အခန်း (၁၆၉)
Vol. 17 Ch. 169
အခန်း(169)
ဝူလီက ဤမျှအထိ ပြဿနာရှာရဲလိမ့်မည်ဟု ကောချွေ့ဟွား မထင်ထားခဲ့သည့်အတွက် အလွန်ပင် ထိတ်လန့်သွားရလေ၏။
သူမက အော်ဟစ်နေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး အမြန်ပင် ထရပ်လိုက်တော့သည်။
သို့သော်လည်း ဝူလီကတော့ သူမကို လွှတ်ပေးရန် ဆန္ဒမရှိဘဲ ဆက်လက် အော်ဟစ်နေခဲ့၏။
“တစ်ယောက်ယောက်လောက် ပြည်သူ့လုံခြုံရေးဗျူရိုကို သွားပေးကြပါဦး.. လူမှုပတ်ဝန်းကျင် သန့်ရှင်းအောင်လို့ ဒီလို လူဆိုးတွေကို တရားစီရင်ဖို့ လိုအပ်နေပါတယ်...”
“ရဲဘော်၊ ကျွန်တော် သွားလိုက်မယ်”
လူအုပ်ထဲမှ စိတ်အားထက်သန်နေသော လူငယ်တစ်ဦး ထွက်လာခဲ့သည်။
လီရှန်းက သူ့ကိုကြည့်လိုက်ပြီး ရေရွတ်လိုက်၏။
“ ဒါ လုချင်းလန်ရဲ့ သားကြီး မဟုတ်ဘူးလား”
သူက စစ်တပ်ထဲကို ဝင်တော့မယ်လို့ ပြောထားတာမလား။
“မသွားပါနဲ့..”
ကောချွေ့ဟွား၏ အသံမှာ တုန်ယင်နေခဲ့ပြီ။
“ငါက သူမရဲ့ အမေအရင်းပါ!”
သူမက ထိုလူငယ်ကို အမြန်တားလိုက်ပြီး ပြောခဲ့သည်။
“ဘယ်သူကမှ မဖွယ်မရာ မလုပ်ပါဘူး၊ ငါ စိတ်ရှုပ်သွားလို့ပြောမိတာပါ၊
ဝူလီ့ဆီကနေ ငါ့သားအတွက် ခန်းဝင်ပစ္စည်းအဖြစ် ယူသွားဖို့ ငွေလာတောင်းရင်းနဲ့ လျှောက်ပြောမိတာပါ၊ ကျေးဇူးပြုပြီး ရဲစခန်းကိုတော့ မသွားပါနဲ့”
ထိုစကားကို ကြားလိုက်ရလျှင် ဝူလီက သူမ၏ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
သူမက နှာခေါင်းရှုံ့လိုက်လေ၏။
“ဒါဆိုရင် ရှင်က ငွေလာလိမ်တာပေါ့”
ကောချွေ့ဟွားသည်ကား အမှန်တကယ်ပင် ကြောက်လန့်သွားခဲ့ရသည်။
ဒီမိန်းကလေးက ဘာမဆိုလုပ်နိုင်တဲ့အပြင် ဘာကိုမှလည်း ဂရုစိုက်တဲ့သူ မဟုတ်ဘူး။
“ဝူလီ.. အမေ နင့်အပေါ်မှာ နှစ်ပေါင်းများစွာ မှားခဲ့တယ်ဆိုတာ သိပါတယ်.. ဒါပေမဲ့ ငါက နင့်ကို မွေးထားတာလေ၊ နင့်မောင် ဒီလိုမျိုး ပျက်စီးသွားတာကို နင် တကယ်ပဲ ကြည့်နေရက်တာလား”
ကောချွေ့ဟွား၏ စကားများမှာ အမှန်တကယ်ပင် စိတ်မကောင်းဖြစ်စရာ ကောင်းလွန်းပေသည်။
ဝူလီသည်လည်း စိတ်မကောင်းဖြစ်သွားကာ မျက်ရည်များ ဝဲလာခဲ့ရ၏။
သို့သော်လည်း သူမအနေဖြင့် စိတ်မပျော့သင့်ကြောင်းကို သိထားသည်။ ဤတစ်ကြိမ်သာ ဖြစ်သွားပါက နောက်ထပ်လည်း ထပ်ဖြစ်လာဦးမည်ပင်။
