← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အပိုင်း ၁၅၁

အမွေအနှစ်အသစ်

ဒင်..

【အဓိကမစ်ရှင်ဖြစ်သည့် နယ်ပယ်သစ်ချဲ့ထွင်ခြင်း၊ တက်ဘလက်ရောင်းအား ၁၀ သန်းကျော်ခြင်းကို အောင်မြင်စွာပြီးဆုံးသည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်အနေဖြင့် အမွေဆက်ခံခွင့် ကြွယ်ဝမှုအခွင့်အရေး ရရှိပါမည်။】

နောက်တစ်နေ့ နံနက်စောစောတွင် နံနက်စာစားပြီးခါစ လင်းဖန်သည် စနစ်ထံမှ အကြောင်းကြားစာကို ရုတ်တရက်လက်ခံရရှိပြီး ခဏတာ ကြောင်အသွားသည်။

ဟမ်! ရောင်းအား ၁၀ သန်းက ဒီလောက်မြန်မြန် ပြည့်သွားတာလား။

"စနစ်... အမွေဆက်ခံခွင့် ကြွယ်ဝမှုအခွင့်အရေးကို အသုံးပြုမယ်"

စိတ်ကို တည်ငြိမ်အောင်ထားပြီး လင်းဖန် ချက်ချင်း အမိန့်ပေးလိုက်သည်။

【ဒင်.... Omega ၏ ကြွယ်ဝမှုကို အောင်မြင်စွာ ဆက်ခံပြီး Silicon Crystal Lithium-ion ဘက်ထရီနည်းပညာကို ရရှိသည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။】

Silicon Crystal Lithium-ion ဘက်ထရီ။

မိမိရရှိလိုက်သည့် အရာကိုကြည့်ပြီး လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။ အကြောင်းမှာ သူသည် ဆော့ဖ်ဝဲနည်းပညာမှ ဟတ်ဒ်ဝဲနည်းပညာဘက်သို့ ကူးပြောင်းရတော့မည် ဖြစ်သောကြောင့်ပင်။

အကယ်၍ စွမ်းအင်သည် ခေတ်ကာလတိုးတက်မှု၏ တွန်းအားဖြစ်ပါက၊ ဘက်ထရီသည် ထိုတိုးတက်မှုကို ထိန်းကျောင်းပေးသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲသိုလှောင်ခြင်းသည် လက်ရှိတွင် အထိရောက်ဆုံး အသုံးချနည်းလမ်းပင် ဖြစ်သည်။

ခေတ်သစ်ဘက်ထရီအများစုသည် တည်ဆောက်ပုံရိုးရှင်းခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း၊ အားသွင်းအားထုတ်ပြုလုပ်ရန် လွယ်ကူခြင်း၊ ပြင်ပရာသီဥတုနှင့် အပူချိန်ဒဏ်ကို မခံရခြင်း၊ တည်ငြိမ်စိတ်ချရသော စွမ်းဆောင်ရည်ရှိခြင်းတို့ကြောင့် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သည်။

"ဝုန်း"

ခဏချင်းတွင်ပင် အားကောင်းသော ဗဟုသုတလှိုင်းလုံးကြီးသည် လင်းဖန်၏ မှတ်ဉာဏ်ထဲသို့ အဆက်မပြတ် စီးဝင်လာပြီး အချက်အလက်အမျိုးမျိုးကို သူ၏ ဗဟိုအာရုံကြောစနစ်ထံ ပေးပို့လိုက်သည်။

သူသည် Silicon Crystal Lithium-ion ဘက်ထရီ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် သဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားသည်။

"ဟူး တကယ်ကို အားကောင်းတဲ့ နည်းပညာပဲ။"

လင်းဖန် သက်ပြင်းတစ်ချက်ချရင်း မချီးကျူးဘဲ မနေနိုင်ဖြစ်သွားသည်။

လက်ရှိကမ္ဘာတွင် အဆင့်အမြင့်ဆုံးဘက်ထရီမှာ Lithium ဘက်ထရီဖြစ်သည်။ Lithium-ion ဘက်ထရီများကို မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်းများတွင် အခြေခံအားဖြင့် အသုံးပြုကြသည်။

