ကျင့်ကြံရာဝယ်
Vol. 10 Ch. 954
ဆန်းလျန်နှင့် ခုံရွှမ်း တာအိုတရားဆွေးနွေးနေသည်မှာ အချိန်မည်မျှကြာသွားသည် မသိပေ။
ဆန်းလျန်၏ ခန္ဓာကိုယ်တွင် ယန်နှင့်ယန် လှည့်ပတ်နေပြီး တန်ခိုးစွမ်းအားအဖြစ် သိပ်သည်းလာလေသည်။
တစ်ချိန်တည်းမှာပင် ခန်းမဆောင်ကြီးတစ်ခုလုံး တာအိုကာရံညီနေပြီး ဇာမဏီနတ်ဘုရားနန်းတော်မှ ဇာမဏီငှက်များနှင့် ၊ ဇာမဏီငှက်အနွယ်ဝင် ငှက်မျိုးနွယ်များအားလုံးသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြလေသည်။
ငှက်ပေါင်းတစ်သောင်းက ဇာမဏီငှက်မင်းကို ခစားကြသည်ဟု အဆိုရှိသည်။
ယခုတော့ ဇာမဏီငှက်ပေါင်းတစ်သောင်းက ဆန်းလျန်ကို ခစားနေကြပြီ ဖြစ်သည်။
ဇာမဏီငှက်များသည် တာအိုမဟာလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန် အခြားသူများထက် ပိုမိုလွယ်ကူသူများ ဖြစ်ကြသည်။ ထို့ကြောင့်… ဆန်းလျန်၏ မြင့်မြတ်သည့် တာအိုတရားကို ကြားနာရသည့်အခါ သူတို့၏ ပုံသဏ္ဍန်အမှန်များကို ဖွင့်လှစ်ပြသကြပြီး ဂါရဝပြုကြခြင်း ဖြစ်၏။
ခုံရွှမ်းနှင့် ကွေလိမှလွဲပြီး ဇာမဏီနတ်ဘုရားနန်းတော်မှ ငှက်များအားလုံး မူလပုံသဏ္ဍန်အတိုင်း ပျံသန်းနေကြတော့သည်။
ဇာမဏီငှက်တေးသီကျူးသံများလည်း နေရာအနှံ့မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ ကျောက်တုံးများပင် ကွဲအက်ကုန်ကြလေသည်။
နောက်ဆုံးတော့ ဆန်းလျန်နှင့် ခုံရွှမ်း တာအိုတရားဆွေးနွေးခြင်း ပြီးဆုံးသွားကြသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အချိန်ကိုတောင်မေ့နေတာ ၊ 'လန့်ခဲ' လိုတော့ ဖြစ်ကုန်ပြီ ၊ လူ့လောကမှာ နှစ်ပေါင်း (၅၀)တောင် ကြာသွားပြီပဲ…"
"လန့်ခဲ"ဆိုသည်မှာ ဒဏ္ဍာရီထဲမှ သစ်ခုတ်သမားတစ်ယောက် ဖြစ်သည်။
သူက တောင်ပေါ်သို့သွားပြီး ထင်းခုတ်လေ့ရှိသည်။
တစ်နေ့ သစ်ခုတ်ရန် တောင်ပေါ်သို့ တက်လာချိန်တွင် စစ်တုရင်ကစားရင်း သီချင်းဆိုနေကြသည့် လူငယ်လေးများကို တွေ့လိုက်ရသည်။
သစ်ခုတ်သမားက ထိုလူငယ်များဆိုသည့် သီချင်းကို နားထောင်နေစဉ်မှာပင် လူငယ်လေးတစ်ယောက်က သစ်ခုတ်သမားကို ဇီးသီးစေ့အရွယ် ဆေးလုံးလေးတစ်လုံးပေးလိုက်သည်။
