အခန်း (၁၆၈)
Vol. 17 Ch. 168
အခန်း(168)
ပိုင်မားခရိုင်မှာ အလွန်အမင်း မကျယ်ဝန်းသလို အလွန်အမင်းလည်း မသေးငယ်ပါချေ။
အကယ်၍ လီရှန်းသာ စက်ရုံအပြင်သို့ မကြာခဏ မထွက်ပါက သူမ ဆေးဝါးစက်ရုံတွင် အလုပ်လုပ်နေသည်ကို နှစ်အနည်းငယ်ကြာသည့်တိုင် မည်သူမျှ သိရှိနိုင်လိမ့်မည် မဟုတ်ပေ။
လီရှန်းသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လေးနက်စွာပြုံးလိုက်လေ၏။
“ကျေးဇူးတင်ပါတယ် ဦးလေးကျန်း”
“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ တကယ်တော့ ငါကသာ တောင်းပန်သင့်တဲ့သူပါ ..မင်းအမေက စက်ပစ္စည်းတွေကိုရော ငါ့အလုပ်ကိုပါ ကယ်တင်ပေးခဲ့တဲ့အပြင် အဖွဲ့အစည်းရဲ့ အပြစ်ပေးတာကို မခံရအောင် နောက်ဆုံးအချိန်အထိ ငါ့ဘက်ကနေ ကာကွယ်ပြောပေးခဲ့တာ
ဒါပေမဲ့ ငါကတော့ မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘဲ လီမိသားစုထဲမှာ မင်းကို မတရားတာတွေ ခံခဲ့ရစေတယ် ၊ နောက်ဆုံးတော့ ငါကပဲ မင်းအပေါ် အားနာသင့်တဲ့သူပဲ”
ကျန်းချင်းတုန်မှာ ယခင်နှစ်များစွာကတည်းက နှုတ်ဆိတ်နေခဲ့သူ ဖြစ်၏။
စက်ရုံမှ အရာရှိများမှာ တစ်ဦးနှင့်တစ်ဦး သီးခြားစီ လုပ်ဆောင်နေကြပြီး စက်ရုံမှူးနှင့် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌတို့မှာလည်း အမြဲတစေ သဘောထား ကွဲလွဲနေခဲ့ကြသည်။
ဒုတိယစက်ရုံမှူးအနေဖြင့် သူသည်က ကိစ္စရပ်များကို အမှန်တကယ် စီမံခန့်ခွဲခြင်း မပြုနိုင်ခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးနိုင်ရန်အတွက်သာ နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ နေထိုင်ခဲ့ရပေသည်။
“အားနာစရာ မရှိပါဘူး၊ အဲဒီတုန်းက ကျွန်မအမေ ဦးလေးဘက်ကနေ ပြောပေးခဲ့တာက သူမရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ
ဦးလေးကလည်း စေတနာနဲ့ ကူညီပေးခဲ့တာပဲလေ၊ တကယ်လို့ မကူညီပေးခဲ့ဘူးဆိုရင်လည်း ဒါက ဦးလေးရဲ့ အခွင့်အရေးပဲ၊
ဒါကြောင့် ဒါကို စိတ်ထဲမှာ ထားမနေပါနဲ့တော့၊ ဘာပဲဖြစ်ဖြစ် အခု ကျွန်မ အဆင်ပြေနေတာပဲ၊ ရှေ့လျှောက်လည်း အခြေအနေတွေက ကောင်းလာမှာပါ”
ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းချင်းတုန်မှာ ပို၍ပင် ရှက်မိသွားရတော့သည်။
သို့သော်လည်း လီရှန်းမှာ အထည်အလိပ်စက်ရုံမှ လူများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိလိုတော့ပါချေ။ သူမက သက်ပြင်းချလိုက်ပြီး သူတို့ကို လိုက်ပို့ရန် ပြင်လိုက်ချိန်မှာပင် ဝူလီက အလောတကြီး လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
သူမ၏နောက်တွင်တော့ ငိုကြွေးနေသော ကောချွေ့ဟွားက လိုက်လာခဲ့လေသည်။
လီရှန်း : “...”
