← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း(164)

လီရှန်း အိမ်သို့ ဖြည်းညင်းစွာ လမ်းလျှောက်၍ပြန်လာခဲ့ပြီး အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဝက်ညှီနံ့များကို ရရှိလိုက်၏။

“အမေ... ဘာတွေ လုပ်နေတာလဲ”

လီရှန်း သူမ၏ နှာခေါင်းကို ပိတ်လိုက်မိသည်။

လော်ယွီရှို့သည် နှာခေါင်းထဲတွင် တစ်ရှူးစများကို ထိုးထည့်ထားလျက် မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်လာခဲ့ကာ လီရှန်းကို မြင်ချိန်တွင် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ပြောလာလေ၏။

“ရှန်းရှန်း... ဝက်ကျောက်ကပ်ကို ဘယ်လိုချက်ရမလဲဆိုတာ မင်း သိလား”

လီရှန်း : “...”

“ သိပါတယ်၊ အလယ်က အဖြူရောင် အမြှေးပါးလေးကို ဖယ်ထုတ်လိုက်ရုံပဲ”

သို့သော်လည်း သူမ မီးဖိုချောင်ထဲသို့ လှမ်းဝင်လိုက်ချိန်တွင် ကြီးမားလွန်းသော ဇလုံကြီးအတွင်းရှိ ဝက်ကျောက်ကပ်များကို မြင်ပြီး လန့်သွားရ၏။

“အမေ... ဝက်ကျောက်ကပ်တွေ အများကြီး ဝယ်လာတာလား”

“မနက်ဖြန်ကျရင် ဝေ့ချင်းနဲ့ မင်းအဖေအတွက် စွပ်ပြုတ်ချက်ပေးမလို့လေ”

လော်ယွီရှို့က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

“ဝေ့ဟိုင်လည်း စားရမှာပေါ့၊ ဒါတွေကို ဝယ်ဖို့အတွက် ဝူလီက ကူညီပေးခဲ့တာ.. ငါတို့တွေ ဒါတွေကို သန့်ရှင်းရေးလုပ်ပြီးရင် ဝူလီ ပြန်ယူသွားလို့ရအောင်လည်း နည်းနည်းလောက် ဖယ်ပေးထားရမယ်”

လီရှန်းတစ်ယောက် စကား တစ်ခွန်းမျှပင် မပြောနိုင်တော့ဘဲ ဆွံ့အသွားရလေသည်။

ဝက်ကျောက်ကပ်များက အမှန်တကယ်ပင် များပြားလွန်းပြီး တစ်ဒါဇင်ကျော်ခန့်ပင် ရှိနေခဲ့သည်။

ဝက်ကျောက်ကပ်များမှာ သိပ်မကြီးမားလွန်းသော်လည်း တစ်ဒါဇင်ကျော်မျှ စုပုံလိုက်ချိန်တွင်တော့ အလေးချိန်က အတော်လေးများနေပေပြီ။

ဤသို့ဖြင့် ထိုနေ့ညနေတွင် အမျိုးသားသုံးဦး အိမ်ပြန်ရောက်လာကြချိန်၌ ဝက်ကျောက်ကပ်များ ပြည့်နှက်နေသည့် ဇလုံကြီးကို မြင်လိုက်ရကာ သူတို့၏ မျက်နှာများက မည်းမှောင်သွားလေတော့တော့၏။

အထူးသဖြင့် စုဝေ့ဟိုင်ပင်။

သူက ဝူလီကို အံ့အားသင့်စွာဖြင့် ကြည့်ကာ မေးလိုက်လေသည်။

“ဒါတွေအားလုံးကို မင်းဝယ်လာတာလား”

“ဟုတ်တယ်”

ဝူလီက ကျေနပ်ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြခဲ့သည်။

“အမေက ကျွန်မကို အထူးတလည်မှာပြီး ဝယ်ခိုင်းတာလေ၊ နှစ်သစ်ကူး အားလပ်ရက်ပြီးရင် အားရှိတာတစ်ခုခု စားရမယ်တဲ့..