အကယ်၍ သူမ ယနေ့ အရှုံးပေးလိုက်ပါက အနာဂတ်တွင် အဆုံးမရှိသော ဒုက္ခများသာ ရှိလာလိမ့်မည်။
ထို့ကြောင့် သူမက အံကြိတ်ကာ ပြောလိုက်၏။
“ကျွန်မ ကြည့်နေနိုင်တယ်၊ သူက ဒီလို တိရစ္ဆာန်ဆန်တဲ့အလုပ်မျိုး လုပ်နိုင်တယ်ဆိုမှတော့ ခံရတာ ထိုက်တန်ပါတယ်”
ကောချွေ့ဟွား၏ မျက်နှာမှာ ပြာနှမ်းသွားရပြီး မထိန်းနိုင်ဘဲကျိန်ဆဲပြန်၏။
“ဝူလီ၊ နင်က နှလုံးသားမရှိတဲ့ ကောင်မပဲ! ငါ အဲဒီတုန်းက နင့်ကို အိမ်သာထဲမှာပဲ နှစ်သတ်လိုက်သင့်တာ၊ နင်လို အေးစက်တဲ့သူမျိုးက သူများကလေးကို ထိန်းရတဲ့ မိထွေးပဲ ဖြစ်ထိုက်တယ်၊
ကိုယ်ပိုင်ကလေး မရှိတာလည်း ထိုက်တန်ယ်၊ နင့်မှာ ကလေးရှိလာရင်တောင် သားယောက်ျားလေး ရမှာမဟုတ်ဘူး၊ တကယ်လို့ ရလာခဲ့ရင်တောင် သူတို့က... နင်က မိန်းမလျာတွေ အခြောက်တွေကိုပဲ မွေးမှာ... နင်...”
“ဖြန်း...ဖြန်း...”
ဝူလီက ဆက်၍ မထိန်းနိုင်တော့ပါချေ။ သူမက ကောချွေ့ဟွား၏ ကော်လာကို ဆွဲကိုင်ကာ ပါးကို နှစ်ချက် ရိုက်လိုက်တော့သည်။
“ရှင့်ပါးစပ်က ကောင်းတဲ့စကား တစ်လုံးမှ မထွက်နိုင်ဘူးလား၊ ရှင့်မှာ သားရှိရင်တောင် သူက ဘာမှအသုံးမကျတဲ့ကောင်ပဲမဟုတ်ဘူးလား၊
သူက လူယုတ်မာပဲ.. တကယ်လို့ ရှင်သာ နောက်တစ်ခါ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောဦးမယ်ဆိုရင် ရှင့်ကို ဖောက်ပြန်တဲ့ အယူသီးမှုတွေ ပြန့်ပွားအောင် လုပ်တယ်ဆိုပြီး တော်လှန်ရေးကော်မတီကို တိုင်မယ်
ရှင့်မိသားစုတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရေး စေလွှတ်ပြီး ရှင့်ရဲ့ နံစော်နေတဲ့ ပါးစပ်ကိုလည်း မိလ္လာရည်တွေနဲ့ ဆေးပစ်ခိုင်းမယ်”
သူမက ဆက်လက် ရိုက်နှက်ချင်နေသေးသော်လည်း သူမ၏ လက်ကောက်ဝတ်က အဖမ်းခံလိုက်ရလေသည်။
သူမက မျက်လုံးများ နီမြန်းလျက် လှည့်ကြည့်လိုက်လေ၏။
လီရှန်းက သူမကို တားနေသည်ဟု ထင်ခဲ့သော်လည်း ပြန်လှည့်ကြည့်လိုက်ချိန်တွင် စုဝေ့ဟိုင်က သူမကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရလေ၏။
ဝူလီ၏ နာကျည်းချက်များက တစ်ပြိုင်နက်တည်း ပေါက်ထွက်လာပြီး သူမက ဆက်၍ မထိန်းနိုင်တော့ဘဲ မျက်နှာကို လက်နှင့်အုပ်ကာ အော်ဟစ်ငိုကြွေးတော့သည်။
“သူမက ကျွန်မရဲ့သားကို ကျိန်ဆဲနေတာ! ဒီအဘွားကြီးက ကျွန်မရဲ့သားကို ကျိန်ဆဲနေတာ...”
