အခန်း (၁၆၆)
Vol. 17 Ch. 166
အခန်း(166)
လီကျူးမှာ စာပေပညာတွင် အသင့်အတင့်သာ ရှိသော်လည်း ထက်မြက်သော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။
ဒါရိုက်တာလျို့က သူမ၏စကားကိုငြင်းလိုက်သည်နှင့် ကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သူမ ခံစားလိုက်ရ၏။
သူမ၏လည်ချောင်းမှာ ချက်ချင်းပင် တစ်ဆို့သွားရပြီး မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာကာ မေးလိုက်လေသည်။
“ဦးလေးလျို့ ကျွန်မ မေးပါရစေ၊ ကျွန်မအဖေ တစ်ခုခုဖြစ်လို့လားဟင်”
ဒါရိုက်တာလျို့က သက်ပြင်းချလိုက်ပြီးပြောလာသည်။
“ကျူးကျူး.. မင်းကတော့ ကျေးလက်ဒေသမှာပဲ အေးအေးဆေးဆေးနေပြီး ပညာတတ်လူငယ်ကောင်းတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားပါတော့၊ မြို့ကိုပြန်ဖို့ စိတ်မကူးနဲ့တော့နော်”
ထိုစကားကို ကြားလိုက်ရသောအခိုက်တွင် လီကျူးတစ်ယောက် စာတိုက်အတွင်း၌ပင် ထိန်းချုပ်၍မရနိုင်စွာ ငိုကြွေးမိတော့သည်။
သူမက အဘယ်ကြောင့်ပညာတတ်လူငယ်ကောင်းတစ်ယောက်ဖြစ်နိုင်ပါမည်နည်း။
သူမအနေဖြင့် လက်ထပ်ထိမ်းမြားခြင်းဖြင့် ဤဒုက္ခတွင်းမှ လွတ်မြောက်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုတွင်တော့ သူမ၏မှတ်တမ်းတွင် လူဆိုးလူမိုက်ဟူသော အချက်အလက် ပါဝင်သွားပြီဖြစ်၍ သူမ၏အနာဂတ်လမ်းကလည်း ပျက်စီးသွားခဲ့ချေပြီ။
ယခုအချိန်တွင် တရားဝင်အလုပ်တစ်ခု ရရန်မဆိုထားနှင့်၊ ရွာထဲမှ လူငယ်များပင် သူမကို အလိုရှိကြမည် မဟုတ်ပါချေ။
ကျေးလက်တောရွာများမှာ လူတန်းစားနောက်ခံကို အလေးအနက်အထားဆုံး နေရာများပင် ဖြစ်သည်။
“ ဘာတွေဖြစ်ခဲ့တာလဲ၊ ဦးလေးလျို့.. ကျွန်မကို ခြောက်မနေပါနဲ့ အမှန်အတိုင်းပြောပေးပါ”
လီကျူးက အဖြေသိရန် အတင်းအကျပ် မေးမြန်းလေသည်။
ဒါရိုက်တာလျို့သည်လည်း လီဟုန်ကျွင့်နှင့် သူ၏ဇနီးတို့အကြောင်းကို ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်၏။
လီကျူးတစ်ယောက် ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားရပြီး စိတ်ဓာတ်များ လုံးဝပြိုလဲသွားတော့သည်။
အဆုံးတွင်တော့ သူမက ထိတ်လန့်တကြားဖြင့်အော်ဟစ်လိုက်မိရလေသည်။
“သူတို့တွေအားလုံးက အရူးတွေလား”
ဘာဖြစ်လို့ လီရှန်းကို ပစ်မှတ်ထားရတာလဲ။ ကျန်းမိသားစုက အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ကြီး ထင်နေကြတာလား။
ကျန်းကျူးရိက တူမဖြစ်သူ၏အလုပ်ကို ရရှိရန် မည်မျှအထိ ပရိယာယ် သုံးခဲ့ရသည်ကို ပြန်စဉ်းစားကြည့်ရုံဖြင့် သိနိုင်ပေသည်။
ဒါရိုက်တာလျို့သည်လည်း နှစ်သိမ့်စကား အနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်လေသည်။
လီကျူးက ဖုန်းပြောခအတွက် သုံးယွမ်နှင့် ဆင့်ငါးဆယ်ပေးလိုက်ရလေ၏။ သူမသည် စာတိုက်ထဲမှ ငိုကြွေး၍သာ ထွက်လာခဲ့တော့သည်။
သူမက သူမ၏အနာဂတ်အတွက်သာမက ထိုသုံးယွမ် ဆင့်ငါးဆယ်အတွက်ပါ ဝမ်းနည်းနေရလေသည်။
“ဝူး .. ဖုန်းခက တကယ်ကို စျေးကြီးလွန်းတယ်!”
