အခန်း (၁၆၅)
Vol. 17 Ch. 165
အခန်း(165)
လီဟုန်ကျွင့်၏ လေသံမှာ အလွန်ပင် တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုကြောင့်ပင် ထုန်လင်း အနည်းငယ် စိတ်မအေးဖြစ်သွားရသည်။
အကယ်၍ ဤသူသာ ယခင်လီဟုန်ကျွင့်ဖြစ်ပါက သူမအနေဖြင့် သူ့အား ရိုးအလွန်းပြီး စကားမပြောတတ်ဟုသာ အပြစ်တင်မိပေလိမ့်မည်။
သို့သော် ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက် လီဟုန်ကျွင့်က စကားမပြောဘဲနေချိန်တွင်တော့ ထုန်လင်းအနေဖြင့် သူသည်က ဒေါသကို မြိုသိပ်ထားသည်ဟုသာ ခံစားနေရ၏။
ပြီးခဲ့သည့်အကြိမ်က လီဟုန်ကျွင့် သူမကို ရိုက်လိုက်သည့် ပါးရိုက်ချက်ကို သူမ မှတ်မိနေသေးသည်။ ယခုအချိန်ထိ ထိုအကြောင်းကို တွေးမိလျှင်ပင် ပါးပြင်က နာကျင်နေဆဲပင်။
“ဟုန်ကျွင့်...”
လီဟုန်ကျွင့်သည် သူမကို လှည့်မကြည့်ပါချေ။ သူက သူ၏စက်ဘီးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး စက်ဘီးကို စီးကာ ထွက်ခွာသွားတော့သည်။
ထုန်လင်းကို စောင့်ဆိုင်းနေခြင်းမရှိပေ။
သူ၏ တုံ့ပြန်မှုကိုမြင်လျှင် ထုန်လင်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ကြည့်ရသည်မှာ သူသည်က နောက်ထပ် မည်သည့်အရာကိုမှ လုပ်ရန် အစီအစဉ် မရှိပုံရပေသည်။
သို့သော်လည်း... လီဟုန်ကျွင့်သည်က အိမ်အခြေအနေကို မသိသေးပါချေ။ သူသာ အမှန်တရားကို သိသွားလျှင် မည်သို့ဖြစ်လာမည်နည်း။
ထုန်လင်းသည် ထပ်မံ၍ စိုးရိမ်ပူပန်လာရပြန်သည်။
လီဟုန်ကျွင့်က စက်ဘီးကို ယူသွားသောကြောင့် ထုန်လင်းက အထည်စက်ရုံသို့ ဘတ်စ်ကားဖြင့် ပြန်လာခဲ့ရသည်။
အိမ်ပြန်ရောက်ချိန်တွင် လီဟုန်ကျွင့်သည် ခြံဝင်းထဲတွင်ထိုင်ကာ အာလူးခြောက်များကို စားနေသည်ကို တွေ့လိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။
“ကျွန်မ အိုးထဲမှာ ပေါက်စီတွေ နွေးထားပေးတယ် မဟုတ်ဘူးလား”
သူမက ထိုပေါက်စီများကို ယနေ့နံနက်အစောကြီးကတည်းက အစိုးရပိုင် စားသောက်ဆိုင်တစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သူမ၏ မိသားစုမှာ ယခုအချိန်တွင် ငွေရေးကြေးရေး အကျပ်အတည်း ဖြစ်နေသော်လည်း သူမတွင် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ငွေအမြောက်အမြား ရှိနေသေးသောကြောင့် ပေါက်စီနှစ်လုံးလောက် ဝယ်ကျွေးရန်အတွက်တော့ မခက်ခဲပါချေ။
“ပေါက်စီလား?”
လီဟုန်ကျွင့်သည် ခေါင်းမော့ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
“အိမ်မှာ ပေါင်းအိုးတောင် မရှိတော့တာ၊ ဘယ်က ပေါက်စီ ရမှာလဲ”
“မဖြစ်နိုင်တာ!”