ပြီးတော့ ဝက်ကျောက်ကပ်က ရှင့်ရဲ့ကျန်းမာရေးအတွက် ကောင်းတယ်လေ၊ နှစ်သစ်ကူးပြီးရင် ရှင့်မှာ လုပ်စရာအလုပ်တွေ အများကြီး ရှိလာဦးမှာမလား”

သူမက စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေမိ၏။

ဤသည်မှာ မိသားစုဝင်တစ်ဦးက အာဏာရှိသည့်နေရာတွင် ရှိနေခြင်း၏ အားသာချက်ပင် ဖြစ်ပေ၏။

သူမက စျေးကွက်မှ သတင်းအချက်အလက်မှန်သမျှကို ကြိုတင်ရရှိနိုင်သည် မဟုတ်ပါလား။

သူမ၏ မတ်လေးဖြစ်သူ စုဝေ့ချင်းက အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ပြီး၊ သူမ၏ ယောက်မဖြစ်သူ လီရှန်းက နည်းပညာဌာနတွင် အလုပ်လုပ်၏။

သို့သော်လည်း သူတို့နှစ်ဦးလုံးမှာ အလုပ်သင်လူသစ်များသာ ဖြစ်ကြသည့်အတွက် သူတို့အလုပ်က မည်မျှပင် ပင်ပန်းနိုင်ပါမည်နည်း။

ဤဝက်ကျောက်ကပ် တစ်ဒါဇင်ကျော်သည်က သေချာပေါက် စုဝေ့ဟိုင်အတွက်သာ ရည်ရွယ်၍ ပြင်ဆင်ထားခြင်းဖြစ်ချေသည်။

စုဝေ့ဟိုင်အနေဖြင့် မကြာခင် အရေးကြီးသော ရာထူးတစ်ခုကို ရရှိလာရန်ပင် ဖြစ်နိုင်လာပေလိမ့်မည်။

စုဝေ့ဟိုင်ကတော့ သွေးအန်ချင်စိတ်ပင် ဖြစ်လာခဲ့ရလေသည်။

ဝူလီက အတော်လေး ထက်မြက်သူတစ်ယောက်ဟု သူ အမြဲထင်မှတ်ခဲ့မိသည်။ ယခုအချိန်တွင် သူမက အဘယ်ကြောင့် ရုတ်တရက် ထုံအသွားရသည်လဲ။

သူတို့၏အမေက အဘယ်ကြောင့် ဝက်ကျောက်ကပ်များကို ဝယ်ခိုင်းရမည်နည်း။ သေချာပေါက် သူ အလုပ်ကို ကြိုးကြိုးစားစားမလုပ်ဟု ထင်နေ၍သာ ဖြစ်ပေသည်။

“အမေ... အမေ့မှာ ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့ ရှိနေပြီပဲ၊ အေးအေးဆေးဆေး မနေနိုင်ဘူးလား”

စုဝေ့ဟိုင်က လော်ယွီရှို့ကို အကူအညီမဲ့စွာ ကြည့်ရင်း ပြောလိုက်၏။

လော်ယွီရှို့သည် သူ့ကို ကလေးရအောင် အတင်းအကျပ် ဖိအားပေးနေသည်ဟု သူ ခံစားနေခဲ့ရသည်။

“ဒါတွေအားလုံး ဝေ့ချင်းကိုပဲ ပေးလိုက်ပါလား၊ ကျွန်တော့်အတွက်ကတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိပါတယ်၊ ကျွန်တော့်ရဲ့ ကျန်းမာရေးက ကောင်းပါသေးတယ်”

စုဝေ့ချင်း မင်္ဂလာဆောင်သည့်အချိန်က မှန်တင်ခုံကြီးကိုပင် သူ တစ်ယောက်တည်း ထမ်းခဲ့သည် မဟုတ်ပါလား။

“ဝေ့ချင်းက တစ်ပုံ၊ နင့်အဖေက တစ်ပုံ၊ နင်တို့ သုံးယောက်လုံး တစ်ပုံစီ စားရမယ်”