ဒါရိုက်တာလျို့က ဖုန်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဘဝဆိုသည်မှာ ခန့်မှန်းရခက်လှသည်ဟုသာ သူ ပြောနိုင်တော့၏။
ဆယ်စုနှစ်တစ်ခုကျော်ခန့် မောက်မာခဲ့သော လီဟုန်ကျွင့်သည်က ယခုကဲ့သို့ ကျဆုံးသွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူ၏သမီးပင် ဤကဲ့သို့ ဖြစ်နေပါက လီချောင်၏ဘဝမှာ ပို၍ပင် ခက်ခဲနိုင်ပေလိမ့်မည်။
လီရှန်းကတော့ လီကျူးတစ်ယောက် ဒေါသတကြီး ငိုနေသည်ကို မသိရှိပါချေ။ သူမသည်က လက်ရှိတွင် မနက်ဖြန် အစည်းအဝေးအတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့လေ၏။
ဆေးဝါးစက်ရုံသို့ အသစ်ပေးအပ်လိုက်သည့် တာဝန်ကို နောက်ဆုံး၌ လက်ခံရရှိခဲ့ပြီပင်။
ဤသည်မှာ အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးကို အောင်မြင်စွာဖော်စပ်နိုင်ရန်သာဖြစ်ပေသည်။
လီရှန်းအနေဖြင့် ဤအရာအားလုံးမှာ အလွန်ပင်အံ့ဩစရာ ကောင်းသည်ဟု ခံစားနေရ၏။
မူလဇာတ်ကြောင်းအရဆိုလျှင် အသည်းရောင်အသားဝါရောဂါရှိနေကြောင်း သိကြသော်လည်း၊ အသည်းရောင်အသားဝါ (A) နှင့် (B) ဟူ၍ ခွဲခြားထားခြင်း မရှိသေးပေ။
ယခုနှစ်၏ ဒုတိယနှစ်ဝက်ကျမှသာ အသည်းရောင်အသားဝါ (B) မျက်နှာပြင် အင်တီဂျင် (HBsAg) ဟူသော အယူအဆမှာ နိုင်ငံတကာတွင် ထွက်ပေါ်လာလိမ့်မည်။
နောက်နှစ်တွင်တော့ ထူးချွန်သော အမျိုးသမီးဆရာဝန်ကြီးတစ်ဦးက နိုင်ငံခြားဆရာဝန်တစ်ဦး၏ အကူအညီဖြင့် ပညာရပ်များ လေ့လာရန် ဂျပန်နိုင်ငံသို့ သွားရောက်လိမ့်မည် ဖြစ်ပေသည်။
သို့သော် ယခုနှစ်တွင်ပင် သူတို့၏ ဆေးဝါးစက်ရုံမှ အသည်းရောင်အသားဝါ ကာကွယ်ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြောင်း အကြောင်းကြားစာ ရရှိခဲ့၏။
ဤသည်မှာ ထိုဖော်စပ်မှုက သေချာပေါက် ကျရှုံးရမည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ရုတ်တရက် လီရှန်းတစ်ယောက် စာအုပ်ထဲမှ အခန်းတစ်ခန်းကို သတိရသွားလေသည်။
ထိုကာလအတွင်း ဝူလီထံတွင် ကိုယ်ဝန်ရှိနေခဲ့၏။ စုဝေ့ဟိုင်သည်လည်း ထိုရောဂါတိုက်ဖျက်ရေး အဖွဲ့ထဲတွင် ပါဝင်နေခဲ့သော်လည်း မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့သောကြောင့် သီးခြားခွဲနေခဲ့ရသည်။
ထို့ကြောင့် ဝူလီ ကလေးမွေးသောအချိန်တွင် စုဝေ့ဟိုင်က ဆေးရုံသို့ အရေးပေါ်ခွင့်ယူကာ သွားခဲ့ရလေ၏။
