အခန်း (၁၆၇)
Vol. 17 Ch. 167
အခန်း(167)
အစ်မလျို့က လီရှန်း၏ သင်ယူနိုင်စွမ်းကို သူမ ယုံကြည်သောကြောင့်သာ ဤစီမံကိန်းကို သူမအား ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
တကယ်တမ်းတွင် ဤဆုံးဖြတ်ချက်ကိုချခဲ့ချိန်၌ အစ်မလျို့အနေဖြင့် အန္တရာယ် အတော်လေးများခဲ့လေ၏။
ဆိုရလျှင် ဌာနတွင် ဝါရင့်ဝန်ထမ်းများစွာ ရှိနေပြီး စီမံကိန်းအသစ်များကို ကိုင်တွယ်ရခြင်းမှာလည်း အလွန်ပင် အရေးကြီးသော တာဝန်ဖြစ်နေခဲ့သည်။
ယခုခေတ်တွင် ဝန်ထမ်းများက အလွန်ပင် ရိုးသားကြသေးသည်။ အလုပ်တာဝန်ကို ခေါင်းရှောင်တတ်သူ အနည်းငယ် ရှိသော်လည်း အများစုမှာတော့ ကြိုးစားအားထုတ်သူများသာဖြစ်ကြ၏။
ထို့ကြောင့် ဤအခွင့်အရေးမှာ လူအများက မျက်စိကျနေသည့် အခွင့်အရေးပင် ဖြစ်လေသည်။
သို့သော် အစ်မလျို့က သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ကြောင့် လီရှန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ထို့အပြင် လီရှန်း၏ ယောက္ခမမှာ စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပြီး၊ သူမနှင့် သူမ၏ခင်ပွန်းတို့မှာလည်း ထူးချွန်သော ဝန်ထမ်းများ ဖြစ်ကြသည်။
ထို့အပြင် လီရှန်းက သင်ယူနိုင်စွမ်း မြင့်မားသူဖြစ်ရာ အစ်မလျို့အနေဖြင့် ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို မြှုပ်နှံမထားချင်သောကြောင့် ဖြစ်လေ၏။
သုတေသနဌာနမှထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးက လီရှန်းကို သဘောကျပြီး တပည့်အဖြစ် လက်ခံလိုက်လျှင် ကောင်းမည်ဟုပင် သူမ တွေးမိနေသေး၏။
ဤကလေးမှာ ဆေးဝါးစက်ရုံ၏ စစ်မှန်သော ဝန်ထမ်းကောင်းတစ်ဦး ဖြစ်ပေသည်။
လီရှန်းကတော့ အစ်မလျို့က သူမအတွက် လမ်းခင်းပေးနေခြင်း ဖြစ်ကြောင်းကို မသိပါချေ။ သူမက မျက်မှောင်အသာကြုတ်ကာ စာရွက်စာတမ်းများကို ဖတ်ရှုနေခဲ့သည်။
သူမ မှတ်မိသကဲ့သို့ပင်။ အသည်းရောင်အသားဝါရောဂါကို (A) နှင့် (B) ဟူ၍ ခွဲခြားထားခြင်း မရှိသေးချေ။
ထို့ကြောင့် ယေဘုယျ ဦးတည်ချက်မှာ မှန်ကန်နေသော်လည်း အသေးစိတ် အချက်အလက်များမှာက ခိုင်လုံမှု မရှိသေးပါချေ။
ဝမ်းနည်းစရာကောင်းစွာနှင့် သုတေသနလုပ်ငန်းများတွင် အသေးစိတ် အချက်အလက်များကသာအောင်မြင်မှုနှင့် ကျရှုံးမှုကို ဆုံးဖြတ်ပေးခြင်း ဖြစ်ပေသည်။
ဤအချက်အလက်များမှာတော့ အကျဉ်းချုပ်မျှသာ ဖြစ်ပြီး အသေးစိတ် သီအိုရီပိုင်းဆိုင်ရာများ မပါဝင်သည့်အတွက် နှမြောစရာကောင်းလွန်းပေ၏။
