← Chapters

ပြန်ပေးဆပ်မယ်

Vol. 10 Ch. 953

ပြန်ပေးဆပ်မယ်

Vol. 10 Ch. 953

မိန်းကလေး (၂)ယောက်က ရှေ့မှသွားနှင့်ပြီး ခုံရွှမ်းကတော့ ဆန်းလျန်ကိုအဖော်ပြုကာ ဇာမဏီနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ခဲ့ကြသည်။

ဇာမဏီနတ်ဘုရားနန်းတော် ခန်းမအတွင်းသို့ ဝင်လိုက်မိသည်နှင့် ဆန်းလျန် မျက်မှောင်တစ်ချက်ကြုတ်လိုက်မိသည်။

"ရော့ရှီမရှိတော့ဘူးပဲ…"

ခုံရွှမ်းက ပြုံးလိုက်ပြီး…

"မနေ့က ကျုပ်သူ့ကို လွှတ်ပေးလိုက်ပြီ…"

ခုံရွှမ်း၏ စကားကြောင့် ကွေလိ အလွန်တရာ အံ့အားသင့်သွားပြီး ကျင့်စူးကတော့ အတွေးနက်နေလေသည်။

ဆန်းရော့ရှီက သူမ ထွက်ခွာသွားသည်ကို ဆန်းလျန်မသိအောင် ဖုံးကွယ်ထားနိုင်သည်မှာ မယုံနိုင်စရာ ကိစ္စပင် ဖြစ်သည်။

ကွေလိနှင့် ကျင့်စူးတို့ကတော့ မည်သို့မှ မယုံနိုင်အောင် ဖြစ်နေကြလေတော့သည်။

ဆန်းလျန်က ဂရုမစိုက်မိသည့်အတွက် သတိမထားမိခြင်းလည်းဖြစ်နိုင်လေသည်။ မဟုတ်ပါက ဆန်းလျန်ထံမှ မည်သည့်အရာကိုမဆို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ ဆန်းလျန် မသိလိုက်ခြင်းက အံ့သြစရာကိစ္စတစ်ခုပင် ဖြစ်၏။

ဆန်းလျန်က ညည်းတွားသံတစ်ချက်ပြုလိုက်ပြီး…

"ကွေလိ… စောစောက မင်း ကျုပ်ကို လက်ဖက်ရည်တိုက်မလို့ဆို ၊ သွား… ကျင့်စူးနဲ့အတူ လက်ဖက်ရည် သွားပြင်ဆင်ချေ…"

ဆန်းလျန်၏ စကားကြောင့် ကွေလိက ခုံရွှမ်းကို စိတ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်သည်။

ခုံရွှမ်းက အေးဆေးသည့်လေသံဖြင့်…

"မင်းတို့သွားကြပါ…"

ခုံရွှမ်းပြောလိုက်တော့မှ ကွေလိ စိတ်သက်သာရာရသွားပြီး မသွားချင်သေးဘဲ ပေကပ်ကပ်လုပ်နေသည့် ကျင့်စူးကိုး အတင်းဆွဲခေါ်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားလေတော့သည်။

ကျင့်စူးမှာ ကွေလိကို မကျေမနပ်ဖြစ်ပြီး မျက်ရည်များပင် ဝဲလာလေသည်။ သို့သော်… ကွေလိက သူမကို အရေးမစိုက်ပေ။

ကွေလိနှင့် ကျင့်စူးထွက်ခွာသွားသည်နှင့် ခန်းမကြီးက ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဆန်းလျန်နှင့် ခုံရွှမ်းသာ ထိုင်လျှက်ကျန်ခဲ့ကြပြီး လေထုကလည်း ငြိမ်သက်လျှက်ရှိ၏။

အတန်ကြာမှ ခုံရွှမ်းက…

"ကျုပ်ရဲ့ ဇာမဏီနတ်ဘုရားနန်းတော်က ဘယ်လိုနေလဲ…"

ဆန်းလျန်က…

"အရမ်းကောင်းတယ်…"