လော်ယွီရှို့က သူ့ကို ငြင်းဆန်ရန် အခွင့်အရေး မပေးခဲ့ပါချေ။

စုဝေ့ဟိုင်တစ်ယောက် စိတ်ထဲတွင် အပြစ်မကင်းသကဲ့သို့ ခံစားနေရသော်လည်း လက်ခံလိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ညစာစားချိန်တွင် အမျိုးသားသုံးဦးမှာ စားပွဲတွင် ထိုင်နေကြပြီး သူတို့၏ရှေ့တွင်တော့ ဝက်ကျောက်ကပ်စွပ်ပြုတ် တစ်ပန်းကန်စီ ရှိနေလေ၏။

သူတို့၏ မျက်နှာအမူအရာများမှာတော့ အတော်လေးအရောင်အသွေးစုံနေကြပေသည်။

စုဝေ့မင်ကတော့ တည်ငြိမ်နေပြီး တက်ကြွစွာဖြင့် တူကို ကိုင်ကာအားပေးနေခဲ့သည်။

“စားကြ.. စားကြ”

စုဝေ့ချင်းကတော့ မည်သည့်အရာကိုမှ မသိရှာပေ။ သူသည်က ငယ်ရွယ်နုပျိုသည့် အရွယ်ဖြစ်သောကြောင့် ကျန်းမာရေး ထိန်းသိမ်းမှုအကြောင်းကို သိရန်မလိုသေးချေ။

သူက စွပ်ပြုတ်ပန်းကန်ကို မကာ တစ်ငုံ သောက်လိုက်ပြီး ပြောလာသည်။

“ဝါး... ဒီစွပ်ပြုတ်က တကယ် အရသာရှိတာပဲ”

စွပ်ပြုတ်က အရသာရှိကြောင်းပြောရင်းဖြင့် သူ၏ မျက်ခုံးများ ပင့်တက်သွားပြီး မေးလာခဲ့သေးသည်။

“ဒီစွပ်ပြုတ်က ရှန်းရှန်း ချက်တာမလား”

“မင်းက အရသာကို ခွဲခြားနိုင်နေတာလား”

လော်ယွီရှို့ အလွန်ပင် အံ့အားသင့်သွားရ၏။

“ ကွာခြားချက်ကိုတောင် သိတာလား”

“ရှန်းရှန်းက ငရုတ်ကောင်း ထည့်ရတာ ကြိုက်တယ်လေ”

စုဝေ့ချင်းက ပြန်ပြောသည်။

ထို့ကြောင့် စွပ်ပြုတ်က ပို၍ အရသာလေးပြီး အစပ်အရသာလေးပါနေခြင်း ဖြစ်ပေသည်။

ယခင်က သူ သောက်ခဲ့ဖူးသည့် ဝက်အဆုတ်စွပ်ပြုတ်နှင့် ဆင်တူသော်လည်း ထိုတစ်ခုက ပျစ်ပြီး ယခုတစ်ခုကတော့ ကြည်လင်နေ၏။

“အိုး.. အဲဒါကြောင့်ကိုး”

လော်ယွီရှို့ နောက်ဆုံးတော့ နားလည်သွားချေပြီ။

သူတို့မိသားစုသည်က များသောအားဖြင့် ငရုတ်ကောင်း သိပ်မသုံးကြချေ။ အဓိကမှာ နင်ပြည်နယ်မှ လူများသည်က ဟင်းချက်ရာတွင် ထိုသို့လုပ်လေ့လုပ်ထ မရှိခြင်းကြောင့် ဖြစ်ပေသည်။

စုဝေ့မင်ကလည်း တစ်ငုံ သောက်လိုက်ပြီးနောက် အံ့ဩစွာဖြင့် ဆိုလိုက်မိသည်။

“ဒါက တကယ်ကို အားရှိစေတာပဲ”

