← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း(170)

လီရှန်းမှာ စုဝေ့ချင်းပးလာသော စာအုပ်ပါ အကြောင်းအရာများကို မြင်တွေ့ရချိန်တွင် အလွန်အမင်း ဝမ်းသာသွားပြီး စုဝေ့ချင်းပေးလာသောတာဝန်ကို လက်ခံဆောင်ရွက်ခဲ့လေသည်။

စာအုပ်၏ အရင်းအမြစ်နှင့် ပတ်သက်လျှင် စုဝေ့ချင်းက လူကြီးတစ်ဦးထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း လုပ်ကြံပြောဆိုခဲ့ပြီး ကံကောင်းစွာဖြင့် လီရှန်းကလည်း ယုံကြည်သွားခဲ့လေ၏။

စုဝေ့ချင်းမှာ ဆင်ခြေများပေးနေရခြင်းမှ ကင်းဝေးသွားသဖြင့် ပျော်ရွှင်မိသော်လည်း တစ်ဖက်တွင်တော့ လီရှန်းသည်က အလွန်ပင် ရိုးအလွန်းသည်ဟု ခံစားမိနေရပြန်၏။

သူမက သူပြောသမျှကို အကုန်လုံးယုံကြည်နေသည်မဟုတ်ပါလား။

နောင်တစ်ချိန်တွင် သူတစ်ပါး၏ လှည့်ဖြားမှုကို အလွယ်တကူ ခံရလေမည်လား မသိနိုင်ပေ။

“ပြန်လာပြီလား”

တံခါးဝတွင် ငေးငိုင်၍ ရပ်နေသော သူ့ကို မြင်လျှင် လီရှန်းကပင် အရင်စကားပြောလိုက်၏။

“ဘာတွေ တွေးနေတာလဲ၊ ကြည့်ရတာ ငတုံးကြီးလိုပဲ”

စုဝေ့ချင်းသည်လည်း ငေးနေရာမှ သတိဝင်လာပြီး ပြောလာခဲ့သည်။

“ဘာမှမဟုတ်ပါဘူး”

သူက ခေါင်းကိုခါယမ်းကာ လီရှန်း၏ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် စကားမပြောဘဲ လီရှန်း၏ ပုခုံးပေါ်သို့ မေးတင်ကာ ငြိမ်သက်စွာ မှီထားခဲ့လေသည်။

လီရှန်းက စာအုပ်ကို တစ်မျက်နှာလှန်လိုက်ရင်း မေးမြန်းလာလေ၏။

“ခုနက အပြင်မှာ အစ်ကိုကြီးနဲ့ ဘာအကြောင်းတွေကို ပြောခဲ့ကြတာလဲ”

“မရီးမှာလည်း ကြည့်ရှုစောင့်ရှောက်ရမဲ့ ကလေးနှစ်ယောက် ရှိနေတာပဲလေ”

လီရှန်း၏ အကြံပေးစကားကြောင့် စုဝေ့ဟိုင် အံ့အားသင့်သွားခြင်း သို့မဟုတ် သံသယဖြစ်နေခြင်းတို့ကိုတော့ စုဝေ့ချင်း မပြောပြခဲ့ပေ။

စုဝေ့ဟိုင်၏ အခန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှကိုသာ လီရှန်းအား ပြောပြလိုက်လေသည်။

တကယ်တမ်းတွင် သူသည်က စုဝေ့ဟိုင်၏ မေးခွန်းထုတ်မှုများအပေါ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိ၏။ သူ့အမြင်အရ ဝူလီ၏ မိသားစုကိစ္စများတွင် လီရှန်းက ဝင်ရောက်ပတ်သက်သင့်ခြင်းမရှိ။

စုဝေ့ဟိုင်၏ ယောက္ခမက လီရှန်းကိုပင် ရိုက်နှက်လုနီးပါး ဖြစ်ခဲ့သေးသည်။

ဝူလီက မည်သည့်အကြောင်းကြောင့် အကူအညီတောင်းသည်ဖြစ်စေ လီရှန်းကို ဘေးအန္တရာယ်ထဲသို့ မတွန်းပို့သင့်ဟု သူ ယူဆမိလေသည်။