အစစ်အမှန် Lithium ဘက်ထရီများမှာ အန္တရာယ်များလွန်းသဖြင့် နေ့စဉ်ဘဝတွင် အသုံးနည်းသည်။ အကယ်၍ ဘက်ထရီ၏ လျှပ်ကူးပစ္စည်းတွင် Lithium ပါဝင်သော ပစ္စည်းများကို အသုံးပြုနိုင်ပါက အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ရိုးရိုး Lithium-ion ဘက်ထရီများကို ရေနံကုတ် (Petroleum Coke) နှင့် ဂရပ်ဖိုက် (Graphite) တို့ဖြင့် ပြုလုပ်ထားသော်လည်း ယခုအခါ လူတို့သည် Graphene မျက်နှာပြင်နှင့် လျှပ်ကူးပစ္စည်းများကြား လျင်မြန်စွာ ကူးသန်းသွားလာနိုင်သည့် Lithium Ion များ၏ ဝိသေသကို အသုံးချရန် ကြိုးစားနေကြသည်။ Silicon Crystal Lithium-ion ဘက်ထရီသည် အခြားကမ္ဘာမှ သိပ္ပံပညာရှင်များ တီထွင်ထားခြင်း ဖြစ်သည်။

၎င်းသည် Graphene ဘက်ထရီနည်းပညာထက် မနိမ့်ကျသည့် ထိရောက်သန့်ရှင်းသော နည်းပညာတစ်ခုဖြစ်သည်။ အခြားကမ္ဘာတွင် Silicon Crystal ဘက်ထရီသည် Graphene ဘက်ထရီ၏ နေရာတွင်ပင် အစားထိုး အသုံးပြုနေပြီဖြစ်သည်။ ထို့ကြောင့် ဤထုတ်ကုန်၏ အလားအလာမှာ အလွန်ကျယ်ပြန့်သည်ဟု ဆိုနိုင်သည်။

မှတ်ဉာဏ်များအရ Silicon Crystal Lithium-ion ဘက်ထရီသည် Graphene ဘက်ထရီထက် ပမာဏနှင့် အားသွင်းနှုန်း ပိုမိုမြန်ဆန်သည်။ လက်ရှိခေတ်စားနေသော Polymer Lithium-ion ဘက်ထရီများနှင့်ဆိုလျှင် နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

ဤနည်းပညာကို မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများတွင်သာမက လျှပ်စစ်ကားများ၊ လျှပ်စစ်ကရိန်းများကဲ့သို့သော လေးလံသော စက်မှုလုပ်ငန်းများတွင်ပါ အသုံးပြုနိုင်သည်။

"ရှင်းယာ၊ အခုချက်ချင်း ငါ့ဆီလာခဲ့ဦး"

တွန့်ဆုတ်မနေဘဲ လင်းဖန်သည် မိုရှင်းယာထံ ချက်ချင်း ဖုန်းဆက်လိုက်သည်။

နည်းပညာကို ဆက်ခံရရှိထားသော်လည်း Longteng Group ထံ မလွှဲပြောင်းပေးမီ နမူနာထုတ်ကုန်ကို အရင်ထုတ်လုပ်ရမည်ဖြစ်သည်။ အကြောင်းမှာ ဤပရောဂျက်ကို သူထက်ပိုသိသူ မရှိသောကြောင့်ပင်။

"သူဌေး"

ခဏအကြာတွင် မိုရှင်းယာသည် အခြားဗီလာမှ လင်းဖန်ရှေ့သို့ အပြေးရောက်လာသည်။

"ရုံးချုပ်ဘက်မှာ မြေနေရာအလွတ်တွေ အများကြီး ရှိသေးတယ်မလား ငါ့အတွက် သုတေသနစင်တာအသေးလေးတစ်ခု ဆောက်ပေးပါ၊ ရူပဗေဒနဲ့ ဓာတုဗေဒ လက်တွေ့ခန်းတွေလည်း ပါရမယ်။ ဒါက ဝယ်ယူရမယ့် စက်ပစ္စည်းစာရင်းပဲ။"

