အစီအစဉ်
Vol. 001 Ch. 80
ကြယ်စင်ဧကရာဇ် ကျောင်းဆောင် နေရာတွင် ပတ်ဝန်းကျင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်နေသည်။ မျက်လုံးပေါင်းများစွာက ရီဖူရှင်းကို ကြည့်နေကြသည်။ သူ၏ဘေးနားတွင် မလှုပ်မရှား နိုင်တော့သော သက်မဲ့ ရုပ်အလောင်းတစ်ခု ရှိနေသည်။ သူကား မူယွန်ချန်ဖြစ်သည်။
ထိုရိုက်ချက်က မူယွန်ချန်၏ ခန္ဓာကိုသာလျှင် ရိုက်မိခဲ့သည် မဟုတ်။ လူတိုင်း၏ ရင်ဘတ်ကိုပါ ရိုက်နှက်လိုက်သကဲ့သို့ပင်။ လူတိုင်း တုန်ယင်သွားကြသည်။ မူယွန်ချန်... ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ အတော်ဆုံး ကျောင်းသား...။ ဟန်မို၏ လက်ရင်းတပည့်ကား သူ၏ ကျောင်းဆောင် ရှေ့တွင်ပင် အသတ်ခံလိုက်ရသည်။
ရီဖူရှင်းက အမှန်တကယ် အသေသတ်ခဲ့သည်။
ဟန်မိုက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။ သူက ဝန်ကြီးချုပ် အမိန့်ပြားအား လက်ခံရရှိပြီး တုံ့ဆိုင်းနေခဲ့သော အချိန်တွင်ပင် ရီဖူရှင်းက ရိုက်ချလိုက်ရာ သူ တုံ့ပြန်ရန် အချိန်မရခဲ့ပေ။
"ဝန်ကြီးချုပ်က ထောက်ခံတယ် ဆိုပြီးတော့ မင်းက ဒွန်ဟိုင်ကျောင်းတော်မှာ လူသတ်တယ်ပေါ့... အရမ်းကောင်းတယ်...” ဟန်မိုက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ဝန်ကြီးချုပ် အမိန့်ပြားအား ပြန်၍ ပစ်ပေးလိုက်သည်။
"ဆရာကြီးက ကိုယ့်အသိစိတ်ကိုယ် မေးသင့်တယ်... ဘယ်သူက ဘယ်သူ့ကို သတ်ချင်ခဲ့တာလဲ...” ရီဖူရှင်းက ထူးမခြားနားစွာ ပြောလိုက်သည်။ သူကား အလွန် အာရုံခံစားမှု ကောင်းမွန်သူဖြစ်ရာ ဟန်မိုနှင့် မူယွန်ချန်က သူ့အား သတ်လိုသည်ကို သိသည်။ သို့တိုင်အောင် သူက ဤသို့လုပ်ရန် အစီအစဉ် မရှိခဲ့ပေ။ မူယွန်ချန်က သူ့အား ဒေါသထွက်အောင် အကြိမ်ကြိမ် ရန်မစခဲ့သင့်ပေ။
ဟွာဂျီယူက ချင်းကျူမြို့မှ မထွက်ခွာမီ သူ့အပေါ်ချစ်ခင်မှုကို ဖွင့်ဟခဲ့ပြီး သူ၏ လှုပ်ရှားမှုတိုင်းအား စိုးရိမ်တကြီးဖြင့် ဒွန်ဟိုင်ကျောင်းတော်တွင် စောင့်ဆိုင်းနေခဲ့သည်။ ယခု မူယွန်ချန်က သူမအား အကြိမ်ကြိမ် စော်ကားခဲ့သည်။ ရီဖူရှင်း ခွင့်မလွှတ်နိုင်ပေ။
"ရှင်းလိုက်...” ဟန်မိုက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ထိုနေရာမှ လှည့်ကာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ တက်သွားတော့သည်။ တခြားလူများက မူယွန်ချန်၏သက်မဲ့ ခန္ဓာကိုယ်အား သယ်ဆောင်ကာ ဟန်မိုနောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။