လန့်ခဲက ထိုဆေးလုံးကို စားလိုက်သည့်အခါ ဆာလောင်ခြင်းကို မခံစားရတော့ဘဲ တောထဲတွင် စိတ်အေးချမ်းသာယာစွာဖြင့် ထိုင်နေပြီး လူငယ်လေးများသီဆိုသည့် တေးသီချင်းကို နားထောင်နေလေသည်။
နောက်တော့ လူငယ်လေးတစ်ယောက်က သူ့ကို မေးလိုက်၏။
"မင်း ဘာလို့ မသွားသေးတာလဲ…"
ထိုအခါမှ လန့်ခဲသတိဝင်လာပြီ မတ်တတ်ထရပ်လိုက်သည်။
ပုဆိန်ကိုကောက်ကိုင်လိုက်သည့်အခါ ပုဆိန်မှာ သံချေးတက်လျှက် ရှိလေသည်။
သူ ရွာသို့ ပြန်ရောက်လာသည့်အခါ သူနှင့်သိကျွမ်းခဲ့သူများအားလုံး တစ်ယောက်မှ မရှိကြတော့ပေ။ သူ ရွာမှ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း (၅၀)ရှိခဲ့ပြီး ယခုမှ ထူးထူးဆန်းဆန်း ပြန်ရောက်လာရခြင်း ဖြစ်လေတော့သည်။
ဆန်းလျန်နှင့်ခုံရွှမ်းတို့ တာအိုတရားအကြောင်းပြောနေကြသည်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။
နှစ်ပေါင်း (၅၀) ကုန်ဆုံးသွားသည့်တိုင် ကျင့်စူးနှင့် ကွေလိတို့မှာလည်း တစ်ခဏဟုသာ ထင်မှတ်နေကြသည်။
ထို့နောက် ဆန်းလျန် ဇာမဏီနတ်ဘုရားနန်းတော်မှ ပြန်လာခဲ့လေသည်။
ယခု ဆန်းလျန်သည် ထျန်းရှန်းဝူထိုက်မှ ထိုက်ကျိကိုယ်ခွဲဖြင့် လောကအလယ်တွင် လှည့်လည်သွားလာနေခြင်း ဖြစ်လေသည်။ သို့သော်… သူက ဆန်းလျန်အစစ်နှင့်ခွဲခြားမရအောင်တူညီပြီး ကျင့်ကြံခြင်းအဆင့်ကလည်း ဟွင့်ယွမ်ဝူကျီအဆင့်ပင်ဖြစ်သည်။
တာအိုတရားက အခြေခံကျပြီး နူးညံ့သိမ်မွေ့သည်။ လောကကို သိမြင်နားလည်နိုင်ပြီး အရာရာက မရေရာသည်ကို သိရှိနိုင်သည်။
တာအိုတရားသည် ဘဝအပေါ် မရှိမဖြစ်လိုအပ်သော သဘောထားအမြင်နှင့် စဉ်းစားတွေးခေါ်နိုင်မှု ပုံစံလည်း ဖြစ်သည်။
တာအိုလမ်းကို မည်သူမဆို ကိုယ်တိုင်လျှောက်လှမ်းနိုင်သည်။
ထိုအကြောင်းအရာများအားလုံးကို အရင်ဆုံး စတင်သိရှိခဲ့သူမှာ ထိုက်စန့်လောင်ကျွင်း ဖြစ်၏။ ထို့နောက် ကျွမ်ကျီက သိရှိလာခဲ့သည်။ ကျွမ်ကျီပြီးနောက် မည်သူမှ မသိရှိတော့ပေ။
ဆန်းလျန်နှင့် ခုံရွှမ်း (၂)ဦးလုံးသည် ထိုအဆင့်သို့ မရောက်ကြသေးပေ။ သို့သော်… တစ်ချိန်ချိန်တွင် သူတို့လည်း သိရှိနားလည်လာကြမည် ဖြစ်သည်။
ဆန်းလျန်သည် လောကအလယ် လှည့်လည်သွားလာရင်း ထိုက်ချိယင်ယန် တရားဓမ္မကို ပိုမိုနားလည်လာသည်။ နောက်ဆုံး ထိုက်ချိယင်ယန်သင်္ကေတက သူ့နှလုံးသားထဲတွင် ထွက်ပေါ်လာသည်။ ထိုသေင်္ကတသည် ထိုက်ချိယန်ယန်၏ အနှစ်သာရ ဖြစ်၏။
