မင်းသား
Vol. 10 Ch. 955
ကောင်းကင်ထက်တွင် ကောင်းကင်ဘုံတည်ရှိပြီး လူ့လောကတွင်တော့ ဘုရင်မကြီး၏ နတ်ဘုရားတိုင်းပြည် တည်ရှိလေသည်။
လူသားများနေထိုင်ရာ လူ့လောကကို ဘုရင်မကြီးက အုပ်စိုးလျှက်ရှိပြီး တာ့ကျောက်ပြည်သည် အချိန်တိုအတွင်း အလျှင်အမြန်ပင် ကျယ်ပြန့်လာခဲ့သည်။
နှစ်ပေါင်း (၅၀)အတွင်း ယွမ်ကျိုးနယ်တစ်ခုလုံးကို စုစည်းနိုင်ခဲ့ပြီး တစ်လုံးတစ်ဝတည်းပေါင်းစည်းက သန်းပေါင်းများစွာသောလူသားများကို ဘုရင်မကြီးက အုပ်စိုးခဲ့သည်။
ထိုမျှကြီးမားလွန်းသည့် တိုင်းပြည်ကြီးကို သာမန်လူသားများဖြင့် အဘယ်မှာ အုပ်ချုပ်နိုင်ပါမည်နည်း။ ပြည်နယ်နှင့် မြို့တော်အသီးသီးတွင် နတ်ဘုရားများနှင့် ကျင့်ကြံသူများကို ရာထူးများပေးပြီး အုပ်ချုပ်ခွင့်ပေးထားလေသည်။
ရွာငယ်များတွင်ပင် မြေစောင့်နတ်များရှိနေပြီး အုပ်ချုပ်မှုယန္တယားသည် ကျေးလက်ဒေသများအထိ လည်ပတ်နိုင်စွမ်း ရှိသည်။
ဘုရင်မကြီးသည် လူသားဆန်ပြီး မိုးကောင်းကင်လမ်းစဉ်ကိုလျှောက်လှမ်းနေသည့် မြင့်မြတ်သည့် ဘုရင်မကြီး ဖြစ်သည်။
ဘုရင်မကြီးက တာ့လော်အဆင့်ရောက်ရှိနေပြီဖြစ်သည့်အတွက် ရှုတ်ထွေးသည့်တိုင်းရေးပြည်ရာများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။ သူမက ဉာဏ်ရည်လည်းထက်မြက်လေရာ အုပ်ချုပ်မှုယန္တရားချောမွေ့စွာ လည်ပတ်စေရန် ထိန်းသိမ်းထားနိုင်သည်။
ထို့ကြောင့် သူမက တရားရေးပိုင်းမှ အဆင့်မြင့်အရာရှိကြီးဖြစ်သည့် အမတ်ချုပ်ကြီး ကျန်းရော့ရွှီးကိုပင် အမိန့်စကားတစ်ခွန်းဖြင့် ရာထူးမှ ထုတ်ပယ်ပစ်လိုက်သည် မဟုတ်ပါလား။
မိုးအောက်မြေပြင်တွင် သူမသာလျှင် တစ်ဦးတည်းသော အာဏာပိုင်စိုးသူ ဖြစ်သည်။
နောက်ထပ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတစ်ယောက် ပေါ်လာမည်ဆိုလျှင်တောင်မှ သူမလောက် စိတ်ဓာတ်ခိုင်မာသည့် ဘုရင်တစ်ပါး ဖြစ်လာမည် မဟုတ်ပေ။
တိုင်းပြည်အရေး ၊ နန်းတွင်းအရေး ၊ လေကီရေးရာ အရာအားလုံးတွင် သူမ မလုပ်နိုင်သည့်အလုပ်ဆို၍ တစ်ခုမှ မရှိပေ။
သို့သော်… သူမက အရာအားလုံးကို ကိုယ့်လက်ကိုယ့်ခြေ လိုက်လုပ်နေသည်တော့ မဟုတ်ပေ။ သူမက အရေးကြီးကိစ္စများကိုသာ ကိုယ်တိုင်ပြုလုပ်လေ့ရှိလေသည်။
အခြားကိစ္စများကိုတော့ အရာရှိများနှင့် နတ်ဘုရားများက စီမံခန့်ခွဲကြသည်။ သို့ဖြစ်သောကြောင့် … သူမသည် သမိုင်းတွင် သြဇာအရှိဆုံး ဘုရင်မတစ်ပါး ဖြစ်ခဲ့သည်။