စုဝေ့ချင်းက မကျေမနပ် ဖြစ်ရုံသာမက ဝူလီအပေါ်တွင်လည်း အငြိုးအတေးများ ထားမိလာခဲ့သည်။

ထို့ကြောင့် သူက စုဝေ့ဟိုင်အား စကားပြောဆိုရာတွင် အလျှော့အတင်းမရှိ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစ်ကို့အနေနဲ့ မရီးနဲ့ ကလေးတွေကြားက ဆက်ဆံရေးကို သေချာမကိုင်တွယ်နိုင်ရင် ဒီနေ့ လီဟုန်ကျွင့် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်မျိုးက မနက်ဖြန်မှာ အစ်ကိုနဲ့ ရှောင်ချန်၊ ရှောင်ကျွင့်တို့ ကြုံတွေ့ရမယ့် အဖြစ်အပျက်ပဲလို့ ကိုယ်ပြောလိုက်တယ်”

ထို့အပြင် သူ၏ အမြင်တွင် ဝူလီသည်က တစ်နည်းအားဖြင့် ထုန်လင်းနှင့်ပင် ဆင်တူနေသကဲ့သို့ ထင်ရသည်။

ထုန်လင်းက ပို၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိစ္စရပ်များကို ပိုမိုသိသာထင်ရှားစွာနှင့် ရဲတင်းစွာ လုပ်ဆောင်တတ်ခြင်းသာ ကွာခြားပေသည်။

လီရှန်းသည် မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ကာမေးမိလေ၏။

“ရှင် တကယ်ပဲ အဲဒီလို ပြောလိုက်တာလား”

“ဒါပေါ့”

စုဝေ့ချင်းက မေးစေ့ကို ပင့်မလိုက်သည်။

“ဒီလိုသာ မပြောရင် သူမက ရောက်တတ်ရာရာ လူတွေကို ခေါ်လာပြီး မင်းကိုပဲ အကုန်လိုက်ရှင်းခိုင်းနေလိမ့်မယ်”

လီရှန်းက လက်ခုပ်တီးကာ သဘောကျသည့် မျက်လုံးများဖြင့်ချီးကျူးလိုက်လေသည်။

“ဝါး... ဝေ့ချင်း၊ ရှင် တကယ်ကို တော်တာပဲ!”

ဤသို့ ချီးကျူးခံရလျှင် စုဝေ့ချင်းက ချက်ချင်းပင် ရှက်ရွံ့ကာ မျက်နှာကလည်းနီရဲသွားရလေ၏။

သူက ရှက်ရွံ့သွားသည်ကို ဖုံးကွယ်ရန် အနည်းငယ် ချောင်းဟန့်လိုက်ပြီး ဆက်ပြောလာသည်။

“မင်းရဲ့ အလုပ်တွေကို သူမ နှောင့်ယှက်မှာကို စိုးလို့ပါ”

လီရှန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ အစ်ကိုကြီးကလည်း ယောက်မရဲ့ မိသားစုကိစ္စတွေကို သေချာကိုင်တွယ်သင့်တယ်၊ နောက်ဆို စက်ရုံက ပိုပြီးအလုပ်များလာတော့မှာ၊ အစ်ကိုကြီးက လပေါင်းများစွာတောင် စက်ရုံထဲမှာပဲ အောင်းနေရဖို့ ရှိတယ်

အဲဒီအချိန်ကျမှ မရီးရဲ့ မိသားစုက ထပ်ပြီး ပြဿနာရှာရင် အမေကပဲ ဝင်ရှင်းပေးရလိမ့်မယ်”

ထိုအချိန်ကျလျှင် လော်ယွီရှို့က ယခုကဲ့သို့ စကားပြောရ လွယ်ကူသောသူ ဖြစ်နေတော့မည် မဟုတ်ချေ။

“အမေ ပြန်မလာသေးဘူးလား?”

