်ဟု ခံစားရပြီး ချက်ချင်းပင် လက်ဟန်တံဆိပ် များကို လျင်မြန်စွာ ဖော်ဆောင်လိုက်သည်။

“လွှတ်ပေးလိုက်စမ်းးး”

တံဆိပ်ကို ဖွင့်လိုက်ပြီ။

“ဝုန်းးးး”

ဟိန်းဟောက်သံနှင့်အတူ အဓိက ချပ်ဝတ်အလောင်းကောင်ကြီး နှစ်ကောင်၏ ဦးခေါင်းများမှာ ပုံပျက်ရှုံ့တွလာပြီး ကျောကုန်းပေါ်တွင် အဖုအထစ်များ ပေါ်လာကာ တစ်ကိုယ်လုံးမှာ သိသိသာသာ ဖောင်းကြွလာခဲ့သည်။

သူတို့၏ အရှိန်အဝါ မှာလည်း အဆက်မပြတ် သန်မာလာနေ၏။

လုပေါင်၏ အံ့သြမှင်တက်နေသော အကြည့်အောက်တွင် သူတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။

ကောင်းကင်သို့ ညွှန်နေသော ဦးချိုများ၊ ကျောပေါ်တွင် ထောင်မတ်နေသော ရွှေရောင်အရိုးဆူး ဆယ့်နှစ်ခုကျော်၊ သူတို့၏ မျက်လုံးကြီးများမှာ တဖြည်းဖြည်း မည်းနက်သော ရွှေရောင်သို့ ပြောင်းလဲသွားပြီး မျက်နှာဖုံးများ ကွဲအက်ကာ ကြေးနီရောင် နွားဦးခေါင်းကြီး တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

“နွား... နွားဦးခေါင်း မိစ္ဆာလား။”

လုပေါင်သည် ထိုမြင်ကွင်းကို ကြောင်တောင်တောင် ငေးကြည့်နေမိ၏။ တစ်ချိန်တည်းမှာပင် ချပ်ဝတ်အလောင်းကောင် နှစ်ကောင်လုံးမှာ အနည်းငယ် ထိန်းချုပ်ရခက်လာပြီး သူ့အပေါ်တွင်ပင် ရန်လိုသော အမူအရာ ပြလာသည်ကို ခံစားလိုက်ရသည်။

သူတို့၏ မျက်လုံးများမှာ ခံစားချက်ကင်းမဲ့စွာ အေးစက်နေ၏။

ဤအချိန်တွင် လုပေါင် နားလည်သွားသည်မှာ သူတို့၏ မျက်နှာပေါ်ရှိ အရာမှာ မျက်နှာဖုံး မဟုတ်ဘဲ တံဆိပ်ခတ်နှိပ်ထားခြင်း သာ ဖြစ်ကြောင်းပင်။တံဆိပ်ကို ဖြုတ်လိုက်သည့်အခါ ထိန်းချုပ်၍မရသော အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လုပေါင်သည် သွေးကျောက်စိမ်းထံမှ သတင်းအချက်အလက်အချို့ကိုလည်း ရရှိခဲ့၏။ဟူယန် ညီအစ်ကိုသည် အဘယ်ကြောင့် ဤအဖိုးတန် ချပ်ဝတ်အလောင်းကောင် နှစ်ကောင်ကို အသက်သခင်ပစ္စည်းအဖြစ် မကျင့်ကြံခဲ့သနည်းဆိုသည်ကို သူ နောက်ဆုံးတွင် သိသွားခဲ့ပြီ။သူတို့က မလုပ်ချင်၍ မဟုတ်ဘဲ... မလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဤအရာများမှာ အလောင်းကောင်မွေးမြူရေးဂိုဏ်း ၏ အလောင်းကောင်ဘုရင်များ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

သူ၏ ဝိညာဉ်မှာ ယခုအခါ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများကို ခံနေရသည်။အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အလောင်းကောင်ဘုရင် နှစ်ကောင်မှာ သူ့ကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။လုပေါင်၏ အမြင်တွင် အလောင်းကောင်တောင်ကြီးများနှင့် အရိုးပင်လယ်များအဆုံးမရှိသော သွေးပင်လယ်ပြင်ကြီးကို မြင်နေရသကဲ့သို့ပင်။