ပြောရင်းနှင့် လင်းဖန်သည် လက်ထဲမှ စာရွက်စာတမ်းကို သူမအား ကမ်းပေးလိုက်သည်။ ၎င်းမှာ ကွန်ပျူတာမှ အခုလေးတင် ထုတ်ထားသည့် စက်ကိရိယာနှင့် ကုန်ကြမ်းစာရင်းဖြစ်သည်။

"ဟုတ်ကဲ့၊ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"

မိုရှင်းယာက ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်း ခေါင်းငြိမ့်သဘောတူလိုက်သည်။

"ဒါနဲ့ သူဌေး၊ ကုမ္ပဏီအတော်များများက ကျွန်မတို့ နည်းပညာအချို့ကို သူတို့ကို လိုင်စင်ချပေးလို့ရမလားဆိုပြီး လာမေးနေကြတယ် ကျန်းဖန်က သူဌေးကို မေးခိုင်းလိုက်လို့ပါ။"

"အဓိကကျတဲ့ နည်းပညာ (Core Tech) နဲ့ မဆိုင်သရွေ့တော့ ဝါဝေး (Warwick) နဲ့ ဒါမီ (Dami Lamp) လိုမျိုး ပြည်တွင်းကုမ္ပဏီတွေကို လိုင်စင်ချပေးလို့ ရပါတယ်။"

လင်းဖန်က စဉ်းစားမနေဘဲ တိုက်ရိုက်ပြောလိုက်သည်။

သဟဇာတဖြစ်သော ဈေးကွက်သည် လက်ဝါးကြီးအုပ်၍ မရပေ၊ ပန်းပေါင်းစုံ ပွင့်လန်းခွင့်ပေးရမည်။ သို့သော် Longteng Group နှင့် နိုင်ငံ၏ အကျိုးစီးပွားအတွက် အဓိကနည်းပညာကိုမူ သူ မပေးနိုင်ပေ။

သို့သော် ရေစိုခံစနစ်နှင့် တစ်ခုတည်းသော သတ္တုကိုယ်ထည် (Full Metal Casing) ကဲ့သို့သော နည်းပညာများမှာ အလွန်နက်နဲသည်မဟုတ်ပေ။ အကယ်၍ သူတို့အား လိုင်စင်မပေးလျှင်တောင် နောက်အနည်းငယ်ကြာလျှင် ကမ္ဘာတစ်ဝှမ်းရှိ ဖုန်းထုတ်လုပ်သူများ ကိုယ်တိုင် ရှာဖွေတွေ့ရှိသွားကြမည်သာ ဖြစ်သည်။

"သူဌေး၊ မေးခွန်းတစ်ခု မေးလို့ရမလား"

ထိုအချိန်တွင် မိုရှင်းယာသည် လင်းဖန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"မေးလေ"

ကလေးတစ်ယောက်လို ဖြစ်နေသော သူမကိုကြည့်ပြီး လင်းဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

"ဘာလို့ ကိုယ်ပိုင်သုတေသနစင်တာကို လိုချင်ရတာလဲ"

"ငါတို့ ထုတ်ကုန်တွေက ဆော့ဖ်ဝဲရော ဟတ်ဒ်ဝဲပါ တခြားသူတွေထက် သာနေပေမဲ့၊ အကြွင်းမဲ့ အားသာချက်ကို ထိန်းထားနိုင်ဖို့ ဘက်ထရီက မရှိမဖြစ်လိုအပ်တယ်"

လင်းဖန်က ခပ်အေးအေး ပြောလိုက်သည်။

ဟမ်..