နတ်ဘုရားတိုင်းပြည်ဖြစ်သည့် တာ့ကျောက်တိုင်းပြည်၏ အာဏာက နိုင်ငံများစွာသို့ ပျံ့နှံ့သွားပြီး ဘုရင်မကြီး၏ လွှမ်းမိုးနိုင်မှုက လူသားမျိုးနွယ်များအပေါ် မြင့်မားလာသည်။
ထိုအချိန်မှာပင်… နတ်ဆိုးနယ်မြေ၏ ကြီးထွားလာခြင်းက ခြိမ်းခြောက်မှုတစ်ခုအဖြစ် သူမ ခံစားလာရပြီး စိုးရိမ်ပူပန်လာမိသည်။
နတ်ဆိုးနယ်မြေဖြစ်တည်လာသည်မှာ နှစ်ပေါင်း (၅၀)ခန့်သာ ရှိသေးသော်လည်း နတ်ဆိုးဘုရင်မသည် မိစ္ဆာလမ်းကိုသာ အားပေးပြီး မိုးကောင်းကင်လမ်းစဉ်ကို ရွံမုန်းသူ ဖြစ်သည်။ သူမ၏ မိစ္ဆာလမ်းစဉ်က သုံးလောကနှင့် လူပြန်ဝင်စားခြင်း (၆)ဘုံကို ဝင်ရောက်ရန် တားဆီးထားသည်။
နတ်ဆိုးဘုရင်မသည် တစ်နေ့တခြားစွမ်းအားကြီးမားလာခဲ့သည်။ ပီလျဲ့ဆိုသည့် နတ်ဆိုးတစ်ပါးကလည်း နတ်ဆိုးဘုရင်မကို တိတ်တဆိတ် တားဆီးသော်လည်း ပြဿနာကြီးစွာ ခံစားရပြီး နတ်ဆိုးနယ်မြေကတော့ တစ်နေ့တခြား ကြီးထွားလာခဲ့လေသည်။
နတ်ဆိုးနယ်မြေမှ နတ်ဆိုးများမှာလည်း တစ်နေ့တခြား အတင့်ရဲလာကြပြီး အချို့ဆိုလျှင် နတ်ဆိုးနယ်မြေမှ ထွက်ခွာလာကာ လူ့လောကကို ဒုက္ခပေးသည်အထိ ဖြစ်လာသည်။ ထို့ကြောင့် ဘုရင်မကြီး ခေါင်းခဲရလေတော့သည်။
နှစ်ပေါင်း (၅၀)အတွင်း ဘုရင်မကြီးက ဗုဒ္ဓဘာသာကို ထိန်းချုပ်ထားခဲ့ပြီး ဖြေရှင်းမကုန်နိုင်သည့် နန်းတွင်းရေး အရှုတ်အရှင်းများကိုလည်း ဖြေရှင်းနေလေသည်။
ယခုမှ တည်ငြိမ်ကာစ ရှိသေးသည် နတ်ဆိုးနယ်မြေပြဿနာက ဖြစ်ပေါ်လာပြန်ရာ ဘုရင်မကြီး၏ဘဝသည် အခြားသူများ မျှော်လင့်ထားသလောက် အေးချမ်းခြင်းတော့ မရှိလှပေ။
ကျန်းရော့ရွှီးကို နှင်ထုတ်ခဲ့မိသည့်အတွက် သူမ အနည်းငယ်တော့ နောင်တရမိသည်။
တကယ်တော့ ကျန်းရော့ရွှီးကို သူမက ချင်းရွှမ်နတ်တံခါးနှင့် ဆက်သွယ်ရန် တံတားတစ်စင်းအဖြစ် မွေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော်… ကျန်းရော့ရွှီးက မင်းသားချန်ကျင်းချင်ကို မျက်နှာသာပေးလွန်းလေရာ ဘုရင်မကြီးအနေဖြင့် လက်မခံနိုင်ပေ။ ထို့ကြောင့် ကျန်းရော့ရွှီးကို တစ်ချက်တည်းဖြင့် နှင်ထုတ်လိုက်ခြင်းဖြစ်ပြီး ချန်ကျင်းချင်ကို မျက်နှာသာပေးချင်သည့် အခြားသူများအပေါ်တွင်လည်း သတိပေးရာ ရောက်လေ၏။
သို့သော်… သူမ၏လုပ်ရပ်က နည်းနည်း ပြင်းထန်သွားလေသည်။
ယခုတော့ နတ်ဆိုးနယ်မြေပြဿနာကို ဖြေရှင်းရန်အတွက် ဘုရင်မကြီးက ချန်ကျင်းချင်ကို တာဝန်ပေးခဲ့သည်။