“ဝုန်းး”

တောင်စောင့်နတ် ပုံရိပ်မှာ ဝဲပျံထွက်လာပြီး လုပေါင်၏ ဝိညာဉ်ကို ချက်ချင်းပင် လွှမ်းခြုံကာကွယ်လိုက်သည်။

“ဟူယန် ညီအစ်ကိုက သေလုနီးပါး အရိုက်ခံရတာတောင် မင်းတို့ကို ဘာလို့ မလွှတ်ပေးရဲတာလဲဆိုတာ မဆန်းတော့ဘူးပဲ။ကိုယ့်သခင်ကို ပြန်မျိုချချင်တဲ့ စိတ်ဆန္ဒတွေ ယုတ်မာတဲ့ အလောင်းကောင်ဝိညာဉ်တွေ... ငါ့ဒေါသကိုလာဆွတာဟာ သိပ်အန္တရာယ်များတယ်ဆိုတာ မင်းတို့ မသိဘူးလား။”

လုပေါင် ကျောချမ်းသွား၏။ခုနက အခြေအနေမှာ ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦး၏ ဝိညာဉ်ပင်လျှင် ပြိုလဲသွားနိုင်လောက်သည်။

ကံကောင်းစွာဖြင့် သူ၏ ဝိညာဉ်မှာ လုံလောက်အောင် သန်မာနေခဲ့သည်။

နွားဦးခေါင်း အလောင်းကောင်ဘုရင်များမှာ သူ၏ ဘယ်နှင့်ညာတွင် ကျောချင်းကပ် ရပ်နေကြပြီး နက်မှောင်သော အလောင်းကောင်အငွေ့အသက် များမှာ သူတို့၏ ဦးချိုများတွင် လျင်မြန်စွာ စုစည်းနေကြသည်။

“ငါနဲ့ ကစားချင်တာလား။ဒါကို မြည်းစမ်းကြည့်လိုက်ဦး။”

လုပေါင်၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွား၏။၎င်းမှာ ရွှေရောင်အလင်း ဂါထာတော် မဟုတ်ဘဲ တောင်စောင့်နတ် ပုံရိပ်ပင် ဖြစ်၏။

နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်မှာ ပြန်လည်ရိုက်ခတ်မှုကို ခံလိုက်ရသည်။သူတို့၏ ယုတ်မာသော ဝိညာဉ်များမှာ ကြာမြင့်စွာ တံဆိပ်ခတ်ခံထားရပြီးမှ ပြန်လည်နိုးထလာချိန်တွင် တောင်စောင့်နတ် ပုံရိပ်နှင့် တည့်တည့်တိုးခြင်းပင်။ရွှေရောင်အလင်းအောက်တွင် ယုတ်မာသော ဝိညာဉ်များမှာ နေရောင်အောက်မှ နှင်းများကဲ့သို့ တဖြည်းဖြည်း အရည်ပျော်သွားကြသည်။

“အဝူးးးး”

ချီလင်လေးမှာ ဆွပေးသလို ဖြစ်သွားပုံရသည်။ ၎င်း၏ ခွာလေးဖြင့် မြေကြီးကို တစ်ချက်နင်းလိုက်ရာ နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်၏ ခေါင်းပေါ်တွင် မီးတောက်နေသော ချီလင်ပုံရိပ်ကြီး တစ်ခု ပေါ်လာပြီး သူတို့ကို ဟိန်းဟောက်ကာ တိုက်ခိုက်လေတော့သည်။

မြွေဟောက်နက်ကြီးမှာ နှစ်တစ်ထောင် မီးဝိညာဉ်သီးကို မျိုချပြီးစ ဖြစ်သည်။လုပေါင် အန္တရာယ်ရှိနေသည်ကို ခံစားမိသဖြင့် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ထိုနေရာကို ဝန်းရံထားပြီး နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

