အဖြစ်ဟောင်းများ
Vol. 10 Ch. 957
ရွှင်ယောင်းက အသက်ရှည်စေခြင်းကျောင်းတော်မှ အတော်ဆုံး တပည့်တစ်ယောက်ဖြစ်သည်။
ဟယ်ရှန်းကလည်း နှစ်ပေါင်း (၁၀၀)အတွင်း အချောအလှဆုံး နတ်သမီးများထဲတွင် တစ်ပါးအပါအဝင်ဖြစ်လေရာ သူမကိုတွေ့သည်နှင့် ရွှင်ယောင်းက မေတ္တာသက်ဝင်မိလေတော့သည်။
သူတို့ စုံတွဲသည် ပါရမီရှင်နှင့် မိန်းမလှလေးဟု ဆိုရမည့်အလား အလွန်လိုက်ဖက်လေသည်။
ဟယ်ရှန်းက ရွှင်ယောင်းကို အထင်ကြီးလေသည်။ အဘယ်ကြောင့်ဆိုသော်… ရွှင်ယောင်းက ပါရမီရှင်တစ်ယောက်ဖြစ်သည်သာမက ဆန်းလျန်၏ သင်ပြပေးမှုဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမက ရွှင်ယောင်း၏ မေတ္တာကို တုံ့ပြတ်ခဲ့ခြင်း ဖြစ်သည်။
တစ်နေ့တွင်တော့ ရွှင်ယောင်းနှင့်ဟယ်ရှန်း လောကတစ်ခွင်ရှိ နက်နဲသည့် တန်ခိုးစွမ်းအားများအကြောင်းကို ဆွေးနွေးနေကြစဉ် ရွှင်ယောင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီနေ့ခေတ် နတ်ဘုရားကျောင်းတော်တွေက သင်ပြပေးနေကြတဲ့ ကျင့်စဉ်တွေအားလုံးက ချင်းရွှမ်နတ်တံခါးရဲ့ ကျင့်စဉ်ပေါင်း (၁၀၈)ခုကို အခြေခံထားတာ…"
ရွှင်ယောင်း၏ စကားကို ဟယ်ရှန်းစိတ်ဝင်စားသွားသည်။
"ချင်းရွှမ်နတ်တံခါးဆိုတာ ဘာလဲ…"
ဟယ်ရှန်းက မေးမြန်းလိုက်သော်လည်း ရွှင်ယောင်းက မည်သည့်စကားမှ ပြန်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ရွှင်ယောင်း၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်သည့်အရိပ်အငွေ့များကို သူမ တွေ့လိုက်ရသည်။
ထိုအချိန်ကစပြီး ဟယ်ရှန်းက ချင်းရွှမ်ဆိုသည့်စကားလုံးကို စိတ်ထဲတွင် စွဲမှတ်ထားခဲ့သည်။ ထိုစကားလုံးသည် သူ့နှလုံးသားထဲတွင် အမြစ်တွယ်လျှက် ရှိလေသည်။
ယခု ကျိုးထျန်းရွှမ်နွီကလည်း သူမရှေ့တွင် "ချင်းရွှမ်" ဆိုသည့် စကားလုံးကို ပြောလိုက်လေရာ ဟယ်ရှန်း အံ့သြထိတ်လန့်သွားပြီး ရင်ပင်တုန်သွားရသည်။
ကျိုးထျန်းရွှမ်နွီ၏ နားလည်ရခက်သည့် မျက်ဝန်းများက လှေ၏ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ထက်သို့ လှမ်းမျှော်ကြည့်နေသည်။
သူမ၏နတ်ဘုရားခန္ဓာသည် မြူခိုးများဆိုင်းနေသည့်အလား ေ၀ဝါးနေလေသည်။ သူမသည် နွေဦးလေပြေလေးအလား လောကမှ အချိန်မရွေး လွင့်မျောထွက်ခွာသွားမည်ဟု ထင်မှတ်ရသည်။