ရှင်တို့တွေ ပြီးခဲ့တဲ့တစ်ခေါက်က ဘာသင်ခန်းစာမှ မရကြသေးဘူးလား။
ဝူလီက လီရှန်းကို မြင်လိုက်ရလျှင်ပင် ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ချက်ချင်း တောက်ပသွားရသည်။
သူမက လှည့်ကြည့်လိုက်ပြီး လီရှန်းထံသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။
“လီရှန်း”
ဝူလီက ဦးစွာ နှုတ်ဆက်လိုက်သည်။
“ယောက်မ”
လီရှန်းက ပြန်နှုတ်ဆက်လိုက်ပြီး ကောချွေ့ဟွားကို အသာစောင်းငဲ့ကြည့်လိုက်ကာ ဝူလီဘက်သို့ ပြန်လှည့်၍ မျက်ခုံးပင့်လိုက်လေ၏။
“ဘာတွေဖြစ်နေတာလဲ”
“မပြောနဲ့တော့၊ ဒီတစ်ခါမှာတော့ ငါက ငွေချေးရုံတင်မကဘူး အကြွေးစာချုပ်တောင် ရေးခိုင်းဦးမှာ
ဒါပေမဲ့ သူမက အရမ်းကို ပွင့်လင်းလွန်းနေလို့ ငါ ငွေမချေးရဲဘူး ဖြစ်နေတာ”
လီက နှုတ်ခမ်းမဲ့လိုက်လေ၏။
“လူလိမ်ဟောင်းကြီးတွေပဲ၊ သူတို့က အကြွေးစာချုပ်ရှိလည်း ငွေပြန်ဆပ်မယ့်သူတွေ မဟုတ်ဘူး”
သူမအနေဖြင့် ငွေတစ်ပြားတစ်ချပ်မှ အကုန်အကျ မခံလိုပါချေ။
“ဘာလို့လဲ ၊ ရှင့်မောင်ရဲ့ကိစ္စပဲလား”
လီရှန်းက ကောချွေ့ဟွား ဤမျှအထိ ဇွဲကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“မပြောနဲ့တော့၊ အဲဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီတဲ့.. တကယ်လို့ ငါ့မောင်က ခန်းဝင်ပစ္စည်းအတွက် ငွေငါးရာ မပေးနိုင်ဘူးဆိုရင် ဝူပေါင်ရှန်းကို ကာမဂုဏ်စော်ကားမှုနဲ့ တရားစွဲမယ်လို့ သူမရဲ့ မိသားစုက ပြောနေကြတယ်”
ပြီးခဲ့သည့်တစ်ခေါက်က ငွေနှစ်ရာသာ ရှိသော်လည်း ယခုအချိန်တွင်တော့ သုံးရာအထိ တက်သွားခဲ့ချေပြီ။
ကောချွေ့ဟွား နီးကပ်လာသည်နှင့်အမျှ ဝူလီ၏ မျက်လုံးများက အကူအညီတောင်းမှုများပြည့်နေခဲ့၏။
“ငါ့အတွက် သူမကို တားပေးပါဦး၊ ငါ တကယ်ပဲ ငွေမချေးချင်လို့ပါ”
အကယ်၍ ထိုမိန်းကလေးက ခြိမ်းခြောက်နေလျှင်ပင်၊ သို့မဟုတ် ဝူပေါင်ရှန်းက အမှန်တကယ်ပင် မဖွယ်မရာ လုပ်ဆောင်ခဲ့လျှင်ပင် သူမသည်က ရဲများကိုသာ ဖမ်းခိုင်းမည်ဖြစ်ကာ ဤကဲ့သို့သော အမှုတွင် ကူညီပေးမည် မဟုတ်ပေ။
လီရှန်းက ဤကိစ္စမှာ အနည်းငယ် ခက်ခဲလိမ့်မည်ဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ အခြေအနေက အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ကောချွေ့ဟွားကလည်း အစွမ်းကုန် လုပ်ဆောင်ရန် ပြင်ဆင်ထားပုံရသည်။
အကယ်၍ ဝူလီသာ ငွေမချေးပေးပါက ကောချွေ့ဟွားက တစ်စုံတစ်ခုကို အဆိုးဆုံးလုပ်ဆောင်သွားနိုင်ပေသည်။