သူမအနေဖြင့် တစ်ခုခုကို နားလည်လျှင်ပင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မည် မဟုတ်ချေ။ အဆုံးတွင် သူမသည်က ထိုအချက်အလက်များကို အလွတ်ကျက်မှတ်ရန်သာ တတ်နိုင်ခဲ့တော့သည်။
လီရှန်းက မွန်းလွဲပိုင်းတစ်ချိန်လုံးကို အစ်မလျို့နှင့် ဆွေးနွေး၍ စာဖတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။
ဖန်ထုံ ရောက်လာချိန်တွင် သူမကလည်း အခန်းထဲကို တစ်ချက်ကြည့်လိုက်ပြီး ဆွေးနွေးမှုတွင် ပြတ်သားစွာ ပါဝင်လာခဲ့၏။
ထို့နောက် သူမသည်လည်း လီရှန်း၏ လက်ထောက်အဖြစ် ခန့်အပ်ခြင်းကို ခံလိုက်ရလေသည်။
ဖန်ထုံ၏ ခင်ပွန်းမှာ သုတေသနဌာနမှ ပညာရှင်တစ်ဦး ဖြစ်နေခြင်းကြောင့် အစ်မလျို့က သူမကို လွှတ်ပေးမည် မဟုတ်ပါချေ။
အလုပ်ဆင်းချိန် ရောက်လျှင် အစ်မလျို့က ကိုယ်ကိုဆန့်လိုက်ပြီး ပြောလာသည်။
“ကောင်းပြီ၊ အားလုံးပဲ အိမ်ပြန်ကြတော့.. ရုံးခန်းထဲမှာ တစ်နေကုန် အောင်းမနေကြနဲ့ဦး”
သူမက စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး သတိပေးလိုက်လေသည်။
“အပြင်ရောက်ရင် ဒါတွေကို လျှို့ဝှက်ထားဖို့ မမေ့နဲ့နော်”
အချက်အလက်များကို အပြင်သို့ ယူဆောင်သွား၍ မရပါချေ။
လီရှန်းနှင့် ဖန်ထုန်တို့ကလည်း လေးနက်စွာဖြင့် ခေါင်းငြိမ့်ပြကြ၏။
သူတို့သည်က အလုပ်အပေါ် သစ္စာရှိကြသူများ ဖြစ်ပေသည်။ သူတို့၏ မိသားစုဝင်များက သုတေသနပညာရှင်များ ဖြစ်နေလျှင်ပင် အစည်းအဝေး မတိုင်မီ မည်သည့်အချက်အလက်ကိုမျှ ပေါက်ကြားစေမည် မဟုတ်ပါချေ။
အစ်မလျို့သည် ထိုအချက်နှင့် ပတ်သက်၍ သူတို့နှစ်ဦးကို အလွန်ပင် ယုံကြည်ထားသည်။
အလုပ်ဆင်းပြီးနောက် သူတို့နှစ်ဦးလုံးလည်း စက်ရုံတွင် မနေချင်ကြတော့သည့်အတွက် အိမ်သို့သာ ပြန်ခဲ့ကြ၏။
တစ်ဦးမှာ ညစာချက်ရန် အလုပ်ရှုပ်နေပြီး၊ နောက်တစ်ဦးမှာတော့ လမ်းလျှောက်ရင်း တစ်နေ့တာလုံးတွင် လေ့လာခဲ့သမျှကို စိတ်ထဲ၌ ပြန်လည်သုံးသပ်နေခဲ့သည်။
မမျှော်လင့်ဘဲ သူမ ခြံဝင်းတံခါးဝသို့ ရောက်သောအချိန်တွင် ကင်းတဲအပြင်ဘက်၌ လူတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုလူမှာ အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်ဟု ထင်ရပြီး လက်ရှိတွင် ကင်းသမားနှင့် စကားပြောနေလေသည်။
“ဦးလေးကျန်း”
လီရှန်း အံ့အားသင့်စွာဖြင့် ပြေးသွားပြီး မေးလိုက်၏။
“ဦးလေး ဘာလို့ ဒီကို ရောက်နေတာလဲ”
လီရှန်း၏ အသံကို ကြားလိုက်ရလျှင် ကျန်းချင်းတုန်က ကင်းသမားကို လက်ပြနှုတ်ဆက်လိုက်ပြီး လီရှန်းကို လှည့်ကြည့်လိုက်သည်။
“မင်း ဆေးဝါးစက်ရုံထဲကို အလုပ်ဝင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မင်းရဲ့ဦးလေးကို မေးကြည့်တော့မှ မင်း ဒီမှာရှိနေတာကို သိရတာ