လီရှန်းက ပြန်မေးလိာက်လေသည်။

“မလာသေးဘူး”

စုဝေ့ချင်းက ခေါင်းခါယမ်းလိုက်ပြီး ပြောလာသည်။

“ခုနကကိစ္စက အတော်လေး ဆူညံသွားတာဆိုတော့ အမေလည်း သိလောက်ပြီ၊ ခဏနေရင် ကိုယ်တို့တွေ ထမင်းများများစားပြီး စကားနည်းနည်းပဲ ပြောကြရအောင်

အမေ ဘာပဲပြောပြော ကိုယ်တို့ မကြားချင်ယောင်ဆောင်နေလိုက်ကြမယ်”

မည်သို့ပင်ဖြစ်စေ ဤပြသနာမှာ သူတို့တတိယအိမ်ခွဲနှင့် မသက်ဆိုင်သည့်ကိစ္စသာ ဖြစ်ချေသည်။

လီရှန်းသည်လည်း ထိုသို့သော ရှုပ်ထွေးလှသည့်ကိစ္စများတွင် ပါဝင်ပတ်သက်လိုစိတ် မရှိသဖြင့် ခေါင်းညိတ်၍သဘောတူလိုက်လေ၏။

“ဒါနဲ့ ခုနက စက်ရုံက မကြာခင် အလုပ်များတော့မယ်လို့ ပြောလိုက်တာလား”

စုဝေ့ချင်းက အဓိကအချက်ကို ဖမ်းဆုပ်ကာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်၊ ဒါပေမဲ့ အကြောင်းအရာတွေကတော့ လျှို့ဝှက်ချက်ပဲ”

လီရှန်းက စုဝေ့ချင်းကို မေးခွန်းထုတ်ခွင့်မပေးဘဲ တိုက်ရိုက်ပင် စကားဖြတ်လိုက်လေသည်။

စုဝေ့ချင်းက ပုခုံးတွန့်လိုက်လိုက်သည်။

“မမေးရရင်လည်း အဆင်ပြေပါတယ်”

သူက လီရှန်းဖတ်နေသော စာအုပ်ကို ငုံ့ကြည့်လိုက်၏။

လီရှန်းသည်က ဆေးပညာစာအုပ်များကို ဖတ်ရှုနေခြင်း ဖြစ်ပေ၏။

နောက်ထပ် သုတေသနပြုလုပ်မည့်အရာမှာ အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးဖြစ်သဖြင့် သူမက အသည်းရောဂါနှင့်ပတ်သက်သော အချက်အလက်များကို အဓိကထား၍ ကြည့်ရှုနေခြင်း ဖြစ်သည်။

သူမ၏ အလေးအနက်ထားမှုကို မြင်ချိန်တွင် စုဝေ့ချင်းသည်လည်း စိတ်ဓာတ်တက်ကြွလာပြီး စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်လေ၏။

သူက လက်တစ်ဖက်ဖြင့် လီရှန်း၏ ခါးကို ဖက်ထားပြီး ကျန်လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ စာမျက်နှာများကို လှန်လှောလျက် အေးအေးလူလူပင် ဖတ်ရှုနေခဲ့သည်။

ထိုဇနီးမောင်နှံနှစ်ဦး အခန်းထဲတွင် စာဖတ်နေကြချိန်တွင် လော်ယွီရှို့ ပြန်ရောက်လာခဲ့လေ၏။

သူမ၏ မျက်နှာမှာ မည်းမှောင်နေပြီး ဝူလီအပေါ် ထားရှိသော သူမ၏ အကြည့်များမှာလည်း အေးစက်လျက် ရှိသည်။

ကောချွေ့ဟွား၏ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို လော်ယွီရှို့ ကြားသိခဲ့ပြီဖြစ်ကြောင်း ထင်ရှားပေသည်။

ဝူလီမှာ စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာဖြင့် ခေါင်းငုံ့နေခဲ့ကာ လော်ယွီရှို့ စကားမပြောရသေးမီမှာပင် သူမ၏ အမှားကို အရင်ဦးစွာ ဝန်ခံတော့သည်။