တခြားနှစ်ဦးက စွပ်ပြုတ်သောက်နေကြသည်ကို မြင်ချိန်တွင် စုဝေ့ဟိုင်လည်း များစွာတွေးမနေတော့ဘဲ ပန်းကန်ကို မ ကာ သောက်လိုက်တော့၏။

အရသာကတော့ အလွန် ကောင်းမွန်ပေသည်။ လော်ယွီရှို့က ဤစွပ်ပြုတ်ကို မည်သည့်ရည်ရွယ်ချက်နှင့် ချက်သည်ဆိုသည်ကိုသာ ထည့်မတွေးပါက ဤစွပ်ပြုတ်က အမှန်တကယ်ပင် သောက်လို့ကောင်းနေခဲ့သည်။

“အဘွား... သားလည်း ဝက်ကျောက်ကပ်စွပ်ပြုတ် သောက်ချင်တယ်!”

စုကျွင့်မှာ မွှေးရနံ့ကြောင့် သွားရည်များပင် ကျနေချေပြီ။

“ပေါင်ပေ့... သားတို့က ဒါကို မသောက်ရဘူး၊ အဘွားက သားတို့အတွက် အသားတွေနဲ့ချက်တဲ့ စွပ်ပြုတ် ခပ်ပေးမယ်နော်”

လော်ယွီရှို့သည် စုချန်၏ ဆံပင်လေးများကို ပွတ်သပ်ပေးကာ သူ့ကို မီးဖိုချောင်ထဲသို့ ခေါ်သွားလေသည်။

စုဝေ့ဟိုင်: “...”

ဒါဆို သူကရော ဒီစွပ်ပြုတ်ကို သောက်သင့်သလား၊ မသောက်သင့်ဘူးလား။

စုဝေ့ချင်းကတော့ ကျန်ရှိနေသည့် စွပ်ပြုတ်များကို တစ်ကျိုက်တည်းနှင့် သောက်လိုက်ပြီးနောက် ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလေ၏။

“အမေ... ကျွန်တော်လည်း အသားစွပ်ပြုတ် သောက်ချင်တယ်”

“နင်က ကလေးပြန်ဖြစ်ချင်နေတာလား”

လော်ယွီရှို့က စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။

“ဝက်ကျောက်ကပ်စွပ်ပြုတ်ပဲ သွားသောက်စမ်းပါ”

စုဝေ့ချင်းတစ်ယောက် သက်ပြင်းချကာ ဝက်ကျောက်ကပ်စွပ်ပြုတ် နောက်တစ်ပန်းကန် ထပ်ခပ်ရန်သာ လှည့်ပြန်လာခဲ့ရတော့သည်။

*

စုမိသားစုက ညစာစားရင်း အလုပ်ရှုပ်နေချိန်တွင် လီဟုန်ကျွင့်မှာတော့ ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့ချေပြီ။

သူက ရဲစခန်း၏ ဝင်းတံခါးဝမှ ယိမ်းယိုင်စွာဖြင့် ထွက်လာခဲ့ပြီး အပြင်ဘက်ရှိ ရင်းနှီးနေသော ရှုခင်းများကိုကြည့်ကာ ဆက်ပြီး ဟန်မဆောင်နိုင်တော့ချေ။

သူ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မျက်နှာကို လက်မောင်းများကြားတွင် အပ်ကာ ငိုချလိုက်တော့၏။

သူ့အတွက် လုံးဝမလွယ်ကူခဲ့ပါချေ။ သူ့အနေဖြင့် ယခုတစ်ကြိမ်တွင်တော့ ‘လုံးဝ ပြီးသွားပြီ၊ ဤကံကြမ္မာမှ လွတ်မြောက်တော့မည် မဟုတ်’ဟုပင် ယုံကြည်ထားခဲ့မုသည်။

နောက်ဆုံးမိနစ်မှသာ ကျန်းမိသားစုက သူ့ကို ပြန်လွှတ်ပေးရန် သဘောတူလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

“ဟုန်ကျွင့်”