ယနေ့တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကား သူတို့၏ ဂုဏ်သိက္ခာများ အားလုံး ကျဆင်းခဲ့ရသည်။ အသေသတ်ပွဲတွင် ပါရမီရှင် မူယွန်ချန်မှာ ရီဖူရှင်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
တခြား ကျောင်းဆောင်များမှ ကျောင်းသားများက ရီဖူရှင်းအား ကြည့်နေကြသည်။ သည်ကောင်ကား ရူးသွပ်လွန်းလှသည်။ သူက ဝန်ကြီးချုပ်ကျိုနှင့် ထွက်ခွာသွားပြီးနောက် သူ၏ အရည်အချင်းများကြောင့် ဝန်ကြီး၏အလေးပေးမှုကို ခံစားခဲ့ရသည်။ သူ့တွင် ဝန်ကြီးချုပ် အမိန့်ပြားပင်လျှင် ရှိသည်။ ဝန်ကြီးချုပ်က သူ့အား မည်မျှ အလေးထားသည်ကို သိသာလှသည်။
ဒွန်ဟိုင် ကျောင်းတော်တွင် သူ၏ပါရမီ အရည်အသွေးအား လိုက်မီနိုင်သူ ရှားပါးလွန်းလှသည်။ ယူချင်း... သဘာဝအရ မွေးဖွားလာသော တိုက်ခိုက်ရေးသမား။ ဟွာဂျီယူ... ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ နတ်မိမယ်...။ သူတို့သာလျှင် ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပေသည်။ သို့သော် ယူချင်းမှာ ရီဖူရှင်းနှင့်အတူ သည်ကျောင်းတော်ကို ဝင်ရောက်လာခဲ့သော သူ၏အကောင်းဆုံး သူငယ်ချင်းဖြစ်ကာ နောက်တစ်ယောက်မှာ သူ၏ ချစ်သူဖြစ်သည်။
ယခု ဟွာဂျီယူက ရီဖူရှင်း၏ဘေးသို့ လျှောက်သွားလိုက်သည်။ သူမက ရီဖူရှင်း၏လက်ကို အသာအယာ ကိုင်ဆွဲလိုက်ကာ သူ့အား ကြည့်လိုက်သည်။
သူမက ညင်သာစွာ မေးလိုက်သည်... “နင်ဘာလို့ ဒီလောက် အတင့်ရဲရတာလဲ...” သူမက ရီဖူရှင်းက သည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်မှာ သူမနှင့် ပတ်သက်၍ အလွန် ဒေါသထွက်ကာ မခံမရပ်နိုင်သောကြောင့် ဖြစ်သည်ကို နားလည်သည်။ သူမကလည်း မူယွန်ချန်ကို အလွန် မုန်းတီးသည်။ သို့သော် ရီဖူရှင်းက မူယွန်ချန်အား သတ်ခဲ့သည့်အတွက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှာ သူနှင့်ရန်သူအဖြစ် ပြောင်းလဲသွားပြီ ဆိုသည်ကိုလည်း သူမသိသည်။
"နောက်တစ်ယောက်က မင်းကို ဒီလို ပြောမယ်ဆိုရင်လည်း ငါက ဒီအတိုင်းလုပ်မှာပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။
ဟွာဂျီယူ ခေါင်းငုံ့လိုက်သည်။ သူမ၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်... “ငါ… ဆရာဘိုးဘိုးကို သွားပြီး နှုတ်ဆက်တော့မယ်... ဒီမှာ ငါဆက်မနေတော့ဘူး...”
"အင်း...” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်... "ဒါဆို နောက်ကို ဘာအစီအစဉ်တွေရှိလဲ...”
