ချင်းရွှမ်ဆိုတဲ့နာမည်ကိုကြားဖူးလား
Vol. 10 Ch. 956
ချန်ကျင်းချင်က ဟယ်ရှန်းနတ်သမီးကို ကြည့်နေလေသည်။
ချန်ကျင်းချင်က လူစောယိ၏ သင်ပြပေးမှုအောက်တွင် နှစ်ပေါင်း (၅၀) ကျင့်ကြံခဲ့သူ ဖြစ်လေရာ သူ့အဆင့်က နတ်ဘုရားတစ်ပါးပင် ဖြစ်လုနီးနေပြီ ဖြစ်သည်။
သူသာ အနည်းငယ် ပြင်းပြင်းထန်ထန် ထပ်မံလေ့ကျင့်မည်ဆိုလျှင် တာအိုတရားကို အကြွင်းမဲ့သိမြင်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
ထို့ကြောင့် သူ့ရှေ့မှ ချောမောလှပသည့် တာအိုကျင့်ကြံသူမိန်းမပျိုပြောနေသည့်စကားများမှာ အလိမ်အညာစကားများ မဟုတ်ကြောင်း ချန်ကျင်းချင် ရိပ်မိလိုက်သည်။
ချန်ကျင်းချင်က…
"ဒီကျမ်းစာက ရွှမ်နွီနန်းတော်က ယူလာတာလား…"
ချန်ကျင်းချင်၏ ရိုးသားသည့်မျက်ဝန်းများကို တွေ့မြင်လိုက်ရသည့်အခါ ဟယ်ရှန်း လှည့်ပတ်ပြောဆိုရန် အခက်တွေ့သွားသည်။
နောက်ဆုံးတော့ သူမ အဖြစ်မှန်ကို ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည်။
ဟယ်ရှန်းက တစ်ချက်ပြုံးလိုက်ရင်း…
"မင်းသား… ကျွန်မကို နတ်သမီးလို့ မခေါ်ပါနဲ့ ၊ ဟယ်ရှန်းလို့ပဲ ခေါ်နိုင်ပါတယ် ၊ ဒီစာအုပ်က ရွှမ်နွီနန်းတော်က ယူလာတာ အမှန်ပါပဲ ၊ မင်းသားကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး ၊ ရွှမ်နွီနတ်သမီးကိုယ်တိုင် ဒီစာအုပ်ကို မင်းသားကို ပေးခိုင်းလို့ ကျွန်မက လာပေးရတာပါ…"
ချန်ကျင်းချင်စိတ်ထဲမှ တွေးလိုက်သည်။
"ရွှမ်နွီနတ်သမီးက ရုတ်တရက်ကြီး ဘာလို့ ငါ့အပေါ် ကောင်းနေရတာလဲ…"
ရွှမ်နွီနတ်သမီးဟု ခေါ်ကြသည့် ကျိုးထျန်းရွှမ်နွီသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လေသည်။
သူမက တာ့လော်အဆင့် နတ်ဘုရားတစ်ပါး မဟုတ်သေးသော်လည်း ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားတစ်ပါးဖြစ်ပြီး နတ်ဘုရားများ၏လောကတွင် ထိပ်တန်းအဆင့်ရှိသူတစ်ယောက် ဖြစ်သည်။
ဘယ်လိုကြောင့်များ တန်ခိုးစွမ်းအား မြင့်မားခြင်းမရှိသည့် သူ့လို သာမန်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အရေးစိုက်နေရပါသနည်း။
သူ့တွင် အောင်မြင်နိုင်သည့် အနာဂတ်ကောင်းရှိသည်ဆိုဦးတော့ လူ့လောကတစ်ခုလုံးကို အုပ်စိုးထားသည့် ဘုရင်မကြီးကို ဆန့်ကျင်ကာ သူ့ကို အဘယ့်ကြောင့် ကူညီရပါသနည်း။
လက်ရှိဘုရင်မကြီးက လူ့လောကိုအုပ်ချုပ်မင်းလုပ်သူများထဲတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ဘုရင်မကြီးတစ်ပါးဟု ဆိုနိုင်သည်။ ရှေးခေတ်အချိန်က အုပ်စိုးခဲ့သည့် ဟွမ်ဧကရာဇ် (၃)ပါး ၊ တိဧကရာဇ် (၅)ပါးနှင့် သူမက ကောင်းကောင်းယှဉ်နိုင်သူ ဖြစ်သည်။