ဘက်ထရီကို သုတေသနလုပ်မလို့လား..။

မိုရှင်းယာ လုံးဝ ဆွံ့အသွားသည်။ သူဌေးသည် အီလက်ထရွန်နစ်ပစ္စည်းတစ်ခုလုံးကို ခေါင်းအစ ခြေအဆုံး လွှမ်းမိုးရန် ကြံစည်နေခြင်းဖြစ်သည်။

အခြားကုမ္ပဏီများ တစ်သက်လုံး မလုပ်နိုင်သည့်အရာများသည် သူ၏ သူဌေးထံတွင်မူ ရက်အနည်းငယ်အတွင်း အကုန်အဆင်ပြေသွားသည်မှာ တကယ်ကို လူသားမဟုတ်သလိုပင်။

"ကောင်းပါပြီ၊ သုတေသနစင်တာ ဆောက်ဖို့ လူတွေကို ချက်ချင်း စီစဉ်လိုက်ပါ့မယ်။"

မိုရှင်းယာက ဆက်ပြောသည်မှာ

"ပြီးတော့ Longteng Group ရဲ့ သုတေသနဌာနကလည်း Tenglong စမတ်ဖုန်း OS ကို အခြေခံပြီး ကွန်ပျူတာ OS တစ်ခုကို ဖော်ဆောင်နေပြီလို့ သိရပါတယ်။"

"အို! ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ။ ကျန်းဖန်ကို သူတို့ရဲ့ သုတေသနအချက်အလက်တွေ နောက်မှ ငါ့ကို လာပြခိုင်းလိုက်ပါ။"

ထိုစကားကြောင့် လင်းဖန် အတော်လေး စိတ်ဝင်စားသွားသည်။

သူသည် Tenglong စမတ်ဖုန်း OS ကို စနစ်၏ အကူအညီဖြင့် တီထွင်ခဲ့သော်လည်း ယခုကဲ့သို့ ဆင့်ပွားဖန်တီးမှုများမှာ အလွန်ထူးခြားသည်။ Longteng Group တွင် လုပ်ငန်းခွဲများစွာရှိရာ အရာရာကို သူတစ်ယောက်တည်းက ပံ့ပိုးပေးနေလျှင် ထိုလုပ်ငန်းများ ရှင်သန်နေစရာ အကြောင်းမရှိပေ။ သုတေသနစင်တာတွင် ကမ္ဘာတစ်ဝှမ်းမှ လစာကြီးကြီးပေး၍ ခေါ်ယူထားသော သုတေသနပညာရှင် သောင်းနှင့်ချီ ရှိနေသည်။ သူတို့အားလုံး စုပေါင်းလိုက်ပါက မည်မျှကြီးမားသော ပြောင်းလဲမှုများ ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

"ဟုတ်ကဲ့၊ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"

လင်းဖန်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် မိုရှင်းယာသည် ဗီလာအမှတ် (၁) တွင် ထပ်မနေတော့ဘဲ ကားဂိုဒေါင်သို့ အပြေးသွားတော့သည်။ သူမအနေဖြင့် ကိုယ်ပိုင်သုတေသနစင်တာ ကိစ္စကို အမြန်ဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။

ဓာတ်ခွဲခန်းတစ်ခု ဆောက်လုပ်ခြင်းမှာ ထင်သလောက် မလွယ်ကူပေ။ အဆောက်အဦ ဆောက်ရုံသာမကဘဲ တရားဝင် ခွင့်ပြုချက်များစွာ လိုအပ်သလို အထူးခွင့်ပြုချက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ဝယ်ယူရဦးမည် ဖြစ်သည်။

....................................................

အပိုင်း ၁၅၂

Smart TV

"သူဌေး၊ 'Kaitian ONE' ရဲ့ ရောင်းအားက အခုဆိုရင် ၁၂ သန်းကျော်သွားပါပြီ။"

မွန်းလွဲ ၃ နာရီတွင် လင်းဖန် Longteng ရုံးချုပ်သို့ ရောက်ရှိလာစဉ် အုပ်စု၏ CEO ဖြစ်သူ ကျန်းဖန်က အပြေးအလွှား လာရောက်သတင်းပို့သည်။

"အင်း သိပြီ။"

လင်းဖန်သည် ထူးထူးခြားခြား တုံ့ပြန်မှုမပြဘဲ ခေါင်းငြိမ့်ပြကာ ဥက္ကဋ္ဌရုံးခန်းသို့ တန်းစီလျှောက်လှမ်းသွားသည်။