ဤအခြေအနေတွင် လီရှန်း၏ ဖြေရှင်းနည်းမှာ :
“ယောက်မက တကယ်ပဲ သူမကို မကယ်တော့ဘူးလား”
“ မကယ်တော့ဘူး.. အဲဒီလို လူယုတ်မာမျိုးက သေသွားတာပဲ ပိုကောင်းတယ်”
ဝူလီက အံကြိတ်ကာ ပြောလိုက်သည်။
“ဒါဆိုရင် ကောချွေ့ဟွားကို ပြောလိုက်လေ၊ ယောက်မအနေနဲ့ ငွေတစ်ပြားမှ မချေးနိုင်ဘူးလို့၊ တကယ်လို့ သူမက အတင်းအကျပ် လုပ်နေဦးမယ်ဆိုရင်တော့ ရဲစခန်းကိုသွားပြီး ဝူပေါင်ရှန်းက လူယုတ်မာတစ်ယောက် ဖြစ်တဲ့အပြင် မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်ခဲ့တယ်လို့ သွားတိုင်လိုက်တော့”
ဝူလီ : “...”
သူမ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။
“ငါ အဲဒါကို ရဲသွားတိုင်ရမှာလား”
“ဟုတ်တယ်၊ အဲဒီမိန်းကလေးက အနိုင်ကျင့်ခံရတယ်လို့ ပြောနေမှတော့ ယောက်မလည်း ဒီအတိုင်း ကြည့်မနေသင့်ဘူးလေ၊
ယောက်မအနေနဲ့ သူမကို ကူညီပေးပြီး ဒီဒုက္ခကနေ ကယ်တင်ပေးသင့်တာပေါ့”
လီရှန်းအနေဖြင့် ကူညီပေးရန်မှာ မဖြစ်နိုင်ပါချေ။
ဝူလီက အနည်းငယ်လောက် တစ်ကိုယ်တည်းနေတတ်သော လူစားမျိုး ဖြစ်၏။
လီရှန်းအနေဖြင့် သူမကို သဘောကျသောသူများမှာ အလွန်ကောင်းမွန်သော်လည်း သူမကို သဘောမကျသောသူများက သူမအပေါ် ကြံစည်ခြင်းကိုတော့ ခွင့်ပြုမည်မဟုတ်ပေ။
ဝူလီသည်က မကြာခဏဆိုသလို သူမကို အကြောင်းပြချက်မရှိချောက်တွန်းနေတတ်သည့်အတွက် သူမအနေဖြင့် ကူညီပေးရန် မလိုအပ်ပါချေ။ သို့သော်လည်း မိသားစုဝင်များ ဖြစ်နေကြသည့်အတွက် အကြံဉာဏ်ကတော့ ပေးနိုင်ပေသည်။
ဝူလီသည် ကြောင်အသွားရသည်။
လီရှန်းက ဤကဲ့သို့သော အကြံမျိုး ပေးလိမ့်မည်ဟု မမျှော်လင့်ထားပုံရ၏။
သို့သော် သူမကိုယ်တိုင် ရွေးချယ်မှု လုပ်ခဲ့ခြင်းဖြစ်သောကြောင့် အံကိုကြိတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ကောချွေ့ဟွားထံသို့ သွားလိုက်တော့သည်။
လီရှန်း နှုတ်ခမ်းကိုအသာစေ့ထားလိုက်လေ၏။ ဝူလီက ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သည်ကို မြင်လိုက်ရပြီးနောက် သူမ လှည့်ကြည့်လိုက်လျှင် ကျန်းချင်းတုန်က သူမကို ထူးဆန်းစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ပင်။
လီရှန်းက သူ့ကို ပြုံးပြလိုက်လေ၏။ ဤအပြုံးမှာ ယခင် အထည်အလိပ်စက်ရုံတွင် ရှိစဉ်ကကဲ့သို့ပင် နူးညံ့သိမ်မွေ့ကာ တည်ငြိမ်နေခဲ့ပေသည်။
ကျန်းချင်းတုန်တစ်ယောက် ကျောရိုးထဲမှနေ၍ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။