ဟယ်ရှန်းက ချန်ကျင်းချင်အနားသို့ အသာတိုးကပ်လာပြီး လေသံကို နှိမ့်ကာစကားဆိုလိုက်သည်။
"မင်းသားရဲ့ ဇာစ်မြစ်က ထူးခြားတယ် ၊ ကျွန်မတို့က မင်းသားကောင်းဖို့အတွက် စိတ်ရင်းနဲ့ ကူညီတာပါ ၊ ဒါကြောင့် သံသယမရှိပါနဲ့…"
ချန်ကျင်းချင်ကိုယ်တိုင်ကလည်း သူ့ဇာစ်မြစ်ကို အမြဲတမ်း သံသယဝင်နေသူ ဖြစ်သည်။
ဘုရင်မကြီးက သူ့ကို မုန်းတီးသည်ဆိုသော်လည်း မုန်းတီးခြင်းထက် မနာလိုသည်နှင့်ပိုပြီး ဆင်တူသည်။ ထို့ပြင် ဆရာဖြစ်သူလူစောယိကလည်း သူ့ကို အမြဲတမ်း အလေးထားဆက်ဆံသည်။ ဤသည်မှာ သူက မင်းသားတစ်ပါး ဖြစ်နေသည့်အချက်နှင့် မသက်ဆိုင်လှပေ။
ယခု ဟယ်ရှန်းနတ်သမီးကလည်း သူ့ကို အလေးထားဆက်ဆံပြီး ရွှမ်နွီနတ်သမီးကပင် သူ့ကို ကူညီပေးနေလေရာ ချန်ကျင်းချင်စိတ်ထဲတွင် ပဟေဠိများဖြင့် ပြည့်နက်လျှက် ရှိတော့၏။
ဆရာဖြစ်သူ လူစောယိကတော့ သူ့အကြောင်းကို ကောင်းကောင်းသိနိုင်ပေသည်။
သို့သော်… ချန်ကျင်းချင်မှာ ဆရာဖြစ်သူကို မည်သို့ ဖွင့်ဟမေးမြန်းရမည်လဲ မသိလေရာ ဆရာဖြစ်သူ ဖွင့်ပြောလာမှသာ သူ့အကြောင်းကို သိရှိနိုင်မည် ဖြစ်သည်။ နောက်ဆုံးတော့ တောင်တွေးမြောက်တွေး တွေးမနေတော့ဘဲ ဟယ်ရှန်းပေးသည့် ကျမ်းစာကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
"ဒါဖြင့် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…"
ထို့နောက် ဟယ်ရှန်းနှင့် ချန်ကျင်းချင် စကားအနည်းငယ်ပြောခဲ့ကြပြီး လမ်းခွဲလိုက်ကြသည်။
ဘုရင့်နေပြည်တော် အပြင်ဘက်ရှိ တူးမြောင်းကျယ်ထဲတွင် ဇိမ်ခံလှေကြီးတစ်စီး ရှိနေလေသည်။
လှေထက်တွင် ကျောက်စိမ်းအမွှေးတိုင်များထွန်းညှိထားပြီး မွှေးရနံ့များက သင်းပျံ့လျှက် ရှိသည်။
ဟယ်ရှန်းရောက်လာသည့်အခါ မိန်းကလေးတစ်ယောက်က ဟယ်ရှန်းကို လှေအပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားသည်။
ထိုအခါ… သူမကို ကျောပေးပြီး ရပ်နေသည့် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားော မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။
မိန်းမပျိုက ဟယ်ရှန်းရှိရာသို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည်။
ဟယ်ရှန်း သူမကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း မဟုတ်ပေ။ သို့သော်… သူမနှင့်တွေ့တိုင်း စိတ်လှုပ်ရှားခြင်းကို ခံစားရလေသည်။