'Kaitian ONE'—တက်ဘလက် ကွန်ပျူတာများ၏ ရောင်းအားသည် နယ်ပယ်သစ်တွင် Longteng Group ၏ အောင်မြင်မှုကို အခိုင်အမာ သက်သေပြခဲ့ပြီးဖြစ်သည်။ ပုံမှန်အတိုင်း အဆင့်ဆင့် ထုတ်လုပ်သွားရန်သာရှိပြီး အခြား အထူးတလည် လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

သို့သော်လည်း အမှတ်တံဆိပ် (Brand) ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုတည်း မဟုတ်သလို၊ တစ်နေရာတည်းတွင်လည်း အမြဲရပ်တန့်မနေသင့်ပေ။ ထို့ကြောင့် တက်ဘလက် နယ်ပယ်ကို ဆက်လက်ချဲ့ထွင်ရန်မှာ ယခုအချိန်တွင် အထူးပင် အရေးကြီးလှသည်။

အမှန်စင်စစ် သူသည် သတင်းစာရှင်းလင်းပွဲ မစတင်မီကပင် ဤအကြောင်းကို တွေးတောထားပြီးဖြစ်သည်။ ယခုအခါ 'Kaitian ONE' သည် တရားဝင် ဈေးကွက်ဝင်နေပြီဖြစ်ရာ နောက်ထပ်ပစ်မှတ်ကို အစီအစဉ်ထဲ ထည့်သွင်းရတော့မည်။

ရုံးခန်းထဲသို့ ရောက်သည်နှင့် လင်းဖန်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

- "အီးကောမတ်စ် (e-commerce) ဌာနနဲ့ အရောင်းဌာနတို့က အရှိန်အဟုန်ကို ဆက်မြှင့်ထားကြ။ သုတေသနစင်တာကတော့ သတ်မှတ်ထားပြီးသား ထုတ်ကုန်တွေအပြင် ဦးတည်ချက်အသစ်တွေကိုပါ ထပ်တိုးရမယ်။"

"သူဌေး ဘာကို ဆိုလိုတာပါလဲ"

ကျန်းဖန်၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားသည်။ 'Kaitian ONE' က အခုလေးတင် ဈေးကွက်တင်ထားတာဖြစ်ပြီး Longteng မှာ အီလက်ထရွန်နစ် ထုတ်ကုန် နှစ်မျိုးပဲ ရှိသေးတာတောင်မှ အခုလို ထုတ်ကုန်သစ် ထပ်မံထုတ်လုပ်ဖို့ဆိုတာ အလောတကြီး ဖြစ်မနေဘူးလား။

လင်းဖန်က သူ့ကို အလေးအနက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။

- "PC ထုတ်ကုန်တွေဘက်မှာ တန်ရွမ်စနစ်ကို ကွန်ပျူတာ Operating System အဖြစ် မပြောင်းလဲနိုင်ဘူးဆိုရင် ကျုပ်တို့က အပြင်မှာပဲ အမြဲကျန်နေလိမ့်မယ်။"

"ဒီနယ်ပယ်မှာ Microsoft ကလွဲရင် တစ်ကမ္ဘာလုံးက ဘယ်သူမှ ဝင်တိုးဖို့ မရဲကြဘူး။"

"တရုတ်နိုင်ငံတောင် ပြည်တွင်းက နာမည်ဂုဏ်သတင်းကို အသုံးချပြီး ဒီဈေးကွက်ကို အမြန်ဆုံး သိမ်းပိုက်နိုင်ဖို့ မသေချာဘူး။ ဒါကြောင့် ကျုပ်တို့က တက်ဘလက်နဲ့ ဒက်စတော့ (Desktop) ကွန်ပျူတာ ကြားထဲက ထုတ်ကုန်တစ်ခုကို ရွေးချယ်သင့်တယ်။"