ဟယ်ရှန်းက ရွှမ်နွီနတ်သမီးကို အလွန်ပင် လေးစားအားကျမိသည်။ သူမသည် ကျင့်စဉ်လမ်းတွင် ရွှမ်နွီနတ်သမီးကဲ့သို့ အဆင့်မမြင့်သေးသော်လည်း တစ်ချိန်ချိန်တွင် ထိုသို့အဆင့်မြင့်မားလာစေရန် မျှော်လင့်တောင့်တမိသည်။
ထို့နောက်… ရွှမ်နွီနတ်သမီးက နူးညံ့သိမ်မွေ့သည့် လေသံဖြင့် စကားစတင် ပြောလာသည်။
"ချင်းရွှမ်ဆိုတာ ဘာလဲသိချင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းကို ပြန်သွားမှ ရလိမ့်မယ် ၊ ချင်းရွှမ်နတ်တံခါးဟာ တာအိုဆရာသခင်ထိုက်ယီနဲ့ အများကြီးပတ်သက်မှုရှိတယ် ၊ ဒါပေမဲ့ ချင်းရွှမ်နတ်တံခါး တကယ်တမ်းမွေးဖွားလာတာကတော့ ဓားတစ်လက်ကြောင့်ပဲ ၊ အဲဒီဓားက လောကကြီး မဖွင့်လှစ်မီ ဖြစ်တည်ခဲ့တဲ့ မရဏဓား (၆)လက်ထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ် ၊ အဲဒီမရဏဓား (၆)လက်ကို ဗီဇဝိညာဉ်မရဏဓား (၆)လက်လို့လည်း ခေါ်ကြတယ်…"
ဗီဇဝိညာဉ်မရဏဓား (၆)လက်ဟု ရွှမ်နွီနတ်သမီးက ပြောလာသည့်အခါ ဟယ်ရှန်းမှာ နှလုံးသားထဲမှပင် တုန်လှုပ်ချောက်ချား သွားမိသည်။ ထိုသို့ကြောက်ရွံ့ခြင်းမှာ ပင်ကိုယ်သိစိတ်မှ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့ခြင်းမျိုး ဖြစ်၏။
ထိုမရဏဓား (၆)လက်သည် နေ့နေ့ညည နတ်ဘုရားများ၏အသက်အန္တရယ်ကို ခြိမ်းခြောက်နေသည့် ဗီဇဝိညာဉ်မရဏဓားများ ဖြစ်လေသည်။
ရွှမ်နွီနတ်သမီးက စကားဆက်ပြောလိုက်သည်။
သူမ၏အသံက စမ်းချေင်းလေးတစ်ခုပမာ ဟယ်ရှန်း၏ စိတ်ဝိညာဉ်အတွင်းသို့ စီးဆင်းဝင်ရောက်လာလေသည်။
"အဲဒီဓားကို ယွမ်တုဓားလို့ခေါ်တယ် ၊ အဲဒီဓားရဲ့ဇာစ်မြစ်က အသူရာချောက်ရဲ့ သွေးနီရောင်ပင်လယ်က အစပြုခဲ့တယ် ၊ အဲဒီနောက်မှာ ယွမ်တုဓားဟာ တာအိုဆရာသခင်ထိုက်ယီရဲ့ သင်ပြပေးမှုအကြောင့် တရားအလင်းရခဲ့ပြီး တာအိုဆရာသခင်ယွမ်ချင်းအဖြစ် လူပြန်ဝင်စားခဲ့တယ် ၊ ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့တဲ့သူက အဲဒီ ဆရာဘိုးဘိုးယွမ်ချင်းဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ…"
