← Chapters

အခန်း (၁၆၂)

Vol. 17 Ch. 162

အခန်း (၁၆၂)

Vol. 17 Ch. 162

,အခန်း(162)

“ဒါဆို ငါတို့တွေ အစာကြေအောင် လမ်းလျှောက်ရင်း အလုပ်လုပ်ကြရအောင်”

ဖန်ထုံက သူမ၏ စားပွဲသို့ ပြန်သွားကာ စာရွက်စာတမ်း အထပ်လိုက်ကြီးကို မ,လာပြီး ပြောလိုက်လေ၏။

“ဒါက ပထမသုံးလပတ်အတွက် ထုတ်လုပ်မှု လိုအပ်ချက်တွေပဲ၊ ငါတို့တွေ ထုတ်လုပ်မှု အလုပ်ရုံတွေဆီ လှည့်ကြည့်ကြရအောင်၊

ငါတို့တွေ ကြိုတင်ပြင်ဆင်ပြီး အဖွဲ့တစ်ခုချင်းစီရဲ့ ထုတ်လုပ်မှု တာဝန်တွေကို ညှိနှိုင်းဖို့ လိုအပ်တယ်၊ ပထမသုံးလပတ်ရဲ့ ဈေးကွက် လိုအပ်ချက်ကိုငါတို့တွေ အမီလိုက်နိုင်ဖို့ လိုတယ်လေ”

၁၉၇၀ ပြည့်နှစ်မှစ၍ လူဦးရေ တိုးပွားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ၁၉၇၀ နှင့် ၁၉၇၁ ခုနှစ် နှစ်နှစ်အတွင်းမှာပင် နိုင်ငံအတွင်း မွေးကင်းစကလေးငယ် သန်းငါးဆယ်နီးပါး ရှိခဲ့ပေသည်။

ထို့အပြင် နိုင်ငံတော်သည်က အနောက်နိုင်ငံများ၏ ကာကွယ်ဆေးမူဝါဒများကို အမီလိုက်နိုင်ရန် ကြိုးစားနေရပြီး ပြည်တွင်းမှ မွေးကင်းစကလေးငယ်များအတွက် ကာကွယ်ဆေးများဖော်ဆောင်ရန် ဖိအားများက အလွန်ပင် ကြီးမားလွန်းသည်။

လက်ရှိတွင် အတည်ငြိမ်ဆုံး ကာကွယ်ဆေးမှာ BCGကာကွယ်ဆေးသာ ဖြစ်ပေ၏။

ကာကွယ်ဆေးများ မရှိသေးပါက ကာကွယ်ဆေးများ ဖော်ထုတ်ရန်နှင့် ဖြန့်ဝေရန် ကြိုးစားရရုံတင်မကဘဲ ပြည်သူများအတွက် လိုအပ်သော အခြေခံဆေးဝါးများနှင့် တပ်မတော်သားများအတွက် ဆေးဝါးများကိုလည်း ထုတ်လုပ်ပေးရန် လိုအပ်သည်။

နင်ရှမြို့ရှိ ဆေးဝါးစက်ရုံများတင်မကဘဲ တစ်နိုင်ငံလုံးရှိ ဆေးဝါးစက်ရုံများမှာ ဖိအားများ အလွန်ကြီးမားနေကြရသည်။

မကြာသေးမီ နှစ်ရက်ရက်များအတွင်း အခြေအနေက အနည်းငယ် တင်းမာနေပြီး မူဝါဒများမှာလည်း အပြောင်းအလဲ မြန်လွန်းသောကြောင့် ဆေးဝါးစက်ရုံငယ် အတော်များများက အရှုံးပေါ်နေကာ အစိုးရ၏ထောက်ပံ့မှုအပေါ်၌သာ လုံးလုံးလျားလျား မှီခိုနေကြရသည်။

လူ့အသက်က အရာအားလုံးထက် အရေးကြီးလွန်းပေသည်။

စုဝေ့မင်က ဆေးဝါးစက်ရုံများ၏ စစ်ဆေးအကဲဖြတ်မှုများကို အလွန်ပင် အလေးထားပေ၏။ ထို့ကြောင့် အနည်းဆုံးတော့ သာမန်ပြည်သူများအတွက် ထိရောက်မှုရှိသော ဆေးဝါးကောင်းများကို ထုတ်လုပ်နိုင်ရန် မျှော်လင့်နေခဲ့လေ၏။