သူသည်က ကလေးမွေးဖွားသည့် နောက်ဆုံးအခိုက်အတန့်ကို မြင်တွေ့လိုက်ရပြီး အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။
ထိုအခိုက်တွင် သူ၏ဦးနှောက်ထဲ၌ အတွေးသစ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။
ထို့ကြောင့် ဝူလီကို “ပင်ပန်းသွားပြီ” ဟု ပြောပြီးသည်နှင့် သုတေသနဌာနသို့ ချက်ချင်း ပြန်သွားခဲ့လေသည်။
ထိုရုတ်တရက် ရရှိလိုက်သော အတွေးသည်က သူတို့၏ သုတေသနလုပ်ငန်းကို ကြီးမားသော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးတက်သွားစေခဲ့၏။
ထို့အပြင် နိုင်ငံခြားမှ အသည်းရောင်အသားဝါ (B) အကြောင်းကို သိရှိပြီးနောက် သူတို့က နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးကို အမှန်တကယ်ပင် ဖော်စပ်နိုင်ခဲ့ကြပေသည်။
လီရှန်း: “...”
စာရေးသူက ဘာကို တွေးနေတာလဲ။
ဒါက တခြားလူတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ခိုးယူတာလို့ သတ်မှတ်နိုင်လား။
သူမ အနည်းငယ် သိချင်မိရ၏။
ဆိုရလျှင် အများပြည်သူများအနေဖြင့် အသည်းရောင်အသားဝါ ကာကွယ်ဆေးကို သတ်မှတ်ချိန်ထက် စောစီးစွာ အသုံးပြုနိုင်ခြင်းကတော့ ကောင်းမွန်သော အချက်ပင် ဖြစ်ပေသည်။
သူမ ကြုံတွေ့ခဲ့ဖူးသော ကမ္ဘာများအားလုံးကို ပြန်လည်စဉ်းစားကြည့်လျှင် ကမ္ဘာတိုင်းလိုလိုတွင် ဂျပန်နိုင်ငံဘက်မှ ရှေးဟောင်း တရုတ်ဆေးနည်းများ၏ မူပိုင်ခွင့် ရရှိနိုင်ရန် ဦးစွာလျှောက်ထားလေ့ရှိကြသည်။
ယခုအချိန်ကာလအရ ကြည့်လျှင် ဂျပန်နိုင်ငံဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရသေးချေ။
သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့၏။
အကယ်၍...
သူမ “အကယ်၍” ဟုသာ ဆိုလိုခြင်း ဖြစ်ပေသည်။
အကယ်၍ ဖြစ်နိုင်ပါက ဂျပန်တို့ဘက်မှ မလှုပ်ရှားမီတွင် ထိုဆေးနည်းများကို ဆေးဝါးစက်ရုံ၏ အမည်ဖြင့် မူပိုင်ခွင့် လျှောက်ထားနိုင်လျှင် ဖြစ်နိုင်လောက်မည်လား။
လီရှန်း သူမ၏ လက်မောင်းကို ရုတ်တရက် ပွေ့ဖက်လိုက်မိပြီး တစ်ကိုယ်လုံး ထိန်းချုပ်၍မရစွာ တုန်ယင်လာခဲ့၏။
ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ ဦးရေပြားများပင် စိမ့်တက်သွားရလေသည်။
မူပိုင်ခွင့်ဟူသော အယူအဆသည်က ရှည်လျားသော သမိုင်းကြောင်းရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာကျော်က အင်္ဂလန်နိုင်ငံမှာ မူပိုင်ခွင့်ဥပဒေ၏ ရှေ့ပြေးဖြစ်သော ‘လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေ’ ကို ပြဋ္ဌာန်းခဲ့၏။