"ငါ့မှာ နင်ရှိတယ်လေ... ဟုတ်တယ်မလား...” ဟွာဂျီယူက ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်။
“ကောင်းပြီ...” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
“ငါသွားတော့မယ်...” ဟွာဂျီယူက တိတ်ဆိတ်စွာ ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် သူမအား လွှတ်ပေးလိုက်သည်။ ဟွာဂျီယူက သူမ၏ ဆရာဘိုးဘိုးအား နှုတ်ဆက်ရန် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်သို့ ပြန်သွားသည်။ သူမ၏ချစ်သူက သည်ကျောင်းဆောင်နှင့် ရန်သူဖြစ်နေသည် ဆိုမှတော့ သည်နေရာတွင် သူမဆက်မနေလိုတော့။
ရီဖူရှင်းကလည်း လာဘ်လာဘ ကျောင်းဆောင်မှ လူများရှိရာသို့ လျှောက်သွားလိုက်သည်။ သူ၏ ကျောင်းနေဘက်များက သူ့အား လေးစားစွာ ကြည့်ကြသည်။ ယနေ့ ရီဖူရှင်းက သူတို့၏ ဒေါသများအား ပြေပျောက်အောင် လုပ်ပေးနိုင်ခဲ့သည်။
"ဆရာကြီး ... ကျွန်တော်က ဒုက္ခပေးမိပြီ...” ရီဖူရှင်းက ယိချန်အား ပြောလိုက်သည်။
"မင်းက သူ့ကို သတ်လိုက်ပြီးပြီ ... အခု ဒါကို သိပ်မတွေးနဲ့တော့..." ယိချန်က အရေးမကြီးသလို ပြောသည်... "မင်းက သူ့ကို မသတ်ရင်လည်း သူက မင်းကို သတ်လိမ့်မယ်... ငါပြောသလိုပဲ... မင်းသာ ရှုံးခဲ့မယ်ဆိုရင်... ဟန်မိုက မင်းကို သတ်ဖို့ ကျိန်းသေ ကြိုးစားမှာပဲ... ငါကလည်း မင်းကို ကယ်နိုင်မယ် မထင်ဘူး... ဒါကြောင့် ဒီကိစ္စကို တွေးနေမယ့်အစား သူတို့နဲ့ နောက်ဆို ဘယ်လို ရင်ဆိုင်ရမလဲ တွေးသင့်တယ်... “
ရီဖူရှင်းက ယိချန်အား ကြည့်လိုက်သည်။ သူကား သည်တစ်ကြိမ်တွင် အလွန် နားလည် လက်ခံလွယ်နေသည်။
“သွားမယ်...” ယိချန်က ထိုနေရာမှ စတင် ထွက်ခွာလိုက်သည်။ ရီဖူရှင်းက သူ၏ဘေးတွင် လိုက်ပါသွားပြီး တခြား ကျောင်းသားများက သူတို့၏နောက်မှ လိုက်ပါသွားကြသည်။ သူတို့အားလုံး ထွက်ခွာသွားသည်ကို မြင်လျှင် ပရိသတ်များလည်း အလျှိုလျှိုဖြင့် တဖြည်းဖြည်း ကျဲပါးသွားတော့သည်။ သို့တိုင်အောင် ကျောင်းသားများ ကိုယ်စီ၏ ရင်ထဲတွင်ကား မတည်ငြိမ်နိုင်သေးပေ။ မကြာမီ ဒွန်ဟိုင် ကျောင်းတော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကို အလိုလို သိနေကြသည်။ သည်နေ့ကိစ္စမှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရီဖူရှင်းတို့၏ ရုတ်တရက် ဖြစ်လာသော ပြဿနာမဟုတ်ဘဲ အချိန်ကြာမြင့်စွာ ဖြစ်တည်လာခဲ့သော ပြိုင်ဆိုင်မှုဖြစ်သည်။ သို့သော်လည်း သည်လူငယ်လေးမှာ မည်မျှ သန်စွမ်းသည်ကို နောက်ဆုံးတွင် သူတို့ သိလိုက်ရသည်။ အကယ်၍ သည်အကျပ်အတည်းတွင် သည်လူငယ်လေးသာ အသက်ရှင်ခဲ့ပါက တစ်နေ့တွင် အလွန် ထင်ရှားကျော်ကြားသော သူဖြစ်လာမည်မှာ သေချာလှပေသည်။
ကျောင်းဆောင်သို့ ပြန်ရာလမ်းတွင် ယိချန်။ ရီဖူရှင်း။ ယူချင်းနှင့် ယိချိန်ချန်တို့က ကျောင်းသားများရှေ့မှ လျှောက်နေကြသည်။ ယိချန်က အသာအယာ ပြောလိုက်သည်... “ဒီနေ့ မင်းက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို စိန်ခေါ်တာ သိပ်တော့ မရိုးဘူး...”
ရီဖူရှင်းက ပြန်ကြည့်လိုက်သည်။ ယိချန်က ဆက်ပြောသည်... “အနုပညာ သူတော်စင်ရဲ့ တပည့်ကို အားသုံးပြီး အနိုင်ယူတယ်... ဂိတ်ပေါက်ကိုပိတ်ပြီး စိန်ခေါ်တယ်... မင်းရဲ့ အရည်အချင်းတွေကို ပြတယ်... ပြီးတော့ ဟွာဂျီယူနဲ့ ဆက်ဆံရေးကို ဖွင့်ဟတယ်... မင်းက နန်ဒူမျိုးနွယ်စုကို တစ်ခုခု သက်သေပြဖို့ ကြံနေတာလား...”