စက်ရုံကနေ မင်းအမေရဲ့ ပင်စင်လစာ ခြောက်ရာယွမ်ကို ရှင်းပေးလိုက်ပြီ၊ ငါ အဲဒီပိုက်ဆံကို လာပေးတာလေ”
အားလုံး ပြီးသွားပြီလား။
ဒီလောက်တောင် မြန်တာလား။
အထည်စက်ရုံက ဤမျှအထိ လျင်မြန်စွာ ဆောင်ရွက်ပေးလိမ့်မည်ဟု လီရှန်း မထင်ထားခဲ့ပါချေ။
လီဟုန်ကျွင့်တွင် ထိုမျှအထိ ပိုက်ဆံရှိနေသည်လား။ သူ့ဘက်မှာ ယွမ်ခြောက်ရာကို အလွယ်တကူ ထုတ်ပေးလိုက်နိုင်သည်မှာ အံ့ဩစရာကောင်းပေ၏။
လီရှန်း၏ ရှုပ်ထွေးနေမှုကို သတိပြုမိပုံရသည့်အတွက် ကျန်းချင်းတုန်က ချက်ချင်းပင် ရှင်းပြလိုက်၏။
“လီဟုန်ကျွင့်က စက်ရုံကနေ ငွေချေးလိုက်တာလေ၊ လတိုင်း သူရတဲ့ လစာထဲကနေ ယွမ်(20) နှုတ်သွားလိမ့်မယ်.. သုံးနှစ်လောက်ဆိုရင်တော့ ကြေသွားမှာပါ”
သို့သော် သန့်ရှင်းရေးဝန်ထမ်းများ၏ လစာမှာ အစကတည်းက မများလှပါချေ။ ထို့အပြင် သူတို့၏ ဆိုးရွားသော လူတန်းစားနောက်ခံကြောင့် ယွမ်နှစ်ဆယ်ကို နှုတ်ယူလိုက်ပါက စားဝတ်နေရေးအတွက် ပိုက်ဆံလုံးဝကျန်တော့မည် မဟုတ်ပေ။
နောက်လာမည့် သုံးနှစ်တာကာလက လီဟုန်ကျွင့်နှင့် သူ၏ဇနီးအတွက် မည်မျှအထိ ခက်ခဲလိမ့်မည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
“ပြီးတော့ အိမ်ကိစ္စလည်း ရှိသေးတယ်”
လီရှန်းသည် လက်ကို မြှောက်ပြလိုက်သည်။
“ဦးလေးကျန်း... ဟိုဘက်မှာ သွားပြောရအောင်”
ဤသည်မှာ တခြားသူများ ကြားသင့်မည့် အကြောင်းအရာမျိုး မဟုတ်ပါချေ။
ကျန်းချင်းတုန်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်၏။
သူတို့နှစ်ဦးက ဝင်းတံခါးနှင့် အနည်းငယ်ဝေးရာသို့ လျှောက်သွားပြီးနောက် ကျန်းချင်းတုန်က ဆက်ပြောလေသည်။
“လီဟုန်ကျွင့်ရဲ့ လုပ်သက်က အိမ်ဝင်းလေးရဖို့အတွက် မလုံလောက်ဘူး၊ ပြီးတော့ ထုန်ဇီလော်မှာလည်း အခန်းလွတ် မရှိဘူးလေ
သူ့ရဲ့ လူတန်းစားနောက်ခံကလည်း ပြဿနာရှိနေတော့ သူက သူ့ရဲ့ နေရာကိုပဲ ရောင်းလိုက်ရတယ်.
ပိုက်ဆံတော့ အများကြီး မရဘူးပေါ့.. ဒါပေမဲ့ စက်ရုံက သူတို့အတွက် ဘွိုင်လာခန်းဘေးက ဂိုဒေါင်လေးထဲက အခန်းကျဉ်းလေးတစ်ခန်းကို ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတယ်”
စက်ရုံမှာ ယာယီနေထိုင်စရာ အခန်းတွေတောင် ရှိတာလား။
အထည်စက်ရုံက လူကြီးတွေက အတော်ဘေးကြင်နာတတ်ကြတာပဲ။
လီရှန်း တွေးမိလိုက်သည်။
လီဟုန်ကျွင့်ကဲ့သို့သော လူမျိုးများကို အကြွေးဆပ်ရန်အတွက် သူတို့၏အလုပ်ကိုပါ ရောင်းခိုင်းပြီး သူတို့၏ဇာတိရွာသို့ ပြန်ပို့သင့်သည်ဟုသာ သူမ ထင်မိ၏။
ယခုကဲ့သို့ ဆွဲထားခြင်းမှာ နောက်ပိုင်းတွင် ပြဿနာများသာ ဖြစ်ပေါ်လာစေနိုင်ပေလိမ့်မည်။
သို့သော်လည်း..