ထိုက်ချိယင်ယန်သင်္ကေတအတွင်းမှ အစက်ငယ်လေး (၂)စက်သည် ယင် နှင့် ယန် ကို ချဉ်းကပ်သည့် နည်းလမ်းပင် ဖြစ်သည်။
ထိုက်ချိယန်ယန်အနှစ်သာရကို သိရှိနားလည်လာသည်နှင့် ဆန်းလျန်၏ ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တစ်ခု ဖြစ်တည်လာသည်။ ထိုတိမ်တိုက်မှ အလင်တန်းများက ဆန်းလျန်၏ဦးခေါင်းထက်သို့ စီးဆင်းကျနေပြီး မိုးရေများ စီးဆင်းကျနေသည့်အလား ထင်မှတ်ရလေသည်။
"ဘိုးဘိုး ၊ ဟိုလူကိုကြည့်ပါဦး ၊ ထူးဆန်းလိုက်တာ ၊ သူ့ခေါင်းပေါ်မှာပဲ ဘာလို့ မိုးကကွက်ပြီး ရွာနေရတာလဲ မသိဘူး…"
ကလေးငယ်လေးတစ်ယောက်၏ အသံစာစာလေးက လူသူကင်းမဲ့သည့် ကန္တာရတစ်နေရာမှ ထွက်ပေါ်လာလေသည်။
ထိုနေရာတွင် နွားလှည်းတစ်စီးရှိနေပြီး အဘိုးအဘွား ဇနီးမောင်နှံနှင့် မြေးငယ်လေးတို့ ကန္တာရကို ဖြတ်ကျော်မောင်းနှင်လာကြခြင်း ဖြစ်သည်။
အဘိုးအိုက မြေးငယ်လေး လက်ညှိုးညွှန်ပြရာနေရာသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအခါ တာအိုဆရာလူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
တာအိုဆရာ၏ ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တစ်ခု ရှိနေပြီး တိမ်တိုက်မှ ကြည်လင်သည့်မိုးရေစက်များသည် ထိုလူငယ်၏ ဦးခေါင်းထက်သို့ စီးဆင်းကျနေလေသည်။
ထိုတာအိုဆရာလူငယ်က သူတို့ရှိရာသို့ လျှောက်လှမ်းလာနေခြင်း ဖြစ်၏။
ကလေးငယ်က တအံ့တသြဖြင့်…
"သူက သားတို့ဆီလာနေတာပဲ…"
ရာသီဥတုက ပူပြင်းသည့်နွေရာသီဖြစ်လေရာ နေရောင်က တောက်ပလျှက်ရှိသည်။
အဘိုးအိုတို့ဇနီးမောင်နှံနှင့် မြေးငယ်မှာ အပူဒဏ်သက်သာစေရန် ဦးခေါင်းထက်တွင် ကြာရွက်များကို ဆောင်းထားကြပြီး ချွေးများလည်းထွက်နေကြလေသည်။
သို့သော်… ထူးဆန်းသည့်လူငယ် သူတို့အနားသို့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းအေးမြသွားလေသည်။
အေးစိမ့်ချိုမြသည့် ဇီးဖျော်ရည်ကို သောက်လိုက်ရသည့်အလား သူတို့ရင်ထဲ အေးစိမ့်သည့်အရာသာကို ခံစားလိုက်ကြရသည်။
ထူးဆန်းသည့်လူက တကယ်ကောင်းတာပဲဟု မြေးငယ်က တွေးလိုက်မိ၏။