ရီဖူရှင်း၏မျက်လုံးများမှ အရောင်တစ်ချက် လက်သွားသည်... ယိချန်က ဆက်ပြောသည်... “ဒီနေ့ မင်းပြသခဲ့တဲ့ အရည်အချင်းတွေနဲ့ ဝန်ကြီးချုပ် အမိန့်ပြားတို့နဲ့ဆိုရင် နန်ဒူမျိုးနွယ်စုက မင်းကို အာစုံစိုက်မှာ သေချာတယ်...”
“ဆရာကြီး... ကျွန်တော်က ဒါကိုလည်း မလိုအပ်ပါဘူး...” ရီဖူရှင်းက ခေါင်းယမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က သူနှင့်ဟွာဂျီယူတို့၏ဆက်ဆံရေးကို သံသယရှိနေမှတော့ နန်ဒူမျိုးနွယ်စုမှလည်း သံသယဝင်နေမည် သေချာသည်။ ထို့ကြောင့် အနှေးနှင့်အမြန် သိသွားမည်မှာ သေချာလှရာ တစ်ခါတည်း ရှင်းလင်းအောင် ဖွင့်ဟလိုက်ခြင်းမှာ ပိုကောင်းပေသည်။
ရီဖူရှင်းက ရှေ့ကို ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်... “ကျွန်တော့်ကို နန်ဒူမျိုးနွယ်စုက လက်ခံဖို့ မမျှော်လင့်ဘူး... မြေခွေးမအတွက် အချိန် နည်းနည်းပိုရဖို့ပဲ မျှော်လင့်တယ်... နောက်နှစ် နည်းနည်းကြာရင် သူတို့က သဘောတူတယ် မတူဘူးဆိုတာ အရေးမကြီးတော့ဘူး...”
“ကောင်းပြီ... မင်းက ယုံကြည်မှုရှိတာပဲ...” ယိချင်က အသာအယာ ပြောလိုက်သည်... “တခြား ရည်ရွယ်ချက်တွေကကော ဘာတွေလဲ...”
“အာ...” ရီဖူရှင်းက ယိချန်အား ကြည့်လိုက်သည်။ သည်လူကြီးကား အလွန်ဉာဏ်ကောင်းသည်။
ယိချန်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်... “ဝန်ကြီးချုပ်ကျိုက မင်းကို ဝန်ကြီးချုပ် အမိန့်ပြား ပေးထားတယ်ဆိုမှတော့ မင်းအပေါ် သူ့သဘောထားက သိသာနေပြီ... မင်းကို နန်းမြို့တော်ကို သွားဖို့ သူ ပြောခဲ့လိမ့်မယ်... ဒါကြောင့် မင်းက ဒီမှာ ပြဿနာ ဖန်တီးဖို့ မကြောက်ရွံ့တာပဲ... နောက်ဆုံးမင်းက ဒီက ထွက်သွားရုံပဲ... ဒါကြောင့် မင်းက ပြဿနာပိုကြီးအောင် လုပ်ပြီး လာဘ်လာဘ ကျောင်းဆောင်ကို ကူညီဖို့ တွေးထားတယ်ပေါ့... ငါ့ကို ကျေးဇူးတင်ဖို့ အတွက်လား... ဟုတ်တယ်မလား...”