အထည်အလိပ်စက်ရုံက ထိုဒုက္ခကို လိုလိုလားလားနှင့် လက်ခံယူမည်ဆိုပါက သူမအနေဖြင့်လည်း ပြောစရာစကားမရှိတော့ပါချေ။
လီရှန်း၏ အမူအရာက မကောင်းသည်ကို မြင်လိုက်ရလျှင် ကျန်းချင်းတုန်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
လီဟုန်ကျွင့်သည်က အလုပ်လုပ်ကိုင်လာခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကာ နှစ်ပေါင်းနှစ်ဆယ်နီးပါးပင် ရှိနေချေပြီ။ အကယ်၍ မည်သည့်ကိစ္စမျှ မရှိခဲ့ပါကကျန်းဟုန်ကျန်း၏ ဝေစုမပါလျှင်ပင် စတုရန်းမီတာနှစ်ဆယ်ခန့်ရှိသော တိုက်ခန်းတစ်ခန်းနှင့် လဲလှယ်နိုင်လိမ့်မည်။
သို့သော် သူကသာ ပြဿနာရှာရန် အတင်းအကျပ် လုပ်ဆောင်နေခဲ့သောကြောသ့် ယခုအချိန်တွင် အိမ်ရာခွဲတမ်းရရှိမည့် အခွင့်အရေးကို စွန့်လွှတ်ကာ ထိုနေရာကိုသာ ရောင်းချလိုက်ရတော့သည်။
အထည်အလိပ်စက်ရုံက ဤအခြေအနေကို တွင်းနက်ကြီးတစ်ခုမဖြစ်ကြောင်း မသိဘဲ နေပါမည်လား။
သို့သော်လည်း လီဟုန်ကျွင့်က ထိုနေရာကို ဝူချန်ချွမ်းထံသို့ ရောင်းချခဲ့ခြင်းဖြစ်၏။ ဝူချန်ချွမ်းက လီဟုန်ကျွင့်ကို ကာကွယ်ပေးထားသရွေ့ မည်သူကမျှ သူ့ကို မောင်းထုတ်နိုင်မည် မဟုတ်ချေ။
ဝူချန်ချွမ်းသည်က အမှန်တကယ်ပင် ရဲတင်းလွန်းသည်ဟု ကျန်းချင်းတုန် တွေးမိပေသည်။ သူသည်က ပထမဦးစွာ ကျန်းဟုန်ကျန်း၏ နေရာကို ယူခဲ့ပြီးနောက် ယခုလည်း လီဟုန်ကျွင့်၏ နေရာကို ထပ်မံရယူလိုက်ပြန်ချေပြီ။
အချိန်တန်လျှင် သူက အိမ်ဝန်းလေးနှစ်ခုကို တစ်ပြိုင်နက်တည်း ရရှိနိုင်လိမ့်မည်။
အကယ်၍ သူက အလယ်မှ နံရံကို ဖြိုချလိုက်ပါက ထိုအိမ်ဝန်းမှာ မည်မျှအထိ ကျယ်ဝန်းသွားမည်နည်း။
“သူ အပြင်ကိုထွက်လာပြီးနောက်မှာ ဘာပြဿနာမှ ထပ်မရှာတော့ဘူးလား”
ကျန်းချင်းတုန်က ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်ရင်း ပြောလာသည်။
“သူကတော့ အမှန်တကယ်ပဲ ကံဆိုးတာပါပဲ၊ သူ့ဘေးနားမှာ အဆင်ပြေပြေဆက်ဆံလို့ရတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလေ၊
သူပြန်လာတဲ့နေ့မှာပဲ သူ့အမေနဲ့ တူဖြစ်သူက သူနှစ်တွေအများကြီး စုဆောင်းထားသမျှအရာအားလုံး အကုန်ယူသွားကြတယ်”
ဟင်...