ဈေးကွက်သည် စစ်တလင်းနှင့်တူသည်။ တက်ဘလက်နယ်ပယ်ထဲ ဝင်ရောက်ရုံနှင့်ပင် Longteng Group အတွက် အခက်အခဲများစွာ ကြုံခဲ့ရသည်။ အကယ်၍ လုံးဝ မသေချာဘဲ ဒက်စတော့ နယ်ပယ်ထဲသို့သာ အဆင်ခြင်မဲ့ တိုးဝင်သွားပါက ထိုကုမ္ပဏီဟောင်းကြီးများက ၎င်းတို့၏ ဈေးကွက်ဝေစုကို လာရောက်ခွဲဝေယူမည့် 'ဝင်လာတဲ့ နဂါး' ကို ငြိမ်ကြည့်နေကြပါမည်လော...။

မိမိ၏ အမှတ်တံဆိပ်သည် ထူးချွန်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိနေပါစေဦး၊ အပိုင်ကိုင်ထားနိုင်သည့် 'တုန့်ပြန်ချက်' မရှိလျှင် ပိုမိုမြင့်မားသော အမြတ်အစွန်းကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ နောက်ဆုံးတွင် ရရှိသည်ထက် ဆုံးရှုံးသည်က ပိုများသွားပေလိမ့်မည်။

ကျန်းဖန်ကတော့ တွန့်ဆုတ်နေဆဲဖြစ်ကာ ဤပဟေဠိ၏ အဖြေကို ရှာမရသေးပေ။

"Smart TV ပေါ့။"

လင်းဖန်က အနည်းငယ် ပြုံးပြရင်း ဆက်ပြောသည်။

- "တီဗီဆိုတာ အတိတ်ကာလတုန်းက အဓိကပစ္စည်းသုံးမျိုးထဲက တစ်ခုအနေနဲ့ ကျုပ်တို့ တရုတ်လူမျိုးတွေရဲ့ စိတ်ထဲမှာ ထူးခြားတဲ့ အဆင့်အတန်းရှိခဲ့တယ်။"

"အခုဆိုရင် အင်တာနက်လှိုင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် Smart TV တွေဟာ ကွန်ပျူတာတွေအတွက် ဦးတည်ချက်အသစ် ဖြစ်လာပြီ။ သူတို့မှာလည်း စမတ် Operating System တွေ ပါဝင်လာပေမဲ့ ကွန်ပျူတာတွေနဲ့ ယှဉ်ရင် လုပ်ဆောင်ချက်တွေက ပိုပြီးရိုးရှင်းတယ်။"

ချက်ချင်းဆိုသလို ကျန်းဖန်အံ့အားသင့်သွားသည်။

Longteng Group ၏ CEO တစ်ယောက်အနေဖြင့် Smart TV ဆိုသည်မှာ သူ့အတွက် မစိမ်းပေ။ သို့သော် ဤနယ်ပယ်သည် Changhong ကဲ့သို့သော ရိုးရာ တီဗီဘုရင်ကြီးများကသာ အမြဲလွှမ်းမိုးထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ Longteng က ထိုကြားထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

"တန်ရွမ်စနစ်ပါဝင်ပြီး အပြင်ပိုင်းက Nirvana X လိုမျိုး သတ္တုကိုယ်ထည် (Full-metal casing) နဲ့ပေါ့။ ဒီနှစ်ခုပေါင်းစပ်လိုက်ရင် ထုတ်ကုန်သစ်တစ်ခု ဖြစ်လာနိုင်တယ်။"

ဉာဏ်ပြေးသည့် ကျန်းဖန်က နည်းလမ်းကို ချက်ချင်း ရိပ်မိသွားသည်။

Smart TV အတွက် အရေးကြီးဆုံးမှာ အဒပ်ပတာ (Adapter) ပင်ဖြစ်သည်။ သို့သော် ၎င်းသည် Set-top box ဖြစ်စေ၊ အခြားအရာဖြစ်စေ နောက်ဆုံးတွင် ကွန်ရက်ပြဿနာသာ ဖြစ်သည်။

ယခင်က ကွန်ရက်မတည်ငြိမ်မှုများကြောင့် Smart TV OS များ၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။