ခုံရွှမ်းက…

"တကယ်တော့… အရာဝတ္ထုတွေ ဘယ်လောက်ကောင်းကောင်း ဘာအဓိပ္ပါယ်မှ မရှိပါဘူး ၊ အိပ်မက်လိုပါပဲ ဟုတ်တယ်မလား ၊ ခင်ဗျားက ကျုပ်ထက်ပိုသိမှာပါလေ ၊ ဒါပေမဲ့ ဒီလိုအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုချဉ်းကပ်လဲဆိုတာတော့ ကျုပ်နားမလည်နိုင်ပါဘူး…"

ဆန်းလျန်က…

"လုန်ဟန့်ခေတ်ဦးပိုင်းမှာ မင်း မွေးဖွားသင့်တာ ၊ အဲဒီအချိန်တုန်းက သက်ရှိတွေ သိပ်မရှိသေးဘူး ၊ လူသားတွေတောင် မဖြစ်တည်သေးဘူးလေ ၊ စိတ်စွမ်းအားကသာ အဓိကကျတဲ့ အချိန်ပေါ့ ၊ မင်းတို့လိုမျိုး နတ်ဘုရားတွေ ၊ နတ်မိစ္ဆာတွေက သူတို့လုပ်ချင်တာကို လုပ်ခွင့်ရှိတယ် ၊ ဘာကိုမှ အရေးစိုက်စရာလည်းမလိုဘူး ၊ အဲဒီခေတ်မှာ စံသတ်မှတ်ချက် တစ်ခုပဲ ရှိတယ် ၊ ထစ်ခနဲဆိုတာနဲ့ တိုက်ခိုက်သတ်ဖြတ်ပြီး အရာရာကို ဆုံးဖြတ်ကြတာလေ…"

ခုံရွှမ်းက ပြုံးလိုက်ပြီး…

"ဒီနေ့အထိ အဲဒီလိုပဲ မဟုတ်ဘူးလား ၊ အဲဒီနည်းနဲ့ဖြေရှင်းနည်းက အမှန်တရားပဲလေ…"

ဆန်းလျန်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။

သူ့ကိုကြည့်ရသည်မှာ ငြိမ်သက်နေသည့် လေပြေပမာ ၊ စီးဆင်းနေသည့် စမ်းရေပမာဖြစ်ပြီး တွေ့မြင်ရသူများကို နက်ရှိုင်းသည့်ခံစားချက် ဖြစ်ပေါ်စေသည်။

ဆန်းလျန်က တိုးလျသည့်လေသံဖြင့်…

"ဒါကို အမှန်တရားလို့ မင်းဘက်က လက်ခံတယ်ဆိုရင်တော့ စောစောက အကြောင်းအရာအပေါ်မှာ ကျုပ်ဘယ်လို ချဉ်းကပ်သလဲဆိုတာကို မင်း နားလည်မှာပါ…"

ဆန်းလျန်၏စကားကြောင့် ခုံရွှမ်း မရယ်မောဘဲ မနေနိုင်တော့ပေ။

ခုံရွှမ်းက…

"ခင်ဗျားက တကယ်လက်တွေ့ကျတဲ့သူပဲ ၊ ကျုပ် ဒီမေးခွန်းကို ခင်ဗျားကို မမေးခဲ့သင့်ဘူးဗျာ…"

ထို့နောက် ဆန်းလျန်၏ မျက်နှာအမူရာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက လေသံခပ်အေးအေးဖြင့်…

"မင်း ရော့ရှီကို လွှတ်ပေးလိုက်တာ ကျုပ်တောင် မသိလိုက်ဘူး ၊ သူကလည်း ကျုပ်သတိမထားမိအောင် ပုန်းကွယ်ပြီး ထွက်သွားတယ် ၊ အဲဒီမှာ ကျုပ်နားလည်လိုက်တာက တာအိုဆရာသခင်ကြီးတစ်ပါးက သံသရာကို ကျော်လွန်သွားရင်တောင် လောကီရေးရာတွေကို ခြယ်လှယ်ဖို့ နည်းလမ်းရှိနေသေးတယ်ဆိုတာ သိလိုက်ရတယ် ၊ ဟုတ်တယ်မလား…"