လီရှန်း ဤတစ်ကြိမ်တွင်တော့ အမှန်တကယ်ပင် ထိတ်လန့်သွားရတော့သည်။
အဘွားလီက ဘက်လိုက်တတ်ကြောင်းကို သူမ အမြဲတစေသိထားသော်လည်း ဤမျှအထိ ဘက်လိုက်လိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပါချေ။
ထိုကဲ့သို့ လူတစ်ယောက် အခက်အခဲတွေ့နေချိန်တွင် အခွင့်ကောင်းယူကာ အမြန်ဆုံး နှိပ်ကွပ်လိုက်သည်က
နောက်ထပ် အံ့ဩစရာပင် မရှိတော့ပေ။
ကျန်းချင်းတုန်က လီရှန်းထံသို့ ငွေခြောက်ရာကို လှမ်းပေးလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ မချီးမွမ်းဘဲ မနေနိုင်ခဲ့ချေ။
“မင်း ဆေးဝါးစက်ရုံထဲကို ဝင်နိုင်လိမ့်မယ်လို့ ငါ တကယ်ပဲ မထင်ထားခဲ့ဘူး”
ဒါ့အပြင် သူမက ဆေးဝါးစက်ရုံကလူနဲ့တောင် လက်ထပ်ခဲ့သေးတယ်။ တံခါးစောင့်ရဲ့ စကားအရ သူမက အရာရှိမိသားစုထဲကို လက်ထပ်ဝင်ခဲ့ပုံပဲ။
“ကျွန်မက အထည်အလိပ်စက်ရုံမှာ အလုပ်လုပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ပါဘူး”
လီရှန်းက မျက်လွှာချလိုက်ရင်း ပြောလိုက်သည်။
ကျန်းချင်းတုန်းက ခေါင်းညိတ်လိုက်လေ၏။
“အထည်အလိပ်စက်ရုံက နေလို့ကောင်းတဲ့နေရာ မဟုတ်ပါဘူး၊ ဆေးဝါးစက်ရုံက ပိုကောင်းတယ်.. ဒါက ပြည်နယ်အဆင့် ဌာနကြီးတစ်ခုဖြစ်ပြီး အမြတ်အစွန်းလည်းကောင်းတဲ့ စက်ရုံကြီးတစ်ခုလေ
အထည်အလိပ်စက်ရုံကတော့ လွနာခဲ့နှစ်ပေါင်းများစွာကတည်းက ရှုပ်ထွေးနေခဲ့တာ၊
ငါက ငါ့သားနှစ်ယောက်လုံးတောင် အထည်အလိပ်စက်ရုံမှာ အလုပ်မဝင်ခိုင်းခဲ့ဘူး”
ဆေးဝါးစက်ရုံများနှင့် မတူသည်မှာ ကျန်းချင်းတုန်ကဲ့သို့ စက်ရုံဒုတိယညွှန်ကြားရေးမှူးအတွက် အထည်အလိပ်စက်ရုံသို့ လူနှစ်ယောက်ကို အလုပ်ခန့်ပေးရန်အတွက် အတော်လေး လွယ်ကူလွန်းသည်။
သို့သော်လည်း သူသည်က သူ၏သားများကို အထည်အလိပ်စက်ရုံတွင် အလုပ်လုပ်ခိုင်းရန် မည်သည့်အချိန်ကမျှ ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။
ထိုစကားကို ကြားလိုက်ရလျှင် လီရှန်း၏စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိထားမိသွား၏။ အထည်အလိပ်စက်ရုံမှာ အခြေအနေ သိပ်မကောင်းတော့ပုံရပေသည်။
ကျန်းချင်းတုန်ကတော့ အမှတ်မထင် ပြောလိုက်ခြင်းသာဖြစ်လေ၏။
ငွေကို ပေးအပ်ပြီးနောက်တွင် သူသည် ပြန်သွားရန် အသင့်ဖြစ်နေခဲ့ပြီ။ သူက လီရှန်းကိုပင် စိတ်ချစေရန် အာမခံချက် ပေးသွားခဲ့သေး၏။
“စိတ်မပူပါနဲ့၊ မင်း ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာကို ငါ ဘယ်သူ့ကိုမှ မပြောပါဘူး”
*