သို့သော် ယခုအခါ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ နိုင်ငံတော်က 'ကွန်ရက်သုံးမျိုး ပေါင်းစည်းခြင်း' (Triple Network Integration) ကို အားတက်သရော တွန်းအားပေးနေသဖြင့် ကွန်ရက်သည် Smart TV များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး အားသာချက် ဖြစ်လာမည်ဖြစ်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်လျှင်လည်း အိုင်တီ/အင်တာနက် ဘုရင်ကြီးများနှင့် တီဗီဘုရင်ကြီးများသည် Smart TV များအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြရာ ၎င်းမှာ ရှောင်လွှဲ၍မရသော လမ်းကြောင်းတစ်ခု ဖြစ်နေသည်။

အကယ်၍ Longteng Group သည် ဤလမ်းကြောင်းကို အမိအရဖမ်းဆုပ်ပြီး တီဗီဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့လျှင် အမှတ်တံဆိပ်၏ လွှမ်းမိုးမှုမှာ အရှိန်အဟုန်ဖြင့် ထိုးတက်သွားမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

"ကောင်းလိုက်တဲ့အကြံ"

ကျန်းဖနိ စကားကို ကြားပြီးနောက် လင်းဖန် မချီးကျူးဘဲ မနေနိုင်ဖြစ်သွားသည်။

- "Smart TV ရဲ့ ဒီဇိုင်းက Nirvana X နဲ့ Kaitian ONE တို့ ပေါင်းစပ်ထားတာဖြစ်လို့ သိပ်ပြီး အခက်အခဲ မရှိလှဘူး။"

"ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ တီဗီတွေကြားမှာ တူညီမှုတွေ ရှိတယ်။ ဒါပေမဲ့ ဖုန်းနဲ့ တက်ဘလက်တွေနဲ့ နှိုင်းယှဉ်ရင် တီဗီက ပိုပြီး အကြမ်းထည်ဆန်ပြီး နည်းပညာ သိပ်မနုနယ်ဘူး။ ဒါကြောင့် Longteng အတွက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး"

"သူဌေး၊ Smart TV တီထွင်ဖို့က မခက်ခဲပါဘူး။"

ကျန်းဖန်က အပြုံးပျက်ပျက်ဖြင့် ပြောသည်။

- "ဒါပေမဲ့ တီဗီရဲ့ အရေးကြီးဆုံးအချက်က မျက်နှာပြင် အကြီးကြီးဖြစ်နေတာပဲ။ ကျွန်တော်တို့ဆီမှာ LCD နည်းပညာ ရှိပေမဲ့ ၂၀ လက်မထက် ကြီးတာ ဘာမှမရှိဘူး။"

ထိုစကားကို ကြားသောအခါ လင်းဖန်က လက်ယမ်း၍ တည်ငြိမ်တဲ့ဟန်ပန် ထုတ်ပြလိုက်သည်။

"ကျုပ်တို့ဆီမှာ မရှိတာက တခြားသူတွေဆီမှာလည်း မရှိဘူးလို့ မဆိုလိုဘူးလေ။ Hisense၊ Sharp၊ Toshiba၊ Changhong နဲ့ TCL တို့ဟာ ကမ္ဘာ့ထိပ်တန်း တီဗီထုတ်လုပ်သူ ၁၀ ဦးစာရင်းမှာ ပါဝင်နေတာပဲ။"

"အဆိုးဆုံးအနေနဲ့ Four Star၊ Sony၊ Skyworth နဲ့ LG တို့လို ဘုရင်ကြီးတွေလည်း ရှိသေးတယ်။ ငွေပုံပေးလိုက်မယ်ဆိုရင် ကျွမ်းကျင်သူတွေ မတွေ့မှာကို စိုးရိမ်နေရဦးမလား"

ကမ္ဘာပေါ်ရှိ မည်သည့်ကုမ္ပဏီမှ Longteng Group လောက် အမြတ်အစွန်း မရရှိသလို၊ သူတို့လက်ထဲတွင်လည်း ငွေကြေးအမြောက်အမြား ရှိနေသည်။ ငွေရှိလျှင် အရာရာ ခိုင်မာပြီးသားပင်။

"သူဌေး၊ ကျွန်တော်တို့ သူတို့နဲ့ အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုး မလုပ်သင့်ဘူးလား"