ချန်ကျင်းချင် မအောင်မြင်ခဲ့လျှင် သိက္ခာကျအရှက်ကွဲမည် ဖြစ်သည်။
ချန်ကျင်းချင်က ယခင်တာ့ကျောက်ဧကရာဇ်၏ ပထမဆုံး မြေးတော်ဖြစ်၏။ သူ၏ဖခင်က ဝေ့မင်းသား ဖြစ်လေသည်။
ဝေ့မင်းသားက ဟယ်စူးရင်းနှင့်လက်ဆက်ခဲ့ပြီး ဟယ်စူးရင်း၏ ရင်သွေးကို ဧကရာဇ်ဖြစ်စေလိုသည့်အတွက် မိဖုရားကြီး၏ သားတော်ကိုပင် ပျက်ကျအောင် ကြံစည်ခဲ့သည်။
သို့သော်… မိဖုရားကြီး၏ ရင်သွေးက ပျက်ကျခြင်း မရှိဘဲ ချန်ကျင်းချင် မွေးဖွားလာခဲ့ခြင်း ဖြစ်၏။
ဘုရင်မကြီးက ဝေ့မင်းသားတို့ တစ်အိမ်သားလုံးကို ကွက်မျက်ခဲ့ပြီးသည့်နောက် ချန်ကျင်းချင်သည် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ကလေးငယ် ဖြစ်သည်။ ဘုရင်မကြီးက ချန်ကျင်းချင်ကို ကျောက်မျိုးနွယ်အဖြစ် တရားဝင် ခံယူခွင့် မပေးခဲ့ပေ။
တစ်ချိန်တွင် ချန်ကျင်းချင် ဘုရင်မကြီးကို အာဏာဖီဆန်ကာ တိုင်းပြည်ကို သိမ်းပိုက်ခဲ့လျှင် ကျောက်မျိုးနွယ် မဟုတ်သည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်စေရန်အတွက် ဘုရင်မကြီးက ချန်ကျင်းချင်ကို တမင်သက်သက် ကျောက်မျိုးနွယ် မခံယူနိုင်အောင် တားဆီးထားခြင်း ဖြစ်၏။
ယခု နတ်ဆိုးနယ်မြေကို တိုက်ခိုက်ရန် စေခိုင်းခြင်းကလည်း အကယ်၍ ချန်ကျင်းချင်သာ ရှုံးနိမ့်ခဲ့ပါက သိက္ခာကျစေရန် ရည်ရွယ်လေသည်။
ချန်ကျင်းချင်မှာ ယခင် တာ့ကျောက်ဧကရာဇ်၏ မြေးတော်အရင်းဖြစ်သည့်တိုင် ကျောက်မျိုးနွယ် မဟုတ်သည့်အတွက် သူ့ကို မည်သူကမှ တော်ဝင်မိသားစုအဖြစ် သတ်မှတ်ခဲ့ကြခြင်း မရှိပေ။
သို့သော်… ချန်ကျင်းချင်က နတ်ဘုရားများအလယ်တွင်တော့ နာမည်ဂုဏ်သတင်း ကြီးမားသူ ဖြစ်သည်။ သူ၏ ဆရာဖြစ်သူကလည်း စာပေပညာရှင်များ၏ ခေါင်းဆောင် လူစောယိ ဖြစ်သည် မဟုတ်ပါလား။
လူစောယိသည် သူတော်စင်တစ်ပါးဖြစ်သလို တွေးခေါ်ပညာရှင်တစ်ယောက်လည်း ဖြစ်သည်။
ဘုရင်မကြီး၏အမိန့်ကို လက်ခံရရှိသည်နှင့် ချန်ကျင်းချင် ဆရာဖြစ်သူ လူစောယိထံသို့ ထွက်လာခဲ့သည်။
လူစောယိနေသည့်အိမ်က သာမန်ပင်ဖြစ်သည်။ စာအုပ်များမှလွဲပြီး အခြားအဆောင်အယောင်များ သိပ်မရှိပေ။ လူစောယိက တစ်ယောက်တည်းနေထိုင်ခြင်းဖြစ်ပြီး အစေခံများလည်း မရှိပေ။
လူစောယိက သူ၏ စာပေများထဲတွင် ရေးသားခဲ့ဖူးသည်မှာ…