“ကျွန်မတို့စက်ရုံက ဆေးပြားတွေကို အဓိက ထုတ်လုပ်တာလား”

လီရှန်းအနေဖြင့် ဆေးပညာနှင့် ဆေးဝါးဗေဒဆိုင်ရာ အသိပညာများကို ကျက်မှတ်နေခဲ့သော်လည်း ဆေးဝါးစက်ရုံ၏ ထုတ်လုပ်မှုပိုင်းကိုတော့ အနည်းငယ်သာ သိရှိသေးသည်။

“ဒါတင် မကသေးဘူး၊ ငါတို့တွေက ဆေးပြားတွေအပြင် ထိုးဆေး တွေနဲ့ သောက်ဆေးရည်တွေကိုလည်း ထုတ်လုပ်တယ်လေ”

“သောက်ဆေးရည်ဟုတ်လား”

လီရှန်း၏ စိတ်ထဲတွင် ရုတ်တရက် ကယ်လ်စီယမ် ကာဗွန်နိတ် ပါဝင်သော အပြာရောင် ပုလင်းငယ်လေးများကို မြင်ယောင်လာခဲ့သည်။ ဤသည်မှာ အကျော်ကြားဆုံးသော ကယ်လ်စီယမ် သောက်ဆေးရည် ဖြစ်ပေသည်။

သို့သော်လည်း သူမတွင် သံသယတချို့ ရှိနေသေးသည်။

“ကျွန်မတို့တွေ ဆေးမှုန့်ပုံစံနဲ့ကော မထုတ်ဘူးလား”

“ဆေးမှုန့် ?”

ဖန်ထုံက မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

“အဲဒီလို ဆေးမျိုးတော့ မရှိပါဘူး”

လီရှန်းမှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ယခုအချိန်တွင် ဆေးမှုန့်ပုံစံမျိုးမရှိသေးသည်လား။

သူမ၏ မှတ်ဉာဏ်ထဲတွင် အကျော်ကြားဆုံးသော ဆေးမှုန့် ထုတ်ကုန်မှာ ‘Banlangen ဆေးမှုန့်’ ပင်ဖြစ်ပေသည်။

( T/N : Banlangen ဆေးမှုန့် ဆိုတာက တရုတ်ရိုးရာဆေးတမျိုးဖြစ်ပြီး အအေးမိ/ လည်ချောင်းနာအတွက်အသုံးပြုပြီး အားဖြည့်ဆေးအဖြစ်လည်း သုံးတဲ့ဆေးတစ်မျိုးပါ)

ဤသည်မှာ နာမည်ကြီး ဆေးတစ်မျိုး ဖြစ်လေ၏။ ခေါင်းကိုက်လျှင် တစ်ထုပ်သေ၊ နှာစေးလျှင် တစ်ထုပ်သောက်၊ နှာချေလျှင် တစ်ထုပ်သောက်၊ အနည်းငယ် နေထိုင်မကောင်းသကဲ့သို့ ခံစားရလျှင်ပင် တစ်ထုပ်သောက်...

သူမ သွားခဲ့ဖူးသော မစ်ရှင်ကမ္ဘာ အမြောက်အမြားတွင် Banlangen ဆေးမှုန့်မှာ အမြဲတမ်း လက်ဝယ်ရှိနေတတ်သော ဆေးတစ်မျိုး ဖြစ်ပေသည်။

ထို့အပြင် ဤဆေးသည်က နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရှန်ဟိုင်းရှိ အသည်းရောင်အသားဝါ (A) ရောဂါ ကူးစက်မှုကာလအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ SARS ရောဂါ ဖြစ်ပွားချိန်တွင်လည်း အလွန်ပင် နာမည်ကျော်ကြားခဲ့သည် မဟုတ်ပါလား။

“အရင်က လူတွေ ခေါင်းကိုက်ပျောက်ဆေးမှုန့်တွေ ဘာတွေ သောက်တာ မြင်ဖူးသကဲ့သို့ပဲ...”