ခုံရွှမ်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ခင်ဗျားကို ဘယ်အရာမှ ဖုံးကွယ်မထားနိုင်ဘူးပဲ ၊ တကယ်တော့ ခင်ဗျားကို ဇာမဏီနတ်ဘုရားနန်းတော်ကို ဖိတ်ခေါ်ရတာကလည်း ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားတစ်ခွန်းကို ပါးဖို့ပါ…"

ဆန်းလျန်က…

"အဲဒီပုဂ္ဂိုလ်က စန့်ချင်တာအိုဆရာသခင်လား ၊ မင်းနောက်ကွယ်မှာ ရှိနေတာ သူလား…"

ခုံရွှမ်းက ခေါင်းခါယမ်းလိုက်သည်။

ဆန်းလျန်က တည်ကြည်သည့်မျက်နှာထားဖြင့်…

"ဒါဖြင့် ဗုဒ္ဓပေါ့…"

ခုံရွှမ်းက အံ့အားသင့်စွာဖြင့်…

"ခင်ဗျား ဗောဓိဘိုးဘိုးလို့ ပြောမယ်ထင်နေတာ ၊ ဗုဒ္ဓလို့ ဘာလို့ တန်းသိရတာလဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"နောက်ဆုံးတော့ ကျုပ်တို့ ဗောဓိပင်ကို တွေ့ရပြီပေါ့…"

ခုံရွှမ်း၏ မျက်နှာထက်တွင် မနာလိုအားကျမှုနှင့် နောင်တရမှုများကို တွေ့လိုက်ရသည်။

ဆန်းလျန်က…

"ကျုပ် အခု နားလည်သွားပြီ ၊ ကျုပ် ဆန်းလျန် ကျင့်ကြံခဲ့တဲ့ တာအိုလမ်းစဉ်ဟာ စန့်ချင်တာအိုဆရာသခင်ကြီးရဲ့ ဆိုပေမယ့် ဗုဒ္ဓက ကျုပ်အတွက် ပေးခဲ့တာပဲ ၊ ဗုဒ္ဓ သံသရာကို ကျော်လွန်သွားပြီး စန့်ချင်တာအိုဆရာသခင်ရဲ့ ကျင့်စဉ်ကို ကျုပ်အတွက် ထားခဲ့တယ် ၊ ဒါကြောင့် ကျုပ်က အဲဒီကျင့်စဉ်ကို ကျင့်ကြံပြီး ရဲ့လျိုယွင်သွားရမယ့် ချင်းရွှမ်နတ်တံခါးကို ကိုယ်စားရောက်သွားခဲ့တယ် ၊ တာအိုဆရာသခင်ထိုက်ယီနဲ့ ဗုဒ္ဓရဲ့ ပြိုင်ပွဲက တကယ်ပဲ ဖြစ်ခဲ့ကြတာကိုး ၊ သူတို့ သံသရာကို ကျော်လွန်သွားခဲ့ကြတာတောင်မှ သူတို့ဟာ ပြိုင်ပွဲကို ဆက်ပြိုင်နေကြသေးတယ်…"

ယနေ့ သူရရှိခဲ့သည့် အောင်မြင်မှုများမှာ နောက်ကွယ်မှ ကြီးမားသည့် ထောက်ပံ့မှုကြီးတစ်ခုရှိကြောင်း ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် … သူရရှိသည့် အောင်မြင်မှု အားလုံးကတော့ ဗုဒ္ဓ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည် မဟုတ်ပေ။

သူရရှိသည့် အောင်မြင်မှုများက ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီ၏ ပြိုင်ပွဲကြောင့် ရရှိလာသည့် ရလဒ်ဖြစ်၏။ သူက အခွင့်အရေးကို မတော်တဆ ရရှိခဲ့ပြီး နတ်ဘုရားတစ်ပါးအဖြစ် ကျင့်ကြံနိုင်ခဲ့သည်။

သို့သော်…နောက်ပိုင်း ဆန်းလျန်က အတိတ်ကို ဖြတ်တောက်ခဲ့သည့်အတွက် ထိုဇာတ်လမ်းက အစသို့ ပြန်လည်ရောက်ရှိသွားပြီး တစ်ပတ်ပြန်လည်လာနိုင်တော့မည် မဟုတ်ပေ။