သို့သော်… တာအိုဆရာလူငယ် သူတို့အနားရောက်လာသည့်အခါ ဦးခေါင်းထက်မှ တိမ်တိုက်သည်လည်း ပျောက်ကွယ်သွားလေသည်။
ကလေးငယ်က…
"ဦးဦး… စောစောက ဘယ်လိုမျက်လှည့်ပညာ အသုံးပြုလိုက်တာလဲ…"
ဟု မေးလိုက်၏။
အဘိုးအိုကတော့ အံ့အားသင့်စွာဖြင့်…
"ဘယ်ကျောင်းတော်က ကျင့်ကြံသူလဲ မသိဘူး…"
ဟု ပြောလိုက်လေသည်။
ဆန်းလျန်က အဘိုးအိုကိုကြည့်လိုက်ပြီး…
"ခင်ဗျားက ကျန်းရော့ရွှီးမဟုတ်လား ၊ ဘုရင့်နေပြည်တော်က ဘုရင်မကြီး ယုံကြည်စိတ်ချရတဲ့ အမတ်ချုပ်ကြီးတစ်ယောက်လေ ၊ ဒါပေမဲ့ အခု မင်းသားကြောင့် ရာထူးက ရပ်နားခံလိုက်ရတယ် ၊ ပြီးတော့ ခင်ဗျားက ရိုးသားဖြောင့်မတ်တယ် ၊ စာပေပညာကိုလည်း နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးတယ် ၊ အခု ဘာလို့ နွားလှည့်တစ်စီးနဲ့ တောဘက်ကို သွားနေရတာလဲ…"
အဘိုးအိုက….
"တာအိုဆရာက ကျုပ်အကြောင်းတွေ ကောင်းကောင်းသိထားတာပဲ ၊ ကျုပ် အသက်လည်းကြီးပါပြီ ၊ ဘုရင်မကြီးက ရာထူကထုတ်ပယ်လိုက်တော့လည်း ကျုပ် မိသားစုအတွက် အချိန်ပေးရင်း ပျော်ပျော်ရွှင်ရွှင်နေရတာပေါ့လေ…"
ဆန်းလျန်က…
"ခင်ဗျားက နတ်ဘုရားတွေအကြောင်းကိုလည်း သိတဲ့သူပါပဲ ၊ အတိတ်ကနေ အခုချိန်တထိ အသက်ရှင်သန်ခဲ့သမျှ နောင်တရခဲ့တာများ ရှိသလား…"
အဘိုးအိုက…
"ပြီးခဲ့တဲ့ မျိုးဆက်က သူတော်စင်တွေဟာ သဲလွန်စတစ်ခုတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ် ၊ သူတို့နဲ့ မတွေ့ဆုံလိုက်ရတာတစ်ခုကိုပဲ နောင်တရမိပါတယ်…"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း အဘိုးအို၏ ခါးတွင်ချိတ်ဆွဲထားသည့် စည်းတံဆိပ်ကို ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ခါးမှာ ချိတ်ထားတဲ့ ထိုက်ချိစည်းတံဆိပ်ရဲ့ ဇာစ်မြစ်ကိုရော သိလား…"
ရုတ်တရက်… တာအိုဆရာက အဘယ့်ကြောင့် ထိုမေးခွန်း မေးမြန်းရသည်ကို အဘိုးအိုနားမလည်ပေ။
သူက တည်ကြည်လေးနက်စွာဖြင့်…
"ဒီ စည်းတံဆိပ်က မင်းသားပေးလိုက်တဲ့ လက်ဆောင်ပါ…"
ဆန်းလျန်က…
"မင်းသားက အဲဒီ စည်းတံဆိပ်ကို ဘယ်ကရလဲဆိုတာ သိလား…"
အဘိုးအိုက…
"ချင်းရှတောင်က တာအိုဆရာက မင်းသားအတွက် ဒီစည်းတံဆိပ်ကို ပြုလုပ်ပေးခဲ့တယ်လို့တော့ သိထားပါတယ်…"
ဆန်းလျန်က…
"အဲဒီလူက ကျုပ်ပါပဲ…"
အဘိုးအိုက…