ထိုခဏတွင် လီဟုန်ကျွင့်က ပြန်ထလာနိုင်ခြင်းရှိတော့မည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။
“ဦးလေးကျန်း၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ ညစာစားသွားပါဦးလား”
“မစားတော့ပါဘူး၊ မစားတော့ပါဘူး”
ကျန်းချင်းတုန်းက လက်ကို အမြန်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်တော့သည်။
“မင်းအဒေါ်က ထမင်းဟင်းတွေ ပြင်ထားပြီးပြီလေ၊ ငါက ငွေလာပေးတာဆိုတော့ အခု ငါ့တာဝန် ပြီးသွားပြီ၊ မင်းလည်း အဆင်ပြေအောင် နေထိုင်ဦးနော်.. ငါ ပြန်လိုက်ဦးမယ်”
ထိုသို့ ပြောပြီးနောက်တွင် သူက လီရှန်းဘက်မှ တားလာမည်ကိုပင် မစောင့်တော့ဘဲ ထွက်ပြေးသွားတော့သည်။
သူတို့ စကားပြောနေကြချိန်တွင် ကောချွေ့ဟွားက ပြဿနာရှာနေခဲ့လေ၏။
“ဝူလီ၊ နင်က အတော်လေး ဆိုးရွားတဲ့လူပဲ၊ အဲ့ဒါ နင့်ရဲ့ မောင်အရင်းလေ!”
“ကျွန်မ ပြောပြီးပြီ၊ ကျွန်မမှာ ငွေမရှိဘူး၊ တကယ်လို့ ရှင်က ကျွန်မကို အတင်းအကျပ် လုပ်နေဦးမယ်ဆိုရင်တော့ အားလုံးအတူတူ ပျက်စီးကြတာပေါ့
ကြိုက်သလိုသာ ပြဿနာရှာစမ်းပါ၊ အခြေအနေတွေ လွန်သွားရင် ကျွန်မတို့အားလုံး ပြီးသွားကြမှာပဲ”
ဝူလီက ယခုအချိန်တွင် အလွန်ရက်စက်နေခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည်က မတိုင်မီအချိန်က ဝေခွဲမရဖြစ်နေခဲ့သော်လည်း ယခုတွင်မူ အလွန်ပင် စိတ်လှုပ်ရှားကျေနပ်မှုကို ခံစားနေရ၏။
ခက်ခဲသော ပြဿနာကို ကိုယ့်ဘာသာ စဉ်းစားနေမည့်အစား အခြားတစ်ဖက်ကို ရွေးချယ်ခိုင်းလိုက်ခြင်းက အမှန်တကယ်ပင် ပို၍ ကောင်းမွန်ပေသည်။
ကောချွေ့ဟွားကတော့ ကျိန်ဆဲချင်နေခဲ့ပြီ။ ဝူလီမှာ မတိုင်ခင်က ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း တစ်စုံတစ်ယောက်က သူမကို အကြံဆိုးပေးလိုက်သဖြင့် အခြေအနေက ပြောင်းလဲသွားခဲ့ချေပြီ။
သူမက နှစ်သစ်မကူးခင်က တွေ့ခဲ့ရသည့် တတိယမြောက်ချွေးမကို အလိုအလျောက် သတိရသွား၏။
မှန်ပေသည်။ ထိုအမျိုးသမီးက ထိုအခိုက်တွင် ထွက်ပေါ်လာခဲ့ချေပြီ။
သူမက ချက်ချင်းပင် ဒေါသထွက်သွားရတော့သည်။ လီရှန်းကို မြင်လိုက်ရသည်နှင့် သူမသည် လက်ကိုမြှောက်ကာ လီရှန်း၏ မျက်နှာကို ဖမ်းဆွဲရန် ကြိုးစားရင်း ဆဲဆိုလိုက်လေသည်။
“နင့်ကို ငါ ရိုက်သတ်ပစ်မယ်၊ နင်လို လူယုတ်မာမ! ငါ့သမီးကို ဒီလို အကြံဆိုးတွေ ပေးတာ.. အားလုံး နင့်ကြောင့်ပဲ...”