အခြားတာအိုဆရာသခင်ကြီးများ ပါဝင်ပတ်သက်ခြင်း ရှိနိုင်သော်လည်း ကစားပွဲ၏ အဓိကပုဂ္ဂိုလ်များကတော့ ဗုဒ္ဓနှင့် တာအိုဆရာသခင်ထိုက်ယီသာ ဖြစ်၏။

ဆန်းလျန်ကတော့ ထိုကစားပွဲတွင် ပါဝင်ပတ်သက်မိပြီး နဝမမြောက်တာအိုဆရာသခင်ကြီးပင် ဖြစ်ခွင့်ရတော့မည် ဖြစ်သည်။

သို့သော်… သူ တကယ်ပဲ သံသရာကို ကျော်လွန်နိုင်မည်လား ၊ မကျော်လွန်နိုင်ဘူးလားဆိုသည်ကို သူကိုယ်တိုင်လည်း မသိရှိသေးပေ။

ဗုဒ္ဓရော တာအိုဆရာသခင်ထိုက်ယီပါ သံသရာကို ကျော်လွန်သွားကြသည့်တိုင် အဘယ့်ကြောင့် ဆက်လက် ယှဉ်ပြိုင်နေရပါသေးသနည်း။ ဆန်းလျန်လည်း အဖြေကို မသိရှိပေ။

တည်ဆောက်ထားသည့်ဇာတ်အိမ်အရဆိုလျှင် သူ့နေရာတွင် ရဲ့လျိုယွင် ဖြစ်ရမည်ဖြစ်သည်။ ရဲ့လျိုယွင်သာလျှင် ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်ပြီး နောက်ဆုံးတွင်သံသရာကို ကျော်လွန်တာ တာအိုဆရာသခင်ကြီး ဖြစ်သွားမည် ဖြစ်၏။

နောက်ဆုံးတော့… စန့်ချင်တာအိုဆရာသခင် ၊ တာအိုဆရာသခင်ထိုက်ယီနှင့် ချင်တိဧကရာဇ်တို့သည် တစ်ယောက်တည်းဖြစ်ကြပြီး သူတို့အားလုံး တာအိုဆရာသခင်ကြီးများ ဖြစ်သွားပေလိမ့်မည်။

ဗုဒ္ဓသည် စန့်ချင်တာအိုဆရာသခင်နှင့် ခင်မင်သူများဖြစ်သည့်အတိုင် အဘယ့်ကြောင့် တာအိုဆရာသခင်ထိုက်ယီနှင့် အဆုံးမသတ်နိုင်အောင် ယှဉ်ပြိုင်မှုများ ပြုခဲ့ပြီး အဘယ့်ကြောင့် ချင်တိဧကရာဇ် တာအိုဆရာသခင်ကြီးဖြစ်မလာစေရန် ကြားဝင်နှောက်ယှက်ခဲ့ပါသနည်း။

ထိုအဖြေကို တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာမှသာလျှင် နားလည်နိုင်ပေလိမ့်မည်။

ခုံရွှမ်းက…

"ပြောရရင်… ကျုပ်လည်း ခင်ဗျားကို ကျေးဇူးတင်သင့်တယ် ၊ ခင်ဗျားကြောင့်သာမဟုတ်ရင် 'နေနှင့်လကိုကျော်လွန် အမှောင်ထုသည်မရှိမှု ဖြစ်၏' ဆိုတဲ့အကြောင်းအရာကို ကျုပ် နားလည်ခဲ့မှာ မဟုတ်ဘူး…"

ဆန်းလျန်က…

"ဗုဒ္ဓပြောမယ့်အမှာစကားကို ကျုပ်သိပြီ ၊ သူက သူနဲ့ပတ်သက်ပြီး ကျုပ်အခုလို အောင်မြင်လာတဲ့အတွက် ပြန်ပေးဆပ်စေချင်တာ မဟုတ်လား…"

ခုံရွှမ်းက…

"ခင်ဗျား ခန့်မှန်းတဲ့အတိုင်းပါပဲ…"