“ငါတို့စက်ရုံက ခေါင်းကိုက်ပျောက်ဆေးမှုန့်လည်း ထုတ်ပါတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒါက အကိုက်အခဲပျောက်ဆေး သက်သက်ပဲလေ”

ထိုအကြောင်းကို ပြောရင်း ဖန်ထုံက သက်ပြင်းချလိုက်မိသည်။

“ဒါပေမဲ့ ဒီဆေးက ရောင်းကောင်းတယ်နော်၊ ဆေးရုံက ဆေးခန်းမှာရှိတဲ့ ဆရာဝန်တွေက ဒီဆေးနဲ့ မာကျူရိုခရုမ်း (mercurochrome) အနီရည်ကိုပဲ အဓိက ပေးတတ်ကြတာလေ”

ဆိုရလျှင် အတွင်းလူနာများအတွက် ခေါင်းကိုက်ပျောက်ဆေးမှုန့်ရှိသကဲ့သို့ အပြင်ဒဏ်ရာများအတွက်လည်း မာကျူရိုခရုမ်းရှိပေသည်။

ခရိုင်မြို့လေးတွင် အခြေအနေမှာ အနည်းငယ် ပိုကောင်းသော်လည်း မြို့နယ်နှင့် ကျေးရွာများရှိ ဆေးရုံများ၏ အခြေအနေကတော့ ရှုပ်ထွေးလွန်းပေသည်။

ကံကောင်းစွာဖြင့် ဆရာဝန်အများအပြားမှာ ယခင်က တရုတ်တိုင်းရင်းဆေး ပညာရှင်များဖြစ်ခဲ့ကြပြီး လူ့အသက်များကို ကယ်တင်ရန်အတွက် အရပ်သုံးဆေးနည်းများကို အသုံးပြုရသည်ကို နှစ်သက်ကြသော်လည်း ဤအရာများမှာ လူသိရှင်ကြားမဟုတ်သော လျှို့ဝှက်ချက်များသာ ဖြစ်ကြ၏။

ယနေ့ခေတ်တွင် တရုတ်တိုင်းရင်းဆေးကို အသုံးပြုနိုင်သော်လည်း အလွန်အကျွံတော့ မမြှင့်တင်နိုင်ပါချေ။

ဖန်ထုံက သက်ပြင်းချလျက်ပြောလိုက်လေ၏။

“ငါတို့တွေ ဘယ်တော့မှ ခေါင်းမော့နိုင်ပါ့မလဲ မသိဘူး”

လီရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

“ကျွန်မတို့တွေက အမှိုက်လိုသဘောထားပြီး စွန့်ပစ်ထားတဲ့ အရာတွေကို တခြားနိုင်ငံတွေက ရတနာလို တန်ဖိုးထားနေကြတာလေ၊ စောင့်ကြည့်နေလိုက်ဦး... ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျွန်မတို့ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ အရာတွေကိုတောင် သူတို့က လုယူသွားကြဦးမှာ”

“ဒါတော့ မဖြစ်နိုင်ပါဘူး”

ဖန်ထုံက တုံ့ဆိုင်းသွား၏။

အကယ်၍ ဤသည်မှာ အမှန်တကယ် ကောင်းမွန်သည်ဆိုလျှင် အစိုးရက အဘယ်ကြောင့် မြှင့်တင်မှုကို တားမြစ်ထားပါမည်နည်း။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ ၊ တကယ်လို့ ဒါကသာ တကယ်ကြီး အသုံးမဝင်ဘူးဆိုရင် ကျွန်မတို့ဘိုးဘွားတွေက ဒီနေ့အထိ ဘယ်လိုလုပ် လက်ဆင့်ကမ်းလာနိုင်ပါ့မလဲ”

ဘိုးဘွားစဉ်ဆက် ကိုးကွယ်ရာနေရာများ၊ ဘိုးဘေးခန်းမများ အတော်များများ ဖျက်ဆီးခံခဲ့ရသော်လည်း သက်ကြီးရွယ်အိုများက သူတို့၏ မိသားစု သမိုင်းကြောင်းကို ဆယ့်ခုနစ်ဆက်၊ ဆယ့်ရှစ်ဆက်အထိ အလွတ်ရွတ်ဆိုနိုင်ကြဆဲပင်။

တချို့သော လယ်သမားအိုကြီးများမှာ ကြည့်လျှင် ရိုးသားအေးဆေးပုံရသော်လည်း သူတို့၏ ဘိုးဘွားများမှာ နန်းရင်းဝန်များ ဖြစ်ခဲ့ကြပေလိမ့်မည်။

“ဒါလည်း ဟုတ်တာပဲ”

ဖန်ထုံက လီရှန်း၏ စကားများမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်မိ၏။

ထိုသို့ပြောပြီးနောက် သူမလည်း စိုးရိမ်စိတ်များ ပေါ်လာကာ ပြောလိုက်လေ၏။

“ငါတို့တွေ ဘာလုပ်သင့်လဲ၊ သူတို့ ခိုးသွားတာကိုပဲ ထိုင်ကြည့်နေရတော့မှာလား”

လီရှန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။

“ဒီအကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပိုရှာကြည့်ရအောင်၊ နိုင်ငံခြားမှာဆိုရင် မူပိုင်ခွင့်ဆိုတာမျိုးတွေ ရှိတယ်လို့ ကြားဖူးတယ်...”