သို့သော်လည်း မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (PCT) ကိုတော့ ၁၉၇၀ ပြည့်လွန်နှစ်များအထိ အကောင်အထည် မဖော်နိုင်ခဲ့ကြပါချေ။
လွန်ခဲ့သောနှစ်တွင်မှ အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံပေါင်း (18)နိုင်ငံက PCT အကြောင်းကို ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးမှုမှသည် လက်မှတ်ရေးထိုးခြင်းနှင့် အကောင်အထည်ဖော်ခြင်းအထိ ခုနစ်နှစ်ခန့် ကြာမြင့်ခဲ့ပေသည်။
ထိုသည်မှာ ၁၉၇၇ သို့မဟုတ် ၁၉၈၈ ခုနှစ်၊ ကလေးများနေ့ကျမှသာ တရားဝင် စတင်အကျိုးသက်ရောက်ခဲ့ခြင်းဖြစ်၏။
လွန်ခဲ့သော ခုနစ်နှစ်တာကာလအတွင်း ထိုနိုင်ငံများက စာချုပ်ပါ အချက်အလက်အချို့နှင့် ပတ်သက်၍ အငြင်းပွားနေခဲ့ကြသည်။
ဆိုရလျှင် ထိုခုနစ်နှစ်ဆိုသော အချိန်သည်က လီရှန်းအတွက် အခွင့်အရေးတစ်ခုပင် ဖြစ်ပေသည်။
ထိုခုနစ်နှစ်အတွင်း သူမက အထက်လူကြီးများကို မူပိုင်ခွင့်၏ အရေးပါပုံနှင့် ဂျပန်တို့၏ လောဘကြီးမှုများကို နားလည်အောင် လုပ်ဆောင်ရန် နည်းလမ်းရှာရမည်။
သူမ ရောက်ရှိခဲ့သော ကမ္ဘာတွင် တရုတ်နိုင်ငံက ၁၉၉၀ ပြည့်လွန်နှစ်များကျမှသာ PCT ထဲသို့ ဝင်ရောက်ခဲ့သော်လည်း ထိုမတိုင်မီကတည်းပ နိုင်ငံတော်၌ ကိုယ်ပိုင်မူပိုင်ခွင့်ရုံး ရှိနှင့်နေခဲ့ပြီ ဖြစ်၏။
အကယ်၍ မူပိုင်ခွင့်ရုံးကိုသာ စောစောစီးစီး တည်ထောင်နိုင်ခဲ့ပါက...
လီရှန်းတစ်ယောက် စိတ်ထဲတွင် ပေါ်လာသမျှ အချက်အလက်များကို မှတ်စုစာအုပ်ငယ်လေးထဲတွင် စာမျက်နှာအတော်များများ ပြည့်သည်အထိ ရေးချလိုက်လေသည်။
အရာအားလုံးကို ရေးပြီးသွားသောအချိန်တွင်တော့ သူမ၏ ခွန်အားများ အားလုံးကုန်ခမ်းသွားသကဲ့သို့ ထိုင်ခုံတွင် မှီချလိုက်မိ၏။
သူမ ထိုနေရာတွင် ဆယ်မိနစ်ခန့် ငေးငိုင်စွာ ထိုင်နေပြီးနောက် သူမ၏ လုပ်ဖော်ကိုင်ဖက်များ မရောက်လာမီ ထိုမှတ်စုစာအုပ်ကို လျင်မြန်စွာ ဂရုတစိုက် သိမ်းဆည်းလိုက်ပေသည်။
စာရေးသူက သုတေသနလုပ်ငန်းစဉ်များကို မည်သို့ပင် စီစဉ်ထားပါစေ၊ ကာကွယ်ဆေးတစ်ခုကို အစမှနေ၍ ဖော်စပ်ရသည်မှာ အလွန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း လီရှန်း သိနေသည်။
သူမ၏ ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတမှာ မလုံလောက်သေးသဖြင့် မပါဝင်နိုင်သည်က နှမြောစရာပင်။