ယုတ်မာသော အနက်ရောင်ဝိညာဉ်များမှာ လောင်ကျွမ်းနေ၏။တောင်စောင့်နတ် ပုံရိပ်ကြောင့်ဖြစ်စေ၊ ချီလင်လေး၏ တိုက်ခိုက်မှုကြောင့်ဖြစ်စေ သူတို့အပေါ် ဖိနှိပ်မှုမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒုန်းးး”

“ဘုန်းးး”

နွားဦးခေါင်း အလောင်းကောင်ဘုရင်များမှာ ဘယ်နှင့်ညာသို့လဲကျသွားကြတော့သည်။ ယုတ်မာသော အနက်ရောင်ဝိညာဉ်များမှာ ယခုအခါ လက်သီးဆုပ်ခန့်သာ ရှိတော့ပြီး အရောင်မှာလည်း ရွှေဖျော့ရောင်ဘက်သို့ ပြောင်းလဲသွားကာ တောင်စောင့်နတ် ပုံရိပ်အောက်တွင် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။

“ထပ်ပြီး ကြွားချင်သေးလားးး”

လုပေါင် အနားသွားကာ သူတို့ကို နှစ်ချက်ခန့် ကန်လိုက်ပြီးနောက် ပြေးလာသော ချီလင်လေးကို ပွေ့ချီကာ ကျေနပ်စွာ ပြောလိုက်၏။

“တော်တယ်။”

ချီလင်သည် မကောင်းဆိုးဝါးများကို ဖယ်ရှားပေးနိုင်စွမ်းရှိရာ ယုတ်မာသော အရာများအတွက် အကောင်းဆုံး တန်ပြန်စွမ်းအားပင် ဖြစ်သည်။

လက်သီးဆုပ်ခန့်ရှိသော ဝိညာဉ်များကို လုပေါင်က သခင်နှင့်ကျွန် စာချုပ်ဖြင့် အတင်းအကျပ် ချည်နှောင်လိုက်သည်။ အစွမ်းထက်သော နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်မှာ လုပေါင်၏ အသေခံခိုင်းလျှင်ပင် ငြင်းဆန်မည်မဟုတ်သော အမာခံ လူမိုက်ကြီးများ လုံးဝ ဖြစ်သွားတော့သည်။

“မင်းတို့ရဲ့ ရွှေချပ်ဝတ် ကို အသက်သွင်းကြစမ်း ဒီမှာရှိတဲ့ ရွှေတွေကို ကြိုက်သလို သုံးလို့ရတယ်။”

ရွှေအားလုံး ဤနေရာတွင် ရှိနေ၏။နွားဦးခေါင်း အလောင်းကောင်ဘုရင်များက ရွှေချပ်ဝတ်ကို အသက်သွင်းပြီး ပြင်ပကိုယ်ပွား အဖြစ် ဖော်ဆောင်နိုင်ပါက အသန်မာဆုံး ဂုဏ်ထူးဆောင်ဆရာကြီးကိုပင် ကြောက်စရာ မလိုတော့ချေ။

လုပေါင်သည် ချမ်းသာကြွယ်ဝသူပီပီ ရွှေအားလုံးကို သူတို့ထံ တိုက်ရိုက် ပို့ပေးလိုက်သည်။

နွားဦးခေါင်း အလောင်းကောင်ဘုရင်များမှာ လုပေါင်၏ နောက်တွင် ရိုသေစွာ ရပ်နေကြ၏။အမိန့်ရသည်နှင့် ချက်ချင်းပင် အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်ကြသည်။မကြာမီမှာပင် ရွှေတုံးများ ထည့်ထားသော သေတ္တာများမှာ တဖြည်းဖြည်း ရွှေရည်များအဖြစ် ပြောင်းလဲသွားပြီး သူတို့က တစ်ငုံချင်း မျိုချလိုက်ကြတော့သည်။

“ရွှေကို မျိုချတာလား။”

ခိုးယူခံရသော ရွှေများ ဘာကြောင့် သဲလွန်စမရှိ ပျောက်ကွယ်သွားရသလဲဆိုသည်မှာ မဆန်းတော့ချေ။ထိုရွှေပိုင်ရှင်ဖြစ်သော နိုင်ငံခြားကုန်သည်မှာ ယခုအခါ စိတ်ဓာတ်ကျနေပြီဟု ကြားရသည်။ရွှေများကို ဤကဲ့သို့ မျိုချခဲ့ကြခြင်းကိုး။

ရွှေတုံးတစ်တုံးပြီး တစ်တုံး ပျောက်ကွယ်နေသည်ကို ကြည့်ရင်း လုပေါင် အနည်းငယ် တွန့်သွားမိ၏။ရ

“ဝူး...”