လီရှန်းသည် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး တိုက်ရိုက်ကြီး မပြောလိုပါချေ။

ဖန်ထုံက ချက်ချင်းပင် စဉ်းစားမိသွားသည်ပြောလိုက်လေ၏။

“နင်ဆိုလိုတာက လုပ်ငန်းမူပိုင်ခွင့်ကို ပြောတာလား”

“ဟုတ်တယ်”

လီရှန်းက ခေါင်းညိတ်ပြလိုက်၏။ ဖန်ထုံအနေဖြင့် မူပိုင်ခွင့်အကြောင်း သိနေသာကြောင့် သူမ အံ့ဩသွားရသည်။

သူမ၏ အကြည့်မှာ သိသာလွန်းနေသောကြောင့် ဖြစ်နိုင်သည်။ ဖန်ထုံမှာ ဆွံ့အသွားရဟန်ဖြင့်ပြောလိုက်လေ၏။

“ငါတို့တွေက စာရွက်စာတမ်းတွေကို အမြဲဖတ်နေရတဲ့သူတွေပဲလေ”

ထို့ကြောင့် သူမ မူပိုင်ခွင့်အကြောင်း နားလည်သည်မှာ မှန်သော်လည်း ကံမကောင်းသည့်အချက်မှာတော့ ..

“ငါတို့တွေ အဲဒါကို လျှောက်ထားလို့ မရဘူးလေ”

လက်ရှိ အခြေအနေအရ လျှောက်ထားရန် အလွန်ပင် ခက်ခဲလွန်းပေသည်။

လီရှန်းလည်း ထိုအချက်ကို သိရှိသောကြောင့် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ပုတ်ကာပြောလိုက်လေ၏။ “အလုပ်ရုံတွေဆီ ဆင်းကြည့်ကြရအောင်”

ဤနေရာတွင် အတွေးများနေမည့်အစား အလုပ်လုပ်နေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဖန်ထုံက ခေါင်းညိတ်ပြပြီး စာရွက်စာတမ်းများကို ယူကာ ထုတ်လုပ်မှုဌာန (၁) ၏ ပထမထုတ်လုပ်မှု အလုပ်ရုံသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။

အတွင်းဘက်ရှိ စက်ကိရိယာများမှာ အလုပ်ရှုပ်နေကြပြီး အလုပ်သမားများမှာလည်း ဖုန်ကာဝတ်စုံများကို ဝတ်ဆင်ထားကြ၏။

သို့သော် ထိုသို့ဖြစ်လျှင်ပင် လက်ရှိ အလုပ်ရုံမှာ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် တောက်ပပြောင်လက်နေသော စက်ရုံကြီးများနှင့် နှိုင်းယှဉ်၍ မရနိုင်ပါချေ။

ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ အနာဂတ်တွင် ခေတ်နောက်ကျသည်ဟု ထင်ရသော်လည်း ယနေ့ခေတ်တွင်တော့ အဆင့်မြင့်ဆုံး ဖြစ်ပေသည်။

ဖန်ထုံက ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးသည်။

“ဒီစက်ရုံကို စတင်တည်ဆောက်တုန်းကငါတို့စက်ရုံမှူးက ပေကျင်းက ဆေးဝါးစက်ရုံကြီးတွေကို သွားပြီး လေ့လာခဲ့တာလို့ ပြောကြတယ်၊ ငါတို့စက်ရုံက အဆင့်မြင့်ဆုံး စက်ကိရိယာတွေကို အသုံးပြုထားတာလေ”