"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ချင်းရွှမ်နတ်တံခါးမှာ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေ အများအပြား ပေါ်ထွက်ခဲ့ဖူးတယ် ၊ ကျင့်ကြံသူလောကမှာ ကျင့်စဉ်အသစ်တွေ ဘယ်လောက်များများ ပေါ်ထွက်လာပါစေ ချင်းရွှမ်နတ်တံခါးက ရှုတ်ထွေးနက်နဲတဲ့ ကျင့်စဉ်တွေကို မမီနိုင်ပါဘူး ၊ ချင်းရွှမ်နတ်တံခါးမှာ နက်နဲပြီးစစ်မှန်တဲ့ ကျင့်စဉ် (၁၀၈)ခု ရှိတယ် ၊ အားလုံးဟာ စစ်မှန်တဲ့ကျင့်စဉ်လမ်းတွေချည်းပဲ ဖြစ်တယ် ၊ ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေက အဲဒီပညာတွေကို သိပ်ပြီးအလေးမထားကြတော့ဘူး… "
"နောက်ပိုင်းမျိုးဆက်တွေက တာအိုကျင့်စဉ်အသစ်တွေကို တီထွင်ကြတယ် ၊ ဘိုးဘေးတွေရဲ့ကျင့်စဉ်တွေကို အလေးမထားကြတော့ဘူး ၊ အဟောင်းနေရာမှာ အသစ်တွေနဲ့ အစားထိုးကြတယ် ၊ ချင်းရွှမ်နတ်တံခါးက တပည့်တွေ အလေးအမြတ်ထားကြတဲ့ လမ်းစဉ် (၁၀၈)ခုဟာလည်း ပျောက်ကွယ်ကုန်ကြတယ်… "
"ထားပါတော့လေ… အဲဒီခေတ်တုန်းက ချင်းရွှမ်နတ်တံခါးက ဆင်းသက်လာတဲ့ ကျင့်ကြံသူတွေထဲမှာ ထူးခြားတဲ့ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်…"
ထိုနေရာသို့ ရောက်သည့်အခါ ရွှမ်နွီနတ်သမီးက စကားကို ခေတ္တရပ်နားလိုက်သည်။
ဟယ်ရှန်းနှလုံးသားထဲတွင် မရေမရာခံစားချက်များ ဖြစ်ပေါ်လာလေသည်။ ချင်းရွှမ်နတ်တံခါးမှ ဆင်းသက်လာသည့် ထူးခြားသည့်ပါရမီရှင် ဆိုသည်မှာ သူမ၏ ဆရာ ဆန်းလျန်များ ဖြစ်လေမည်လားဟု တွေးလိုက်မိသည်။
သို့သော်… သူမ၏အတွေးများကို သိနေသည့်အလား ရွှမ်နွီနတ်သမီးထံမှ မခိုးမခန့် အကြည့်တစ်ချက်ကို ရင်ဆိုင်လိုက်ရလေရာ သူမ၏အတွေးမှားယွင်းပြီဖြစ်ကြောင်း ဟယ်ရှန်း သိရှိလိုက်သည်။
ကျိုးထျန်းရွှမ်နွီက သူမကို အဘယ့်ကြောင့် မခိုးမခန့်အကြည့်ဖြင့် ကြည့်ရပါသနည်း။
သူမ၏ဆရာ ဆန်းလျန်က ထို ထူးခြားသည့်ပါရမီရှင်လောက် မတော်သောကြောင့်လား သို့မဟုတ် နောက်ကွယ်တွင် အခြားသောအကြောင်းများ ရှိနေသေးသည်လား ဟယ်ရှန်း နားမလည်ပေ။
ဟယ်ရှန်း၏အတွေးစတို့ မပြတ်တောက်ခင်မှာပင် ရွှမ်နွီနတ်သမီးက စကားဆက်ပြောလိုက်သည်။
"အဲဒီ ထူးခြားတဲ့ပါရမီရှင်က လေထဲက အလိုလိုထွက်ပေါ်လာတာ မဟုတ်ဘူး ၊ အဲဒီသူက ချင်းရွှမ်နတ်တံခါးမှာ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံနေခဲ့တဲ့နတ်ဘုရားတစ်ပါးပဲ ၊ ချင်းရွှမ်နတ်တံခါးမှာ ထိုက်ဝေ့ထိုင်ခန်းမဆောင်ဆိုတဲ့ နေရာတစ်ခု ရှိတယ် ၊ အဲဒီနေရာမှာ ချင်းရွှမ်နတ်တံခါးရဲ့ စစ်မှန်တဲ့ ဂန္ထဝင်မြောက်ကျင့်စဉ်တွေကို စုစည်းထားတယ် ၊ ထူးခြားတဲ့ပါရမီရှင်က ထိုက်ဝေ့ထိုင်ခန်းမဆောင်မှာနေထိုင်ပြီး