စုဝေ့ဟိုင်က ကောချွေ့ဟွားကို လှမ်းကြည့်လိုက်၏။
ကောချွေ့ဟွားအနေဖြင့် သူမ၏ သားမက်ဖြစ်သူကို တိုင်တောချင်နေသော်လည်း ပါးစပ်ဟလိုက်သည်နှင့် သမီးဖြစ်သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများကို မြင်လိုက်ရသည်။
သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားရကာ အလွန်ပင် စိတ်မအေးဖြစ်သွားရလေ၏။ အကယ်၍ သူမသာ စကားပြောရဲလျှင် ဝူလီက အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ်အရှုံးပေးကာ တစ်မိသားစုလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူမ တွေးမိသွားရသည်။
သူမက ချက်ချင်းပင် တိတ်ဆိတ်သွားကာ လျှင်မြန်စွာ ထရပ်ပြီး လှည့်၍ ထွက်ပြေးသွားတော့သည်။
စုဝေ့ဟိုင်ကတော့ အနောက်မှ လိုက်မသွားခဲ့ပါချေ။ ထိုအစား သူသည်က အဆက်မပြတ် ငိုနေသော ဝူလီကို ဖက်ထားလိုက်ပြီး စုဝေ့ချင်းဘက်သို့ လှည့်ကာ ပစ္စည်းများကို ကူသယ်ပေးရန် ခိုင်းဖို့လုပ်ခဲ့သည်။
သို့သော်လည်း သူ လှည့်ကြည့်လိုက်ချိန်တွင် စုဝေ့ချင်းက မျက်နှာတစ်ခုလုံးဖြူလျော့နေသော လီရှန်းကို ပွေ့ဖက်ထားကြောင်း မြင်လိုက်ရဘေ၏။
လီရှန်းက ချွဲနွဲ့သောလေသံဖြင့် တိုင်တောနေသည်။
“ကျွန်မ တကယ်ပဲ ကြောက်သွားတာပဲ၊ သူမက ရုတ်တရက်ကြီး ရောက်လာပြီး ကျွန်မမျက်နှာကို ရိုက်ဖို့ ကြိုးစားတယ်လေ၊ ယောက်မကိုတော့ ကျေးဇူးတင်ပါတယ်
တကယ်လို့ သူမသာ မရှိဘူးဆိုရင် ကျွန်မမျက်နှာတော့ ပျက်စီးသွားမှာ သေချာတယ်”
ဤအကြောင်းကို ကြားလျှင် ဝူလီသည် ချက်ချင်းပင် တုံ့ပြန်ပြောဆိုခဲ့၏။
“သူမက အရမ်း လွန်လွန်းတာပဲ ၊ လောဘကို အတောမသတ်နိုင်အောင် ဖြစ်နေပြီ. ကျွန်မရဲ့ အသက်ကရော အရေးမပါဘူးလို့ ထင်နေတာလား”
လူစုလူဝေး ပိုမိုများပြားလာသည်နှင့်အမျှ စုဝေ့ဟိုင်လည်း အနည်းငယ် ခေါင်းကိုက်လာခဲ့ရသည်။