အဘယ်ကြောင့်ဆိုသော်… သူမ၏ မျက်ခုံးများနှင့် မျက်နှာသွင်ပြင်သည် ဟယ်ရှန်း၏ ဆရာဖြစ်သူ ဆန်းလျန်နှင့် အလွန်ဆင်တူသောကြောင့် ဖြစ်၏။
သူမသည်ကား နတ်ဘုရားများ၏လောကတွင် ထိပ်တန်းအဆင့် အမျိုးသမီးကျင့်ကြံသူ (၅)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သည့် ကျိုးထျန်းရွှမ်နွီ ဖြစ်သည် မဟုတ်ပါလား။
ဟယ်ရှန်းနှင့် ကျိုးထျန်းရွှမ်နွီ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဟယ်ရှန်းက ဖယောင်းတိုင်လေးတစ်တိုင်နှင့်ဆင်တူပြီး ကျိုးထျန်းရွှမ်နွီကတော့ လင်းလက်တောက်ပနေသည့် လမင်းတစ်စင်းနှင့် ဆင်တူသည်။
ကျိုးထျန်းရွှမ်နွီကိုကြည့်ရသည်မှာ အေးစက်ခက်ထန်ဟန် အပြည့်ရှိသည်။
သူမကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)အတွင်း ရွှမ်နွီနန်းတော်က လုံးဝပြောင်းလဲသွားခဲ့သည်။
ဟယ်စူးရင်းကဲ့သို့ စိတ်ထားမှန်ကန်ခြင်းမရှိသည့်တပည့်များအားလုံး ရွှမ်နွီနန်းတော်တွင် မတွေ့ရတော့ပေ။
ယခုအချိန်… ဆန်းလျန်သာ ကျိုးထျန်းရွှမ်နွီကို တွေ့မြင်ရလျှင် ဆန်းရော့ရှီဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။
သို့သော်… ကျိုးထျန်းရွှမ်နွီနှင့် ဆန်းလျန်ကြားမှ ပတ်သက်မှုကို ဟယ်ရှန်းကတော့ မသိရှာပေ။
ရွှမ်နွီနတ်သမီး၏ လှပသောမျက်နှာက အေးစက်သည့်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။
သူမက ဟယ်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး…
"ချန်ကျင်းချင် ဘုရင့်နေပြည်တော်က ထွက်ခွာသွားရင် မင်း နောက်က တိတ်တဆိတ်လိုက်သွားပါ ၊ သူ အန္တရယ်နဲ့ ရင်ဆိုင်ရရင် မင်း သူ့ကို ကူညီပါ…"
ကျိုးထျန်းရွှမ်နွီကို ဟယ်ရှန်း လေးစားချစ်ခင်ရခြင်းမှာ သူမသည် ဆန်းလျန်နှင့် အလွန်ဆင်တူသည့်အတွက် ဖြစ်သည်။ ထို့ပြင် ကျိုးထျန်းရွှမ်နွီက သူမ၏ ကျင့်စဉ်လမ်းတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း လမ်းပြေပေးလေ့ရှိလေသည်။
ရွှမ်နွီနတ်သမီးသည် အေးစက်ခက်ထန်ဟန်ရှိသော်လည်း သူမကို များစွာ ကူညီပေးသူ ဖြစ်သည်။
ကျင့်စဉ်လမ်းနှင့်ပတ်သက်ပြီး နားမလည်သည်များကို ဟယ်ရှန်းမေးမြန်းလေ့ရှိတိုင်း စကားလုံးတစ်လုံးပင် မကွယ်ဝှက်ဘဲ ကျိုးထျန်းရွှမ်နွီက သင်ပြပေးသည်။
ထို့ပြင်… ဟယ်ရှန်းကို အံ့အားသင့်စေသည့် နောက်တစ်ချက်မှာ ကျိုးထျန်းရွှမ်နွီ၏ ကျင့်စဉ်လမ်းအပေါ် အခြေခံ ယူဆချက်များသည် ဆန်းလျန်၏ အယူအဆများနှင့် သွားရောက်တူညီနေခြင်း ဖြစ်၏။