ကျမ်းစာတွေကို စေင့်ရှောက်ပေးနေတဲ့သူပဲ ၊ အချိန်တွေကြာလာတော့ ချင်းရွှမ်နတ်တံခါးမှာ သူ့အကြောင်းကို သိတဲ့သူ သိပ်မရှိကြတော့ဘူး ၊ ရှေ့မီနောက်မီ ဆရာသခင်နဲ့ တပည့်အနည်းငယ်လောက်ပဲ သူ့အကြောင်းကို သိကြတော့တယ် ၊ ထူးခြားတဲ့ပါရမီရှင်ဆိုတာ ထိုက်ဝေ့ထိုင်ခန်းမဆောင်ကို စောင့်ရှောက်ပေးနေတဲ့ နတ်ဘုရားအဘိုးအိုပါပဲ ၊ ဒါပေမဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း အဲဒီအဘိုးအိုရဲ့နာမည်က လောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့တယ်…"
"တစ်နေ့မှာ… သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတစ်ယော်ကက ချင်းရွှမ်နတ်တံခါးကို တာအိုတရားဆွေးနွေးဖို့ ရောက်လာခဲ့တယ် ၊ သူ့ကို ချင်းရွှမ်နတ်တံခါးက တပည့်တွေ ဘယ်သူမှ နိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ဘူး ၊ ပြီးတော့ သူက ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ကို ထိုက်ဝေ့ထိုင်ခန်းမဆောင်က ကျင့်စဉ် (၁၀၈)ခုကို လေ့လာခွင့်ပြုဖို့ အတင်းအဓမ္မတောင်းဆိုတယ်…"
ဟယ်ရှန်းက…
"ချင်းရွှမ်နတ်တံခါးက အရှိန်အဝါ ဒီလောက်ကြီးမားတာ ဒီလူက ဘာလို့ ဂိုဏ်းကတပ်ည့တွေကို အနိုင်ယူနိုင်ရတာလဲ… ၊ ချင်းရွှမ်နတ်တံခါးက ဘိုးဘေးတွေကရော ဘာမှ မလုပ်ကြဘူးလား…"
ရွှမ်နွီနတ်သမီးက ပြုံးလိုက်ရင်း…
"အဲဒီနောက်တော့ သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့လူက ထိုက်ဝေ့ထိုင်ခန်းမဆောင် ရှေ့ကို ရောက်သွားတယ် ၊ ဒါပေမဲ့ သူ ထိုက်ဝေ့ထိုင်ခန်းမဆောင်ထဲမဝင်ခင် နတ်ဘုရားအဘိုးအို ပြောလိုက်တဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတယ်…"
ဟယ်ရှန်းက…
"ဘာစကားလဲ…"
ကျိုးထျန်းရွှမ်နွီက…
"'ထိုက်ဝေ့ထိုင်ခန်းမဆောင်မှာ သွေးဓားကျင့်စဉ်ရဲ့အားနည်းချက်ကို ဖြေရှင်းနိုင်တဲ့ ဘာကျဉ့်စဉ်မှ မရှိဘူး…' လို့ နတ်ဘုရားအဘိုးအိုက ပြောလိုက်တာ…"
ဟယ်ရှန်းစိတ်ထဲမှ တွေးလိုက်သည်။
"သွေးဓားကျင့်စဉ်… တဲ့ ၊ နာမည်ကတော့လှသားပဲ…"
ရွှမ်နွီနတ်သမီးက…
"သွေးဓားကျင့်စဉ်ဆိုတာက မင်း လေ့ကျင့်လိုက်တာနဲ့ မင်းကို လွှမ်းမိုးသွားလိမ့်မယ် ၊ မင်းကိုယ်မင်း မထိန်းချုပ်နိုင်တော့ဘူး ၊ အဆင့်တစ်ခုအထိ အောင်မြင်လာရင် သွေးဓားရဲ့လွှမ်းမိုးမှုစွမ်းအားတွေကို ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က မခံရပ်နိုင်တော့ဘူး ၊ သွေးဓားက လုံး၀ လွှမ်းမိုးသွားလိမ့်မယ် ၊ ဒါမေပဲ့ အဲဒီမတိုင်ခင် သွေးဓားကို ကျင့်ကြံတဲ့သူဟာ မရေမတွက်နိုင်အောင် သတ်ဖြတ်မှုတွေလုပ်ရတယ်…"