သို့မဟုတ်ပါက သူမအနေဖြင့် သုတေသနဌာနသို့ ဝင်ရောက်နိုင်ရန် ကြိုးစားပြီး ဤစီမံကိန်းတွင် မဖြစ်မနေ ပါဝင်မိပေလိမ့်မည်။
“ရှောင်လီ.. ဒီလမ်းညွှန်ချက်ကို ကြည့်ထားပေးဦး၊ မနက်ဖြန်မွန်းလွဲပိုင်းမှာ အားလုံးကို ရှင်းပြဖို့ နင့်ကို တာဝန်ပေးမယ်”
အစ်မလျို့ပ စာရွက်စာတမ်းတစ်ခုကို ကိုင်ကာ ဒေါသတကြီးဖြင့် ဝင်လာပြီး လီရှန်းကို ကမ်းပေးလိုက်၏။
“အခုပဲ ကြည့်ထားလိုက်၊ နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်”
လီရှန်း ထိုစာရွက်များကို လှန်လှောကြည့်လိုက်လျှင် ဤသည်မှာ သူမ သုတေသနဌာနနှင့် ဆက်သွယ်ရမည့် ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားရသည်။
သူမသည် အံ့ဩစွာဖြင့် မော့ကြည့်ကာ မေးလိုက်၏။
“ဒါကို ဒါရိုက်တာဝမ်က ကိုင်တွယ်ရမှာ မဟုတ်ဘူးလား”
ဤကဲ့သို့ ကြီးမားသော စီမံကိန်းတစ်ခုကို သူမကဲ့သို့ အတွေ့အကြုံမရှိသူတစ်ဦးအား ပေးအပ်ခြင်းမှာ အနည်းငယ် ရဲတင်းလွန်းလှပေသည်။
“သူ့မှာ တခြားစီမံကိန်းတွေ ရှိနေသေးတယ်”
အစ်မလျို့သည် နားထင်ကို ပွတ်လိုက်မိ၏။ ထိုဒါရိုက်တာနှင့် ပတ်သက်၍ သူမ တကယ်ပင် ခေါင်းခဲနေရခြင်း ဖြစ်ပေသည်။
အမှန်အတိုင်းပြောရလျှင် ဤမျှအထိ ရဲတင်းသောသူမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ပါချေ။ သူသည်က မည်သူ့ကိုမဆို ရင်ဆိုင်ရဲပြီး မည်သူ့ကိုမဆိုလည်း လျှို့ဝှက်စွာ ပရိယာယ်ဆင်ရဲသည်။
ဒါရိုက်တာဝမ်က ပေကျင်းမှ ဝါရင့်သုတေသနပညာရှင် တချို့ကို လျှို့ဝှက်စွာ ခေါ်ဆောင်လာခဲ့သည်ဟူသောအတွေးကြောင့် သူမ၏ စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေရသည်။
လီရှန်း ဆွံ့အသွားရလေသည်။
တခြားစီမံကိန်းတွေ ဟုတ်လား။
စာအုပ်ထဲတွင် ထိုအကြောင်း မပါဝင်ပါချေ။
ယခုနှစ် ဆေးဝါးစက်ရုံ၏ အကြီးမားဆုံး စီမံကိန်းမှာ အသည်းရောင်အသားဝါ ကာကွယ်ဆေး စီမံကိန်းသာ မဟုတ်ပါလား။
သို့သော် သူမသည်က စပ်စုတတ်သောသူမျိုး မဟုတ်ပေ။ သူမ၏ တာဝန်မဟုတ်သော အကြောင်းအရာများကိုလည်း မမေးမြန်းတတ်ပါချေ။
သူမက စာရွက်စာတမ်း၏ ပထမဆုံး စာမျက်နှာကို အသာဖွင့်ကာ အစမှနေ၍ ဖတ်ရှုလိုက်တော့သည်။
သူမက စာဖတ်ရာတွင် အလွန်ပင် မြန်ဆန်လွန်းသောကြောင့် ခဏအတွင်းမှာပင် စာမျက်နှာများကို လှန်နိုင်ခဲ့၏။
ထို့ကြောင့် အစ်မလျို့မှာလည်း အနည်းငယ် စိတ်အေးသွားရလေသည်။
*