ဆန်းလျန်၏ သင်ပြပေးမှုက အခြားကျင့်ကြံသူများ၏ သင်ပြပေးမှုနှင့် အနှစ်သာရအားဖြင့် ကွဲပြားခြားနားလေသည်။ သို့သော် … ရွှမ်နွီနတ်သမီးကတော့ သူမ၏ကျင်စဉ်လမ်းအကြောင်းကို ကောင်းကောင်းသိမြင်သူ ဖြစ်၏။
ထိုအချက်က တိုက်ဆိုင်ခြင်းမဟုတ်ကြောင်း ဟယ်ရှန်း ကောင်းကောင်းသိသည်။
ထို့ပြင်… မင်းသားချန်ကျင်းချင်၏ ကိုယ်ထဲမှ တန်ခိုးစွမ်းအားကလည်း သူမနှင့် ဆင်တူနေသည်ကို ဟယ်ရှန်း သတိထားမိသည်။ သူမတို့ (၂)ယောက်မှာ ဇာစ်မြစ်တစ်ခုတည်းဟုပင် ဆိုနိုင်သည်။
ထို့ကြောင့် သူမက ရွှမ်နွီနတ်သမီးကို ဆန်းလျန်နှင့် ပတ်သက်မှု ရှိ မရှိ ဟယ်ရှန်း မေးမြန်းကြည့်လိုမိသည်။
ရွှမ်နွီနတ်သမီး၏ စကားကို နားထောင်ပြီးနောက် ဟယ်ရှန်းက ခေါင်းထဲမှ အတွေးစများကို ဖြတ်တောက်လိုက်ပြီး…
"ကျွန်မ သေချာလုပ်ဆောင်ပါ့မယ်…"
ရွှမ်နွီနတ်သမီးက…
"တာအိုဝါဒဆိုတာ အသက်ရှည်ဖို့နဲ့ ပျော်ရွှင်ဖို့ကို ရှာဖွေတာပါ ၊ မိစ္ဆာလမ်းစဉ်ကတော့ အတ္တကို အခြေခံတယ် ၊ အခြေခံအရဆိုရင်တော့ အဲဒီ (၂)ခုက တူသလိုရှိတယ် ၊ ဒါကြောင့် နတ်ဆိုးတွေနဲ့တိုက်ခိုက်တာက မင်းအတွက် အတွေ့အကြုံရပြီး ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်မှာပါ ၊ ဒါပေမဲ့ နတ်ဆိုးဘုရင်မ 'ချိ' ရဲ့ တန်ခိုးစွမ်းအားကိုတော့ သတိထား ၊ သူနဲ့တွေ့ရပြီဆိုရင်တော့ အမြန်သာ ပြေးပေတော့…"
'ချိ' ဆိုသည့်အမည်ကို ဟယ်ရှန်း ပထမဆုံး ကြားဖူးခြင်း မဟုတ်ပေ။
သို့သော်… ရွှမ်နွီနတ်သမီး၏ စကားအရဆိုလျှင် နတ်ဆိုးဘုရင်မက အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းဟန်တူသည်။ ထို့ကြောင့် ဟယ်ရှန်း မနာလိုပင် ဖြစ်သွားမိသည်။
ဟယ်ရှန်းက…
"နတ်ဆိုးနယ်မြေက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကမှ စတင်ဖြစ်တည်လာတာ ၊ 'ချိ' က နတ်ဆိုးနယ်မြေမှာ မွေးဖွားခဲ့တဲ့သူ ၊ အချိန်တိုအတွင်းမှာ သူက ဘာလို့ ဒီလောက် ကြောက်စရာကောင်းလာရတာလဲ…"
ကျိုးထျန်းရွှမ်နွီက…
"ဒီ မိစ္ဆာလမ်းစဉ်နဲ့ နတ်ဆိုးနယ်မြေက မိုးကောင်းကင်ကို ဆန့်ကျင်လို့ ဖြစ်ပေါ်လာရတာ ၊ နတ်ဆိုးဘုရင်မ 'ချိ' ဟာ မိစ္ဆာလမ်းစဉ်အတွက် မွေးဖွားလာတာ ၊ ပြောရရင် သူက သွေးနီရောင်ပင်လယ်ထဲက အသူရာတွေလိုမျိုး မွေးရာပါ တန်ခိုးစွမ်းအားနဲ့ ထူးခြားချက်တွေကို ပိုင်ဆိုင်ထားတယ် ၊ နှစ်ပေါင်း (၅၀)ဆိုတာ သူ့အတွက် တာ့လော်အဆင့် နတ်ဘုရားတစ်ပါးနဲ့ ညီမျှတဲ့ ကျင့်ကြံမှုမျိုးကို ရရှိနိုင်တယ် ၊ စကြာဝဠာကြီး ကျဆင်းလာလေ သူ့တန်ခိုးစွမ်းအားတွေက မယုံကြည်နိုင်လောက်အောင် မြင့်မားလာလေပဲ ၊ တစ်နေ့ စကြာဝဠာတစ်ခုလုံး ပျက်စီးမယ့်အချိန်ရောက်ရင် ပြောစရာတောင် မလိုတော့ဘူး ၊ မင်း နှစ်ပေါင်း (၁၀၀၀) ကျင့်ကြံဦးတော့ သူ့ကို မမီနိုင်ဘူး…"