ရီဖူရှင်းက အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ သည်လူကြီးက သူ၏ရည်ရွယ်ချက်များကို ရိပ်မိနေသည်။
“မင်း ဘယ်တော့ ထွက်သွားမလဲ...” ယိချန်က မေးလိုက်သည်။
“ဝန်ကြီးချုပ်ကျိုက ကျွန်တော့်ကို နောက်နှစ် တန်ဖန်းပွဲတော်ကို တက်ရောက်စေချင်တယ်...” ရီဖူရှင်းက ပြောလိုက်သည်။
“လာဘ်လာဘ ကျောင်းဆောင်ထဲမှာပဲနေ... အေးအေးဆေးဆေး တန်ခိုးကျင့်နေ... အပြင်ကို မထွက်နဲ့တော့... နောက်နှစ်ကျရင် ငါကိုယ်တိုင် လိုက်ပို့ပေးမယ်...” ယိချန်က ထိုသို့ပြောကာ ရှေ့ကို ဆက်သွားလိုက်သည်။
ရီဖူရှင်းက သူ၏မျက်နှာပေါ်မှ လေးနက်မှုကို သတိထားမိကာ ပြုံးလိုက်သည်။ သည်လူကြီးကား တချို့နေရာတွင် သဘောကျဖွယ် အမူအကျင့်များလည်း ရှိနေသည်။
သို့သော်လည်း တချို့အရာများမှာ သူတို့မျှော်လင့်သလို မဖြစ်လာတတ်သည်ကိုကား ရီဖူရှင်းတို့ မသိခဲ့ပေ။
***
ရီဖူရှင်း လာဘ်လာဘ ကျောင်းဆောင်သို့ ရောက်ရှိလာပြီး မကြာမီ ဟွာဂျီယူလည်း ရောက်လာခဲ့သည်။ သူ၏ရှေ့တွင် ပေါ်လာသော သူမ၏ပုံသဏ္ဌာန်ကို ကြည့်ကာ ရီဖူရှင်းက ညင်သာစွာ ပြုံးလိုက်သည်။
သူမက ရီဖူရှင်းထံသို့ လျှောက်လာကာ သူ့အား လှပသော မျက်လုံးဝိုင်းများဖြင့် ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...” ရီဖူရှင်းက တိုးညင်းစွာ မေးလိုက်သည်။
ဟွာဂျီယူက သူမ၏သေးသွယ်သော လက်ဖြင့် ရီဖူရှင်း၏လက်အား လှမ်းပြီး ဆုပ်ကိုင်လိုက်သည်... “ငါထွက်သွားပြီးရင် ဆရာဘိုးဘိုး တစ်ယောက်တည်း ဖြစ်နေတော့မယ်...”
“အရူးမလေး... ဆရာဘိုးဘိုးက အဆင်ပြေမှာပါ...” ရီဖူရှင်းက စိတ်မကောင်းစွာ ပြောသည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ထိုအဘိုးကြီးအားတွေးကာ သူလည်း စိတ်ထိခိုက်ရသည်။
သည်အဘိုးကြီး၏ အပြုံးကား ရိုးစင်းလွန်းလှသည်။ ထိုအကြည့်များမှ ဆရာဘိုးဘိုး၏ သူတို့အပေါ် ချစ်ခင်မှုကို ခံစား၍ရသည်။ သူက အသက်အရွယ် အိုမင်းနေပြီ ဖြစ်သော်လည်း သူ၏ ထူးခြားထက်မြက်သော ကိုယ်ရောင်ကိုယ်ဝါအား ခံစားမိနိုင်သည်။ သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ လှုပ်ရှားပြုမူနေပုံများကို သဘောကျပုံမရပေ။ ထိုနေရာတွင် နေထိုင်သည်က သူ့အတွက် အထီးကျန် ဆန်လှပေမည်။
“ကောင်းပြီ...” ဟွာဂျီယူက မျက်လုံးများ နီရဲလျက် ပြောသည်... “ငါတို့က မကြာခဏ သွားလည်လို့ ရတာပဲ... ဟုတ်တယ်မလား...”