"ရေကိုစားသူများက ရေကူးကျွမ်းကျင်ပြီး အေးစက်သည်။ မြေကြီးစားသူများက ဦးတည်ရာမဲ့ သွားလာကြပြီး ဉာဏ်ရည်ထက်မြက်သူများဖြစ်ကြသည်။ သစ်သားစားသူများကတော့ မာကျောပြီး သက်သတ်လွတ်စားသူများကတော့ လမ်းလျှောက်မြန်ကြကာ အနည်းငယ်တုံးအသည်။ သစ်ရွက်စားသူများကတော့ ပိုးချည်မျှင်များကဲ့သို့ ဖြစ်ကြပြီး အသားစားသူများကတော့ သတ္တိရှိပြီး ကာကွယ်နိုင်စွမ်း ရှိကြသည်။ အစေ့အဆန်စားသူများကတော့ ပညာရှိကြပြီး အသက်ရှူကြသူများကတော့ နတ်ဘုရားများကဲ့သို့ နေထိုင်ကြရသည်။ သို့သော်… ဘာမှမစားသူများကတော့ နတ်ဘုရားများ ဖြစ်ကြလေ၏"
ဟူ၍ ဖြစ်၏။
လူစောယိသည် မည်သည့်အစားအသောက်မှ စားသောက်သူ မဟုတ်ပေ။ ထိုသို့ဆိုလျှင် လူစောယိသည် နတ်ဘုရားတစ်ပါးပေလော။
ချန်ကျင်းချင်က ဆရာဖြစ်သူကို တွေ့သည်နှင့်…
"ဘုရင်မကြီးက နတ်ဆိုးနယ်မြေက နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ် ၊ အနောက်ဘက် ကန္တာရနဲ့ မြက်ခင်းပြင်ကို စစ်ချီဖို့ လူအင်အားကျတော့ မပေးဘူး ၊ ကျွန်တော် ဘာလုပ်ရမလဲ…"
လူစောယိက…
"နတ်ဆိုးတွေကို သတ်ပြီး လူသားတွေငြိမ်းချမ်းအောင်လုပ်ပေးတာ ကောင်းတဲ့အလုပ်ပဲ မဟုတ်ဘူးလား…"
ချန်ကျင်းချင်က…
"အဲဒါတော့ ဟုတ်ပါတယ်…"
လူစောယိက…
"မင်း လုပ်သင့်သလား…"
ချန်ကျင်းချင်က…
"အခု လုပ်ရတော့မှာပဲလေ…"
လူစောယိက ပြုံးလိုက်ရင်း…
"ဒါဖြင့် မင်း ကျုပ်ကို ဘာလို့မေးနေသေးတာလဲ…"
ချန်ကျင်းချင်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီး…
"အဲဒီအလုပ်က ခက်ခဲမှာပဲ ၊ အဲဒါကြောင့် ကျွန်တော်က ဆရာ့ဆီက အကြံဉာဏ်လာတောင်းတာပါ…"
"ဘယ်အလုပ်မဆို ခက်ခဲမှာပဲပေါ့ ၊ ဒါပေမဲ့ တကယ်လုပ်ပြီဆိုရင်တော့ လောကမှာ ခက်ခဲတယ်ဆိုတာ ဘာမှ မရှိပါဘူး ၊ နောက်ဆို မင်း ကျုပ်ဆီလာလာပြီး မေးမနေနဲ့တော့ ၊ နတ်ဘုရားဖြစ်ချင်ရင်သာပြော… ၊ မင်းကို ချင်းရှတောင်ကို ခေါ်သွားပေးမယ်"
လူစောယိ သူ့ရှေ့မှ အသက် (၅၀) အရွယ် တပည့်ဖြစ်သူကို စိုက်ကြည့်နေမိသည်။
ချန်ကျင်းချင်သည် နတ်ဘုရားကျင့်စဉ်များကို ကျင့်ကြံထားသည့်အတွက် အိုမင်းခြင်းမရှိဘဲ လူငယ်လေးတစ်ယောက်အလား နုပျိုနေဆဲပင် ဖြစ်သည်။
တပည့်ဖြစ်သူ၏ စိတ်ထားဖြောင့်မတ်မှုကို လူစောယိ သဘောတွေ့ခဲ့သော်လည်း ထိုမျှနှင့် မလုံလောက်သေးပေ။
လူစောယိက ချန်ကျင်းချင်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရပ်တည်စေချင်သည်။ ချန်ကျင်းချင်က ဆန်းလျန်လောက် မတော်သည့်တိုင် ချင်းရွှမ်နတ်တံခါးအတွက် အကောင်းဆုံး ဒုတိယမျိုးဆက်ကို တည်ထောင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