ရွှမ်နွီနတ်သမီးက နတ်ဆိုးဘုရင်မ 'ချိ' ကို အလွန်အမင်း ချီးကျူးစကားဆိုသည့်အခါ ဟယ်ရှန်းမှာ အံ့အားသင့်သလို မယုံနိုင်လည်း ဖြစ်သွားမိသည်။
ဟယ်ရှန်းသည်လည်း မွေးရာပါ တာအိုခန္ဓာဖြင့် မွေးဖွားလာသူ ဖြစ်သည်။
ထို့ကြောင့် လျှင်မြန်လွန်းသည့်အရှိန်အဟုန်ဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီး သူမ၏ တာအိုတရားအပေါ် နားလည်နိုင်စွမ်းကလည်း အခြားသူများထက် သာလွန်မြင့်မားသည်။
သူမ၏ အဆင့်ဖြင့်ဆိုလျှင် နတ်ဆိုးဘုရင်မ 'ချိ' ကို ကောင်းကောင်းရင်ဆိုင်နိုင်မည်ဟု ထင်မြင်မိသည်။ သို့သော်… ကျိုးထျန်းရွှမ်နွီ၏ စကားကိုကြားရသည့်အခါ သူမ စိတ်ညစ်သွားရလေသည်။
ရွှမ်နွီနတ်သမီးက ဟယ်ရှန်း၏ အတွေးများကို သိလိုက်သည်နှင့် အေးဆေးသည့် လေသံဖြင့်…
"ဒါပေမဲ့ ကျင့်စဉ်လမ်းမှာ လျှင်မြန်တယ်ဆိုတာ တကယ်တမ်းကျ ဘာမှ လုပ်လို့မရဘူး… ၊ ကျင့်ကြံခြင်းမှာ ဘယ်အဆင့်ကိုရောက်ပြီလဲဆိုတဲ့အချက်က ပိုအရေးကြီးတာ…"
ထိုစကားကိုကြားပြီးနောက် ဟယ်ရှန်း သေသေချာချာ စဉ်းစားနေမိလေသည်။
ရွှမ်နွီနတ်သမီး၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးကာ တစ်ချက်ပြုံးလိုက်ရင်း…
"မင်း စိတ်မသက်မသာဖြစ်တယ်ဆိုရင် ငါ ဒီလိုစကားမျိုး နောက်ထပ်မပြောတော့ဘူး ၊ တကယ်တော့ ဒီစကားက ငါ့အတွက်လည်း အတော်လေး စိတ်အနှောက်အယှက် ဖြစ်ရတယ်…"
ထိုစကားကြောင့် ဟယ်ရှန်း စိတ်လှုပ်ရှားသွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
"ရွှမ်နွီနတ်သမီးက အတော်လေးဂရုစိုက်တာပဲ ၊ ငါ ဘာလို့ မသိခဲ့ပါလိမ့်…"
ရွှမ်နွီနတ်သမီးက အေးဆေးသည့်လေသံဖြင့်…
"မင်း အကြာကြီးမေးချင်နေတဲ့ မေးခွန်းကို ငါ ပြောပြပါ့မယ် ၊ မင်းနဲ့ငါလည်း ပတ်သက်ကြတဲ့သူတွေပဲလေ ၊ ဒီတော့… မင်း လောကမှာ ကြဉ်လည်ခဲ့တဲ့အချိန်တွေအတွင်း 'ချင်းရွှမ်' ဆိုတဲ့ နာမည်ကို ကြားဖူးသလား…"
ဟယ်ရှန်းက နတ်ဘုရားလောကတွင် လူချစ်လူခင်များသူ ဖြစ်သည်။
ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်းများပြီး လျှို့ဝှက်ချက်အချို့ကိုလည်း သူမ သိထားလေသည်။
သူမ "ချင်းရွှမ်" ဆိုသည့် အမည်ကို တစ်ကြိမ်ကြားခဲ့ဖူးသည်။
သူမကို ပြောပြသည့်နတ်ဘုရားမှာ အသက်ရှည်စေခြင်းကျောင်းတော်မှ ရွှင်ယောင်းကျန်းရန် ဖြစ်လေတော့၏။
***