"ဒါဖြင့် မင်းက ဆန်းလျန်ပေါ့…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘာလဲ မယုံဘူးလား…"
အဘိုးအိုက…
"မင်းရဲကနာမည်က မသိတဲ့သူ မရှိဘူးလေ ၊ အမြဲတမ်းကြားနေရတဲ့ နာမည်ပဲ ၊ မင်းက နတ်ဘုရားတွေထဲမှာ အကြီးအကဲတစ်ယောက်ပဲ မဟုတ်ဘူးလား…"
ဆန်းလျန်က…
"တကယ်တော့ ခင်ဗျားလည်း နတ်ဘုရားဖြစ်ချင်ရင် ရနိုင်တာပဲ ၊ ဘယ်လိုကျင့်ကြံပြီး တာအိုလမ်းစဉ်ကို ဝင်ရောက်မလဲဆိုတာ ကြီးသူငယ်သူ ဘယ်သူမဆို နည်းလမ်းရှိပါတယ်…"
အဘိုးအိုက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကျုပ်မိတ်ဆွေတစ်ယောက်လည်း ခေတ်သစ်ကွန်ဖြူးရှပ်ဝါဒီတစ်ယောက်ပဲ ၊ သူက တာအိုတရားအကြောင်းတွေလည်း အတော်လေးသိတယ် ၊ သူက အသက်ဓာတ်စွမ်းအားပြည့်ဝအောင် ဘယ်လိုကျင့်ကြံရမလဲဆိုတာ ကောင်းကောင်းသိတယ် ၊ သူလည်း ကျုပ်ကို ကျင့်စဉ်တွေ သင်ပေးချင်ခဲ့တာ ၊ ဒါပေမဲ့ အဲဒီတုန်းက တိုင်းရေးပြည်ရာတွေနဲ့ အလုပ်ရှုတ်နေတာလေ ၊ အဲဒါနဲ့ သူကမ်းလှမ်းတာကို ငြင်းလိုက်မိတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) (၃၀)အတွင်းတော့ သူက အသက်ကြီးလေ နုပျိုလာလေပါပဲ ၊ နောက်ပိုင်း ဆံပင်ဖြူနည်းနည်းပေါက်လာပေမယ့် အခု ကျုပ ်မြို့တော်က ထွက်လာတဲ့အချိန်မှာ သူ့ဆံပင်တွေအကုန်လုံးတောင် ပြန်နက်နေပြီ…"
ဆန်းလျန်က…
"အဲဒီလူက လူစောယိမဟုတ်လား ၊ သူက ခင်ဗျားကို မျက်လှည့်ပြနေတာ ၊ ဒါပေမဲ့ သူက ခင်ဗျားကို ကျင့်စဉ်တွေ သင်ပေးသားပဲ ၊ ခင်ဗျားကမှ မသင်ခဲ့တာ…"
အဘိုးအိုက တစ်ချက်ညည်းတွားလိုက်ရင်း…
"အေးလေ… ၊ မင်းပြောတာ ဖြစ်နိုင်ပါတယ် ၊ သူက ကျင့်ကြံဖို့ ကျုပ်ကို ခဏခဏ တိုက်တွန်းတာ ၊ ဒါပေမဲ့ အဲဒီတုန်းက ကျုပ်လည်း တကယ်မအားဘူးလေ ၊ အခုတော့ ကျုပ်က အသက်ကြီးနေပြီ ၊ ကျင့်ကြံဖို့ ဘယ်ဖြစ်နိုင်တော့မလဲ…"
အဘိုးအိုက အမတ်ချုပ်တစ်ယောက်ဖြစ်သည်။
နတ်ဘုရားများအကြောင်းကို သူက များစွာကြားဖူးနားဝရှိလေသည်။ နတ်ဘုရားများကို ဝတ်ကျောင်းတော်တွင် သွားရောက်ကိုးကွယ်နေသည့် သာမန် စာပေပညာရှင်တစ်ယောက် မဟုတ်ပေ။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘယ်အချိန်မဆို သင်ယူလို့ရပါတယ်ဗျာ ၊ ကျင့်ကြံခြင်းဆိုတာ တန်ခိုးစွမ်းအားထက် အသိပညာလည်း မည်ပါတယ် ၊ သင်ယူချင်တယ်ဆိုရင် နောက်ကျတယ်လို့ မရှိပါဘူး ၊ ခင်ဗျားကို ကျုပ် သင်ပြပေးပါ့မယ်…"