နင်ရှမြို့မှာ ချမ်းသာသော ပြည်နယ်တစ်ခုဖြစ်ပေသည်။

ဆေးဝါးစက်ရုံ တည်ဆောက်သည်ဖြစ်၍ သူတို့အနေဖြင့် ရန်ပုံငွေများကို ရက်ရက်ရောရော ချထားပေးရန် ဝန်မလေးကြသောကြောင့် စက်ရုံ၏ ပတ်ဝန်းကျင်မှာ အလွန်ပင် ကောင်းမွန်လွန်းသည်။

အမျိုးသမီးနှစ်ဦးမှာ နည်းပညာဌာနမှ ဖြစ်ကြသောကြောင့် အလုပ်ရုံ (၁) သို့ ရောက်သည်နှင့် အလုပ်ရုံမှူးက လျှင်မြန်စွာ ရောက်လာခဲ့သည်။

သူက ဖန်ထုံထံမှ စာရွက်စာတမ်းများကို ကျွမ်းကျင်စွာ ယူလိုက်ပြီး ပထမဆုံး စစ်ဆေးရေးပုံစံတွင် လက်မှတ်ရေးထိုးကာ စတင်ညည်းညူတော့သည်။

“..ငါတို့အလုပ်ရုံရဲ့ အခြေအနေကိုလည်း နင်တို့သိတာပဲ...”

အဓိက ဆိုလိုရင်းမှာ အခြေခံဆေးဝါးများကိုသာ အမြောက်အမြား ထုတ်လုပ်ချင်ခြင်း ဖြစ်၏။

ဆေးအသစ်တစ်မျိုးကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် ကြိုးစားခြင်းမှာ အကျိုးကျေးဇူး ရှိသော်လည်း အချိန်တိုအတွင်း ထိုပန်းတိုင်သို့ ရောက်ရန် ကြိုးစားခြင်းက ထွက်ကုန်၏ အရေအတွက်နှင့် အရည်အသွေးကို ထိခိုက်စေနိုင်သည်။

အလုပ်သမားများကို တာဝန်ယူရသော ထုတ်လုပ်မှု မန်နေဂျာတစ်ဦးအနေဖြင့် အသုံးများသောဆေးဝါးများကိုသာ အာရုံစိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဖန်ထုံ၏ အေးစက်စက် မျက်နှာထားမှာ ထိုစကားများကို တစ်ဖက်နားကဝင် တစ်ဖက်နားက ထွက်နေသကဲ့သို့ ရှိနေသည်ကို မြင်ချိန်တွင် လီရှန်းလည်း တည်ငြိမ်အေးစက်သော အမူအရာကို ချက်ချင်းပင်ပြင်ဆင်လိုက်၏။

သူမသည်က အရင်ဆုံး စက်ကိရိယာများ အားလုံး ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီးနောက် စစ်ဆေးရမည့် အချက်အလက်များကို တစ်ခုချင်းစီ မှတ်သားလိုက်သည်။

နောက်ဆုံးတွင် သူမက အလုပ်ရုံမှူးအားပြောလိုက်လေ၏။

“ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေးက သဘက်ခါ ခန်းမဆောင်မှာ ရှိပါမယ်၊ တက်ရောက်ဖို့ မမေ့ပါနဲ့ဦး”

ထိုသို့ပြောပြီးနောက် သူမက လီရှန်းကို အမြန်ပင် ဆွဲခေါ်သွားပြီး ဒုတိယအလုပ်ရုံသို့ သွားခဲ့ကြသည်။ သူတို့က မတိုင်ခင်ကအတိုင်း ထပ်မံ လုပ်ဆောင်ခဲ့ကြပြန်၏။

နောက်ဆုံးတွင် ထိုအမျိုးသမီးနှစ်ဦးက ထုတ်လုပ်မှုလိုင်း (၁) ၏ လုပ်ငန်းစဉ်များကို တစ်မနက်တည်းနှင့် အပြီးသတ်နိုင်ခဲ့သည်။

ဒုတိယနှင့် တတိယ ထုတ်လုပ်မှုလိုင်းများတော့ ကျန်ရှိနေသေးလေ၏။

လီရှန်း : “...အစည်းအဝေးက ဘာလို့ သဘက်ခါမှ ဖြစ်ရလဲဆိုတာ သိသွားပြီ”

အစည်းအဝေး မတိုင်ခင် လူတိုင်းထံသို့ သတင်းရောက်ရှိစေရန်အတွက် အကြောင်းကြားစာ ပေးပို့ခြင်းကို အမြန်လုပ်ဆောင်ရန် လိုအပ်ပေသည်။

*

All Chapters