ချီလင်လေးကလည်း စမ်းကြည့်ချင်နေပုံရသည်။

“ဒါက မစားကောင်းဘူး အရသာ အရမ်းဆိုးတယ်။”

လုပေါင်ကချီလင်လေး၏ ပါးစပ်ကို အမြန်ပိတ်လိုက်၏။ချီလင်မီးတောက်အောက်တွင် ရွှေများ ပို၍ မြန်မြန် အရည်ပျော်သွားမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်..

“မင်းတို့ အသုံးမကျတဲ့ နွားဦးခေါင်း အလောင်းကောင်တွေ ရွှေတွေ အဲလောက်အများကြီး စားပြီးတာတောင် ရွှေချပ်ဝတ် အသက်သွင်းဖို့ နေနေသာသာ အသားလေးတောင် ရွှေရောင် မပြောင်းဘူးလား ဘာတိုးတက်မှုမှ မရှိဘူးဆိုတာ ဘာသဘောလဲ။”

လုပေါင် စတင်သောင်းကျန်းတော့သည်။နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်မှာ ခေါင်းငုံ့ပြီး ရပ်နေကြကာ ချီလင်လေးကမူ ထိုဆူပူသံကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေခဲ့သည်။

မြွေဟောက်နက်ကြီးမှာမူ ကျင့်ကြံရန်အတွက် သတိထားကာ ထွက်ခွာသွား၏။

အသွင်ပြောင်းကျားမှာလည်း အနည်းငယ် အပြစ်မကင်းသလို ခံစားရသဖြင့် အဝေးသို့ ဆုတ်ခွာသွား၏။၎င်းသည်လည်း မီးဝိညာဉ်သီး အမြောက်အမြား စားထားသော်လည်း သိသာသော ပြောင်းလဲမှု မရှိသေးသောကြောင့်ပင်ဖြစ်သည်။

ရွှေတွေ အကုန်ကုန်ပြီ။

ဤရွှေများမှာ ကုဋေနှင့်ချီ တန်ဖိုးရှိသော်လည်း ခဏချင်းအတွင်း ကုန်သွားခြင်းဖြစ်သည်။ထူးခြားမှုတစ်ခုမှာ နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်၏ ကိုယ်ပေါ်တွင် သူ၏ ကိုယ်စောင့်ရွှေရောင်အလင်းနှင့် ဆင်တူသော ရွှေရောင်အလင်းဖျော့ဖျော့လေး ပေါ်လာခြင်းပင်ဖြစ်သည်။

“ရင်ထဲမှာ နာကျင်လိုက်တာ။”

သို့သော် ဤနွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင် အမှန်တကယ် တိုက်ခိုက်သည့်အခါ အလွန်ပင် ကြောက်စရာကောင်းလိမ့်မည်ဟု သူ နားလည်ထားသည်။

သူ ဆက်ပြီး ပြုစုပျိုးထောင်ရဦးမည်။လုပေါင် သူ၏ မရေမတွက်နိုင်သော ရတနာသိုက်များကို စဉ်းစားလိုက်၏။

“ရွှေအနည်းငယ်လောက်က ဘာများ အရေးကြီးလို့လဲ မွေးမြူရမှာပေါ့ မင်းတို့ကို ဘယ်သူမှ မယှဉ်နိုင်တဲ့အထိ ငါ မွေးမြူပေးမယ်။”

တစ်ညလုံး ကျင့်ကြံပြီးနောက် တောင်စောင့်နတ် ပုံရိပ်နှင့် တွင်းနက်ကြီး၏ အာနိသင်များကြောင့် ချီလင်လေးသည်ပင် နေ့စဉ်နှင့်အမျှ ပြောင်းလဲလာခဲ့သည်။