ကျန်းဖန်က ထူးခြားသည့် အကြံပြုချက်တစ်ခု ပေးလိုက်သည်။ ဤမျှ အားထုတ်စရာမလိုဘဲ တီဗီရဲ့ တည်ဆောက်ပုံနဲ့ အခြားအပိုင်းတွေကို သူတို့ဆီမှာ ထားခဲ့ပြီး သုတေသနလုပ်ခိုင်းတာ ပိုမကောင်းဘူးလား။

Longteng အနေဖြင့် အရေးကြီးဆုံး စနစ်ကိုသာ ထိန်းချုပ်ထားလျှင် အသာစီးရနေပြီဖြစ်သည်။

"မဖြစ်ဘူး။"

သူ စကားမဆုံးမီ လင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

- "Longteng ဟာ အစကတည်းက သန့်စင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ခဲ့တာ။ ဘယ်ထုတ်ကုန်ပဲဖြစ်ဖြစ် အခြား အထူးအချက်တွေကို ထည့်သွင်းလို့ မဖြစ်ဘူး။"

"ငါတို့က Apple လျှောက်ခဲ့တဲ့ လမ်းထက် ပိုပြီးဝေးဝေး သွားချင်တာ။"

နောက်ပြောင်နေခြင်း မဟုတ်ပေ။ ပြည်တွင်း အမှတ်တံဆိပ် အများစုသည် မသန့်စင်ဘဲ နေရာအနှံ့မှ မှာယူထုတ်လုပ်နေကြသဖြင့် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု (Made in China) သည် ကမ္ဘာ့အလယ်တွင် အမြဲ မေးခွန်းထုတ်ခံနေရခြင်း ဖြစ်သည်။

Longteng Group သည် အစကတည်းက သီးခြားလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ Nirvana X ဖြစ်စေ၊ Kaitian ONE ဖြစ်စေ၊ ခေါင်းအစ ခြေအဆုံးအထိ ကိုယ်တိုင် သုတေသနလုပ်ပြီး ထုတ်လုပ်ခဲ့ကာ လုံးဝ လွတ်လပ်သော အမှတ်တံဆိပ်တစ်ခုကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ယခုမှ အဆင်ပြေရုံလေးအတွက် မူလက စွဲကိုင်ခဲ့သော လွတ်လပ်မှုကို စွန့်လွှတ်ပြီး တီဗီထုတ်လုပ်သူ အကြီးစားကြီးများနှင့် ပူးပေါင်းလိုက်မည်ဆိုပါက၊ ပြည်တွင်းလုပ်ငန်းဟောင်းကြီးများ၏ လမ်းဟောင်းအတိုင်း ပြန်လျှောက်သလို ဖြစ်မသွားပေဘူးလား။

မှန်ပါသည်၊ ပူးပေါင်းဆောင်ရွက်ခြင်းက ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်မှာ အမှန်ပင်။ သို့သော် ကုန်ကျစရိတ် လျော့နည်းသွားသည်နှင့်အမျှ အရည်အသွေးကို မိမိကိုယ်တိုင် မထိန်းချုပ်နိုင်တော့ပေ။ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက နောင်တရရန် နောက်ကျသွားပေလိမ့်မည်။

လင်းဖန် လိုချင်သည့်အရာမှာ ရိုးရှင်းပါသည်။ ကမ္ဘာ့အလယ်တွင် ဝင့်ကြွားစွာ ရပ်တည်နိုင်မည့် အားကောင်းသော အမှတ်တံဆိပ် (Brand) တစ်ခုကိုသာ သူ လိုချင်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ။"

ကျန်းဖန်အနေဖြင့် လုံးဝ ကျေနပ်သွားခြင်း မရှိသေးသော်လည်း၊ စီးပွားရေးနယ်ပယ်တွင် သူ ဆယ်ယောက်ပေါင်းလျှင်ပင် သူဌေးတစ်ယောက်ကို မယှဉ်နိုင်ကြောင်း ကောင်းစွာ သိရှိထားသဖြင့် နာခံခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတော့သည်။

..........................................................

All Chapters