ထုန်လင်းတစ်ယောက် မီးဖိုချောင်ထဲသို့ အပြေးအလွှား ဝင်သွားခဲ့ပြီး ခဏအကြာတွင် သူမ၏ စူးရှသော အော်ဟေသံ ထွက်ပေါ်လာတော့၏။
“ဘယ်က စိတ်ပုတ်စိတ်ယုတ်ရှိတဲ့ကောင်က ငါ့ရဲ့ ဆားဗူးထဲက ဆားတွေကိုပါ အကုန်ခိုးသွားရတာလဲ!”
လီဟုန်ကျွင့်: “...”
သူ မတ်တတ်ရပ်လိုက်ပြီး အိမ်တစ်အိမ်လုံးကို သေသေချာချာ ရှာဖွေပြီးနောက်မေးလိုက်၏။
“ငါ့အမေ ဘယ်မှာလဲ”
အမှန်ပဲ။ အဘွားကြီးလီ ဘယ်ကိုရောက်သွားတာလဲ။
ထုန်လင်း၏ နှလုံးခုန်သံက ရုတ်တရက် မြန်လာခဲ့သည်။
“မကောင်းတော့ဘူး!”
သူမ အော်ဟစ်လိုက်ပြီး အခန်းထဲသို့ ပြေးဝင်သွား၏။ ထို့နောက်တွင်တော့ သေသေချာချာ သော့ခတ်ထားခဲ့သည့် ဗီရိုတံခါးက ပွင့်နေသည်ကို တွေ့လိုက်ရသည်။ ဗီရိုထဲတွင် ချိတ်ထားခဲ့သည့် အဝတ်အစားများ အားလုံးမှာ ခုတင်ပေါ်တွင် ပြန့်ကျဲနေလေ၏။
သူမ ပိုက်ဆံများ ဝှက်ထားသည့် နေရာမှာလည်း ဗလာဖြစ်နေပြီး ပိုက်ဆံများ ထည့်ထားသည့် လက်ကိုင်ပဝါ တစ်ထည်သာ အဝတ်ပုံကြားတွင် ကျန်ရစ်ခဲ့သည်။
“ကျွန်မရဲ့ ပိုက်ဆံတွေ! အဲဒီအဘွားကြီးက ကျွန်မတို့မှာ ကျန်သမျှ ပိုက်ဆံတွေ အကုန်လုံးကို ခိုးသွားပြီ!”
ထုန်လင်းသည် လက်ကိုင်ပဝါကို ဆုပ်ကိုင်ကာ အော်ဟစ်ငိုကြွေးတော့သည်။
လီဟုန်ကျွင့်က လီချောင်၏ အခန်းဟောင်းသို့ အပြေးအလွှားသွားကြည့်သော်လည်း ထိုနေရာက ဗလာဖြစ်နေခဲ့သည်။ ခုတင်ပေါ်ရှိ အိပ်ရာခင်းများပင် မရှိတော့ပါချေ။
ထုန်လင်း ရဲစခန်းသို့လာကာ သူ့ကို ကြိုနေချိန်အတွင်း သူ၏အမေက လီရွှမ်ကို ခေါ်ကာ မိသားစုထဲမှ ငွေကြေးများနှင့် စောင်များကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပေသည်။
မီးဖိုချောင်ရှိ ဆားများကိုပင် ချန်မထားခဲ့ပါချေ။
လီဟုန်ကျွင့်တစ်ယောက် ခွန်အားများ အားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားတော့သည်။
တစ်ချိန်တည်းမှာပင် လီမိသားစုမှ အမွှာမောင်နှမများမှာလည်း ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရသည်။
ဝမ်ပြည်နယ်မှ လီကျူးသည်က လက်ရှိတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ တားဆီးခြင်းကို ခံနေရလေ၏။
ထိုနှစ်ဦးစလုံးမှာ ကျေးလက်သို့ဆင်းလာသည့် ပညာတတ်လူငယ်များ ဖြစ်ကြပြီး ချစ်သူများလည်း ဖြစ်ကြသည်။
ထိုအမျိုးသားသည် အမျိုးသမီး၏ လက်ကို ဆွဲကိုင်ကာ ဖျောင်းဖျနေရသည်။
“ဟုန်မေ့... မင်း အထင်မလွဲပါနဲ့၊ ရဲဘော် လီကျူးနဲ့ ငါနဲ့က ဘာမှမဆိုင်ပါဘူး၊ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရုံပါပဲ”
“ငါ့ကို လာမလိမ်နဲ့”
ထိုအမျိုးသမီး ပညာတတ်လူငယ်မှာ အလွန်ပင် ဒေါသထွက်နေပုံရသည်။
သူမက မျက်မှောင်ကြုတ်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်၏
“လွန်ခဲ့တဲ့ ဆယ်ရက်တုန်းက နင် ချင်ရှန်းကို အသားပေါက်စီနှစ်လုံး ပေးခဲ့တယ်၊ လွန်ခဲ့တဲ့ ရှစ်ရက်တုန်းက အညိုရောင်သကြားခဲတစ်ထုပာ ပေးခဲ့တယ်၊