ထို့ကြောင့်ပင် ကျန်းရော့ရွှီး ဘုရင့်နေပြည်တော်မှ ထွက်ခွာသွားသည့်အခါ သူက ယခင်ဘဝက တပည့်တစ်ယောက်အနေဖြင် အတူလိုက်ပါသွားပြီး ကျေးဇူးဆပ်ချင်သည့်တိုင် ချန်ကျင်းချင်ကို စိတ်မချနိုင်သည့်အတွက် လိုက်ပါသွားနိုင်ခြင်း မရှိခဲ့ပေ။
ချန်ကျင်းချင် စိတ်ထဲမှ တွေးလိုက်သည်။
"ကျွန်တော် ဆရာ့ဆီက အများကြီး သင်ယူခဲ့ရပေမယ့် စစ်ပွဲတစ်ပွဲ တိုက်ဖို့ကျတော့ ဘယ်လိုလုပ်ရမလဲ ၊ ပြီးတော့ ကျွန်တော်က တန်ခိုးစွမ်းအားလည်း သိပ်မကြီးဘူး ၊ နတ်ဆိုးတွေက ရက်စက်ကြမ်းကြုတ်တယ် ၊ သူတို့ကို သုတ်သင်ပြီး လူသားတွေငြိမ်းချမ်းအောင် ကျွန်တော် လုပ်နိုင်ပါ့မလား မသိဘူး ၊ ဒါပေမဲ့ ဆရာက ငါ့ကို ကိုုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်စေချင်ပုံပဲ ၊ ကြည့်ရတာ ငါ့ဟာငါပဲ ကြည့်ကြက်လုပ်ရတော့မယ် ထင်တယ်…"
ချန်ကျင်းချင်က အခက်အခဲများကို ကြောက်ရွံ့တတ်သူ မဟုတ်ပေ။ သို့သော်… ဆရာဖြစ်သူသာ ကူညီမည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ယခု လူစောယိက ကူညီဟန် မရှိလေရာ အခြားနည်းလမ်း စဉ်းစားရပေတော့မည်။
ချန်ကျင်းချင်က ဆရာဖြစ်သူကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။
အတန်ကြာသွားမိပြီးနောက် သူ့ကို ခေါ်သည့်အသံတစ်သံ ကြားလိုက်ရသည်။
"မင်းသား… ခဏလောက်စောင့်ပါဦး…"
သူ့ကိုခေါ်လိုက်သူမှာ မိန်းကလေး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူမ၏လက်ထဲတွင် ကြာပန်းတစ်ပွင့်ကိုကိုင်ဆောင်ထားပြီး ကြာပန်းထက်တွင် နှင်းစက်များရှိနေသော်လည်း အရည်ပျော်ကျသွားခြင်း မရှိပေ။
ထိုမိန်းမပျိုကို ချန်ကျင်းချင် မျက်မှန်းတန်းမိသည်။ လူအများက သူမကို "ဟယ်ရှန်းနတ်သမီး" ဟု ခေါ်ကြ၏။
ဘုရင်မကြီးပင်လျှင် သူမကို ဆင့်ခေါ်ပြီး တာအိုတရားဆွေးနွေးဖူးသည်ကို ချန်ကျင်းချင် အမှတ်ရလိုက်မိသည်။
သို့သော်… ယခု ဟယ်ရှန်းနတ်သမီး အဘယ့်ကြောင့် သူ့ထံသို့ ရောက်လာရပါသနည်း။
ချန်ကျင်းချင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဟယ်ရှန်းနတ်သမီးကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်လေသည်။
ဟယ်ရှန်းနတ်သမီးက ချန်ကျင်းချင်အရိုအသေပေးသည်ကို လက်မခံဘဲ ချက်ချင်းပင် ခပ်မြန်မြန် ရှောင်ရှားလိုက်သည်။