လော်ယွီရှို့ကတော့ သူမ၏ အပိုစကားများကို နားထောင်လိုစိတ် မရှိချေ။

သူမက စုဝေ့ဟိုင်နှင့် ဝူလီတို့ကို အခန်းထဲသို့ ခေါ်သွားခဲ့လေသည်။

လီရှန်းနှင့် စုဝေ့ချင်းတို့ အခန်းထဲမှ ထွက်လာချိန်တွင် ဝူလီ၏ မျက်လုံးများမှာ ငိုထားသောကြောင့် နီရဲလျက် ရှိနေခဲ့၏။

လော်ယွီရှို့၏ ပြောဆိုဆုံးမမှုများက အလွန်ပင် ပြင်းထန်ခဲ့ကြောင်း ထင်ရှားပေသည်။

“အမေ... ဒီနေ့ စားသောက်ဆောင်မှာ ဝက်လက်စွပ်ပြုတ် ရောင်းနေတယ်၊ ကျွန်တော်နဲ့ ရှန်းရှန်းတို့ သွားဝယ်လိုက်ဦးမယ်”

စုဝေ့ချင်းက မီးဖိုချောင်ထဲသို့ဝင်ကာ ဓာတ်ဗူးကို အရင်ယူပြီး လီရှန်း စကားမပြောရသေးခင်မှာပင် အိမ်အပြင်သို့ ဆွဲထုတ်လာခဲ့လေသည်။

အောက်ထပ်သို့ ရောက်မှသာ သူက လီရှန်းအား ရှင်းပြလာခဲ့သည်။

“အခု ကိုယ်တို့တွေ အပြင်ကိုထွက်နေမှ အမေလည်း စိတ်ထဲမှာ ရှိတာတွေကို ဖွင့်ထုတ်ပြီး ဒေါသဖြေနိုင်မှာ”

သို့မဟုတ်ပါက သူတို့ပါ ယနေ့ညတွင် ဒေါသပုံချခြင်းခံရပေလိမ့်မည်။

လီရှန်းက ခေါင်းညိတ်ပြကာ မေးလိုက်သည်။

“အခု စားသောက်ဆိုင်ကို သွားကြမှာလား”

“မဟုတ်ဘူး၊ အဖေ့ဆီ အရင်သွားပြီး စကားသွားပြောရအောင်၊ ပြန်လာတဲ့အချိန် အမေ့ရဲ့ ဗုံးတွေကို မတော်တဆ သွားမနင်းမိအောင်လို့သတိပေးထားရမယ်”

စုဝေ့ချင်းက လီရှန်းကို ရုံးခန်းရှိရာဘက်သို့ ခေါ်ဆောင်သွားခဲ့လေ၏။

စုဝေ့မင်မှာ ထိုအချိန်တွင် အလုပ်မဆင်းသေးဘဲ လူကြီးအချို့နှင့် အစည်းအဝေး ပြုလုပ်နေဆဲ ဖြစ်သည်။

သူတို့ ခဏမျှ စောင့်ဆိုင်းနေပြီးနောက်တွင် အစည်းအဝေးခန်း တံခါးပွင့်လာခဲ့လေ၏။ တံခါးဖွင့်ပေးသူမှာ စက်ရုံ၏ တစ်ဦးတည်းသော အချိန်ပြည့်အတွင်းရေးမှူး ဖြစ်သည့် အတွင်းရေးမှူးဝူ ဖြစ်လေသည်။

သူသည်က စက်ရုံမှူး၏ အတွင်းရေးမှူးဖြစ်ပြီး များသောအားဖြင့် စက်ရုံမှူးနှင့်အတူ ပြည်နယ်မြို့တော်နှင့် ပိုင်မားခရိုင်ကြားတွင် သွားလာနေရသူ ဖြစ်သည်။

သူ့နောက်မှ ကပ်လျက် ထွက်လာသူမှာ ဆေးဝါးစက်ရုံ၏ စက်ရုံမှူး ယန်ကော်ချန်းပင်ဖြစ်၏။

လီရှန်းအတွက်တော့ စက်ရုံမှူးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းပင် ဖြစ်သည်။ သူသည်က အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျကာ ကျောရိုးကလည်းဖြောင့်မတ်သူ ဖြစ်သည်။