ဆန်းလျန်က…

"ဒါဖြင့် ကျုပ် ဗုဒ္ဓကို ပြန်ပေးဆပ်ပါ့မယ် ၊ ကျုပ် ဆန်းလျန်က ဗုဒ္ဓအပေါ် ဘာအကြွေးမှ မတင်လိုပါဘူး…"

ဆန်းလျန်၏ စကားကြောင့် ခုံရွှမ်း အံ့အားသင့်သွားပြီး…

"ခင်ဗျား အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဒါက အဖြေပဲလေ ၊ ကျုပ် အခုလိုပြောတာကို ဗုဒ္ဓသာသိရင် ဝမ်းမြောက်မှာပါ…"

ခုံရွှမ်း ဆန်းလျန်ကို နားမလည်နိုင်တော့ပေ။

"သူသိရင် ဝမ်းမြောက်မှာလား…"

ဆန်းလျန်က…

"ကျုပ် သံသရာကိုကျော်လွန်သွားတဲ့အခါ မင်းနားလည်လာပါလိမ့်မယ်…"

ခုံရွှမ်း စိတ်ထဲမှတွေးလိုက်သည်။

"ခင်ဗျားက စိတ်ကြီးဝင်နေတာပဲ ၊ ဗုဒ္ဓကို အကြွေးတင်နေတဲ့သူတစ်ယောက်က ဘယ်လိုလုပ် သံသရာကို ကျော်လွန်နိုင်မှာတဲ့လဲ…"

ခုံရွှမ်း၏ အတွေးများကို ဆန်းလျန် သိမြင်သော်လည်း မည်သည့်စကားမှ ဆက်မပြောတော့ပေ။

ခေတ္တမျှကြာမှ ဆန်းလျန်က…

"လက်ဖက်ရည်လာပြီ…"

လက်ဖက်ရည်ဗန်းကိုသယ်ပြီး ကွေလိနှင့် ကျင့်စူး ခန်းမထဲသို့ ပြန်ဝင်လာကြလေသည်။

ဇာမဏီငှက်ပုံသဏ္ဍန်လက်ဖက်ရည်အငွေ့များက လေထဲတွင် ပျံ့လွင့်နေလေသည်။

ဘိုးဘေးဇာမဏီငှက်သည် လက်ဖက်ပင်ထက်တွင် တရားဓမ္မဟောကြားခဲ့ဖူးသည်။

ထို့ပြင် ကွေလိကလည်း လက်ဖက်ရည်ကို ဇာမဏီမီးတောက်ဖြင့် ကြိုချက်လာခြင်း ဖြစ်လေရာလက်ဖက်ရည်က ဇာမဏီတန်ခိုးစွမ်းအားမျာဖြင့် ပြည့်ဝပြီး ဇာမဏီငှက်ပုံသဏ္ဍန် လွင့်ပျံနေကြခြင်း ဖြစ်၏။

ခုံရွှမ်းက အံ့အားသင့်သွားပြီး…

"မင်းတို့ကို ဘယ်သူ ဝင်လာခိုင်းလို့လဲ…"

ကွေလိက…

"ဦးလေးပဲ ကျွန်မတို့ကို ဝင်လာဖို့ ပြောလိုက်တာ မဟုတ်ဘူးလား…"

ခုံရွှမ်းက…

"ကျုပ် မပြောပါဘူး…"

ခုံရွှမ်း ဆန်းလျန်ကို လှည့်ကြည့်လိုက်သည်။

ဆန်းလျန်က သူ့ဟန်ဆောင်ကာ ကွေလိနှင့်ကျင့်စူးကို ခန်းမထဲဝင်လာရန် စိတ်စွမ်းအားဖြင့် ပြောလိုက်ဟန် ရှိသည်။ ခုံရွှမ်း ပိုပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

ကွေလိက မွှေးပျံ့နေသည့် ဘိုးဘွားပိုင် လက်ဖက်ခြောက်အကောင်းစားဖြင့် ဆန်းလျန်ကို ဧည့်ခံခြင်း ဖြစ်၏။ သို့သော်… လက်ဖက်ရည်က အရသာမရှိပေ။