အဘိုးအိုက…
"ကျုပ်တို့က ဆွေမျိုးသားချင်းတွေလည်း မဟုတ်ကြဘူး ၊ ဘာလို့ မင်းက ကျုပ်ကို သင်ပေးချင်တာလဲ ၊ ပြီးတော့ တာအိုဆရာဆန်းလျန်ရဲ့နာမည်ကို ကျုပ် အကြိမ်ပေါင်းများစွာ ကြားဖူးတယ် ၊ မင်းရဲ့အကြောင်း ပြောတဲ့လူတိုင်းကလည်း မင်းကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြတဲ့ပုံပဲ ၊ ဒါပေမဲ့ အခုောတ့ မင်းကိုကြည့်ရတာ သဘောကောင်းသားပဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘုရင်မကြီးက ကျုပ်အကြောင်း ပြောပြတာလား…"
အဘိုးအိုက…
"မပြောပါဘူး…"
ဆန်းလျန်က…
"ဒါဖြင့် ကျုပ် သူ့အကြောင်း ပြောပြမယ် ၊ ဒါပေမဲ့ မပြောခင် ကျင့်စဉ် အရင် သင်ပေးမယ်…"
အဘိုးအိုက ရှက်ကိုးရှက်ကန်းဖြင့်…
"ဒီအသက်အရွယ်ရောက်မှ ကျင့်စဉ် စပြီးသင်တော့ မအောင်မြင်မှာစိုးရတယ် ၊ ကျုပ်ရဲ့ မြေးလေးကိုပဲ သင်ပေးလိုက်ပါလား…"
ဆန်းလျန်က…
"တစ်ယောက်တည်းသင်ပေးပေး ၊ နှစ်ယောက်သင်ပေးပေး အတူတူပါပဲ ၊ ကျုပ်အတွက် ပြဿနာ မရှိပါဘူး…"
အဘိုးအိုနှင့် ဆန်းလျန် စကားပြောနေသည်ကို နားထောင်နေသည့် ကလေးငယ်က အသံစာစာလေးဖြင့် ဝင်ပြောလိုက်သည်။
"ဘိုးဘိုး ၊ အတူတူသင်ကြမယ်လေ ၊ နှစ်ယောက်ဆိုတော့ တစ်ယောက်တည်းသင်ရတာထက် ပိုအတတ်မြန်တာပေါ့…"
ဆန်းလျန်က သဘောကောင်းလွန်းနေသည့်အတွက် ဆန်းလျန်အစစ်မှ ဟုတ်ပါလေစ ဟု အဘိုးအို သံသယဝင်နေမိသည်။
ဦးခေါင်းထက်တွင် အစိမ်းရောင်တိမ်တိုက်တည်ရှိနေပြီး တိမ်တိုက်မှ မိုးများရွာသွန်းသည့် မြင်ကွင်းကို တွေ့မြင်ရပြီးသည့်နောက် သူ့ရှေ့မှ တာအိုဆရာသည် သာမန်ကျင့်ကြံသူမဟုတ်သည်ကိုတော့ အဘိုးအို သိရှိထားသည်။
ဒဏ္ဍာရီထဲမှ ဆန်းလျန်ဆိုသည့်နတ်ဘုရားက အလွန်အဆင့်မြင့်ပြီး ထူးခြားဆန်းကျယ်သူ ဖြစ်သလို တန်ခိုးစွမ်းအားလည်း မြင့်မားလွန်းသည်။
ထို့ကြောင့် လောကတွင် ဆန်းလျန်အဖြစ်ဟန်ဆောင်ရဲသူ ရှိနိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတော့… အဘိုးအိုကျန်းရော့ရွှီးသည် သူ့ရှေ့မှ လူငယ်ကို ဆန်းလျန်ပင် ဖြစ်ရပေမည်ဟု ယုံမှတ်လိုက်လေတော့သည်။
***