ဆံပင်များက ဖြူနေပြီး မျက်နှာမှာ ညိုမှောင်ကာ အရေးအကြောင်းများ များပြားသောကြောင့် အလွန်အိုမင်းပုံရသော်လည်း သူ၏ မျက်ဝန်းများတွင်တော့ အပြုံးရိပ်များ ရှိနေချေ၏။

သူ၏ အသံမှာ ကျယ်လောင်ပြီး တက်ကြွစွာနေတတ်သူတစ်ဦး ဖြစ်ပုံရသည်။

သူက အပြင်သို့ ထွက်လာရင်း စုဝေ့မင်အား လှည့်၍ ပြောလိုက်၏။

“နောက်ပိုင်းမှာ ကျွန်တော် ပြည်နယ်မြို့တော်ကို ထပ်သွားရဦးမယ်၊ စက်ရုံကိစ္စတွေကိုတော့ ခင်ဗျားကိုပဲ အပ်ထားခဲ့ရမှာပဲ

ဒီနှစ်မှာ ကျွန်တော်တို့ ဆေးဝါးစက်ရုံက အလုပ်ဝန်ထုတ်ဝန်ပိုး တော်တော်များတယ်၊ အထူးသဖြင့် သုတေသနဌာနဘက်က အရမ်းဖိအားများနေတယ်၊

ခင်ဗျား အနီးကပ် စောင့်ကြည့်ပေးပါဦး၊ ဘေးကင်းလုံခြုံရေး ကိစ္စတွေကိုလည်း သတိထားပေးဦး”

“နားလည်ပါပြီ၊ စိတ်မပူပါနဲ့၊ ပြည်နယ်မြို့တော်က ပြဿနာတွေက အဲဒီလောက်တောင် ကြီးနေလို့လား”

“ပြည်နယ်ထဲက အခြေအနေကတော့ လက်ရှိမှာ အတော်လေး တည်ငြိမ်နေပါပြီ”

ယန်အန်းကော်က စကားအနည်းငယ် ပြောဆိုပြီးနောက် တံခါးဝတွင် စောင့်နေသော စုဝေ့ချင်းနှင့် လီရှန်းတို့ကို မြင်သွားခဲ့သည်။

သူက ချက်ချင်းပင် ပြုံးပြကာ စုဝေ့မင်အား လက်ညှိုးညွှန်ပြလျက် ပြောလာလေ၏။

“လောင်စုကတော့ ကံကောင်းလိုက်တာ၊ သူ့သားကတောင် လာကြိုနေပြီ”

သူသည်က လီရှန်းနှင့် တစ်ခါမျှ မဆုံဖူးသကဲ့သို့ လီရှန်းနှင့် စုဝေ့ချင်းတို့၏ ပတ်သက်မှုကိုလည်း မသိရှိပေ။

“ကိစ္စတစ်ခုခု ရှိလို့နေမှာပေါ့”

စုဝေ့မင်က စုဝေ့ချင်းအား လက်ပြလိုက်ပြီး သူတို့ အနားသို့ ရောက်လာချိန်တွင် ယန်ကော်ချန်းကိုမိတ်ဆက်ပေးခဲ့သည်။

“ဒါက ဝေ့ချင်းရဲ့ ဇနီး လီရှန်းလေ၊ အခု ကျွန်တော်တို့ စက်ရုံရဲ့ နည်းပညာဌာနမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတယ်၊ ပြီးခဲ့တဲ့နှစ်ကုန်က စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့တဲ့တစ်ယောက်ပါ”

ယန်အန်းကော်က လီရှန်းကို အံ့အားသင့်စွာဖြင့် ကြည့်ကာ ချီးကျူးဘာခဲ့သည်။

“အမှတ်အများဆုံးရတဲ့ အမျိုးသမီးရဲဘော်မရှိတာ နှစ်တွေအတော်ကြာပြီပဲ”

“ဒီကလေးက တကယ်ကို ထက်မြက်တာ၊ ဒါရိုက်တာလျို့တောင် သူ့ကို မကြာခဏချီးကျူးနေတတ်သေးတယ်”

*

All Chapters