“မှန်တာပေါ့... ငါလည်း သူ့ဆီက ကု့ချင်းပညာတွေ ထပ်သင်ရဦးမယ်...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ သို့သော်လည်း သူတို့တွင် အခွင့်အရေး အနည်းငယ်မျှသာ ကျန်ရှိတော့သည်ကို ရီဖူရှင်း သိသည်။ ဆရာဘိုးဘိုး၏ အသက်အရွယ်ဖြင့် နောက်ထပ် နှစ်မည်မျှ အသက်ရှည်လိမ့်မည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ သို့သော် သည်အဘိုးအိုက သူ့အား စစ်သူကြီး၏ အမိန့်သံကဲ့သို့သော သီချင်းအား သင်ကြားပေးခဲ့သူ ဖြစ်သည်။
“နင်က ငါ့ကို နောက်တစ်ခါ ထားမသွားရတော့ဘူး...” ဟွာဂျီယူက ရီဖူရှင်းအား စူးရဲစွာ ကြည့်လျက် ပြောလိုက်သည်။
“နင်ပဲ ငါ့ကို ထားသွားတာမလား... ငါဘယ်တုန်းက ထားသွားလို့လဲ...” ရီဖူရှင်း မေးလိုက်သည်။
“နင်ထားသွားတယ်...” ဟွာဂျီယူက သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။
ရီဖူရှင်း သက်ပြင်းချလိုက်သည်။ သူက ဟွာဂျီယူနှင့် ပြိုင်ငြင်းနိုင်စွမ်း မရှိပေ... “ဆိုလိုတာက နင်က အခု ငါနဲ့အတူနေဖို့ စီစဉ်နေတာပေါ့... ဟုတ်လား...” ရီဖူရှင်း၏မျက်လုံးများ တောက်ပလာသည်။
“နင်က ငါ့ကို ခါထုတ်ဖို့ လုပ်နေပြန်ပြီ...” ဟွာဂျီယူက ခနဲ့လိုက်သည်။
“အာ... မဟုတ်ဘူး... ကြည့်ရတာတော့ ငါက မိန်းကလေးတွေနဲ့ စကားပြောလို့ မရတော့ဘူးထင်တယ်...” ရီဖူရှင်းက သက်ပြင်းချလိုက်သည်။
“နင်...” ဟွာဂျီယူက ခြေဆောင့်၍ ရီဖူရှင်း၏ ခြေထောက်အား အသာအယာ ကန်လိုက်သည်။
“မိန်းကလေးတွေက ဘာလို့ ဒီလို အမြဲ လုပ်နေကြတာလဲ...” ရီဖူရှင်း ရေရွတ်လိုက်သည်... သို့သော် သူစကား ပြောမှားသွားသည်ကို ချက်ချင်း သိလိုက်ကာ သူ၏ပါးစပ်အား ချက်ချင်း ပိတ်လိုက်သည်။
သို့သော် ဟွာဂျီယူက သူ့အား ပြုံးကြည့်နေသည်ကို သူတွေ့လိုက်ရသည်... “ဟုတ်လား... ဘယ်သူ အဲဒီလို လုပ်တာလဲ...”
“မဟုတ်ဘူး... ချိန်ချန်က ယူချင်းကို ဒီလိုကန်တာ မြင်ဖူးလို့ ပြောလိုက်တာ...” ရီဖူရှင်းက သိပ်မဝေးသော တစ်နေရာမှ လူနှစ်ယောက်အား လက်ညှိုးထိုးလိုက်သည်။
“ငါတစ်ခါလည်း မလုပ်ဖူးဘူး...” ဟွာဂျီယူက သူမအား ကြည့်နေသည်ကို မြင်လျှင် ယိချိန်ချန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ သူမက သည်ကိစ္စအတွက် တာဝန်မယူနိုင်ပေ။
ရီဖူရှင်း၏မျက်နှာ မည်းမှောင်သွားသည်။ ယိချိန်ချန်ကား သူငယ်ချင်းကောင်း မဟုတ်ပေ။
ဟွာဂျီယူက သူ့အား တစ်ဖန် စိုက်ကြည့်နေသည်ကို ရီဖူရှင်း သတိထားမိလိုက်သည်။ အကူအညီမဲ့စွာပင် ရီဖူရှင်းက ကောင်းကင်အား မော်ကြည့်လျက် တိတ်ဆိတ်စွာ ပြောလိုက်သည်... “ဒီနေ့ ရာသီဥတု အရမ်းကောင်းတယ်... ငါတို့ နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်သင့်တယ်...”
ထိုသို့ပြောပြီး သူက သူ့အခန်းရှိရာသို့ လျှောက်သွားလိုက်သည်။ ဟွာဂျီယူ၏ မျက်လုံးများ ဝိုင်းစက်သွားကာ သူ့နောက်သို့ လိုက်လာသည်။ ရီဖူရှင်းက နောက်လှည့်၍ မေးလိုက်သည်... “အတူတူလား...”
ဟွာဂျီယူ ရပ်သွားသည်။ ရီဖူရှင်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ ထိုစဉ် သူမက ရုတ်တရက် ပြုံးလိုက်သည်... “ဒါပေါ့...”
သူမက ထိုသို့ပြောနေရင်း ရီဖူရှင်းအား လိုက်မီလာသည်။ သည်တစ်ခေါက်ကား ရီဖူရှင်း ထိတ်လန့်ရန် အလှည့်ပင်။ ပျော်ရွှင်မှုကား ရုတ်တရက် ရောက်လာတတ်သည်။
***