ငါးရက်တုန်းကတော့ သူ့အဝတ်တွေကိုတောင် လျှော်ပေးခဲ့သေးတယ်၊ မနေ့ကလည်း မက်မွန်သီး ကိတ်မုန့်တွေ ဝယ်ပေးခဲ့တယ် မဟုတ်လား၊
ရဲဘော် လီကျူး... နင် ဘာတွေ လုပ်ချင်နေတာလဲဆိုတာ ငါ တကယ် မသိတော့ဘူး၊ သူများရဲ့ ရည်းစားက အဲဒီလောက်တောင် ကောင်းနေလို့လား၊ နင် ဘာလို့ သူ့ကို လာလုနေရတာလဲ”
လီကျူးသည်လည်း အလျှော့မပေးတတ်သော အမျိုးသမီး ဖြစ်ရာ ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်သည်။
“အသားပေါက်စီ နှစ်လုံးကတော့ ရဲဘော် လျိုချင်ရှန်းက ကျွန်မကို ပစ္စည်းတွေ သယ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာ
သကြားခဲကတော့ ရှင် နေမကောင်းဘူးဆိုပြီး သူက ကျွန်မဆီက ခဏလာချေးတာလေ.. အဝတ်လျှော်ပေးတာနဲ့ မုန့်ဝယ်ပေးတာကတော့ ကျွန်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ
ကျွန်မနဲ့ သူနဲ့က ဘာမှမဆိုင်ဘူး၊ ဒါကြောင့် လာပြီး စွပ်စွဲမနေနဲ့”
“လူဆိုးလူမိုက်ရဲ့ သမီးဆိုတော့လည်း စကားပြောတာက တကယ်ကို ပြတ်သားတာပဲ”
ထိုအမျိုးသမီး ပညာတတ်လူငယ်က လှောင်ရယ်ကာ လျိုချင်ရှန်းကို လှည့်ကြည့်လိုက်သည်။
“မနေ့က ကျွန်မ တပ်မဟာခေါင်းဆောင်ဆီမှာ ပညာတတ်လူငယ်တွေရဲ့ အချက်အလက်တွေကို သွားကြည့်ခဲ့တယ်၊ ကျွန်မတို့ရဲ့အနားက ရဲဘော် လီကျူးမှာ ဆိုးရွားတဲ့ နောက်ခံသမိုင်းကြောင်း ရှိနေတယ်
သူမရဲ့ အဖေက လူဆိုးလူမိုက် စာရင်းဝင်ပဲ.. တကယ်လို့ ရှင်က ဒီလိုမိန်းမမျိုးကို လိုချင်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ
အတွေးအခေါ် မခိုင်မာတဲ့ ရှင့်လို အမျိုးသားရဲဘော်မျိုးကို ကျွန်မကတော့ မလိုချင်တော့ဘူး၊ လျိုချင်ရှန်း... ကျွန်မတို့ ဒီမှာတင် လမ်းခွဲကြရအောင်”
လူဆိုးလူမိုက်ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခိုက်တွင် လျိုချင်ရှန်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
ယခင်က လီကျူးအနေဖြင့် အမြဲတစေ ငွေကို လက်ရဲစွာသုံးစွဲတတ်ပြီး သူမ၏ မိသားစုနောက်ခံကို ဂုဏ်ယူတတ်လေ့ရှိသည်။
သူ့အနေဖြင့် ကံထူးပြီး ကျေးလက်သို့ ခေတ္တဆင်းလာသည့် ခေါင်းဆောင်တစ်ဦး၏ သမီးကို ရှာတွေ့ပြီဟု ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။
တစ်ဖက်လူက တကယ်တမ်းတွင် လူဆိုးလူမိုက်၏သမီး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူမက ငွေကို အလွယ်တကူ သုံးစွဲနေကြမှာ အံ့ဩစရာ မဟုတ်တော့ပါချေ။ မတရားသော နည်းလမ်းများဖြင့် ရရှိထားသည့် ငွေများသာ ဖြစ်နေခဲ့သည်။
လီကျူး၏ မျက်နှာတွင် ခဏမျှ ထိတ်လန့်သွားပြီးနောက် ဒေါသများ ဖြစ်ပေါ်လာသည်။
“ရှင် ဘာတွေ လာပြောနေတာလဲ၊ ကျွန်မအဖေက အထည်စက်ရုံက ကေဒါတစ်ယောက်၊ ကျွန်မအမေကလည်း တရားဝင်ဝန်ထမ်းပဲ၊ ပြီးတော့ ကျွန်မရဲ့ အမေဘက်က မိသားစုကလည်း...”