သူမက နောက်ထပ်လည်း ဆဲရေးတိုင်းထွာနေခဲ့လေ၏။
လီရှန်းက ခဏမျှသာ မှင်သက်သွားခဲ့ပြီးနောက် ခြေထောက်ကို မြှောက်ကာ ကန်ထုတ်လိုက်တော့သည်။
ကောချွေ့ဟွားမှာ အရပ်ပုသူဖြစ်ရာ ထိုသို့ အကန်ခံလိုက်ရလျှင်ပင် ချက်ချင်း လဲကျသွားတော့သည်။
လီရှန်း : “...ကျွန်မက ခြေထောက်ကို မြှောက်လိုက်ရုံပဲရှိသေးတယ်၊ အားတောင် မပါသေးဘူးလေ!”
ဝူလီလည်း လန့်သွားပြီး လီရှန်း၏ လက်မောင်းကို အမြန်တွဲပေးလိုက်၏။
“လီရှန်း နင် ဘာဖြစ်သွားသေးလဲ”
“ကျွန်မ ဘာမှမဖြစ်ပါဘူး”
လီရှန်းက ခေါင်းခါပြလိုက်သည်။
ကောချွေ့ဟွား၏ မျက်လုံးများက ဘေးဘက်များကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အားကုန်သုံးကာ အော်ဟစ်ငိုယိုတော့သည်။
“ကယ်ကြပါဦး! လူသတ်နေကြပါတယ်! ဒုတိယစက်ရုံမှူးရဲ့ ချွေးမက ဒီအဘွားကြီးကို ရိုက်သတ်တော့မယ်...”
ဝူလီက ကောချွေ့ဟွားအကြောင်းကို ကောင်းကောင်းသိသည်။ ကောချွေ့ဟွား ပါးစပ်ဟလိုက်သည်နှင့် တစ်စုံတစ်ယောက်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားနေခြင်းသာ ဖြစ်ပေ၏။
ထို့ကြောင့် သူမသည်လည်း ငိုယိုသံထဲတွင် ချက်ချင်း ပါဝင်လိုက်ပြီး သူမ၏ ထမင်းချိုင့်ကို ထုတ်ကာ သံဇွန်းဖြင့် တဒုန်းဒုန်းခေါက်လိုက်လေသည်။
“အားလုံးပဲ လာကြည့်ကြပါဦး! တစ်ယောက်ယောက်က လိမ်လည်ဖို့ ကြိုးစားနေပါတယ်! သူမရဲ့သားက လူယုတ်မာလုပ်ပြီး မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်ခဲ့တာ
ခန်းဝင်ပစ္စည်းပေးဖို့ ငွေမရှိတော့လို့ ဆေးဝါးစက်ရုံရှေ့မှာ ငွေလာတောင်းနေတာပါ! အားလုံးပဲ လာပြီး မှတ်ထားကြပါဦး
ဒီနေ့ သူမက ကျွန်မရဲ့ယောက်မကို လိမ်ဖို့ ကြိုးစားနေတယ်၊ မနက်ဖြန်ကျရင်တော့ အားလုံးကို လိမ်တော့မှာ...”
*