သူသည် ဝူလီ၏ပုခုံးကို ချက်ချင်းဖက်ကာ အိမ်သို့ ခေါ်ဆောင်သွားခဲ့လေသည်။ စုဝေ့ချင်းသည်လည်း လီရှန်းကို ညင်သာစွာ နှစ်သိမ့်ပေးပြီးနောက် မြေပြင်တွင် ပြန့်ကျဲနေသော ထမင်းချိုင့်များကို ကောက်ယူကာ အိမ်သို့ ပြန်လာခဲ့ကြလေ၏။
အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် ဝူလီက ကောချွေ့ဟွား၏ ဘက်လိုက်မှုများနှင့် သူမ၏ မိသားစုဝင်များ မည်မျှပင် ရက်စက်ကြောင်းကို မကျေမချမ်း ရေရွတ်နေခဲ့သည်။
သို့သော်လည်း လီရှန်း၏ အမြင်တွင်တော့ ဝူလီ၏ လုပ်ရပ်မှာလည်း ကောင်းမွန်လွန်းသည်တော့ မဟုတ်ပေ။
စုဝေ့ဟိုင်သည်က တရားသူကြီး မဟုတ်သကဲ့သို့ အမှားအမှန်ကို ဆုံးဖြတ်ပေးရန်အတွက် ထိုနေရာ၌လည်း ရှိမနေခဲ့ပါချေ။
သူသည်က ခင်ပွန်းသည်တစ်ဦးသာ ဖြစ်၍ ဤသို့သော အခြေအနေမျိုးတွင် ဇနီးဖြစ်သူ၏ မိသားစုရေးကိစ္စဖြစ်သောကြောင့် သူမ၏ဘက်မှသာ ခြွင်းချက်မရှိ ရပ်တည်ပေးသင့်သည် မဟုတ်ပါလား။
စုဝေ့ဟိုင်က အိမ်သို့ရောက်ရှိချိန်တွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် သိရှိသွားလေတော့၏။
ရဲစခန်းသို့ တိုင်ကြားရန် အကြံပြုခဲ့သူမှာ လီရှန်းဖြစ်ကြောင်းကိုလည်း သူက သဘာဝကျစွာဖြင့် သိရှိသွားခဲ့သည်။
ထိုနေ့ညနေ၌ စုဝေ့ဟိုင်က စုဝေ့ချင်းကို လမ်းလျှောက်ထွက်ရန် ခေါ်ဆောင်သွားပြီး ထိုအဖြစ်အပျက်ကို ပြောပြလေသည်။
သူက အနည်းငယ်ရှုပာထွေးလျက်မေးလာသည်။
“ငါ့ရဲ့ခယ်မက ဘာလို့ ဒီကိစ္စကို ရဲတိုင်ဖို့ စဉ်းစားခဲ့ရတာလဲ”
“ဒါက ဘာများ ထူးဆန်းလို့လဲ”
စုဝေ့ချင်းက အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်ကာ ပြန်ပြောလေသည်။
“အမှားလုပ်တဲ့သူက အပြစ်ပေးခံရမှာပဲလေ”
“ကျွန်တော့်ရဲ့ ယောက္ခမဆိုရင် အာဇာနည်မိသားစုဝင်တွေကို နှိပ်စက်ပြီး သူတို့ရဲ့ အမွေပစ္စည်းတွေကို အလွဲသုံးစားလုပ်လို့ ရဲတွေ ဖမ်းသွားတာ၊ သူက ရက်တွေအများကြီးတောင် ချုပ်နှောင်ခံထားရသေးတယ်”
အာဇာနည်မိသားစုဝင်တွေကို နှိပ်စက်တာ?
အမွေတွေကို အလွဲသုံးစားလုပ်တာ?
သူ့ခယ်မရဲ့ အဖေကအဲဒီလောက်တောင် ဗိုလ်ကျဆိုးရွားတတ်တာလား?