သူမက စကားကို ခေတ္တရပ်လိုက်ပြီးနောက် လီရှန်း၏ မိသားစုဘက်မှ အခြေအနေများကို သူမ၏ ကိုယ်ပိုင်အခြေအနေများကဲ့သို့ ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်လေ၏။
“ကျွန်မရဲ့ အဘိုးက စစ်မှုထမ်းဟောင်းတစ်ယောက်ပဲ၊ ကျွန်မရဲ့ ဦးလေးက စက်မှုစက်ရုံက ခေါင်းဆောင်တစ်ယောက်၊ နောက်ဦးလေး တစ်ယောက်ကလည်း ဗိုလ်မှူး တစ်ယောက်ပဲ
ကျွန်မရဲ့ မိသားစုနောက်ခံက အပြစ်ပြောစရာ မရှိဘူး၊ ကျွန်မကို လူဆိုးလူမိုက်ရဲ့ သမီးလို့ ပြောတာက ရယ်စရာ မကောင်းဘူးလား”
“နင်ကတော့ ခေါင်းမာနေတုန်းပဲ”
အမျိုးသမီး ပညာတတ်လူငယ်က လှောင်ပြောင်လိုက်လေသည်။ လူများ လိမ်ညာနိုင်သော်လည်း ပညာတတ်လူငယ်များ၏ မှတ်တမ်းများကတော့ မလိမ်နိုင်ပါချေ။
လီကျူး၏ မှတ်တမ်းပေါ်တွင် အနီရောင် တံဆိပ်တုံးတစ်ခု ထုထားသည်။ ဤသည်မှာ သူမအား စောင့်ကြည့်ခံရသူအဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။
သူမ အထက်တန်းကျောင်းတုန်းက သူမ၏ သူငယ်ချင်းတချို့မှာလည်း လူဆိုးလူမိုက်များ၏ သားသမီးများ ဖြစ်ကြသည့်အတွက် ထိုအနီရောင် တံဆိပ်တုံးက သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့ပြီး သူတို့ သွားလေရာနေရာတိုင်းတွင် ကဲ့ရဲ့ရှုံ့ချခြင်းကို ခံနေခဲ့ရသည်။
လီကျူးသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအမျိုးသမီးက ယုံကြည်မှုအပြည့်ဖြင့် ပြောနေသည်ပင်။
သို့သော်လည်း သူမ၏ မိသားစုမှာ ထိုသို့ ဖြစ်လာရန် လုံးဝ မဖြစ်နိုင်ကြောင်းကို သူမ သိထားသည်။
ဒါပေမဲ့... သူမရဲ့ အမေက ဟိုအရူး လီချောင်အတွက် တစ်ခုခု အမှားအယွင်း လုပ်လိုက်လို့များလား။
လီကျူးတစ်ယောက် နောင်တများဖြင့် ပြည့်နှက်သွားရ၏။ သူမအမေသာ ဤမျှအထိ တုံးအကြောင်းကို သိခဲ့လျှင် လီချောင်ကို နာမည်ကိုစာရင်း သွင်းခဲ့မည် မဟုတ်ပါချေ။
ယခုတော့ သူမပါ ဤပြဿနာထဲသို့ ဆွဲသွင်းခံလိုက်ရပေပြီ။
သို့သော် သူမအနေဖြင့် တစ်ဖက်သတ် စကားကိုသာ နားထောင်၍ မရပါချေ။