သူက မင်းသားတစ်ပါး ဖြစ်နေသည့်အတွက် ဟယ်ရှန်းနတ်သမီးက သူအရိုအသေပေးသည်ကို လက်မခံခြင်းဖြစ်မည်ဟု ချန်ကျင်းချင်က ထင်လိုက်သည်။
ချန်ကျင်းချင်က…
"နတ်သမီး… ကျုပ်ကို ဘာကိစ္စများရှိလို့ လာရှာတာလဲ…"
ဟယ်ရှန်းနတ်သမီးက…
"ကျွန်မသတင်းကြားတာ ဘုရင်မကြီးက မင်းသားကို နတ်ဆိုးနယ်မြေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်ဆို ၊ မင်းသားက တိုက်ခိုက်ရေးပိုင်းမှာ သိပ်မကျွမ်းကျင်ဘူး ၊ ဒါကြောင့် ကျွန်မက ကူညီဖို့ ရောက်လာတာပါ…"
ချန်ကျင်းချင်က…
"ကျေးဇူးတင်ပါတယ် နတ်သမီး ၊ ဒါနဲ့ နတ်သမီးက ဘယ်လိုကူညီမှာလဲ…"
ဟယ်ရှန်းနတ်သမီးက ပြုံးလိုက်ပြီး…
"ကျွန်မမှာ ကျမ်းစာတစ်အုပ်ရှိတယ် ၊ ဒီကျမ်းစာထဲမှာ ပဲစေ့တွေကို စစ်သည်တော်တွေအဖြစ် အသွင်ပြောင်းနိုင်တဲ့ ပညာ ၊ လေနဲ့မိုးကို ဆင့်ခေါ်တဲ့ပညာတွေ ပါဝင်တယ် ၊ ဒါဆိုရင် မင်းသားရဲ့ စိတ်ပူပန်မှုတွေ လျော့နည်းသွားစေမယ် ထင်ပါတယ်…"
ပြောပြီးသည်နှင့် ဟယ်ရှန်းနတ်သမီးက ပိုးကြိုးတစ်ခုဖြင့် ချည်နှောင်ထားသည့် ဝါးစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစာလိပ်မှာ တန်ခိုးစွမ်းအားနှင့်ပြည့်ဝနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် တရိုတသေ သိမ်းဆည်းထားသည့် ပစ္စည်းဖြစ်ကြောင်း သိနိုင်သည်။
ချန်ကျင်းချင်က စာလိပ်ကို လှမ်းယူလိုက်သည်။ စာလိပ်မှာ အလွန်ပင်လေးလံလှလေ၏။
ချန်ကျင်းချင်က…
"ဒီကျမ်းစာက ရွှမ်နွီနန်းတောက်က ကျမ်းစာလား…"
ဟယ်ရှန်းနတ်သမီးက အံ့အားသင့်သွားပြီး…
"မင်းသား ဘယ်လိုလုပ်သိတာလဲ…"
ချန်ကျင်းချင်းက…
"ဆရာက ကျုပ်ကို နတ်ဘုရားကျောင်းတော်တွေနဲ့ သူတို့ရဲ့ တန်ခိုးစွမ်းအားတွေအကြောင်းကို ပြောပြဖူးပါတယ် ၊ ပဲစေ့ကို စစ်သည်တော်တွေအဖြစ်ပြောင်းလဲတဲ့ပညာတို့ ၊ လေနဲ့မိုးကို ဆင့်ခေါ်တဲ့ပညာတို့ဆိုတာ ရွှမ်နွီနန်းတော်က ထင်ရှားတဲ့ ပညာတွေပဲ ၊ ပြီးတော့ အရင်က ဝေ့မင်းသားရဲ့ မိဖုရား ၊ မင်းသမီး ဟယ်စူးရင်းကလည်း နတ်သမီးနဲ့ မျိုးနွယ်တူတူပဲလေ ၊ မင်းသမီးဟယ်စူးရင်းက ရွှမ်နွီနန်းတော်ကဆိုတော့ နတ်သမီးနဲ့များ တစ်ခုခု ပတ်သက်နေတာလား…"
ဟယ်ရှန်းနတ်သမီးက…
"အင်း… မင်းသမီးဟယ်စူးရင်းက ကျွန်မနဲ့ ဆွေမျိုးနီးစပ်တော်ပါတယ် ၊ ဒါပေမဲ့ ကျွန်မရဲ့ ကျင့်စဉ်လမ်းကတော့ ရွှမ်နွီနန်းတော်နဲ့ ပတ်သက်မှု မရှိပါဘူး…"
***