စုဝေ့ဟိုင်၏ တုန်လှုပ်ချောက်ချားသွားသော မျက်နှာအမူအရာကို မြင်လျှင် စုဝေ့ချင်းက အလျှင်အမြန်ပင် ရှင်းပြလိုက်၏။
“အာ... ကျွန်တော် ပြောဖို့မေ့သွားတယ်၊ အဲဒီနှိပ်စက်ခံရတဲ့ အာဇာနည်ရဲ့ သားသမီးဆိုတာ လီရှန်းပဲ”
ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်သည်နှင့် ရဲတိုင်သည်ဆိုပါက တိုင်တမ်းသူကို အပြစ်မတင်သင့်ပေ။
သူတို့သည်က လွန်ခဲ့သော အတိတ်ကာလများတွင် အမှန်တကယ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသောကြောင့် ဖြစ်ချေသည်။
သူမ၏ ဖခင်အရင်းကိုပင် တရားစွဲဆိုရန် ဝန်မလေးခြင်းမှာ သူမသည်က ဖခင်ဖြစ်သူကို အရိုးထဲအထိ နာကျည်းနေသောကြောင့်သာ ဖြစ်ကြောင်း ထင်ရှားလွန်းပေ၏။
“လီရှန်းရဲ့ မိသားစုအကြောင်းကို အစ်ကို သိတယ်မလား”
စုဝေ့ချင်းက စုဝေ့ဟိုင်၏ ပုခုံးကို ပုတ်လျက် ပြောခဲ့သည်။
“ဒါကြောင့် အဖေဖြစ်သူက မိထွေးနဲ့ သားသမီးတွေရဲ့ကြားက ဆက်ဆံရေးကို သေသေချာချာမကိုင်တွယ်နိုင်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်လဲဆိုတာကို အစ်ကို သတိပြုသင့်တယ်”
အကယ်၍ ထုန်လင်းကသာ ထိုအချိန်က လီရှန်းအပေါ် အနည်းငယ်မျှလောက် ကြင်နာမှုကိုပြသခဲ့ပါက လီရှန်းသည်လည်း ဤမျှလောက် ရက်စက်သည့် လုပ်ရပ်မျိုး လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
“အကြောင်းရှိမှ အကျိုးဖြစ်တတ််တာမျိုးပဲ၊ အစ်ကိုလည်း ဒါကို ဂရုတစိုက်နဲ့ ပြန်ပြီး စဉ်းစားကြည့်လိုက်ဦး”
စုဝေ့ချင်းက စုဝေ့ဟိုင်ကို အပြင်ဘက်တွင် တစ်ဦးတည်း ထားရစ်ခဲ့ကာ အိမ်ထဲသို့ အရင်ဝင်သွားလေသည်။
သူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် စာအုပ်တစ်အုပ်ကို အာရုံစိုက်၍ ဖတ်ရှုနေသော လီရှန်းကို တွေ့လိုက်ရလေ၏။ ထိုစာအုပ်မှာ လီရှန်းက စနစ် ထဲမှ ထုတ်ယူထားသော ဆေးပညာစာအုပ် ဖြစ်ပြီး မှတ်စုစာအုပ်တစ်အုပ်နှင့် ဆင်တူပေသည်။
စုဝေ့ချင်းအနေဖြင့် ထိုစာအုပ်ကို စုဝေ့ဟိုင်အား ပြသရန် ကြိုးစားခဲ့ဖူးသော်လည်း စာအုပ်က သာမန်မှတ်စုစာအုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထို့ကြောင့် စုဝေ့ဟိုင်အနေဖြင့် စုဝေ့ချင်းက သူ့ကို မှတ်စုစာအုပ်အသစ်တစ်အုပ် ပေးတော့မည်ဟုပင် ထင်မှတ်ခဲ့ဖူးသည်။
ဤမှတ်စုစာအုပ်က လီရှန်း ကြည့်ရှုသော အချိန်တွင်သာ ဆေးပညာစာအုပ်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
သူ ကိုယ်တိုင် ကူးယူရန် ကြိုးစားခဲ့ဖူးသော်လည်း ကူးယူရန် ကြိုးပမ်းသည့် အကြိမ်တိုင်းတွင် စာအုပ်မှာ သာမန်မှတ်စုစာအုပ်အဖြစ် ပြောင်းလဲသွားတတ်၏။
အကြောင်းအရာအားလုံးကို အလွတ်မှတ်မိပြီးမှသာ မှတ်ဉာဏ်ဖြင့် ပြန်လည် ရေးသားနိုင်မည် ဖြစ်ပေသည်။
စုဝေ့ချင်း: “...”
ဤအခြေအနေမှာ သူ့အတွက် အမှမ်တကယ်ပင် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်နေလေ၏။
ထို့ကြောင့် စုဝေ့ချင်းက ဤပင်ပန်းခက်ခဲလှသော အလုပ်ကို လီရှန်းထံသို့သာ ပြတ်ပြတ်သားသား လွှဲအပ်လိုက်တော့သည်။
*