သို့သော်… ဆန်းလျန်ကလည်း လက်ဖက်ရည်ကို အရသာခံမသောက်ဘဲ ရေသောက်သလို အငမ်းမရပင် သောက်ပစ်လိုက်သည်။ ဆန်းလျန်တစ်ယောက်တည်းသောက်လိုက်သည်မှာ လက်ဖက်ရည်များ ကုန်သွားတော့၏။

ကျင့်စူးက ဆန်းလျန်ကိုကြည့်ပြီး မျက်လုံးတစ်ချက်လှန်လိုက်ရင်း…

"ကွေလိ… နင့်မှာ ကောင်းတဲ့အစားအသောက်တွေရှိရင် ဆန်းလျန်ကို မကျွေးနဲ့ ၊ ငါ့ကိုပဲ ကျွေးတော့… ၊ မဟုတ်ရင် အကုန်စားပစ်လိမ့်မယ်…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်က ကျန့်ယွမ်ကျီနတ်မင်းကြီးဆီက လူသားပုံသဏ္ဍန်ဂျင်ဆင်းသစ်သီးသွားတောင်းပြီး မင်းတို့ (၂)ယောက်ကို ကျွေးမလို့ ၊ အခုတော့ မင်းကို မကျွေးနိုင်တာ့ဘူး… ကျင့်စူး ၊ ကွေလိကိုပဲ ကျွေးတော့မယ်…"

ကျင့်စူးက…

"ကွေလိ… ၊ နင်တို့ ဘိုးဘွားပိုင် လက်ဖက်ခြောက်တွေ ကျန်သေးလား ၊ ကျန်သေးရန် ဆန်းလျန် ပြန်ရင် လက်ဆောင်ထည့်ပေးလိုက်ဦးဟဲ့…"

ကျင့်စူးနောက်ပြောင်လိုက်သည့်အတွက် ကွေလိရယ်မောလိုက်သည်။

မိန်းကလေး (၂)ယောက် ရောက်လာသည်နှင့် ခန်းမထဲရှိ အေးစက်သည့်လေထုက အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားလေသည်။

ဇာမဏီနတ်ဘုရားနန်းတော်မှ ရော့ရှီထွက်သွားပြီကို သိရှိသည့်နောက် ဆန်းလျန်ကလည်း တူမဖြစ်သူကို ရှာဖွေရန် အလျှင်မလိုတော့ပေ။

ထို့နောက် သူက ခုံရွှမ်းနှင့် တာအိုတရားအကြောင်း ဆက်လက် ဆွေးနွေးလေသည်။

ဆန်းလျန်က သူ့ကို တာအိုတရားနှင့်ပတ်သက်သည်များကို မခြွင်းမချန် ရှင်းလင်းပြလိမ့်မည်ဟု ခုံရွှမ်း မျှော်လင့်မထားခဲ့ပေ။ ယခုတော့ ဆန်းလျန်က ယင် နှင့် ယန် သဘောတရားများအားလုံးကို ခုံရွှမ်းသိအောင် ရှင်းလင်းပြောပြနေလေသည်။

ဇာမဏီငှက်မျိုးနွယ်တို့၏ ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားသည် ဒြပ်စင် (၅)မျိုးနှင့် ဆက်စပ်နေသည်။ ထို ဒြပ်စင် (၅)မျိုးက ယင်နှင့်ယန်ဖြင့် ဆက်စပ်နေသည်။

ထို့ကြောင့် ခုံရွှမ်းအနေဖြင့် စကြာဝဠာတွင်းမှ ဒြပ်စင်စွမ်းအား (၅)မျိုးကို ချိတ်ဆက်ကာ ကျင့်စဉ် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။

ဆန်းလျန်ပြောသည့် တာအိုတရားများကို နားထောင်ရင်း ကျင့်စူး၏မျက်ဝန်းများ ပိုမို တောက်ပလာကြသည်။

ခန်းမထဲရှိ လူ (၄)ယောက်တွင် ကွေလိက ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်နေလေရာ သူမက ဆန်းလျန်ပြောသည့်စကားများကို နားလည်ရခက်နေသော်လည်း နောင်တစ်ချိန်တွင်တော့ ကောင်းမွန်စွာ နားလည်လာပေလိမ့်မည်။

***

All Chapters