တစ်စုံတစ်ဦးကို မေးမြန်းကြည့်ရန် လိုအပ်ပေသည်။ သို့သော် သူမဘက်မှ လီချောင်ကို နာမည်စာရင်း သွင်းလိုက်ခြင်းက သူမ၏ မိဘများကို အလွန်ပင် ဒေါသထွက်စေခဲ့လိမ့်မည်။
ထို့ကြောင့် သူမက အခြားသူတစ်ဦးကို ဆက်သွယ်ရပေမည်။
ဒါပေမဲ့ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။
လီကျူးတစ်ယောက် ဒါရိုက်တာလျို၏ အငယ်ဆုံးသား လျိုချန်ကျွင်းကို ချက်ချင်းပင် သတိရလိုက်၏။
သူသည်က သူမ၏ ငယ်သူငယ်ချင်းဖြစ်သကဲ့သို့ အိမ်နီးချင်းလည်း ဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးလုံးသာ ငယ်ရွယ်နေခြင်းမရှိပါက သူမက သူ့ကို လက်ထပ်ပြီး မြို့ထဲတွင်ပင် နေထိုင်နိုင်ပေလိမ့်မည်။
ထိုသို့ဆိုပါက သူမအနေဖြင့် လီချောင်ကိုလည်း နာမည်စာရင်း သွင်းရန် လိုအပ်မည် မဟုတ်ပါချေ။
လျိုချင်ရှန်းအနေဖြင့် လီကျူး၏ စကားကို ယုံကြည်ချင်သော်လည်း၊ သူ၏ ချစ်သူကို ပို၍ ယုံကြည်ပေသည်။
ဤအခိုက်အတန့်တွင် သူ၏ချစ်သူက သူ့ကို စွန့်ပစ်လိုက်ပြီဖြစ်၍ ရည်းစားဟောင်းဖြစ်သွားခဲ့ချေပြီ။
သို့သော်လည်း ရောက်ရှိလာသည်မှာ မကြာသေးသော လီကျူးနှင့် နှိုင်းယှဉ်ပါက၊ တစ်နှစ်ကျော်ကြာ အတူရှိခဲ့သည့် သူက ပို၍ ယုံကြည်သင့်သည်ပင်။
ရလဒ်အနေဖြင့် ဖော်ရွေလွန်းသော လီကျူးမှာ ရုတ်တရက် အထီးကျန်သူတစ်ဦး ဖြစ်လာတော့၏။
သို့သော်လည်း သူမက ထိုအချက်အတွက် ဝမ်းနည်းမနေဘဲ ဖုန်းဆက်ရန်အတွက်သာ အခွင့်အရေးကို စောင့်ဆိုင်းနေတော့သည်။
နောက်တစ်နေ့မနက်တွင် လီကျူးက ဒါရိုက်တာလျို့၏ရုံးခန်းသို့ ဖုန်းဆက်လိုက်၏။
“ဦးလေးလျို့၊ ကျွန်မ လီကျူးပါ.. ချန်ကျွင်းနဲ့ စကားပြောလို့ ရမလား”
လီကျူး၏အသံမှာ အရင်ကကဲ့သို့ပင် ချိုသာလွန်းသော်လည်း ယခုတစ်ကြိမ်တွင်တော့ ဒါရိုက်တာလျို့က စက္ကန့်အနည်းငယ်မျှ ထူးဆန်းစွာ တိတ်ဆိတ်သွားပြီးနောက် ငြင်းဆိုလိုက်လေသည်။
“ကျူးကျူး.. ချန်ကျွင်းက လေ့ကျင့်ရေးသင်တန်းတက်ဖို့ ဟိုင်ရှီက စက်ရုံကြီးတစ်ခုကို သွားရပြီ.. ဦးလေးလည်း သူ့ကို ဆက်သွယ်လို့မရဘူး၊ မင့း ပြောစရာရှိရင် ဦးလေးကိုပဲ အရင်ပြောပြလေ၊ ဒါမှမဟုတ် မင်း အဖေကို ရှာပေးရမလား”
*