"အဲဒါကြောင့် ဟိုးအရင်အချိန်ကတည်းက သွေးဓားကျင့်စဉ်ကျင့်ကြံတဲ့သူကို ကျင့်ကြံသူလောကရဲ့ ရန်သူလို့ သတ်မှတ်ထားကြတယ် ၊ အဲဒီကျင့်စဉ်ကို ကျင့်ကြံတဲ့လူတိုင်းဟာလည်း အဆုံးသတ်မကောင်းကြဘူး…"
"ဒီတော့ သွေးနီရောင်ဝတ်စုံဝတ်ဆင်ထားတဲ့သူ ချင်းရွှမ်နတ်တံခါးကို ဘာလို့ရောက်လာလဲ ဆိုတော့ … သွေးဓားကျင့်စဉ်ဟာ ဆရာဘိုးဘိုးယွမ်ချင်းနဲ့ ခွဲခြားမရတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေလို့ပဲ…"
"ယွမ်တုဓားဟာ လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားတဲ့အခါ သွေးနီရောင်ပင်လယ်ထဲက သူ့ရဲ့ မိစ္ဆာစွမ်းအားတွေကို စွန့်ပစ်ခဲ့တယ် ၊ ဒါပေမဲ့ မိစ္ဆာစွမ်းအားရဲ့ သဘောသဘာဝအတိုင်း အပြီးတိုင် ဖျက်စီးပစ်နိုင်ခြင်း မရှိဘူး ၊ ဒါကြောင့် ဆရာဘိုးဘိုးယွမ်ချင်းဟာ 'သုံးခန္ဓာဖြတ်တောက်ကျင့်စဉ်' ကို ကျင့်ကြံပြီးတော့ မိစ္ဆာစွမ်းအားတွေကို ဖြတ်တောက်ပစ်ခဲ့တယ် ၊ အဲဒီ သူ ဖြတ်တောက်ပစ်လိုက်တဲ့ မိစ္ဆာစွမ်းအားတွေကနေ ဒီ သွေးဓားကျင့်စဉ် ဖြစ်ပေါ်လာတာပဲ…"
"ဒီ သွေးနီရောင်ဝတ်ဆင်ထားတဲ့သူက သွေးဓားကျင့်စဉ်ကို ကျင့်ကြံခဲ့တဲ့သူပဲ ၊ သူက သွေးဓားကျင့်စဉ်ရဲ့ မူလအစကို သိရှိသွားတဲ့အခါ ဒီလောကမှာ သွေးဓားကျင့်စဉ်ရဲ့ အားနည်းချက်ကို ဖြေရှင်းပေးနိုင်မယ့်သူ တစ်ယောက်ရှိမယ်ဆိုရင် အဲဒီလူဟာ ဆရာဘိုးဘိုးယွမ်ချင်းပဲ ဖြစ်ရမယ်လို့ ယူဆခဲ့တယ် ၊ ဒါကြောင့် သူက ချင်းရွှမ်နတ်တံခါးကို ရောက်လာခဲ့တာပဲ…"
"အဲဒီအချိန်တုန်းက သူက အရမ်းအစွမ်းထက်နေတော့ သွေးနားထင်ရောက်နေတာ ၊ ထိုက်ဝေ့ထိုင်ခန်းမဆောင်မှာ သူ့အကြောင်းကိုသိနေတဲ့သူလည်း ရှိနေတယ်ဆိုရော သူက ကြောက်လည်းကြောက်သလို ပျော်လည်းပျော်သွားခဲ့တယ်…"
"အဲဒီလူက ချင်းရွှမ်နတ်တံခါးမှာ သွေးဓားကျင့်စဉ်အကြောင်းကို သိတဲ့သူ ရှိနေမှတော့ အဲဒီကျင့်စဉ်ရဲ့အားနည်းချက်ကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းလည်း ရှိရမယ်လို့ ယုံကြည်လိုက်တယ်… ? အဲဒါကြောင့်… သွေးနီရောင်ဝတ်စုံနဲ့လူက ပြောလိုက်တယ်… 'မင်း သွေးဓားကျင့်စဉ်ရဲ့အားနည်းချက်ကို ဖြေရှင်းမပေးနိုင်ရင် ကျုပ် ချင်းရွှမ်နတ်တံခါးတစ်ခုလုံးကို ဖျက်စီးပစ်မယ်' တဲ့… ၊ သူ့စကားဆုံးသွားတာနဲ့ သက်ပြင်းရှည်တစ်ချက်ချသံကြားလိုက်ရတယ်…"