“ဖြူကြီး မနေ့ညက ဘယ်လိုများ အိပ်ပျော်ခဲ့လဲ မသိဘူး။”

လုပေါင်သည် တွင်းနက်ကြီးထဲမှ ထွက်လာပြီး ချီလင်လေးကို ပွေ့ကာ စပ်စုချင်စိတ်ဖြင့် လျှောက်လာခဲ့၏။မနေ့ညက ဖြူကြီးသည် ပေါင်ရှင်းကျီနှင့် အတူရှိနေခဲ့ခြင်း ဖြစ်သည်။

“သူတို့နှစ်ယောက်မိုးလင်းပေါက် အရက်သောက်ပြီး စကားပြောနေကြမလား ဒါမှမဟုတ်...”

“ဂုဏ်ထူးဆောင်ဆရာကြီး လု။”

ဒု-ဥက္ကဋ္ဌ ကျိုးသည် လုပေါင်ကို မြင်သည့်အခါ လှမ်းခေါ်ရင်း အပြေးလာခဲ့၏။

အန္တရာယ်ကင်းပုံရသော ချီလင်လေးကို တစ်ချက်ကြည့်ကာ ကျိုးထျန်ဖန်းသည် သတိထား၍ တစ်လှမ်းဆုတ်လိုက်ပြီး ဂါရဝပြုလိုက်ကာ ပြောလိုက်၏။

“ဆရာကြီး ကျွန်တော် တစ်မနက်လုံး လိုက်ရှာနေတာ။ အခန်းထဲမှာလည်း မရှိဘူး။ ဒီမနက် သတိပေးချက်တစ်ခု ရထားတယ် ဟူယန် ညီအစ်ကိုရဲ့ ချပ်ဝတ်အလောင်းကောင်တွေဟာ အလောင်းကောင်ဘုရင် တွေ ဖြစ်နိုင်တယ်တဲ့။ သူတို့ရဲ့ မျက်နှာဖုံးကို လုံးဝ မခွာဖို့ သတိပေးထားတယ် မဟုတ်ရင် အလောင်းကောင်ဘုရင်တွေဟာ ထိန်းချုပ်မှု လွတ်သွားပြီး ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးတောင် တားဖို့ခက်တဲ့ သွေးဆာနေတဲ့ မိစ္ဆာတွေ ဖြစ်သွားလိမ့်မယ်တဲ့။”

ဤချပ်ဝတ်အလောင်းကောင် နှစ်ကောင်ကို လုပေါင် ယူထားသည်ကို လူတိုင်း သိကြသည် မဟုတ်ပါလား။

“ဘာ ချပ်ဝတ်အလောင်းကောင်လဲ။အဲလိုမျိုး ရှိလို့လား။”

လုပေါင် ခေါင်းခါလိုက်၏။

“ကျွန်တော့်မှာ ဘာမှ မရှိဘူး။”

“ဟုတ်ကဲ့ ဆရာကြီး ကျွန်တော်က သတင်းစကား ပါးရုံသက်သက်ပါ။ ဒါနဲ့ ဆရာကြီး ဒီနေ့ ဘက်ပေါင်းစုံက လူငယ်ပညာရှင်တွေရဲ့ ပြိုင်ပွဲ ရှိတယ်။ဆရာကြီး စိတ်ဝင်စားရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။”

ကျိုးထျန်ဖန်းမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။ဤမျှ အရှက်မရှိသော ဂုဏ်ထူးဆောင်ဆရာကြီးမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်ဖြစ်သည်။

သို့သော် လုပေါင်က ဝန်မခံလျှင် မည်သူမျှ ဘာမှမတတ်နိုင်ချေ။

“လူငယ်မျိုးဆက်လား။ကျွန်တော်လည်း လူငယ်တစ်ယောက်ပဲလေ။ ဆုတွေ ဘာတွေရော ရှိလား။”

လုပေါင်၏ မျက်လုံးများ တောက်ပသွား၏။

All Chapters