ထောင့်တစ်နေရာမှ ထုန်လင်း၏ အသံ ထွက်ပေါ်လာသည်။

လီဟုန်ကျွင့်၏ ငိုသံက ရုတ်တရက် ရပ်တန့်သွားခဲ့လေ၏။ သူက အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်လျှင် ထောင့်တစ်နေရာတွင် ထုန်လင်းက စက်ဘီးကို တွန်းကာ သူ့ကို လက်ပြနေသည်ကို တွေ့လိုက်ရသည်။

“ထုန်လင်း”

သူ အနည်းငယ် အံ့အားသင့်သွားရ၏။

ထုန်လင်းက သူ ယနေ့ လွတ်လာမည်ကို မည်သို့ သိနေသည်လဲ။

သူ လှုပ်ရှားမလာဘဲ ထိုနေရာတွင် ရပ်နေသည်ကို မြင်လျှင် ထုန်လင်းသည်လည်း အနည်းငယ်ဒေါသထွက်သွားမိသည်။

သူမပ စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး နောက်ထိုင်ခုံတွင် ချည်ထားသည့် ဂွမ်းကပ်အနွေးထည်ကို ဖြုတ်ယူကာ လီဟုန်ကျွင့်၏ ဘေးသို့ ပြေးသွားပြီး ဝတ်ပေးလိုက်လေ၏။

“ရှင် ဘာလို့ ဒီမှာအရူးလိုရပ်နေတာလဲ.. မအေးဘူးလား”

ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရကတည်းက လီဟုန်ကျွင့်က လက်ရှုဂွမ်းအင်္ကျီကိုသာ လဲလှယ်ခြင်းမရှုဝတ်ထားခဲ့ရသည်။

ထို့အပြင် စစ်ဆေးမေးမြန်းမှုများကို ရင်ဆိုင်ရချိန်တွင် ပြစ်မှုမကျူးလွန်ထားလျှင်ပင် အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့တတ်ကြပေ၏။

အမှန်တကယ် ပြစ်မှုကျူးလွန်ထားသူများအတွက်တော့ ပြောစရာပင် မလိုတော့ပေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှ ချွေးအေးများ အဆက်မပြတ် ထွက်နေခဲ့သည်။

ဂွမ်းအင်္ကျီက အဆင်ပြေနေသေးသကဲ့သို့ထင်ရသော်လည်း အတွင်းမှ အောက်ခံအင်္ကျီကတော့ ချွေးများဖြင့် စိုရွှဲပြီး ခြောက်ကပ်နေကာ ဆားငံရည်စိမ်ထားသည့် ဟင်းသီးဟင်းရွက်များကဲ့သို့ ဖြစ်နေပေပြီ။

ယခု လမ်းဆုံတွင် ရပ်နေချိန်တွင် အေးစက်သော လေများကတိုက်ခတ်လာချိန်၌ အရိုးထဲအထိ စိမ့်အောင် အေးစက်နေမှုကို ခံစားလိုက်ရသည်။

ထုန်လင်းသည် ဤအချက်ကို ကြိုတွေးထားခဲ့သည့်အတွက် အဝတ်အစားများကို ယူလာပေးခဲ့ခြင်း ဖြစ်ပေ၏။

လီဟုန်ကျွင့်က သူ၏ ညစ်ပတ်နေသော ဂွမ်းကပ်အင်္ကျီကို ချွတ်လိုက်ပြီး သန့်ရှင်းသော အင်္ကျီအသစ်ကို ဝတ်လိုက်ပြီးမှသာ တစ်ကိုယ်လုံး နွေးထောင်သွားတော့သည်။

သူကမည်သည့်စကားကိုမှ မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်လျှင် ထုန်လင်းသည် လက်လှမ်းကာ သူ့ကို ပုတ်လိုက်လေ၏။

“ဟုန်ကျွင့်... ဘာဖြစ်လို့လဲ.. ဘာလို့ ဘာမှမပြောတာလဲ”

“ဘာမှမဖြစ်ပါဘူး၊ အိမ်ပြန်ရအောင်”

*

All Chapters