"အဲဒီအချိန်တုန်းက ချင်းရွှမ်နတ်တံခါးမှာရှိတဲ့လူတွေအားလုံး သွေးနီရောင်ဝတ်လူကို နတ်ဘုရားအဘိုးအို ဘယ်လိုနှိမ်နင်းလိုက်လဲဆိုတာ ဘယ်သူမှ မတွေ့မြင်လိုက်ကြရဘူး ၊ နောက်ဆုံး... သွေးနီရောင်လိပ်ပြာတွေ ထိုက်ဝေ့ထိုင်ခန်းမဆောင်မှာ ပျံသန်းနေတာကိုပဲ အားလုံးက တွေ့မြင်လိုက်ကြရတယ် ၊ တော်တော်နဲ့ အဲဒီလိပ်ပြာတွေက ပျောက်ကွယ်မသွားကြဘူးတဲ့ ၊ အချိန်ကြာလာတော့လည်း အဲဒီလိပ်ပြာတွေ ဘယ်ရောက်သွားလဲ ဘယ်သူမှ မသိကြတော့ဘူး…"
"အဲဒီအချိန်ကစပြီး ချင်းရွှမ်နတ်တံခါးမှာ ကြောက်စရာကောင်းတဲ့နတ်ဘုရားတစ်ပါး ရှိတယ်ဆိုတာကို အခြားနတ်ဘုရားကျောင်းတော်တွေက သိလိုက်ကြရတော့တယ်… ၊ အဲဒီ နတ်ဘုရားအဘိုးအိုရဲ့ နာမည်က ထျန်းယန် လို့ခေါ်တယ် ၊ နတ်ဘုရားတွေရဲ့လောကမှာတော့ သူ့ကို 'ထျန်းယန်စန်းကျွင်းဘိုးဘိုး' လို့ ခေါ်ကြတယ်… ၊
ဟယ်ရှန်းက…
"ကျွန်မ ထျန်းယန်စန်းကျွင်းဘိုးဘိုးနဲ့ ဆုံတွေ့ခွင့်မရှိတော့တာ စိတ်မကောင်းစရာပဲ ၊ နတ်သမီးပြောပြတာ နဲ့တင် သူ့ကို ကျွန်မ သိပ်ကို လေးစားနေမိပြီ…"
ရွှမ်နွီနတ်သမီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ထျန်းယန်စန်းကျွင်းဘိုးဘိုးက ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဆိုပေမယ့် ချင်းရွှမ်နတ်တံခါးရဲ့ သူ့ထက်တော်တဲ့သူ ချင်းရွှမ်နတ်တံခါးမှာ (၃)ယောက် ရှိသေးတယ်…"
ဟယ်ရှန်းက အံ့အားသင့်သွားပြီး…
"အဲဒီ ချင်းရွှမ်နတ်တံခါးက တကယ့်ကို အံ့သြစရာပဲ ၊ ဒါဆို ထျန်းယန်စန်းကျွင်းဘိုးဘိုးထက်တော်တဲ့ အခြားနတ်ဘုရားတွေက ဘယ်သူတွေများလဲ…"
ကျိုးထျန်းရွှမ်နွီက အေးဆေးသည့်လေသံဖြင့်…
"ဆရာဘိုးဘိုး ယွမ်ချင်းပေါ့ ၊ နောက်တစ်ယောက်ကတော့ တာအိုဆရာလီချင်းဆွေပဲ ၊ နောက်တစ်ယောက်ကတော့ ထျန်းယန်စန်းကျွင်းဘိုးဘိုးကိုယ်တိုင် သူ့ထက်သာတယ်လို့ သတ်မှတ်ထားတဲ့ ပါရမီရှင်တစ်ယောက်ပေါ့ ၊ ထျန်းယန်စန်းကျွင်းဘိုးဘိုးက အဲဒီလူကို သူ့ထက်သာတယ်လို့ သတ်မှတ်လိုက်မိတဲ့အတွက် ချင်းရွှမ်နတ်တံခါးဟာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်…"
***